အပိုင်း ၃၉
Viewers 23k

ကျန်းမိသားစု၏ဆေးရုံသည် မြို့ပြနှင့်ဝေးရာတွင် တည်ရှိပြီး ကားသံလူသံမရှိ ဆေးရုံတစ်ဝန်းလုံး တိတ်ဆိတ်နေသည်။
ကုတင်ဘေးမှ အဝါရောင်ညအိပ်မီးသီးက ဖုကျန်း ၏မျက်နှာပေါ်သို့ ဖြာကျနေပြီး မွှေးညှင်းနုလေးများကိုပင် မြင်နေရသည်။
ကျန်းဟန်ရှု ဖုကျန်း၏မျက်တောင်များ လှုပ်လာပြီး သူနိုးလာတော့မည်ကို သတိပြုမိသော်လည်း ဖုကျန်းအား ထိုအကြောင်းကို မည်သို့မည်ပုံပြောရမည်ကို သူမတွေးတတ်သေးပေ။
များမကြာမီ ဖုကျန်း မျက်စိပွင့်လာကာ တွေဝေနေသော ကျန်းဟန်ရှု၏ခေါင်းပေါ်မှ မီးပွင့်ကို ကြည့်လိုက်သည်။ သူ မေ့မလဲသွားခင်က အဖြစ်အပျက်ကို အမှတ်ရသွား၍ ကျန်းဟန်ရှုကို သာသာလေး လှည့်ကြည့်လိုက်သည်။
ကျန်းဟန်ရှုက ဆေးရုံကုတင်နှင့် မနီးမဝေးတွင် မတ်တပ်ရပ်ရင်း သူ့ဗိုက်ကိုကြည့်နေသည်။ သူ့မျက်ဝန်းများထဲတွင် ဝန်လေးနေဟန်ကို တွေ့ရသည်။
ဖုကျန်းသည် သူ၏ လေးနက်သော အမူအယာကြောင့် စိုးထိတ်သွားသည်။ သူက မျက်တောင်ခတ်လိုက်ရင်း မလွယ်ကူသလို ခံစားလိုက်ရသည်။ သူ့မှာသေတော့မယ့်ရောဂါ ရှိနေလို့များလား။
ဖုကျန်းက ကျန်းဟန်ရှုကို သတိကပ်လျက် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ......"
ကျန်းဟန်ရှုလည်း အနားတိုးကာ ဖုကျန်း၏ကုတင်ပေါ် ထိုင်လိုက်သည်။ သူ့အသံတုန်မနေစေရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်ပြီး ဖုကျန်း၏လက်ကို ကိုင်ကာ ပြောလိုက်သည်။
"မင်းမှာ...ကိုယ်ဝန်ရှိနေပြီ......"
ဖုကျန်း မင်သက်သွားလေသည်။ ကျန်းဟန်ရှုကို ကြည့်နေသည့်ဟန်မှာ ကျန်းဟန်ရှု ဆရာဝန်ထံမှ ကြားရ ကာစက ဖြစ်သည့်အမူအယာနှင့် တစ်ထပ်တည်းပင်ဖြစ်သည်။ ကျန်းဟန်ရှုပြောသွားသော စကားများကို နားလည်ရန် အချိန်အနည်းငယ် ယူလိုက်ရသည်။
ကျန်းဟန်ရှုက မသိသေးသော်ငြား ဖုကျန်း‌ကတော့ သူ့ဗိုက်ထဲမှကလေးသည် ကျန်းဟန်ရှုနှင့် သက်ဆိုင်ကြောင်း သိထားသည်။
ထိုကဲ့သို့ကိစ္စမျိုးနှင့် ကြုံကြိုက်ရသည်မှာ ကျန်းဟန်ရှုအတွက် ပထမဆုံးဖြစ်သည်။ သူသည် ထိုကိစ္စကို အကြာကြီးစဉ်းစားပြီးဖြစ်သည်။ သူက ဖုကျန်းကို ပြောလိုက်သည်။
"ဆရာဝန်ကပြောတာတော့ မင်း ဒီကလေးကို မွေးလို့ရတယ်တဲ့ မွေးချင်ရင် ကိုယ် မင်းနဲ့အတူတူ သူ့ကို ပျိုးထောင်ပေးမယ် ကိုယ့်သားအရင်းလို ဆက်ဆံပေးပါ့မယ် တကယ်လို့ မလုပ်ချင်ရင်...."
