အပိုင်း ၄၀
Viewers 23k

ချွန်းဟွာတောင်၏ တုန့်ပြန်ချက်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ တကယ့်ဒါရိုက်တာအစစ်သည် ကျောက်ကျင်နှင့် တွေ့ဆုံခဲ့ရသည်မှာ ရှစ်ဘဝတာ ဝဋ်ကြွေးဟုပင် အင်တာနက်သုံးစွဲသူများက ကောက်ချက်ချကြသည်။ မျက်နှာကို ဝါးထားသော်ငြား သူ့အသံနှင့် ခန္ဓာကိုယ်အနေအထားအရ ထိုဒါရိုက်တာသည် ငယ်ရွယ်ချောမောသူ ဖြစ်နိုင်လောက်မည်။ ဒီလို မတရားမှုမျိုးနဲ့ ကြုံရတာက တကယ်ကို ကံဆိုးတာပဲ။
သူတို့သည် တရားသူကြီးများက ကျောက်ကျင်ကို ဥပဒေအတိုင်း စီရင်ရန် အပြင်းအထန် တောင်းဆိုကြသည်။ ဒါရိုက်တာအစစ်က ပေါ်ထွက်မလာသဖြင့် သူတို့သည် ကျောက်ကျင်က ထိုဒါရိုက်တာကို လုပ်ကြံလိုက်ပြီဟုပင် ခန့်မှန်းကြသည်။ ထိုသို့လုပ်ကြံလိုက် ၍သာ ကျောက်ကျင်သည် ချွန်းဟွာတောင်ကို သူ့နာမည်တပ်ရဲခြင်း ဖြစ်လိမ့်မည်။
အင်တာနက်သုံးစွဲသူများနှင့် ကျောက်ကျင်၏ ရေတပ်အကြားတိုက်ပွဲမှာ တစ်ဖြေးဖြေး မှိန်ဖျော့လာသည်။ စာကြောင်းအနည်းငယ်ကိုသာ ထပ်တလဲလဲရေးနေသော စက်ရုပ်ရေတပ်သည် ဘယ်လိုနည်းနှင့်မျှ သဲရုပ်ထု အင်တာနက်သုံးသူများ၏ ပြိုင်ဘက်မဖြစ်နိုင်ချေ။ သူတို့ကိုချေမှုန်းရန် အချိန်ပင် သိပ်မယူလိုက်ရ။
ထိုအချိန်တွင် ကျောက်ကျင်သည် မျက်နှာဝါးထားသူမှာ ဖုကျန်းဖြစ်ကြောင်း သတင်းလွှင့်ရန် တစ်ယောက်‌ယောက်ကို ခိုင်းလိုက်သည်။
ဖရဲသီးစားနေသူများက ချွန်းဟွာတောင်၏ ဒါရိုက်တာအစစ်သည် လွန်ခဲ့သောနှစ်နှစ်က ထန်ဝမ်ဝမ်ကို လုပ်ကြံခဲ့သော ဖုကျန်းဖြစ်နေလိမ့်မည်ဟု လုံးဝထင်မှတ်မထားမိ။
ဒါရိုက်တာအစစ်အတွက် မျှတမှုရှာပေးချင်သူအားလုံးမှာ ကြက်သေသေသွားသည်။ သူတို့ထဲမှ အများစုသည် ဖုကျန်းက ဘယ်သူမှန်း ‌သေချာမသိကြ။ ထို့ကြောင့် လွန်ခဲ့သောနှစ်နှစ်က ထန်ဝမ်ဝမ်၏ ထိခိုက်မှုနှင့် ဒဏ်ရာအကြောင်း သတင်းများက တစ်ဖန် ထွက်ပေါ်လာပြန်သည်။ ကောင်းကောင်းမသိသေးသော အင်တာနက်သုံးစွဲသူများက ‌ဖုကျန်းသည်လည်း ကျောက်ကျင်နှင့် ဘာမှမထူးဟု သဘော ပေါက်သွားသည်။
သေချာပေါက်ပဲ လုပ်နိုင်စွမ်းတွေ အရည်အချင်းတွေက ဘာမှမဟုတ်တော့ဘူးပေါ့။
