အပိုင်း ၄၈
Viewers 23k

ဖုကျန်း သိပ်ပြီးတော့ မယုံနိုင်သေး။ ကျန်းဟန်ရှုပြောသည့် ခွေးဟူသော စကားလုံးမှာ သူ့ကိုယ်သူ ပြန်ညွှန်းနေသည်ဟုသာ ခံစားနေရသည်။
ကျန်းဟန်ရှုက ထပ်မ ရှင်းမပြပဲ ဖုကျန်း၏ခေါင်းကိုပွတ်ကာ ပြောလိုက်သည်။
"ကိုယ်အထဲဝင်ပြီး အဝတ်အစားလဲလိုက်ဦးမယ် စောင့်နေနော်....."
ဖုကျန်း ခေါင်းညိတ်လိုက်ရင်း ဘေးက သစ်သားထိုင်ခုံပေါ်ထိုင်ကာ ဟိုဟိုသည်သည် ကြည့်နေလိုက်သည်။ ရေပူစမ်းနေရာတစ်ခုလုံးကို အစိမ်းရောင်၊ သစ်ညိုရောင်များဖြင့်သာ အလှဆင်ထားသည်မှာ သစ်တောအတွင်း ရောက်လာသည့်နှယ်ပင်။ သို့သော် သူထိုင်သည့်အောက်က ကြမ်းပြင်နှင့် ရေကူးကန်ထဲမှ သစ်သားလှေကားကဲ့သို့သော ပစ္စည်းအများစုမှာတော့ သစ်သားဖြင့် လုပ်ထားခြင်းမဟုတ်။
(သစ်သားနဲ့လုပ်ထားသလိုအရောင်မျိုးဆိုပေမယ့် အကုန်လုံးကို သစ်သားသုံးမထားဘူးလို့ပြောတာပါ)
ဖုကျန်းက အကြည့်ပြန်ရုတ်တော့မည့်အချိန်တွင် မလှမ်းမကမ်းမှ ထန်ဝမ်ဝမ်နှင့် ချင်ကျောက်တို့ လျှောက်လာသည်ကို တွေ့လိုက်ရ​သောကြောင့် သူ အနည်းငယ် ထူးဆန်းသွားသည်။
သူတို့နှစ်ယောက်က အခုမှ မင်္ဂလာဆောင်ပြီးတာမလား ဒါဆို ဟန်းနီးမွန်းထွက်နေသင့်တာလေ ဘာလို့ ဒီနေရာမှာ ပေါ်လာရတာလဲ ချင်မိသားစုရဲ့ဆက်ခံသူနဲ့ ဖုမိသားစုရဲ့သမီးတို့က ဟန်နီးမွန်းအတွက်နဲ့တော့ ဒီလိုနေရာမျိုးကို မလာလောက်ဘူးထင်တာပဲ...