ဖုကျန်းသည် ကျန်းဟန်ရှု၏ အတည်ပေါက်ကြီး‌ပြောနေသည်ကိုကြည့်ကာ ရင်ထဲထိသွားသည်။ သူ့မျက်ခုံးနှစ်ဖက် ထိစပ်သွားသည်အထိ ရယ်လိုက် ကာ ကျန်းဟန်ရှု၏ စကားကို ဖြတ်ပြောလိုက်သည်။
".ဒီကလေးက ခင်ဗျားဟာ....."
"ကိုယ်ဒီကလေးကို လိုချင်တယ်....."
ကျန်းဟန်ရှု၏အသံမှာ ရုတ်တရက် ပြတ်တောက်သွားသည်။ ဖုကျန်းပြောလိုက်သည်ကို ကောင်းကောင်း မကြားလိုက်ရ၍ ရှုပ်ထွေးနေဟန်ရှိသော မျက်ဝန်းပြာများဖြင့် ဖုကျန်းကို ကြည့်လိုက်သည်။
ဖုကျန်းက ကျန်းဟန်ရှု၏လက်ကိုကိုင်ကာ ပြောလိုက်သည်။
"တကယ်လို့ ကျွန်တော့်မှာ ကိုယ်ဝန်ရှိနေရင် တောင် ဒီကလေးက ခင်ဗျားကလေးပဲဖြစ်မှာ......"
ကျန်းဟန်ရှုမှာ ပိုပြီးရှုပ်ထွေးလာသည်။ ဖုကျန်း၏ ဗိုက်ထဲမှကလေးက ဘယ်လိုလုပ် သူ့ကလေးဖြစ်လာသည်ကို သူတကယ် နားမလည်တော့။
ဖုကျန်းသည် နှုတ်ခမ်းကိုကိုက်ကာ ကျန်းဟန်ရှု၏ ရတနာသဖွယ် တင့်တယ်သော မျက်ဝန်းပြာများကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ဒီဇင်ဘာ‌ ၆ ရက် ဘားမှာ အဲ့ညက ခင်ဗျားက ဆေးမိနေတယ်ထင်တယ် မန်နေဂျာက ခင်ဗျားကို အခန်း ၃၀၆ ကိုခေါ်သွားပေးဖို့ ကျွန်တော့်ကို ခေါ်လာတာ ကျွန်တော်လည်း နည်းနည်းသောက်ထားတော့ အဲဒီ့ညက ကျွန်တော်တို့နှစ်ယောက်......."
သူသည် ဖုကျန်း၏ စကားလုံးတိုင်းကို ကြားလိုက်သော်လည်း အကုန်ပေါင်းလိုက်ချိန်တွင်တော့ နားမလည်တော့။ အခန်းမှာ အပ်ကျသံကြားနိုင်လောက်အောင်ပင် တိတ်ဆိတ်သွားသည်။ ခဏအကြာ ဖုကျန်း၏ စကားများကို နားလည်သွားချိန်တွင်တော့ ကျန်းဟန်ရှုသည် ဖုကျန်း၏မျက်နှာကို ငေးကြည့်ကာ မေးလိုက်သည်။
"အဲ့ဒီ့ညကလူက မင်းဖြစ်နေတာလား......"
ဖုကျန်းလည်း ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ကျန်းဟန်ရှုသည် သက်ပြင်းချကာ သူ့မျက်နှာကို ဖုကျန်း၏လက်ထဲသို့ ဝှက်လိုက်သည်။ သူ့အသံမှာ အနည်းငယ် ဗလုံးဗထွေးဖြစ်နေသည်။
" ကိုယ့်ကို ဘာလို့ စောစောမပြောခဲ့ရတာလဲကွာ..."
"ငါ ငါထင်တာ အဲ့အချိန်တုန်းက မင်းမှာ ......"
