သူက ထန်ဝမ်ဝမ်ကို မြင်မြင်ချင်း ချစ်မိသွားခြင်းဖြစ်သည်။ အနိမ့်အမြင့်အတက်အကျအားလုံး အတူတူဖြတ်သန်းပြီးနောက် အနာဂတ်တွင် မည်သူမှ သူတို့ကို ခွဲနိုင်တော့မည်မဟုတ်တော့။
ဖုကျန်းချန်က ထန်ဝမ်ဝမ်ကို ချင်ကျောက်၏ ရှေ့သို့ ခေါ်သွားလိုက်သည်။ သူ့အတွင်းရေးမှူး ရေးပေးထားသော အမှာစကားအရှည်ကြီးကို ပြောရမည်ဖြစ်သည်။ နှစ်ကြိမ်ဖတ်ပြီးနောက် အလွတ်ရလုနီးပါးဖြစ်သော်လည်း ထိုခဏတွင် သူ့မှာ အများကြီး ပြောစရာမရှိတော့။ ချင်ကျောက်ကို တိုက်တွန်းခြင်းသာ လုပ်လိုက်သည်။
"ဝမ်ဝမ့်ကို မင်းလက်ထဲထည့်လိုက်ပြီ သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှရမယ်နော်......"
မည်သူမှ ဖုကျန်းချန်၏ ဟန်ပျက်နေမှုကို သတိမထားမိ။ သူအချစ်ဆုံးသမီး လက်ထပ်သွားခြင်းကို နှမြောမိနေသည်ဟုသာ တွေးမိ၍ တိတ်တိတ်နေပေးလိုက်ကြသည်။
"စိတ်ချပါ ကျွန်တော်ဂရုစိုက်ပါ့မယ်......"
ချင်ကျောက်က ဖုကျန်းချန်ကို အာမခံလိုက်သည်။
ဖုကျန်းချန်က ထန်ဝမ်ဝမ်ကို ချင်ကျောက်၏လက်ထဲသို့ ထည့်ကာ သူ့ရှေ့မှ မောင်နှံကို ကြည့်လိုက်သည်။ အနာဂတ်တွင် ထန်ဝမ်ဝမ်သည် သူ့ကိုယ်ပိုင်မိသားစု ရှိလာတော့မည်ကို သိသော်လည်း သူ့နှလုံးသားထဲတွင် မည်သည့်တွန့်ဆုတ်မှုကိုမှ မခံစားရ။ ဘယ်ကထွက်လာမှန်းမသိသည့် ဝန်ထုပ်ဝန်ပိုးကြီး လျော့သွားသော ခံစားချက်ကိုသာ ရလိုက်သည်။
အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော ဘုန်းတော်ကြီးက စင်ပေါ်သို့ လျှောက်လှမ်းလာကာ ပူပူနွေးနွေးမောင်နှံအကြား ရပ်ပြီး ကောင်းချီးပေးလိုက်သည်။
ဘုန်းတော်ကြီးက ပြုံးလျက်နှင့် ချင်ကျောက်ကို မေးလိုက်သည်။
"သတို့သား ချင်ကျောက် ဒီလှပတဲ့အမျိုးသမီးကို သင့်ဇနီးအဖြစ် လက်ထပ်ဖို့ ဆန္ဒရှိလား ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ နာဖျားသည်ဖြစ်စေ ပျော်ရွှင်သည်ဖြစ်စေ ဝမ်းနည်းသည်ဖြစ်စေ သူမကို အပြည့်အဝချစ်မြတ်နိုးပြီး သေတစ်ပန်သက်တစ်ဆုံး သစ္စာရှိပါမယ်လို့ ကတိပြုနိုင်လား......."
ချင်ကျောက်က သူနှင့်မျက်နှာချင်းဆိုင်မှ ထန်ဝမ်ဝမ်ကိုသာ ကြည့်နေပြီး တုန့်ဆိုင်းခြင်းမရှိ ဖြေလိုက်သည်။
" ကျွန်တော်ဆန္ဒရှိပါတယ်......"
ထို့နောက် ဘုန်းတော်ကြီးက ထန်ဝမ်ဝမ်ဘက်ကိုလှည့်ကာ အလားတူမေးလိုက်သည်။
".ထန်ဝမ်ဝမ်မိန်းကလေး သင်ကရော ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကြွယ်ဝသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ နာဖျားသည်ဖြစ်စေ ယခုလက်ရှိအချိန်ဖြစ်စေ အိုမင်းလာချိန်ဖြစ်စေ သင့်အရှေ့မှ သတို့သားကို အမြဲတမ်း ချစ်မြတ်နိုးပြီး သူ့ကို ဘယ်တော့မှ ခွဲမသွားဖို့ ဆန္ဒပြုနိုင်သလား......"
