အပိုင်း ၁၃၂ ( Rogue Champion 8 )
Viewers 10k

ဝေ့လင်းရှိူ့သည် မနေနိုင်တော့ဘဲ ယန်ကျင်းဇီကို ပညာသင်စာမေးပွဲအတွက် ‌စာလေ့လာရခြင်း၏ အကျိုးကျေးဇူးများအကြောင်း ပြောပြလိုက်လေသည်။


Xiucai တစ်ဦး ဖြစ်လာလျှင် အခွင့်ထူးတချို့ ရရှိနိုင်ပြီး မိသားစုကို ထောက်ပံ့ရန် ကျောင်းသားများကိုလည်း လက်ခံနိုင်ပြီဖြစ်သည်။ Juren တစ်ဦးအဖြစ် သတ်မှတ်ခံရပြီးနောက်တွင် ပို၍ပင် ထူးခြားသည်။ တောင်ပိုင်းတွင် စာပေပညာရှင်များ ပိုပိုပြီး များပြားလာသော်လည်း ဝေးလံခေါင်သီသော နေရာတစ်ခုသို့ သွား၍ စာရင်းချုပ် သို့မဟုတ် တစ်ခုခု ဖြစ်လာရန်မှာ ပြဿနာမရှိသေးချေ။ ဆရာတစ်ဦးလည်း ဖြစ်လာနိုင်ဆဲပင်။


*Jinshi တစ်ဦး ဖြစ်လာနိုင်လျှင်တော့ သေချာပေါက်ပင် ကောင်းကင်သို့ ခြေတစ်လှမ်း လှမ်းနိုင်ခြင်းဖြစ်သည်။


{ *Jinshi - ( အဆင့်မြင့်ပညာရှင် ) သုံးနှစ်တစ်ကြိမ် ကျင်းပသည့် တော်ဝင်စာမေးပွဲကို အောင်မြင်ပြီးသော ဘွဲ့ရပညာရှင်။ }


ဝေ့လင်းရှိူ့သည် ယခင်က ဤစကားများကို များစွာကြားဖူးခဲ့သော်လည်း သိပ်ပြီး အာရုံမစိုက်ခဲ့ပေ။ ဤလမ်းဟာ တကယ့်ကို လျှောက်လှမ်းရခက်ခဲသည်။ သို့သော် ယန်ကျင်းဇီဆိုလျှင်တော့ ၎င်းကို ယန်ကျင်းဇီက စမ်းကြည့်သင့်ကြောင်း ထင်မိသည်။


ဝေ့လင်းရှိူ့ စကားပြောပြီးနောက်တွင် ယန်ကျင်းဇီက ဝေ့လင်းရှိူ့ကို ကြည့်လာသည် : “ မင်း ပြောတာ အဓိပ္ပာယ်ရှိတယ်။ ဒါကြောင့် မင်း သေချာပေါက် စာကို ကြိုးစားလေ့လာရမယ်။ ”


ဝေ့လင်းရှိူ့ : “ ??? ”


ယန်ကျင်းဇီက ထပ်ပြောသည် : “ ငါ မင်း စာလေ့လာတာကို စောင့်ကြည့်ပေးမယ်။ အခုကစပြီး မင်း စာအုပ်ကို သေသေချာချာ ဖတ်နိုင်တယ်။ ပြီးတော့ ငါတို့ ရက်အနည်းငယ်အတွင်း ဆရာတစ်ယောက်ကို ရှာကြမယ်။ ဒါဆို မင်း အနာဂတ်မှာ စာမေးပွဲဖြေဆိုနိုင်ပြီ! ”


ဝေ့လင်းရှိူ့သည် အံ့အားသင့်သွားရသည်။ သူသည် ယခင်က Tongsheng စာမေးပွဲကို ဖြေဆိုဖူးသော်လည်း စာမေးပွဲမအောင်ခဲ့ပေ။ အခု ယန်ကျင်းဇီက တကယ်ပဲ သူ့ကို Xiucai စာမေးပွဲ ဖြေစေချင်တာလား? သို့ရာတွင် အရေးကြီး‌ဆုံးကမူ... “ အစ်ကိုယန်၊ တော်ဝင်စာမေးပွဲက အရည်အချင်းနဲ့ နိုင်ငံရေးဂုဏ်သိက္ခာ နှစ်ခုစလုံး လိုအပ်တယ်။ ငါက မဖြစ်နိုင်တော့ဘူး။ ”


“ ဘာကြောင့်လဲ? ” ယန်ကျင်းဇီက မေးသည်။


“ ငါ့ကို အိမ်က နှင်ထုတ်လိုက်တယ်။ ” ဝေ့လင်းရှိူ့က ပြောသည်။


သူသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ပိုပိုပြီး အလေးအနက် ဆင်ခြင်မိကာ သူ့ဖခင်က သူ့ကို တကယ် မကြိုက်ကြောင်း နားလည်လာသည်။


