🌍Chapter 137
ထိုအမျိုးသမီးက အနက်ရောင်၀တ်စုံနှင့်ဖြစ်သည်။ ဆံပင်တိုတိုနှင့် ခပ်ပါးပါးအနက်ရောင် ဂွမ်းဂျက်ကက်ကို၀တ်ဆင်ထားသည်။ သူမမှာ ထန်မော့နောက်တစ်ကြိမ်ထပ်ပစ်လာမည်ကို စိုးရိမ်နေပုံဖြင့် လက်ကိုမြှောက်ကာ မကောင်းသောရည်ရွယ်ချက်မရှိကြောင်း ဖော်ပြနေခဲ့သည်။ သူမ၏နောက်တွင်တော့ ပိန်ပိန်ပါးပါး အရပ်ပုပုနှင့် ကောင်လေးတစ်ဦးဖြစ်သည်။ သူတို့၂ဦးက အတော်လေးဆင်တူပြီး ကျောက်တုံးကြီးနောက်မှ အတူတကွလက်မြှောက်ပြီး အတူတကွထွက်လာကြသည်။
ဤကွင်းပြင်ထဲတွင် လေတိုးသံကကျယ်လောင်လွန်းနေပြီး ကျန်အသံသေးသေးလေးများကို မူမကြားနိုင်ချေ။ ထန်မော့နှင့်ဖူ၀မ်သော်မှာ သေနတ်ပစ်ခြင်းကိုအာရုံစိုက်နေခဲ့ခြင်းဖြစ်ပြီး ထို၂ဦး၏ ခြေသံများကို မကြားလိုက်ခြင်းမှာ ပုံမှန်ပင်။
ထန်မော့ထို၂ဦးကို အေးစက်စွာကြည့်လိုက်သည်။ အပေါ်အောက် အပြန်ပြန်အလှန်လှန်ကြည့်ပြီးနောက် ဖူ၀မ်သော်ကို လှည့်ကြည့်လိုက်မိသည်။ ထိုနောက် သူတို့၂ဦးမှာ တစ်ဦးကိုတစ်ဦး ခေါင်းညိတ်ပြလျက် ထိုလူ၂ဦးမှာ အန္တရာယ်မပေးနိုင်ကြောင်း အတည်ပြုလိုက်သည်။
ဖူ၀မ်သော် ဆုပ်ကိုင်ထားသော လက်ကိုလွှတ်ပေးလိုက်ကာ ထန်မော့လည်း သေနတ်ကို သိမ်းလိုက်သည်။ ထို့နောက် အဝေးမှ လူ၂ဦးကို ပြန်ကြည့်လိုက်ကြသည်။ ထန်မော့နှင့် ဖူ၀မ်သော်မှာ ဘာမှဆိုမလာလျှင် ဆံပင်တိုအမျိုးသမီးမှာ မနေသာတော့ပဲ အရင်ဆုံးဆိုလာခဲ့သည်။
"အဲဒါ..ဟို ကျွန်မတို့ကအန္တရာယ်မပေးပါဘူး ယုံတယ်မလားဟင်"
ဖူ၀မ်သော်ကပြန်မဖြေချေ။ ထန်မော့က ပေါ့ပါးစွာ ဆိုလိုက်သည်။
"ဟင့်အင်း"
ခတ္တတန့်သွားပြီး ဆက်ပြောလိုက်သည်။
"မယုံပါဘူး"
အမျိုးသမီးမှာတောင့်သွားလျက် သူမ၏အဖော်ကို ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်သည်။ ထိုကောင်လေးကရှင်းပြလာသည်။
"ငါတို့က ဟိုနားကအိမ်မှာပဲနေတာပါ ၀ူရှီနားကရွာလေးမှာလေ... သူကငါ့ညီမ ငါက ၀မ်၀မ်ဟောင် သူက၀မ်၀မ်ရှန်း... ငါတို့၂ယောက်လုံးရွာမှာပဲ ကြီးလာတာ ဘွဲ့ရပြီးတော့ ၀ူရှီမှာ အလုပ်လုပ်ကြတယ် ကမ္ဘာကြီးအွန်လိုင်းပေါ်တက်လာပြီးတော့ ပြဿနာတွေရှောင်ဖို့ ဒီရွာကိုပြန်လာခဲ့ကြတာ"
