အပိုင်း ၄၅
Viewers 23k

ဖုကျန်းက ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
".ဒါလေးကို ကျွန်တော် မနေ့က ဝယ်ခဲ့တာပါ ကြိုက်ပါ့မလားတော့ မသိဘူး..."
"အမလေး ကျေးဇူးပါ ကြိုက်တာပေါ့ ထိုင်ဦးနော်...."
မဒမ်ကျန်းက ဖုကျန်းကို ပြုံးကာပြောလိုက်သည်။
အိမ်အကူက မီးဖိုထဲမှ လက်ဖက်ရည်နှင့် မုန့်ကိုသယ်လာကာ သူတို့ထိုင်နေသော ဆိုဖာရှေ့ရှိ ကော်ဖီစားပွဲပေါ်သို့ ချလိုက်သည်။
မဒမ်ကျန်းနှင့် မျက်နှာချင်းဆိုင် ထိုင်နေရသည်မှာ ဖုကျန်းအတွက် အနည်းငယ် ကျဉ်းကျပ်နေဟန်တူသည်။ အထက်အရာရှိ၏ အမိန့်ကို နာခံနေရသလို ခါးကို‌မတ်ကာ ထိုင်နေလေသည်။
ဘေးတွင်ထိုင်နေသော ကျန်းဟန်ရှုက သူ့လက်ကိုကိုင်ကာ စိတ်သက်သာရာရစေလိုက်သည်။
မဒမ်ကျန်း၏အကြည့်များက လက်ချင်းထပ်ထားသော လူနှစ်ယောက်ထံတွင် ရပ်တန့်ထားလေသည်။ သူမ၏သားက ထိုလူငယ်လေးကို အမှန်တကယ်ပင် သဘောကျနေကြောင်း သိမြင်နိုင်ပေသည်။ မဒမ်ကျန်းလည်း သူမ၏ စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုကို လတ်စသတ်လိုက်သည်။
"ဒီနှစ်ဆို အသက်ဘယ်လောက်ရှိသွားပြီလဲ....."
ဖုကျန်းက ပြန်ဖြေလိုက်သည်။
"၂၂ နှစ်ပါ......"
မဒမ်ကျန်းက ပြုံးကာပြောလိုက်သည်။
"ငါတို့မိသားစုက ဟန်ရှုထက် အများကြီး ငယ်တာပဲ....."
မဒမ်ကျန်းက အသေးအဖွဲမေးခွန်းအနည်းငယ် ‌ဆက်မေးခဲ့ပြီး ဖုကျန်းက တစ်ခုချင်း ပြန်ဖြေခဲ့သည်။ မဒမ်ကျန်းသည် စိတ်သဘောထား နူးညံ့သည့် နှစ်လိုဖွယ် လူကြီးသူမတစ်ဦးဖြစ်သည်။
"ဟန်ရှုက ပြောတယ် ....."
သူမ ကျန်းဟန်ရှုကို ဖုန်းခေါ်သည့်ညက သူဘာလို့ ပျို့အန်နေသည်ကို ရုတ်တရက် နားလည်သွားခဲ့သည်။ ထိုအကြောင်းကိုပြောရန်မှာ မလွယ်ကူလှ။ သူမ၏လေသံကို အတတ်နိုင်ဆုံး ပုံမှန်ဖြစ်စေရန် ကြိုးစားလိုက်ပြီး...
"မင်းမှာကိုယ်ဝန်ရှိနေပြီဆို......"
ဖုကျန်းလည်း ရှက်ရွံ့စွာဖြင့် ခေါင်းကို ငုံ့လိုက်ပြီး မပွင့်တပွင့်လေး အသံပေးကာ တုန့်ပြန်လိုက်သည်။
သူမ ဖုကျန်းကို မေးလိုက်သည်။
"အနာဂတ်မှာ ဘာအစီအစဉ်တွေရှိလဲ......"
ဖုကျန်းက ခေါင်းပြန်မော့လာကာ မျက်တောင်ကို တဖျတ်ဖျတ်ခတ်လိုက်သည်။ မဒမ်ကျန်းက ဘယ်အစီအစဉ်အကြောင်းမေးနေလဲ သူနားမလည်သောကြောင့် ဘေးမှ ကျန်းဟန်ရှုကို ဝေဝါးစွာဖြင့် လှည့်ကြည့်လိုက်သည်။
ကျန်းဟန်ရှုသည် ဖုကျန်း၏လက်ဖမိုးကို သာသာလေး ပုတ်လိုက်သည်။ မဒမ်ကျန်း၏ နှုတ်ခမ်းထောင့်စွန်းများက ကော့တက်လာကာ မေးလိုက်သည်။
"အမေမေးချင်တာက မင်းတို့ ဘယ်အချိန် လက်ထပ်ကြမှာလဲ......"