သဲရုပ်တု ဖရဲသီးစားသူများက သက်ပြင်းချလိုက်သည်။ ချွန်းဟွာတောင်ရဲ့ မိဘတွေက ဘာလို့ လူကောင်းဖြစ်‌မနေရတာလဲ။ (ရိုက်ကူးသူကိုမိဘလို့ပြောတာပါ)
ထိုအဖြစ်အပျက်ပြီးနောက် ပရိသတ်များက သူတို့နှစ်ဦးကြားက အားပြိုင်မှုကို နောက်ထပ်ဝင်မပါတော့ရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့အချင်းချင်းပဲ တိုက်ခိုက်ကြပါစေတော့။ တစ်ချိန်တည်းတွင်ပင် ချွန်းဟွာတောင်ကို သပိတ်မှောက်ကြရန် ဆုံးဖြတ်လိုက်သည်။ သူတို့၏ငွေများကို သူခိုး သို့မဟုတ် လူသတ်သမား ဘယ်တစ်ဦးတစ်ယောက်၏ လက်ထဲကိုမှ အရောက်မခံနိုင်တော့။
ထိုနှစ်ရက်အတွင်းတွင် ချွန်းဟွာတောင်နှင့် တစ်ချိန်တည်း ရုံတင်ခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စုံထောက်များ ရုပ်ရှင်က လူဝင်နှုန်း တိုးလာခဲ့သည်။ သို့သော်ငြား ရုံထဲမှထွက်လာသော ကြည့်ရှုသူတိုင်းက တစ်လေသံတည်း ကျိန်ဆဲသွားကြသည်။
"ဘယ်လိုတောင်စုတ်ပြတ်နေရတာလဲ..."
ဖုကျန်းသည် အွန်လိုင်းပေါ်မှ ဆဲရေးတိုင်းထွာမှုများကို ဂရုမစိုက်။ ရုံးဖွင့်ကြားနာစစ်ဆေးပြီး သူ့အတွက် လျော်ကြေးရလာမည့်အချိန်ကိုသာ စောင့်နေသည်။ထိုနှစ်က ဖုထင်းပေးခဲ့သည့် အရင်းအနှီးမပါဘဲ သူ့တွင် ငွေအမြောက်အမြား ရှိနေ‌ဆဲဖြစ်သည်။ ထိုငွေဖြင့် ကိစ္စအများကြီး လုပ်နိုင်သည်။
ချွန်းဟွာတောင်၏ ရုံဝင်နှုန်းသည် အချိန်အကြာကြီးနည်းနေရာမှ တစ်ဖန် ပြန်မြင့်တက်လာမည်ဟု မည်သူမှ ထင်မှတ်မထား။ အင်တာနက်၏ လွှမ်းမိုးမှုခံရသော လူငယ်များက ထိုရုပ်ရှင်ကို ကန့်ကွက်ကြသော်ငြား ဖွင့်ရက်တွင် ရုပ်ရှင်ကြည့်ခဲလှသော သက်ကြီးပိုင်းများက ထိုရုပ်ရှင်၏ ဆွဲဆောင်မှုကို ခံလိုက်ရသည်။
(စောက်ကျိုးနည်းဟေ့ ငါ့အဖေနဲ့အမေက ရုပ်ရှင်ရုံကို ဇွတ်ကြီးဆွဲခေါ်သွားတာ မသွားဖူးလို့ပြောရင် သားသမီးဝတ္တရား မကျေပွန်ရာကြမလား...)
(အပေါ်ထပ်က လူရေ အတူတူပဲ...)
(ဟား ဟား ဟား ငါ့အဖေ တက္ကသိုလ်ပါမောက္ခကလည်း ငါ့ကို အဲဒါကြည့်ပြီးရင် စာလုံးနှစ်ထောင်ရေးခဲ့တဲ့...)
(ဖုကျန်းသာ အဲဒါကို တကယ်ရိုက်ခဲ့တယ်ဆိုရင်‌တောင် အဲ့တုန်းက သူ့အသက်က ၁၇ ၁၈ လောက်ပဲလေ လိမ်နေတာများလား ငါကတော့ ချွန်းဟွာတောင်ရဲ့ ဒါရိုက်တာအစစ်က ဖုကျန်းမဟုတ်ဘူးလို့ ထင်တယ်... )
................
