အပိုင်း ၅၁
Viewers 23k

ထို့နောက်တွင် ဖုကျန်းချန်ကလည်း စကားမပြောတော့ဘဲ နှစ်ဖက်လုံး တိတ်ဆိတ်နေသဖြင့် ဖုကျန်းချန်၏ တုန်လှုပ်နေသော အသက်ရှူသံကို မပီဝိုးတဝါးကြားလိုက်ရသည်။
ဖုကျန်းသည် ဖုန်းချရကောင်းလား တွေးရင်း ခဏမျှ တုန့်‌ဆိုင်းနေမိသည်။ အချင်းချင်း ထပ်မတွေ့ကြရန် ပြောခဲ့ပြီးဖြစ်ရာ ဘာကြောင့် ခဏခဏ ဆက်သွယ်ပြီး စိတ်အနှောင့်အယှက်ပေးနေကြလဲ သူတကယ်နားမလည်နိုင်တော့။
ဒီတစ်ခါကရော ဘယ်သူ့အတွက်လဲ။ သူ့ဆီကနေ ဘာလိုချင်ပြန်ပြီလဲ။
"ဒီလက်စွပ်ဆိုရင်ရော....."
ကျန်းဟန်ရှုက မြခြယ်လက်စွပ်ကိုပြရင်း ဖုကျန်းကို မေးလိုက်သည်။
ဖုကျန်းလည်း အညှာအတာမဲ့စွာပင် ဖုန်းကိုချပစ်လိုက်ရင်း ကျန်းဟန်ရှုရွေးထားသောလက်စွပ်ကို ကြည့်လိုက်သည်။ စိမ်းမြမြကျောက်မှာ မီးရောင်နုနုအောက်တွင် ကြည်လင်နေပြီး မဒမ်ကျန်း၏ စိတ်နေ သဘောထားနှင့် ကိုက်ညီလှသည်။ ဖုကျန်းလည်း ဈေးနှုန်းကို တစ်ချက်ကြည့်လိုက်ပြီး ဝန်ထမ်းကို ပြောလိုက်သည်။
"ဒါလေးထည့်ပေးပါ....."
မဒမ်ကျန်းအတွက် လက်ဆောင်ဝယ်ပြီးနောက်တွင်‌ တော့ ကျန်းမိသားစုရှိ ကျန်အမျိုးသားနှစ်ဦးအတွက် ပြင်ဆင်ရမည့်အချိန် ရောက်လာပြီဖြစ်သည်။ ဒီတစ်ကြိမ်တွင်တော့ ဖုကျန်းလည်း မတတ်သာတော့ဘဲ ကျန်းဟန်ရှုကိုသာ မေးလိုက်ရတော့သည်။
"အဖိုးက ဘာတွေသဘောကျတတ်လဲ....."
ဒီတစ်ကြိမ်တွင်တော့ ကျန်းဟန်ရှုသည် ဖုကျန်းကို သာမန်ကာလျှံကာသာ ပြောလိုက်သည်။
"နည်းနည်းပါးပါးလောက်ဝယ်ရင်ရပြီ....."
အဖိုးကျန်းမှာ အသက်အရွယ်ကြီးရင့်သူဖြစ်၍ ပစ္စည်းကောင်းများစွာကို မြင်ဖူးတွေ့ဖူးပြီး မြောက်များစွာသော လူများကလည်း သူ့ဝါသနာကို အခြေခံကာ နှစ်တိုင်း လက်ဆောင်များ ပေးလေ့ရှိကြသည်။ ထို့ကြောင့် ဖုကျန်း ပေးသည့် လက်ဆောင်မှာ မည်သည့်ပစ္စည်းဖြစ်သည်က အရေးမကြီး သူ့စိတ်ရင်းကသာ အဓိကဖြစ်သည်။
ဖုကျန်း မျက်မှောင်ကြုတ်လိုက်သည်ကို မြင်မိချိန်တွင် ကျန်းဟန်ရှုက ပြောလိုက်သည်။
"ကိုယ့်မှာ နိုင်ငံခြားကနေ ပြန်သယ်လာတဲ့ အချိန်မှတ် ငှက်စက်ရုပ်တစ်စုံ ရှိတယ် အဖိုးကို အဲဒါပေးလို့ရတယ်....."
