💮Chapter 75
ကျောကျစ်၏ အတွေးများက ရှစ်ယဲ့၏ အေးစက်စက်အသံဖြင့် ဖြတ်တောက်ခံလိုက်ရသည်။
“လျိုတဲကို ခေါ်လိုက် …”
“ဟုတ်ကဲ့ …”
ကျောကျစ်က ရှစ်ယဲ့၏ နက်ပြာရောင် မျက်ဝန်းတစ်စုံကို မော့ကြည့်လိုက်သည်။ သူမက ခဏကြာ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်၏။
“အရှင့်သား … ဘာလို့ အနားမယူတာလဲ … ဒီအစေခံက ဝမ်သခင်လေးကို ကြည့်ထားပေးပါ့မယ် …”
ရှစ်ယဲ့က မျက်လွှာချကာ အိပ်ပျော်နေသည့် ဝမ်ချီအား ငုံ့ကြည့်လိုက်သည်။
ယနေ့ညအဖြစ်အပျက်က ဝမ်ချီအား အတော်လေး ထိတ်လန့်သွားစေခဲ့မည်ဟု သူ မထင်ထားခဲ့ပေ။ ဝမ်ချီ့က အိပ်ရာပေါ်၌ပင် တစ်ယောက်ထဲ မအိပ်ဝံ့ဖြစ်နေရှာသည်။ ရှစ်ယဲ့က ဝမ်ချီအား ပွေ့ဖက်ကာ အိပ်ရာပေါ်၌ အချိန်အတော်ကြာ တူတူရှိပေးခဲ့ရသည်။ ထိုအခါမှသာ တစ်ဖက်လူက သူ၏ဝတ်ရုံစကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျှက် အိပ်ပျော်သွားခဲ့၏။
ရှစ်ယဲ့က ဝမ်ချီအား ဖယ်ရန်ကြိုးစားလိုက်သည်။
နှစ်ခြိုက်စွာ အိပ်မောကျနေပုံပေါ်သည့် ဝမ်ချီက ရှစ်ယဲ့၏ ရည်ရွယ်ချက်ကို အာရုံခံမိပုံရ၏။ သူ၏ ပိတ်ထားသော မျက်ဝန်းများက ဖျတ်ခနဲပွင့်လာသည်။
ဝမ်ချီ၏ မျက်ဝန်းထဲတွင် အိပ်ချင်စိတ်များ ရှိနေဆဲဖြစ်သည်။ သူက မသိစိတ်ဖြင့် မျက်လုံးကို ကြိုးစားဖွင့်ရင်း ရှစ်ယဲ့အား ကြည့်ကာ မေးလိုက်သည်။
“သွားတော့မလို့လား …”
ရှစ်ယဲ့က ဝမ်ချီ၏ ဖြူလျော်နေသော မျက်နှာကို အတန်ကြာ ကြည့်နေခဲ့သည်။ ထို့နောက် သူက လက်ချောင်းထိပ်ဖြင့် ဝမ်ချီ၏ မျက်လုံးပေါ်တွင် ကျဆင်းနေသော ဆံခြည်မျှင်များကို တစ်ဖက်လူ၏ နားရွက်နောက်သို့ သပ်တင်ပေးလိုက်သည်။
ထို့နောက် သူက မရေမရာ ပြန်ဖြေလိုက်၏။
“အိပ်ချင်နေမှတော့ ကောင်းကောင်း အနားယူသင့်တယ်…”
ဝမ်ချီက နိုးခါစသာ ရှိသေး၏။ သူက အိပ်မက်လိုလို ခံစားနေရသည့်တိုင် ရှစ်ယဲ့၏ စကားများ မှားယွင်းနေသည်ကို အာရုံခံမိလေသည်။ သူက လူကြီးများထွက်သွားမည်ကို ကြောက်ရွံ့နေသည့် ကလေးတစ်ယောက်ကဲ့သို့ ရှစ်ယဲ့၏ လက်ကို ပြန်ဆွဲလိုက်၏။
“မသွားပါနဲ့ …မင်းပြောတော့ မသွားဘူးဆို …”
ဝမ်ချီက ဗလုံးဗထွေး ပြောလိုက်သည်။
