အပိုင်း ၅၂
Viewers 23k

ဖုကျန်းလည်း ကားတံခါးဖွင့်ကာ ထွက်လာပြီး မလှမ်းမကမ်းမှ ကျန်းမိသားစုကို ကြည့်လိုက်သည်။ အိမ်တော်ထိန်းဝမ်ကတော့ ထုံးစံအတိုင်း ဝတ်စုံပြည့်နှင့် လက်အိပ်အဖြူ ဝတ်ထားရင်း မတ်တပ်ရပ်နေသည်။
ဖုကျန်းသည် မသိလိုက်စွာပင် ကျောကိုမတ်ရင်း ကျန်းဟန်ရှု ‌‌ထွက်လာမည်ကို စောင့်နေလိုက်သည်။ ပြီးမှ မစ္စတာကျန်းနှင့် အခြားသူများထံ အတူတူ လျှောက်လာခဲ့လိုက်သည်။
ကျန်းဟန်ရှုက သူ့ဇနီးကို အိမ်ခေါ်လာသည့် ပထမဆုံးနှစ်ကူးဖြစ်၍ ပျော်ရွှင်သင့်သည်မှန်သော်ငြား အမျိုးသားနှစ်ဦး အတူတူ‌လျှောက်လာသည်ကို မြင်ရသည်မှာ အနည်းငယ် ထူးဆန်းနေပေသည်။
မစ္စတာကျန်းက စိတ်ထဲတွင် တတွတ်တွတ်ရေရွတ်နေပြီဖြစ်သော်ငြား သူ့မျက်နှာပေါ်တွင်တော့ ဘာအမူအယာမှ ပေါ်မလာ။ သင့်တင့်လျောက်ပတ်သော အပြုံးဖြင့် ကျန်းဟန်ရှုတို့ နှစ်ယောက်လုံးကို ပြောလိုက်သည်။
"အိမ်ထဲဝင်ကြ..."
ကျန်းဟန်ရှုက သူ့လက်ကို တွဲလိုက်လျှင် ဖုကျန်း သူ့ကို ‌လှည့်ကြည့်ပြီး ခေါင်းယမ်းပြလိုက်သည်။
သူ မစ္စတာကျန်းကို တီဗီပေါ်တွင် အကြိမ်များစွာ တွေ့ဖူးပြီး ကျန်းဟန်ရှုပြောထားသကဲ့သို့ပင် ယခင်ကထက် ပိုဝနေဟန်ရှိသည်။ မဒမ်ကျန်းက လှိုင်းတွန့်ဆံပင်နှင့်အတူ နှင်းဆီရောင်ရိုးရာဝတ်စုံကို ဝတ်ထားပြီး သူနောက်ဆုံးတွေ့ခဲ့စဉ်ကထက်ပင် အများကြီး ပိုနုပျိုနေသည်။ အဖိုးကျန်းကတော့ နက်ပြာရောင်ထန်မင်းဆက်ဝတ်စုံကို ဝတ်ထားပြီး လမ်းလျှောက်တုတ်ကို ကိုင်ထားသည်မှာ အသက်ခုနစ်ဆယ်ဟုပင် မ‌ထင်ရလောက်အောင် အရှိန်အဝါ တောက်ပနေသည်။
ဗီလာထဲ ဝင်လာပြီးနောက် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ကြည့်နေကြသော်ငြား ဘယ်လိုစကားစရမလဲ မသိကြ။ အဖိုးကျန်းက သူ့မြေး၏ဘေးတွင် ထိုင်နေသော ဖုကျန်းကို လှမ်းကြည့်လိုက်သည်။
"သူတို့နှစ်ယောက်ကို ကြည့်ရတာ လိုက်ဖက်ညီသားပဲ ဒါပေမယ့် မိန်းကလေးဆိုရင်တော့ ပိုကောင်းမှာ..."
