အပိုင်း ၄၁
Viewers 23k

ဖုကျန်း ရေချိုးခန်းထဲမှ ပြန်ထွက်လာပြီးနောက် ကုတင်ဘေးမှ နွားနို့ကိုသောက်လိုက်သည်။ ထို့နောက် အိပ်ယာပေါ်တွင် လိမ်လိမ်မာမာ လှဲကာ မျက်လုံးကိုမှိတ်၍ အိပ်ရန်ပြင်တော့သည်။
ဖုကျန်းထွက်သွားပြီးမကြာလိုက် စာရွက်စာတမ်းများဖြင့် လုံးပမ်းနေသော ကျန်းဟန်ရှုကို မဒမ်ကျန်းက ဖုန်းဆက်လာသည်။ ဒီတစ်ကြိမ်တွင်တော့ ပုံမှန်နှင့်မတူစွာ မဒမ်ကျန်းက သူ့ကို ဘယ်အချိန် အိမ်ပြန်လာမလဲ မမေးဘဲ တစ်ခြားတစ်ခုကို မေးလိုက်သည်။
"ဟန်ရှုရေ အမေ အဖိုးချင်ပြောတာကြားခဲ့လို့ မင်းကောင်လေးကို ဆေးရုံခေါ်သွားတာဆို သူ ဘာဖြစ်လို့လဲ..."
ဘာကြောင့်ရယ်တော့မသိ ကျန်းဟန်ရှုသည် သူတို့ကိုယ်ပိုင်ဆေးရုံသို့ သွားရခြင်းကို မနှစ်သက်။ မြို့တော်ဆေးရုံတွင် အဆင်ပြေလျှင် မြို့တော်ဆေးရုံသို့သာ သွားမည်ဖြစ်သည်။ ရောဂါဆိုးဆိုးရွားရွား မဖြစ်မချင်း ကျန်းဆေးရုံကို ရွေးမည်မဟုတ်။
သူမက ဖုကျန်းကိုစမ်းသပ်ခဲ့သော ဆရာဝန်ကိုလည်း ခေါ်မေးခဲ့သေးသည်။ သို့သော် ဘာမှ မသိရ။ ထို့ကြောင့် ကျန်းဟန်ရှုကို လှမ်းမေးရခြင်းဖြစ်သည်။
ထိုကိစ္စကို ကြားလိုက်ရချိန်က မဒမ်ကျန်းသည် ကျန်းဟန်ရှုသဘောကျသော ကောင်လေးတွင် ကုမရနိုင်သော ရောဂါဆိုးရှိနေသလားဟု တွေးမိကာ ရင်ထဲထိတ်သွားသည်။ သူမအနေဖြင့် ဟန်ရှုသဘောကျသောကောင်လေးကို သိပ်မလိုလားသော်ငြား သူ တကယ်သဘောကျပါက သူတို့ကိုခွဲရန် ရည်ရွယ်ချက်မရှိပေ။
ကျန်းဟန်ရှုသည် မတိုင်မီကပင် ဒွိလိင်ဖြစ်ကြောင်း ကျန်းမိသားစုကို ဖွင့်ပြောရန် ဖုကျန်းနှင့် ဆွေးနွေးပြီးဖြစ်သည်။ အနာဂတ်တွင် ကလေးကို အိမ်ခေါ်လာပြီး လမ်းဘေးမှ သူတို့တွေ့လာတာဟု ပြော၍မရနိုင်။
"သူ့မှာကိုယ်ဝန်ရှိနေပြီ....."
ကျန်းဟန်ရှုက မဒမ်ကျန်းကို ပြန်ဖြေလိုက်သည်။
မဒမ်ကျန်းမှာ အချိန်အကြာကြီး အသံတိတ်သွားပြီး သူမ၏ အသံရှူသံကိုသာ ဖုန်းတစ်ဖက်မှ ကြားနေရသည်။
အကြာကြီးကြာမှ သူမက ပြောလာခဲ့သည်။
"ဟန်ရှုရေ အမေမှတ်မိသလောက်တော့ ဟိုတစ်ခေါက် အိမ်ပြန်လာတုန်းက မင်းကဂေးလို့ ပြောခဲ့သလားလို့ ..."
