အပိုင်း ၄၃
Viewers 23k

(T.N နွယ်နှင်း‌ဆီပြတင်းပေါက် - ပြတင်းပေါက်ရဲ့ မှန်တွေက လှည်းဘီး/ နှင်းဆီပန်းပွင့်လို အဝိုင်းပုံဖြစ်နေလို့ နွယ်နှင်းဆီပြတင်းပေါက်လို့ ခေါ်တာပါ)
နွယ်နှင်းဆီပြတင်းပေါက်တွင် ထိုင်နေရင်း ဖုကျန်းသည် ဖုထင်း၏ စိတ်အတက်အကျကို ခံစားလိုက်မိသည်။ သူက ရုတ်တရက် ခေါင်းကိုမော့ကာ ဖုထင်းကို ကြည့်လိုက်ပြီးနောက် မျက်လုံးကို မှေးကျဉ်းလိုက်သည်။ ဖုထင်း မတုန့်ပြန်ခင်မှာပဲ သူက ပြတင်းပေါက်ပေါ်မှ ခုန်ချလိုက်သည်။
ဖုထင်းက မတ်တပ်ရပ်ကာ သူ့ကို ပြေးဖမ်းလိုက်ချင်သော်ငြား သူ့ခန္ဓာကိုယ်က ထိုင်ခုံပေါ်တွင် ကျောက်ချနေပြီး လုံးဝလှုပ်မရခဲ့။
သူ့ညီလေး သွေးအိုင်ထဲလဲသွားသည့် ပုံရိပ်ကိုသာ ကြည့်နေခဲ့ရသည်။ သို့သော် မကြာမီပင် သူ့မျက်စိထဲမှ သွေးအိုင်က ပျောက်ကွယ်သွားပြီး ဖုကျန်းက‌ နောက်တစ်ကြိမ် မတ်တပ်ရပ်လာသည်။ သူ့မျက်နှာပေါ်က သွေးများက ပြောင်စင်သွားကာ ဆူညံနေသော ခန်းမထဲမှ ခပ်သွက်သွက်ထွက်သွားပြီး အပြင်ဘက်ရှိ နေရောင်အောက်တွင် ပျောက်ကွယ်သွားသည်။
အချိန်အကြာကြီးကြာမှ ဖုထင်းလည်း သတိဝင်လာပြီး မြူးကြွကြွတေးသံက နားထဲဝင်လာသည်။ ထန်ဝမ်ဝမ်က စင်ပေါ်တွင် နောက်ပြန်ရပ်နေပြီး သတို့သမီးအရံများထံ ပန်းစီးကို ပစ်ပေးလိုက်သည်။ ခန်းမတစ်ခုလုံး ရယ်သံမောသံ အုန်းအုန်းညံသွားသည်။
သို့သော် ပျော်ရွှင်ခြင်းမှာ အခြားသူများနှင့်သာ သက်ဆိုင်ပြီး သူတို့အတွက်တော့ ဘာမှမဟုတ်။
(သူတို့=ဖုသားအဖ)
အခမ်းအနားအစီအစဉ်အားလုံး ပြီးသွားပြီးနောက် စားသောက်ပွဲ စတင်လာသည်။ ခန်းမထဲမှ ပရိသတ်များက အလုအယက် ရယ်ကာမောကာ တောင်းဆု‌ခြွေနေကြသည်။
ထိုအခိုက်အတန့်မှာပင် ဖုကျန်းချန်က ထိုင်ခုံမှ မတ်တပ်ထရပ်လိုက်သည်။ သူ့ဘေးမှ ဖုထင်းကလည်း ရပ်လိုက်ကာ သူနှင့်အတူတူ အပြင်သို့ ထွက်လာခဲ့သည်။ ဘေးမှ ဝန်ထမ်းက သူတို့ထွက်သွားသည်ကို မြင်လျှင် အံ့ဩသွားပြီး ခပ်သုတ်သုတ် မေးလိုက်သည်။
"မစ္စတာဖု ဘယ်သွားမလို့လဲ သတို့သား သတို့သမီးကို ဂုဏ်ပြုတာ မပြီးသေးဘူးလေ........"