ဖုကျန်း ခေါင်းကိုပြန်လှည့်ကာ ထိုသူနှစ်ယောက်ကို မမြင်လိုက်သယောင် ဟန်ဆောင်လိုက်သည်။ ဖုကျန်းက ဖုန်းကိုထုတ်ကာ ဝေ့ပေါ်ကိုကြည့်လိုက်လျှင် အသံသရုပ်ဆောင် တော်တော်များများက သူ့ကိုဆက်သွယ်ထားသည်ကို တွေ့လိုက်ရသည်။ သူတို့က ဒီနှစ်နှစ်အတွင်း သူ ဘယ်ရောက်နေတာလဲဟု မေးလာကြသည်။ Shazhou Chronicle ကို ပြန်စမည်ဟု ကြားကြားချင်း လုပ်လက်စအလုပ်များကို ပစ်ချကာ သူ့ကို ချက်ချင်း ဆက်သွယ်လာကြသည်။
ဖုကျန်းမှာ အနည်းငယ် ရင်ထဲထိသွားသည်။ သူက ထိုဆရာများကို ချက်ခြင်းပဲ ဆက်သွယ်လိုက်သဖြင့် ထန်ဝမ်ဝမ်နှင့် ချင်ကျောက်ဖြတ်သွားသည်ကို သတိမပြုမိလိုက်။ ထန်ဝမ်ဝမ်က သူ့ကို သတိပြုမိလိုက်၍ မဲ့ပြုံးပြုံးလိုက်သည်။
ဖုကျန်းကတော့ မော့မကြည့်ခဲ့။ group လေးတစ်ခုဖွဲ့ကာ Shazhou Chronicle ၏ နောက်ထပ် တိုးတက်မှုအတွက် ဆွေးနွေးရန် ဆရာများကို တစ်ယောက်ပြီးတစ်ယောက် ထည့်လိုက်သည်။ ခဏအကြာတွင်တော့ ကျန်းဟန်ရှုသည် အဝတ်အစားလဲပြီး၍ အခန်းထဲမှ ထွက်လာပြီး ​ဖုကျန်းရှေ့တွင်ရပ်ကာ သူ့ကိုငုံ့ကြည့်ပြီး ပြောလိုက်သည်။
".သွားရအောင်....."
ဖုကျန်းက ဆရာများကို တစ်ခုခုပြောပြီး ဖုန်းကိုချလိုက်သည်။
ကျန်းဟန်ရှုနှင့်အတူ လေတဖြူးဖြူးတိုက်နေသော ကော်ရစ်ဒါကိုဖြတ်၍ အစွန်ရှိ ရေပူကန်သို့ လာခဲ့လိုက်သည်။ clubတွင် ရေစိမ်ကန် အကြီးရော အငယ်ပါရှိသည်။ ကန်အငယ်က ပိုဈေးကြီးသော်ငြား ကိုယ်ရေးကိုယ်တာလုံခြုံမှုကတော့ ပိုကောင်းသည်။ ရေကန်ကို ခန်းဆီးများဖြင့် ကာထားကာ မီးရောင်စုံများ တွဲလွဲခိုနေသော ရှုခင်းပန်းချီများဖြင့်လည်း အလှဆင်ထားသည်။
ထိုနေရာတွင် သူတို့နှစ်ယောက်သာ ရှိနေသော်ငြား သူ ကျန်းဟန်ရှုကို မျက်နှာချင်းဆိုင်ရန် ရှက်ရွံ့နေဆဲဖြစ်သည်။ သူဝတ်လာသည့် ရေချိုးတဘက်ကို ဘေးဘက်သို့ ထားလိုက်သည်။ သူက အတွင်းခံအပြာကို ဝတ်ထားပြီး ကျန်းဟန်ရှုက အနက်ရောင်ကို ဝတ်ထားသည်။
ရေငွေ့ကြောင့် ဖုကျန်း၏မျက်နှာမှာ ရုတ်ခြည်း နီမြန်းလာသည်။ ဖုကျန်းက သစ်ညိုရောင် ကျောက်တုံးများအတိုင်း ရေကန်ထဲသို့ ဆင်းသွားချိန်တွင် ကျန်းဟန်ရှုက သူ့ကို ခပ်သွက်သွက် ထိန်းပေးလိုက်သည်။
"ချော်လဲမယ် ဂရုစိုက်ဦး....."
"ရပါတယ်....."
ဖုကျန်းက ကန်ထဲတွင် ရေကူးရန် နှစ်ကြိမ် ကြိုးစားလိုက်သော်ငြား ကန်မှာ သေးလွန်းနေ၍ ဘေးသို့သာကပ်ထိုင်လိုက်ပြီး ကျန်းဟန်ရှု ရေထဲသို့ဝင်လာမည်ကို စောင့်နေလိုက်သည်။
ကျန်းဟန်ရှုက အတော်ကြာသည်အထိ ဝင်မလာပဲ ပရိုဂျက်တာထားထားသည့်နေရာသို့ သွားကာ ဖုကျန်းကို မေးလိုက်သည်။
"ရုပ်ရှင်ကြည့်ချင်လား....."