“ငါ ဘယ်တုန်းက ပြောလို့လဲ …”
ဝမ်ချီက သေသေချာချာ စဉ်းစားလိုက်ပြီးနောက် ရှစ်ယဲ့ ထိုသို့ မပြောခဲ့ကြောင်း သတိရသွား၏။ သူသာလျှင် ထိုစကားကို ထပ်ခါထပ်ခါ ပြောနေခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဝမ်ချီက အပြစ်ရှိစိတ်ဖြင့် ခဏတိတ်ကျသွား၏။ ထို့နောက် အကျိုးအကြောင်းပင် မစဉ်းစားနိုင်တော့ဘဲ အရဲစွန့်ကာ ပြောလိုက်သည်။
“အခုမှပြောလည်း နောက်မကျသေးပါဘူး …”
ရှစ်ယဲ့ “…”
ဝမ်ချီက ရှစ်ယဲ့အား စိတ်အားထက်သန်စွာ ကြည့်နေသည်။
သူတို့နှစ်ဦးက တစ်ဦးနှင့်တစ်ဦး ကြည့်နေကြ၏။
လေထုထဲတွင် တိတ်ဆိတ်မှုများ ပျံ့နှံ့လျက်ရှိသည်။
ကျောကျစ်က သခင်နှစ်ဦးကြားရှိ အဖြစ်အပျက်ကြောင့် ဆက်နေရမည်လော၊ ထွက်သွားပေးရမည်လော မခွဲတတ်တော့ချေ။ သူမက ခဏစဉ်းစားပြီးနောက် အသက်မဲ့သော ရုပ်သေးရုပ်သဖွယ် ဟန်ဆောင်ကာ ရပ်မြဲရပ်နေလိုက်သည်။
အတန်ကြာသည့်နောက် ရှစ်ယဲ့က ဝမ်ချီဆုပ်ကိုင်ထားသည့် သူ့လက်ကို ဆွဲယူလိုက်သည်။
ထို့နောက် ဝမ်ချီ၏ မျက်ဝန်းများအား လက်ဖြင့် ခပ်ဖွဖွအုပ်လိုက်၏။
“အိပ်တော့ …”
ရှစ်ယဲ့၏ အသံမှာ အေးစက်စက် ဖြစ်နေသည့်တိုင် သေချာနားထောင်ကြည့်ပါက အကူအညီမဲ့မှုကို ခံစားနိုင်ပေလိမ့်မည်။
“ပန်ကုန်းက ဒီမှာလေ… ဘယ်မှမသွားဘူး …”
ဝမ်ချီ နှုတ်ခမ်းစူကာ ခပ်တိုးတိုး မေးလိုက်၏။
“တကယ်နော် …”
ရှစ်ယဲ့က ပြောသည်။
“ငါ ဘယ်တုန်းကမှ ညာမပြောဘူး …”
ကတိစကားကို ကြားရပြီးသည့်နောက် ဝမ်ချီက တောင့်တင်းနေသည့် ခန္ဓာကိုယ်အား ဖြေလျှော့လိုက်သည်။ သို့သော် ရှစ်ယဲ့၏ အင်္ကျီလက်အနားစကိုမူ လွှတ်မပေးဘဲ ဖြည်းဖြည်းချင်း အိပ်မောကျသွား၏။
ရှစ်ယဲ့က ဝမ်ချီအား ပွေ့ဖက်ထားသည်။
ကျောကျစ်သည်လည်း အလျင်စလို မပြုမူဝံ့တော့ချေ။
ဤသို့ဖြင့် သခင်နှင့်အစေခံတို့က ဝမ်ချီ၏ အသက်ရှူသံ ပုံမှန်ဖြစ်သွားသည်အထိ ရုပ်သေးများကဲ့သို့ ငြိမ်သက်နေကြ၏။ ထို့နောက် ရှစ်ယဲ့က ဝမ်ချီ၏ ရင်ဘတ်အား အကြိမ်အနည်းငယ် ခပ်မြန်မြန်ထိလိုက်သည်။ သူက မတ်တပ်ရပ်ကာ ဝမ်ချီ၏ ဦးခေါင်းအား လက်တစ်ဖက်ဖြင့် မ ယူလိုက်ပြီး ခြုံစောင်ကို ဖယ်ရှားကာ အိပ်ရာထက်သို့ တင်ပေးလိုက်၏။