ဖုကျန်း. ပါးစပ်ဟလိုက်သော်ငြား မည်သို့ ရှင်းပြရမလဲ မသိတော့။
သူ အစက ကျန်းဟန်ရှုကို ထိုအကြောင်း ပြောလိုခဲ့သော်လည်း ကျန်းဟန်ရှုသည် သူ့တွင် သဘောကျမိသူ ရှိနေပြီဟု ပြောခဲ့၍ ဒုက္ခမပေးလိုတော့သောကြောင့် မပြောဖြစ်ခဲ့။ နောက်ပိုင်း သူနှင့် ကျန်းဟန်ရှုတို့ အတူတူရှိချိန်တွင်တော့ ထိုကိစ္စကို တစ်ဖြေးဖြေး မေ့သွားခြင်းဖြစ်သည်။
ကျန်းဟန်ရှု ဖုကျန်း၏လက်ကိုကိုင်ကာ သူ့ခေါင်းကို မော့စေလိုက်သည်။
".ထားလိုက်တော့ ကိစ္စမရှိပါဘူး......"
ဖုကျန်း ကျန်းဟန်ရှု၏မျက်ဝန်းမှာ အနည်းငယ်စိုစွတ်နေကြောင်း သတိထားမိလိုက်သည်။ ထိုကဲ့သို့ အားနည်းသည့်လက္ခဏာမျိုး ကျန်းဟန်ရှု၏မျက်နှာ‌ ပေါ်တွင် တွေ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
များမကြာလိုက် ထိုလက္ခဏာမှာ တစ်မဟုတ်ချင်း ပျောက်ကွယ်သွားသည်။ ကျန်းဟန်ရှုက သူ့အမူအယာကို ပြန်ပြင်လိုက်သည်။ အမျိုးသားတစ်ဦးအတွက် ကိုယ်ဝန်ဆောင်ရသည်မှာ ခက်ခဲကြောင်း သူသိ၍ ဖုကျန်းကို ရွေးချယ်ရန် အခွင့်အရေးပေး လိုက်သည်။
".ဒီကလေး တကယ်လို့ မင်းမလိုချင်ရင် ကိုယ်တို့ မယူဘဲနေမလား......"
ထိုသို့ပြောပြီးနောက် ခဏ ငြိမ်ကျသွားသည်။ ပြီးမှ ဖုကျန်းကို ဆက်ပြောလိုက်သည်။
"ကိုယ် မင်းဆုံးဖြတ်တာကို လိုက်နာပါ့မယ်......"
ခဏမျှ ထိရှတုန်လှုပ်ပြီးနောက်တွင်တော့ ဖုကျန်းလည်း ထိုကိစ္စနှင့် ပြဿနာတက်လာသည်။ တစ်နေ့နေ့တွင် သူ တကယ်ကြီး ကိုယ်ဝန်ဆောင်နိုင်လိမ့်မည်ဟု လုံးဝမတွေးထားမိ။ အခု သူ့ဗိုက်ထဲတွင် ကျန်းဟန်ရှု၏ သွေးသား ရှိနေပြီ။ ထို့ပြင် ကျန်းဟန်ရှုကလည်း သူ့ကို ကလေးမွေးမမွေး ရွေးချယ်ရန် အခွင့်အရေး ပေးထားသည်။
ထိုခဏတွင် ဆုံးဖြတ်ချက်မချနိုင်ခဲ့။ တစ်နေ့နေ့တွင် လူရှေ့သူရှေ့သို့ ဗိုက်အကြီးကြီးဖြင့် ထွက်လာရမည်ကို လုံးဝ မမြင်ယောင်နိုင်။ သို့သော် ထိုကလေးသည် သူနှင့် ကျန်းဟန်ရှုတို့နှင့် သက်ဆိုင်ကာ ကျန်းဟန်ရှုနှင့်လည်း ရုပ်ချင်းဆင်နေပြီး သူ့ကို ဖေဖေဟု ခေါ်မည်ဟု တွေးမိလျှင် သူ့နှလုံးသားမှာ နူးညံ့စပြုလာသည်။
"စဉ်းစားပါရစေဦး......"