ဖုကျန်းမှာ အနည်းငယ် ကြက်သေသေသွားသည်။ မဒမ်ကျန်းက ဒီလိုမျိုး အရမ်းပွင့်လင်းတာပဲလား။ တရုတ်ပြည်တွင် လိင်တူလက်ထပ်ခြင်းကို ခွင့်ပြုလိုက်ပြီဖြစ်သော်ငြား အမှန်တကယ် လက်ထပ်မှတ်ပုံတင်ယူလိုသော လိင်တူစုံတွဲဟူ၍ သိပ်မရှိသေး။ မိသားစုအများစုက သူတို့၏ကလေးများ လိင်တူလက်ထက်မည်ကို လက်မခံနိုင်ကြသေးပေ။
ကျန်းမိသားစုမှာ သာမန်မိသားစုမဟုတ်သောကြောင့် သူတို့ကို လက်ခံပေးနိုင်ရန်မှာ ပုံမှန်ထက် ပိုခက်ခဲလိမ့်မည်ဟု တွေးထားသော်လည်း မဒမ်ကျန်းက သူ့ကို ဘယ်အချိန်လက်ထပ်မှာလဲဟု တဲ့တိုး မေးလာလိမ့်မည်ဟုတော့ လုံးဝမျှော်လင့်မထားမိ။
"ကျွန်တော် အဲ့အကြောင်း တွေးမကြည့်ရသေးဘူး......"
ဖုကျန်းက ရိုးရိုးသားသား ပြောလိုက်သည်။
"ဒါဆို အခုက စဉ်းစားရတော့မယ့်အချိန်ပဲ......"
ကလေးမွေးမည် မမွေးမည်ကို ထည့်မတွက်တော့ဘဲ မဒမ်ကျန်းက ပြုံးကာပြောလိုက်သည်။
ဖုကျန်းက ဒွိလိင်ဆိုသည့်အကြောင်းကို သူစိမ်းသူများအား သိစေမည်မဟုတ်။ ကလးမွေးပြီးပါက အပြင်လူများကို ဘယ်လိုရှင်းပြသင့်သလဲ။
မဒမ်ကျန်းက သက်ပြင်းဖျော့ဖျော့ချလိုက်သည်။ သိုသော်ငြား ကျန်းဟန်ရှုနှင့် ဖုကျန်းတို့၏ရှေ့တွင်တော့ ပြုံးထားဆဲဖြစ်သည်။
သုံးယောက်သား တစ်နာရီကျော်ခန့် စကားပြောခဲ့ကြသည်။ မဒမ်ကျန်းက ဖုကျန်းကို အလွန်သဘောကျလာလေသည်။ သူမသည် အများကြီး တွေ့ကြုံဖြတ်သန်းခဲ့သူဖြစ်၍ အကြည့်တစ်ချက်ဖြင့်ပင် ဖုကျန်းသည် အများကြီး ဒုက္ခခံခဲ့ရသူဖြစ်ကြောင်း မြင်နိုင်သည်။
ကျန်းဟန်ရှုက သူ့ဘဝ လက်‌တွဲဖော်ကို ရွေးချယ်ထားပြီးဖြစ်၍ သူတို့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေသရွေ့ အနာဂတ်တွင် သူတို့ကို ခွဲခွါခိုင်းမည်မဟုတ်ချေ။
"ကျွန်တော် သန့်စင်ခန်းသွားချင်လို့....."
ဖုကျန်းက ဘေးမှကျန်းဟန်ရှုကို တိုးတိုးလေး ကပ်ပြောလိုက်သည်။
ကျန်းဟန်ရှု မူလက ဖုကျန်းကို လိုက်ပို့ပေးချင်သော်လည်း စကားပြောလိုသော အရိပ်အယောင်ရှိနေသည့် မဒမ်ကျန်းကို မြင်လိုက်သည်။ ထိုအချိန်တွင် အိမ်တော်ထိန်းက ရောက်လာကာ ဖုကျန်းကို ပြောလိုက်သည်။
"ကျွန်တော့်နောက်က လိုက်ခဲ့ပေးပါ......"