ဖုကျန်းချန်က ဘာမှပြန်မပြောခဲ့။ သူ့လက်ကိုဆန့်ထုတ်ကာ ထိုလူကို တွန်းလိုက်ပြီး ခန်းမထဲမှ ထွက်လာခဲ့သည်။ ဖုထင်းလည်း သူ့နောက်မှ လိုက်လာပြီး နှစ်ယောက်သား စားသောက်ပွဲမှ ထွက်လာခဲ့သည်။
သူတို့နှစ်ယောက် ထွက်သွားသည်ကို တစ်စုံတစ်ယောက်က သတိထားမိခဲ့သော်လည်း ထိုသူနှစ်ယောက်မှာ တီးတိုးပြောရန် အပြင်ထွက်သွားခြင်းသာဖြစ်ပြီး မကြာခင် ပြန်လာလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် သတို့သားသတို့သမီး cheerလုပ်သည်အထိ Eston Manor တွင် ပြန်ပေါ်မလာတော့။
ဝန်ထမ်းသည် သူတို့ကို အချိန်အကြာကြီး ရှာခဲ့သော်လည်း ဖုန်းပင်ဆက်၍မရ။ သူတို့မှာ အိုးပူထဲမှ ပုရွက်ဆိတ်များသဖွယ် လှုပ်လှုပ်ရွရွဖြစ်လာသည်။ မင်္ဂလာပွဲတွင် ဖြစ်သွားနိုင်သော မတော်တဆမှုအမျိုးမျိုးကို တွေးကာ တန်ပြန်နည်းလမ်းများကိုပင် တာဝန်ခွဲဝေခဲ့သည်။ သို့သော် သတို့သမီး၏ အရေးအကြီးဆုံး ဆွေမျိုးနှစ်ယောက်က ထိုနေ့တွင် ရုတ်တရက်ပျောက်သွားလိမ့်မည်ဟု မည်သူမှ မထင်ထားကြ။
"ကျွန်မအဖေနဲ့ အစ်ကိုရော......"
ထန်ဝမ်ဝမ်မှာ cheer လုပ်ရတော့မည်ဖြစ်သည်။ ‌ချင်ကျောက်၏မိဘများက ရှေ့တွင် ထိုင်‌နှင့်နေကြသော်လည်း ဖုကျန်းချန်ကတော့ လုံးဝရောက်မလာခဲ့။ ထန်ဝမ်ဝမ်သည် ဖုကျန်းချန်မေ့သွားသည်ထင်၍ လိုက်ရှာနေသေးသည်။ အဆုံးတွင်တော့ လွတ်နေသော နေရာနှစ်ခုကိုသာ တွေ့လိုက်ရသည်။
သူမသည် ဘေးနားမှ ဧည့်သည်များကို သူမအဖေနှင့်အစ်ကို ဘ်ာထွက်သွားသလဲဟု မေးလိုက်သည်။ ဘေးမှတစ်ယောက်က ပြန်ဖြေလိုက်သည်။
"မစ္စတာဖုတို့နှစ်ယောက်က အရေးတကြီးကိစ္စရှိလို့လားတော့မသိဘူး အလောတကြီး ထွက်သွားကြတယ်......."
ထန်ဝမ်ဝမ်သည် ဘယ်အရာက သူမ၏ မင်္ဂလာပွဲထက် အရေးကြီးနေသလဲဟု စိတ်ကသိကအောက်ဖြစ်သွားသော်ငြား ဒီနေ့သည် သူမ၏ ပွဲနေ့ဖြစ်သည့်အတွက် ဧည့်သည်များကို ရည်ရည်မွန်မွန်ပြုံးကာ ပြောလိုက်သည်။
"ဒါဆို cheer လုပ်ဖို့ ပြန်လာခဲ့မယ်နော်......"
ချင်ကျောက်သည် ထန်ဝမ်ဝမ်တစ်ယောက် မျက်မှောင်တွန့်ကာ ပြန်လာသည်ကို ကြည့်ပြီး မေးလိုက်သည်။
"အန်ကယ်ဖုရော......."
ထန်ဝမ်ဝမ်က ခေါင်းကိုသာ အသာယမ်းလိုက်သည်။ ထို့နောက် ချင်ကျောက်၏နှာထိပ်ဖျားကိုထိကာ ခပ်ပြုံးပြုံးပြောလိုက်သည်။
"ရှင်က အန်ကယ်ဖုလို့ပဲ ခေါ်နေသေးတယ်ပေါ့......."
"အခု ဘာလုပ်ရမလဲ......"
ချင်ကျောက်က သူမကိုမေးလိုက်သည်။
ထန်ဝမ်ဝမ်လည်း ခန်းမထဲမှ ဧည့်သည်များကို စောင်းကြည့်ရင်း သက်ပြင်းဖွဖွချကာ ပြောလိုက်သည်။
"သိပ်မှမကြာတော့တာ ဆက်လုပ်ကြ‌တာပေါ့....."
