အပိုင်း ၄၉
Viewers 23k

"အိုး....."
ကျန်းမိသားစုမှခွေး လွတ်မြောက်သွားပြီဟု သိလိုက်ရ၍ သူ ဝမ်းသာမိသည်။
ကျန်းဟန်ရှုက အခန်းမီးကို လှမ်းပိတ်လိုက်ပြီး တစ်ခန်းလုံး အမှောင်ကျသွား​စသည်။
တောင်ပေါ်ဒေသသည် မြို့ထဲထက် ပိုအေးပြီး လေနီကြမ်းတို့ တဝုန်းဝုန်း တိုက်နေသော်ငြား အခန်းထဲတွင်တော့ နွေးထွေးနေသည်။ ဖုကျန်းသည် ရေပူစိမ်ထားကာစဖြစ်၍ သူ့ခန္ဓာကိုယ်မှာ တိမ်ပေါ်လွင့်နေသည့်နှယ် သက်တောင့်သက်တာရှိလှသည်။ မျက်စိကိုမှိတ် လိုက်သော်ငြား ကျန်းဟန်ရှု သူ့ကို ရေကန်ထဲမှ သယ်လာချိန်မှစ၍ အိပ်ချင်ပြေသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
သူ ခေတ္တမျှ တုန့်ဆိုင်းနေပြီးနောက် ကျန်းဟန်ရှု၏ စောင်အောက်သို့ ဝင်လိုက်သည်။
ကျန်းဟန်ရှုက သူ့ကို ရင်ခွင်ထဲ ထွေးပွေ့ထားသောကြောင့် ရင်ချင်းအပ်ကာ နှလုံးခုန်သံတို့ တစ်ထပ်တည်းကျနေကြသည်။ ဖုကျန်း၏ခေါင်းအောက်သို့ သူ့လက်မောင်းတစ်ဖက်ကို ထားကာ မေးလိုက်သည်။
"မနက်ဖြန်မနက်ကျ နေထွက်တာ သွားကြည့်မလား....."
ဖုကျန်းမှာ အနည်းငယ် အံ့အားသင့်သွားရင်း မေးလိုက်သည်။
"ဒီမှာ နေထွက်တာ ကြည့်လို့ရတယ်လား....."
ကျန်းဟန်ရှု: ".....ဒါပေါ့ ပိုင်မိန်တောင်ရဲ့အရှေ့ဘက်က ပင်လယ်နဲ့နီးတယ်လေ မနက်ဖြန်မနက် စောစောထမယ်ဆိုရင် ကြည့်လို့ရမှာ....."
"ဒါဆို သွားကြည့်ရအောင်နော်....."
ကျန်းဟန်ရှုက ဖုကျန်း၏နောက်ကျောကို ပုတ်ပေးရင်း ပြောလိုက်သည်။
"၁၁နာရီတောင် ရှိနေပြီ အိပ်တော့....."
ဖုကျန်းက ခပ်တိုးတိုး ညည်းလိုက်ကာ သူ၏ အေးစက်စက်လက်ကို ကျန်းဟန်ရှု၏ ညအိပ်ဝတ်စုံအတွင်းသို့ ထည့်လိုက်သည်။ သူကတော့ ပြဿနာကို မီးလာပျိုးနေတာပဲ။
"မလှုပ်နဲ့....."
ကျန်းဟန်ရှုက ဖုကျန်း၏ လက်အေးအေးကို ခပ်သွက်သွက်ဆွဲထုတ်ပြီး သူ့လက်ဖဝါးထဲထည့်ကာ နွေးစေလိုက်သည်။
"အိပ်တော့နော် ကောင်းသောညပါ....."
"ကောင်းသောညပါ....."
..............