"ကျေးဇူးပါ......"
ဖုကျန်း အိမ်တော်ထိန်းနှင့်အတူ မြောက်ဘက်ကော်ရစ်ဒါသို့ လိုက်သွားလိုက်သည်။
ဖုကျန်းထွက်သွားစဉ်အတွင်း မဒမ်ကျန်းက ကျန်းဟန်ရှုကို ပြောလိုက်သည်။
"သူ့ခြေထောက်က ဘာဖြစ်ထားတာလဲ......"
ကျန်းဟန်ရှုက ပြန်ဖြေလိုက်သည်။
"အရင်တုန်းက မတော်တဆမှုဖြစ်ခဲ့တာ အစကတော့ ဆေးရုံမှာ ကုသမှု ခံယူဖို့ စီစဉ်ထားတာ ဒါပေမယ့် ကိုယ်ဝန်ရှိနေမယ်လို့ မထင်ထားမိဘူး ဆက်ကုသဖို့က ကလေးမွေးပြီးတဲ့အထိ စောင့်ရမှာ........"
"လုံးလုံးသက်သာလာနိုင်လား......"
ကျန်းဟန်ရှုက ခေါင်းကိုယမ်းလိုက်သည်။
"ဆရာဝန်နဲ့ စောစောစီးစီး ပြခဲ့ရင်တော့ လုံးဝ ကောင်းသွားနိုင်မှာ အခုကတော့ နဂိုအတိုင်းပြန်ကောင်းမလာနိုင်လောက်ဘူး......"
မဒမ်ကျန်းမှာ ငိုချမိလုမတတ်ပင်။ လက်ဖက်ရည်ကို တစ်ငုံသောက်ကာ ကျန်းဟန်ရှုကို လေးနက်သော မျက်နှာဖြင့် မေးလိုက်သည်။
"ကလေးကရော သူမွေးချင်တာလား မင်းမွေးခိုင်းတာလား......"
ကျန်းဟန်ရှုက ပြန်ဖြေလိုက်သည်။
"သူ့ဘာသာ ဆုံးဖြတ်တာပါ......"
မဒမ်ကျန်း ခေါင်းညိတ်လိုက်ပြီး စိတ်သက်သာရာ ရသွားသည်။ ကျန်းဟန်ရှုက သူ့ကိုယ်ပိုင်အတ္တအတွက် အခြားကလေးတစ်ယောက်အား ထိခိုက်နစ်နာစေမည်ကို သူမ တကယ်စိုးရိမ်မိသည်။ သူမကလေး၏ အကျင့်စာရိတ္တကို ယုံသော်ငြား သူမနှလုံးသားထဲတွင် သင့်တော်သည်ကို မေးနေဆဲဖြစ်သည်။Chapter 45.2
သူမ သက်ပြင်းရှိုက်ရင်း ကျန်းဟန်ရှုကို ပြောလိုက်သည်။
".နောက်ဆုံးတစ်ခေါက် ပြန်လာတုန်းက အမေ မပြောဘူးလား အတူတူနေမယ်ဆို သေချာ‌ပေါက် ပြင်ဆင်ပါဆို ဘာလို့ ကိုယ်ဝန်ရနေသေးတာလဲ....."
ကျန်းဟန်ရှုသည် နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားပြီး ဘာမှမပြောခဲ့။ ထိုအချိန်က သူနှင့် ဖုကျန်းမှာ သိပင်မသိသေးဟု မဒမ်ကျန်းကို ပြောလိုက်၍လည်းမဖြစ်။ အသိစိတ်မရှိချိန်တွင် ဖုကျန်းနှင့် လွန်ကျူးမိသွားခြင်းဖြစ်သည်။
"သူ့မိဘတွေကရော မင်းတို့အတူရှိနေမှန်း သိကြလား......"
မဒမ်ကျန်းက မေးလိုက်သည်။
ကျန်းဟန်ရှုက ခေတ္တတိတ်သွားသည်။ သဘောမတူသည့်သူမှာ ဖုကျန်း၏မိဘများဖြစ်သည်ဟု သူမ တွေးမိချိန်တွင် ကျန်းဟန်ရှု၏ စကားသံကို ကြားလိုက်ရသည်။
"သူ့ကို မိဘမဲ့တစ်ယောက်‌လိုပဲ ဆက်ဆံပေးပါ...."