မဒမ်ကျန်းက ဆက်ပြောရန် ခက်နေ၍ ခဏရပ်လိုက်သည်။
"ကလေးလိုချင်ရင် မွေးစားလို့ရတယ်လေ တစ်ခြားမိန်းကလေးတွေကို ဒုက္ခမပေးပါနဲ့......."
ကျန်းဟန်ရှုက မဒမ်ကျန်းကို ပြောလိုက်သည်။
"သူ့ခန္ဓာကိုယ်က နည်းနည်းထူးခြားတယ်......"
"နည်းပညာတွေ တအားတိုးတက်လာလို့ ယောက်ျားလေးတောင် ကိုယ်ဝန်ဆောင်နိုင်ပြီလို့တော့ အမေ့ကို လာမရွှီးနဲ့နော်......."
မဒမ်ကျန်းက ကျန်းဟန်ရှု၏စကားများကို လုံးဝ အယုံအကြည်မရှိခဲ့။
ကျန်းဟန်ရှုက ဖွဖွလေး သက်ပြင်းချလိုက်သည်။
"သူက ဒွိလိင် ပြီးတော့ တကယ်ကိုယ်ဝန်ဆောင်နိုင်တယ်......"
မဒမ်ကျန်းသည် ကျန်းဟန်ရှု၏စကားများ စစ်မှန်သလားဟု တွေးနေရင်း ငြိမ်ကျသွားသည်။ ခဏအကြာမှ ကျန်းဟန်ရှုကို ပြောလိုက်သည်။
"တစ်ရက်လောက် သူ့ကိုတွေ့ဖို့‌ ခေါ်ခဲ့ဦး....."
"နားလည်ပါပြီ......."
ကျန်းဟန်ရှု ဖုန်းချလိုက်ပြီးနောက် စားပွဲပေါ်မှ စာရွက်စာတမ်းများကို လျင်လျင်မြန်မြန်ကိုင်တွယ်ကာ အိပ်ယာပေါ် လှဲနေပြီဖြစ်သော ဖုကျန်းကို ကြည့်ရန် အခန်းထဲသို့ ပြန်လာလိုက်သည်။ ကျန်းဟန်ရှုဝင်လာသောအခါ ဖုကျန်းက မျက်လုံးဖွင့်ကြည့်ပြီး သူ့ကို ပြုံးပြလိုက်သည်။
ကျန်းဟန်ရှု အနားသို့လာကာ သူ့ကို ငုံ့ကြည့်လိုက်သည်။
".ဘာလို့မအိပ်သေးတာလဲ......"
ဖုကျန်းက ပွင့်ပွင့်လင်းလင်း ဖြေလိုက်သည်။
"အိပ်မပျော်သေးဘူး ဖုန်းကိုင်ချင်သေးတယ်....."
ကျန်းဟန်ရှု၏ နှုတ်ခမ်းထောင့်စွန်းတို့မှာ ကော့တက်လာပြီး ဖုကျန်းကို ပြောလိုက်သည်။
"ကိုယ့်ကိုစောင့်နေတာလို့ပြောရင် ဖုန်းပေးမယ်...."
ဖုကျန်းက နှုတ်ခမ်းကိုလှုပ်လိုက်သည်။ သူသည် အမှန်တကယ်ကို ကျန်းဟန်ရှုကို စောင့်နေခြင်းဖြစ်သော်ငြား ကျန်းဟန်ရှုကတော့ ယုံဟန်မတူ။ မိခင်၏ စွန့်ပစ်ခြင်းခံရသော သားပေါက်လေးသဖွယ် သနားဖွယ်ကောင်းစွာ မျက်တောင်တဖျက်ဖျက်ခတ်ရင်း သူ့မျက်လုံးရွဲကြီးများဖြင့် ကျန်းဟန်ရှုကို ကြည့်လိုက်သည်။
ကျန်းဟန်ရှုက သူ့အိတ်ကပ်ထဲမှဖုန်းကို ထုတ်ပေးလိုက်သည်။
"အိုကေ......"