ထိုသို့ဖြင့်ပင် ဂုဏ်ပြုပွဲအစီအစဉ်မှာ ချင်ကျောက်၏ မိဘများသာ ထိုင်နေခဲ့ပြီး ဖုကျန်းချန်နှင့် အခြားသူများကတော့ အစမှအဆုံးအထိ ‌တစ်ချက်လေးမှ ပေါ်မလာခဲ့တော့ပေ။
ဧည့်သည်များက အတွေးနက်သွားကြသည်။ သတို့သမီး၏မိဘများမှာ သေဆုံးခြင်း သို့မဟုတ် အပြင်းအထန် နာဖျားမှသာလျှင် ပျက်ကွက်ကြခြင်းဖြစ်သည်။ သို့သော် ဖုကျန်းချန်မှာ အစောလေးတင်ကပင် ထိုင်နေဆဲဖြစ်သည်ကို ဘာလို့ ရုတ်တရက်ကြီး ထွက်သွားရတာလဲ။
ဖုမိသားစုက စီးပွားပျက်တော့မှာမလို့လား။ သူတို့လည်း သတင်းမကြားမိသေးပါဘူး။
ချင်ကျောက်၏မိဘများကလည်း ဖုကျန်းချန်၏အပြုအမူကို သဘောမတွေ့ကြတော့။ ဘယ်လောက် အရေးကြီးကြီး ထွက်သွားလို့မရဘူးလေ။ ထိုသို့တွေးမိသော်ငြား သူတို့၏ သားနှင့် ချွေးမကိုကြည့်ကာ ပြုံးနေကြဆဲဖြစ်သည်။
ထိုခဏတွင်ပင် သူတို့သည် ထန်ဝမ်ဝမ်ကို ယခင်ကလောက် သဘောမကျတော့ဟု ခံစားမိသည်။ သူမက ဖုကျန်းချန်၏ ရင်နှစ်သည်းချာဖြစ်သည်ဟု တွေးမိသောအခါတွင်တော့ အရာအားလုံးကို လက်သင့်ခံလာနိုင်ပြန်သည်။
ချင်ကျောက်၏မိဘများသာ ထန်ဝမ်ဝမ်အပေါ် အမြင်ပြောင်းသွားခြင်းမဟုတ်။ ဧည့်သည်များကလည်း သူမသည် ယခင်ကလောက် မလှပတော့၊ သူမ၏အပြုံးကလည်း ယခင်ကလောက် မချိုမြိန်တော့ဟု ထင်လာကြသည်။ လက်ထပ်ပြီးသွား၍ဖြစ်မည်ဟုသာ သူတို့ကိုယ်သူတို့ နှစ်သိမ့်လိုက်ကြသည်။
carnival ကိုကြုံတွေ့ပြီးနောက် တိုက်ရိုက်ကြည့်နေသော ပရိသတ်များသည် အရာရာတိုင်းက ငြီးငွေ့စရာကောင်းသည်ဟု ခံစားလာရသည်။
(carnival - ပွဲတော်တစ်ခုပါ ဇိမ်ခံသ‌င်္ဘောလည်း ရှိတော့ ဒီနေရာမှာ ဇိမ်ခံသင်္ဘောကိုမြင်ပြီးသွားမလို့ သူ့ပွဲက အံ့ဩစရာမရှိဘဲ ပျင်းလာတယ်လို့ ဆိုလိုချင်တာလားမသိဘူး)
သူတို့က တိုက်ရိုက်လွှင့်နေသည်ကို ပိတ်လိုက်သော်ငြား Weibo တွင်တော့ ထန်ဝမ်ဝမ်၏ မင်္ဂလာပွဲသည် အချိန်အကြာကြီး hot search list ထဲတွင် ရှိနေသည်။
ပြီးပြည့်စုံသောချစ်ခြင်းကို ပြသသည့်ပွဲသည်တော့ အားလုံး၏ ကောင်းချီးကိုခံယူရင်းဖြင့်ပင် အောင်အောင်မြင်မြင် ပြီးမြောက်သွားပြီဖြစ်သည်။ တစ်လောကလုံးလည်း တစ်ဖြေးဖြေး နေ့စဉ်ဓူဝကိစ္စထဲသို့ ပြန်ရောက်လာပြီဖြစ်သည်။