ထန်မော့ကဘာမှပြန်မပြောသဖြင့် ထိုကောင်လေး၏ မျက်နှာပေါ် ရှက်ရွံ့မှု အရိပ်အယောင်အချို့ဖြတ်ပြေးသွားခဲ့သည်။ သူကထန်မော့နှင့် ဖူ၀မ်သော်ကိုကြည့်ရင်း ထပ်ဆိုလာသည်။
"ငါတို့ကရိုးရိုး အရံကစားသမားတွေပါပဲ မြို့ပေါ်မှာက စွမ်းအားကြီးတဲ့သူတွေများတယ်လေ အန္တရာယ်များလို့ ဆက်မနေရဲတာနဲ့ အနက်ရောင်မျှော်စင်ဂိမ်းတွေကိုလည်းရှောင်ရင်း ဒီရွာမှာပြန်လာနေကြတာ"
ဆံပင်တိုအမျိုးသမီးကလည်း အလျင်စလိုဆိုလာသည်။
"ကျွန်မတို့တကယ်ပဲ မကောင်းတဲ့စိတ်မရှိပါဘူးရှင် လူစိမ်းတွေမမြင်ဖူးတာလည်းကြာပြီမို့ သေနတ်သံကြားလို့ ထွက်လာကြည့်ကြည့်တာ.. အထင်မလွဲပါနဲ့ ကျွန်မတို့အခုသွားတော့မှာပါ"
ထိုမောင်နှမနှစ်ယောက်မှာ ထန်မော့နှင့် ဖူ၀မ်သော်အား ရှက်ရွံ့စွာကြည့်လာခဲ့သည်။ သူတို့ကထိုနေရာတွင် အနေခက်စွာရပ်နေပြီး သူတို့၂ဦး၏ပုံစံမှာ သာမာန် လယ်သမားများနှယ်။
ထန်မော့နှင့် ဖူ၀မ်သော်မှ အတော်ကြာသည်အထိ ဘာမျှဆိုမလာလျှင် မောင်နှမ၂ဦးမှာ တစ်ဦးကိုတစ်ဦးကြည့်လျက် ထွက်သွားရန်ပြင်လိုက်ကြသည်။
ဂျိန်း...
ကောင်းကင်ပေါ်တွင် အလင်းတစ်ချက်လက်သွားခဲ့သည်။ စက္ကန့်ပိုင်းအတွင်း နားအူလောက်သည့်မိုးချိန်းသံက လူလေးယောက်၏ ခေါင်းပေါ်မှ ထွက်ပေါ်လာခဲ့သည်။ ထို၀မ်မောင်နှမ၂ယောက်က မိုးချိန်းသံကြောင့် လန့်သွားပုံပင်။
ဖူ၀မ်သော်သည်လည်း မျက်မှောင်ကျုံ့လျက် မှောင်မည်းနေသော ကောင်းကင်ကို ကြည့်နေခဲ့သည်။
ထူထဲသိပ်သည်းလှသော တိမ်မည်းများမှာ နိမ့်ဆင်းလာပြီး လယ်ကွင်းထဲမှ လေများရပ်တန့်သွားကာ မိုးသည်းထန်စွာ ရွာတော့မည့်အရိပ်အယောင်ပေါ်လာခဲ့သည်။ ဤသည်မှာ နွေဦးရာသီ၏ ပထမဆုံးမိုးလည်းဖြစ်သည်။
လူငယ်မောင်နှမ၂ဦးက တိမ်မည်းများကိုကြည့်လိုက်ကာ ထန်မော့တို့၂ဦးကို လှည့်ကြည့်လာခဲ့သည်။
"မိုးရွာတော့မှာပဲ... ရှင်တို့မိုးများခိုချင်ကြလား... ကျွန်မတို့အိမ်ကဒီနားမှာပါပဲ အာ... ရှင်တို့မှာ ကားပါမှာပဲ ဒါပေမယ့် မိုးကအတော်လေးတော့ ပြင်းမယ်ထင်တယ်"