ဆောင်းရာသီသည် နွေရာသီထက် ညတာရှည်ပြီး နေထွက်ချိန် နောက်ကျသည်။ ကျန်းဟန်ရှုနိုးလာချိန်တွင် ငါးနာရီပင်မခွဲသေး။ အိပ်ရာဘေးမှ မီးအိမ်လေးကို ဖွင့်လိုက်သည်။
ဖုကျန်းက နှုတ်ခမ်းဟကာ အသက်မှန်မှန်ရှူရင်း အိပ်မောကျနေဆဲဖြစ်သည်။ လက်တစ်ဖက်က သူ့ဗိုက်ပေါ်တင်ထားပြီး အခြားတစ်ဖက်က ကျန်းဟန်ရှု၏ကိုယ်ပေါ်တွင် တင်ထားသည်။ ကျန်းဟန်ရှု၏ အသေးစိတ်ဂရုစိုက်မှုကြောင့် ဖုကျန်းသည် အချိန်တိုအတွင်း အသားပြည့်လာကာ စတွေ့ကာစကလို ပိန်ညောင်ညောင်လေး မဟုတ်တော့။
ကျန်းဟန်ရှု သူ့ကိုနှိုးရန် အနည်းငယ် တွေဝေ နေသော်ငြား နေထွက်ချိန်က စောင့်နေမည်မဟုတ်။ လွဲချော်သွားပါလျှင် နောက်တစ်ခါကြည့်နိုင်မည့် အခွင့်အရေးက မသေချာပေ။ထို့ကြောင့် သူ့လက်ကိုဆန့်ကာ ဖုကျန်း၏ပုခုံးကိုပုတ်ရင်း တိုးတိုးလေး ပြောလိုက်သည်။
"ထချိန်ရောက်ပြီလေ....."
အိပ်မောကျနေသော ဖုကျန်းက မျက်မှောင်ကြုတ်သွားသည်။ အနည်းငယ်ညည်းလိုက်သော်ငြား နိုးထလာမည့် အရိပ်အယောင်တော့မရှိ။ ကျန်းဟန်ရှုက သူ့ကို နှစ်ခါဆက်တိုက် ခေါ်လိုက်လျှင် တစ်ဖက်သို့လှည့်လာကာ ကျန်းဟန်ရှုကို ခပ်အီအီ ပြောလိုက်သည်။
"ခဏလောက်ပဲ ထပ်အိပ်မယ်လေ နော် ....."
ကျန်းဟန်ရှုက ချောင်းသာသာဟန့်လိုက်သည်။ ဖုကျန်း၏နှာခေါင်းကို ဖျစ်ညှစ်ရင်း ပြောလိုက်သည်။
".....အိပ်နေရင် နေထွက်တာ လွတ်သွားတော့မှာနော်....."
ဖုကျန်းက နှာခေါင်းပိတ်ခံထားရသော်ငြား ကြောက်မသွား ပါးစပ်နှင့် အသက်ရှူ၍လည်း ရနိုင်သေးသည်။ မျက်စိဖွင့်လိုက်သော်ငြား အိပ်ရာဘေးမှ မီးရောင်ကြောင့် ပြန်မှိတ်သွားသည်။
"နောက်ထပ်နှစ်မိနစ်လောက်ပဲ အိပ်မယ်လေ တကယ် နှစ်မိနစ်ပဲ....."
ကျန်းဟန်ရှုမှာ မပြုံးဘဲကို မနေနိုင်တော့။ အိပ်ယာမှထကာ သူ့အဝတ်အစားများကို ဝတ်လိုက်သည်။ ထို့နောက် ကုတင်အစွန်းမှ ဖုကျန်း၏ဘောင်းဘီကို ကောက်ကာ ဖုကျန်း၏ဒူးနားတွင် ဒူးတစ်‌ဖက်ထောက်ပြီး သူ့ဘောင်းဘီနှင့် ခြေအိတ်ကို ကူဝတ်ပေးလိုက်သည်။ အားလုံးပြီးမှ အိပ်ချင်မူးတူးဖြစ်နေဆဲ ဖုကျန်းကို ဆွဲထူကာ ဆွယ်တာဝတ်ပေးလိုက်သည်။
ဖုကျန်းမှာ ငယ်ဘဝသို့ ပြန်ရောက်သွားခဲ့ရသလိုပင်။ ဆောင်းရာသီကျောင်းဖွင့်ရက်များတွင် သူသည် အိပ်ယာထဲတွင်သာ ကွေးနေချင်ကာ ကျောင်းမသွားလိုခဲ့။ သူအိပ်ချင်မူးတူးဖြစ်နေချိန်တွင် ဖုကျန်းချန်သည်လည်း ထိုကဲ့သို့ပင် အဝတ်ကူဝတ်ပေးခဲ့သည်။ သူ့နားရွက်ကိုဆွဲကာ လေမှုတ်လိုက်လျှင် ယားလာ၍ အိပ်ယာထဲတွင် ဆက်အိပ်မနေနိုင်တော့။
သူ သူ့နားသန်သီးကို သတိလက်လွတ်ကိုင်လိုက်ကာ နားရွက်ကို အုပ်ကိုင်လိုက်သည်။ သူ့အတွေးများက ပြန့်ကျဲနေပြီး အတော်ကြာသည်အထိ သူ ဘာလုပ်နေမိမှန်း သဘောမပေါက်သေး။