တကယ်တော့ အမျိုးသားတစ်ဦးက နောက်အမျိုးသားတစ်ဦးနှင့် အတူရှိနေသောအခါ အလေးအနက် ဆက်ဆံရေးဟု ပြောရန်မှာ ရှက်ဖွယ်ကောင်းသော်လည်း မသိမသာ ဖုံးကွယ်ထားမည်ဆိုလျှင် အချစ်ရေးကိစ္စဟု လွယ်လွယ်ကူကူ ပြောနိုင်သည်။


ဒါပေမယ့် ဒီကိစ္စကို သူ့မိသားစုက တမင်တကာ စီစဉ်ထားခဲ့ကြတယ်၊ သူ့အတွက် ဖုံးကွယ်ပေးထားကြမယ် ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?


“ ဒါဆို ငါကရော ဖြစ်နိုင်လို့လား? ” ယန်ကျင်းဇီသည် လိုက်လျောညီထွေစွာ မေးမြန်းလိုက်သည်။ ဝေ့လင်းရှိူ့က တကယ်ပင် အမှားမလုပ်ခဲ့သော်လည်း ဆန့်ကျင်ဘက်အားဖြင့် သူ့တွင် မှောင်မိုက်သော သမိုင်းကြောင်းများ အများကြီး ရှိသည်။


“ ဘာလို့ မဖြစ်နိုင်ရမှာလဲ? ” ဝေ့လင်းရှိူ့က မေးသည်။ သူသည် စာမေးပွဲကို မဖြေဆိုနိုင်သော လူတစ်ဦး၏ အခြေအနေများကို ပြောပြခဲ့ပြီးဖြစ်သည်။ ဥပမာအားဖြင့် အော်ပရာဇာတ်မှ အဆိုတော်၏ သားဟာ စာမေးပွဲကို မဖြေဆိုနိုင်ပေ။


သို့သော် ဤသည်က ဖခင်ဖြစ်သူအပေါ်တွင် အဓိကမူတည်သည်။ ဥပမာ တစ်စုံတစ်ဦး၏ မိခင်က အော်ပရာဇာတ်မှ အဆိုတော် ဖြစ်သော်ငြား သူ့ဖခင်က မဟုတ်လျှင် သူကလည်း အဆင့်နိမ့်အရပ်သား လုံးဝ မဟုတ်တော့သဖြင့် အတားအဆီး မရှိတော့ချေ။


ဆန့်ကျင်ဘက်အားဖြင့် ဝေ့လင်းရှိူ့ဆိုလျှင် သူ့ဖခင်က သူ့ကို ကျင့်ဝတ်တရား မကျေပွန်ဟု သတ်မှတ်သောကြောင့် တော်ဝင်စာမေးပွဲကို ဖြေဆိုရန် လုံးဝ အ‌ခွင့်အရေး မရှိတော့သကဲ့သို့ ဖြစ်သည်။


ယန်ကျင်းဇီတွင် မူလပိုင်ရှင်၏ မှတ်ဉာဏ်များသာ ရှိသည်။ မူလပိုင်ရှင်က စားသောက်ပျော်ပါးရုံသာ တတ်သည်။ သူက ဤအကြောင်းကို တကယ် မသိပေ။ ယခု ဝေ့လင်းရှိူ့ ရှင်းပြမှသာ သူသည် အကြောင်းအရင်းကို သိလိုက်ရသည်။


ထို့နောက် သူသည် အသေအချာ တွေးကြည့်သည်... သူ့တွင် တော်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် အမှန်တကယ် ရှိကြောင်း သိလိုက်ရသည်။


သူ့မိသားစုသည် လယ်သမားမိသားစု ဖြစ်သည်။ သူ့အဖေက လူရမ်းကားတစ်ဦး ဖြစ်သော်လည်း သူက အရက်သောက်ပြီး လောင်းကစားလုပ်ခဲ့ကာ မှတ်တမ်းထားခဲ့ခြင်း မရှိချေ။


မူလပိုင်ရှင်အတွက်မူ...


မူလပိုင်ရှင်သည် နှစ်ပေါင်းများစွာကြာအောင် ခိုက်ရန်ဖြစ်ပွားခဲ့သော်ငြား သူ တိုက်ခိုက်ခဲ့သူများမှာ လောင်းကစားဝိုင်းသို့ အကြွေးတင်နေကြသူများ ဖြစ်သည်။ လောင်းကစားဝိုင်းနောက်တွင် လီမိသားစုလည်း ရှိသည်။ ထိုလူများက အရာရှိများထံသို့ တိုင်ကြားလိမ့်မည် မဟုတ်သောကြောင့် မူလပိုင်ရှင်တွင် မှတ်တမ်းမရှိပေ။