အိပ်မောကျစေသည့် အကြောဆုံများကို အထိခံလိုက်ရသော ဝမ်ချီက နှစ်ခြိုက်စွာ အိပ်ပျော်သွားပြီဖြစ်၏။ သို့သော် သူက မနှစ်မြို့ဖွယ် တစ်စုံတစ်ခုအား အိပ်မက်မက်နေသကဲ့သို့ မျက်ခုံးများကို တွန့်ချိုးလိုက်၏။ သူ၏ မျက်တောင်ရှည်များသည်လည်း လိပ်ပြာတောင်ပံများသဖွယ် တုန်ယင်လာသည်။
ရှစ်ယဲ့က အိပ်ရာရှေ့တွင် မတ်တပ်ရပ်လိုက်ကာ ဝမ်ချီအား နားမလည်ဟန်ဖြင့် ငုံ့ကြည့်လိုက်သည်။
သူက လက်ကိုဆန့်ကာ ဝမ်ချီ၏ မျက်ခုံးနှစ်ခုကြားရှိ မှဲ့နေရာအား ထိတွေ့လိုက်၏။
ဝမ်ချီက တစ်စုံတစ်ခုအား ခံစားမိဟန်ဖြင့် မျက်မှောင်ကြုတ်နေရာမှ တဖြည်းဖြည်း ပြေလျော့လာသည်။ မျက်တောင်ရှည်များသည်လည်း တုန်လှုပ်ခြင်း မရှိတော့ချေ။
ရှစ်ယဲ့က လက်ပြန်ရုတ်လိုက်၏။
ဝမ်ချီက မကျေမနပ်ဖြင့် မျက်မှောင်ပြန်ကြုတ်လိုက်ပြန်သည်။ သူ့မျက်နှာထက်ရှိ အမူအရာမှာ သိသာနေပြီး ရှစ်ယဲ့၏လက်အား ပြန်ရုတ်ခွင့် မပေးချင်သကဲ့သို့ပင်။
ရှစ်ယဲ့က ခဏကြာ တိတ်ဆိတ်သွား၏။ သူက ကျောကျစ်၏ ထိတ်လန့်နေသော အကြည့်အောက်၌ပင် သူ့ ဆံခြည်မျှင်တစ်မျှင်ကို နှုတ်ယူလိုက်သည်။ ထို့နောက် ၎င်းဆံခြည်မျှင်အား ဝမ်ချီ၏ လက်ကောက်ဝတ်၌ ရစ်ပတ်လိုက်ကာ တစ်ဖက်လူ၏ လက်ကို ရင်ဘတ်ပေါ်သို့ တင်ပေးလိုက်၏။
ဤတစ်ကြိမ်၌ ဝမ်ချီ စိတ်သက်သာရာ ရသွားလေသည်။
ရှစ်ယဲ့က သူ့အား ခဏကြာအောင် ကြည့်နေပြီးနောက် ပြန်လှည့်လိုက်၏။
ကျောကျစ် သူ့နောက်မှ အမြန်လိုက်လာခဲ့သည်။
အပြင်ဘက်တွင် လေပြင်းများ တိုက်ခတ်နေ၏။ နွေရာသီဖြစ်သည့်အလျောက် သူတို့ အမြင့်၌ ရှိနေခြင်း ဖြစ်သည့်တိုင် လေများမှာ အေးစက်မနေခဲ့ချေ။
ကျောကျစ်က ခေါင်းငုံ့ကာ ပြောလိုက်သည်။
“အရှင့်သား… ခဏစောင့်ပါ … ဒီအစေခံက လျိုတဲကို ခေါ်လိုက်ပါ့မယ်…”
ရှစ်ယဲ့က ကျောကျစ်ပြောသည်ကို မကြားဟန်ဖြင့် အကွာအဝေးတစ်ခုသို့ ကြည့်နေ၏။ ရုတ်တရက် သူကမေးလိုက်သည်။
“မင်းအခု ရှင်းရှင်းလင်းလင်း မြင်လိုက်လား …”
ကျောကျစ်က ရှစ်ယဲ့အနောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့သူဖြစ်သည်။ သူမက ကြောင်အသွားသော်လည်း ဝမ်ချီ၏ အခြေအနေအား ရှစ်ယဲ့မေးနေခြင်းဖြစ်ကြောင်း အမြန်နားလည်လိုက်၏။