ဖုကျန်း တစ်ခဏတွေးကာ ခေါင်းညိတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ လက်ဆောင်ဝယ်ရန် ကျန်းဟန်ရှု၏ငွေကို သုံးရမည်ဖြစ်သည်။ မြေးတစ်ယောက်အနေဖြင့် ကျန်းဟန်ရှုကသာ သူ့အဖိုးအကြိုက်ကို ပိုသိနိုင်မည်ဖြစ်သည်။ သူက အချိန်မှတ်ငှက်ကို ပေးနိုင်တယ်လို့‌ ပြောမှတော့ ဒါကိုပဲ ရွေးလိုက်ကြတာပေါ့။
အခုတော့ မစ္စတာကျန်းအတွက်ပဲ ကျန်တော့သည်။
"ခင်ဗျားအဖေအတွက်ရော....."
ကျန်းဟန်ရှုက ဖုကျန်းကို ပြောလိုက်သည်။
"သူ့အတွက်က လက်ဖက်ခြောက်တစ်ဘူးဆို ရပြီ အခုတလော အမေက ဝိတ်ချဖို့ တွန်းအားပေးနေလို့....."
သူ နောက်ဆုံးတစ်ခေါက်က တီဗီတွင် မြင်ခဲ့သည့် ကျန်းဟန်ရှုအဖေ၏ ပုံရိပ်ကို ပြန်စဉ်းစားလိုက်သည်။ ကြည့်ရတာ အရင်ကထက် ပိုစိတ်ချမ်းသာနေတဲ့ပုံပဲ။
သူတို့လည်း အပေါ်ထပ်သို့သွားကာ အူလုံလက်ဖကိခြောက်တစ်ဘူး ဝယ်ခဲ့သည်။ စင်တာထဲမှ ထွက်လာချိန်တွင် ဖုကျန်းသည် ကျန်းဟန်ရှု၏လက်ထဲမှ အထုပ်နှစ်ထုပ်ကို ကြည့်ပြီးပြောလိုက်သည်။
(T.N: အူလုံလက်ဖက်ခြောက်က အရိုးသန်မာပြီး အဆီကျလို့ လူကြီးတွေသောက်သင့်တဲ့အထဲမှာ ပါပါတယ်တဲ့)
".ဝယ်တာ နည်းသွားတယ်ထင်တယ်နော်....."
ကျန်းဟန်ရှုက အိတ်နှစ်လုံးကို တစ်ဖက်ကဆွဲ၊ ကျန်တစ်ဖက်က ဖုကျန်းလက်ကို တွဲကာ လမ်းကူးနေရင်း သူ့ကို တီးတိုးပြောလိုက်သည် ။
".လုံလောက်ပါပြီ အိမ်မှာ တစ်ခြားပစ္စည်းတွေ ရှိသေးတာပဲကို....."
အိမ်ပြန်ရောက်သောအခါ ကျန်းဟန်ရှု ဝမ်ထုန်ကို ဖုန်းခေါ်ကာ သူ့ထံတွင် ထားထားသော အချိန်မှတ်ငှက်ကို ယူလာပေးရန် ပြောလိုက်သည်။
ဖုကျန်းက ရုတ်တရက် တစ်ခုခုကို အမှတ်ရသွားသည်။ ကျန်းဟန်ရှု ဖုန်းချလိုက်ပြီးနောက် သူက မော့ကြည့်လိုက်သည်။
".ဒါနဲ့လေ ဟိုတစ်ခေါက် သွားစားကြတုန်းက ဝမ်ထုန်က ပြောတယ် ခင်ဗျားမှာ ကျွန်တော့်ဝက်ဝံရုပ်လေး ရှိတယ်ဆို....."