ဒီအချိန်တွင် ရုပ်ရှင်ကြည့်ရခြင်းသည် အင်မတန် ဇိမ်ကျလှသည်။ သို့သော် ဒီတစ်ကြိမ်တွင်တော့ ဖုကျန်းသည် ကျန်းဟန်ရှုကို အရွေးမခိုင်းရဲ။ ကျန်းဟန်ရှု၏ မျက်စိရှေ့သို့ ကူးသွားကာ သူ့ကို မော့ပြောလိုက်သည်။
"ကျွန်တော်ပဲရွေးမယ်နော်....."
ကျန်းဟန်ရှုလည်း ဒူးကိုကွေးကာ ရေထဲမှဖုကျန်းကို ကြည့်လိုက်သည်။ ရေလှိုင်းများက လူးလွန့်နေကာ ရေငွေ့တို့ဖြင့် လွှမ်းခြုံထားသည်။ သူက နတ်သမီးပုံပြင်ထဲမှ ရေသူမလေးကို သတိရလိုက်သည်။ ခေါင်းကို သာသာလေးငုံ့ကာ ဖုကျန်းကိုပြောလိုက်သည်။
"ဒါဆို ကိုယ့်ကိုလာနမ်း....."
ဖုကျန်းက ကျန်းဟန်ရှုကို ခဏလောက် ကြည့်နေလိုက်ပြီးမှ ရေထဲမှထကာ ရေကန်ကို အားပြုပြီး ခေါင်းကိုမော့၊ လည်တိုင်ကိုဆန့်၍ ကျန်းဟန်ရှု၏မေးစေ့ကို ဖွဖွလေး အနမ်းခြွေလိုက်သည်။
သူပြုတ်မကျစေရန် ကျန်းဟန်ရှုက လက်ကိုဆန့်ကာ ခါးကိုဖက်ထားလိုက်သည်။
ဖုကျန်း၏မျက်ဝန်းတို့မှာ အနည်းငယ်စိုစွတ်နေပြီး သူ့မျက်ဝန်းထောင့်မှာ နီမြန်းနေသည်။ ကျန်းဟန်ရှု ၏ လက်ချောင်းတို့က ဖုကျန်း၏ မျက်လုံးထောင့်စွန်းကို ဖွဖွလေး ပွတ်သပ်နေသည်။
ဖုကျန်းက ကန့်လန့်ကာနောက်ကွယ်ဟု အမည်ရသော ရုပ်ရှင်ကို ရွေးလိုက်သည်။ ထိုရုပ်ရှင်ကို လွန်ခဲ့သော ငါးနှစ်ခန့်တွင် နာမည်ကြီးဒါရိုက်တာကျန်းရှောင်အန်းက ရိုက်ကူးခဲ့ပြီး ထိုနှစ်တွင်ပင် နေမင်းရုပ်ရှင်ပွဲတော်၌ အကောင်းဆုံးဒါရိုက်တာဆု နှင့် ဇာတ်ညွှန်းဆုကိုရှိခဲ့သည်။ ထိုနှစ်က လိင်တူလက်ထပ်ရေးအက်ဥပဒေကို အတည်ပြုလိုက်သည့်အတွက် နိုင်ငံရေးအကြောင်းပြချက်အနည်းငယ် စွက်နေသော်ငြား ရုပ်ရှင်၏ အရည်အသွေးကတော့ ထိပ်တန်းဖြစ်သည်။
(ပေါ်လစီနဲ့ကိုက်လို့ဆုရပေမယ့် ကောင်းလည်း ကောင်းတယ်လို့ပြောချင်တာပါ)