“ဒီအစေခံက သေသေချာချာမမြင်ခဲ့ပါဘူး … ဒါပေမယ့် တစ်ခုကိုတော့ သေချာတွေ့လိုက်ပါတယ် …”
ရှစ်ယဲ့က ဟမ့်ခနဲ့ အသံပြုလိုက်သည်။
ကျောကျစ်ကပြော၏။
“သခင်လေးဝမ်ရဲ့ အခြေအနေက မူမမှန်ပါဘူး … အရှင့်သားဆီက အမိန့်ကြောင့် ဒီအစေခံက လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ် … ပြီးတော့ ခပ်ဆင်ဆင်အရာတစ်ခုကိုလည်း တွေ့ခဲ့ရပါသေးတယ် …”
“ပြော …”
“မိဖုရားဟွား အသက်ရှိစဉ်တုန်းက မင်းကြီးက မိဖုရားဟွားအပေါ် အလွန့်အလွန် ချစ်မြတ်နိုးတာကို ဒီအစေခံ ကြားသိခဲ့ရပါတယ် … သူ မီးပင်လယ်ထဲမှာ သင်္ဂြိုဟ်ခံလိုက်ရတာတောင် မင်းကြီးက မှူးမတ်တွေရဲ့ ဖိအားကို ကြံ့ကြံ့ခံပြီးတော့ မိဖုရားရဲ့ ရာထူးနေရာကို လစ်လပ်ထားခဲ့တာပါ … ဒီနေ့အထိလည်း မင်းကြီးက မိဖုရားသစ် တင်မြှောက်ဖို့ ငြင်းဆန်ခဲ့တာပါ ... ဒါ့ကြောင့် ပြည်သူတွေနဲ့ ညီလာခံမှာ မရေမတွက်နိုင်တဲ့ အမြင်တွေ ထွက်ပေါ်လာခဲ့ပါတယ်… တချို့က ဟွားမိသားစုကို မင်းကြီးက ကြောက်နေတာလို့ ပြောကြပြီး တချို့ကတော့ မိဖုရားဟွားကို အရမ်းချစ်မြတ်နိုးတဲ့အတွက် ကိုယ်လုပ်တော်ရုန်ကိုတောင် နေရာမပေးနိုင်ခဲ့တာလို့ ပြောကြပါတယ် … တချို့ကတော့ တစ်မျိုးတွေးကြပါတယ် …”
ကျောကျစ်က စကားရပ်လိုက်သည်။
ရှစ်ယဲ့က သူမကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
“ဆက်ပြောပါ …”
ကျောကျစ်က အသံကိုနှိမ့်ကာ သတိကြီးစွာ ပြောလိုက်သည်။
“ဟွားမိသားစုဝင်တစ်ဦးဆီကနေ ဒီလို ကြားခဲ့ရပါတယ် … နွေရာသီတစ်ခုမှာ မင်းကြီးက မိဖုရားဟွားကို အမဲလိုက်ခရီးအတူထွက်ဖို့ ခေါ်သွားခဲ့ပါတယ် .. ဒါပေမယ့် မတော်တဆ မြင်းပေါ်က ပြုတ်ကျပြီး အတွင်းဒဏ်ကြောင့် သွေးအန်ခဲ့ရပါတယ် … မင်းကြီး သေအံ့မူးမူးဖြစ်နေတဲ့ အချိန်မှာ မိဖုရားဟွားက သူမရဲ့ လက်ကောက်ဝတ်ကို လှီးပြီး မင်းကြီးကို ကယ်တင်ချင်ခဲ့ပါတယ် … ဒါပေမယ့် မင်းကြီးက အမွှေးတိုင်တစ်ထောက်စာအတွင်းမှာ သူ့ဟာသူ လဲကျနေရာက ပြန်ထလာခဲ့တဲ့အတွက် မိဖုရားဟွားတောင် အံ့အားသင့်သွားခဲ့ရပါတယ်တဲ့ …”