ကျန်းဟန်ရှုက ခေါင်းညိတ်ပြလိုက်သည်။ အခန်းသို့ပြန်ကာ ကုတင်အောက်မှ ခရီးဆောင်အိတ်ကို လှပ်လိုက်လျှင် အိတ်သေးတစ်အိတ်ဖြင့် ထည့်ထားသော ထိုညနေက ဖုကျန်းပြုတ်ကျခဲ့သည့် ဝက်ဝံရုပ်လေးကို ခရီးဆောင်အိတ်ထောင့်စွန်းတွင် တွေ့လိုက်ရသည်။
ထိုဝက်ဝံရုပ်လေးမှာ သူ ဖုအိမ်မှ နှင်ထုတ်ခံရပြီးနောက် နှစ်ယွမ်တန်စတိုးဆိုင်ရှေ့ ဖြတ်သွားစဉ်က ဝယ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က နှစ်ယွမ်မှာ ဖုကျန်းအတွက်တော့ အတော်များသောပမာဏဖြစ်ပြီး ထိုနှစ်ယွမ်ဖြင့် မနက်စာ အသားပေါင်းနှစ်ခု ဝယ်နိုင်သည်။ အစားအသောက်က သူအသက်ရှင်ရန် ပိုအရေးကြီးသော်ငြား ထိုဝက်ဝံရုပ်မှာ သူငယ်စဉ်က ဖုကျန်းချန်ပေးခဲ့သည့် ဝက်ဝံရုပ်နှင့် တူနေသဖြင့် ဝယ်ခဲ့ခြင်းဖြစ်သည်။
သို့သော်ငြား အချိန်‌တရွေ့ရွေ့ ကုန်ဆုံးလာသောအခါ ဝက်ဝံရုပ်လည်း သူ့ကုတင်ခေါင်းရင်းမှ အံဆွဲထဲ၊ တစ်ခါ ကျောပိုးအိတ်မှ သော့ချိတ်အဖြစ် ၊ ထို့နောက် ပြုတ်ကျပျောက်ဆုံးခြင်းဖြင့် အဆုံးသတ်သွားသည်။ တကယ်တမ်း ဒါက အရေးကြီးကိစ္စတော့မဟုတ်။
ကျန်းဟန်ရှုက ထိုဝက်ဝံရုပ်ကို ဆေးကြောထားဟန်တူသည်။ ဖုကျန်းက သူ့လက်ထဲမှ ယူကာ အရုပ်၏ခေါင်းကို လက်ဖြင့် သာသာလေးထိရင်း ကျန်းဟန်ရှုကို ပြုံးပြလိုက်သည်။
"ဒီဟာက ဘတ်စ်ကားပေါ်မှာ ပျောက်သွားပြီတောင်ထင်နေတာ....."
"မင်းအတွက် အရေးကြီးလို့လား....."
ဖုကျန်းက ခဏတွေးပြီး ပြောလိုက်သည်။
"အရင်တုန်းကပေါ့ အခုတော့ သိပ်အရေးမပါတော့ပါဘူး....."
သို့သော်လည်း အခု ကျန်းဟန်ရှု ကောက်တွေ့ခဲ့သည်ဟု သိလိုက်ရချိန်တွင်တော့ အရေးပါမှုက နည်းနည်းလေး ပိုများလာသလိုပင်။
နာရီဝက်ခန့်အကြာတွင် ဝမ်ထုန်သည် ငှက်ရုပ်ကိုယူကာ ကျန်းဟန်ရှု၏အိမ်သို့ ရောက်လာခဲ့သည်။ ပါကင်ဘူးနှင့်အတူ စားပွဲပေါ်တင်လိုက်ကာ ဖုကျန်းကမ်းပေးသော ရေနွေးကို တစ်ငုံသောက်ရင်း ပြောလိုက်သည်။
".မင်း ဒီဟာကို မေ့နေပြီတောင်ထင်နေတာ....."