ထိုအချိန်က ဖုကျန်းသည် သူ့ကိုယ်သူ လိင်တူကြိုက်သူမှန်း မသိသေး၍ ထိုရုပ်ရှင်ကို များစွာစိတ်ဝင်စားခဲ့ခြင်းမရှိ။ ထိုနှစ်က နေဝန်းနီရုပ်ရှင်ပွဲတော်ကို သူတက်ရောက်ခဲ့ပြီး သူအကြိုက်ဆုံးဒါရိုက်တာမှာ နေသူရိန်ဆေးကုသဆောင်ကိုရိုက်ကူးသည့် ဖန်းလီဝမ်ဖြစ်သည်။ ကံမကောင်းစွာဖြင့်ပင် ထိုဒါရိုက်တာက ဘာဆုမှမရလိုက်ဘဲ လက်ဗလာဖြင့် ပြန်လိုက်ရသည်။ ထိုသို့သောအကြောင်းများကြောင့် ဖုကျန်းသည် ရုံဝင်ကြေးသန်းငါးရာရခဲ့သည့် စာပေရုပ်ရှင်ကို တစ်ခါမှမကြည့်ခဲ့။
ကန့်လန့်ကာနောက်ကွယ်ကို နာမည်ကြီးဗားရှင်းနှင့် ပွင့်လင်းမြင်သာဗားရှင်းဟူ၍ နှစ်မျိုးခွဲထားသည်။ နာမည်ကြီးဗားရှင်းမှာ လူတိုင်း ကြည့်နိုင်သော်ငြား ပွင့်လင်းမြင်သာဗားရှင်းတွင်တော့ ထုတ်လွှင့်စဉ်က ဖြတ်တောက်ခဲ့သည့် ညစ်ညမ်းဇာတ်ကွက်များ ပါဝင်သည်။ ယခု ဖုကျန်းဖွင့်နေသည်မှာ ပွင့်လင်းမြင်သာဗားရှင်းဖြစ်သည်။
ကျန်းဟန်ရှု ပရိုဂျက်တာအနေအထားကို ချိန်လိုက်ပြီးနောက် ရေထဲသို့ဝင်လာကာ ဖုကျန်း၏ဘေးတွင် ရုပ်ရှင်ထိုင်ကြည့်လိုက်သည်။ ရုပ်ရှင်သည် နိုင်ငံတကာစင်မြင့်ပေါ်က အနုပညာအပေါ်တွင် ရင်းနှီးမြှုပ်နှံထားသော မျက်လှည့်ဆရာညီအစ်ကိုအကြောင်းဖြစ်သည်။ စာပေရုပ်ရှင်ဟု ဆိုသော်ငြား ဇာတ်လမ်းက အချိန်ဆွဲကာ လေးလံနေခြင်းမရှိ။ ဇာတ်ကောင်များက တောက်ပကာ သရုပ်ဆောင်များ၏ အရည်အချင်းက အံဝင်ဂွင်ကျဖြစ်နေသည်။ နာမည်ကြီးစီးပွားဖြစ် ရုပ်ရှင်အများစုက ဒီအဆင့်အထိ မရောက်နိုင်ကြ။ အထိရှဆုံးအပိုင်းမှာ ဇာတ်လမ်းတစ်ခုလုံးကို လှည့်ပတ်သွားလာနေသည့် ထိန်းချုပ်ခြင်းကင်းမဲ့သော နိုင့်ထက်စီးနင်းအချစ်ဖြစ်သည်။
ရုပ်ရှင်သည် ခဏနေလျှင် ပြီးတော့မည်ဖြစ်ပြီး ဖုကျန်းက မထိန်းထားနိုင်စွာပဲ သမ်းလိုက်သည်။ ရေငွေ့ပျံသည်လား အိပ်ငိုက်၍လားတော့မသိ။ သူ့မျက်တောင်ပေါ်တွင် ရေစက်လေး တွဲလွဲခိုနေသည်။ ဖုကျန်းက မျက်လုံးမှိတ်ကာ ရေကန်နံရံကို မှီလိုက်သည်။
"အိပ်ချင်နေပြီလား....."