သူမ ထူးဆန်းသလို ခံစားလိုက်ရသည်။ ဘယ်လိုလုပ်ပြီး မိဘမဲ့လို သဘောထားရမှာလဲ။
"သူ့မိဘတွေနဲ့ ဆက်ဆံရေးမကောင်းလို့လား....."
မဒမ်ကျန်းက မေးလိုက်သည်။
ကျန်းဟန်ရှုသည် ပါးစပ်ကိုလှုပ်လိုက်သော်ငြား မဒမ်ကျန်းကို မည်သို့ရှင်းပြရမည်မှန်း မသိခဲ့။ ထိုအချိန်တွင်ပင် ဖုကျန်းပြန်ရောက်လာ၍ ပြောလက်စအကြောင်းအရာကို လျစ်လျူရှုလိုက်တော့သည်။
ဖုကျန်း၏ မိသားစုအခြေအနေမှာ သိပ်မကောင်းကြောင်း သိသွားသည့်နောက်တွင် မဒမ်ကျန်းသည် သူ့ကို ပိုပြီးကြင်နာလာသည်။ လက်ကိုကိုင်ထားရင်း ရေတိုရေရှည်အကြောင်းများ မေးမြန်းနေသည်။ ဖုကျန်းက ခပ်ပြုံးပြုံးဖြင့် ဖြေနေသည်မှာ လူကြီးများ သဘောကျဖွယ်ရာဖြစ်သည်။
ကျန်းဟန်ရှုက ရုတ်တရက် စကားဖြတ်ပြောလိုက်သည်။
"အဖေက ဒီနေ့ ပြန်မလာဘူးလား....."
ဖုကျန်း၏နှလုံးသားမှာ တင်းကြပ်သွားသည်။ သူ ဒီနေ့ မဒမ်ကျန်းနှင့်တွေ့ရန်သာ ပြင်ဆင်ခဲ့သည်။ အကယ်၍ ကျန်းဟန်ရှု၏ ဖခင်သာ ပြန်လာပါလျှင် သူ ဘယ်လိုမှ တောင့်ခံနိုင်တော့မည်မဟုတ်။
မဒမ်ကျန်းကလဲ ဖုကျန်း၏ မွန်းကြပ်မှုကို မြင်ရပုံပေါ်သည်။ သာသာလေးပြုံးကာ ကျန်းဟန်ရှုကို ပြောလိုက်သည်။
"သူနဲ့ မင်းရဲ့ဦးလေးလီက ငါးမျှားသွားကြတယ်လေ ညပိုင်းလောက်မှ ပြန်လာကြမယ်ထင်တယ်...."
"၁၂ နာရီတောင်ရှိနေပြီပဲ ထမင်းစားကြရအောင်လေ....."
သူမ ဆိုဖာမှ ထရပ်ကာ ဘေးတွင် အဆင်သင့်ရပ်နေသော အိမ်အကူကို ပြောလိုက်သည်။
"စားဖို့ပြင်လိုက်တော့....…."
နေ့လည်စာကို အရှေ့ဘက်က စားသောက်ခန်းလေးထဲတွင် ပြင်ဆင်ထားပြီး ဟင်းလျာမျိုးစုံကို စားပွဲအပြည့် ခင်းကျင်းထားသည်။
"ဘာကြိုက်တတ်မှန်းမသိတာနဲ့ မီးဖိုချောင်ကို များများလေး ပြင်ခိုင်းထားတာ......"
မဒမ်ကျန်းက နံရိုးတစ်တုံးကို ဖုကျန်း၏ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
"မင်းက ပိန်လွန်းတယ် များများထည့်စား......"
ဖုကျန်း ဝမ်းသာလုံးဆို့သွား၏။ သူ ကျန်းအိမ်ကို မလာခင်က မဒမ်ကျန်းက သူ့ကို မျက်နှာပင် ပြလိမ့် မည် မဟုတ်ဟု တွေးခဲ့သည်။ ဖုကျန်းက သူ့ကိုယ်သူ ဗီလိန်တစ်ယောက်ဟု ခံစားလိုက်ရပြီး မဒမ်ကျန်းကို ကျေးဇူးတင်လိုက်သည်။
".ကျေးဇူးပါ....."