ကျန်းဟန်ရှုက စကားမပြောဘဲ ဘူးကိုဖွင့်ကာ ငှက်ရုပ် အကောင်းအတိုင်း ရှိမရှိ စစ်ဆေးလိုက်သည်။ ငှက်ကိုယ်ထည်တစ်ခုလုံးကို ရောင်စုံသတ္ထုစများဖြင့် လုပ်ထားပြီး ဝမ်းဗိုက်အောက်ပိုင်းတွင် ဓာတ်ပုံနှစ်ပုံထည့်ရန် ဖန်ပြတင်းပေါက် ပါရှိသည်။ ကျန်းဟန်ရှုက ထိုနေရာတွင် အဖိုးကျန်းနှင့် အဖွားကျန်းတို့ လက်ထပ်စဉ်ကပုံကို ထည့်မည်ဖြစ်သည်။
"ဝိုး......"
ဝမ်ထုန်က ကော်ဖီစားပွဲပေါ်မှ ဖုကျန်း၏ ပုံကြမ်းကို တွေ့လိုက်လျှင် ဖားတစ်ကောင်လို အော်ဟစ်လိုက်သည်။
ဒီပန်းချီက သေချာပေါက်ကို ကျန်းဟန်ရှုဆွဲထားခြင်း မဖြစ်နိုင်။ ဝမ်ထုန်သည် ကျန်းဟန်ရှုနှင့် နှစ်ပေါင်းများစွာ အတူရှိခဲ့ပြီး အခုထိ သူ့တွင် ဒီလိုအရည်အချင်းမရှိသေးကြောင်းလည်း သိသည်။ ထို့ကြောင့် ဝမ်ထုန်က ထိုပန်းချီမှာ ဖုကျန်းဆွဲထားခြင်းဖြစ်မည်ဟု ချက်ခြင်းပင် ကောက်ချက်ချမိသည်။ သူက ဖုကျန်းကို မေးလိုက်သည်။
"ဒါက မင်းဆွဲထားတာလား တကယ်ကို ရင်သပ်ရှုမောစရာပဲ....."
ဖုကျန်းက ခေါင်းညိတ်ပြလိုက်သည်။
ဝမ်ထုန်က ဖုကျန်းကို ရှက်ရှက်ရွံ့ရွံဖြင့် မေးလိုက်သည်။
".ငါ့မိန်းမအတွက်လည်း တစ်ပုံလောက်ဆွဲပေးလို့ရမလား....."
ဖုကျန်းမှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ ဝမ်ထုန်တွင် မိန်းမရှိမှန်း ကျန်းဟန်ရှုပြောသံကို သူတစ်ခါမှ မကြားမိ။
" မင်းမိန်းမ....."
ဘေးမှ ကျန်းဟန်ရှုက ဖုကျန်းကို ရှင်းပြလိုက်သည်။
" Shazhou Chronicle ထဲက ဇာတ်လိုက်မရဲ့ နာမည်က ဘာလဲ....."
ဖုကျန်းက ရုတ်ခြည်း သဘောပေါက်သွားသည်။ နှစ်ကူးတွင် ကျန်းမိသားစုအိမ်သို့ သွားရမည်ဖြစ်၍ အလုပ်သစ်လက်မခံထားသလို ပုံတစ်ပုံဆွဲရန် အချိန်လည်း သိပ်မယူရ၍ သူက သဘောတူလိုက်သည်။
"ဟုတ်ပြီလေ ဘယ်လိုပုံစံမျိုး လိုချင်လဲ....."
နှစ်ယောက်သား လေကြောတည့်သည်ကို မြင်လိုက်ရပြီးနောက် ကျန်းဟန်ရှုလည်း အသီးလှီးရန် မီးဖိုထဲ ဝင်လာလိုက်သည်။
ဝမ်ထုန်က ကော်ဖီစားပွဲပေါ်ရှိ ဖုကျန်းအတူမထားရသေးသည့် ပန်းချီကားကို ကြည့်လိုက်သည်။ တောင်းဆိုမှု အများကြီး လုပ်ပြီးပြီဖြစ်၍ မေးရန် တွန့်ဆုတ်နေမိသည်။
"မင်းက ကျန့်ဝမ်လား....."