ရှစ်ယဲ့ တိတ်ဆိတ်သွားသည်။
ကျောကျစ်က ရှစ်ယဲ့၏ အမူအရာကို အကဲခတ်ပြီးနောက် ထပ်ပြောလိုက်သည်။
“မင်းကြီးက အဲဒီအချိန်တုန်းက မင်းသားရာထူးပဲ ရှိသေးတာပါ … ပြီးတော့ မိဖုရားဟွားကလည်း မင်းကြီးရဲ့အနောက်ဆောင်က ကိုယ်လုပ်တော်တစ်ဦးအပြင် ဘာမှမဟုတ်သေးပါဘူး … အဲဒီအဖြစ်အပျက်ပြီးတဲ့နောက် မင်းကြီးက မိဖုရားဟွားကို မျက်နှာသာပေးလာတဲ့အပြင် သူ့အနီးကလူတွေရဲ့ အမြင်ကို လျစ်လျူရှုပြီး တရားဝင်ဇနီးအဖြစ် ချီးမြှောက်ခဲ့တာပါတဲ့ … မင်းကြီးက ညီလာခံထဲက လူတွေအများကြီးကိုတောင် မရိုမသေပြုမူခဲ့ပါတယ် …”
“မင်းပြောချင်တာက …”
ရှစ်ယဲ့၏ အမူအရာမှာ မူမမှန်ဖြစ်နေပြီး အေးစက်စက် မျက်ဝန်းများဖြင့် ကျောကျစ်အားကြည့်လိုက်၏။
“ဟွားရန်ရုန်က သူမရဲ့သွေးကြောင့် ပလ္လင်ပေါ်မှာ ထိုင်ခွင့်ရခဲ့တာပေါ့ …”
ကျောကျစ်က ခေါင်းကို ပိုငုံ့လိုက်သည်။
“ဒါက ဒီအစေခံရဲ့ အကြမ်းဖျဉ်းခန့်မှန်းချက်တစ်ခုပါပဲ…”
ရှစ်ယဲ့က ရယ်မောလိုက်သည်။
“ငါငယ်ငယ်ကတည်းက ဟွားမိသားစုရဲ့ သွေးက ငရဲတံခါးဝရောက်နေတဲ့ လူကိုတောင် အသက်ပြန်ရှင်လာစေတယ်လို့ သိခဲ့ရတယ် … ဒါပေမယ့် လူတွေရဲ့ နှလုံးသားကို ရှုပ်ထွေးစေလိမ့်မယ်လို့တော့ မကြားဖူးပါဘူး …”
ကျောကျစ်က ပြော၏။
“သိသင့်သလောက် သိထားတဲ့ လူတွေ ပြောစကားအရ ဟွားမိသားစုဝင်ရဲ့ သွေးက အားလုံးကိုကုသပေးနိုင်ပေမယ့် သူတို့ကိုယ်သူတို့တော့ ကုသလို့မရပါဘူး … ဒါပေမယ့် အရှင့်သားနဲ့မိဖုရားဟွားရဲ့ အဖြစ်က မတော်တဆအဖြစ်အပျက် ပါပဲ… ဟွားမိသားစု တစ်ခုလုံးမှာ အရှင့်သားနဲ့ မိဖုရားဟွားကပဲ ကိုယ့်ကိုယ်ကိုယ် ကုသနိုင်တာ… အားလုံးက ကောင်းကင်ဘုံရဲ့ ကောင်းချီးတွေပါပဲ…”
“ပန်ကုန်းနဲ့ ဟွားရန်ရုန်တင် မဟုတ်လောက်ပါဘူး …”
ရှစ်ယဲ့က ကျောကျစ်ထံမှ အကြည့်ရုတ်သိမ်းကာ အကွာအဝေးတစ်ခုရှိ အမှောင်ထုအား ကြည့်လိုက်သည်။
“ဟွားမိသားစုက အရမ်းကြီးပြီးတော့ လူတွေ အများကြီးရှိတယ် … ပန်ကုန်းလို ပုန်းကွယ်နေတဲ့ တစ်ယောက်နှစ်ယောက် ရှိဦးမှာပဲ …”
သူက မေးလိုက်သည်။
“ဟွားရန်ရုန်ရဲ့ သွေးကိုသောက်ပြီးတော့ မင်းကြီးက မသက်မသာ ခံစားရတာမျိုးရှိလား …”
