အပိုင်း ၅၀
Viewers 23k

နေထွက်ချိန်ကို ကြည့်ပြီးနောက်တွင်တော့ တောင်ပေါ်မှ ပြန်ဆင်းလာခဲ့သည်။ မနက်စာကို ရေပူစမ်းကလပ်၏ ပထမထပ်တွင် တည်ခင်းထားပြီး ထိုနေရာတွင် စားသည်ဖြစ်စေ၊ အခန်းထဲယူသွားသည်ဖြစ်စေ နှစ်သက်သလို လုပ်နိုင်သည်။
ဖုကျန်းတို့မှာ စောစောလာခဲ့သည်ဖြစ်ရာ လူလည်းမရှိသေး၊ စားစရာလည်းမစုံသေးပေ။
ကျန်းဟန်ရှုက ဖုကျန်းကို ပြတင်းပေါ်ဘေးရှိခုံအား နေရာဦးထားရန် ထားခဲ့သည်။ ကျန်းဟန်ရှု မနက်စာယူပြီး ပြန်လာချိန်တွင် ဖုကျန်းသည် ပြတင်းပေါက်ဘက်လှည့်ကာ သမ်းနေရင်း ချင်ကျောက်နှင့် ထန်ဝမ်ဝမ်တို့ ရေပူစမ်းအိမ်မှ ထွက်လာသည်ကို တွေ့လိုက်ရသည်။
ဘာဖြစ်၍မှန်းတော့မသိ။ မျက်နှာစိမ်းပုတ်နေသော ချင်ကျောက်သည် ထန်ဝမ်ဝမ်နှင့်အတူ တောင်အောက်ကို ဆင်းသွားပြီး ကလပ်မန်နေဂျာက သူတို့ကို ကျောက်လမ်းအဆုံးအထိ လိုက်ပို့နေသည်။ ချင်ကျောက်က အတောမသတ်နိုင်သော ဒေါသတို့ဖြင့် ပြန်လှည့်ကြည့်လိုက်သည်။
ကျန်းဟန်ရှု ပြန်ရောက်လာပြီး ဖုကျန်း၏အရှေ့သို့ မနက်စာကို ချပေးလိုက်သည်။ ဖုကျန်းက ပြတင်းပေါက် အပြင်ကို ကြည့်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသောအခါ ကျန်းဟန်ရှုလည်း လှည့်ကြည့်လိုက်ပြီး သာသာလေး ပြောလိုက်သည်။
"သူက ဒီကို ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ပြောသွားတယ် အခု ဒီနေရာက မင်းအတွက်ပဲ....."
ဖုကျန်းက ခေါင်းကို ဆတ်ခနဲလှည့်ကာ ကျန်းဟန်ရှုကို အထင်တကြီး ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ကြယ်များ တလက်လက်တောက်ပနေဟန်ဖြင့် သူ့ကိုမေးလိုက်သည်။
".ဘယ်လိုပြောရမလဲ သိတယ်လား....."
ကျန်းဟန်ရှုက ခေါင်းညိတ်ကာ ထိန်းထိန်းသိမ်းသိမ်း ပြောလိုက်သည်။
".နည်းနည်းလောက်ပေါ့....."
"ကိုယ် နောက်တစ်ခု သွားယူလိုက်ဦးမယ် ဆာရင် စားထားနှင့် ....."
ကျန်းဟန်ရှုက ဖုကျန်း၏ ခေါင်းကို ပုတ်လိုက်ကာ ကိုယ်တိုင်ယူရန်နေရာသို့ သွားခဲ့သည်။
ချင်ကျောက်က ပြတင်းပေါက်အပြင်ဘက်တွင် ထိုသို့စကားမျိုး ပြောခဲ့သော်ငြား ကလပ်မန်နေဂျာသည် ကလပ်သို့ မပြန်သေးဘဲ ချင်ကျောက်နှင့် ထန်ဝမ်ဝမ်တို့ တောင်အောက်ဆင်းသွားသည်ကို ခပ်ပြုံးပြုံး ရပ်ကြည့်နေခဲ့သည်။
ကျန်းဟန်ရှုက မနက်စာကိုယူလာကာ ဖုကျန်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး နှစ်ဦးသား မနက်စာကို တိတ်ဆိတ်အေးချမ်းစွာ စားလိုက်ကြသည်။ ဖုကျန်းသည် အလုပ်အနည်းငယ်စားပြီးနောက် မနေနိုင်စွာပင် သမ်းဝေလိုက်ရင်း ကျန်းဟန်ရှုကို ပြောလိုက်သည်။
".ပြန်ရောက်ရင် ခဏလောက် အိပ်ချင်သေးတယ်
....."