မဒမ်ကျန်းက ပြုံးကာပြောလိုက်သည်။
".ဒီနှစ်‌နွေဦး‌ပွဲတော်ကျ ကျန်းအိမ်ကိုလာခဲ့နော် အဲဒါမှ ပိုပြီး အသက်ဝင်မှာ....."
ဖုကျန်း သူ့ဘေးမှ ကျန်းဟန်ရှုကို လှည့်ကြည့်လိုက်သည်။ ကျန်းဟန်ရှုက ပြုံးပြလိုက်လျှင် ဖုကျန်းလည်း ခေါင်းညိတ်ကာ မဒမ်ကျန်း၏ ဖိတ်ကြားချက်ကို လက်ခံလိုက်သည်။
မဒမ်ကျန်းက ရယ်မောလိုက်သည်။ သူမ ဖုကျန်းကို ကြည့်လိုက်ချိန်တွင် သူမမျက်ဝန်းထဲမှ ကြင်နာမှုများသည် ကျန်းဟန်ရှုနှင့် အလားတူနေသည်။ ဖုကျန်း၏ နှာခေါင်းတို့မှာ ချဉ်စူးလာသည်။ အကြီးများ၏ ဂရုစိုက်မှုကို မခံစားရသည်မှာ ကြာမြင့်နေပြီဖြစ်သည်။
..............
ဖုကျန်းနှင့် ကျန်းဟန်ရှုတို့သည် ညနေလေးနာရီလောက်အထိ ကျန်းအိမ်တွင် နေခဲ့သည်။ မပြန်ခင် သူမက ကျန်းဟန်ရှုကို ပြောလိုက်သည်။
"မင်းအဖေကို ဗြုန်းစားကြီး သွားမပြောနဲ့ဦး အမေ ဖြေးဖြေးချင်း နားချပေးမယ်......"
".ကျေးဇူးပါ အမေ့......"
ကျန်းဟန်ရှုက မဒမ်ကျန်းကို ပွေ့ဖက်လိုက်သည်။ ထို့နောက် ဖုကျန်းကို ကားထဲထည့်ကာ အိမ်ပြန်လာခဲ့လိုက်သည်။
မဒမ်ကျန်းက သူတို့ထွက်သွားကာ ကားပုံရိပ်ပျောက်သွားသည်အထိ ပြုံးပြုံးကြီး ရပ်ကြည့်နေခဲ့သည်။ အိမ်ထိန်းအိုကြီးက အနားကို လာကာ သူမကို ပြောလိုက်သည်။
"သခင်မ ဒီနေ့ စိတ်ပျော်နေတယ်ထင်တယ်....."
မဒမ်ကျန်းက ခေါင်းညိတ်လိုက်သည်။
"လူကောင်းလေးပဲ ဟန်ရှုက သူနဲ့ရှိနေတာဆိုတော့ စိတ်သက်သာသွားပါပြီ......"
သူမက ကျန်းဟန်ရှုအား သင့်တော်သည့် မိန်းကလေးကိုရှာရန် ဘယ်တော့မှ မတိုက်တွန်းခဲ့။ ကျန်းဟန်ရှုက လိင်တူဖြစ်ကြောင်း သိလျှင်သိချင်း သူမသည် ထိုကိစ္စကို လက်ခံနိုင်ရန်သာ သင်ယူခဲ့သည်။ ယခုတော့ နောက်ထပ်အံ့အားသင့်စရာတစ်ခုနှင့် ကြုံလာရပြန်သည်။ သူမတွင် မြေးချီရန် အခွင့်အရေးရှိနေဆဲဖြစ်သည်။
.......
ဖုကျန်း၏ လက်ရှိလိပ်စာမှာ ရှာရန်သိပ်မခက်ခဲလှ။ ဖုကျန်းချန်၏လက်ထဲသို့ လိပ်စာရလျှင်ရချင်း မရပ်မနားဘဲ ထွက်လာခဲ့သည်။ သို့သော် အိမ်ရာဝန်းအပြင်ဘက်တွင်ပင် ဖုကျန်းချန်က ကားကိုရပ်လိုက်သည်။ ဖုကျန်းနှင့်တွေ့လျှင် ဘယ်လိုပြောဆိုပြုမူသင့်သည်ကို သူတကယ်မသိတော့။
စောစော မြန်မြန် တစ်ချိန်ချိန်တော့ တွေ့ရမှာပဲ။ ပိုကြာလေ တစ်ယောက်နဲ့တစ်ယောက် ပိုထိခိုက်နိုင်လေပဲ။ ဖုထင်းက ဖုကျန်းချန်၏ပုခုံးပေါ်သို့ လက်ကိုတင်လိုက်သည်။
"အဖေ သွားရအောင်....."
