Chapter 76
Viewers 11k

💮Chapter 76


 

ဝမ်ချီက ရှည်ကြာသော အိပ်မက်တစ်ခု မက်ခဲ့သည်ဟု ခံစားလိုက်ရသည်။

 

သူက ပြန်ပေးဆွဲသူများ၏ ဖမ်းဆီးခြင်းကို ကြုံရလုဆဲဆဲဖြစ်ပြီးနောက် လွတ်မြောက်သွားခဲ့၏။ ထိုအချိန်မှာပင် ရှစ်ယဲ့အား တွေ့ခဲ့ရသည်။ နှင်းဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာဖုံးတပ်ထာသည့် ရှစ်ယဲ့က လရောင်အောက်၌ မသေမျိုးတစ်ဦး အသွင်ဆောင်နေ၏။ သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်တိုင်း ပြန်ပေးဆွဲသူများ၏ ဦးခေါင်းများကို ဖြတ်တောက်သွားခဲ့သည်။

 

ဒါပေမယ့် ရှစ်ယဲ့က မြို့တော်မှာ မဟုတ်ဘူးလား …

 

မြို့တော်မှ ကျင်းကျိုးသို့လာရောက်ရန် အချိန်သုံးရက်ကြာ၏။ ရှစ်ယဲ့က ဘီးတပ်ကုလားထိုင်နှင့် နေရသူဖြစ်ရာ ရုတ်တရက် ကျင်းကျိုးတွင် ပေါ်ထွက်လာပါက မယုံနိုင်ဖွယ် ဖြစ်သွားမည်ပင်။

 

သို့သော် ဝမ်ချီက မကြာမီ သူအိပ်မက်မက်နေခြင်း မဟုတ်ကြောင်း သတိရသွား၏။

 

ရှစ်ယဲ့ အစောပိုင်းက ပြုမူလိုက်သည့် အပြုအမူကို ပြန်တွေးရင်း ဝမ်ချီ၏ ပါးပြင်နှစ်ဖက် ပူပြင်းလာသလို ခံစားလိုက်ရသည်။ သူက မသိစိတ်ဖြင့် ပါးစပ်ကို အုပ်လိုက်ကာ လက်ချောင်းများအကြားမှ ဗလုံးဗထွေး ပြောလိုက်တော့သည်။

“ကျွန်တော် သွားပြီးဆေးကြောလိုက်ပါဦးမယ် …”

 

ဝမ်ချီက ကြမ်းပေါ်မှ အမြန်ထကာ သုတ်ခြေတင်တော့သည်။ သူက ရှက်လွန်း၍ နေရာတစ်နေရာရှာကာ ပုန်းနေချင်တော့၏။

 

ရှစ်ယဲ့က ပြောသည်။

“နေဦး …”

 

ဝမ်ချီ ချက်ချင်း ရပ်သွား၏။

 

သူ၏ အလိုအလျောက် တုံ့ပြန်မှုက ရှစ်ယဲ့အား ခပ်ဖွဖွ ရယ်မောစေခဲ့သည်။ သို့သော် ရယ်မောသံက တစ်ခဏတွင်းချင်း ပျောက်ကွယ်သွားကာ ရှစ်ယဲ့၏ အေးစက်စက် အသံသာ ထွက်ပေါ်လာ၏။

“ဒီကိုလာ …”

 

ဝမ်ချီ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူက ရှစ်ယဲ့ထံသို့ အမြန်လှည့်လာပြီး ခေါင်းငုံ့ကာ နာနာခံခံ ခေါ်လိုက်သည်။

“အိမ်ရှေ့စံမင်းသား …”

 

ရှစ်ယဲ့က ဝမ်ချီထက်ပို၍ အရပ်ရှည်၏။ ယခုအခါ ဝမ်ချီက ခါးကုန်းထားပြီး သစ်ကုလားအုတ်တစ်ကောင်ကဲ့သို့ မြေကြီးထဲသို့သာ ဦးခေါင်းကို မြှုပ်နေချင်သည့်ပုံ ပေါ်နေသည်။ ထို့ကြောင့် ရှစ်ယဲ့ ငုံ့ကြည့်လိုက်ချိန်၌ ဝမ်ချီ၏ ဆံပင်များကိုသာ တွေ့နေရသည်။ ထိုဆံစများက အလင်းရောင်အောက်ဝယ် အလွန်နူးညံ့ပုံပေါ်နေ၏။