ကျန်းဟန်ရှုက ရေထဲမှထကာ ပရိုဂျက်တာကို ပိတ်လိုက်သည်။
"အိပ်ချင်နေပြီဆိုရင် ပြန်အိပ်ရအောင်လေ....."
ဖုကျန်းလည်း မျက်စိပြန်ဖွင့်ကာ ရေကန်ဘောင်ကို အားပြု၍ မတ်တပ်ရပ်လိုက်သည်။ သို့သော် သူ ကောင်းကောင်းမရပ်ရသေးခင်တွင်ပင် ပြန်ထိုင်ချလိုက်ပြီး ကျန်းဟန်ရှုကိုကြည့်ကာ ပြောလိုက်သည်။
"ခြေထောက်တွေက ထုံနေပြီ....."
ကျန်းဟန်ရှုလည်း ခေါင်းကိုယမ်းကာ ရယ်လိုက်သည်။ ရေထဲသို့ နောက်တစ်ခေါက်ဆင်းကာ ဖုကျန်းကို သယ်လိုက်သည်။ ရေသံနှင့်အတူ ဖုကျန်းသည် ကျန်းဟန်ရှု၏ပုခုံးကိုဖက်လိုက်သည်။
ကျန်းဟန်ရှုက တဘက်အသန့်ကိုရှာကာ သူ့ကိုပတ်ပေးပြီး အနားယူသည့်အခန်းသို့ ပြန်ခေါ်လာလိုက်သည်။ ဗီရိုထဲမှ တဘက်တစ်ထည်ယူကာ ဖုကျန်းကိုယ်ပေါ်မှ ရေစက်များကိုသုတ်ပေးလိုက်ပြီး လေမှုတ်စက်ကိုရှာ၍ သူ့ဆံပင်ကို အခြောက်ခံပေးလိုက်သည်။
"အိပ်လို့ရသွားပြီ....."
ဖုကျန်းက ကျန်းဟန်ရှုချထားသော လေမှုတ်စက်ကို ကောက်ကိုင်လိုက်သည်။
"ခင်ဗျားဆံပင်တွေလည်း မခြောက်သေးဘူး ကျွန်တော်လုပ်ပေးမယ်....."
"မဟုတ်ဘူး ကိုယ်က ဆံပင်လေမှုတ်ရတာကို အသားမကျလို့....."
ကျန်းဟန်ရှုက ဖုကျန်းကိုင်ထားသော လေမှုတ်စက်ကို ယူကာ ဗီရိုထဲထည့်လိုက်သည်။ သူပြန်လှည့်လာချိန်တွင် ဖုကျန်းက စောင်ထဲဝင်ကာ အိပ်ရန် စောင့်နေ​သည်။
သူက အနီးကိုလာကာ သူ့(ဖုကျန်း)ကိုကြည့်လိုက်သော်လည်း ဝင်မအိပ်သေးဘဲ ပြောလိုက်သည်။
"စောစောအိပ်တော့....."
ဖုကျန်းက ကျန်းဟန်ရှု၏လက်ကို လှမ်းဆွဲကာ မေးလိုက်သည်။
"မအိပ်သေးဘူးလား.....''
သူ ဖုကျန်း၏နဖူးကို နမ်းကာ‌ ချော့ပြောလိုက်သည်။
".ကိုယ့်အဖေကို ဖုန်းဆက်လိုက်ဦးမယ်....."
ဖုကျန်း ငိုမဲ့မဲ့ဖြစ်သွားပြီးမှ ကျန်းဟန်ရှု၏အိမ်က အရိုက်ခံရတော့မည့်ခွေးကို အမှတ်ရလိုက်ပြီး သူက ခေါင်းညိတ်လိုက်ကာ ကျန်းဟန်ရှု ဝရန်တာသို့ ထွက်သွားသည်ကို ကြည့်နေလိုက်သည်။
ကျန်းဟန်ရှု သူ့အဖေကို ဖုန်းဆက်လိုက်သည်။
".အဖေ....."