သူတို့သည် ကျန်းဟန်ရှု ယောကျာ်းလေးတစ်ယောက်ကို အိမ်ခေါ်လာခြင်းအား မကျေနပ်ကြသော်လည်း အခြားသူ၏ ရင်သွေးကို အပြစ်တင်ရမည်ဟု မဆိုလိုပေ။ ကျန်းဟန်ရှု လိင်တူကြိုက်ခြင်းသည် သူတစ်ဦးတည်း၏ ပြဿနာသာဖြစ်သည်။ သူတို့က ထိုကိစ္စဖြင့် ဖုကျန်းကို ပြစ်တင်ပြောဆိုလိမ့်မည်မဟုတ်။
ထို့ကြောင့် ကျန်းမိသားစုသည် ကျန်းဟန်ရှုအတွက် တုတ်ကိုပြင်ထားသော်ငြား ဖုကျန်းကိုတော့ ကြည်ကြည်သာသာ ဆက်ဆံကြသည်။
ထို့ပြင် ဒီလူငယ်လေးမှာလည်း အမှန်တကယ်ပင် နှစ်လိုဖွယ်ကောင်းသူဖြစ်သည်။ မစ္စတာကျန်းက အကယ်၍ သူသာ ကျန်းဟန်ရှု၏ ပစ်မှတ်မဟုတ်ပါက ပို၍ပင် နှစ်လိုဖွယ်ကောင်းဦးမည်ဟု တွေးမိသော်ငြား ဖြစ်ပြီးသားကိစ္စကို မည်သူကမျှ ပြန်ပြင်၍ ရနိုင်မည်မဟုတ်ချေ။
အခြားဘက်မှ တွေးကြည့်ပါက သူတို့မိသားစုတွင် ကလေးနှစ်ယောက် ရလိုက်သလိုပင်။ ဒါလည်း အတော်ကောင်းသည့် အချက်ပင်ဖြစ်သည်။
အိမ်အကူများက သွားရေစာနှင့် အသီးအချို့ လာချပေးပြီးနောက် အဖိုးကျန်းက ဆိုဖာပေါ်မှထကာ ကျန်းဟန်ရှုကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
"ဟန်ရှု ငါ့စာဖတ်ခန်းထဲလာခဲ့..."
ကျန်းဟန်ရှုက ဖုကျန်းကို ပြုံးပြလိုက်ရင်း ဒုတိယထပ်ရှိ စာကြည့်ခန်းထဲသို့ လိုက်သွားလိုက်သည်။ အဖိုးကျန်းက စားပွဲတွင် ဝင်ထိုင်ပြီး ကျန်းဟန်ရှုကို မေးလိုက်သည်။
"ဖုန်းထဲမှာပြောတော့ သူ့မှာ ကိုယ်ဝန်ရှိနေပြီဆို ဘယ်လိုဖြစ်တာတုန်း..."
အဖိုးကျန်းမှာ အမျိုးသားတစ်ယောက်က ကိုယ်ဝန်ဆောင်နိုင်သည်ဟု တစ်ခါမှ မကြားဖူး။ ကျန်းဟန်ရှုနှင့် ဖုန်းပြောပြီးနောက်တွင်လည်း တွေးလေလေ မဖြစ်နိုင်ဟု ခံစားရလေလေဖြစ်သည်။ ကျန်းဟန်ရှုက သူ့ကို ယောကျာ်းတစ်ယောက်နဲ့ နေခွင့်မပေးဘူးထင်လို့ တမင်သက်သက် လိမ်ပြောတာများလား။
ကျန်းဟန်ရှုက အဖိုးကျန်း၏အတွေးကို နားလည်လိုက်၍ ဖုကျန်းနှင့် သူတို့အကြား ရုပ်ပိုင်းဆိုင်ရာ ကွာခြားချက်ကို ရှင်းပြလိုက်သည်။
အဖိုးကျန်းက ကျန်းဟန်ရှုပြောခဲ့သည့်စကား၏ စစ်မှန်မှုကို ပြန်ဆန်းစစ်ရန် ခဏ ငြိမ်နေပြီးမှ ကျန်းဟန်ရှုကို မေးလိုက်သည်။
"တကယ် ကိုယ်ဝန်ရှိနေတာလား..."
ကျန်းဟန်ရှုက ခေါင်းညိတ်ပြလိုက်သည်။
အဖိုးကျန်းက သက်ပြင်းဖွဖွချလိုက်သည်။ ကလေးမရှိလျှင်ပင် အဖိုးကျန်းသည် ကျန်းဟန်ရှုနှင့် ထိုကောင်လေးကို တစ်ဖြေးဖြေး သဘောတူပေးမည်ဟု တွေးထားသည်။
"ဒီလိုဖြစ်လာတော့ ပိုအဆင်ပြေသွားတာပေါ့..."