ကျန်းဟန်ရှုက ဖုကျန်းကို သန့်ရှင်းရေးလုပ်ပေးပြီးနောက် မျက်နှာသွားသစ်လိုက်သည်။ သူပြန်ထွက်လာချိန်တွင် ဖုကျန်း၏မျက်နှာကို သူ့လက်အေးကြီးဖြင့် နှစ်ကြိမ် ပုတ်လိုက်သဖြင့် ဖုကျန်းလည်း ချက်ခြင်း အိပ်ချင်ပြေသွားခဲ့သည်။ ပါးစုံနှစ်ဖက်ကိုဖောင်းကာ ကျန်းဟန်ရှုကို စိတ်ဆိုးမာန်ဆိုးဖြင့် ကြည့်လိုက်သော်ငြား ခဏအကြာတွင် ရေကုန်သွားသော ငါးပူတင်းသဖွယ် ဒေါသတို့က အငွေ့ပျံသွားသည်။
သူက ကျန်းဟန်ရှု၏ပါးကို သာသာလေးနမ်းလိုက်ပြီး သမ်းဝေရင်းဖြင့်ပင် အိပ်ယာမှထကာ သူ့ကိုယ်သူ ပိုနိုးကြားလာစေရန် မျက်နှာသွားသစ်ခဲ့သည်။ သူပြန်လာချိန်တွင်တော့ ကျန်းဟန်ရှုသည် အားလုံးကို သန့်ရှင်းပြီးနေပြီဖြစ်သည်။
"အေးတယ် နည်းနည်းထပ်ဝတ်ဦး....."
ကျန်းဟန်ရှု သူ့ခရီးဆောင်အိတ်ထဲမှ အနက်ရောင်ဂျက်ကတ်တစ်ထည်ကိုထုတ်ကာ ဖုကျန်းကို လှမ်းပေးလိုက်သည်။ ဖုကျန်း အစက ထိုအင်္ကျီမှာ ကျန်းဟန်ရှု၏အင်္ကျီဟု ထင်ခဲ့သော်လည်း ဝတ်လိုက်ချိန်မှ သူ့ဆိုဒ်နှင့်ကွက်တိဖြစ်နေကြောင်း သိလိုက်ရသည်။ သူက ကျန်းဟန်ရှုကို လှည့်မေးလိုက်သည်။
"ဘယ်တုန်းကဝယ်လိုက်တာလဲ....."
"သိပ်မကြာသေးဘူး....."
ကျန်းဟန်ရှုက ဖုကျန်း၏နောက်ကျောမှ ဦးထုပ်ကို လာပြင်ပေးလိုက်ပြီး အညိုရောင်သက္ကလပ်လည်စည်းကို ပေးလိုက်သည်။
"သွားရအောင် မာဖလာလည်း ပတ်ထားလိုက်ဦး......"
ကျန်းဟန်ရှု၏ ကြီးကြပ်မှုကြောင့် ဖုကျန်းမှာ တစ်ကိုယ်လုံးကို ကောက်ညှင်းထုပ်သဖွယ် လုံနေအောင် ထုပ်ထားရသည်။ ကျန်းဟန်ရှုက သူ့လက်ကိုဆွဲကာ ရေပူစမ်းခန်းမသို့ ထွက်လာကြသည်။
နေထွက်ချိန်ကြည့်ရန်နေရာသည် ပိုင်မိန်တောင်၏ ထိပ်တွင်ရှိသည်။ ရေပူစမ်းကလပ်၏ အနောက်ဘက်ရှိ တောင်တက်လမ်းကြမ်းကြမ်းကို ဆယ်မိနစ်ခန့် လျှောက်ပြီးနောက် သစ်သားခင်းထားသော လမ်းလေးကို တွေ့လိုက်ရသည်။ ထိုလမ်းအဆုံးတွင် ပွဲကြည့်စင်တစ်ခုရှိနေပြီး စုံတွဲနှစ်တွဲက ရောက်နှင့်နေသည်။
ကျန်းဟန်ရှုက ဖုကျန်းကို လူရှင်းသည့် အခြားလမ်းတစ်ခုသို့ ခေါ်လာခဲ့သော်လည်း မကြာမီပင် သူဆုံးဖြတ်ချက်မှားသွားမှန်း သိလိုက်ရသည်။ ပိုင်မိန်တောင်ကို နေထွက်ချိန်လာကြည့်သော စုံတွဲတိုင်းက နှစ်ယောက်တစ်ကမ္ဘာသာ တည်ဆောက်လိုကြသည်။ ထိုနေရာတွင် စုံတွဲသစ်တစ်တွဲ ထပ်ရှိနေပြီး ပိုဆိုးသည်က အသစ်စက်စက်စုံတွဲမှာ ထန်ဝမ်ဝမ်နှင့် ချင်ကျောက်တို့ ဖြစ်နေခြင်းဖြစ်သည်။
သို့​​သော် ထန်ဝမ်ဝမ်ကလည်း ဖုကျန်းကို တွေ့လိုဟန်မတူ။ ဖုကျန်းနှင့် ကျန်းချန်ရှုတို့ကို မြင်လိုက်ရချိန်တွင် သူမက ချင်ကျောက်၏လက်ကိုဆွဲကာ ပြောလိုက်သည်။
"သွားရအောင်....."