 

သူက လက်ကိုဆန့်ကာ ဝမ်ချီ၏ ဆံစများကို ထိတွေ့ချင်ခဲ့သည်။ သို့သော် တစ်ဖက်လူ ရှောင်လိုက်မည်ကို စိုးသဖြင့် သူ့လက်က လေထဲ၌သာ ရပ်တန့်နေခဲ့၏။

 

ခဏအကြာ၌ သူက လက်ပြန်ရုတ်လိုက်သည်။

 

“မနေ့ညက အရမ်းတက်ကြွနေတာ မင်းပဲမဟုတ်လား …” 

ရှစ်ယဲ့ စကားရပ်ကာ တုန်လာသည့် ဝမ်ချီအား ကြည့်လိုက်သည်။

“ဘာလို့လဲ … အခုကျ ကြောက်နေတာလား …”

 

ဝမ်ချီ “…”

 

လွန်ခဲ့သောညရှိ မှတ်ဉာဏ်များက သူ့စိတ်ထဲတွင် ဝိုးတဝါး ထင်ဟပ်လာသည်။ ရှစ်ယဲ့ သူ့အား ကယ်တင်ခဲ့ပြီး ပွေ့ချီကာ ထပ်ခိုးပေါ်သို့ ပျံသန်းလာခဲ့ခြင်းကိုသာ သူမှတ်မိသည်။ ရှစ်ယဲ့၏ ခန္ဓာကိုယ်က အလွန်ရနံ့သင်းပြီး သူ၏ ဆံပင်များသည်လည်း ရနံ့သင်း၏။ သူ၏ အရေပြားသည်ပင် မွှေးပျံ့နေခဲ့သည်။

 

ရှစ်ယဲ့ကဲ့သို့ ပေါင်ဒါမကြိုက်သူက အဘယ့်ကြောင့် ဤမျှ ကောင်းမွန်သည့်ရနံ့ ရှိနေကြောင်း ဝမ်ချီ မသိချေ။

 

ဝမ်ချီက တွေးလေလေ၊ လမ်းပျောက်လာလေလေပင်။ သူက အတွေးများကို ပြန်ရုတ်သိမ်းကာ အမှားဝန်ခံလိုက်သည်။

“ကျွန်တော်တောင်းပန်ပါတယ် … ကျွန်တော် မှားသွားပါတယ် …”

 

ရှစ်ယဲ့က ခါးညွှတ်ကာ ဝမ်ချီ၏ မျက်ဝန်းများအား သူ၏ မျက်ဝန်းနက်များဖြင့် တွေ့ဆုံစေလိုက်၏။

 

ရုတ်တရက်ဆန်လှသော နီးကပ်မှုက ဝမ်ချီအား မသက်မသာ ဖြစ်စေသည်။ သို့သော် သူက အထိတ်တလန့် ထွက်ပြေးရမည့်အစား ရှစ်ယဲ့၏ မျက်ဝန်းနက်များကိုသာ ဂရုတစိုက် ကြည့်လိုက်၏။

 

ရှစ်ယဲ့က ဝမ်ချီ၏ ပြောင်းလဲမှုကို သတိပြုမိသွားကာ သူ့မျက်ဝန်းထဲရှိ အေးစက်မှုများ အနည်းငယ် လွင့်ပျယ်သွားသည်။ သူက ပါးစပ်ဟကာ မေးလိုက်၏။

“မင်း ဘာအမှားလုပ်ခဲ့လဲ …”

 

ဝမ်ချီက ကျောင်းအုပ်ကြီးအရှေ့တွင် အပြစ်ပေးခံရသည့် မူလတန်းကျောင်းသားတစ်ဦးနှင့် တူနေ၏။ သူက လက်ချောင်းထိပ်ကလေးများဖြင့် အင်္ကျီလက်စကို ဆုပ်ကိုင်ကာ မပီမသရေရွတ်လိုက်သည်။

