💮Chapter 74
ဝမ်ချီက ခိုအားလားတစ်ကောင်ကဲ့သို့ ရှစ်ယဲ့၏ ကျောပေါ်၌ ခိုတွယ်နေ၏။
ရှစ်ယဲ့ သိသိသာသာ ကြောင်အသွားကာ တစ်ကိုယ်လုံးတောင့်တင်းသွားလေသည်။
ဝမ်ချီက ချက်ချင်းဆိုသလို ရှစ်ယဲ့၏ လည်ပင်းအား သူ့လက်မောင်းများဖြင့် အမြန်ချိတ်တွယ်လိုက်၏။ ထို့နောက် ရှစ်ယဲ့၏ခါးကိုလည်း သူ့ခြေထောက်များဖြင့် ချိတ်လိုက်သည်။ သူက ရှစ်ယဲ့အား လုံးဝလွှတ်မပေးချင်သည့် အပြုအမူဖြင့် တစ်ဖက်လူ၏ ကျောပြင်ကိုပင် ပွတ်သပ်နေလိုက်သေး၏။
ရှစ်ယဲ့က အနည်းငယ်ရုန်းလိုက်သည်။
ဝမ်ချီက ရှစ်ယဲ့ လွှင့်ပစ်လိုက်မည်ကို စိုးရိမ်စွာဖြင့် တင်းတင်းဖက်လိုက်၏။
ရှစ်ယဲ့က ခဏကြာ တိတ်ဆိတ်သွားကာ ခပ်မာမာ ပြောလိုက်သည်။
“လွှတ်ပေး …”
ဝမ်ချီက မလွှတ်ပေးပဲ ရှစ်ယဲ့၏နားနားကပ်ကာ မေးလိုက်၏။
“ရှစ်ယဲ့ ဘယ်သွားမလို့လဲ …”
ရှစ်ယဲ့က ပြောသည်။
“အပြင် …”
သူတို့သာ အရှေ့နန်းတော်၌ ရှိနေပါက ဝမ်ချီက ရှစ်ယဲ့နှင့် ဝေးဝေး နေလို၏။ သို့သော် သူတို့က ယခုချိန်၌ အရှေ့နန်းတော်၌ ရှိနေခြင်း မဟုတ်ဘဲ မြို့တော်နှင့် ဝေးကွာလှသည့် ကျင်းကျိုး၌သာ ရှိနေကြသေး၏။
ဝမ်ချီက ဤနေရာနှင့် မရင်းနှီးသလို သေဘေးမှ လွတ်လာသည်မှာလည်း မကြာသေးချေ။
ရင်းနှီးနေသည့် ရှစ်ယဲ့၏ အသံကို ကြားလိုက်ရပြီး ရှစ်ယဲ့၏ မျက်နှာအား တွေ့လိုက်ရစဉ်က သူထင်ယောင်ထင်မှား မြင်နေမိခြင်းဟူ၍ပင် တွေးလိုက်မိသည်။
ရှစ်ယဲ့က အရှေ့နန်းတော်မှာ သက်သောင့်သက်သာ ရှိနေရမှာ မဟုတ်လား …
ရှစ်ယဲ့က ဘာလို့ ကျင်းကျိုးကို ရောက်လာတာလဲ …
ထိုမယုံနိုင်သည့် ခံစားချက်က ဝမ်ချီ၏ နှလုံးသား၌ မြူတစ်စု ရစ်သိုင်းနေသည့်နှယ် ရှိနေဆဲဖြစ်သည်။ သူက ရှစ်ယဲ့ ထွက်သွားပြီးလျှင် ပြန်မလာတော့မည်ကို စိုးရိမ်မိ၏။ ရှစ်ယဲ့၏ရုပ်သွင်မှာ ပုံရိပ်ယောင်တစ်ခု အမှန်တကယ် ဖြစ်သွားမည်ကိုလည်း စိုးရိမ်မိသည်။
သူက လျှောက်တွေးနေမိကြောင်း သိသည့်တိုင် ထိုအတွေးကို မဖျောက်ဖျက်နိုင်သေးချေ။
သူ အလွန်ကြောက်နေ၏။
ရှစ်ယဲ့ထားသွားမည်ကို ပို၍ ကြောက်မိသည်။
“ရှစ်ယဲ့ … မသွားပါနဲ့နော် … ကျွန်တော် ဒီမှာ တစ်ယောက်ထဲ မနေရဲဘူး …”
ဝမ်ချီက ရှက်မနေတော့ဘဲ ရှစ်ယဲ့၏အဝတ်ဖြင့် မျက်ရည်သုတ်လိုက်၏။ သူက ညှင်သာစွာ တောင်းဆိုလိုက်သည်။ “ ကျွန်တော် ကြောက်လို့ပါ…”