ချင်ကျောက်မှာ ဘာမှမသိ၍ ထန်ဝမ်ဝမ်ကို ပြန်မေးလိုက်သည်။
"ဘာဖြစ်လို့လဲ....."
"တစ်ချို့တစ်ချို့တွေနဲ့ မတွေ့ချင်လို့......"
ထန်ဝမ်ဝမ်က အေးစက်စက်ပြောလိုက်သည်။
ချင်ကျောက်သည် မလှမ်းမကမ်းမှ ဖုကျန်းနှင့် ကျန်းဟန်ရှုတို့ကို လှမ်းကြည့်လိုက်သည်။ သူတို့ကို မမှတ်မိခင်တွင်ပင် သူက ပြောလိုက်သည်။
"ကိုယ် သွားပြီးကြည့်လိုက်မယ်....."
ထန်ဝမ်ဝမ်က ချင်ကျောက်ကို လွှတ်လိုက်သည်။ ချင်ကျောက်သည် သူ လျှောက်မလာခင်အထိ ဖုကျန်းဟု သတိမထားမိသေး။
အရင်က ထန်ဝမ်ဝမ်၏ ဟန်ဝေ့ယာတွင် ဖုကျန်းသည် သူ့လက်နှင့် ခြေထောက်အား ဘယ်လိုလုပ်ခဲ့လဲဆိုတာကို သူသတိရနေဆဲဖြစ်သည်။ သူက ဖုကျန်းကို ထောင်ထဲပို့လိုသော်လည်း ဖုကျန်းချန်နှင့် ဖုထင်တို့က တွန့်ဆုတ်နေပြီး ထန်ဝမ်ဝမ်ကလည်း တောင်းဆိုထား၍ သူဘာမှ ဝင်မပြောနိုင်ခဲ့။ ထိုကိစ္စမှာ ဖုမိသားစု၏ ကိုယ်ရေးကိုယ်တာသာဖြစ်ပြီး ထန်ဝမ်ဝမ်နှင့် သူ့ကြား ဆက်ဆံရေးမှာလည်း ထိုအချိန်က အခြေမကျ‌သေးသည့်အတွက် လိုသည်ထက် ပိုစွက်ဖက်ပါလျှင် ဖုမိသားစုက သူ့ကိုအမြင်စောင်းသွားနိုင်သည်။
ချင်ကျောက်လည်း ခဏမျှစဉ်းစားပြီးနောက် သူ့အိတ်ကပ်ထဲမှ ဘဏ်ကတ်ကိုထုတ်ကာ ဖုကျန်းကို ပေးလိုက်သည်။ ဖုကျန်း၏ မေးခွန်ထုတ်လိုဟန် အကြည့်များကို သူက ရှင်းပြလိုက်သည်။
"ဒီထဲမှာ ယွမ်တစ်သိန်းပါတယ် ဒီကနေ ထွက်သွားမယ်ဆိုရင် အဲဒါအကုန်မင်းဟာပဲ....."