“ကျွန်တော် သတိလက်လွတ်နဲ့ အိမ်ရှေ့စံရဲ့ နာမည်ရင်းကို ခေါ်ခဲ့မိပါတယ် …”

 

ဝမ်ချီက သူ့ကိုယ်သူ ကာကွယ်ရန် သတိလက်လွတ် ဟူသည့် စကားကို ဖိပြောခဲ့သည်။ သူက ပြောပြီးသည်နှင့် မလုံလောက်သေးဟု ယူဆကာ ထပ်ပေါင်းပြောလိုက်၏။

“မသိဘဲ လုပ်မိတဲ့လူတွေက အပြစ်ရှိစိတ်ခံစားဖို့ မလိုဘူးဆိုပေမယ့် ကျွန်တော်က အိပ်မက်နဲ့ လက်တွေ့မကွဲခဲ့ဘဲ အဲဒီစကားလုံးတွေကို ပြောခဲ့မိတာကြောင့်မလို့ ကျွန်တော့်အမှားကို သုံးသပ်နေသင့်ပါတယ် …”

 

ရှစ်ယဲ့က ဝမ်ချီအား ပြုံးကာ ကြည့်လိုက်၏။

 

ဝမ်ချီ လည်ပင်းလေးကို ကျုံ့လိုက်သည်။ ရှစ်ယဲ့ သူ့အတွေးများကို ဖောက်ထွင်းမြင်ရသည်ဟူ၍ သူအမြဲခံစားရလေ့ရှိ၏။

 

“ဟုတ်တယ် … ကြည့်ရတာ မင်းက ပန်ကုန်းကို ထားခဲ့ပြီးတဲ့နောက် စကားပြော ပိုကောင်းလာတာပဲ … ပြီးတော့ရော …”

 

ဝမ်ချီ ကြောင်အသွား၏။

 

ရှစ်ယဲ့က မေးလိုက်သည်။

“နောက်ထပ် အမှားကရော …”


ဝမ်ချီက ရှစ်ယဲ့၏ ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေသော နှုတ်ခမ်းတစ်စုံအား ငေးကြည့်နေမိသည်။ သူတို့နှစ်ဦးမှာ အလွန်နီးကပ်နေသည့် အလျောက် ရှစ်ယဲ့၏ လိပ်ပြာတောင်ပံခတ်သည့်နှယ် ထင်ရသည့် မျက်တောင်ဖျားများကိုပင် သူတွေ့နေရသည်။ ရှစ်ယဲ့၏ ရနံ့ဖျော့ဖျော့သည်လည်း သူ့အား ရှက်သွေးဖြာလာစေ၏။ သူ့နှလုံးသားက ဗလာဖြစ်သွားကာ ရှစ်ယဲ့၏ နှုတ်ခမ်းပါးတစ်စုံအား စိုက်ကြည့်ရင်း ပြောလိုက်သည်။

“ကျွန်တော် ခံတွင်းအနံ့ဆိုး မရှိခဲ့သင့်ပါဘူး …”

 

ရှစ်ယဲ့ “…”

 

ထိုစကားများပြောပြီးသည့်နောက် ရှစ်ယဲ့၏ မျက်နှာထက်ဝယ် စိတ်ပျက်ခြင်း အရိပ်အယောင်အချို့ ဖြတ်ပြေးသွား၏။ သူက ကိုယ်ကိုမတ်ကာ  ခြေနှစ်လှမ်း ဆုတ်လိုက်ပြီး သူတို့နှစ်ဦး၏ အကွာအဝေးကို ဝေးကွာစေလိုက်သည်။

 

“ကျောကျစ် …”

 

တံခါးတွင် စောင့်နေသည့် ကျောကျစ်က တံခါးဖွင့်ကာ ဝင်လာခဲ့သည်။

“အရှင့်သား …”

 

“အဝတ်အစားနဲ့ ချိုးရေပြင်ထား ….”

 

“မှန်လှပါ …”

 

ရှစ်ယဲ့က ဝမ်ချီအား ထပ်၍ပင် မကြည့်တော့ဘဲ အင်္ကျီလက်ကို ခါယမ်းကာ အခန်းအပြင်ဘက်သို့ လျှောက်သွားလေသည်။

 

ဝမ်ချီသာလျှင် ရှက်ရှက်နှင့် တစ်ဦးထဲ ရပ်ကျန်ခဲ့မိ၏။ သူက ကျောကျစ်နှင့် အကြည့်ချင်းဆုံသွားချိန်၌ ပြုံးကာ ပြောမိလိုက်သည်။

“စိတ်မရှိပါနဲ့ …”

 

…..