ထို့ကြောင့် အထောက်အထားများအရ သူသည် အပြစ်ကင်းစင်သော လယ်သမားတစ်ဦး ဖြစ်သည်။


ယန်ကျင်းဇီခမျာ ခဏတာ ဆွံ့အသွားရှာသည်။


ဤနေရာရှိ အချို့သော စည်းမျဉ်းများဟာ သူ့ကို အမှန်တကယ် နားမလည်နိုင်အောင် ဖြစ်စေပေသည်။


“ အဲ့ဒါကြောင့် အစ်ကိုယန်၊ မင်း ကြိုးစားလို့ရတယ်။ ” ဝေ့လင်းရှိူ့တွင် ယုံကြည်မှုအပြည့် ရှိနေသည်။


သူသည် ဝေ့အိမ်မှ စထွက်လာသောအခါတွင် ကောင်းကင်ကြီး ပြိုလဲသွားသကဲ့သို့ ခံစားခဲ့ရသည်။


သို့သော် သူသည် လွန်ခဲ့သော နှစ်ရက်အတွင်း များပြားလွန်းသည့် ကိစ္စများကို ကြုံတွေ့ခဲ့ရသောကြောင့် အတွေးများနေရန် အချိန်ပင် မရှိပေ။


ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ကို ကြည့်ပြီး ဝေ့လင်းရှိူ့၏ စိတ်အားထက်သန်သော အကြည့်ကို တွေ့သော် ချက်ချင်း ပြောလိုက်သည် : “ လင်းရှိူ့၊ စာလေ့လာဖို့ ငွေဘယ်လောက်ကုန်ကျလဲ ဆိုတာကို မင်း သိလား? ”


ဝေ့လင်းရှိူ့ အံ့အားသင့်သွားသည်။


ယန်ကျင်းဇီ : “ အခု ငါတို့မှာ ပိုက်ဆံမရှိဘူး။ ”


ဒါကြောင့် စာအုပ်ကူးတာက ပိုကောင်းတယ်!


သူတို့သည် ကောင်တီရုံးမှ များစွာသော စာရွက်နှင့် မင်တို့ကို ဝယ်ယူခဲ့ပြီး ဝေ့လင်းရှိူ့တွင် အခြေခံအကျဆုံး စာအုပ်လေးအုပ်နှင့် ဂန္တဝင်ငါးအုပ် ရှိသည်။


ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့၏နောက်မှ လိုက်၍ စာအုပ်ကို တစ်ကြိမ်ဖတ်ပြီး သူ မသိသော စကားလုံးများကို ဝေ့လင်းရှိူ့က ရေးပြသည်အား လိုက်ကြည့်သည်။ Three Character Classic ကို အုပ်ရေအနည်းငယ် ကူးယူပြီးနောက် သူသည် တခြားစာအုပ်များကိုလည်း စတင်ကူးယူသည်။


ဝေ့လင်းရှိူ့ : “ ... ” သူသည် ဆယ်နှစ်ကျော်အတွင်း စာအုပ်အနည်းငယ်ကိုသာ လေ့လာခဲ့ဖူးသော်လည်း အလေးမထားခဲ့သောကြောင့် အလွတ်မကျက်ခဲ့မိပေ။ ယန်ကျင်းဇီကတော့ ရက်နည်းနည်းလေးနဲ့ တကယ်ကြီး အလွတ်ရသွားတယ်!


ဒီကမ္ဘာမှာ ဒီလောက်ဉာဏ်ကောင်းတဲ့လူ တကယ် ရှိနေတယ်!


ကောင်းမွန်စွာ စာရေးသားချင်သော ပညာရှင်များသည် သူတို့၏ လက်မောင်းခွန်အားကို လေ့ကျင့်ရမည်ဖြစ်ပြီး လူအချို့က အထူးတလည် နံရံပေါ်တွင် ရေးသားကြလိမ့်မည်ဖြစ်သည်။ ဒါပေမယ့် သူတို့ ဘယ်လိုပဲ လေ့ကျင့်လေ့ကျင့်၊ ယန်ကျင်းဇီနဲ့ မယှဉ်ပြိုင်နိုင်ဘူး!


ယန်ကျင်းဇီသည် ကီလိုဂရမ်ရာချီသော ပစ္စည်းများကို လက်တစ်ဖက်တည်းဖြင့် ကောက်ယူနိုင်ပြီး အကြိမ်အနည်းငယ်ပင် လွှဲခါယမ်းနိုင်သေးသည်။ သူ့ရဲ့ စိတ်ပူစရာမလိုဆုံး ပြဿနာက သူ့လက်မောင်းခွန်အားပဲ!