ရှစ်ယဲ့က ထွက်သွားချင်စိတ်ဖြစ်လာသည့်တိုင် ထိုသို့ မလုပ်နိုင်ခဲ့ပေ။ အတန်ကြာသည့်နောက် သူက အေးစက်စက် ပြောလိုက်၏။
“သွားချင်တုန်းကတော့ မြန်မြန်ထွက်သွားလိုက်တာ … အခုကျ ကြောက်ရကောင်းမှန်း သိပြီလား …”
ဝမ်ချီက ရှစ်ယဲ့ သူ့အပေါ် စိတ်မဆိုးကြောင်း သိလေသည်။ ထို့ကြောင့် သူက ပို၍ ယုံကြည်ချက်ရှိလာကာ ရှစ်ယဲ့၏ နားရွက်နားတွင် မျက်နှာအပ်ရင်း ရှိုက်လိုက်၏။
“ ပြန်ပေးဆွဲခံရမယ်မှန်း ကြိုသာသိရင် လာမိပါ့မလား…”
ရှစ်ယဲ့က အေးစက်စက် ပြောလိုက်သည်။
“ကြိုသိတယ်ဆိုတာမျိုး မရှိဘူး …”
ဝမ်ချီက ရှစ်ယဲ့၏ မျက်နှာတည်တည်ကို မော့ကြည့်လိုက်၏။ ရုတ်တရက် သူ့အပေါ် ကြင်နာတတ်သည့် လျိုတသဲနှင့် လျိုတရှန်တို့အား သတိရသွားကာ တစ်စုံတစ်ခုအား နားလည်သွားလေသည်။
“စကားမစပ် အစ်ကိုကြီးတတဲနဲ့ အစ်ကိုကြီးတရှန်တို့က မင်းသားရဲ့လူတွေမလား …”
ရှစ်ယဲ့က ခဏတိတ်ကျသွားကာ နှာခေါင်းရှုံ့လိုက်၏။
“ရက်နည်းနည်းပဲ ရှိသေးတာတောင် သူတို့နဲ့ ရင်းနှီးနေပြီလား …”
“…”
ဝမ်ချီက ရှာလကာရည်နံ့ ရသွားကာ အသက်ရှင်လိုစိတ်ကလေးဖြင့် အမြန်ထပ်ပြောလိုက်သည်။
“ကျွန်တော် လျိုတတဲရယ် လျိုတရှန်ရယ်နဲ့ စကားပြောခဲ့တယ် … သူတို့က ကျွန်တော့်အပေါ် အရမ်းကောင်းတယ်လေ … ပြန်ပေးဆွဲတဲ့လူတွေက ဘာလို့ဒီလောက်သဘောကောင်းပါလိမ့်လို့ စဉ်းစားနေတာ …”
ရှစ်ယဲ့က ပြော၏။
“သူတို့က ပန်ကုန်းရဲ့ လူတွေ …”
ဝမ်ချီက ထူးထူးဆန်းဆန်း မေးလိုက်သည်။
“မင်းသားရဲ့လူတွေက ပြန်ပေးဆွဲတာလည်း လုပ်တာပဲလား …”
ရှစ်ယဲ့ ထပ်မံတိတ်ဆိတ်သွားပြန်၏။ သူက စိတ်ထိန်းထားရသည့် အသံဖြင့် ပြောလိုက်သည်။
“ပြန်ပေးဆွဲတဲ့လူတွေက ပန်ကုန်းအတွက် အလုပ်လုပ်ခွင့်ရှိမယ်ထင်လား … မင်းလို ဟွားမျိုးရိုးကို ရှာဖို့ပြေးသွားတဲ့ အရူးကြောင့် မဟုတ်ရင် ပန်ကုန်းလူတွေက ပြန်ပေးသမား အယောင်ဆောင်ပြီး ခိုးဝင်ရမယ်တဲ့လား …”
ဝမ်ချီက ရှစ်ယဲ့၏ အရူး ဟု ခေါ်သံကို အလိုအလျောက် လျစ်လျူရှုလိုက်၏။ သူက ဗာဒံစေ့သဏ္ဍာန် မျက်ဝန်းများဖြင့် ရှစ်ယဲ့အား ထွင်းဖောက်မတတ် ကြည့်လိုက်မိသည်။ သူ့နှလုံးသားထဲတွင် ပျော်ရွှင်မှုများက ကြီးစိုးလာ၏။
“ဒါဆို …”