 

ဝမ်ချီ ဆေးကြော၍ မနက်စာစားခြင်းတို့က နာရီဝက်ခန့် ကြာမြင့်သွားခဲ့သည်။

 

သူက ကျောကျစ်အနောက်မှလိုက်၍ အပေါ်ထပ်မှ ဆင်းလာခဲ့၏။ ထို့နောက် ခြံဝန်းအပြင်ဘက်သို့ လျှောက်လာလိုက်သည်။ ဝင်ပေါက်အပြင်ဘက်၌ ရထားလုံးတစ်လုံး ရပ်ထားသည်ကို ဝမ်ချီ တွေ့လိုက်ရ၏။

 

ရထားလုံးအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် သူ့အား စောင့်နေပုံရသော ရှစ်ယဲ့ကို တွေ့လိုက်ရသည်။

 

ဝမ်ချီက ရှစ်ယဲ့နှင့် မျက်နှာချင်းဆိုင်၌ မဝံ့မရဲ ထိုင်ချလိုက်သည်။ ရထားလုံး ရွေ့လျားလာသည်ကို ခံစားလိုက်ရသည့်နောက် ဝမ်ချီက တရေးတမော အိပ်ရန် မျက်လုံးများ မှိတ်ထားသည့် ရှစ်ယဲ့အား ကြည့်လိုက်မိ၏။

“အရှင့်သား… ကျွန်တော်တို့ ဘယ်ကိုသွားကြမှာလဲ …”

 

ရှစ်ယဲ့က မျက်လုံးမှိတ်လျက်သားဖြင့် ပြန်ဖြေလိုက်သည်။ 

“အမှိုက်ရှင်းဖို့ …”

 

ဝမ်ချီက အိုး ဟု အသံပြုလိုက်၏။

 

ထို့နောက် သူ့မျက်ဝန်းများက ရှစ်ယဲ့၏ ပေါင်ပေါ်သို့ အကြိမ်အနည်းငယ်ခန့် ရောက်ရှိသွားသည်။ သူက စိတ်မထိန်းနိုင်ဘဲ မေးလိုက်၏။

“အရှင့်သား … ဘီးတပ်ကုလားထိုင် မသုံးဘူးလား …”

 

ရှစ်ယဲ့က ပြောသည်။

“မယူခဲ့ဘူး …”

 

ဝမ်ချီ မျက်မှောင်ကြုတ်ကာ တွန့်ဆုတ်စွာ ပြောလိုက်၏။ 

“ဒါပေမယ့် အရှင့်သားသာ ဒီလိုအပြင်ထွက်လိုက်ရင် အဲဒီ့လူတွေက အရှင့်သား ခြေထောက်တွေ ပြန်ကောင်းနေပြီမှန်း သိသွားမှာမလား …”

 

ရှစ်ယဲ့က မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူ့မျက်ဝန်းများက အလွန်တရာလှပပြီး အနည်းငယ် ကျယ်သည့် မျက်ဝန်းအိမ်များနှင့် အပေါ်သို့ မြင့်တက်နေသည့် မျက်ခမ်းများရှိ၏။ သူ့မျက်ဝန်းများကမူ ကမ္ဘာပေါ်ရှိ မည်သည့်အရာမှ သူ့အား မယိမ်းယိုင်စေသည့်အလား အေးစက်နေသည်။

 

သူ့မျက်နှာတစ်ခြမ်းတွင် မီးလောင်ရာများ ရှိနေသည်မှာ နှမြောစရာပင်။

 

ရှစ်ယဲ့သာ လွန်ခဲ့သော ငါးနှစ်ခြောက်နှစ်အကြာက အဖြစ်အပျက်မျိုး မတွေ့ကြုံခဲ့ရလျှင် ရှစ်ကျင်းက အခံ့ညားဆုံးအမျိုးသားဟူသည့် ဘွဲ့ထူးကို ရတော့မည်မဟုတ်ပေ။