ကျောကျစ် ခဏတွေးလိုက်၏။
“ပြုစားခံရသလိုမျိုး မိဖုရားဟွားကို နှစ်သက်တာကလွဲလို့ မူမမှန်တာ မရှိပါဘူး …”
“နှစ်သက်တာတဲ့လား …”
ရှစ်ယဲ့က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
“ဟွားရန်ရုန် သေဆုံးသွားတဲ့နောက် မင်းကြီးက တစ်နှစ်ပဲ ဝမ်းနည်းချင်ယောင်ဆောင်ခဲ့တာပါ … နောက်တော့ ရှစ်ကျင်းရဲ့အမေကို ကိုယ်လုပ်တော်ရုန်ဆိုပြီး ရာထူးအပ်နှင်းပေးခဲ့တယ်မလား… အရမ်းဈေးပေါတဲ့ နှစ်သက်မှုပဲ …”
ကျောကျစ်က ရုတ်တရက် တစ်စုံတစ်ရာအား တွေးမိသွား၏။
“စကားမစပ် … အရှင့်သား … ဒီအစေခံ ကြားဖူးတာတော့ အရှင့်သားရဲ့ ဦးလေးကိုလည်း မိဖုရားဟွားက သူမရဲ့သွေးကိုသုံးပြီး ကယ်တင်ခဲ့ဖူးပါတယ်တဲ့ … ဒီသွေးက ဘာလို့ မင်းကြီးအပေါ်ပဲ အလုပ်ဖြစ်တာများလဲ …”
ရှစ်ယဲ့ တိတ်ဆိတ်သွားသည်။
ကျောကျစ်က ရှစ်ယဲ့ထံမှ အချိန်အတော်ကြာသည်အထိ မည်သည့်အဖြေမှ မကြားခဲ့ရချေ။ သူမက ခေါင်းမော့ကာ ရှစ်ယဲ့အား တည်ငြိမ်စွာ ကြည့်လိုက်၏။ ရှစ်ယဲ့၏ မျက်နှာဖုံးက လရောင်ဖြင့် ရောင်ပြန်ဟပ်နေ၏။ အခြားမျက်နှာတစ်ဖက်ကမူ အလွန်တရာ အေးစက်နေလေသည်။
ရှစ်ယဲ့က မှတ်ဉာဏ်ဆိုးများကို သတိရသွားဟန်ဖြင့် မျက်ဝန်းတွင်း၌ လူသတ်ငွေ့များ ထင်ဟပ်လာသည်။
ကျောကျစ်က ရှစ်ယဲ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့သည့်တိုင် လက်ရှိအချိန်တွင် ရှစ်ယဲ့၏ မျက်ဝန်းအတွင်းမှ အေးစက်မှုကြောင့် ထိတ်လန့်သွားရ၏။ သူမက ခေါင်းအမြန်ငုံ့လိုက်သည်။
ခဏအကြာတွင် ရှစ်ယဲ့က အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
“အမြွှာတွေဆိုတာ ခွဲလို့မရဘူးလေ … သွေးက ဟွားယန်းရန်အပေါ်မှာ သက်ရောက်မှု ရှိနိုင်ပါ့မလား …”
ကျောကျစ်က တစ်စုံတစ်ခုအား ခန့်မှန်းမိသွားကာ မျက်နှာတစ်ခုလုံး ဖြူလျော်လာ၏။ သူမက အသက်ပင် အောင့်လိုက်မိသည်။
ရှစ်ယဲ့က ပြော၏။
“လျိုတဲကိုခေါ်လိုက် …”
ကျောကျစ်က မှန်လှပါဟု ပြောကြားကာ အမှောင်ထဲသို့ ဉာဉ့်ငှက်တစ်ကောင်သဖွယ် ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။
-----