ကျန်းဟန်ရှုက ပြန်ပြောလိုက်သည်။
".အကြာကြီးအိပ်လို့မရဘူးနော်....."
မကြာမီ မန်နေဂျာက ကျန်းဟန်ရှု၏ အနားသို့ ရောက်လာကာ မေးလိုက်သည်။
"သခင်လေး တစ်ခုခုလိုအပ်တာများရှိသေးလား....."
ကျန်းဟန်ရှုက ခေါင်းယမ်းလိုက်သည်။
"မရှိဘူး....."
မန်နေဂျာက ညင်သာစွာ ဦးညွတ်လိုက်သည်။
"သခင်လေး တကယ်လို့ လိုအပ်တာရှိရင် ကျွန်တော့်ကို အသိပေးပါ....."
မန်နေဂျာထွက်သွားပြီးနောက် ကျန်းဟန်ရှုက ဖုကျန်းကို ရှင်းပြလိုက်သည်။
".မိသားစုထဲက စီးပွားရေးသေးသေးလေးပါ....."
ဖုကျန်းက ခေါင်းညိတ်လိုက်သည်။ ပိုင်မိန်တောင်တစ်ခုလုံးကို သူ့မိသားစုက ပိုင်ခဲ့လျှင်တောင် ဖုကျန်းက အံ့ဩမိမည်မဟုတ်။ အဆုံးသတ်တွင်တော့ ထိုဟာက ကျန်းမိသားစုဖြစ်သည်။
သူတို့နှစ်ဦး အခန်းပြန်ရောက်ပြီး သိပ်မကြာလိုက် ကျန်းဟန်ရှုထံသို့ ဖုန်းတစ်ကော ဝင်လာသည်။ ဖုန်းမျက်နှာပြင်မှ နာမည်ကို ငုံ့ကြည့်ပြီး ဖုကျန်းကို ပြောလိုက်သည်။
"အိပ်နှင့်နော် ကိုယ်အပြင်ကို ဖုန်းထွက်ပြောလိုက်ဦးမယ်....."
ထို့နောက် မနေ့ညက သူ့အဖေနှင့် ဖုန်းပြောခဲ့သည့် ဝရန်တာသို့ ထွက်လာခဲ့သည်။
ဖုန်းကိုင်လိုက်ပြီးနောက် ကျန်းဟန်ရှုက ဦးစွာခေါ်လိုက်သည်။
".အဖိုး....."
ဖုန်းတစ်ဖက်မှ အဖိုးကျန်းက ဟမ့်ခနဲလုပ်ကာ ကျန်းဟန်ရှုကို ခပ်သွက်သွက်မေးလိုက်သည်။
"မင်းအမေပြောသံကြားမိလို့ တစ်ယောက် ယောက်နဲ့ ချိန်းတွေ့နေတယ်ဆို...."
"ဟုတ်ကဲ့....."
ကျန်းဟန်ရှုက ပြန်ဖြေလိုက်သည်။
အဖိုးကျန်းက ခပ်ပြုံးပြုံး မေးလိုက်သည်။
"နှစ်သစ်ကျ အဖိုးနဲ့တွေ့ဖို့ သူ့ကို အိမ်ခေါ်လာခဲ့....."
ကျန်းဟန်ရှုက တုန့်ဆိုင်းသွားသည်။ သူသာ ဖုကျန်းကိုခေါ်လာလျှင် အဖိုးကျန်းက လက်မခံဘဲ ချက်ခြင်းနှင်ထုတ်လိုက်မည်ကို စိုးရိမ်၍ ကျန်းဟန်ရှုက အဖိုးကျန်းကို သွေးတိုးစမ်းလိုက်သည်။
"သူက အဖိုးတွေးထားတာနဲ့ လုံးဝ တူမှာမဟုတ်ဘူးနော်....."
အဖိုးကျန်းက ပွင့်ပွင့်လင်းလင်း‌ ပြောလိုက်သည်။
"မင်းအဖိုးက ရှေးရိုးစွဲမဟုတ်ပါဘူးကွ စိတ်ကြိုက်ဖြစ်ရမယ်လို့ သိပ်အစွဲမရှိဘူး ပိုက်‌ဆံရှိရှိမရှိရှိ အကျင့်စာရိတ္တကောင်းပြီး ငါ့မြေးကြိုက်တယ်ဆို ပြီးတာပဲ....."