ဖုကျန်းချန်က အိမ်ပြန်လာကာ သူမရောက်ဖြစ်တာ အတော်ကြာနေပြီဖြစ်သော ဖုကျန်း၏အခန်းထဲမှ ပြတင်းပေါက်ဘေးတွင် ထိုင်‌နေခဲ့သည်။
အခန်းမှာ အချိန်အတော်ကြာမရှင်းထား၍ ဖုန်များထူထပ်နေသည်။ အိပ်ရာပေါ်က အရုပ်လေးက ပြန်မလာသည်မှာ အတော်ကြာပြီဖြစ်သော ပိုင်ရှင်ပြန်အလာကို စောင့်ဆိုင်းနေသည်။ ဗီရိုထဲမှ ဂီတဘူးက‌တော့ အတော်ကြာသည်အထိ အသံထွက်မလာနိုင်ခဲ့။ ဖုကျန်းချန်လည်း ထိုနေရာတွင်ပင် တိတ်တိတ်လေးထိုင်နေကာ တစ်လောကလုံး တိတ်ဆိတ်နေသည်။
ပြတင်းပေါက်အပြင်ဘက်တွင် လေအေးတစ်သုတ်က တစ်ဝုန်းဝုန်းတိုက်ခတ်နေသည်။ လေရူးက မေ့ဖျောက်ထားသော အတိတ်အားလုံးကို ပြန်သယ်ဆောင်လာသည်။ လွမ်းဆွေးဖွယ်နေရောင်ခြည်က သူ့မျက်နှာခါးသက်သက်ပေါ်သို့ ပြောက်တိပြောက်ကြား ကျနေသည်။ နှင်းအရည်ပျော်သည့် နွေဦးတွင် ရယ်မောနေသော ကလေး၏ မျက်နှာကို ပြန်မြင်လာသည်။ ညနေခြောက်နာရီတွင် သူနှင့်အတူ လယ်ကွင်းထဲတွင် ပုစဉ်းဖမ်းခဲ့သည်ကို မြင်ယောင်လာသည်။ လွန်ခဲ့သောနှစ်နှစ်ကပင် သူရသင့်သည့် ကျောက်ဆောင်အောက်မှ ဖုန်ထူနေသောလက်ဆောင်ကို တွေးလိုက်မိသည်။ တောက်ပနေသော စကြဝဠာအောက်တွင် သူကန်ချလိုက်၍ လှေကားပေါ်မှ တလိမ့်ကောက်ကွေးပြုတ်ကျလာသော ကောင်လေးကို သတိရလိုက်သည်။ သူ့ခန္ဓာကိုယ်မှ စီးလာသော သွေးအိုင်က တစ်လောကလုံးကို ဖုံးလွှမ်းပစ်သည်။
ဖုကျန်းချန်သည် သူ့ရင်ဘက်ကို ဖိလိုက်သည်။ ‌မရေမတွက်နိုင်သော ပုရွက်ဆိတ်နှင့် ပိုးကောင်များက တရွရွတက်လာကာ သူတို့၏ ချွန်ထက်သောသွားများဖြင့် သူ့နှလုံးကို ဆုတ်ဖြဲကာ ဝါးမျိုနေကြသလိုပင်။
နာကျင်မှုကို ခံနိုင်စွမ်းမရှိတော့၍ မရှူနိုင် မကယ်နိုင် ဖြစ်လာသည်။
အဲဒါက သူအချစ်ရဆုံးကလေးလေ အဲ့နေ့က ဘယ်လိုတောင် ရက်စက်နိုင်ခဲ့ရတာလဲ ဘယ်လိုဖြစ်ပြီး ဘယ်လိုဖြစ်ပြီးတော့ သူ့ကို အဲ့လိုမျိုး ဆက်ဆံနိုင်ခဲ့ရတာလဲ