ချင်ကျောက်သည်လည်း ဖုကျန်း၏ နောက်ပိုင်းအခြေအနေကို ကြားထားနှင့်ပြီးဖြစ်သည်။ အတိုချုပ်ပြောရလျှင် ဖုကျန်းက ကျဉ်းထဲကြပ်ထဲ ရောက်နေခြင်းဖြစ်သည်။ ယွမ်တစ်သိန်းမှာ မများလှသော်လည်း ဖုကျန်းအတွက်မူ မနည်းလှသော ဝင်ငွေဖြစ်သည်။ သူ ထွက်သွားရန် သဘောတူလိုက်သည်နှင့် ယွမ်တစ်သိန်းရမည်ဖြစ်ရာ ချင်ကျောက်သည် ဖုကျန်း သဘောမတူဘဲမနေဟုသာ တွေးလိုက်သည်။
ဖုကျန်းနှင့် ကျန်းဟန်ရှုတို့က သူ့ကို မရှိသည့်လူတစ်ယောက်လို လျစ်လျူရှုထားသည်ကိုတော့ သူ လုံးဝမသိခဲ့။ ထိုကဲ့သို့ လျစ်လျူရှုမှုမျိုးက သူ့ကိုယ်သူ ခုန်ပေါက်‌နေသော လူရွှင်တော်လို ခံစားရစေသည်။
"ပိုက်ဆံက တအားနည်းတယ်ထင်လို့လား နောက်ထပ် ယွမ်နှစ်သောင်း ထပ်ပေးမယ်....."
နောက်ဆုံးတွင်တော့ ဖုကျန်းသည် ‌သူ့ရှေ့မှ ချင်ကျောက်နှင့် ထန်ဝမ်ဝမ်တို့သည် တစ်မိသားစုတည်း ဟုတ်မဟုတ် ကြည့်ရန် ခေါင်းကိုမော့လိုက်သည်။ သူတို့သာ မိသားစုထဲ မဝင်ခဲ့ပါလျှင် ထန်ဝမ်ဝမ်သည်လည်း အရင်တစ်ခေါက်ကလို ကျန်းဟန်ရှုကို ထွက်သွားခိုင်းဦးမည့်ပုံပေါ်သည်။
ချင်ကျောက်သည် ဖုကျန်း အပေးအယူကို လက်ခံတော့မည်ထင်၍ လှောင်ပြောင်တော့မည့်ဆဲဆဲတွင် ဖုကျန်းက သူ့ကိုပြောလိုက်သည်။
"တိတ်တိတ်လေးနေပေးလို့ရမလား....."
ဖုကျန်းက ချင်ကျောက်ကို တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်သည်။
"နေထွက်တာကြည့်မှာဆို ကျွန်တော်တို့ကိုမမြင်ရမယ့် တစ်ခြားနေရာတွေ အများကြီးရှိတယ် အကုန်လုံးက အရွယ်ရောက်ပြီးသားတွေပဲဗျာ ဟိတ်ကြီးဟန်ကြီးထုတ်နေဖို့ မလိုပါဘူး....."
"မင်း....."
ချင်ကျောက်က သူ့ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ ဘေးနားမှ ရပ်ကြည့်နေသည့် ကျန်းဟန်ရှုသာ မရှိပါလျှင် သူသည် ဖုကျန်း၏မျက်နှာကို ပိတ်ထိုးလိုက်ပြီဖြစ်သည်။
ချင်ကျောက်မှာ အလွန်ဒေါသထွက်သော်ငြား ဖုကျန်းဘေးမှလူမှာ အနှောင့်အယှက်ပေးသင့်သည့်လူ ဟုတ်ဟန်မတူ၍ သူက ဘာကိုမှ တဲ့တိုးမလုပ်ရဲ။ ထို့အပြင် သူသည် ကုမ္ပဏီဥက္ကဌဖြစ်သည်။ ဒီလိုနေရာတွင် ဒီလိုလူမျိုးနှင့် ရန်ဖြစ်ရခြင်းသည် သူ့တန်ဖိုး ကျရုံသာရှိမည်။ ဘာမှ မလုပ်နိုင်သည့်အတွက် ဒေါသကို ပြန်မျိုချလိုက်ရသည်။
ချင်ကျောက်မှာ ‌အတော်ကြာသည်အထိ စကားမဆိုနိုင်အောင်ဒေါသထွက်နေလေသည်။ချင် ကျောက်၏ အရှက်ရမှုကို မြင်လိုက်ဟန်တူသော ထန်ဝမ်ဝမ်က သူ့ကို ဆွဲခေါ်သွားသည်။
"ချင်ကျောက် သွားရအောင်ပါ....."