ဖုကျန်းလည်း ဖုန်းရရချင်းပင် ဝေ့ပေါ်ကို ဖွင့်လိုက်သည်။ ချမ်ကျုံး၏မျက်နှာ ဖူးယောင်နေပြီလားဆိုတာကို သူကြည့်ရမှဖြစ်မည်။
ချမ်ကျုံးအင်တာဗျူးနေစဉ်အတွင်း ယခင်က ဖုကျန်း အင်တာနက်ပေါ်မတင်ရသေးသော သက်သေအားလုံးကို ကျန်းဟန်ရှုက ထုတ်ပြလိုက်သည်။
ထိုဗီဒီယိုသည် ဖုကျန်း၏လက်ထဲတွင်ရှိနေသော တစ်ခုတည်းသောသက်သေဟုသာ လူတိုင်းက ထင်ခဲ့ကြသည်။ မဟုတ်ရင် သူက ဘာလို့ သက်သေတွေထုတ်မပြဘဲ ကျောက်ကျင် အင်တာနက်ပေါ်မှာ မြှောက်ကြွကြွ လုပ်နေတာကို လွှတ်ထားရတာလဲ။
အသစ်ထွက်လာသော သက်သေများအနက် တစ်ခုက ချွန်းဟွာတောင်ရိုက်နေစဉ်တွင် သူ့မိန်းမနှင့် နိုင်ငံခြားအပျော်ခရီးထွက်နေသော ကျောက်ကျင်ကို ရှင်းရှင်းလင်းလင်းကြီး ပြထားသည်။ ထိုအချက်တစ်ချက်တည်းအရပင်လျှင် တစ်ကြိတ်တည်းတစ်ဉာဏ်တည်းပြောခဲ့သော ကျောက်ကျင်နှင့် ချမ်ကျုံးတို့၏စကားများက ဘာမှမဟုတ်တော့။
သို့သော် ထိုသက်သေအပိုင်းအစလေးကသည်ပင် ထင်သလောက် လွယ်လွယ်တွေ့ခဲ့ခြင်းမဟုတ်။ ထိုအချိန်က ကျောက်ကျင်၏ပုံကို ရှာရန်က လွယ်ကူသော်ငြား ဓာတ်ပုံ၏အချိန်ကို သက်သေပြရန်မူ အများကြီး ကြိုးစားခဲ့ရသည်။ မည်သို့ပင်ဖြစ်စေကာမူ သက်သေသည် မေးခွန်းမထုတ်နိုင်လောက်အောင်ပင် ရှင်းရှင်းလင်းလင်း ထွက်လာပြီဖြစ်သည်။
ထို့ကြောင့်ပင် အင်တာနက်သုံးစွဲသူတို့က ဖုကျန်းနောက်ကွယ်တွင် တစ်ယောက်ယောက်ရှိနေပြီး ထိုသူက ဖုကျန်းချန်ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။
တကယ်လို့ ဖုကျန်းသာ ဒါရိုက်တာအစစ်ဆိုရင် ရုပ်ရှင်ထဲက ဇာတ်ကောင်တွေရဲ့ အချက်အလက်တွေကိုရော ထုတ်ပြတော့မှာလား။ ထိုခန့်မှန်းချက်ကို အခြေခံကာ ချွန်းဟွာတောင်ကို အကြိမ်များစွာ ပြန်ကြည့်ကြပြီးနောက်တွင်တော့ သူတို့သတိမထားမိခဲ့သော အချက်အလက်အများကြီးကို ရှာတွေ့ခဲ့သည်။ချန်းကျီ့ယီနှင့် ဖုကျန်းချန်တို့၏ ဘဝအတွေ့အကြုံ တို့မှာ မထင်မှတ်ထားစွာပင် အပိုင်းအခြားအချို့က တစ်ထပ်တည်းကျနေပြီး မွေးနေ့များမှာလည်း တစ်ချိန်တည်းဖြစ်နေသည်။
ထိုအချိန်တွင် လူတစ်ချို့က သူတို့ ဖုမိသားစုတွင် အလုပ်လုပ်ခဲ့ဖူးကြောင်းနှင့် ဖုမိသားစုပန်းခြံထဲရှိ ကျောက်တောင်ကို ချွန်းဟွာတောင်ဟု နာမည်ပေးထားကြောင်း ပြောလာကြသည်။
ထိုသို့ဖြင့် ချွန်းဟွာတောင်၏ ဒါရိုက်တာမှာ ဖုကျန်းဖြစ်ကြောင်း ချွင်းချက်မရှိ လက်ခံလာကြသည်။