ဝမ်ချီ မျက်လုံးဖွင့်လိုက်သည်နှင့် မရင်းနှီးသော အိပ်ရာနှင့် ကန့်လန့်ကာစများကို တွေ့လိုက်ရသည်။
သူက ကြောင်အသွားကာ စိမ်းသက်နေသည့် အခန်းနှင့် ပရိဘောဂများကို ထပ်မံ ကြည့်လိုက်သည်။ စားပွဲတွင် ထိုင်နေသူကမူ သူစိမ်းမဟုတ်ပေ။ ရှစ်ယဲ့သာ ဖြစ်၏။
ဝမ်ချီက သူ အမြင်မှားသည်ဟု ထင်ကာ မျက်လုံးများကို ပွတ်သပ်လိုက်သည်။
သူစိမ်းမဟုတ်သည့် ရှစ်ယဲ့က သူ့ဘက်သို့ပင် လှည့်လာ၏။ ဝမ်ချီကမူ မျက်လုံးများကို အူတူတူဖြင့် ပွတ်သပ်လျက်ရှိသည်။
ထို့နောက် ရှစ်ယဲ့က ပြော၏။
“မျက်လုံးထဲ သဲဝင်နေလို့လား …”
ဝမ်ချီ ခေါင်းယမ်းလိုက်သည်။
“ကျွန်တော် ထင်ယောင်ထင်မှား ဖြစ်နေတာထင်တယ် …”
ရှစ်ယဲ့က လက်တွင်းရှိ စာကိုချကာ အိပ်ရာထံသို့ လျှောက်လာပြီး ဝမ်ချီ၏ နံဘေးတွင် ထိုင်လိုက်၏။ သူက မျက်နှာဖုံး ဝတ်မထားချေ။ သူ၏ ဖန်သဖွယ် လှပသော မျက်ဝန်းများဖြင့် ဝမ်ချီအား စိုက်ကြည့်လာ၏။
“ဘယ်လိုထင်ယောင်ထင်မှား ဖြစ်တာလဲ …”
ဝမ်ချီက ပြောလိုက်သည်။
“ကျွန်တော် အရှင့်သားကို တွေ့နေရတယ်…”
ဝမ်ချီမှာ နိုးကာစ ဖြစ်သည့်အလျောက် သူ့မျက်ဝန်းများက ဗလာဖြစ်နေ၏။ သူ၏ ဖြူဖွေးသော အသားအရည်နှင့် တုံးအအပုံစံလေး ပေါင်းစပ်လိုက်သည့်အခါ ယုန်ကလေးတစ်ကောင်နှင့် တူနေသည်။ အညိုဖျော့ဖျော့ မျက်ဝန်းအိမ်များကမူ ဟိုဟိုသည်သည် လျှောက်ကြည့်နေ၏။
ရှစ်ယဲ့က သည်းခံပြီးရင်း သည်းခံသော်လည်း နောက်ဆုံးတွင် စိတ်မထိန်းနိုင်တော့ချေ။ သူက ဝမ်ချီ၏ ဦးခေါင်းကို ခပ်ဖွဖွ ပွတ်လိုက်၏။
သူက စိတ်ကောင်းဝင်လာကာ ညှင်ညှင်သာသာ မေးလိုက်သည်။
“မင်း အမြင်မှားနေတာ မဟုတ်ပါဘူး …”
ဝမ်ချီက ခေါင်းလေးစောင်းလိုက်ပြီး ရှစ်ယဲ့၏ နှုတ်ခမ်းထောင့်ရှိ ခပ်တိမ်တိမ် စက်ဝိုင်းခြမ်းလေးကို တစ်ချက်ကြည့်လိုက်သည်။ ဤရှစ်ယဲ့က သူ စိတ်ကူးယဉ်နေမိခြင်းသာ ဖြစ်ရလိမ့်မည်ဟု ပို၍ ခံစားမိလာ၏။
ရှစ်ယဲ့က ဝမ်ချီ၏ နှုတ်ခမ်းများကို စိုက်ကြည့်ရင်း အရှေ့သို့ တိုးလာသည်။ ထို့နောက် အဆိုပါ နှုတ်ခမ်းများအား သူ၏ အေးစက်စက်နှုတ်ခမ်းများနှင့် ဖျတ်ခနဲ ထိလိုက်၏။
“အခုရော ထင်ယောင်ထင်မှား ဖြစ်နေတယ်လို့ ထင်တုန်းလား ….”