ချင်ကျောက်က ထန်ဝမ်ဝမ်ကို ပြုံးပြလိုက်သည်။ သူနောက်ဆုတ်ရန် ခြေတစ်လှမ်းချန်ထားပေးသည့် ထန်ဝမ်ဝမ်ကို ကျေးဇူးတင်မိသည်။ မထွက်သွားမီ သူက ကျန်းဟန်ရှုနှင့် ဖုကျန်းတို့ကို ခြိမ်းခြောက်လိုက်သေးသည်။
".ကြည့်နေ မင်းတို့ကို ဒီတိုင်းမထားဘူး....."
သူတို့နှစ်ယောက် ထွက်သွားပြီးမှ ဖုကျန်းလည်း စိတ်သက်သာရာရကာ လေထုမှာ ပိုလတ်ဆက်လာသည်ဟု ခံစားမိသည်။ ကျန်းဟန်ရှု၏ နားရွက်နားသို့ မှီကာ တီးတိုးပြောလိုက်သည်။
".ကာတွန်းထဲက ဗီလိန်တွေလည်း အဲ့လိုပဲပြောကြတာပဲ....."
ကျန်းဟန်ရှုက သူ့နှုတ်ခမ်းကိုကိုက်ရင်း ဖုကျန်း၏ အနည်းငယ်အေးနေသောလက်ကို ဆုပ်ကိုင်လိုက်သည်။ အခုတော့ သူတို့ရှေ့ရှိ သဘာဝအလှတရားကို အာရုံစိုက်နိုင်ပြီဖြစ်သည်။ နောက်ထပ်ဆယ်မိနစ်ခန့် ထပ်စောင့်ပြီးချိန်တွင်တော့ နေထွက်လာပြီဖြစ်သည်။
ဝိုင်းစက်စက်နေဝန်းနီက မိုးကုပ်စက်ဝိုင်းအစွန်းမှ တစ်ဖြေးဖြေး ထွက်ပေါ်လာသည်။ သူရိန်နေမင်းက ငါးအကြေးခွံသဖွယ် မှိုင်းညို့ညို့တိမ်တိုက်များကို ဖြတ်ကာ ရွှေရောင်ခြည်ထောင်ပေါင်းများစွာကို ထုတ်လွှင့်လိုက်သည်။ ရွှေရောင်အလင်းတန်းတို့က လှိုင်းခွက်ထနေသော ပင်လယ်ပေါ် ဖြာဆင်းကာ ပိုင်မိန်တောင်ကို ချဉ်းကပ်လာသော အပျော်စီးသ‌င်္ဘော၏ ပုံရိပ်ကို ထင်ဟပ်စေသည်။ မနီးမဝေးမှ အိမ်တို့က မီးခိုးတလူလူ တက်လာကာ အိပ်မောကျနေသော မြို့တော်က ခရာသံနှင့်အတူ နိုးထလာသည်။
ခမ်းနားလှသော တောတောင်ရေမြေတို့က ကြည့်၍ပင် မကုန်နိုင်လောက်ချေ။
ဖုကျန်းမှာ ပါးစပ်ကိုဟ၊ မျက်လုံးကိုပြူးကာ ကြည့်နေပြီး သူ့စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ရန်ပင် မစွမ်းတော့။ သူ့မျက်မှောက်ရှိ သဘာဝအလှတရားတို့၏ ဖမ်းစားခြင်းကို ခံလိုက်ရသည်။
ကျန်းဟန်ရှုက သူ့ဖုန်းကို တိတ်တိတ်လေးထုတ်ပြီး ကင်မရာကို ဖုကျန်းဆီသို့ ချိန်လိုက်သည်။ တစ်စုံတစ်ယောက်က သူ့ကို ဓာတ်ပုံရိုက်နေမှန်း သတိထားမိရန် ဖုကျန်းမှာ အတော် အချိန်ယူလိုက်ရသည်။ သူ့ခေါင်းကိုလှည့်ကာ ကျန်းဟန်ရှု၏ မျက်နှာကို တွေ့လိုက်၍ အကြည့်ချင်းဆုံမိချိန်တွင်တော့ ရှောင်လွဲ၍မရနိုင်စွာပင် နှစ်ယောက်သား ပူးကပ် နမ်းရှိုက်လိုက်ကြတော့သည်။