ချွန်းဟွာတောင်အကြောင်း အင်တာနက်ပေါ်မှ ဆွေးနွေးပွဲကတော့ တစ်ဖြေးဖြေး လမ်းကြောင်းလွဲသွားချေပြီ။ လူဝင်နှုန်းမှာလည်း အချိန်တိုအတွင်း ယခင်စံချိန်အတိုင်း ပြန်ရောက်လာသည်။
တိုးလာသော ရုံဝင်ကြေးများက ဖုကျန်း၏အိတ်ထဲသို့ စီးဆင်းသွားမည်ကို တွေးမိလျှင် ထန်ဝမ်ဝမ်သည် ပုရွက်ဆိတ်အုပ်စုလိုက် အကိုက်ခံရသလို နာကျင်လာသည်။
အတိတ်က သူမရဲ့ပြိုင်ဘက်အားလုံးက ရှုံးနိမ့်သွားရန် ပြန်ထနိုင်စရာ အခွင့်အရေးမရှိတော့ဘူးလေ ဖုကျန်းကျမှ ဘာလို့ ရိုက်မချနိုင်ဖြစ်နေရတာလဲ သူက ဒီအဆင့်အထိတောင် ရောက်လာတာဆိုတော့ သေချာပေါက်ကို သူ့နောက်မှာ ထောက်တိုင်ရှိနေလို့လား။
မတော်တဆမှုပြီးနောက် ဖုကျန်းချန်နှင့် ဖုထင်းတို့က ဖုကျန်းကို တိုက်ရိုက်ထောင်ချခြင်းဖြစ်စေ အာဖရိကသို့ အလုပ်ကြမ်းလုပ်ရန်ဖြစ်စေ လွှတ်ရန် အကြိမ်ပေါင်းများစွာ အခွင့်အရေးရှိသော်ငြား သူ့ကို ဖုမိသားစုမှ ကန်ထုတ်ရုံသာ လုပ်ခဲ့သည်ဟု သံသယရှိနေသည်။ ဖုကျန်းကို စိတ်မချမ်းမြေ့ဖွယ်ဘဝတွင် နေခိုင်းသော်ငြား တစ်စုံတစ်ယောက်က သူ့ကို တိတ်တဆိတ်ကာကွယ်ကာ အကြိမ်များစွာ လွှတ်ပေးခဲ့သည်ဟု ထန်ဝမ်ဝမ်က သံသယဝင်လာသည်။
ဖုကျန်းချန်နှင့် ဖုထင်းတို့သည် အပေါ်ယံတွင်တော့ သူမကို အလိုလိုက်အကြိုက်ဆောင်သော်လည်း မသိလိုက်မသိဘာသာဖြင့်ပင် သူမကို တိတ်တဆိတ် ဆန့်ကျင်နေသည်ဟု ခံစားရသည်။
တစ်နေ့နေ့တွင် ဖုကျန်းသည် သူမပိုင်ဆိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားထားသော အရာအားလုံးကို ဖျက်ဆီးလိမ့်မည်ဟု အာရုံရနေသည်။ ဒီလိုမျိုးဖြစ်လာဖို့ ဘယ်လိုမှ ခွင့်မပြုနိုင်ဘူး။
ချွန်းဟွာတောင်သည် ကျောက်ကျင်နှင့် ဖုကျန်းအကြား ကစားပွဲသာမဟုတ်။ သူမနှင့် ဖုကျန်းကြား အားပြိုင်မှုလည်းဖြစ်နေသည်။ ဒီတစ်ကြိမ်တော့ ဖုကျန်းကို ပြန်ရပ်တည်လာနိုင်ရန် ခွင့်မပြုတော့။ ဒီနေ့အခြေအနေရောက်လာရန် သူမတွင် ရှိရှိသမျှကို ပုံအောထားရခြင်း ဖြစ်သည်။ ဘယ်သူဖျက်ဆီးတာကိုမှ မခံနိုင်ဘူး။
ကျောက်ကျင်ချန်းကျရှုံးသည်ကို သိရှိပြီးနောက် ထန်ဝမ်ဝမ်က အိမ်ပြန်လာခဲ့သည်။ ဖုကျန်းချန်သည် ဆိုဖာပေါ်ထိုင်ပြီး သတင်းစာဖတ်နေသည်။ ထန်ဝမ်ဝမ်သည် ဖုကျန်းချန်နားသို့ လျှောက်လာကာ ဝင်ထိုင်လိုက်သည်။ ဖုကျန်းချန်၏လက်မောင်းကိုကိုင်ကာ နန့်တန့်တန့်ပြောလိုက်သည်။
".ဖေဖေရေ သမီးကို အခွင့်အရေးတစ်ခုလောက် ပေးပါလားဟင်..."