ဝမ်ချီက ဖယောင်းတိုင်မီးရောင်ဖြင့် ရှစ်ယဲ့၏ မျက်နှာအား ကြည့်ကာ အရဲစွန့်၍ မေးလိုက်သည်။
“ကျင်းကျိုးအထိ ကျွန်တော့်နောက်ကို လိုက်လာတာလား…”
သို့မဟုတ်လျှင် ရှစ်ယဲ့က သူ ဟွားကျစ်ချန်အား သွားတွေ့သည်ကို သိမည်မဟုတ်ပေ။
ကံမကောင်းစွာဖြင့် ရှစ်ယဲ့ မဖြေမီမှာပင် တံခါးခေါက်သံ ထွက်ပေါ်လာ၏။
“အရှင့်သား …ဒီအစေခံက ရေနွေးတချို့ ပြင်ဆင်ခဲ့ပါတယ် …”
ကျောကျစ်၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။
ရှစ်ယဲ့က ပြော၏။
“ဝင်ခဲ့ …”
ကျောကျစ်က တံခါးကိုတွန်းဖွင့်ကာ အတွင်းသို့ ဝင်လာသည်။
သူမက ခေါင်းငုံ့လျက် အိပ်ရာထံသို့ လျှောက်လာကာ ရေဇလုံနှင့် လက်ကိုင်ပုဝါအား အိပ်ရာဘေးရှိ သစ်သားစားပွဲပေါ်သို့ တင်လိုက်သည်။ ထို့နောက် လက်ခုပ်တီးလိုက်သည့်အခါ အပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် ဟင်းပွဲများ သယ်ဆောင်ထားသော အစေခံများက တစ်ဦးချင်း ဝင်ရောက်လာ၏။
ကျောကျစ်က အမိန့်ပေးလိုက်သည်။
“အားလုံး နောက်ဆုတ်နေကြ …”
မိန်းကလေးများက တညီတညာတည်း ပြန်ဖြေကြ၏။ သူတို့က ရှစ်ယဲ့အား နှုတ်ဆက်ကာ အသံတစ်သံပင် မထွက်စေရဘဲ ပြန်လည် ထွက်ခွာသွားကြသည်။
ကျောကျစ်က အိပ်ရာဘေးတွင် ရပ်ကာ ရှစ်ယဲ့၏ အမိန့်ကို စောင့်ဆိုင်းနေသည်။
မကြာမီမှာပင် ရှစ်ယဲ့က ပြောလိုက်၏။
“ကျောကျစ် …”
“မှန်လှပါ …”
“မင်းဒီမှာနေခဲ့ပြီး သူနဲ့နေပေးလိုက် …”
“မှန်လှပါ အရှင့်သား…”
ရှစ်ယဲ့ ထရန်ပြင်လိုက်စဉ် ဝမ်ချီက သူ့အနောက်မှ ဆက်လက်လိုက်ပါလာ၏။ သူက ရွေးချယ်စရာမရှိတော့ဘဲ ဝမ်ချီ၏ လက်ကို အသာပုတ်ကာ လွှတ်ပေးရန် အချက်ပြရတော့သည်။
“မင်းပြောတော့ မသွားတော့ဘူးဆို …”
“ငါဘယ်တုန်းက အဲဒီ့လို ပြောလို့လဲ …”
ရှစ်ယဲ့က သိုင်းပညာရှင် ဖြစ်သည့်တိုင် ရွှံ့ရုပ်တစ်ရုပ်မဟုတ်ပေ။ ဝမ်ချီက သူ့လည်ပင်းကို ခိုထားသည်ဖြစ်ရာ သူ၏ ပုံမှန်အသက်ရှူနှုန်းအတွက် အနှောင့်အယှက် ဖြစ်နေ၏။ သူက ခပ်မာမာ ပြောလိုက်သည်။
“လွှတ် …”
ဝမ်ချီက ခေါင်းမာမာဖြင့် သူ့အား လွှတ်မပေးခဲ့ပေ။
သူလွှတ်ပေးလိုက်သည်နှင့် ရှစ်ယဲ့ ထထွက်သွားမည်ကို ဝမ်ချီသိထား၏။
သို့သော် ရှစ်ယဲ့က သည်းခံနိုင်စွမ်း ကုန်ခမ်းသွားပုံဖြင့် လက်ကိုမြှောက်ကာ ဝမ်ချီ၏ လက်ကောက်ဝတ်ကို ဆွဲလိုက်သည်။ သူ၏ အေးစက်သော လက်ချောင်းထိပ်ကလေးများက ဝမ်ချီ၏ သွေးကြောနေရာကို အားပါပါ ဖိချလျက်ရှိ၏။