ဖုကျန်းက ကျန်းဟန်ရှုကို ပြောလိုက်သည်။
ကျန်းဟန်ရှုသည် လက်ကိုမြှောက်ကာ ဖုကျန်း၏နဖူးကို နှစ်ခါတောက်လိုက်သည်။
"စိတ်ဖိစီးမနေနဲ့ မင်းမှာ ကလေး‌ရှိရှိမရှိရှိ ကိစ္စမရှိဘူး တကယ်လို့ ကိုယ် သူ့ကို သဘောကျတယ်ဆိုရင်တောင် အဲဒါက မင်းရဲ့ကလေးဖြစ်နေလို့ပဲ ဆိုတော့ ကိုယ့်အတွက် မင်းက အရေးအကြီး‌ဆုံးပဲ နားလည်လား......"
".အွန်း....."
ဖုကျန်းက ခေါင်းညိတ်လိုက်သည်။
"ခဏလှဲနေလိုက်ဦးနော် ကိုယ် မင်းစားဖို့ စားစရာ သွားဝယ်လိုက်ဦးမယ်....."
ကျန်းဟန်ရှုလည်း မတ်တပ်ထရပ်ကာ အခန်းထဲမှ ထွက်လာလိုက်သည်။
မိနစ်နှစ်ဆယ်မပြည့်မီတွင် သူ ဖုကျန်းနှင့်အတူ ညစာစားရန် ထမင်းဘူးနှစ်ဘူးဖြင့် ပြန်လာသည်။
".ကျန်းဟန်ရှု......"
ဖုကျန်းက ကျန်းဟန်ရှုကို ရပ်တန့်လိုက်သည်။
ကျန်းဟန်ရှုလည်း ဖုကျန်းကို လှည့်ကြည့်လိုက်သည်။
".ဘာလို့လဲ သက်တောင့်သက်တာမဖြစ်တာမျိုး ရှိ‌နေလို့လား......"
"..ငါ သူ့ကိုမွေးချင်တယ်......"
ဖုကျန်းသည် ဥမှပေါက်ကာစ ကြက်ကလေးလို မဝံ့မရဲပြောလိုက်သည်။
"..အထဲထဲက လှုပ်သွားတာကို ခံစားလိုက်ရတယ်...."
ဖုကျန်း၏ဗိုက်ထဲမှကလေးသည် တစ်လသားသာ ရှိသေးသည်။ စမ်းသပ်ချိန်တွင် သူသည် သန္ဓေသားလောင်းသာဖြစ်၍ ပုံမှန်အခြေအနေတွင် သန္ဓေသား လှုပ်ရှားသည်ကို ခံစားမိရန် မဖြစ်နိုင်ချေ။
ကျန်းဟန်ရှုက ခေါင်းညိတ်လိုက်သည်။
".ကောင်းပြီလေ မွေးကြတာပေါ့....."
ကိစ္စမှာ ဒီလိုနှင့်ပင် ဆုံးဖြတ်၍ပြီးသွားသည်။ စားသောက်ပြီးနောက် ကျန်းဟန်ရှုသည် စားကြွင်းစားကျန်များကို အမှိုက်အစိုထဲသို့ထည့်၊ ဘူးခွံကို အမှိုက်ခြောက်ထဲသို့လွှင့်ကာ လက်‌ဆေးပြီး ဖုကျန်းထံ ပြန်လာသည်။
ဖုကျန်းသည် ကုတင်ပေါ်တွင် ခေါင်းအုံးကိုမှီရင်း ထိုင်နေသည်။ ကျန်းဟန်ရှုပြန်ရောက်လာချိန်တွင် သူ့လက်ကိုဆွဲကာ ပြောလိုက်သည်။
".ဒီနေ့လို အန္တရာယ်များတာမျိုး ထပ်မလုပ်နဲ့တော့....."
ကျန်းဟန်ရှုက ဖုကျန်းကို ပြုံးကာ ပြောလိုက်သည်။
"မင်းလဲအတူတူပဲမဟုတ်ဘူးလား......"
သူ့အန္တရာယ်ကိုပင် မရှောင်ဘဲ ကျန်းဟန်ရှုကို ‌ဘေးလွတ်ရာသို့ တွန်းခဲ့သည်။
"ဒါပေမယ့် မင်းက မတူဘူးလေ....."