ထိုသည်က မဒမ်ကျန်း ပြောခဲ့သည်နှင့် တစ်ထပ်တည်းပင်။
"သူက ယောကျာ်းလေး....."
ကျန်းဟန်ရှုက ပြောလိုက်သည်။
"ယောကျာ်းလေးဆိုလည်း ယောကျာ်းလေး....."
ရှေ့ကလူတွေလိုပင် အဖိုးကျန်းသည်လည်း ရုတ်တရက် အသံတိတ်သွားကာ ကျန်းဟန်ရှုကို မယုံနိုင်သောလေသံဖြင့် မေးလိုက်သည်။
"မင်းက ယောကျာ်းလေးကိုကြိုက်တယ်လို့ ပြောချင်တာလား....."
ကျန်းဟန်ရှုက ခဏတွေးလိုက်သည်။
".ယောကျာ်းလေးမဟုတ်ဘူး....."
အဖိုးကျန်းမှာ မျက်စိလည်သွားသည်။
"အဖိုးကို ရှင်းရှင်းလင်းလင်းပြောစမ်းပါ ယောကျာ်းလေးလား....."
ကျန်းဟန်ရှုက အဖိုးကျန်းကို ပြန်မမေးခင် ခဏမျှ ငြိမ်ကျသွားသေးသည်။
" အဲဒါက အရေးကြီးလို့လား....."
ကျန်းဟန်ရှုသာ အဖိုးကျန်း၏ရှေ့တွင် ရှိနေပါလျှင် အဖိုးကျန်း၏မျက်လုံးများ ပြူးကျယ်နေသည်ကို တွေ့ရပေမည်။ ဖုန်းတစ်ဖက်မှ စိတ်ဆိုးမာန်ဆိုးသံက ကျန်းဟန်ရှုကိုပင် နားအူသွားစေသည်။
".ဘာလို့အရေးမကြီးရမှာလဲကွ!!!....."
ကျန်းဟန်ရှုက ပြန်ဖြေလိုက်သည်။
"ကျွန်တော်ကတော့ အရေးကြီးတယ်မထင်ဘူး....."
"ဟာသပြောနေတယ်ထင်နေလား....."
အဖိုးကျန်းငယ်စဉ်က မြို့စွန်တွင် မြောက်ပိုင်းသားများနှင့် နှစ်အတော်ကြာ အလုပ်အတူလုပ်ဖူးသည်။ အခု အသက်အရွယ်ကြီးလာသည်အထိ စိတ်လှုပ်ရှားလာလျှင် ဒေသိယစကားများ ထွက်လာဆဲဖြစ်သည်။
ကျန်းဟန်ရှုမှာ အသံတိတ်သွားသည်။ အဖိုးကျန်းလည်း သူပြောလိုက်တာ ပြင်းထန်သွားပြီထင်၍ လေသံကို အနည်းငယ်လျော့ကာ ကျန်းဟန်ရှုကို မေးလိုက်သည်။
"သူက အိမ်မှာ ဘာလုပ်လဲ....."
ကျန်းဟန်ရှုက အခန်းထဲတွင် အိပ်ပျော်နေသော ဖုကျန်းကို လှမ်းကြည့်လိုက်ရင်း ဖြေလိုက်သည်။
"ကျွန်တော်က သူ့အိမ်မှာရှိတဲ့ တစ်ယောက်တည်းသောသူပဲ....."
ဒီတစ်ကြိမ်တွင်တော့ သူ၏ချစ်ခြင်းကို သေချာပေါက် ပြသရမည်ဖြစ်သည်။ အဖိုးကျန်းမှာ စိတ်ဆိုးလွန်း၍ ရင်ဘက်မှာ ပေါက်ထွက်တော့မလိုပင်။ သူက ကျန်းဟန်ရှုကို ပြောလိုက်သည်။
"ဒီအဖိုးကြီးက အတည်မေးနေတာကွ....."
"ကျွန်တော်ကလည်း အလေးအနက်ဖြေတာပါ....."
အဖိုးကျန်း၏ အသံမှာ တိုးသထက်တိုးလာသည်။ သူက တစ်စုံတစ်ခုကို စဉ်းစားလိုက်ပြီး ကျန်းဟန်ရှုကို မေးလိုက်သည်။
"သူ့မိဘတွေရော ရှိသေးလား....."