ဖုကျန်းမှာ ဝမ်ထုန်၏ရှေ့တွင် သူ့သရုပ်မှန်က ဒီလောက် မြန်မြန်ကြီး ပေါ်သွားလိမ့်မည်ဟု လုံးဝထင်မထားခဲ့။ သို့သော် ဒီကိစ္စက သိသွားလည်း ကိစ္စမရှိ၍ ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော့်ကောင်မလေးကပဲ ဒါမျိုးဆွဲနိုင်မယ်လို့ သိသားပဲ တော်လိုက်တာဗျာ....."
ဝမ်ထုန်က အတောမသတ်‌နိုင်အောင် ပြောလိုက်သည်။
"မရီး မရီးက Shazhou Chronicle ရဲ့ မူရင်း ပန်းချီဆရာလား fan art‌ ရောဆွဲလား အခုတလော ဝေ့ပေါ်မှာ ‌ဆောင်းပါးတွေ လက်ခံတာ ရပ်လိုက်ပြီလို့ ထင်ခဲ့တာ....."
ဖုကျန်း : "........."
ဝမ်ထုန်၏မေးခွန်းများမှာ များလွန်း၍ သူဘာဖြေရမှန်း မသိတော့။ ကံကောင်းစွာပင် ကျန်းဟန်ရှုထွက်လာ၍သာ သူ အသက်ရှူချောင်သွားသည်။
"ဘယ်သူ့ကို မင်းကောင်မလေးလို့ ပြောနေတာလဲ....."
ကျန်းဟန်ရှုက သစ်သီးပန်းကန်ကိုကိုင်ကာ ထွက်လာပြီး ပန်းကန်ကို စားပွဲပေါ်သို့ ချရင်း ဝမ်ထုန်ကို ပြောလိုက်သည်။
"ပစ္စည်းရောက်ပြီဆိုတော့ ပြန်တော့....."
"ဘုရားရေ......"
ဝမ်ထုန်က ကျိုးဖာဖီထဲက ရှောင်ယွဲ့ယွဲ့လေသံဖြင့် ကျန်းဟန်ရှုကို ပြောလိုက်သည်။
"သူဌေးက ဒီတစ်ခေါက်တော့ ထမင်းလေးတစ်နပ်တောင် မသထာချင်တော့ဘူးပေါ့ လူသားမဆန်လိုက်တာ အိုက်ယား မရီးရေ သူ့ကို လူလို့တောင် ပြောနိုင်သေးလား ကြည့်ပါဦး......"
ဝမ်ထုန်က သူ့စကားကို ခပ်သွက်သွက် ပြောင်းပြောလိုက်သည်။ အခုလေးတင် သူ့ကောင်မလေးဟု ပြောခဲ့မိသူက သူ့မရီးဖြစ်နေတယ်လေ။
ဖုကျန်းမှာ ဝမ်ထုန်၏ မရီးခေါ်သံကို အသားမကျသေး၍ မျက်နှာနီမြန်းလာကာ ကျန်းဟန်ရှုကို ကြည့်နေလိုက်သည်။
"ဒီည ဘာစားချင်လဲ....."
ကျန်းဟန်ရှုက သူ့ကို မေးလိုက်သည်။
"ကိုလာကြက်တောင်ပံရယ် ဂျပန်တို့ဖူးရယ် သွားရည်ကျလောက်အောင်ကို ကောင်းတဲ့ ကြက်သားဟင်းရယ် ဝက်သားနှပ်လေးရယ်......"