ချွန်းဟွာတောင်သည် သူ့ဖခင်အပေါ် သူ၏ ထင်မြင်ချက်နှင့် မေတ္တာတရားကို အခြေခံထားသည်ဟု အဓိကရသစုံရှိုးတွင် ကျောက်ကျင်ပြောခဲ့သည်ကို ပြန်တွေးမိလျှင် အင်တာနက်သုံးသူအများစုမှာ ညလုံးပေါက်ပင် အော့အန်တော့မည်ဟု ခံစားရသည်။
ချမ်‌ကျုံးသည် ထိုအကြောင်းကို လုံးဝမသိထားသေး၍ အစီအစဉ်တင်ဆက်သူရှေ့တွင် ရယ်လိုက်မောလိုက်ဖြင့် လေပေါနေသည်။ ပရိသတ်အများစုမှာတော့ အမှန်တရားကို သိနေပြီးဖြစ်သည်။ အစောလေးတင်ကမှ ချမ်ကျုံးနှင့်အတူ ရယ်ကာမောကာ ဩဘာပေးနေသော်လည်း ချက်ခြင်းပင် အေးစက်ကာ ချမ်ကျုံး နောက်ထပ် ဘာလှည့်ကွက်လုပ်မလဲဆိုတာကို စောင့်ကြည့်နေကြသည်။
နောက်ပိုင်းတွင်တော့ ဒီနေ့အင်တာဗျူးကို ဟာသဟုသာ သတ်မှတ်လိုက်ကြတော့သည်။ တစ်ယောက်က ဖုန်းကို တိတ်တိတ်လေးထုတ်ကာ ထိုနေရာတွင်ရှိမနေသူများအတွက် တိုက်ရိုက်လွှင့်တော့သည်။
(အွန်လိုင်းပေါ်မှာ မျက်နှာတွေ ဖြတ်ရိုက်နေပါပြီ....)
(ချွန်းဟွာတောင်ရဲ့ဒါရိုက်တာက ဖုကျန်းမဟုတ်ဘူးလို့ သူပြောတော့ ငါတောင် ယုံမိတော့မလို့ အခုထိကို ကျောက်ကျင်က ဒါရိုက်တာပါလို့ ပြောရဲသေးတယ်နော် မရှက်ဘူးလားမသိဘူး...)
(တစ်နှစ်တာလုံးအတွက် ဝရုန်းသုန်းကားအဖြစ်ဆုံးဆု+1....)
(ကိုယ့်သေတွင်းကိုယ် တူးမိတာပဲဟေ့...)
.............
သူ့အနာဂတ်မှာ လုံးဝပျက်စီးသွားပြီဖြစ်ကြောင်းကိုတော့ ချမ်ကျုံးက အခုထိမသိသေး။ နေအနောက်အရပ်မှထွက်လျှင်တောင် သူကတော့ နောက်ကြောင်း ပြန်လှည့်နိုင်တော့မည်မဟုတ်။
ကျန်းဟန်ရှု ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် ဖုကျန်းသည် သူ့လက်ကို အိပ်ယာဘေးရှိ ဗီရိုပေါ်သို့ တင်ထားပြီးဖြစ်သည်။ ဘေးကိုစောင်းကာ အိပ်ပျော်နေသည်ဟု ထင်ရသော်လည်း လိပ်ပြာတောင်ပံခတ်သကဲ့သို့ တဆတ်ဆတ်တုန်နေသော မျက်တောင်များက သူ့ကို သစ္စာဖောက်နေသည်။
ကျန်းဟန်ရှုလည်း တိတ်တိတ်လေးပြုံးလိုက်ရင်း စောင်ကိုမ ကာ ဖုကျန်းဘေးတွင် ဝင်လှဲပြီး သူ့နောက်ကျောကို နှစ်ခါပုတ်လိုက်သည်။
".အိပ်တော့လေ....."
ဖုကျန်း၏ခေါင်းက ကျန်းဟန်ရှု၏လည်ပင်းနားသို့ တိုးဝှေ့လာသည်။ ကျန်းဟန်ရှုက ညအိပ်မီးသီးကို ပိတ်လိုက်သည်။ ခဏအကြာတွင်တော့ သူ့နားထဲတွင် ဖုကျန်း၏အသံရှူသံက စည်းချက်မှန်မှန် ထွက်ပေါ်လာသည်။
အိပ်မက်လှလှမက်ပါစေ။
..................
ဒီနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ထန်ဝမ်ဝမ်၏ မင်္ဂလာပွဲကို သူမ ဖုကျန်းအား ပြောခဲ့ဖူးသော Eaton Manor တွင် ကျင်းပနေသည်။
ဘာကြောင့်ရယ်ဟု ရေရေရာရာ မပြောတတ်သော်ငြား ထန်ဝမ်ဝမ်သည် ဖုကျန်းကို ဖိတ်စာပို့ခဲ့သေးသည်။ သို့သော် ဖုကျန်းက ထန်ဝမ်ဝမ်နှင့် ပတ်သက်ရန် အကြောင်းမရှိသလို မင်္ဂလာပွဲကိုသွားရန်လည်း မလိုအပ်ဟု တွေးခဲ့သည်။ အချိန်အားနေလျှင် အရောင်ထည့်တာ ဒါမှမဟုတ် ကျန်းဟန်ရှုအတွက် ပုံကြမ်းဆွဲတာကမှ ပိုကောင်းဦးမယ်။
မနက်နေရောင်သည် မှန်ပြတင်းကိုဖြတ်ကာ ဖြာကျနေသည်။ ကန့်လန့်ကာစက ထုံးခြောက်ရောင်ကြမ်းပြင်ပေါ်သို့ ပုံကျနေသည်။ ဖုကျန်းသည် ပုံဆွဲသင်ပုန်းကိုကိုင်ကာ ကော်ဇောထူထူပေါ်ထိုင်လိုက်ပြီး သူ့လက်ထဲမှ စုတ်တံဖြင့် အလုပ်ပြီးမြောက်ရေးကိုသာ အာရုံစိုက်ထားသည်။ ဆံစတို့က နဖူးပေါ် ဝေ့ကာဝဲကာ ကျဆင်းနေပြီး ပုံဆွဲသင်ပုန်းပေါ်တွင် ဓားတစ်လက်သဖွယ် အရိပ်ထင်နေသည်။
နှစ်ရောင်စပ်သရုပ်ဖော်ပုံပြီးသည့်နောက်တွင်တော့ ပိုမိုလွယ်ကူကာ ဝင်ငွေကောင်းသော ပုံတူအချို့ကိုဆွဲရန် အဆင်သင့်ဖြစ်နေလေပြီ။
တရားရုံးတွင် ကြားနာရန် ဆယ်ရက်ထက်မနည်း စောင့်ဆိုင်းရမည်ဖြစ်သည်။ နွေဦးပွဲတော်မှာ ရက်ပိုင်းအတွင်း ကျင်းပတော့မည်ဖြစ်ရာ ဒီအမှုက နောက်နှစ်အထိ ကြားနာဦးမည်မဟုတ်ချေ။ သူ့အိတ်ထဲသို့ ငွေများဝင်လာရန် အချိန်အကြာကြီး စောင့်ရဦးမည်ဟု ခန့်မှန်းရသည်။
"နောက်အစီအစဉ်ကဘာလဲ......"
ကျန်းဟန်ရှုသည် သူ့ဖခင်ထံမှ ခွင့်တစ်ရက်ယူကာ အိမ်တွင် ဖုကျန်းအတွက် မော်ဒယ်လုပ်ပေးရန် ပူးပေါင်း ဆောင်ရွက်နေသည်။
ဖုကျန်းက သူ့လှုပ်ရှားမှုကို ရပ်လိုက်ကာ ခေါင်းကိုစောင်း၍ အလေးအနက်စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"ငွေလုံလောက်ပြီဆိုရင် Shazhou Chronicle ကို ပြန်စချင်တယ်....."
ကျန်းဟန်ရှုသည် Shazhou Chronicle ကို တစ်ခါမျှ မဖတ်ဖူးသော်ငြား နိုင်ငံခြားတွင် နေခဲ့စဉ်က ဝမ်ထုန်သည် ထိုanime ကို အကြိမ်ပေါင်းများစွာ ပြောပြဖူးသည်။ သူပြောသည့်အချိန်တိုင်း Shazhou Chronicle သည် animation လောက၏ မျှော်လင့်ချက်အလင်းရောင် အစရှိသည့် အလွန်အကျူး ချီးကျူးမှုတို့ တစ်ခုပြီးတစ်ခု ထွက်လာတတ်ပြီး သူ့သူဌေးနှင့် ထွက်ပြေးသွားသော မရီးတို့အပေါ် တံတွေးများ တဖွားဖွားစင်ခြင်းဖြင့် အဆုံးသတ်တတ်သည်။
ထို animation ၏ ထုတ်လုပ်သူမှာ ဖုကျန်းဖြစ်နေလိမ့်မည်ဟု သူမျှော်လင့်မထား။ အမှန်အတိုင်းပြောရပါလျှင် သူသည် ထိုအရာများကို တစ်ခါမှ မရင်းနှီးခဲ့။
ကျန်းဟန်ရှုက ပြုံးကာချီးကျူးလိုက်သည်။
"အဲဒါက အရမ်းမိုက်တယ်......."