ထိုမောင်နှမနှစ်ဦးမှာ စိတ်ရင်းနှင့် ကူညီလိုဟန်ဖြင့် သူတို့ကို ကြည့်လာခဲ့သည်။ သူတို့ကတိုက်တွန်းနေဟန်မတူပဲ သည်အတိုင်းပြောလိုက်ခြင်းသာ။ ဖူ၀မ်သော်၏ အကြည့်ကထိုလူ၂ဦးထံဖြတ်ပြေးသွားခဲ့သည်။ သူဘာမှမပြောနိုင်ခင်မှာပင် ထန်မော့၏ တည်ငြိမ်သော စကားသံကို ကြားလိုက်ရလေသည်။
"ဘယ်လောက်ဝေးလဲ"
ဖူ၀မ်သော် ထန်မော့အား အံ့အားသင့်စွာ လှည့်ကြည့်လာခဲ့သည်။
၀မ်၀မ်ဟောင် တန့်သွားလျက် ပြန်ဖြေလာသည်။
"တကယ်မဝေးဘူး ဟိုနားက လယ်အိမ်တွေရဲ့ရှေ့ဆုံးအတန်းမှာပဲ အလယ်က နှစ်ထပ်အိမ်လေးပါ"
ထန်မော့အဝေးမှ လယ်အိမ်ကလေးကို တစ်ချက်ကြည့်လိုက်သည်။ အမှန်ပင်သိပ်မဝေးချေ။ မီတာ ၁၀၀ ၂၀၀မျှသာ။ သူကဆိုလိုက်သည်။
"အနှောင့်အယှက်ပေးရတော့မှာပဲ"
၀မ်မောင်နှမ၂ဦးမှာ ဤလူ၂ဦးမှ မိမိတို့နှင့် မိုးခိုရန်အမှန်တကယ်လိုက်လာမည်ဟု မျှော်လင့်မထားခဲ့ချေ။ သူတို့က ဧည့်သည်များကို လမ်းပြရင်း ခြေလှမ်းများကို အရှိန်တင်လိုက်ကြသည်။ သူတို့အမြန်သွားနေသော်လည်း လမ်းတစ်၀က်မှာပင် မိုးသီးမိုးပေါက်များက ကြွေကျလာခဲ့တော့သည်။ အိမ်ထဲသို့ရောက်ချိန်တွင် ထန်မော့၏ဆံပင်များမှာ စိုစွတ်နေခဲ့ချေပြီ။
ဖူ၀မ်သော် လက်ကိုမြှောက်လျက်ရေစိုနေသော ဆံပင်များကို လှန်တင်လိုက်သည်။ ထိုမောင်နှမမှ သူတို့အား ခုံများချပေးလာပြီး သူတို့လည်း ပေါ့ပေါ့ပါးပါးပင် ၀င်ထိုင်လိုက်သည်။
မြို့ပေါ်တွင် ရိက္ခာများစွာရှိသော်လည်း အစာနှင့်ရေကတော့ ရွာလောက် မပေါချေ။
ဆံပင်တိုအမျိုးသမီးမှာ အသီးအရွက်စွပ်ပြုတ်တစ်ခွက်ကို မီးဖိုချောင်ထဲမှ ထုတ်ယူလာခဲ့ပြီး ထန်မော့နှင့် ဖူ၀မ်သော်တို့အတွက် ထမင်းပူပူ၂ခွက်ကိုချပေးလာခဲ့သည်။ သူတို့သည် ၄င်းတို့ကို စားပွဲပေါ်တွင်သာ တင်ထားလိုက်ပြီး ထိလိုစိတ်မရှိချေ။ ထန်မော့ကဆိုလိုက်သည်။
"စားထားတာမကြာသေးလို့ မဆာသေးဘူး"
၀မ်မောင်နှမနှစ်ဦး အနေခက်စွာ ရယ်လိုက်ကြသည်။ လူ၄ဦးမှာ ဧည့်ခန်းကျယ်ကြီးတွင် မျက်နှာချင်းဆိုင်ထိုင်နေခဲ့ကြလေသည်။
ဖူ၀မ်သော်က ခုံရပြီးကတည်းက တည့်ပင်ဆွဲယူကာ အ၀င်၀တွင်ချလျက်ထိုင်နေခဲ့သည်။