ဖုကျန်းက ခေါင်းယမ်းလိုက်သည်။ အကယ်၍ သူသာ တစ်ခုခုဖြစ်သွားလျှင် ကျန်းဟန်ရှုတစ်ယောက်ကသာ သူ့အတွက် ဝမ်းနည်းမည်ဖြစ်သည်။ ကျန်းဟန်ရှုသည် ကျန်းမိသားစု၏ တစ်ဦးတည်းသောသားဖြစ်သည်။ အကယ်၍ သူသာ တစ်ခုခုဖြစ်သွားလျှင် ကျန်းမိသားစုတစ်စုလုံး ဖြေဆည်နိုင်မည်မဟုတ်။ ကျန်းဟန်ရှု၏မိသားစုနှင့် မတွေ့ရခင်မှာပင် သူတို့ကိုဝမ်းနည်းအောင် မလုပ်လို။
ကျန်းဟန်ရှုက ဖုကျန်း၏ခေါင်းကို ထိလိုက်သည်။
".အားလုံးအတူတူပါပဲ......"
ဖုကျန်းက အသံခဏတိတ်သွားသည်။ ခေါင်းကိုမော့ကာ ကျန်းဟန်ရှုကို မေးလိုက်သည်။
"ဆေးရုံကနေ ဘယ်အချိန်ဆင်းရမှာလဲဟင်....."
".ကိုယ် ဆရာဝန်ကိုမေးပေးမယ်နော်......"
ကျန်းဟန်ရှု ဝါ့ဒ်ထဲမှ ထွက်မလာခင် ဆရာဝန်သည် ဖုကျန်း၏ ဆေးစစ်ချက်ကိုကိုင်ကာ ရောက်လာသည်။ ဖုကျန်းက ဆေးရုံမှဆင်းချင်ပြီဟု သိရသောအခါ ဆရာဝန်က ခေါင်းညိတ်လိုက်သည်။
".လန့်သွားတာပါ ကိုယ်တွင်းဒဏ်ရာလည်းမရှိဘူး နည်းနည်းအာဟာရချို့တဲ့လာရင် အာဟာရဖြည့်ဖို့ ဆေးရုံကို ပြန်ခေါ်လာ‌ခဲ့....."
ဆရာဝန်က ရပ်တန့်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
"..အိပ်ရာပေါ်ကလေ့ကျင့်ခန်းတွေရှောင်ဖို့ သတိရနော် ကိုးလထဲပါ ......"
ကျန်းဟန်ရှုက ခပ်တည်တည်ပဲ တုန့်ပြန်လိုက်သည်။ ထိုသို့ပြောလိမ့်မည်ဟု မမျှော်လင့်ထားသော ဖုကျန်းမှာတော့ ရှက်သွေးဖြန်းကာ နားရွက်တွေနီရဲလာပြီး ခေါင်းကိုငုံ့ချလိုက်သည်။
".လူငယ်တွေက အရမ်းစိတ်အားလူအား တက်ကြွတယ်ဆိုတာ နားလည်ပါတယ် ဒါပေမယ့် အောင့်အီးသည်းခံလိုက်ရင် ကိုးလက ခဏလေးပါ အဆင်မပြေရင်တော့ တစ်ယောက်တစ်လှည့် လက်နဲ့လုပ်ပေးကြပေါ့......"
".နောက်ကနေဆိုရင်ရော အဆင်မပြေဘူးလား...."
ဖုကျန်းက ဆရာဝန်ကို မော့ကြည့်ပြီး မေးလိုက်သည်။ သူ့မျက်နှာမှာ သွေးထွက်နေသလိုပင် ရဲရဲနီနေသည်။
ကျန်းဟန်ရှုနှင့် ဖုကျန်းတို့နှစ်ယောက်လုံးမှာ တပ်မက်စိတ်များသူများ မဟုတ်ကြသော်လည်း အသစ်စက်စက်စုံတွဲအတွက် ကိုးလကြာ မတို့မထိဘဲနေရမည်မှာ ရက်စက်လှပေသည်။ ညတိုင်း တစ်အိပ်ယာတည်း အတူတူအိပ်သူနှစ်ဦးအဖို့ ထိမိရုံဖြင့်ပင် မီးပွင့်နိုင်သည်မှာ သာမန်ပင်ဖြစ်သည်။
‌ဆရာဝန်က ချောင်းသာသာဟန့်လိုက်သည်။
".နောက်ကနေဆို အဆင်ပြေပါတယ် အရမ်းကြီးတော့ မကြမ်းကြနဲ့ပေါ့ အစပျိုးတာကိုလည်း ကောင်းကောင်းလုပ်ပေး ခဏခဏတော့ မလုပ်မိစေနဲ့......"