"မရှိတော့ဘူး....."
ဒီလိုအရာမျိုးက မရှိဘူးလို့ပဲ သတ်မှတ်သင့်တယ်မဟုတ်လား။
အဖိုးကျန်း၏ တုန့်ပြန်မှုမှာလည်း မဒမ်ကျန်းနှင့် အတူတူပင်ဖြစ်သည်။ အဖိုးကျန်းက သက်ပြင်းချကာ ကျန်းဟန်ရှုကို ပြောလိုက်သည်။
".မင်းကတော့ ဒီအဖိုးကြီးကို အခက်တွေ့အောင် လုပ်နေတာပဲ....."
နိုင်ငံခြားတွင် ကြေးစားစစ်မှုထမ်းရန် ခေါင်းမာခဲ့စဉ်ကကဲ့သို့ပင် ဒီတစ်ခေါက်လည်း ကျန်းဟန်ရှုကို အတင်းအကြပ် နားမချနိုင်ကြောင်း အဖိုးကျန်းလည်း သဘောပေါက်ပြီးဖြစ်သည်။ သူတို့မိသားစုတွင် ကလေးတစ်ယောက်သာရှိသည်ဖြစ်ရာ သူ့ကို ကျန်းမိသားစုမှ ကန်ထုတ်ရန်လည်း မဖြစ်နိုင်ပေ။
အဖိုးကျန်း၏ သက်ပြင်းချသံက ကျန်းဟန်ရှုကို အနည်းငယ် စိတ်မသက်မသာဖြစ်စေသည်။ အဖိုးကျန်း၏ အလျှော့ပေးသံကို ကြားလိုက်ရသောအခါ ဖုကျန်း၏ ကိုယ်ဝန်အကြောင်း ပြောရန် ပြင်လိုက်တော့သည်။
".အိုကေ ငါ သူ့ကို တွေ့မယ့်အချိန်အထိ စောင့်ဦး....."
ကျန်းဟန်ရှုက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
"သူ့မှာ ကိုယ်ဝန်ရှိနေပြီ....."
"ကိုယ်ဝန်ရှိနေရင်တောင် သူက ယောကျာ်းတစ်ယောက်ပဲဖြစ် ......."
အဖိုးကျန်းမှာ စကားမဆုံးခင်ပင် ကျန်းဟန်ရှုပြောလိုက်သည့်အဓိပ္ပါယ်ကို နားလည်သွားသည်။ အဖိုးကျန်းမှာ သူ့နားများ ကောင်းကောင်းအလုပ်မလုပ်တော့ဘဲ နေ့ခင်းအိပ်မက်မက်နေ၍ ထင်ယောင်ထင်မှား ဖြစ်နေမိသည်ဟုပင် ယူဆမိသည်။ သူက ကျန်းဟန်ရှုကို မေးလိုက်သည်။
"ဘာပြောလိုက်တယ်....."
ကျန်းဟန်ရှုက နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။
"သူ့မှာ ကိုယ်ဝန်ရှိနေပြီ....."
"သူက ယောကျာ်းလေးဆို...."
ကျန်းဟန်ရှုသည် ထိုကိစ္စကို လူချင်းတွေ့ပြီး ရှင်းပြမှ အဆင်ပြေမည်ဟု‌ တွေးမိသည်။
"ကျွန်တော် နောက်မှ ဒီအကြောင်းကို ပြောပြပါ့မယ်....."
သူ့မြေးကို မကြာမီတွေ့ရမည်ဆိုသည့် အချက်က လွှမ်းမိုးသွားဟန်တူသည်။ အဖိုးကျန်း၏ လေသံမှာ အနည်းငယ် မာဆတ်ဆတ်ဖြစ်နေသေးသော်ငြား စစချင်းကထက် ပိုစိတ်ကောင်းဝင်လာပြီဖြစ်ကြောင်း သိနိုင်သည်။
"တရုတ်နှစ်သစ်ကူးကျ အဖိုးကိုပြဖို့ အိမ်ခေါ်လာခဲ့....."
".နားလည်ပါပြီ....."
အဖိုးကျန်း : " ကောင်းပြီ ဖုန်းချလိုက်တော့ မင်းအဘွားရော ဒီကိစ္စကို ဘယ်လိုမြင်လဲ မေးလိုက်ဦးမယ်....."