တံခါးမှာ တစ်၀က်ဖွင့်ထားပြီး ခုံမှာ တံခါးကိုမှီထားခဲ့သည်။ ထိုတံခါးအဟကြားမှ လေနှင့်မိုးစက်များတိုး၀င်နေသော်လည်း သူက၄င်းကို သတိမထားမိပုံပင်။ ကြမ်းပြင်ကိုငုံ့ကြည့်နေလျက် ဘာတွေးနေသည်ကို ပြောဖို့ခက်လေသည်။
ထန်မော့အပြင်ဘက်မှ ကောင်းကင်ကိုလှမ်းကြည့်လိုက်သည်။
"အနည်းဆုံး၁နာရီတော့ကြာဦးမှာပဲ"
လူငယ်ကစိတ်၀င်စားဟန်ဖြင့်ဆိုသည်။
"မင်းကမိုးလေ၀သ ဖတ်တတ်တာလား"
ထန်မော့မငြင်းလိုက်ချေ။ အပြင်ဘက်မှ မိုးမှာ သည်းသော်လည်း ၄င်းမှာ နွေဦးအကြိုမိုးသာဖြစ်သည်။ ထိမ်ထူထူများမှာ ၁နာရီလောက်တော့ ပါးဦးမှာမဟုတ်ချေ။ သူကအခန်းပါတ်ပါတ်လည်ကို အကဲခတ်လိုက်သည်။ ဤသည်မှာ သာမာန် ၂ထပ်လယ်စောင့်အိမ်လေးပင်။ ရွာမှလူအများစုမှာ အိမ်ကို သိပ်အလှမဆင်ကြပဲ များသောအားဖြင့် ဘိလပ်မြေကြမ်းခင်းအတိုင်းသာဖြစ်သည်။ နံရံတစ်ဖက်တွင် မှန်ကြီးတစ်ချပ်ရှိကာ မျက်နှာချင်းဆိုင်နံရံတွင်တော့ ဗီရိုတစ်ခု ဗုဒ္ဓဆင်းတုတော်တစ်ဆူနှင့် နိုင်ငံတော်သမ္မတပုံတစ်ခုရှိသည်။
ဤမောင်နှမ၂ဦးမှာ ဤနေရာတွင် နေလာသည်မှာ အတော်ကြာပြီဖြစ်လောက်ကာ နေရာတိုင်းမှာ သန့်ရှင်းနေခဲ့သည်။
ထန်မော့အတော်ကြာအကဲခတ်နေပြီးမှ ရှက်ရွံ့နေသော လူငယ်ကိုကြည့်လိုက်သည်။
"ဘာပြောချင်လို့လဲ"
လူငယ်က တောင့်ခဲသွားလျက် ဆိုလာသည်။
"မင်း သိတယ်လား"
ထန်မော့ပြန်မဖြေချေ။
လူငယ်က ချောင်းဟန့်လျက် အလျင်အမြန်ဆိုလာသည်။
"မင်းတို့ကလူဆိုးတွေဟုတ်ပုံမပေါ်ဘူး.. မင်းတို့သာ မကောင်းတဲ့သူတွေဆို ငါတို့ကိုပြန်လွှတ်ပေးမှာ မဟုတ်ဘူး ငါနဲ့ငါ့ညီမက ဒီမှာနေလာတာအတော်ကြာပြီလေ ရွာမှာက တို့တွေပဲရှိတော့တယ် အနက်ရောင်မျှော်စင်ဂိမ်းတွေထဲလည်း မပါဖူးဘူး..ဒီမှာပဲ စိုက်ထားတာလေးစားပြီး နေနေကြတာ ဒါပေမယ့်..."
သူကအသံကအနည်းငယ် ခါးသီးနေပုံပင်။
"အဲဒါ...အဲဒါ..."
ထန်မော့ကဆိုလိုက်သည်။
"ငါ့နာမည်က ဗစ်တာ သူကထန်ချီ"
လူငယ်ကခေါင်းညိတ်လိုက်သည်။ ထန်မော့မှာ အမည်လွှဲကို သုံးနေခြင်းမှန်းသိသော်လည်း သူကဂရုစိုက်ပုံမပေါ်ချေ။ သူကဆိုလာသည်။