 

ဝမ်ချီက နှမြောလာ၏။ ထိုအချိန်မှာပင် ရှစ်ယဲ့၏ အသံကို ကြားလိုက်ရသည်။

“ပန်ကုန်းကို ဒီမှာပဲ တစ်ချိန်လုံး ထိုင်နေစေချင်တာလား…”

 

ဝမ်ချီ ကြောင်အသွားကာ ခေါင်းယမ်းလိုက်၏။ 

“အရှင့်သား ဘာကိုပဲလုပ်လုပ် အကြောင်းပြချက် ရှိတယ်လို့ ကျွန်တော် တွေးနေတာပါ … အရှင့်သားက ဒီလောက်အကြာကြီး အမှန်တရားကို ဖုံးကွယ်ထားရာကနေ ရုတ်တရက် အားလုံးသိသွားရင် အရှင့်သား အားစိုက်ခဲ့သမျှက သဲထဲရေသွန် ဖြစ်မသွားဘူးလား …”

 

ဝမ်ချီက ပြောရင်း သူ့စိတ်ထဲတွင် ညီလာခံစစ်ပွဲဒရာမာ တစ်ပုဒ်ကို ဖန်တီးလိုက်၏။ မိခင်၏ ထောက်ပံ့မှုမရှိသော အထီးကျန် အိမ်ရှေ့မင်းသားက မျက်နှာသာပေးခံရသော မင်းကြီး၏ စာနာစိတ်အတွက် ကိုယ်လုပ်တော်ရုန်နှင့် အထင်ရှားဆုံး စတုတ္ထမင်းသားတို့အား ယှဉ်ပြိုင်ရန် မသန်စွမ်းတစ်ဦးအဖြစ် ဟန်ဆောင်ခဲ့ရသည်။

 

ဒီလို ဟန်ဆောင်မှုက ငါးနှစ်ခြောက်နှစ်ကြာသွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ … သူက မတ်တပ်ရပ်ချင်ခဲ့ပေမယ့် အားနည်းတဲ့ မသန်စွမ်းအိမ်ရှေ့စံဆိုတဲ့ ဇာတ်ရုပ်ကို ဆက်ကပြနေရတယ်လေ …

 

မဟုတ်သေးပါဘူး …

 

ဒီခွေးမင်းသားက မိန်းကလေးတစ်ယောက်ကို လက်တစ်ဖက်နဲ့ အသေသတ်လိုက်တာလေ … ဘယ်နေရာများ အားနည်းနေလို့လဲ …

 

ဒီလိုဆိုမှတော့ သန်မာရဲ့သားနဲ့ မသန်စွမ်းမင်းသားအဖြစ် ဆက်ဟန်ဆောင်နေတာက …

 

သူ စိတ်ကူးယဉ်နေရင်း “သန်မာသည်” ဟူသည့် စကားလုံးကြောင့် ဝမ်ချီ ရယ်ချင်လာ၏။ သူက ဤတစ်ကြိမ်၌မူ ရယ်ချင်စိတ်ကို ထိန်းနိုင်ခဲ့သည်။ သို့သော် သူ့နှုတ်ခမ်းထောင့်များကမူ လှုပ်စိစိ ဖြစ်နေ၏။

 

ရှစ်ယဲ့က ဝမ်ချီ၏ အမူအရာကို ထူးမခြားနားဟန်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။

“ပန်ကုန်း အဲဒီကုလားထိုင်ပေါ်မှာ ထိုင်နေရတဲ့ အကြောင်းရင်းက မင်းထင်သလို မဟုတ်ဘူး …”

 

ဝမ်ချီက ဇဝေဇဝါဖြစ်သွား၏။

“ဒါဆို အရှင့်သား ဘာလို့ …”

 

ရှစ်ယဲ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ 

“လမ်းလျှောက်ရမှာ ပျင်းလို့ …”

 

ဝမ်ချီ “…”

 

ဒီခွေးမင်းသားက ခွေးဖြစ်ရုံတင်မဟုတ်ဘူး … အတွေးကလည်း သူများနဲ့မတူဘူးဟ …


ကောင်းပြီလေ … ငါ မနာလိုဖြစ်ပြီး အားကျမိတာတော့ ဝန်ခံပါတယ် …

 