ဝမ်ချီက လက်ကောက်ဝတ်မှ နာကျင်မှုကို ခံစားလိုက်ရသည်။ ရှစ်ယဲ့က သူ့အရိုးများကို ချိုးပစ်တော့မည့် အလားပင်။ ရှစ်ယဲ့က ခွန်အား ဆယ်ရာခိုင်နှုန်းကိုသာ သုံးထားကြောင်း ဝမ်ချီသိသည်။ သို့သော် သူ့တစ်ကိုယ်လုံး ချွေးများ စိုရွှဲလာ၏။
“ရှစ်ယဲ့ … လက်ကို အရမ်းမညှစ်နဲ့ … နာတယ် …”
ဝမ်ချီ၏ မျက်ရည်များက ထိန်းချုပ်မှုမရှိ ကျဆင်းလာ၏။ သူက စိတ်ဆိုးကာ အလိုမကျဖြစ်နေသည်။ သို့သော် တစ်ချိန်ထဲမှာပင် ရှစ်ယဲ့အား ကလန်ကဆန် လုပ်ခွင့်မရှိကြောင်း သူသိ၏။ များစွာသော စိတ်ခံစားချက်များက သူ၏ စိတ်တွင်း၌ ဖြတ်ပြေးလျက်ရှိသည်။
ရှစ်ယဲ့က ပြောလိုက်သည်။
“မင်းလွှတ်ရင် ပန်ကုန်းလည်း လွှတ်မယ် …”
ဝမ်ချီ၏ အသံမှာ နာကျင်မှုဖြင့် တုန်ယင်နေသည်။
“မင်း အရင်လွှတ် …”
ရှစ်ယဲ့က ချက်ချင်း လွှတ်ပေးလိုက်သည်။
လက်ကောက်ဝတ်ရှိ နာကျင်မှု ပပျောက်သွားသည့်တိုင် ဝမ်ချီက ရှစ်ယဲ့အား လွှတ်မပေးခဲ့ပေ။ သူက ရှေ့တိုးကာ ရှစ်ယဲ့၏ နားရွက်အား ကိုက်လိုက်၏။
ရှစ်ယဲ့ “ …”
ရှစ်ယဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွား၏။ မသိလျှင် တစ်စုံတစ်ဦးက သူ၏ အကြောဆုံများအား ထိလိုက်သည့်အလားပင်။
အိပ်ရာဘေးတွင် ရပ်နေသည့် ကျောကျစ်သည်လည်း အဖြစ်အပျက် တစ်ခုလုံးကို ကြောက်လန့်စွာ ကြည့်နေမိသည်။
သူမ အသက်ကိုးနှစ်ခန့်က အရှင့်သား၏ ကယ်တင်ပေးခြင်း ခံခဲ့ရသည်။ ထိုအချိန်မှစ၍ သူမက အရှင့်သား၏ အနောက်သို့ အရိပ်တစ်ခုသဖွယ် လိုက်ပါခဲ့၏။ အရှင့်သားနှင့် သခင်လေးဝမ်တို့ နှစ်ဦးထဲရှိချိန်၌မူ သူမက အရှင့်သား၏ အနောက်ဘက် ခြေလှမ်းတစ်ရာအကွာမှ လိုက်ပါလာလေ့ရှိသည်။
အရှင့်သား၏ ရှေ့အမည်အား တိုက်ရိုက်ခေါ်ဆိုရဲသူအား သူမ မတွေ့ဖူးခဲ့ပေ။ အရှင့်သား၏ ခန္ဓာကိုယ်အား ခြေလက်များဖြင့် ချိတ်တွယ်ဝံ့သူကိုလည်း သူမ မတွေ့ဖူးခဲ့သလို အရှင့်သား၏ နားရွက်အား ကိုက်ဝံ့သူကိုလည်း သူမ မတွေ့ဖူးခဲ့ချေ။
အရှင့်သား အမိန့်ပေးလိုက်ပါက သူမအနေဖြင့် သခင်လေးဝမ်အား ချက်ချင်းသတ်ပစ်ရမည်လား မသိပေ။
သူ့ကို အနာကျင်စေဆုံး နည်းလမ်းနဲ့ သတ်ပစ်ရမှာလား...