ဝမ်ထုန်က ဟင်းလျာတစ်သီတစ်တန်းကြီးကို ပြောလိုက်သည်။
ကျန်းဟန်ရှုက ဝမ်ထုန်ကို အညှာအတာမဲ့စွာပင် ပြောချလိုက်သည်။
"မင်းကိုမမေးဘူး ငါ့မိန်းမကို မေးတာ....."
ဝမ်ထုန်က ခေါင်းကို စောင်းလိုက်သည်။
"ကြည့်ရတာတော့ ငါက ခွေးစာနဲ့ပဲ တန်တာထင်ပါတယ်လေ....."
ဝမ်ထုန်က ဒီနေ့မှ ဘာလို့ ဧည့်သည်လာလုပ်နေရတာလဲ။
ဖုကျန်းလည်း ဝမ်ထုန်ပြောသွားသည့်အထဲမှ လုပ်ရလွယ်သည့်ဟင်းအချို့ကိုရွေးပြီး ကျန်းဟန်ရှုကို ပြောလိုက်သည်။
အေပရွန်ဝတ်ကာ မီးဖိုထဲဝင်သွားသော ကျန်းဟန်ရှုကို ကြည့်ရင်း ဝမ်ထုန်က ဖုကျန်းအနားသို့ကပ်ကာ မေးလိုက်သည်။
"သူဌေးက နေ့တိုင်း ချက်တာလား....."
ဖုကျန်းက ခေါင်းညိတ်လိုက်သည်။
"ဒီရက်တွေထဲ သူပဲချက်တာ....."
ဝမ်ထုန်က လက်မ ထောင်ပြလိုက်သည်။
"ကျွန်တော့်သူဌေးက လက်ရာကောင်းတယ်....."
ဖုကျန်းက ဝမ်ထုန်၏မှတ်ချက်ကို သဘောတူလိုက်သည်။ ကျန်းဟန်ရှု မီးဖိုချောင်မှ ထွက်လာချိန်တွင် fan art ဆွဲရန် ခေါင်းချင်းဆိုင်ကာ တီးတိုးတိုင်ပင်နေသော ဖုကျန်းနှင့် ဝမ်ထုန်တို့ကို တွေ့လိုက်ရသည်။
ခဏအကြာ ကျန်းဟန်ရှု၏ သေနိုင်လောက်သည့် အကြည့်ကို သတိပြုမိသည့် ဝမ်ထုန်က မော့ကာ အကြည့်လွှဲရင်း ကပျာကယာ ရှင်းပြတော့သည်။
"ကျွန် ကျွန်တော်က မရီးနဲ့ ရိုးသားပါတယ်နော်....."
ဖုကျန်းက မော့ကြည့်ပြီး မေးလိုက်သည်။
"ဟင်းကျက်သွားပြီလား....."
ကျန်းဟန်ရှုက အနားလျှောက်လာကာ ဖုကျန်း ၏ဘေးတွင် ဝင်ထိုင်လိုက်သည်။
"နည်းနည်းလောက်လိုသေးတယ် ဗိုက်ဆာနေပြီလား ဒီမှာ အာလူးကြော်တစ်ထုပ်တော့ရှိတယ် စားထားမလား....."
ဝမ်ထုန်မှာ ကျန်းဟန်ရှုကို ကြောင်ကြည့်နေမိသည်။ သူ့ရှေ့မှ ငြင်သာသည့် အမျိုးသားက ဝက်ဝံနှင့်ပင် ယှဉ်ပြီးသတ်ပုတ်နိုင်လောက်အောင် ကြမ်းတမ်းတင်းမာသည့် သူ့သူဌေးဟု ဘယ်လိုနည်းနှင့်မှ မယုံကြည်နိုင်။
ဖုကျန်းက ခေါင်းယမ်းလိုက်သည်။
"မဆာသေးပါဘူး....."
ဝမ်ထုန်က ကျန်းဟန်ရှုကို ရှက်ကြောက်စွာ မေးလိုက်သည်။
"သူဌေး ကျွန်တော်လည်း ဗိုက်ဆာနေလို့ နည်းနည်းလောက် စားလို့ရမလား......"