သူက ကျန်းဟန်ရှုကို ပြောလိုက်သည်။
"မင်းအဖွားက မင်းကိုပေးဖို့ ပစ္စည်းတစ်ခုချန်ခဲ့တယ် ဒါပေမယ့် အခု မင်းက ယောကျာ်းလေးတစ်ယောက်နဲ့ နေဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ ဒါကို လိုအပ်မှာမဟုတ်တော့ဘူး သိမ်းထားပြီး မင်းရဲ့မျိုးဆက်ကိုသာ လက်ဆင့်ကမ်းလိုက်တော့..."
အောက်ထပ်က ဧည့်ခန်းထဲတွင် မစ္စတာကျန်းသည် သူ့ရှေ့တွင် ငြိမ်ငြိမ်လေးထိုင်နေသော ကောင်လေးကို ကြည့်လိုက်သည်။ ထိုကောင်လေးမှာ သူမှန်းထားသည်နှင့် အနည်းငယ်ကွဲပြားနေသည်။ သူ့ကြည့်ရသည်မှာ ကျန်းဟန်ရှုထက် အနည်းငယ်ငယ်သယောင်။ ကျန်းဟန်ရှုခေါ်လာမည့်သူမှာ သူ့လိုမျိုး ကြေးစားစစ်သား ကြမ်းကြမ်းတမ်းတမ်း ဒါမှမဟုတ် ဆွဲဆောင်အားပြင်းပြီး မိန်းမဆန်‌သောတစ်ယောက်ယောက် ဟုသာ ထင်ခဲ့သည်။ ကျန်းဟန်ရှု၏ နောက်သို့ တကောက်ကောက်လိုက်နေသော ခေါင်းဝါဝမ်ထုန်ပင် ဖြစ်နိုင်လောက်သည်ဟု ထင်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့်ပင် ဒီနေ့ခေါ်လာခဲ့သူက ဝမ်ထုန်မဟုတ်။
ဖုကျန်းသည် အပြုအမူကောင်းပြီး မိန်းမလည်းမဆန်၊ မနာလိုတတ်သည့် အရိပ်အယောင်လည်းမရှိ။ မစ္စတာကျန်းမှာ ကြည့်လေလေ ဖုကျန်းကို စိတ်တိုင်း ကျမိလေ ဖြစ်သည်။ သူက ဖုကျန်းကို မေးလိုက်သည်။
"အခု ဘာတွေလုပ်နေလဲ..."
ဖုကျန်းက တလေးတစားဖြေလိုက်သည်။
"အင်တာနက်ကနေ ပုံဆွဲဖို့ အော်ဒါတစ်ချို့ လက်ခံထားပါတယ်..."
မစ္စတာကျန်းက ခေါင်းဆတ်ကာ ဖုကျန်းကို ဆက်မေးလိုက်သည်။
"ရှေ့လျှောက်ရော ပုံပဲဆက်ဆွဲဖို့ စီစဉ်ထားတာလား..."
ဖုကျန်းက ခေါင်းကို အသာယမ်းရင်း မစ္စတာကျန်းကို ပြောလိုက်သည်။
"အရင်က animation လည်း ဆွဲတယ်ဗျ တရုတ်နှစ်သစ်ကူး ပြီးရင်တော့ အဲဒါကို ပြန်လုပ်ဖို့ စီစဉ်ထားပါတယ်..."
အွန်လိုင်းပေါ်မှ ပုံဆွဲရန် အော်ဒါလက်ခံခြင်းသည် ရေရှည်အတွက် သင့်တော်သည့် အစီအစဉ်မဟုတ်။ ကျန်းမိသားစုမှာ အတော်ကြွယ်ဝပြီး လူတစ်ယောက်ကို အသာလေး တင်ကျွေးထားနိုင်သော်ငြား ယောကျာ်းတစ်ယောက်အနေဖြင့် ကိုယ်ပိုင်အသက် မွေးဝမ်းကြောင်းတစ်ခုတော့ ရှိသင့်သည်။ မစ္စတာကျန်းက ဖုကျန်း၏ အနာဂတ်အစီအစဉ်ကို သဘောခွေ့၍ သူ့ကို ပြုံးကာ ပြောလိုက်သည်။
"လိုအပ်တာတစ်ခုခုရှိရင် ဟန်ရှုကို‌ ပြောလိုက် ကြားလား ကောင်လေး..."