ဖုကျန်း၏မျက်နှာမှာ နီသထက်နီလာပြီး မေးမိသည်ကိုပင် နောင်တရလာသည်။သူ ခေါင်းကိုစောင်းကာ ကျန်းဟန်ရှုကို ငေးကြည့်လိုက်သော်လည်း ကျန်းဟန်ရှုကတော့ နှုတ်ခမ်းကို တင်းတင်းစေ့ကာ အလေးအနက်ပင် နားထောင်နေသည်။
မိုးချုပ်နေပြီဖြစ်၍ ကျန်းဟန်ရှုက ဘယ်ကရလာမှန်းမသိသော ငွေမင်ရောင်ကားဖြင့် ဖုကျန်းကို အိမ်ပြန်ခေါ်လာသည်။
အိမ်ပြန်ရောက်ပြီးမကြာခင်မှာပင် ကျန်းဟန်ရှုထံသို့ ဖုန်းဝင်လာလေသည်။ ဖုကျန်း သူ့နောက်တွင် ရှိမနေသောကြောင့် ဖုန်းကို ချက်ချင်းကိုင်ကာ တစ်ဖက်လူကို မေးလိုက်သည်။
"အဲ့ဒီလူတွေကို တွေ့ပြီလား......"
"တွေ့ပြီ သူတို့ကားလိုင်စင်နံပါတ်ပြား‌တွေက အတုတွေ လုပ်ကြံတာ မအောင်မြင်တော့ ကားကို ဆင်ခြေဖုံးနားက တောအုပ်ထဲ ပစ်ထားပြီး ထွက်ပြေးသွားကြတာ....."
တစ်ဖက်လူက ကျန်းဟန်ရှုကို ဆက်မေးလိုက်သည်။
"နောက်ထပ် ဘာလုပ်ချင်သေးလဲ......"
"ရဲစခန်းပို့လိုက်......"
"ဘာကြီး....."
ကျန်းဟန်ရှုက ပြောလိုက်သည်။
"လူသတ်သမားငှားတာက သေဒဏ်ပဲ...ဒီဟာ အောင်ပွဲခံရမယ့် အခြေအနေပဲ....."
....….......
လုပ်ကြံမှုကျရှုံးကြောင်း သိသွားပြီးနောက်တွင် ကျောက်ကျင်တစ်ယောက် ဖုကျန်းကို အချိန်တိုအတွင်း နောက်ထပ်လုပ်ကြံနိုင်ဦးမည်မဟုတ်ကြောင်း သိသွားလေသည်။
သူ သတင်းလွှင့်ရန် လူတစ်ယောက်ကို ချက်ခြင်းရှာလိုက်သည်။ ဗီဒီယိုထဲမှ မျက်နှာဝါးထားသော ချွန်းဟွာတောင်၏ ဒါရိုက်တာအစစ်မှာ ဖုကျန်းဖြစ်သည်။ ဖုကျန်းသည် နွေဦးဟွားရှန်၏ ဒါရိုက်တာဖြစ်လာရန် ဖုမိသားစု၏နောက်ခံကို မှီခိုခဲ့သော်ငြား တကယ့် နောက်ကွယ်မှ ဒါရိုက်တာအစစ်ကတော့ ကျောက်ကျင်ဖြစ်သည်ဟုပင်။
ထို့နောက် ထန်ဝမ်ဝမ်တစ်ယောက် သူ့နာမည်ကို ရှင်းလင်းပေးရန် ဖုကျန်းချန်ကို ပြောပေးမည်ကိုသာ စောင့်နေလိုက်သည်။