စာရေးခြင်းဟာ ငြီးငွေ့ဖွယ်ကောင်းသည်... သူတို့ လိုအပ်နေသော ပင်စင်လစာငွေကို တွေးလိုက်လျှင် သူသည် သည်းခံနိုင်၏။


ဝေ့လင်းရှိူ့သည် တစ်နေ့လျှင် စာလုံးရေ ၃၀၀၀ ခန့်သာ ရေးသားနိုင်သော်လည်း ယန်ကျင်းဇီသည် တစ်နေ့လျှင် စာလုံးရေ ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ ရေးသားနိုင်သည်။


စာအုပ်အသစ်ကို ပထမဆုံးအကြိမ် ကူးယူသောအခါတွင် သူသည် စာအုပ်ကို အကြိမ်အနည်းငယ် ဖတ်ရန် လိုအပ်သော်လည်း နောက်တစ်ကြိမ် ထပ်ကူးပြီးနောက်တွင်မူ သူသည် ၎င်းကို တန်းရေးနိုင်ပြီဖြစ်သည်။ ယင်းကား ပို၍ပင် အလုပ်ပိုသက်သာသည်။


ဤသို့ဖြင့် ရက်အနည်းငယ်အတွင်းတွင် ယန်ကျင်းဇီသည် နောက်ဆုံးအကြိမ်က အိမ်သို့ ဝယ်ယူလာခဲ့သော စာရွက်အထူကြီး အားလုံးကို ကူးယူခြင်းပြီးဆုံးသွား၏။


သူသည် စာအုပ်ကူးမနေသော အချိန်များကို အခွင့်ကောင်းယူ၍ပင် သူ့အိမ်ကို ပြင်လိုက်သေးသည်။


ဝါးချပ်များကို အတူရက်၍ သစ်သားပြားများနှင့် အခြားအရာများကို အတူပေါင်းထည့်ကာ နံရံကို ပြင်ဆင်သည်။ လေအဝင်အထွက်ကို ဟန့်တားရန် အတွင်းတွင် ရွှံ့အလွှာတစ်လွှာကိုလည်း သုတ်လိမ်းသည်။ ‌အိမ်အမိုးအတွက်မူ ဦးစွာ ဖျာခင်းပြီးမှ သက်ငယ်အမိုးဖြင့် အုပ်မိုးလိုက်သည်။ ဤသို့မှသာ မိုးယိုစိမ့်ခြင်း မရှိမည်ဖြစ်သည်။  


ဤအလုပ် ပြီးသောအခါ ယန်ကျင်းဇီသည် ပစ္စည်းများကို ပြန်ပေးရန်အတွက် ရွာသူကြီး၏အိမ်သို့ သွားခဲ့သည်။


ရွာသူကြီးမိသားစုက ပစ္စည်းများ ပြန်လာပေးသော သူ့ကို မြင်လိုက်ရသောအခါ အရမ်းအံ့ဩသွားကြသည်... သူတို့၏ ယခင်က အတွေးမှာ သူသည် ပစ္စည်းများကို ပြန်ပေးရန် ရည်ရွယ်ချက်မရှိဘဲ ချေးငှားသွားသည်ဟု ယူဆရသည်။


အိမ်ပြန်ရောက်သောအခါ ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ကို ခေါ်၍ ကောင်တီတွင် ‌စာအုပ်များ သွားရောင်းကြပြန်သည်။


နောက်ဆုံးအကြိမ် စာအုပ်ဆိုင်သို့ သူတို့ ရောက်သွားသောအခါတွင် ယန်ကျင်းဇီသည် စာအုပ်ဆိုင်မှ လူများက သူ့ကို သိပ်မကြိုက်ကြကြောင်း သိလိုက်ပြီး ဤတစ်ခါတွင် အထဲမဝင်ချင်တော့ပေ : “ လင်းရှိူ့၊ မင်း စာအုပ်ဆိုင်ထဲဝင်ပြီး စာအုပ်ရောင်းလိုက်ပါ။ ငါ စားစရာသွားဝယ်လိုက်မယ်။ ”


“ ကောင်းပြီ။ ” ဝေ့လင်းရှိူ့က သဘောတူသည်။


ယန်ကျင်းဇီသည် စားစရာနှင့် အသားတို့ကို သွားဝယ်ပြီး မွေးမြူရန်အတွက် ကြက်အနည်းငယ်ကို ဝယ်ယူဖို့လည်း စီစဉ်ထားသည်။


ဝေ့လင်းရှိူ့က ဤရက်များတွင် သူ့အား တော်ဝင်စာမေးပွဲများကို ဝင်ရောက်ဖြေဆိုရန် မရပ်မနား ပြောဆိုနေသော်လည်း သူသည် ၎င်းက သူနှင့် ဝေးကွာလွန်းလှသည်ဟု ခံစားမိနေဆဲဖြစ်သည်။


ပြီးနောက်... စာအုပ်လေးအုပ်နှင့် ဂန္ထဝင်ငါးအုပ်တို့ကို ရွတ်ဆိုနိုင်သော သူ့ကို ယခု မကြည့်သင့်ချေ။ သူ အဲ့စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို လုံးဝ နားမလည်ဘူး!