ထန်ဝမ်ဝမ်က ပြုံးလိုက်သည်။ တဖိတ်ဖိတ်တောက်နေသော မျက်ဝန်းများဖြင့် ခေါင်းညိတ်ကာ ဖြေလိုက်သည်။
"ဘုရားသခင်ကောင်းချီးပေးပါစေ......"
ဘုန်းတော်ကြီးက ပြောလိုက်သည်။
".နောက်ထပ်အစီအစဉ်ကတော့ သတို့သားနဲ့သတို့သမီး လက်စွပ်လဲပေးရပါမယ်......."
ထန်ဝမ်ဝမ်က သူမ၏လက်ကို ဆန့်ထုတ်လိုက်သည်။ စိတ်လှုပ်ရှားနေသဖြင့် ထန်ဝမ်ဝမ်ကို လက်စွပ်ဝတ်ပေးရမည့် ချင်ကျောက်၏လက်မှာ တုန်နေပြီး လက်စွပ်မှာ လက်ထဲမှပင် ပြုတ်ကျလုနီးပါးဖြစ်သွားသည်။ ကံကောင်းထောက်မစွာဖြင့်ပင် ဘုရားသခင်၏ မေတ္တာတော်ကြောင့် အရာရာတိုင်းက ချောချောမွေ့မွေ့ဖြစ်သွားသည်။
ထန်ဝမ်ဝမ်ကတော့ ချင်ကျောက်ထက် အများကြီး ပိုတည်ငြိမ်သည်။ ချင်ကျောက်၏ဘယ်ဘက်လက်ကို လက်စွပ်စွပ်ပေးလိုက်ပြီး ခေါင်းကိုမော့ကာ တိုးတိုးလေး ပြောလိုက်သည်။
" အနာဂတ်မှာ ရှင်တစ်ယောက်ထဲပဲ...."
မင်္ဂလာမောင်နှံက တေးသံဩဘာသံတို့ကြားမှာပင် ပွေ့ဖက်လိုက်သည်။ ရောင်စုံဖဲကြိုးတို့က မိုးပေါ်မှ ကျလာကာ ပရိသတ်များက မတ်တပ်ရပ်ကာ အားပေးကြသည်။ ကင်မရာဒါဇင်ပေါင်းများစွာက ထောင့်တိုင်းမှ ရိုက်ကူးနေကာ ကမ္ဘာတစ်ဝန်းလုံး ပျော်ရွှင်နေဟန်ရှိသည်။ ဝမ်းနည်းမှုမရှိ နာကျင်မှုမရှိ ချစ်သူနှစ်ဦးကြားက ချိုမြိန်မှုသာ ရှိနေသည်။
ရှေ့တန်းတွင်ထိုင်ကာ ကောင်းချီးပေးနေဟန်ရှိသော်လည်း စိတ်လွင့်ပျံ့နေသော ဖုကျန်းချန်နှင့် ဖုထင်းတို့ကို မည်သူမှ ဂရုမပြုမိ။ သူတို့၏ လက်ခုပ်များက ကျောက်ရုပ်များသဖွယ် လေထဲတွင်ပင် ရပ်တန့်နေသည်။
ဖုကျန်းချန်က ခပ်တောင့်တောင့်ထိုင်နေသည်။ ထန်ဝမ်ဝမ်နှင့် ချင်ကျောက်တို့ နမ်းလိုက်ချိန်တွင် သူ့ကိုယ်ထဲမှ သွေးများက ပျစ်ခဲသွားသည်။ အလင်းစက်သေးသေးလေးများက သူ့မျက်စိရှေ့တွင် ပေါ်လာပြီး အဖြူရောင်အလင်းတန်းကြီးအဖြစ် ဖြာထွက်လာသည်။ ဖုကျန်းချန်က မျက်လုံးကိုမှိတ်လိုက်ပြီး သူပြန်ဖွင့်လိုက်ချိန်တွင်တော့ တစ်နှစ်၊နှစ်နှစ်၊ သုံးနှစ်အရွယ် ကလေးများစွာက သူ့ခြေထောက်နားတွင် ဝိုင်းအုံနေကြသည်။ မျက်လုံးရွဲကြီးများဖြင့် သူ့ဘောင်းဘီကို ဆုပ်ကိုင်ကာ အနားစကို ဆွဲထားရင်း ဖေဖေ့ ဖေဖေ့ ဟု အဆက်မပြတ် ခေါ်နေကြသည်။