ကျန်းဟန်ရှု၏အဘွားမှာ နိုင်ငံခြားသူဖြစ်ပြီး လွန်ခဲ့သည့် ၁၀နှစ်ကပင် ကွယ်လွန်ခဲ့သည်။ အဖိုးကျန်းသည် ငယ်စဉ်က စီးပွားရေးကိုသာ အားစိုက်ပြီး သူမအား အချိန်မပေးမိခဲ့သည်ကို နောင်တရ၍ မိသားစုစီးပွားရေးကို အဖေကျန်း၏လက်ထဲထည့်ပြီး အဘွားကျန်း၏ အရိုးပြာနှင့်အတူ ကမ္ဘာပတ်တော့သည်။
ဒီကိစ္စကို ဘယ်လိုနည်းလမ်းသုံး၍ အဘွားကျန်း၏ အမြင်ကို မေးလေမလဲတော့ သူလည်းမသိ။
ကျန်းဟန်ရှု ဖုန်းချ၍ ဝရန်တာက ပြန်လာချိန်တွင် ဖုကျန်း နိုးနှင့်နေသည်ကို တွေ့လိုက်ရသည်။ ပြူးကျယ်နေသော မျက်လုံးများဖြင့် သူ့ကိုကြည့်ရင်း မေးလိုက်သည်။
"ခင်ဗျားအဖေနဲ့ အဖိုးက ကျွန်တော့်ကို သဘောမကျကြဘူးလား....."
ကျန်းဟန်ရှုက အနားလျှောက်လာကာ ဖုကျန်း၏ ခေါင်းကိုကိုင်ရင်း မေးလိုက်သည်။
"ဘာလို့များ ဒီလိုထင်ရတာလဲ....."
ဖုကျန်းက ကျန်းဟန်ရှုကို ပြောလိုက်သည်။
"မိဘတွေက တစ်နေ့နေ့မှာ သူတို့သားက လိင်တူကြိုက်တဲ့သူပါလို့ ပြောလာရင် လက်ခံဖို့ခက်တာ သဘာဝပဲလေ ကျွန်တော်နားလည်ပါတယ်....."
နွေဦးဟွားရှန်ထဲတွင် ချန်းကျီ့ယီက လက်မထပ်၊ ကလေးမယူဟု ချန်းဖုရှန်သိလိုက်ရချိန်ကဲ့သို့ပင် မိဘများက သူစိမ်းသူ၏ ကြိုးကိုင်မှုအောက် ရောက်သွားမည်ကို မကြောက်၊ သူတို့ကလေးကို သာမန်ဘဝလမ်းကြောင်း အတိုင်း လျှောက်လှမ်းရန်ကိုသာ လိုလားသည်။ သူတို့၏အမြင်တွင် ထိုသည်ကသာ ဆင်းရဲဒုက္ခအနည်းဆုံးလမ်း ဖြစ်သည်။
ကျန်းဟန်ရှုက ခေါင်းကိုယမ်းကာ ဖုကျန်းကို ပြောလိုက်သည်။
".မဟုတ်ဘူး သူတို့က မင်းကို ဝမ်းသာအားရကို လက်ခံကြတာ....."
".တကယ်ကြီးလား....."
ကျန်းဟန်ရှုက ခေါင်းညိတ်လိုက်သည်။
"တကယ်ပေါ့ဗျာ....."
တောင်ပေါ်က ဆင်းလာပြီးမကြာလိုက် ထန်ဝမ်ဝမ် ယခင်ကဆက်သွယ်ထားသော ဒါရိုက်တာက သူမကို ဆက်သွယ်ပြီး မေးလာသည်။
"Shazhou Chronicle ကို ဆက်ရိုက်ဖြစ်ဦးမှာလား......"
ထန်ဝမ်ဝမ်က တုန့်ဆိုင်းမနေဘဲ ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"သေချာပေါက်ကိုရိုက်မှာပေါ့....."
ဒါရိုက်တာက ထန်ဝမ်ဝမ်ကို ဖုန်းထဲမှ ပြောရန် လောဆော်လိုက်သည်။
"ငါ့လက်ထဲမှာ နောက်ထပ်တီဗီစီးရီးတစ်ခု ရှိသေးတယ် အဲဒါကို ဒီနှစ်ဩဂုတ်လထဲမှာ မဖြစ်မနေကို စထားရမှာ....."