ယန်ကျင်းဇီ၏ ယခုလက်ရှိ အတွေးမှာ ငွေပိုရှာရန်နှင့် သူတို့၏ အသက်ကြီးရင့်ချိန်တို့အတွက် ငွေပိုစုရန်သာ ဖြစ်သည်။


သူသည်လည်း ငွေရှာနိုင်သည်ဟု တွေးမိသော် ယန်ကျင်းဇီသည် ငွေသုံးရာတွင် ယုံကြည်မှုရှိလာသည်။ သူ တစ်စုံတစ်ရာ ဝယ်ယူနေချိန်တွင် ဝေ့လင်းရှိူ့သည် စာအုပ်ဆိုင်သို့ ဝင်နေပြီဖြစ်သည်။


စာအုပ်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ဝေ့လင်းရှိူ့၏ နှလုံးသားက “ဒိတ်ခနဲ” ခုန်သွားသည် — သူ့ညီကလည်း စာအုပ်ဆိုင်တွင် ရောက်နေသည်။


ယခု ဝေ့မျိုးဆက်သည် လင်း စကားလုံး ဖြစ်၏။ ဝေ့လင်းရှိူ့၏ ညီနှစ်ဦးမှာ ဤနှစ်တွင် ဆယ့်လေးနှစ်အရွယ် ဝေ့လင်းယွမ် နှင့် ဤနှစ်တွင် ဆယ့်တစ်နှစ်အရွယ် ဝေ့လင်းချီတို့ ဖြစ်သည်။


ဝေ့လင်းချီသည် ငယ်ရွယ်ပြီး အများအားဖြင့် ပေါင်းသင်းဆက်ဆံရန် အပြင်ထွက်လာခြင်း မရှိဘဲ စာလေ့လာရန်အတွက် တစ်နေ့လုံး ထိန်းသိမ်းခံရလေ့ရှိသည်။ သို့သော် ဝေ့လင်းယွမ်သည် ယမန်နှစ်တွင် Tongsheng စာမေးပွဲကို အောင်မြင်ခဲ့ပြီး မကြာမကြာ အတန်းဖော်များနှင့် အပြင်ထွက်လေ့ရှိ၏။ ယခု သူ့ကို စာအုပ်ဆိုင်တွင် တွေ့ရခြင်းမှာ ပုံမှန်ပင်။


ဝေ့လင်းရှိူ့သည် ဤညီဖြစ်သူနှင့် အမြဲအဆင်မပြေဖြစ်ခဲ့သည်။


သူ့ညီက ချုပ်တည်းမှုမှ လွတ်မြောက်သော သူ့ကို အားကျသော်ငြား သူကတော့ သင်ကြားဆုံးမခံရသော သူ့ညီကို အားကျသည်။


ကံကောင်းစွာဖြင့် စာအုပ်ဆိုင်ထဲသို့ သူ ဝင်သွားသောအခါ သူ့ညီက သူ့ကို မျက်ကွယ်ပြုထားသည်။


ဝေ့လင်းရှိူ့သည် စိတ်သက်သာရာရစွာ သက်ပြင်းချပြီး ဆိုင်ရှင်ထံသို့ သွား၍ စာအုပ်အချို့ကို ထပ်ကူးခဲ့သည်ဟု ပြောပြလျက် ၎င်းတို့ကို ကြည့်ပေးရန် ဆိုင်ရှင်ကို အကူအညီတောင်းလိုက်သည်။


“ မင်း ဘယ်လောက်ကူးခဲ့လဲ? ငါ့ကို ပြပါ။ ” ဆိုင်ရှင်က ပြောသည်။


ဝေ့လင်းရှိူ့က ကြီးမားသော အထုပ်တစ်ထုပ်ကို ထုတ်လိုက်သည်။


ဆိုင်ရှင် : “…”


စာအုပ်ပုံနှိပ်ခြင်းသည် အလွန်စျေးကြီးပြီး ယနေ့ခေတ် ပညာရှင်အများစုသည် စာအုပ်များကို ကူးယူကြသည်။


သို့ရာတွင် သာမန်လူများအတွက် စာလုံးတစ်လုံးကို ကောင်းစွာ ကူးယူရန်မှာ ခက်ခဲလှသည်။ သူတို့သည် အချိန်ပိုသုံး၍ စာဖတ်ရသောကြောင့် အများအားဖြင့် စာအုပ်များကို ကူးယူ၍ ငွေရှာလေ့မရှိချေ။ အများစုမှာ ကောင်းမွန်သော စာအုပ်တစ်အုပ်ကို တွေ့လျှင် တစ်အုပ်ကူးယူပြီးနောက် ၎င်းကို သူတို့အတွက် သိမ်းဆည်းထားကြကာ လက်ဆောင်အဖြစ်လည်း ပေးကြတတ်သည်။


အမှန်ပင်၊ စာအုပ်ဆိုင်သည် Xiucai စာမေးပွဲကို အောင်မြင်ရန် အမြဲကျရှုံးသော Tongsheng ဟောင်း အချို့ သို့မဟုတ် Tongsheng စာမေးပွဲကိုပင် မဖြေဆိုရသေးသော ကျောင်းသားတို့ကို ငှားရမ်း၍ စာအုပ်များကို ကူးယူခိုင်းလိမ့်မည်ဖြစ်သည်။ ဤနည်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသော လူများလည်း ရှိကြပေသည်။


ဒါပေမယ့် စာအုပ်ကူးတဲ့ Tongsheng ဟောင်းတွေကတောင် ဝေ့လင်းရှိူ့လောက် မကူးနိုင်ဘူး!