ဖုကျန်းက ခေါင်းညိတ်ပြလိုက်သည်။
သိပ်မကြာခင်တွင် ကျန်းဟန်ရှုသည် ပရုတ်သား ရတနာသေတ္တာကိုကိုင်ကာ အဖိုးကျန်းနှင့်အတူ အပေါ်ထပ် စာကြည့်ခန်းမှ ဆင်းလာသည်။
အဖိုးကျန်းက ဖုကျန်းကို လှမ်းခေါ်လိုက်သည်။ ဖုကျန်းလည်း မတ်တပ်ရပ်ကာ အဖိုးကျန်းထံသို့ လျှောက်သွားလိုက်လျှင် အဖိုးကျန်းက သေတ္တာကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။
ဖုကျန်းမှာ သေတ္တာကို အယောင်‌ယောင်အမှားမှားဖြင့် လှမ်းယူလိုက်သည်။ သူက အဖိုးကျန်းကိုတစ်လှည့် နောက်ကနေ သူ့ကို ပြုံးပြနေသည့် ကျန်းဟန်ရှုကိုတစ်လှည့် ကြည့်လိုက်သည်။ သူက ဖုကျန်းကို ပြောလိုက်သည်။
"ဖွင့်ကြည့်လိုက်လေ..."
ဖုကျန်းက အဖိုးကျန်းရှေ့တွင် သေတ္တာကို ဖွင့်လိုက်သည်။ သေတ္တာထဲတွင် ကျောက်စိမ်းလက်ကောက်တစ်စုံကို တွေ့လိုက်ရသည်။ အဖိုးကျန်းက ရှင်းပြလိုက်သည်။
"ဒါက ဟန်ရှုရဲ့အဖွား ချန်ခဲ့တာ ဟန်ရှုရဲ့ အနာဂတ်ဇနီးလောင်းကို ပေးပေးတဲ့ အခု ဟန်ရှုက မင်းကို ရွေးလိုက်တော့ မင်းကိုပဲ ပေးလိုက်တော့မယ်..."
အမျိုးသားတစ်ဦးအနေဖြင့် ကျောက်စိမ်းလက်ကောက်ဝတ်ရန် အနည်းငယ် အမြင်မသင့်သလို ခံစားမိသော်ငြား ထိုကျောက်စိမ်းလက်ကောက်သည် အဖိုးကျန်း၏ သဘောထားကိုသာမက အသိအမှတ်ပြုမှုကိုပါ ကိုယ်စားပြုနေသည်။ ကျန်းမိသားစုသည် သူနှင့် ကျန်းဟန်ရှု၏ ဆက်ဆံရေးကို အပြည့်အဝ လက်ခံလိုက်ပြီဖြစ်သည်။
"ကျေးဇူးတင်ပါတယ်..."
အဖိုးကျန်းက ပြုံးလိုက်ရင်း ဖုကျန်း၏ပုခုံးကို ပုတ်ပေးလိုက်ပြီး ပြောလိုက်သည်။
"အရင်ရက်တွေက ဟန်ရှုရဲ့အဖွားကို မေးကြည့်သေးတယ် သူမကလည်း မင်းကို အရမ်းသဘောကျနေတာ..."