ဖုန်းက သူ့အင်္ကျီအိတ်ကပ်ထဲမှ လျောကျလာသည်။ ကောက်ရန်ပြင်လိုက်သော်လည်း လက်မှာ တဆက်ဆက်တုန်နေ၍ ကြမ်းပေါ်သို့ အကြိမ်များစွာ ပြုတ်ကျလုနီးပါးပင်။ ဓာတ်ပုံ album ကိုဖွင့်လိုက်သည်။ချိုမြိန်သော အမှတ်တရများမှာတော့ ဖျက်လိုက်ပြီးဖြစ်သည်။ ဓာတ်ပုံအချို့မှာ လွန်ခဲ့သောအချိန်က ဖုထင်း သူ့ကိုပို့ထားခြင်းဖြစ်သည်။ ထိုဓာတ်ပုံများထဲတွင် ဖုထင်းသည် အရောင်လွင့်နေသော အပြာရောင်အလုပ်ကြမ်းဝတ်စုံအဟောင်းကို ဝတ်ကာ ဆောက်လုပ်ရေးဆိုက်တွင် သဲအိတ်လှည်းတွန်းနေသည်။ ပြိုကျနေသော နံရံကိုမှီကာ အမူအယာမဲ့စွာဖြင့် နေ့လည်စာဘူးကို စားနေသည်။ နောက်‌ဆုံးတစ်ပုံမှာတော့ ပြန်ပေးဆွဲသမားများ သူ့ကို ပို့ထားသည့်ပုံဖြစ်သည်။
လိုင်းမကောင်း၍ပဲလား အခြားအကြောင်းကြောင့်လားတော့မသိ။ ထိုဓာတ်ပုံမှာ နှစ်သစ်ကူးပြီး ရက်အနည်းငယ်အကြာမှ သူ့ဆီရောက်လာသည်။ ထို့နောက်တွင်တော့ ညတိုင်း အိပ်မက်ဆိုး၏ လွှမ်းမိုးခြင်းကို ခံခဲ့ရသည်။
ဖုထင်း‌လျှောက်လာချိန်တွင် ထိုဓာတ်ပုံကို မြင်လိုက်သည်။ ပုံထဲမှဖုကျန်းမှာ ထိုင်ခုံပေါ်တွင် ကြိုးတုပ်ခံထားရပြီး ခေါင်းငိုက်စိုက်ကျနေသည်။ အလင်းရောင်မကောင်းသော်ငြား သူ့နှုတ်ခမ်းထောင့်ရှိ ခရမ်းပုတ်ရောင်ဒဏ်ရာကိုတော့ ကောင်းကောင်းမြင်နေရသည်။ သွေးစများက ခြောက်ကပ်နေပြီး မျက်နှာမှာ ဖြူဖျော့နေသည်။ သေတော့မလိုပင်။
ဖုထင်းမှာ အသံပင်မထွက်နိုင်တော့။ ဖုကျန်းချန်၏ဘေးတွင် ဒူးထောက်လျက်သားကျသွားပြီး မေးလိုက်သည်။
"ဒီဓာတ်ပုံက ဘယ်အချိန်တုန်းကဟာလဲ......"
ဖုကျန်းချန်လည်း သူ့ဘေးမှ ဖုထင်းကို မော့ကြည့်ပြီး ထုံထိုင်းစွာဖြင့်ပင် ပြန်ဖြေလိုက်သည်။
"ငါ့ကို နှစ်သစ်ကူးနေ့မတိုင်မီက ပို့ခဲ့တာ......"
ဖုထင်က အလောတကြီးမေးလိုက်သည်။
" ဘယ်သူတွေလဲ ဘာလို့ ဒီလိုပုံမျိုးကို ပို့တာတဲ့လဲ......"
ဖုကျန်းချန်က ခေါင်းကိုယမ်းကာ ပြောလိုက်သည်။
"လျှိုမိသားစုက သန်း ၈၀ လွှဲခိုင်းတယ် မဟုတ်ရင်......."
မဟုတ်ရင် သူတို့က ဖုကျန်းကို သတ်ပစ်မှာတဲ့။
".ပြီးတော့ရော...."
ဖုထင်းက မေးလိုက်သည်။
နာကျင်နေသော အမူအယာဖြင့် ဖုကျန်းချန်က သူ့နဖူးကို ဖိလိုက်သည်။ ဖုထင်၏ရှေ့တွင် သူ့ကို တစ်ခါမှ ဒီလိုပုံစံမျိုးဖြင့် မမြင်ဖူး။ သူက ဖုထင်ကို ပြောလိုက်သည်။
"အဲ့အချိန်တုန်းက ထန်ဝမ်ဝမ် ခြေထောက်ဒဏ်ရာရလို့ သူမကို ဆေးရုံလိုက်ပို့ပေးနေတာ ပြန်ပေးဆွဲတဲ့သူတွေဆီကနေ ဖုန်းထပ်မရတော့ဘူး....."