သို့သော် အရှင့်သားက မည်သို့မှ ပြောမလာခဲ့ပေ။
ကျောကျစ်က အလျင်စလို မပြုမူခဲ့ချေ။ သူမက ပါးလွှာသော လေထုအတွင်း ပျောက်ကွယ်သွားရန်သာ မျှော်လင့်နေမိ၏။
သူမက အိမ်ရှေ့မင်းသားကို ကြည့်လိုက်သည်။ အိမ်ရှေ့မင်းသားက လူစားထိုးခံလိုက်ရသကဲ့သို့ သခင်လေးဝမ်၏ ပွေ့ဖက်မှုအကြား အချိန်အတော်ကြာ နစ်မြုပ်နေပြီး ယခုအချိန်အထိ မလွတ်မြောက်နိုင်သေးချေ။
ဝမ်ချီ၏ နာကျင်စွာ ညည်းညူသံကြောင့် ကျောကျစ် အတွေးထဲမှ ရုန်းထွက်လိုက်၏။
သူမ မော့ကြည့်လိုက်ချိန်တွင် ဝမ်ချီက ရှစ်ယဲ့၏ ခန္ဓာကိုယ်မှ ဖယ်ခွာလိုက်ပြီဖြစ်သည်။ သူ့မျက်နှာတစ်ခုလုံး ဖြူလျော်နေပြီး နာကျင်နေသည့်ပုံဖြင့် မျက်မှောင်ကြုတ်ထား၏။
ဝမ်ချီက လည်ပင်းကို အုပ်ထားသည်။ သူ၏ လက်ကြားမှ သွေးများ စီးကျလာ၏။
ရှစ်ယဲ့ လှည့်ကြည့်လိုက်သောအခါ ထိုမြင်ကွင်းကို တွေ့လိုက်ရသည်။ သူ၏ အမူအရာက တည်ငြိမ်နေသော်လည်း သူ့မျက်ဝန်းနက်များကမူ တောက်လောင်လာပြီး တစ်ကိုယ်လုံး အေးစက်စက် အရောင်အဝါများဖြင့် လွှမ်းခြုံသွား၏။ သူက ဝမ်ချီ၏လက်ကို ဖယ်ရှားရန် လက်ဆန့်လိုက်သည်။
ဝမ်ချီက မသိစိတ်ဖြင့် ရှောင်လိုက်၏။
“ဘာမှမဟုတ်ပါဘူး … ကျွန်တော် အနာကို ထိမိသွားတာပါ …”
ရှစ်ယဲ့က မေးလိုက်၏။
“ဘယ်အနာလဲ …”
ဝမ်ချီက ရှစ်ယဲ့အား တည့်တည့်မကြည့်ဝံ့ပဲ အမြန်ပြန်ဖြေလိုက်သည်။
“တစ်ယောက်ယောက်က ကျွန်တော့်ကို ဓားစာခံလုပ်ပြီး ခေါ်သွားခဲ့တာလေ… ပြီးတော့ ကျွန်တော့်လည်ပင်းကို ဓားနဲ့ခြစ်လိုက်တာ… အရမ်းမနက်ပါဘူး … ပတ်တီးစီးလိုက်ရင် အဆင်ပြေသွားမှာပါ …”
ရှစ်ယဲ့က နှုတ်ခမ်းတင်းတင်း စေ့လိုက်သည်။ သူ၏ တစ်စတစ်စ သုန်မှုန်လာသော အကြည့်က ဝမ်ချီ၏ မျက်နှာထက်၌ မြဲမြံစွာ ကျရောက်နေ၏။ ဝမ်ချီကမူ ရင်ဘတ်နှင့် ခေါင်းထိမတတ် ဒဏ်ရာအား ဖုံးကွယ်ထားလေသည်။
ခဏအကြာ၌ ဝမ်ချီက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“အနာသေးသေးလေးပါ … မကြာခင် ပျောက်သွားမှာ …”
ရှစ်ယဲ့က ရုတ်တရက်ဆိုသလို ကျောကျစ်ဘက်သို့ လှည့်လိုက်၏။