ထန်ဝမ်ဝမ်က ဒါရိုက်တာကို အကြောင်းပြန်ရုံသာ ရှိတော့သည်။
"ကျွန်မအကောင်းဆုံးကြိုးစားပါ့မယ်....."
ဒါရိုက်တာက ထန်ဝမ်ဝမ့်ဖုန်းကို ဟမ့်ခနဲအသံပေးရင်း ချလိုက်သည်။
ထန်ဝမ်ဝမ်မှာ ဒါရိုက်တာဟွမ်က ပြောင်းလဲသွားပြီဟု ထင်မိသည်။ သူမက Shazhou Chronicle ကိုရိုက်ရန် သူ့ကို တောင်းဆိုခဲ့စဉ်က သူမတွင် သန်းနှစ်ထောင်သာရှိလျှင်တောင် သူမကို အချိန်ပေးမည်ဟု ကတိပေးခဲ့သည်။ ဒီနှစ်ဩဂုတ်မှာ ရိုက်မယ့် စီးရီးကို ရင်းနှီးဖို့ သန်းသုံးထောင်က ဘယ်ကနေ ထွက်လာနိုင်မှာလဲ။
သူမက Shazhou Chronicle ၏ မူပိုင်ခွင့်ကို မဝယ်လိုသော်ငြား ချွန်းဟွာတောင်၏ ဒါရိုက်တာပြဿနာမှာ ပူပူနွေးနွေးပင် ရှိသေးသည်။ အကယ်၍ မူပိုင်ခွင့်ပြဿနာသာ မပြီးသေးပါလျှင် သူမက Shazhou Chronicle ကို စပင်မစရဲ။
ရွေးချယ်စရာမရှိ‌တော့လျှင်တော့ ဖုကျန်းချန်နဲ့ ဖုထင်းကို အကူအညီတောင်းရမှာပဲ။
ထန်ဝမ်ဝမ်၏ ဝမ်းနည်းနေဟန်မျက်နှာကို ကြည့်၍ ချင်ကျောက်က မေးလိုက်သည်။ ထန်ဝမ်ဝမ်က ခေါင်းယမ်းပြလိုက်သောအခါ ထပ်မေးမလာတော့။ ဖုကျန်းကို မြင်လိုက်ရ၍ အတိတ်ဆိုးများကို အမှတ်ရသွားခြင်းဖြစ်မည်ဟုသာ ခန့်မှန်းလိုက်သည်။
ပြန်ရောက်ရင်တော့ အဲ့နှစ်ယောက်ကို သေချာပေါက် ဂရုစိုက်လိုက်ဦးမှပဲ။
၁၂လပိုင်း ၂၄ ရက်နေ့တွင် ဖုကျန်းတို့ ပိုင်မိန်တောင်မှ ပြန်လာခဲ့ကြသည်။ နှစ်သစ်ကူးရန် ကျန်းဟန်ရှု၏ အိမ်သို့ ၂၉ရက်နေ့တွင် ပြန်မည်ဟု ‌ဆုံးဖြတ်ထား၍ လက်ဆောင်အချို့ဝယ်ရန် ပြင်ဆင်ခဲ့သည်။ စင်တာထဲ ပတ်ကြည့်နေရင်း ဖုကျန်းနှင့် ကျန်းဟန်ရှုတို့သည် ရွှေဆိုင်ရှေ့တွင်ရပ်ကာ အဖိုးကျန်းအတွက် ကျောက်မျက်ရတနာ ဝယ်သွားရန် ဆုံးဖြတ်လိုက်ကြသည်။
ဖုကျန်းဖုန်းမှာ မြည်လာသည်။ နံပါတ်စိမ်းဖြစ်သော်ငြား ဖုကျန်းသည် သိပ်အလေးမထားဘဲ ဖုန်းကိုကိုင်လိုက်သည်။
"ဟယ်လို....."
ဖုကျန်း ဖုန်းချလုဆဲဆဲအထိ အကြာကြီး တိတ်နေပြီးမှ သူ့ကိုဖုန်းဆက်သောသူက ငြင်ငြင်သာသာလေး ခေါ်လိုက်သည်။
"ရှောင်ကျန်း....."
ဖုကျန်းသည် ဖုန်းတစ်ဖက်မှာလူမှာ ဖုကျန်းချန်ဖြစ်မှန်း ချက်ခြင်းသိလိုက်သည်။ ကောင်တာပေါ်ရှိ ရတနာပစ္စည်းကိုသာ ငေးနေရင်း အသံတိတ်သွားမိသည်။
xxxx