ဘာလို့လဲဆိုတော့ သူ့ဖုန်းထဲက ပြန်ပေးသမားတွေရဲ့ ဖုန်းနံပါတ်က block ခံလိုက်ရလို့။
ဖုထင်းသည်လည်း ထန်ဝမ်ဝမ် ခိုက်မိသည့်နေ့ကို အမှတ်ရလိုက်သည်။ ထိုနေ့က သူမအတွက် မိတ်ဆက်ပွဲတစ်ခု တက်ပေးရန် နားလည်ရခက်စွာပင် တောင်းဆိုခဲ့ပြီး သူကလည်း မငြင်းခဲ့။ ပြီးတော့ အဲ့အကြောင်း ဘာမှမသိတော့။
ဖုကျန်းချန်မှာ သူ့ကိုယ်သူ နက်နက်ရှိုင်းရှိုင်းပင် အပြစ်တင်နေမိသည်။ ဘယ်လိုနည်းနဲ့မှ သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်တော့။ လွန်ခဲ့သည့်နှစ်နှစ်အတွင်း ဖုကျန်းခံစားခဲ့ရသည့် ခါးသီးမှုများနှင့် ပြန်ပေးဆွဲသမားများ၏ လက်ထဲတွင် ကြုံတွေ့ခဲ့ရမည့် နှိပ်စက်မှုများကို စဉ်းစားမိလျှင် သူ့နှလုံးသား အက်ကွဲလုနီးပါးပင်။
ကံကောင်းထောက်မစွာဖြင့်ပင် လျှိုညီအစ်ကို ၏လက်ထဲတွင် သူမသေခဲ့။ လတ်တလော ချွန်းဟွာတောင်၏ ဒါရိုက်တာ ပြဿနာအရ အနည်းဆုံးတော့ ဖုကျန်း အသက်ရှင်နေသေးကြောင်း သိရသည်။
သူအသက်ရှင်နေမှာပါ သေချာပေါက်ကို ရှင်နေမှာ
ဖုကျန်းချန်သည် ကြမ်းပေါ်မှ ဖြေးဖြေးချင်းထလိုက်သည်။ ဘာကိစ္စပဲရှိရှိ ဒီတစ်ခါတော့ သူလဲကျလို့မရဘူး။ တကယ်လို့ ပြိုလဲသွားမယ်ဆိုရင် အနာဂတ်မှာသူတို့ရဲ့ ကျန်းကျန်းကို ဘယ်သူက ကာကွယ်ပေးမှာလဲ။
ပြင်းထန်သောခံစားချက်ကြောင့် ဖုကျန်းချန်၏ မျက်နှာမှာ အရောင်မဲ့ကာ ကြည့်ရဆိုးနေသည်။ ဖုထင်းက သူ့ကိုတွဲရင်း ပြောလိုက်သည်။
"ဒီရက်ပိုင်းထဲမှာ ကျွန်တော် သူ့ကိုတွေ့ခဲ့သေးတယ် သူအဆင်ပြေပါတယ် တကယ် အဆင်ပြေနေတယ်......"
အဆင်ပြေတယ်လို့ ထင်နေရတာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။
ဖုထင်းသည် ဖုကျန်းဘေးမှ ယောက်ျားကို တွေးလိုက်မိသည်။ သို့သော်လည်း ဒီနည်းဖြင့်သာ ဖုကျန်းချန်ကိုရော သူ့ကိုယ်သူပါ ဖြေသိမ့်နိုင်မည်ဖြစ်သည်။
"သူ့ကိုရှာ....."
ဖုကျန်းချန်က ထိုတစ်ခွန်းသာပြောပြီး အခန်းထဲမှ ထွက်လာသည်။ အခန်းကို ပြန်သန့်ရှင်းရေးလုပ်ရန် အိမ်အကူကို လှမ်းခေါ်လိုက်သည်။ အခန်းပိုင်ရှင်၏ ပြန်အလာကို စောင့်ဆိုင်းရမည်။
သေချာပေါက်ကို နှစ်နှစ်ကျော်သာ ရှိသေးသော်ငြား တစ်ကမ္ဘာလောက် ကြာသွားပြီဟု ခံစားရသည်။ အရာရာတိုင်းက အရင်နဲ့မတူတော့။
ဝမ်းနည်းဖွယ်အငွေ့အသက်က ဖုမိသားစုကို လွှမ်းခြုံထားပြီး နှစ်ပေါင်းများစွာကြာသည်အထိ ပျောက်ပျက်တော့မည်မဟုတ်။ ထို့နောက်တွင်တော့ မိသားစုထဲတွင် ရယ်သံဟူ၍ ထပ်မကြားရတော့။