ကျန်းဟန်ရှုက ပြောလိုက်သည်။
"ရေခဲသေတ္တာထဲမှာ စားစရာရှိတယ် ကိုယ့်ဘာသာ ယူစားလိုက် ....."
စားသောက်ပြီး၍ အိမ်ကထွက်လာချိန်တွင် ဝမ်ထုန် သူ့ဗိုက်ခေါက်ကိုပွတ်လိုက်သည်။ ခြေလှမ်းများကလည်း မျောလွင့်နေသယောင်ပင်။ ဒီနေ့တွေ့ခဲ့သည့် ကျန်းဟန်ရှုသည် တစ်စုံတစ်ခုကို ပိုင်ဆိုင်လိုစိတ်ပြင်းပျနေသည်ဟု သူခံစားမိသည်။
...
ကျန်းမိသားစုသို့ ပြန်ရမည့်ရက် နီးလာလေလေ ဖုကျန်းမှာ စိတ်မသက်မသာဖြစ်လေ ဖြစ်သည်။ ကျန်းဟန်ရှုက သူ့ကို ကျန်းမိသားစုက လက်ခံကြောင်း နှစ်သိမ့်သော်ငြား လွဲချော်မှု တစ်စုံတစ်ရာရှိလာမည်ကို ကြောက်မိနေဆဲဖြစ်သည်။
"ကိစ္စမရှိဘူး အဆင်ပြေသွားမှာပါ ....."
ကျန်းဟန်ရှုက မမောနိုင်မပမ်းနိုင်စွာပင် နှစ်သိမ့်ပေးခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဖေဖော်ဝါရီလသို့ ရောက်လာခဲ့လေပြီ။ လမ်းတစ်လျှောက် ပွဲတော်အငွေ့အသက်တို့ ဖုံးလွှမ်းနေပြီး လမ်းတစ်ဖက်တစ်ချက်ရှိ ဆိုင်တိုင်းကလည်း ပွဲတော်သီချင်းများကို ဖွင့်လာကြသည်။ ကျန်းမိသားစုထံသွားရမည့်ရက် မတိုင်ခင်တွင်မူ ဖုကျန်းမှာ စိတ်လှုပ်ရှားလွန်း၍ ညည့်နက်သည်အထိ အိပ်မပျော်နိုင်။ နောက်ဆုံး အိပ်မောကျသွားချိန်တွင်လည်း ကျန်းဟန်ရှု၏ခွေးမှာ ခြေထောက်ရိုက်ချိုးခံလိုက်ရသည်ဟု အိပ်မက်ဆိုးမက်၍ မနက်နှစ်နာရီထိုးသည်အထိ ပြန်အိပ်မရတော့။
နောက်တစ်နေ့မနက် အိပ်ယာနိုးချိန်တွင်တော့ အရင်နေ့တွေကလောက် စိတ်လှုပ်ရှားမနေတော့။ ဖုကျန်းသည် ပုံစံတကျ ဝတ်ဆင်ကာ လက်ဆောင်ထုပ်ကိုယူပြီး ကျန်းဟန်ရှု၏ကားထဲသို့ ဝင်လိုက်သည်။ သူမှာ ယခင်ကလို စိတ်ဖိစီးနေဟန်မရှိတော့ဘဲ တည်ငြိမ်နေသည်။
ဆူညံနေသောမြို့ပြကို ဖြတ်၍ တောင်ပတ်လမ်းဗီလာသို့‌ မောင်းလာခဲ့သည်။ အိမ်တော်ထိန်းဝမ်က သူတို့ကို အစောကြီးကတည်းက စောင့်နေခဲ့သည်။ ကားသံကြားလိုက်ရလျှင် မဒမ်ကျန်း၊ မစ္စတာကျန်းနှင့် အဖိုးကျန်းတို့က ဗီလာအပြင်သို့ အတူထွက်လာပြီး ကြိုဆိုလိုက်ကြသည်။