ထိုသို့ တွေးလိုက်မိချိန်၌ ဝမ်ချီ၏ နှလုံးသားမှ မျက်ရည်များ စီးကျလာသည်။

 

မုန်းလိုက်တာနော် …

 

ဘာလို့ ရှစ်ယဲ့အဖြစ်နဲ့ဖြစ်ဖြစ် ရှစ်ကျင်းအဖြစ်နဲ့ ဖြစ်ဖြစ် ဝိဉာဉ်မကူးပြောင်းရတာလဲ … မင်းကြီးဆိုရင်တောင် အဆင်ပြေနေဦးမှာ …

 

ရထားလုံး ရပ်သွားသည့်နောက် ရှစ်ယဲ့က ဘီးတပ်ကုလားထိုင်အား မယူဘဲ အပြင်သို့ ထွက်လိုက်၏။

 

ဝမ်ချီက သူ့အနောက်မှ အမြန်လိုက်လာသည်။

 

ဤတစ်ကြိမ်၌ ဝမ်ချီက ခေါင်းစွပ်ဖြင့် ကာထားခြင်း မခံခဲ့ရချေ။ ထို့ကြောင့် သူက လက်ရှိနေရာအား ရှင်းရှင်းလင်းလင်း တွေ့လိုက်ရ၏။ ဤနေရာက ကျင်းကျိုး၏ အစွန်အဖျားဒေသ ဖြစ်ပေလိမ့်မည်။ ပတ်ဝန်းကျင်မှာ ယိုယွင်းနေပြီး သူဆင်းရဲများ ဆောက်ထားသည်ဟု ထင်ရသော တဲများနှင့် လယ်ကွင်းအပျက်အစီးများ ရှိနေ၏။

 

သူ့အရှေ့ရှိ အိမ်တစ်လုံးထဲသာ ကောင်းကောင်းမွန်မွန် ဆောက်လုပ်ထားခြင်းဖြစ်၏။

 

မည်သို့ပင်ဖြစ်စေ၊ ဤအိမ်က ပြန်ပေးဆွဲသမားများ၏ ပစ်မှတ်ထားခံခဲ့ရန်တူ၏။ ခြံဝန်းထဲတွင် အမျိုးသမီးနှင့် ကလေးအဝတ်များ လှမ်းထား၏။ ထို့အတူ မြေပေါ်တွင်လည်း မရှင်းလင်းရသေးသည့် ကြက်နှင့်ဘဲများ၏ မစင်များ ရှိနေလေသည်။

 

ဝမ်ချီ မနှစ်မြို့စရာအနံ့အား ရလိုက်သည်မှာ အံ့အားသင့်စရာ မရှိတော့။

 

ထိုအနံ့က ဝမ်ချီ၏ အနံ့ခံအာရုံကို အဆိပ်သင့်စေလျက်ရှိ၏။ ကျောကျစ်ပင်လျှင် ခြံထဲသို့ ဝင်လိုက်သည်နှင့် မျက်မှောင်ကြုတ်သွားခဲ့သည်။

 

ရှစ်ယဲ့တစ်ဦးထဲသာ ခံစားချက် ကင်းမဲ့စွာဖြင့် ခြံထဲသို့ လျှောက်သွားခဲ့၏။

 

ဝမ်ချီက ရှစ်ယဲ့အနောက်မှ လိုက်ပါလာကာ တစ်ဖက်လူ၏ ဆံနွယ်မှ ရနံ့ဖျော့ဖျော့ကို ရှူရှိုက်လိုက်သည်။ သူက ထိုရနံ့အား အသက်ကယ်သည့် ကောက်ရိုးမျှင်ကဲ့သို့ ယူဆကာ အမြန်ရှေ့တိုးလိုက်၏။

 

မွှေးလိုက်တာ …

 

ထို့နောက် သူက ရှေ့တိုးလိုက်ပြန်သည်။

 

တကယ်မွှေးတယ် …

 

ဝမ်ချီက သူအဘယ့်ကြောင့် ရှစ်ယဲ့၏ ရနံ့ကို ယခင်က သတိမပြုမိခဲ့ခြင်းဖြစ်ကြောင်း သိချင်လာမိသည်။