"ဘာလဲ....."
ဖုကျန်းချန်က မေးလိုက်သည်။
ထန်ဝမ်ဝမ်က ပြောလိုက်သည်။
".အခုလွှင့်နေတဲ့ ချွန်းဟွာတောင်ဆိုတဲ့ရုပ်ရှင်ကို ဖေဖေသိလား......"
ဖုကျန်းချန်က သတင်းစာဖတ်နေရာမှ ခဏရပ်သွားသည်။ သို့သော် ချက်ခြင်းပဲ ဘာမှမဖြစ်ခဲ့သလို ပြန်ဖြေလိုက်သည်။
".ကြားဖူးတယ်....."
ထန်ဝမ်ဝမ်က ဖုကျန်းချန်၏မူမမှန်မှုကို မမြင်လိုက်။ သူမက ဖုကျန်းချန်ကို ပြောလိုက်သည်။
"အဲ့ရုပ်ရှင်ကို ဖုကျန်းရိုက်ထားတာဆိုပြီး ပြောနေကြတယ် ဒါပေမယ့် ဖုကျန်းကောကောက သူ့အရွယ်နဲ့ ဒီလိုရုပ်ရှင်မျိုး မရိုက်လောက်ဘူးလို့ထင်တာပဲ ဖေဖေက သမီးကြောင့် ဖုကျန်းကောကောကို အိမ်ကနှင်ထုတ်လိုက်ရတာကို နောင်တရနေမှန်း သိပါတယ် ဖေဖေ့ရင်ထဲမှာလည်း ဖုကျန်းနဲ့ မယှဉ်နိုင်ပါဘူး ဒါပေမယ့် ဒီတစ်ခါတော့ သမီးကိုပဲ ကူညီပေးပါနော်..."
ထန်ဝမ်ဝမ်သည် ဖုကျန်းချန်ကို အပြစ်ရှိစိတ်ဖြစ်လာစေရန် သူ့ကိုယ်သူ တမင်သက်သက် နှိမ့်ချပြောလိုက်သော်လည်း ဒီတစ်ကြိမ်တွင်တော့ ဖုကျန်းချန်က သူမကို ကူညီမည်မဟုတ်။
ဖုကျန်း ထိုရုပ်ရှင်ကိုရိုက်ရခြင်းမှာ ဖုကျန်းချန်အတွက်ဖြစ်သည်။ သူသည် ဖုကျန်းချန်ကို surprise
လုပ်ချင်သော်လည်း သူ့ဘဏ်ကတ်ထဲမှငွေများက နေ့တိုင်း ရေလိုစီးသွားသည်။ ဘယ်လိုလုပ် ဖုကျန်းချန်က မသိဘဲနေမှာလဲ။ ဖုကျန်း သင့်တော်တာကို ချောချောမွေ့မွေ့ရွေးနိုင်တာ၊ သရုပ်ဆောင်တွေနဲ့ ဖုကျန်းချန်ရဲ့ စတူဒီယိုက အကြောင်းပြချက်ပဲ။
နောက်ဆုံးမှာတော့ ထန်ဝမ်ဝမ်က သူမ၏ ရည်ရွယ်ချက် ကို ဖွင့်ဟလာသည်။
" ဖေဖေ့ ဒါရိုက်တာကျောက်ကလေ သမီးကို အများကြီး ကူညီပေးခဲ့တာ ဖေဖေက သမီးကိုကူညီတဲ့အနေနဲ့ ရှင်းပေးလို့မရဘူးလားဟင်....."