“သွားတော့ …”
ကျောကျစ်က ရှစ်ယဲ့၏ စိတ်အခြေအနေ မကောင်းသည်ကို ခံစားမိလိုက်ပြီး မနှောင့်နှေးဝံ့ဘဲ အမြန်ထွက်လာလိုက်၏။ သူမက တံခါးကို ပိတ်နေချိန်တွင် လှုပ်ပင်မလှုပ်ဝံ့သည့် ဝမ်ချီနှင့် သုန်မှုန်နေသော ရှစ်ယဲ့အား တစ်ချက်ကြည့်လိုက်မိသည်။
ဝမ်ချီက အပြာဖျော့ဖျော့ ဝတ်ရုံကို ဝတ်ဆင်ထားပြီးအမြောက်အများ ပန်းထွက်လာသည့် သွေးများက သူ၏ဝတ်ရုံအား အရောင်ဆိုးပြီးသား ဖြစ်သွားသည်။
ကျောကျစ်က တံခါးပိတ်ပြီးပြီးချင်း ထွက်မသွားခဲ့ပေ။ သူမက ခြေတစ်လှမ်းပင် မရွှေ့ဘဲ မတ်တပ်ရပ်နေသည်။
ထပ်ခိုးနေရာက အလွန်မြင့်မား၏။ အောက်သို့ ငုံ့ကြည့်လိုက်ပါက ကျင်းကျိုး၏ ညရှုခင်းတစ်ခုလုံးကို တွေ့နိုင်ပေလိမ့်မည်။ သို့သော် လက်ရှိအချိန်၌ မည်သည့် ညရှုခင်းမှ ရှိမနေဘဲ အမှောင်ထုသာ ကြီးစိုးနေခဲ့၏။
ကျင်းကျိုးက မြို့တော်နှင့် အလွန်ဝေးကွာလှသော်လည်း အရှင့်သားကိုမူ ဆွဲဆောင်နိုင်ခဲ့သည်။
အရှင့်သားက ခရီးဝေးသွားရသည်ကို မနှစ်မြို့ချေ။ သူ၏ ကလေးဘဝ အတွေ့အကြုံကြောင့် ဖြစ်တန်ရာ၏။ အိမ်ရှေ့မင်းသားက မြို့တော်အတွင်းမှ မဆိုထားနှင့်၊ အရှေ့နန်းတော်မှပင် ထွက်ခွာခြင်း မပြုခဲ့ပေ။
မူလတွင် အိမ်ရှေ့မင်းသားက ကျောကျစ်၊ လျိုတဲနှင့် လျိုရှန်တို့ကို ဝမ်ချီအား ကာကွယ်ရန် အမိန့်ပေးခဲ့သည်။ သို့သော် လွန်ခဲ့သော နှစ်ရက်အကြာက စတုတ္ထမင်းသားက ဝမ်ချီအား မကယ်တင်နိုင်သေးကြောင်း သိလိုက်ရ၏။ ထို့နောက် အိမ်ရှေ့စံက မိန်းမစိုးကျိုးနှင့် အစောင့်များကို နောက်ချန်ရစ်ကာ ကျင်းကျိုးသို့ တစ်ဦးထဲရောက်လာခဲ့လေသည်။
မြို့တော်မှ ကျင်းကျိုးသို့သွားရန် အနည်းဆုံး သုံးရက်နှင့်အထက် အချိန်ယူရသည်။ သို့သော် အရှင့်သားက ကိုယ်ဖော့သိုင်းကို အသုံးပြုခဲ့ပြီး သုံးရက်ကြာခရီးကို တစ်ရက်ခွဲနှင့် အရောက်လာခဲ့သည်။
လက်ရှိအချိန်အထိ အရှင့်သားက တစ်ခဏပင် အနားမယူခဲ့ချေ။