ပို၍အရေးကြီးသည်မှာ ဝေ့လင်းရှိူ့၏လက်ရေးသည် အလွန်ကောင်းမွန်နေလျက်ရှိခြင်း ဖြစ်သည်။


ဝေ့လင်းရှိူ့ သူ့နေရာတွင် ထားခဲ့သော “Three Character Classic” သည် ကောင်းမွန်သော အရေးအသားကြောင့် လျင်မြန်စွာ ရောင်းထွက်သွားခဲ့သည်။


ယခုအချိန်တွင် လယ်သမားမိသားစုမှ ကလေးများအတွက် စာလေ့လာရန်နှင့် ဆရာကောင်းတစ်ဦးကို ရှာဖွေရန်မှာ ခက်ခဲနေသောကြောင့် သူတို့သည် လက်ရေးလှအတတ် လေ့ကျင့်နည်းကို မသိကြချေ။ ဝေ့လင်းရှိူ့၏ လက်ရေးလှအတတ်က မကောင်းမွန်သော်လည်း အမှန်တကယ်ပင် Xiucai အများအပြားထက်တော့ သာလွန်သည်။ သ‌ဘာဝကျစွာပင် လူအချို့က ၎င်းကို ဝယ်ယူ၍ ကူးယူရန် လိုလားကြသည်။


ဒါပေမယ့် ရက်နည်းနည်းလေးပဲ ရှိသေးတာကို ဝေ့လင်းရှိူ့က အများကြီးထပ်ရေးလာပြန်တာလား?


သူက နေ့ရောညပါ စာရေးနေတာတော့ မဟုတ်ဘူးမလား?


စာအုပ်ဆိုင်ပိုင်ရှင်သည် မပြောဘဲ မနေနိုင်တော့ : “ ဝေ့သခင်လေး၊ ငါ စကားအများကြီး ပြောနေတယ်လို့ မထင်နဲ့... အဲ့ယန်တက မင်းအတွက် မကောင်းဘူး။ မင်း သူ့အတွက်နဲ့ မင်းရဲ့နှလုံးနဲ့အဆုတ်တွေကို တူးထုတ်စရာ မလိုပါဘူး။ ” 


ရက်နည်းနည်းလေးနဲ့ အများကြီး ရေးနိုင်တဲ့ သာမန်လူတွေက သူများတွေဆီက ဖိအားပေးခံရလို့ပဲ!


“ သူက ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံပါတယ်။ ” ဝေ့လင်းရှိူ့က ပြောသည်။


ဆိုင်ရှင်က မယုံသော်လည်း အနီးကပ် ကြည့်လိုက်သည် – ဝေ့လင်းရှိူ့သည် ဝေ့အိမ်မှ အပြီးအပိုင် မောင်းထုတ်ခံလိုက်ရသော်ငြား သူ့အသားအရေမှာ နီတွေးစိုပြည်နေပြီး အပင်ပန်းခံနေရပုံနှင့် မတူပေ။


ယန်ကျင်းဇီက ဝေ့လင်းရှိူ့ကို ဖိအားမပေးတာ ဖြစ်နိုင်လား?


ဒါပေမယ့် အဲ့လိုဟုတ်တယ်ဆိုရင်တောင် ဒီစာအုပ်တွေက ဘယ်ကလာတာလဲ?


စာအုပ်များကို ကူးယူလေ့ရှိသော သူတို့ဆိုင်မှ လူများသည် ဝယ်ယူလိုအားနည်းသော စာအုပ်များကို ကူးယူချင်ကြပြီး ရက်အနည်းငယ်အတွင်း ဝေ့လင်းရှိူ့ကဲ့သို့ အများအပြား မကူးယူနိုင်ကြချေ။


“ အစ်ကိုဝေ့၊ အဲ့ဒါ မင်းအစ်ကိုကြီး မဟုတ်လား? ” ဘေးဘက်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။


ဝေ့လင်းရှိူ့သည် ခေါင်းလှည့်ကြည့်ပြီး ဝေ့လင်းယွမ်နှင့် တစ်စုံတစ်ဦး စကားပြောနေကြောင်းကို တွေ့လိုက်ရသည်။


ဝေ့လင်းယွမ်တွင် အထင်အမြင်သေးမှုများ ပြည့်နေသည် : “ ငါ့မှာ အဲ့လိုမျိုး ကိုယ့်ကိုယ်ကို အဆင့်အတန်းကျစေတဲ့ အစ်ကို မရှိဘူး! ”