ဖုကျန်းချန်မှာ ‌သတင်းစာကိုသာ ငုံ့ဖတ်နေပြီး ခေါင်းပြန်ထောင်မလာခဲ့။ စာလုံးများမှာ အတောင်ပေါက်နေသလို ပျံတက်လာပြီး သူ့မျက်စိရှေ့တွင် လှည့်ပတ်နေသည်။ ကျောက်တောင်အောက်က သူရှာတွေ့ခဲ့သည်များကို သတိရလိုက်သည်။ ကျောက်တောင်အောက်တွင် ချွန်းဟွာတောင်၏ မိတ္တူနှင့် ဖုကျန်းထံမှ သူ့အတွက်ရေးထားသောစာတစ်စောင်ကို တွေ့ခဲ့သည်။ စာမှာ သူ့စာကြည့်ခန်းထဲတွင် ရှိနေပြီး အခုထိ ဖွင့်ဖတ်ဖို့ရန် သတ္တိမရှိသေး။
ဖုကျန်းချန်က သက်ပြင်းချလိုက်သည်။ ထန်ဝမ်ဝမ်၏တောင်းဆိုချက်ကို ငြင်းပယ်ကြောင်း အသိပေးချက်ဖြစ်သည်။ သူက ထန်ဝမ်ဝမ်ကို ပြောလိုက်သည်။
"ဝမ်ဝမ် သမီးက သန်ဘက်ခါ လက်ထပ်ရတော့မှာ ဒီကိစ္စတွေကို ချန်ထားခဲ့လိုက်တော့....."
".ဖေဖေ့....."
ထန်ဝမ်ဝမ်သည် ဖုကျန်းချန် သူမကို ငြင်းပယ်လိုက်လိမ့်မည်ဟု မထင်ထား။
"ကောင်းပြီလေ လက်ထပ်ဖို့ စောင့်လို့ရသေးလား....."
"ကောင်းသောညပါ......"
ဖုကျန်းချန်က ထန်ဝမ်ဝမ်ကို လေပြေအေးဖြင့် ချော့ပြောလိုက်သည်။ သူသည် ထန်ဝမ်ဝမ်အား ကတိမပေးလို။ လက်ထဲမှ သတင်းစာကိုချကာ ဆိုဖာမှ ထရပ်လိုက်သည်။
".နည်းနည်းပင်ပန်းနေလို့ ခဏ သွားနားလိုက်ဦးမယ်....."
"အိုး...."
ထန်ဝမ်ဝမ်က ဖုကျန်းချန် ထွက်သွားသည်ကို ကြည့်နေလိုက်သည်။
".ကောင်းသောညပါ ဖေဖေ....."
"ကောင်းသောညပါ......."
........
ဖုကျန်းသည် ကျောက်ကျင်၏ ရွှံ့ထဲသို့ဆွဲချသည်ကို ခံနေရသော်လည်း ဂရုမစိုက်။ အလားတူဖြစ်ရပ်မျိုးကို လွန်ခဲ့သောနှစ်နှစ်ကျော်က ကြုံတွေ့ခဲ့ဖူးပြီဖြစ်သည်။ အင်တာနက်သုံးစွဲသူများက အချိန်ဖြုန်းရန်အလို့ငှာ ကျိန်ဆဲကြသော်ငြား ထိုကျိန်ဆဲမှုများက သူ့ကို ဘာမှမထိခိုက်နိုင်။
တရားရုံးဖွင့်လှစ်မည်ကိုသာ စောင့်နေရန် လိုအပ်ပြီး အရာအားလုံး စာရင်းရှင်းနိုင်တော့မည်ဖြစ်သည်။
သို့သော် ထိုကဲ့သို့ မျက်နှာသာမပေးသော အခြေအနေမျိုးတွင် ထန်ဝမ်ဝမ်သည် ရွှံ့ရေထဲမှ ဖြတ်လျှောက်နေရ၍ ဖုကျန်းသည် တစ်ဖက်လူ၏ စိတ်သည်လည်း ရေထဲတွင်ပင် ရှိနေသလားဟု တွေးမိသည်။
ဆုပေးပွဲအခမ်းအနားတွင် သတင်းထောက်များက ထန်ဝမ်ဝမ်ကို အင်တာဗျူးကြသည်။ မင်္ဂလာသတင်းနှစ်ခုသုံးခုမေးပြီးနောက် အကြောင်းအရာသည် ချွန်းဟွာတောင်ဒါရိုက်တာ အငြင်းပွားမှုအပေါ် သူမ၏ အမြင်သို့ ပြောင်းသွားသည်။
"ကျွန်မက ဒါရိုက်တာကျောက်နဲ့ အလုပ်တွဲလုပ်ဖူးတယ် သူက အရည်အချင်းရှိတဲ့သူဆိုတော့ ကျွန်မ လေးစားပါတယ် ဖုကျန်းကတော့....."