ဖုကျန်း ကျန်းအိမ်မှ ပြန်လာပြီးနောက် ဖုထင်နှင့် ဖုကျန်းချန်ကို အောက်ထပ်တွင် တွေ့လိုက်ရသည်။ သူတို့နှင့် လှမ်းနေသေးကာ ကားထဲတွင်ပင် ရှိနေဆဲဖြစ်သော်ငြား အကြည့်တစ်ချက်ဖြင့်ပင် မှတ်မိလိုက်သည်။
သူ လက်ကိုဆုပ်လိုက်ဖြန့်လိုက် လုပ်နေမိလေသည်။
ကျန်းဟန်ရှု ကားကိုရပ်ကာ ‌ကားပေါ်မှဆင်း၍ မနီးမဝေးမှလူနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
ဖုကျန်း၏ စိတိထဲတွင်မေးခွန်းတစ်သီတစ်တန်းကြီးက သူ့အတွေးထဲတွင် ထွက်လာသည်။
ဖုထင်းနဲ့ ဖုကျန်းချန်က ဘာလို့ ဒီကိုရောက်လာတာလဲ။ သူ ‌ဒီနေရာမှာ မနေသင့်ဘူးလို့ ထင်လို့လား ။ မြို့တော်ကနေ ပထုတ်မလို့လား ဒါမှမဟုတ် ထန်ဝမ်ဝမ်အတွက် Shazhou Chronicle ရဲ့ မူပိုင်ခွင့်ကို ဝယ်ချင်လို့လား
သူ ထိုသို့တွေးကာ ရယ်မောလိုက်မိသည်။ သူတို့သည် ထန်ဝမ်ဝမ်ကို အမှန်တကယ်ပင် အကာအကွယ်ပေးခဲ့သည်။
ဖုကျန်းက သူတို့နှင့် ထပ်မဆက်ဆံချင်တော့သော်လည်း သူတို့က တံခါးဝတွင် ပိတ်ရပ်နေသည်။ တစ်ဖက်မှနေလည်း လှမ်းမြင်နေရသည်။
ကားသံကိုကြားလိုက်ချိန်တွင် ဖုကျန်းချန် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။ ခဏအကြာတွင်တော့ သူ့သားငယ်လေး ကားပေါ်မှ ဆင်းလာသည်ကို တွေ့လိုက်ရသည်။ မျက်လုံးများမှာ နီရဲလာပြီး လည်ချောင်းထဲတွင် တစ်ဆို့နေကာ အသက်ရှူ၍ပင် မဝတော့။
ဖုကျန်းက အနားကို လျှောက်လာသည်။ သူ့ခြေထောက်မှာ သိပ်မကောင်းသေး။ မနေ့က ထန်ဝမ်ဝမ်၏မင်္ဂလာပွဲတွင်မြင်ခဲ့သော ပုံရိပ်ယောင်ထဲကလို ယိုင်တိယိုင်ထိုးဖြစ်နေသည်။
ဖုကျန်းက သူတို့နှစ်ယောက်ရှေ့ရပ်ကာ သာသာလေး ပြောလိုက်သည်။ ဖုကျန်းချန်ကို မကြည့်ဘဲ ဖုထင်းကို မေးလိုက်သည်။
"ကျွန်တော်တို့ ထပ်မတွေ့ဘဲနေရအောင်လို့ မပြောခဲ့ဘူးလား......"
သူနှင့်ကျန်းဟန်ရှုတို့ ချွန်းဟွာတောင်ကို ကြည့်ပြီးနောက် လမ်းမီးရောင်ဖျော့ဖျော့အောက်တွင် တစ်ယောက်နှင့်တစ်ယောက် ထပ်မတွေ့ကြရန် သဘောတူခဲ့ကြသည်လေ။ အခုက ဘာတွေဖြစ်ကုန်တာလဲ။
သူတို့ ဒီနေရာကို ရောက်နေသည်မှာ တိုက်ဆိုင်မှုဟု လုံးဝမယုံကြည်။
အခု သူဒီနေရာမှာနေနေတာက သူတို့အတွက် အနှောင့်အယှက်ဖြစ်နေတာလား....