ကျန်းဟန်ရှုသည် သူ့ကို ကလေးတစ်ယောက်သဖွယ် ချော့ပြောနေသည်ဟု ခံစားမိ၍ ရှက်‌သွေးဖြာလာသည်။ သူ့ကျန်းမာရေးမှာ မကောင်းသည့်အပြင် ကိုယ်ဝန်လည်း ရှိနေသေးသည်။ တစ်မနက်ခင်းလုံးလည်း ပန်းချီဆွဲနေ၍ ကျန်းဟန်ရှုက ဖုကျန်းကို ပြောလိုက်သည်။
"အရမ်းကြီးအပင်ပန်းမခံနဲ့........"
"နားလည်ပါပြီ......"
ဖုကျန်းက ချက်ခြင်းပဲ လက်ထဲက tablet ကို ‌ချကာ ကွန်ပျူတာကို ဘေးသို့ တွန်းလိုက်သည်။
"ဟုတ်သားပဲ......"
ကျန်းဟန်ရှုက ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး ဖုကျန်းကို ပြောလိုက်သည်။
"ကိုယ့်အမေက မင်းကိုတွေ့ချင်နေတယ်......"
ဖုကျန်းက ကျန်းဟန်ရှုကို ရုတ်ခြည်း မော့ကြည့်လိုက်သည်။ ကျန်းဟန်ရှု၏ မျက်ဝန်းပြာများက ကန်ရေပြင်သဖွယ် တည်ငြိမ်နေသည်။
သူ့နားထဲမှ တဝီဝီမြည်သံကို ကြားနေရသလိုပင် ခံစားလိုက်ရသည်။သူ ကျန်းဟန်ရှုကို အကြာကြီး ငေးကြည့်နေလိုက်သည်။ ကျန်းဟန်ရှုက သူ့မိသားစုကို ထုတ်ဖော်ပြောကာ သူ့အတွက် အရေးပါသော မိဘများနှင့် တွေ့ပေးလိမ့်မည်ဟု ဖုကျန်းသည် လုံးဝမထင်ထားမိ။
ဘာမှမပြောနိုင်လောက်အောင် စိတ်လှုပ်ရှားနေ၍ လက်ကို ဆုပ်လိုက်ဖြန့်လိုက် လုပ်နေသည်။ ခဏကြာမှ သူက ကျန်းဟန်ရှုကိုမေးလိုက်သည်။
"သူတို့အကုန်လုံး သိနေကြတာလား..."
ကျန်းဟန်ရှုက ငုတ်တုတ်ထိုင်ကာ ဖုကျန်းကို ထိုင်းမှိုင်းစွာ ကြည့်လိုက်သည်။
"အခုတော့ ကိုယ့်အမေပဲ သိသေးတယ်......"
ဖုကျန်းက သူ့မျက်နှာမှာ အနည်းငယ်ပူနေသည်ဟု ခံစားလိုက်ရသည်။ ပါးစပ်ကိုဟလိုက်သော်ငြား စကားတစ်လုံးသာ ထွက်သွားသည်။
"သူမက......"
ကျန်းဟန်ရှုက ဖုကျန်း၏ ပြောလက်စစကားကို နားလည်လိုက်သည်။ ဖုကျန်းကို နှစ်သိမ့်ပြောလိုက်သည်။
"သူမက မင်းကို သဘောကျမှာသေချာပါတယ်....."
ကျန်းဟန်ရှုက ဖုကျန်းနဖူးပေါ်မှ ဆံပင်ကိုသပ်ပေးကာ သူ့ကို ဖြားယောင်းပြီးမေးလိုက်သည်။
"နောက်ပိုင်းကျ အားတယ်မလား ..ဟင်....."