ဝေ့လင်းရှိူ့သည် သူ့လက်သီးများကို တိတ်တဆိတ် ဆုပ်လိုက်သည်။


ဝေ့လင်းယွမ်သည် ငယ်ရွယ်ပြီး အားမာန်ပြည့်နေသည်။ သူက သူ့မေးစေ့ကို မော့၍ ဝေ့လင်းရှိူ့ဘက်သို့ လှည့်လာသည် : “ ဝေ့လင်းရှိူ့၊ အဖေက ဘိုးဘေးခန်းမကို ဖွင့်ပြီး မင်းနာမည်ကို ဖယ်တော့မယ်။ မင်း သိတယ်မလား? နောင်ကျရင် အပြင်ဘက်မှာ ဝေ့မိသားစုနာမည်ကို မသုံးနဲ့တော့။ ”


ဝေ့လင်းရှိူ့သည် ထိုနေ့တွင် သူ့မိသားစုဝင်များ၏ ပုံစံကို ကြည့်၍ သူတို့က သူ့ကို ကောင်းမွန်သော ဘဝဖြင့် နေခိုင်းမည်မဟုတ်ကြောင်းကို သိထားသော်လည်း သူ့ဖခင်က ဘိုးဘေးခန်းမကို ဖွင့်ပြီး သူ့နာမည်ကို တကယ် ဖယ်ရှားပစ်လိမ့်မည်ဟုတော့ သူသည် အမှန်ပင် မမျှော်လင့်ထားခဲ့ပေ။


“ ဝေ့မိသားစုနာမည်ကို ဘယ်သူမှ ဂရုမစိုက်ဘူး! ” ယန်ကျင်းဇီသည် ဆိုင်ထဲသို့ဝင်ပြီး ဤမြင်ကွင်းကို တွေ့လိုက်ရသည်နှင့် ဒေါသထွက်လာပြီး တစ်စုံတစ်ယောက်နှင့် ရန်ထသတ်လိုက်ချင်လာသည်။


သို့သော် မူလပိုင်ရှင်၏ မှတ်ဉာဏ်များအရ သူသည် ဝေ့လင်းယွမ်ကဲ့သို့ လူတစ်ယောက်ကို စော်ကားရန် မတတ်နိုင်ကြောင်း သိလိုက်ရသည်။


သူသည် ဝေ့လင်းရှိူ့ကို ဝေ့မိသားစုမှ ဝေးရာသို့ ခေါ်လာနိုင်သည်မှာ ဝေ့မိသားစုက ဝေ့လင်းရှိူ့ကို နှင်ထုတ်လိုသော အဓိကအကြောင်းကြောင့် ဖြစ်သည်။ သို့ရာတွင် ဝေ့လင်းယွမ်ကတော့ မတူချေ။


ယန်ကျင်းဇီသည် ဝေ့လင်းရှိူ့ ကွယ်လွန်ပြီးနောက် မူလပိုင်ရှင်၏ အတွေ့အကြုံကို ရုတ်တရက် သတိရသွားသည်။


ဝေ့လင်းရှိူ့ကို သေအောင် ရိုက်နှက်ပြီးနောက် မူလပိုင်ရှင်သည် ပုံမှန်ကဲ့သို့ စားသောက်ပျော်ပါးနေပြီး ဝေ့မိသားစုကမူ... ဝေ့လင်းယွမ်က ငယ်ငယ်ရွယ်ရွယ်ဖြင့် Xiucai အဖြစ် အဆင့်သတ်မှတ်ခံရပြီး အလွန်အထင်ကြီးဖွယ်ကောင်းသော ဖြစ်ရပ် ဖြစ်လာသည်။


ဝေ့လင်းရှိူ့၏ဖခင်၊ ထိုဝေ့သခင်ကြီးကလည်း အာဏာပိုင် အထောက်အပံ့ကို ရရှိခဲ့ပြီး ရာထူးတက်ရန် အခြားနေရာသို့ သွားခဲ့သည်။


အဲ့လိုနိုင်ငံ့အရာရှိမျိုးဆိုရင် မူလပိုင်ရှင်က တစ်ယောက်ယောက်ကို တွေ့တာနဲ့ ဒူးထောက်ပြီး အလေးပြုလိမ့်မယ်!