ဖုကျန်းလည်း ဘာပြောရမလဲ မသိတော့၍ သေတ္တာကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ အဖိုးကျန်းကို ဦးညွတ်လိုက်သည်။
နှစ်သစ်ကူးညတွင် ကျန်းမိသားစုတစ်ခုလုံး သက်ဝင်လှုပ်ရှားနေသည်။ ကျန်းဟန်ရှုနှင့် အိမ်တော်ထိန်းဝမ်တို့ကို ဖက်ထုပ်လုပ်ပြီး ညစာပြင်ရန် မီးဖိုချောင်ထဲ ပို့လိုက်ကာ ဖုကျန်း၊ မစ္စတာကျန်း၊ မဒမ်ကျန်းနှင့် အဖိုးကျန်းတို့က မာကျောက်ကစားနေကြသည်။
ဖုကျန်းမှာ လွန်ခဲ့သည့် နှစ်နှစ်လုံးလုံး နှစ်သစ်ကို ကောင်းကောင်းမဖြတ်သန်းခဲ့ရ။ ဒီညတွင်တော့ ကံကလည်းကောင်း၊ မာကျောက်ဆော့သည့် နေရာတွင်လည်း ကောင်းလှ၍ နှစ်နာရီအတွင်းတွင်ပင် ယွမ်ငါးရာနီးပါး နိုင်ခဲ့သည်။
ဟင်းလျာတို့၏ရနံ့က မီးဖိုချောင်ဘက်မှ လွင့်ထွက်လာသည်။ တစ်ပွဲအပြီးတွင် မဒမ်ကျန်းက ပြောလိုက်သည်။
"ဟန်ရှုတို့ ညစာပြင်နေတာ ပြီးတော့မယ်ထင်တယ်..."
"စားပြီးမှ ဆက်ပြီးကစားကြတာပေါ့..."
အဖိုးကျန်းက ဖြည့်ပြောလိုက်သည်။
ဖုကျန်းက ခေါင်းညိတ်လိုက်သည်။ ကျန်းဟန်ရှုသည် မီးဖိုချောင်ထဲမှ အပြေးလေးထွက်လာပြီး သူ့ပခုံးပေါ် လက်တင်ကာ အဖိုးကျန်း၏ ဖိတ်ခေါ်မှုကို ငြင်းလိုက်မည်ဟု သူမျှော်လင့်မထား။
"မရဘူး သူက ညဆို စောစောအိပ်မှရမှာ..."
အဖိုးကျန်းက ကျန်းဟန်ရှုကို မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။
"မင်းက ကလေးအပေါ် တအားတင်းကြပ်လွန်းနေပြီ အဖိုးက မင်းဘက်ကပဲ ဒီည ပိုပြီးကစားလည်းရတယ်..."
ကျန်းဟန်ရှုလည်း ခြေတစ်လှမ်းနောက်ဆုတ်ကာ ဖုကျန်းကို ပြောလိုက်သည်။
"ဒါဆိုလည်း ဆယ့်နှစ်နာရီတော့ မကျော်စေနဲ့နော်..."
အဖိုးကျန်းက သိပ်မကျေနပ်သေး။ သူက ကျန်းဟန်ရှုကို ပြောတော့မည့်အချိန်တွင် ကျန်းဟန်ရှုက သူ့ကို ကြည့်ပြီး ပြောလိုက်သည်ကို တွေ့လိုက်ရသည်။
"ပြီးတော့ အဖိုးရောပဲ အိပ်ယာစောစောဝင်ရမယ်နော် အရမ်းကြီးနောက်ကျတဲ့အထိ နေလို့မရဘူး..."
အဖိုးကျန်းမှာ ဒေါသမထွက်မိရန် စိတ်ကို မနည်းချုပ်တီးထားရသည်။
ထိုအခိုက်အတန့်တွင် ဖုကျန်း၏ဖုန်းက မြည်လာသည်။ ဖုန်းနံပါတ်ကို တစ်ချက်ကြည့်ကာ မာကျောက်စားပွဲမှ လူကြီးများကို ပြောလိုက်သည်။
"ကျွန်တော် ဖုန်းသွားကိုင်လိုက်ဦးမယ်..."
ဖုကျန်းက ဗီလာမြောက်စွန်းရှိ ကော်ရစ်ဒါသို့ ထွက်လာလိုက်သည်။ ဖုန်းကိုင်လိုက်ချိန်တွင် တစ်ဖက်မှ ဖုကျန်းချန်၏အသံ ထွက်လာသည်။
"ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ ရှောင်ကျန်း..."
"ပျော်ရွှင်ဖွယ်နှစ်သစ်ပါ..."