ကျန်းဟန်ရှု၏အဖေမှာ ကျန်းရွှေယောင်ဖြစ်ပြီး ဒီနှစ်တွင် အသက်ငါးဆယ်ခန့်ရှိပြီဖြစ်သည်။ မူလက သူသည် ကျန်းဟန်ရှုအရွယ်ရောက်ကာ မိသားစုစီးပွားရေးကို လွှဲယူမည်ကို စောင့်ဆိုင်းခဲ့သည်။ သို့သော် ကျန်းဟန်ရှုက ဘွဲ့ရပြီးပြီးချင်း နိုင်ငံခြားသွားကာ ကြေးစားလုပ်လိုကြောင်း ပြောခဲ့သည်ကို ပြန်တွေးပြီးနောက် မစ္စတာကျန်းက ကျန်းဟန်ရှုကို စိတ်မတိုနိုင်တော့။
"ဖုန်းဆက်ရကောင်းမှန်းသိသေးတယ်ပေါ့....."
ကျန်းဟန်ရှုသည် ဖုန်းတစ်ဖက်မှ မဒမ်ကျန်း၏ သူ့အဖေကို တတွတ်တွတ်ပြောနေသံကို ကြားလိုက်ရ၍ ခပ်ဖွဖွ ရယ်လိုက်သည်။
"ရယ်ရဲသေးတယ်ပေါ့! ဂေးဖြစ်ဖို့လည်း သင်လာသေးတယ် မင်းခြေထောက်တွေကို ထည့်မတွက်ဘဲ ပြန်လာမလား ကြည့်ရသေးတာပေါ့....."
မစ္စတာကျန်းထိုသို့ပြောလိုက်ပြီးပြီးချင်းပဲ အား အား ဘာလို့ကိုယ့်ကို ဆွဲဆိတ်နေတာလဲဟု အော်သံကိုပါ တစ်ဆက်တည်းကြားလိုက်ရသည်။
ကျန်းဟန်ရှုမှာ မထိန်းချုပ်နိုင်တော့၍ နောက်တစ်ကြိမ် ရယ်မိပြန်သည်။
မဒမ်ကျန်း၏ သင်ပြမှုအပြီးတွင်တော့ မစ္စတာကျန်း၏ ကျန်းဟန်ရှုကို ပြောသည့်လေသံမှာ အရင်ထက် အများကြီးကောင်းလာသည်။ သူက ချောင်းအသာဟန့်ကာ ပြောလိုက်သည်။
"တစ်ခြားတစ်ယောက်ပြောင်းဦးမှာလား....."
ကျန်းဟန်ရှု "......"
ဘယ်လိုမေးခွန်းကြီးလဲ။
မဒမ်ကျန်းက မစ္စတာကျန်းကို နောက်တစ်ကြိမ်ဆိတ်ဆွဲလိုက်၍ဖြစ်မည်။ ကျန်းဟန်ရှုသည် ဖုန်းတစ်ဖက်မှ‌ နေ၍ မဒမ်ကျန်း၏ ရှင်ဘယ်လိုပြောနေတာလဲဟု ပြောနေသံကို ကြားလိုက်ရသည်။
ထို့နောက်တွင်တော့ မစ္စတာကျန်း၏ တောင်းပန်သံက ထွက်လာသည်။
"နားထောင်ပါဦးကွာ သားရှေ့မှာတော့ ကိုယ့်ကို မျက်နှာသာလေးပေးပါဦး .....နော်....."
ဖုန်းထဲမှ အသံတိတ်သွားချိန်တွင်တော့ ကျန်းဟန်ရှုက ယုံကြည်ချက်ရှိရှိဖြေလိုက်သည်။
"ပြောင်းသွားမှာမဟုတ်ဘူး....."