ဖုကျန်းချန်၏မျက်နှာတွင် အပြုံးတစ်ပွင့်က ထွက်ပေါ်လာသည်။ သူ့ရှေ့မလှမ်းမကမ်းမှ အဖြူရောင် စန္ဒယားပေါ်တွင် ဖုကျန်းကို တွေ့လိုက်သည်။ သူ့နာမည်ကိုခေါ်ရန် ပါးစပ်ကိုဖွင့်လိုက်သည်။ အသံတစ်သံမှထွက်မလာခဲ့။ သူ့ကိုပွေ့ဖက်ရန် မတ်တပ်ရပ်လိုက်ချင်သော်လည်း သူ့ခန္ဓာကိုယ်မှာ နှင်းရုပ်ထုသဖွယ် အေးခဲနေသည်။
စန္ဒယားပေါ်တွင်ထိုင်နေသောဖုကျန်းသည် နောက်ဆုံးတွင် ခေါင်းမော့လာပြီး သူ့ကို သတိပြုမိလိုက်သည်။ သူ့နှုတ်ခမ်းဖျားတွင် အပြုံးတစ်ပွင့်က တစ်ဖြေးဖြေးထွက်ပေါ်လာသည်။ ဖုကျန်းချန်သည် တိတ်တိတ်လေးထိုင်နေပြီး သူ့ကို အဖေဟု ခေါ်ကာ သူ့အနားသို့ ရောက်လာမည်ကို စောင့်နေသည်။
မည်သို့ပင်ဖြစ်စေ သူ့အတွေးများကပင် သူ့စိတ်ကို အမှီမလိုက်နိုင်။ သူ့အကြည့်ထဲမှ ဖုကျန်းသည် စန္ဒယားပေါ်မှ ခုန်ဆင်းကာ အသက်ဝင်နေသော ခန်းမအပြင်ဘက်သို့ လှည့်ထွက်သွားသည်။ သူက ဖုကျန်းချန်ကို နောက်တစ်ခေါက် ထပ်မကြည့်တော့။ အပြင်ဘက်မှ အလင်းရောင်က သူ့ကို အပြည့်အဝ ဝါးမျိုသွားပြီးနောက် ရှောင်ဖုကျန်းသည် သူ့အကြည့်အောက်မှ လုံးဝပျောက်ကွယ်သွားသည်။ အစမှအဆုံးအထိ သူက လုံးဝ နောက်ပြန်လှည့်မကြည့်ခဲ့။
ဖုကျန်းချန်သည်လည်း ဖုကျန်း၏ ဘယ်ခြေထောက်မှ ဒဏ်ရာကို သတိထားလိုက်မိသည်။ ထိုဒဏ်ရာကြောင့် သူက လမ်းကို သွက်သွက်မလျှောက်နိုင်သည့်အပြင် နည်းနည်းလေး ထော့ကျိုးဖြစ်နေသည်။
ဖုကျန်းထွက်သွားပြီးနောက် သူ့ခြေထောက်နားမှ ကလေးများကလည်း တစ်ဖြေးဖြေး ပျောက်ကွယ်သွားသည်။ သူ့ရှေ့တွင် နောက်ဆုံးကလေးတစ်ယောက်သာ ကျန်နေတော့သည်။
ဖုကျန်းချန်သည် လက်ကိုမြှောက်ကာ သူ့ကို ထိလိုက်ချင်သော်ငြား သူ့လက်ချောင်းများက ကလေးနဖူးကို ထိလိုက်မိလျှင်ပင် ပုံရိပ်အားလုံးက ရုတ်ခြည်းပျောက်ကွယ်သွားသည်။
သူ့အရှေ့တွင် ဖဲကြိုးများ ကျဆင်းနေဆဲဖြစ်ပြီး သူ့ပတ်လည်တွင်လည်း ဆူညံနေဆဲဖြစ်သည်။ သူ့လက်ဖဝါးမှာတော့ အလွတ်ဖြစ်နေကာ အေးစက်စက်လေထုကသာ ဝမ်းနည်းဖွယ် ကျန်နေခဲ့သည်။
သူ တစ်ခုမှ မဖမ်းမိလိုက်သည့်နှယ် အရာအားလုံးကို ဆုံးရှုံးလိုက်ရသလို ခံစားရသည်။
ဖုထင်းမှာလည်း ဖုကျန်းချန်ထက် မသာ။ သူမော့ကြည့်လိုက်ချိန်တွင် နွယ်နှင်းဆီပြတင်းပေါက်ပေါ်တွင် ခြေထောက်ကို လွှဲယမ်းနေသော သူ့ညီကို တွေ့လိုက်ရသည်။ သူ့လက်များက သီချင်းသံကို စည်းချက်လိုက်နေပြီး မျက်စိတစ်မှိတ်အတွင်းတွင်ပင် ပြုတ်ကျလာတော့မလိုပင်။ ဖုထင်းသည် မတော်တဆမှုကို တားဆီးရန် အကူအညီတောင်းလိုက်ချင်သော်ငြား အာစေးမိကာ အသံထွက်မလာခဲ့။