"ဗစ်တာ မင်းလည်းသိမှာပေါ့... လွန်ခဲ့တဲ့ တစ်လနဲ့ လ၀က်လောက်က အနက်ရောင်မျှော်စင်က သုံးလအတွင်း လူတိုင်းမျှော်စင်ကို တိုက်ခိုက်ရမယ်လို့လေ.. ဒီလိုဆို ငါနဲ့ ငါ့ညီမကလည်း မျှော်စင်ကို မတိုက်ခိုက်လို့မရဘူးပေါ့"
ထန်မော့ကမေးလိုက်သည်။
"အရင်က ဘာဂိမ်းတွေဆော့ဖူးလဲ"
ဆံပင်တိုအမျိုးသမီးကဆိုလာသည်။
"ဘာဂိမ်းထဲမှ မပါဖူးပါဘူး... တို့တွေဘာဖြစ်သွားမှန်းတောင်မသိဘူး လွန်ခဲ့တဲ့ ၄လက ကျွန်မတို့ အိမ်နီးနားချင်းတွေအကုန်ပျောက်သွားပြီး ကျွန်မတို့တွေပဲ ကျန်ခဲ့တာ အဲဒါနဲ့ ရွာပဲ ပြန်လာပြီးတော့ ကြားထဲမှာလည်း ဘယ်ဂိမ်းထဲမှ မပါခဲ့ရဘူး... အာ...ဟုတ်သား ပြီးခဲ့တဲ့ နို၀င်ဘာကတော့ ဖူ၀မ်သော်ဆိုတဲ့ ခိုး၀င်သူကြောင့် ဂိမ်းထဲဆွဲထည့်ခံလိုက်ရဖူးတယ် တရုတ်ကကစားသမားတွေ အကုန်ပါတဲ့ ဂိမ်းလေ"
ဖူ၀မ်သော်မှာ တံခါး၀တွင် ထိုင်လျက် အပြင်ဘက်မှ မိုးစက်များကို ကြည့်နေခဲ့ပြီး ထန်မော့မှာမူ သူ့အားလှမ်း၍ကြည့်နေမိလေသည်။
လူငယ်က အကူအညီမဲ့စွာဆိုလာသည်။
"အဲဒါကြောင့် ငါတို့၂ယောက်မှာ ဂိမ်းအတွေ့အကြုံမရှိတာပေါ့... ဒီအကြိမ်မင်းတို့နဲ့ဆုံရတာ တကယ်၀မ်းသာတယ်... ဒီက ထန်ချီနဲ့ ဗစ်တာတို့ လူကြီးမင်း၂ယောက် ငါတို့ကို အနက်ရောင်မျှော်စင်ဂိမ်းတွေနဲ့ ပတ်သက်ပြီး ပြောပြလို့ရမလား... ပြီးတော့ အပြင်ဘက်ကအခြေအနေတွေကိုရောလေ"
ထန်မော့ကမေးလိုက်သည်။
"ကမ္ဘာကြီးအွန်လိုင်းပေါ်တက်လာပြီးကတည်းက ဒီကိုပြန်လာပြီး တစ်ခါမှ မထွက်သွားတော့ဘူးပေါ့"
လူငယ်က ခေါင်းညိတ်လာသည်။
"အင်း နို၀င်ဘာ၁၈ရက်နေ့က ကမ္ဘာကြီးအွန်လိုင်းပေါ်တက်လာပြီးတော့ လူတိုင်းပျောက်သွားကြတယ်.. ၂၀ရက်နေ့မနက်မှာပဲ ငါနဲ့ ငါ့ညီမက ဒီကိုပြန်လာကြတာ...ပြီးတော့ ထူးဆန်းတဲ့ မျှော်စင်ဂိမ်းတစ်ခုထဲတစ်ခါဆွဲခေါ်ခံရပြီးကတည်းက ဘယ်သူနဲ့မှ မတွေ့ရတော့ဘူး ဒီကလူကြီးမင်းဗစ်တာ ငါတို့ကို အပြင်ဘက်ကမ္ဘာကြီးအကြောင်း နည်းနည်းပြောပြလို့ရမလား... အလကားမတောင်းဆိုပါဘူး...ငါတို့ဒီမှာပဲ ချက်စားပြီး ပေါက်ဆီတွေလည်း ပေါင်းထားတယ်... အပြင်မှာလည်းသီးပင်စားပင်တွေရှိတယ် ယူသွားလို့ရတယ်ရယ်"
ဘန်း...