ဖုကျန်းက စိတ်မပါလက်မပါ ပြန်ဖြေလိုက်သည်။
ဖုန်းမခေါ်မီ ဖုကျန်းချန်သည် ဖုကျန်းကို သူဘာပြောချင်လဲဆိုတာ အကြာကြီးတွေးနေခဲ့သည်။ သူ့အတွက် အန်ပေါင်းလည်းပြင်ထားပြီး အခန်းလည်း ရှင်းထားကာ ထန်ဝမ်ဝမ်လည်း ဒီမှာမရှိတော့ဟု ပြောချင်ခဲ့သည်။ သူ့ကို အိမ်ပြန်လာဖို့ ပြောချင်သော်ငြား ဖုကျန်း၏ အေးစက်စက်လေသံကြောင့် သူ ပြောမထွက်တော့။
ခဏအကြာတွင် သူက မေးလိုက်သည်။
"အခု ဘယ်မှာလဲ..."
ဟိုးအရင် ရက်တွေတုန်းကတော့ သူဘယ်မှာလဲလို့ ဘာလို့ လာမမေးတာလဲ အခုမှ ဒါမျိုးလာမေးပြီး ဘာလုပ်ချင်နေတာလဲ...
ဖုကျန်းက တိတ်တိတ်သာနေကာ ဘာမှပြန်မပြော။
"ဖက်ထုပ်တွေရပြီ လာစားလှည့်တော့..."
ကျန်းဟန်ရှုက အနားရောက်လာပြီး ပြောလိုက်သည်။
ဖုကျန်းက ကျန်းဟန်ရှုကို လှည့်ကာ ပြုံးပြလိုက်ရင်း ဖုန်းကို ချလိုက်သည်။
ဖုကျန်းချန်မှာ သေချာပေါက်ပင် ကျန်းဟန်ရှု ပြောလိုက်သည်ကို ကြားခဲ့၍ ဖုကျန်းသည် ဒီနှစ်ကူးတွင် ထို‌ယောကျာ်းနှင့် အတူ ရှိနေကြောင်း သိလိုက်ရသည်။
ဖုထင်းက ဖုန်းကို ငေးကြောင်ကြောင်ကြည့်နေသော ဖုကျန်းချန်အနားသို့ ရောက်လာကာ တိုးတိုးလေး မေးလိုက်သည်။
"ဘယ်လိုတဲ့လဲ..."
ဖုကျန်းချန်က ခေါင်းကိုသာ ယမ်းပြလိုက်သည်။ ဇန်နဝါရီလ ၂၃ ရက်နေ့ သူနိုးလာချိန်မှစကာ သူတို့နှင့် ဖုကျန်းသည် အတိတ်ကလို ဘယ်လိုမှ ပြန်မဖြစ်နိုင်တော့ကြောင်း နားလည်သွားသည်။
ဖုကျန်းချန်သည် အချိန်ကိုပြန်လှည့်ကာ ဘာမှမဖြစ်သေးသည့် အချိန်သို့ ပြန်သွားချင်မိသည်။ ဒီတစ်ကြိမ်တွင်တော့ သေ‌ချာပေါက်ပင် သူ့ကလေးကို ဝမ်းနည်းအောင် မလုပ်တော့။
မည်သို့ပင်ဖြစ်စေ သန်းကြွယ်သူဌေးကြီးဖြစ်စေကာမူ ပြန်လည်စတင်ရန် အခွင့်အရေးကိုတော့ ဝယ်နိုင်မည်မဟုတ်ပေ။
မကြာမီပင် ထန်ဝမ်ဝမ့်ထံမှ ဖုန်းဝင်လာသည်။ ဖုကျန်းချန်သည် ဆိုဖာပေါ်လှဲရင်း ဖုန်းကိုင်လိုက်လျှင် ထန်ဝမ်ဝမ်၏ တက်ကြွနေသောအသံက တစ်မဟုတ်ချင်း ထွက်ပေါ်လာသည်။
"ဖေဖေရေ ပျော်ရွှင်စရာနှစ်သစ်ပါနော်..."
ဖုကျန်းချန် ပြန်ဖြေသည်ကို မကြားလိုက်၍ ထန်ဝမ်ဝမ်က မေးလိုက်သည်။
"ဖေဖေ နားထောင်နေရဲ့လား..."
"လိုင်းမကောင်းလို့လား ဖေဖေ့အသံကို မကြားရဘူး..."