ဝမ်ချီ ထိတ်လန့်သွားသည်။ ရှစ်ယဲ့အစစ်က သူ့အား ညှင်ညှင်သာသာ နမ်းရှိုက်မည် မဟုတ်ပေ။
ဟုတ်တယ် … ငါ မြင်ချင်တာ လျှောက်မြင်နေတာပဲ …
အား ….
ငါ တကယ်ကြီး ရှစ်ယဲ့ကို ဒီလိုပုံစံမျိုးနဲ့ စိတ်ကူးယဉ်ဝံ့တယ်ပေါ့လေ … ရှစ်ယဲ့ရဲ့ တစ်မူထူးတဲ့ စိတ်အခြေအနေကြောင့် မှိုင်းမိသွားခဲ့တာ ဖြစ်ရမယ် …
ဝမ်ချီ ကြောင်အလျက်ရှိသည်။ သူ၏ အတွေးများက သူ့မျက်နှာထက်တွင် ထင်ဟပ်နေပြီး ရှစ်ယဲ့သည်လည်း အားလုံးကို တွေ့နေရ၏။
ရှစ်ယဲ့၏ နှုတ်ခမ်းထောင့်ရှိ အကွေးလေးများက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ သူက ဝမ်ချီ၏ ဦးခေါင်းပေါ် တင်ထားသော လက်ကိုရုတ်ကာ မတ်တပ်ရပ်လိုက်ပြီးနောက် အေးစက်စက် ပြောလိုက်သည်။
“ထပြီး ဆေးကြောတော့ … မင်းပါးစပ်က နံတယ် …”
ဝမ်ချီ “…”
သူက ရုတ်တရက် တစ်စုံတစ်ခုအား နားလည်သွားကာ အိပ်ရာထက်မှထရန် ကြိုးစားလိုက်သော်လည်း ကြမ်းပေါ်သို့သာ လိမ့်ကျသွား၏။ ကံကောင်းစွာဖြင့် ကြမ်းပြင်တစ်ခုလုံး ထူထဲသော ကော်ဇောဖြင့် ဖုံးအုပ်ထားသည်ဖြစ်ရာ နာကျင်မှုကို မခံစားခဲ့ရပေ။ သို့ရာတွင် သူက များများစားစား ဂရုမစိုက်နိုင်ဘဲ ခေါင်းမော့ကြည့်ကာ အံ့အားတသင့် မေးလိုက်၏။
“အရှင့်သား … ဒီမှာ ဘာလုပ်နေတာလဲ …”
ရှစ်ယဲ့က ဆောင့်ကြောင့်ထိုင်ချကာ ကော်ဇောပေါ်တွင် လဲကျနေသည့် ဝမ်ချီအား ကြည့်လိုက်သည်။ သူက အပြုံးဖြင့် မေးလိုက်၏။
“ပြောတော့ ငါက ပုံရိပ်ယောင်ဆို …”
ဝမ်ချီက ရိုးသားစွာ ပြောလိုက်သည်။
“စိတ်ကူးထဲက အရှင့်သားက ကျွန်တော့် ခံတွင်းနံ့ကို စိတ်ရှိပါ့မလား …”
ရှစ်ယဲ့ “…”
💮💮💮