 

ဝမ်ချီ ရှေ့ထပ်တိုးတော့မည့်ဆဲဆဲမှာပင် ရှစ်ယဲ့က ရုတ်တရက် ရပ်လိုက်၏။

 

ဝမ်ချီက သတိလက်လွတ်ဖြင့် တစ်ဖက်လူအား တိုက်မိတော့သည်။

 

ရှစ်ယဲ့ လှည့်ကြည့်လိုက်ချိန်တွင် အပြစ်ရှိစိတ်ဖြင့် ခေါင်းငုံ့ထားသည့် ဝမ်ချီအား တွေ့လိုက်ရသည်။ သူက ပြော၏။ 

“ကောင်းကောင်း အနံ့ခံပြီးပြီလား …”

 

အဆုံးသတ်တွင် ဝမ်ချီက ရှစ်ယဲ့အား ကြောက်နေရဆဲဖြစ်သည်။ ထို့ကြောင့် သူက တွေးပင်မတွေးဘဲ ဖြေလိုက်၏။

“ဟင့်အင်း …”

 

ထို့နောက် သူ တိတ်ကျသွားခဲ့သည်။

 

သူ သူ့လျှာသူသာ ကိုက်ပစ်လိုက်ချင်မိ၏။

 

ရှစ်ယဲ့ သူ့ထံသို့ ခြေလှမ်းလှမ်းလိုက်သည့်အခါ ဝမ်ချီ တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။ သူက သူ့ကိုယ်သူ နောက်မဆုတ်မိအောင် မနည်း အားတင်းလိုက်ရ၏။ ထို့နောက် ရှစ်ယဲ့က သူ့လက်ကိုကိုင်လိုက်ကာ သူ့နှာခေါင်းနား၌ ထားလိုက်သည်။

 

မကြာမီမှာပင် ရနံ့ဖျော့ဖျော့က ဝမ်ချီ၏ နှာသီးဖျားသို့ ဝင်ရောက်လာ၏။

 

ဝမ်ချီ ငုံ့ကြည့်လိုက်ချိန်တွင် သူ၏ လက်ကောက်ဝတ်၌ ချည်ထားသည့် ဆံချည်မျှင်တစ်မျှင်ကို တွေ့လိုက်ရသည်။

 

ရှစ်ယဲ့က ပြော၏။

“ဒါကိုရှူ …”

 

ထိုအရာက ရှစ်ယဲ့၏ ဆံပင်ဖြစ်သည်။

 

သို့သော် ရှစ်ယဲ့၏ ဆံပင်က သူ့လက်ကောက်ဝတ်၌ မည်သို့မည်ပုံ ချည်နှောင်လျက်သား ဖြစ်နေကြောင်း ဝမ်ချီ မသိချေ။ သူ့၌ ယခုထက် အဆတစ်ရာ သတ္တိရှိသည့်တိုင် ရှစ်ယဲ့၏ ဆံပင်အား ထိရဲလိမ့်မည်မဟုတ်ပေ။

 

ဝမ်ချီက နှလုံးသားထဲရှိ သံသယများကို ဖိနှိပ်လိုက်သည်။ ထို့နောက် လက်ကောက်ဝတ်ရှိ ဆံခြည်မျှင်ကို ကြည့်ရင်း သူ့ပါးပြင်နှစ်ဖက်လုံး ပူနွေးလာ၏။

“ကျေးဇူးပါ … အရှင့်သား …”

 

“ကျေးဇူးတင်စရာမလိုဘူး …မလုံလောက်သေးရင် ပန်ကုန်းမှာ တခြားနည်းလမ်းရှိသေးတယ် …”

 ရှစ်ယဲ့က ပြောသည်။


ရှစ်ယဲ့က ထိုသို့ပြောပြိးသည့်နောက် ဝမ်ချီအား လှည့်ကြည့်ကာ အမူအရာ ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

“ပန်ကုန်း အဲဒါကို မင်းရဲ့နှာခေါင်းထဲ ထည့်ပေးမယ် … ဒီလိုဆို ကြိုက်သလောက် အနံ့ခံနိုင်ပြီ …”

 

ဝမ်ချီ “…”

 