ထန်ဝမ်ဝမ်က ထိုသို့ပြောရင်း မရည်ရွယ်သလိုလိုနှင့် သူမ၏ ဘယ်ဘက်လက်ကို ငုံ့‌ကြည့်လိုက်သည်။ လွန်ခဲ့သောနှစ်နှစ် ပြုတ်ကျခဲ့စဉ်က သူမ၏ ဘယ်ဘက်လက်မှာ ဆိုးဆိုးဝါးဝါးထိခိုက်သွားကြောင်း လူတိုင်းသိရှိပြီးသားဖြစ်သည်။
သူမက ပြုံးကာ ဆက်ပြောလိုက်သည်။
"ဖုကျန်းကိုတော့ ကျွန်မ ကောင်းကောင်းမရင်းနှီးဘူး ကျွန်မက ဖုအိမ်တော်ကို နောက်ပိုင်းမှ ပြန်ဝင်လာခဲ့တာ အဲ့ကိစ္စဖြစ်ပြီးတော့ ဖုကျန်းက ဖုအိမ်ကနေ ထွက်သွားတာဆိုတော့ သူ့ကို တစ်ခါမှ ထပ်မတွေ့ဖြစ်တော့ဘူး ဒါပေမယ့် ဖုကျန်း ရုပ်ရှင်ရိုက်နေတယ်ဆိုတာကိုတော့ တစ်ခါမှ မကြားဖူးဘူး ကျွန်မက သူ့ကို သိပ်ပြီးမသိလို့လားတော့ မပြောတတ်ဘူး......"
ထန်ဝမ်ဝမ်၏အဖြေမှာ ကျောက်ကျင်ကို ထောက်ခံ သည်ဟု ပြောနိုင်သော်ငြား သူမ၏စကားများက ဘောင်ကျော်မလာ။ အကယ်၍ နောက်ပိုင်းတွင် ဖုကျန်းသည် ချွန်းဟွာတောင်၏ ဒါရိုက်တာဖြစ်ကြောင်း သက်သေအပြည့်အစုံ ထုတ်ပြလာနိုင်လျှင်ပင် သူမကို အကျိုးသက်ရောက်မည်မဟုတ်။
သူမရဲ့ နာမည်ကြီးမှုက မသေးလှ။ ဖုမိသားစုနှင့် ကျွင်မိသားစုတို့၏ နောက်ခံကလည်း ရှိနေသေးတာကြောင့် သူမ၏စကားများက သေချာပေါက် လွှမ်းမိုးမှုရှိသည်။ လူတိုင်းက ဖုကျန်းသည် ချွန်းဟွာတောင်၏ ဒါရိုက်တာအစစ်မဟုတ်ဟု မတွေးရမနေနိုင်ဖြစ်သွားသည်။
ထန်ဝမ်ဝမ်၏ အင်တာဗျူးမတိုင်ခင်က ဘာမှ မပြောရဲကြသော အုပ်စုကလည်း သံယောင်လိုက်ခြင်းဖြင့် အနာပညာလမ်းကြောင်း ဖြောင့်ဖြူးရေးအတွက် ဖုမိသားစု၏ သခင်မလေး ရွှေပေါင်လုံးကို အလုအယက် ဖက်ဖို့ကြိုးစားလာကြသည်။
ချွန်းဟွာတောင်ပွဲဦးထွက်မိတ်ဆက်ပွဲကတည်းက ပါဝင်လာသော တစ်ဦးတည်းသော ဇာတ်ပို့မင်းသားကလည်း ဖွင့်ဟလာသည်။ သူ့နာမည်မှာ ချမ်ကျုံးဖြစ်ပြီး ဇာတ်ကားထဲက အငယ်ဆုံး ချန်းဟွာဖြစ်သည်။