အပြင်ဘက်မှပြင်းထန်သော လေက တံခါးကိုဆောင့်တွန်းလိုက်ပြီး အသံအကျယ်ကြီးထွက်လာစေသည်။ ဖူ၀မ်သော်က ထိုအသံကိုမကြားလိုက်သည့်နှယ် တစ်ချက်မှတွန့်မသွားချေ။ ဆံပင်တိုအမျိုးသမီးမှာ သူ့အား ထူးဆန်းစွာကြည့်လျက် ရှေ့သို့လှမ်းကာ တံခါးကို ပိတ်လိုက်သည်။ ထို့နောက် သူမကသတိထား၍ ဆိုလိုက်သည်။
"လူကြီးမင်းထန်ချီ အဲဒီမှာ ဘာလို့ထိုင်နေတာလဲ မိုးရွာနေတယ်လေ"
ဖူ၀မ်သော် သူမကိုလှည့်ကြည့်လာခဲ့သည်။ သူ၏မျက်လုံးများမှာ ပကတိတည်ငြိမ်လျက် အနက်ရောင်မျက်ဆံများက အမျိုးသမီးကိုစိုက်ကြည့်နေခဲ့သည်။ ၀မ်၀မ်ရှန်းမှာ စိတ်လှုပ်ရှားစွာ တံတွေးကိုမြိုချလိုက်မိသည်။ ထို့နောက်သူမသည် ထန်မော့၏ တည်ငြိမ်သော စကားသံကိုကြားလိုက်ရလေသည်။
"သူကမိုးကိုကြိုက်လို့ပါ"
ဆံပင်တိုအမျိုးသမီး အိမ်ထဲသို့အမြန်ပြန်၀င်လာခဲ့သည်။
မောင်နှမ၂ဦးမှာ အနည်းငယ်တွန့်ဆုတ်နေလျက် လူငယ်ကထပ်၍ဆိုလာပြန်သည်။
"ငါတို့မှာလည်း ပြန်ပေးစရာဘာမှကောင်းကောင်းမွန်မွန်မရှိပါဘူး... လူကြီးမင်းဗစ်တာ ဘာမှမပြောပြချင်ရင်လည်း ရပါတယ်... ဒါနဲ့ မင်းတို့ကဘယ်သွားကြမလို့လဲ...အိမ်ပြန်ကြမလို့လား"
ထန်မော့ကတုန့်ပြန်လိုက်သည်။
"နန်ကျင်းကိုသွားမလို့"
"နန်ကျင်းကဝေးတာပဲ...လမ်းပေါ်မှာ ကားတွေလည်းပိတ်နေတော့ နောက်၁ရက်နဲ့၁ညလောက်တော့မောင်းရဦးမှာ"
လူ၃ဦး အတော်ကြာကြာ စကားပြောနေခဲ့ကြသည်။
အပြင်ဘက်မှ မိုးမှာ တဖြည်းဖြည်း စဲလာခဲ့သည်။ ထို့နောက် မိုးစက်အနည်းငယ်မျှသာ ကျလက် ရပ်သွားတော့သည်။ ၀မ်မောင်နှမမှာ လက်မလျှော့လိုပဲ ထန်မော့နှင့် ဖူ၀မ်သော်အား တားရန် အကြောင်းပြချက်များကို ရှာနေကြဆဲပင်။
"မိုးကရပ်တော့မှာပဲ...မသွားခင်တစ်ခုခုစားသွားပါဦးလား"
ဆံပင်တိုအမျိုးသမီးမှာ မီးဖိုချောင်ထဲသို့ အလျင်အမြန်ပြေးလျက် အသီးအရွက်စွပ်ပြုတ်ခွက်ကို ထုတ်လာခဲ့ပြန်သည်။ မမျှော်လင့်ထားစွာ ထန်မော့မှာ ထိုစွပ်ပြုတ်ခွက်ကို ကောက်ကိုင်လိုက်သည်။ အမျိုးသမီး၏မျက်နှာတွင် အံ့အားသင့်မှုတချို့ဖြတ်ပြေးသွားလျက် ဆိုသည်။
"လူကြီးမင်းဗစ်တာ ကျွန်မတို့ကို အပြင်ကအကြောင်းတွေ နည်းနည်းလေးမှ မပြောပြပေးခဲ့ချင်ဘူးလား... နည်းနည်းပဲပြောရင်တောင်ရပါပြီ... ကျွန်မတို့ လူတွေနဲ့မတွေ့ရတာတောင် အတော်ကြာနေပြီရယ်"
မောင်နှမ၂ဦးမှာ ထန်မော့ကို ကြည့်လာကြသည်။
ထန်မော့၏လက်မှာ စွပ်ပြုတ်ခွက်၏ အနားသားကို ထိလိုက်သည်။ သူသည်ခေါင်းကိုငုံ့လျက် စွပ်ပြုတ်ခွက်ထဲမှ မုန်ညှင်းရွက်များကိုကြည့်နေခဲ့လေသည်။ ထို့နောက် အတော်ကြာပြီးနောက် သူကဆိုလိုက်သည်။
"တကယ်တော့ကိစ္စကြီးမဟုတ်ပါဘူး ငါမင်းတို့ကို လူတိုင်းသိတဲ့သတင်းလေးတွေလောက်တော့ပြောပြလို့ရပါတယ်"
၀မ်မောင်နှမက သူ့အား အံ့အားသင့်စွာကြည့်လာခဲ့ကြသည်။
ထန်မော့ သူတို့အားပြန်မော့ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
"ဒါပေမယ့် မပြောခင်တော့ မေးချင်တာလေးရှိတယ် လီ၀မ်ဆိုတဲ့နာမည်ကို ကြားဖူးကြလား"
🪩