သူ့သား၏ လိင်တူချစ်ကြိုက်မှုကို လက်ခံရန်အတွက်လားတော့မသိ။ မစ္စတာကျန်းက အသံတိတ်သွားသည်။ သူက ကျန်းဟန်ရှုကို ပြောလိုက်သည်။
"နွေဦးပွဲတော်ကျ သူ့ကိုခေါ်လာခဲ့....."
"နားလည်ပါပြီ....."
ကျန်းဟန်ရှုက ပြန်ဖြေလိုက်သည်။
".မင်းအဖိုးကတော့....."
မစ္စတာကျန်းက ရပ်လိုက်ပြီးမှ ကျန်းဟန်ရှုကို ပြောလိုက်သည်။
".ကိုယ့်ဘာသာကိုယ်ပဲပြောလိုက် တုတ်ကတော့ မင်းအဖိုးသုံးဖို့ သိမ်းထားပေးမယ်....."
ကျန်းဟန်ရှုက ပြန်ဖြေလိုက်သည်။
".....အဖိုးကို မနက်ဖြန်‌ ပြောလိုက်ပါ့မယ်....."
"မင်းအဖိုးက အသက်အရွယ်လေးရလာပြီဆိုတော့ သူ့ကို လိုက်လိုက်လျောလျောလေးပြောပေး....."
" ဟုတ်ကဲ့ပါ....."
ကျန်းဟန်ရှုလည်း သူ့အဖေနှင့် ကုမ္ပဏီကိစ္စ တစ်ခုနှစ်ခုပြောပြီးနောက် ဖုန်းချလိုက်သည်။ သူပြန်လာချိန်တွင်တော့ မျက်စိကျယ်ကာ အိပ်ချင်စိတ်ပျောက်နေပြီဖြစ်သော ဖုကျန်းကို‌ တွေ့လိုက်သည်။
ကျန်းဟန်ရှုက အနားတိုးလာကာ ကုတင်ဘေးတွင်ထိုင်လိုက်ပြီး မေးလိုက်သည်။
".ဘာလို့မအိပ်သေးတာလဲ....."
ဖုကျန်း :"စဉ်းစားစရာများပြီး အိပ်မပျော်လို့....."
".ဘာကိစ္စလဲ Shazhou Chronicleကြောင့်လား....."
"မဟုတ်ဘူး....."
ဖုကျန်းက ခေါင်းယမ်းလိုက်သည်။
".ဘာတွေတွေးနေတာလဲ....."
ဖုကျန်းက နှုတ်ခမ်းကိုကိုက်ကာ တုန့်ဆိုင်းနေပြီူမှ မေးလိုက်သည်။
".တကယ်နားထောင်ချင်တာလား....."
ကျန်းဟန်ရှုက ခေါင်းညိတ်လိုက်သည်။
သူ ကျန်းဟန်ရှု၏ မျက်နှာကိုကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
".အရိုက်ခံရမှာဆိုတဲ့ ခွေးလေ အဲ့အကြောင်းတွေးနေတာ....."
ကျန်းဟန်ရှု "......."
ထိုအကြောင်းကြားလိုက်ရချိန်တွင်တော့ ကျန်းဟန်ရှုသည် ဖုကျန်းက သူအရိုက်ခံရမည်ဟု ထင်နေမှန်း သိလိုက်ရသည်။ ဖုကျန်း၏နှာခေါင်းကိုတို့လိုက်ကာ အဝတ်အစားလဲ ၊ ဖုကျန်း၏ဘေးတွင် ဝင်လှဲပြီး သူ့ကို ပွေ့ဖက်ထားရင်း သာသာလေးပြောလိုက်သည်။
".အဲ့အကြောင်းတွေးမနေနဲ့တော့ သူက အရိုက်မခံရတော့ဘူး....."