သူ့ပါးပြင်နှစ်ဖက်ရှိ နီစွေးမှုက တစ်မဟုတ်ချင်း ပျောက်ကွယ်သွားလေသည်။

 

အိမ်တစ်ခုလုံး တိတ်ဆိတ်နေပြီး လာလမ်းတစ်လျှောက်လုံး မည်သူ့ကိုမှ မတွေ့ခဲ့ရပေ။

 

ဧည့်ခန်းအတွင်းသို့ ရောက်လာမှသာ လျိုတဲနှင့်လျိုရှန်တို့အား တွေ့လိုက်ရ၏။

(လျိုတတဲနဲ့ လျိုတရှန်တို့ ညီအစ်ကိုပါ၊ ဒါက သူတို့နာမည််ရင်းတွေဖြစ်မယ်)


ရှစ်ယဲ့၏ပုံရိပ်ကို တွေ့လိုက်သည်နှင့် ထိုညီအစ်ကိုနှစ်ဦးက အမြန်ပြေးလာကာ အရိုအသေပေးလိုက်ကြသည်။

“အိမ်ရှေ့စံကို နှုတ်ခွန်းဆက်ပါတယ် …”

 

ရှစ်ယဲ့က မေးလိုက်သည်။

“ဘယ်လိုလဲ …”

 

လက်ရှိအချိန်၌ လျိုတဲနှင့်လျိုရှန်တို့က ပြန်ပေးဆွဲသူများအဖြစ် ဟန်ဆောင်ချိန်တုန်းကနှင့် မတူစွာ သူတို့၏ 

ခံစားချက်များကို ကောင်းမွန်စွာ ချုပ်တီးထားကြသည်။ သူတို့ကို ကြည့်ရသည်မှာ ပို၍ တည်ငြိမ်နေ၏။

 

လျိုတဲက ပြန်ဖြေလိုက်သည်။

“အရှင့်သားကို တင်လျှောက်ပါတယ် … ဒီလက်အောက်ငယ်သားတွေက ရှင်းရမယ့်လူတွေကို ရှင်းပြီးပါပြီ … သခင်လေးဝမ်နဲ့အတူ ဓားစာခံအဖြစ် ဖမ်းခေါ်ခံခဲ့ရတဲ့ လူတွေပဲ ကျန်ပါတော့တယ် …”

 

ရှစ်ယဲ့က ခေါင်းညိတ်ကာ ထပ်မေးလိုက်သည်။

“အဲဒီ့လူက ဘယ်မှာလဲ …”

 

လျိုတဲက ပြန်ဖြေလိုက်၏။

“အရှင့်သားကို လျှောက်တင်ပါတယ် … ကျန်းဟမ်ကို အခန်းတစ်ခုထဲမှာ ဖမ်းထားပါတယ် …”

 

ရှစ်ယဲ့၏ အသံမှာ အေးစက်နေသည်။

“လမ်းပြ…”


လျိုတဲနှင့်လျိုရှန်တို့က ထိုစကားကို ကြားသည်နှင့် အမြန်လမ်းပြကြ၏။

 

ကျန်းဟမ် အချုပ်ခံထားရသည့် အခန်းမှာ ဧည့်ခန်းနှင့် ခြေလှမ်းအနည်းငယ်သာ ကွာဝေးသည်။ လျိုတဲ တံခါးဖွင့်လိုက်သည်နှင့် သွေးနံ့ပြင်းပြင်း ပျံ့လွင့်လာ၏။

 

လက်ရှိနေရာ၌ ရှိနေသူများက မျက်နှာတစ်ချက်ပင် မပျက်ကြချေ။ ဝမ်ချီ တစ်ဦးထဲသာ မျက်နှာပျက်သွားပြီး တစ်ဖက်လှည့်ကာ နှစ်ကြိမ်မျှ ပျို့လိုက်မိ၏။

 

သူက လက်ကိုအမြန်မြှောက်ကာ လက်ကောက်ဝတ်ရှိ ဆံခြည်မျှင်အား ရှူရှိုက်လိုက်ရသည်။ ထိုအခါမှသာ အန်ချင်စိတ်က အနည်းငယ် ပြယ်လွင့်သွားခဲ့၏။



💮💮💮