ထန်ဝမ်ဝမ်၏အင်တာဗျူးနောက်ပိုင်းတွင် သူက ကျောက်ကျင်ကို ထောက်ခံခဲ့သည်။ ပြည်သူများမြင်ခဲ့သော ဗီဒီယိုမှာ တကယ်တမ်းတော့ ဖုကျန်း လေ့ကျင့်ရန် ရရှိခဲ့သောအခွင့်အရေးဖြစ်သည်။ ကျောက်ကျင်သည် ဖုကျန်း၏ လုပ်ဆောင်မှုများကို သဘောမကျခဲ့။ နောက်ပိုင်း သေချာစိစစ်ပြီးနောက်တွင် ကျောက်ကျင်သည် ဖုကျန်း၏စကားများက ကျိုးကြောင်းဆီလျော်သည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် အခုလက်ရှိပရိသတ်များကြည့်နေသော ရုပ်ရှင်မှာ ဖုကျန်း၏စတိုင်ဖြစ်နေရခြင်းဖြစ်သည်။
ထို့အပြင် ထိုအချိန်က အသက်ပင်မပြည့်သေးသည့်ဖုကျန်းမှာ ဒီလိုလက်ရာမျိုးကို ဘယ်လိုလုပ် ရိုက်ကူးနိုင်ပါ့မလဲ။
ကျောက်ကျင်သည် ထိုကိစ္စမတိုင်မီကပင် ချမ်ကျုံးကို တောင်းဆိုခဲ့သော်ငြား သူက သဘောမတူခဲ့။ ထန်ဝမ်ဝမ်က သူမ၏ သဘောထားကို ထုတ်မပြခင်အထိ သူက ရပ်တည်မပေးခဲ့။
ချမ်ကျုံး၏ အင်တာဗျူးကို ကြည့်နေရင်း ဖုကျန်းက ရယ်လိုက်သည်။ သူက ကျန်းဟန်ရှုကို မေးလိုက်သည်။
".နောက်သက်သေတွေ ထုတ်ပြလို့ရလောက်ပြီလား.....''
ကျန်းဟန်ရှုက သူ့ကို မော့ကြည့်ပြီးပြောလိုက်သည်။
"ထုတ်ပြခိုင်းဖို့ ကိုယ် လူတစ်ယောက် ရှာထားပြီးပြီ......"
ဖုကျန်းသည် အလှည့်အပြောင်းတစ်ခု လာတော့မည်ကိုတွေးရင်း ပျော်ရွှင်လာသည်။ ထိုအချိန်ရောက်လျှင် ကျွမ်ကျုံး၏အမူအယာမှာ မည်သို့မည်ပုံဖြစ်မည်ကိုတော့ မသိ။
".ကောင်းပြီ...."
ကျန်းဟန်ရှုက ဖုကျန်းအနားကိုလာကာ လက်ထဲကဖုန်းကို ဆွဲယူပြီးပြောလိုက်သည်။
"အိပ်ချိန်ရောက်ပြီ...."
"ဆယ်နာရီပဲရှိသေးတယ်လေ....."
ဖုကျန်းက ကျန်းဟန်ရှုကို ဆန္ဒပြသောအကြည့်ဖြင့် ကြည့်လိုက်သည်။ မျက်နှာဖြတ်ရိုက်သည်ကို တိုက်ရိုက်ကြည့်ရန် စောင့်နေချင်သေးသည်။
ကျန်းဟန်ရှုက ခေါင်းကိုပုတ်လိုက်သည်။
".နောက်ကျနေပြီ သွားအိပ်တော့....."
ဖုကျန်းလည်း နှေးတိနှေးကန်ဖြင့်ထကာ ရေချိုးခန်းထဲ ဝင်သွားသည်။
ကျန်းဟန်ရှုက နောက်ကနေ သတိပေးလိုက်သည်။
".အိပ်ယာဘေးက နွားနို့ကို သောက်ဖို့ မမေ့နဲ့နော်....."
"စစ်ဖို့ကျန်တဲ့စာရွက်စာတမ်းတွေပြီးရင် ကိုယ် ချက်ချင်းလိုက်လာခဲ့မယ်......"