မူလပိုင်ရှင် နောက်ပိုင်းတွင် ဘာဖြစ်သွားသည်ကို မသိပေ – သူက လူများစွာကို စော်ကားခဲ့သောကြောင့် ဖြစ်နိုင်သည်၊ တစ်နေ့တွင် တစ်စုံတစ်ယောက်က မူလပိုင်ရှင်ကို သောက်စားရန် အဖော်ခေါ်ပြီး မူလပိုင်ရှင်က ကောင်တီရုံးမှ မူးရူးကာ အိမ်ပြန်လာသောအခါ လမ်းဘေးမှ တစ်စုံတစ်ဦး ထွက်လာလျက် မူလပိုင်ရှင်ကို သတ်ပစ်လိုက်လေသည်။ 


မူလပိုင်ရှင်က သေရန် ထိုက်တန်သောကြောင့် ယန်ကျင်းဇီသည် သူ့ကိစ္စများကို တွေးတောရန် စိတ်မဝင်စားပေ။ သို့သော်ငြား ဝေ့သခင်ကြီးက နောက်ပိုင်းတွင် အမတ်တစ်ဦး ဖြစ်လာပြီး ဤဝေ့လင်းယွမ်က ငယ်ငယ်ရွယ်ရွယ်နှင့် Xiucai တစ်ဦး ဖြစ်နိုင်ခဲ့သည်။ နောက်ကျရင် သူကလည်း နိုင်ငံ့အမတ်တစ်ဦး ဖြစ်လာနိုင်တယ်!


အနာဂတ်မှာ သူက ဝေ့လင်းရှိူ့ကို ခေါ်ပြီး ဒီလူတွေကို ဂါရဝပြုရဦးမှာလား?


မဖြစ်သေးဘူး!


ယခင်က ယန်ကျင်းဇီသည် တော်ဝင်စာမေးပွဲနှင့် ဝေးကွာလွန်းသည်ဟု ခံစားခဲ့ရသော်လည်း ဤအခိုက်အတန့်တွင် သူသည် တော်ဝင်စာမေးပွဲကို ဖြေဆိုရန် ရုတ်တရက် စိတ်အားထက်သန်လာသည်။


သူက ဝေ့လင်းရှိူ့အဖေရဲ့ အဆင့်ကိုလည်း ကျော်ချင်တယ်!


ဒါဆိုရင် ဝေ့လင်းရှိူ့ရဲ့အဖေက သူ့ကို တွေ့တိုင်း အရိုအသေပေးနေရအောင် သူ လုပ်နိုင်လိမ့်မယ်!


ယန်ကျင်းဇီသည် စိတ်ထဲတွင် အများကြီး တွေးနေသော်ငြား ဝေ့လင်းရှိူ့က သူ့ကို အာရုံစိုက်ရန် လုံးဝ စိတ်မဝင်စားဘဲ လှည့်ထွက်သွားသည်။


ဤသည်ကိုတွေ့သော် ယန်ကျင်းဇီက ဝေ့လင်းရှိူ့ကို ချက်ချင်း ကြည့်လိုက်သည် : “ လင်းရှိူ့၊ ငါ ဆုံးဖြတ်ပြီးပြီ။ ငါ တော်ဝင်စာမေးပွဲကို ဖြေတော့မယ်! ”


ဝေ့လင်းရှိူ့၏ မျက်ဝန်းများ တောက်ပသွားသည်။


စာအုပ်ဆိုင်ပိုင်ရှင်က ဆွံ့အသွားသည်။ သူ ကြားလိုက်တာ မှန်ရဲ့လား၊ ယန်တ ဆိုတဲ့ ဒီလူက တော်ဝင်စာမေးပွဲမှာ ဝင်ဖြေမယ်တဲ့လား? သူက တုံးတာလား၊ ရူးတာလား?


သူ့နာမည်ကိုတောင် သူက မရေးနိုင်လောက်ဘူးလေ!


____


ဘွဲ့ဂုဏ်ထူးအမျိုးအစားများ


1. Jinshi - ( အဆင့်မြင့်ပညာရှင် ) သုံးနှစ်တစ်ကြိမ် ကျင်းပသည့် တော်ဝင်စာမေးပွဲကို အောင်မြင်ပြီးသော ဘွဲ့ရပညာရှင်။


2. Gongshi - ( ဂုဏ်သရေရှိပညာရှင် ) သုံးနှစ်တစ်ကြိမ် နိုင်ငံတွင်းစာမေးပွဲကို အောင်မြင်ပြီးသော အသိအမှတ်ပြုခံထားရသည့် ဘွဲ့ရပညာရှင်။


3. Juren - ( ထောက်ခံချက်ရရှိသူ ) သုံးနှစ်တစ်ကြိမ် ပြည်နယ်စာမေးပွဲကို အောင်မြင်ပြီးသော အရည်အချင်းပြည့်မှီသည့် ဘွဲ့ရပညာရှင်။


4. Xiucai - ( အသိအမှတ်ပြုခံပြီးသော ပါရမီရှိသူ ) ကောလိပ်စာမေးပွဲ

အောင်မြင်ပြီးသော ဝင်ခွင့်အဆင့်ဘွဲ့ရသူ။


5. Tongsheng - ( စာသင်သားပေါက်စ ) ခရိုင်/စီရင်စု စာမေးပွဲကို အောင်မြင်ပြီးသော ဝင်ခွင့်စာမေးပွဲတွင် စာဖြေဆိုမည့်သူ။