ဖုကျန်းချန်၏လက်က ဖုန်းချရန် ခလုတ်အနီပေါ် ရောက်တော့မည့်အချိန်တွင် ဖုန်းတစ်ဖက်မှ ထန်ဝမ်ဝမ်၏ အသံကို ကြားလိုက်ရသည်။
"ဖေဖေ သမီးက Shazhou Chronicle ကို လိုချင်နေသေးတယ် အဲဒါလေ မူပိုင်ခွင့်လိုချင်လို့ ဖုကျန်းကို ကူပြောပေးပါလားဟင်..."
ဖုကျန်းချန်၏ လှုပ်ရှားမှုများက ရပ်တန့်သွားပြီး အသံထွက်လာသည်။ သူက ဖုန်းတစ်ဖက်မှ ထန်ဝမ်ဝမ်ကို မေးလိုက်သည်။
"ထန်ဝမ်ဝမ် အဲ့ဒီနှစ်က ဟိုဝန်ထမ်းက တကယ်ပဲ ဒီလိုလုပ်ခဲ့တာလား..."
ထန်ဝမ်ဝမ်မှာ ရှင်းမပြတတ်လောက်အောင် ကြောက်ရွံသွား၍ ဖုကျန်းချန်ကို မေးလိုက်သည်။
"ဖေဖေ တစ်ခုခုဖြစ်နေလို့လား..."
ဖုကျန်းချန်က ပြန်မဖြေ၍ ထန်ဝမ်ဝမ်က စိတ်ဖိစီးစွာဖြင့် ပြောလိုက်သည်။
"တို့အဖေက ဖုကျန်းကို အိမ်ကနေ နှင်ထုတ်လိုက်ရလို့ နောင်တရနေတာထင်တယ် တကယ်လို့ အဲ့လိုသာဆိုရင် ဖေဖေ သူ့ကို ပြန်ခေါ်လို့ရပါတယ် သမီး အပြစ်မတင်ပါဘူး..."
ဖုကျန်းချန် ပြန်ပြောလာမည်ကို မစောင့်ဘဲ ထန်ဝမ်ဝမ်က ဦးစွာ ဖုန်းချလိုက်သည်။
ဒီနှစ်ပိုင်းအတွင်း ဖုမိသားစုအတွက် စိတ်မကြည်လင်ဆုံးနှစ်ဖြစ်သည်။ နှစ်ကူးအငွေ့အသက်ဟူ၍ မရှိ။ ဧည့်ခန်းမှာ သဲကန္တာရသဖွယ် ခြောက်သွေ့နေသည်။ ရက်အနည်းငယ်ခန့်အတွင်းတွင်ပင် ဖုကျန်းချန်မှာ ပိုပိန်လာပြီး ဆံပင်များမှာလည်း ပိုဖြူလာသည်။
ဖုကျန်းက ဖုအိမ်ကို နောက်တစ်ခေါက် ပြန်မလာတော့။ ဖုကျန်းချန်က အပေါ်ထပ်သို့ တက်ကာ ဖုကျန်း၏ အခန်းဟောင်းထဲသို့ ဝင်လိုက်သည်။ အခန်းထဲတွင် လူနေထားသည့် အရိပ်အယောင်ပင်မရှိ။ သူ့ပိုင်ရှင်က ဘယ်တော့မှ ပြန်လာတော့မည်မဟုတ်ချေ။
မိသားစုများ ပြန်စုံစည်းချိန် နှစ်ကူးတွင် ဖုကျန်းချန်သည် ဖုကျန်းကို နောက်ဆုံးအကြိမ်တွေ့ခဲ့သည့် နေရာအနီးသို့ မောင်းထွက်လာခဲ့သည်။ ဖုကျန်း ဘယ်အထပ်တွင်နေသည်ကို သူမသိ၍ အောက်ထပ်တွင် ကားကိုရပ်ကာ မော့ကြည့်လိုက်သည်။ မီးရောင်လင်းနေသော ပြတင်းပေါက်များကို ကြည့်ရင်း ထိုထဲမှ တစ်ချပ်ချပ်မှာ ဖုကျန်း၏အိမ်မှ ဖြစ်မည်ဟု တွေးနေခဲ့သည်။
သို့သော် မဟုတ်ခဲ့။