ဝမ်သခင်လေးကဲ့သို့ ကြောက်တတ်ပြီး အသက်ရှင်လိုစိတ် ကြီးမားလွန်းသူက အဘယ့်ကြောင့် အရှင့်သား၏ ကာကွယ်မှုနှင့် ထိုက်တန်ခြင်းဖြစ်ကြောင်း ကျောကျစ် နားမလည်နိုင်ခဲ့ပေ။
ကျောကျစ်က သူမအနီးရှိ လှုပ်ရှားမှုများကို အာရုံစိုက်ကာ စောင့်ကြည့်နေခဲ့သည်။ မကြာမီမှာပင် အခန်းတွင်းမှ ငိုကြွေးသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။ သခင်လေးဝမ်က ငိုရှိုက်လျက် ခပ်တိုးတိုး ရေရွတ်နေခြင်းဖြစ်သည်။
သူမက ခဏကြာ တုံ့ဆိုင်းသွား၏။ ထို့နောက် အာရုံလွှဲရန် ကြိုးစားလိုက်သည်။ သို့သော် ရှိုက်သံက ပို၍သာ ကျယ်လောင်လာ၏။
ထို့နောက် သူမက ဝမ်ချီ၏စကားသံကို ကြားလိုက်ရသည်။
“မင်းလက်ကို ပြန်ယူ …”
အရှင့်သား မည်သို့ပြောလိုက်မှန်း သူမ မသိသော်လည်း သခင်လေးဝမ်၏ ရှိုက်သံများက ဆက်လက်ထွက်ပေါ်လာ၏။
“ကျွန်တော် လူသွေးမသောက်ချင်ဘူးလို့ …”
အတန်ကြာသည့်နောက် အဆိုပါ ရှိုက်သံများက တဖြည်းဖြည်းတိုးလာကာ ပျောက်ကွယ်သွားတော့သည်။
ကျောကျစ်က စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်၏။
ရုတ်တရက်ဆိုသလို ရှစ်ယဲ့၏ အသံအား ကြားလိုက်ရပြန်သည်။
“ကျောကျစ် … ဝင်ခဲ့ …”
ကျောကျစ်က တံခါးကို အမြန်ဖွင့်ကာ အခန်းထဲသို့ ဝင်လာခဲ့သည်။ ရှစ်ယဲ့က အိပ်ရာခေါင်းရင်းတွင် ဖြူလျော်သော မျက်နှာဖြင့် ရှိနေသည်။ သူ၏ လက်မောင်းကြား၌မူ ဝမ်ချီက လဲလျောင်းအိပ်စက်နေ၏။ သို့သော် ဝမ်ချီက ဘေးသို့ လှည့်ထားသည်ဖြစ်ရာ ကျောကျစ်က ဝမ်ချီ၏ဦးခေါင်းကိုသာ တွေ့နိုင်၏။
ဝမ်ချီ၏ အဝတ်များ၊ ဖိနပ်များနှင့် ခြေအိတ်များသည်လည်း မြေပေါ်သို့ ကျနေ၏။ စားပွဲပေါ်ရှိ အစားအစာများကမူ စားသောက်ထားပုံရ၏။ စားပွဲပေါ်ရှိ ရေဇလုံနှင့် မျက်နှာသုတ်ပုဝါမှာလည်း အသုံးပြုပြီး အခြေအနေ၌ ရှိနေသည်။
ကျောကျစ်က မြေပေါ်ရှိ ဖိနပ်နှင့် ခြေအိတ်များကို ကြည့်လျက် သခင်လေးဝမ် ကိုယ်တိုင် ၎င်းတို့ကို ချွတ်ပစ်ခဲ့ခြင်းပေလော၊ သို့မဟုတ် အသန့်ကြိုက်တတ်လွန်းသည့် အိမ်ရှေ့မင်းသားက သူ့အတွက် လုပ်ပေးခဲ့ခြင်းပေလောဟု စတင်တွေးမိလာ၏။
💮💮💮