အပိုင်း ၅၃
Viewers 23k

ဖုကျန်းတို့နှစ်ယောက် ကျန်းမိသားစုအိမ်တွင် ခြောက်ရက်တိုင် နေခဲ့​ကြ သည်။ မဒမ်ကျန်းက ပြန်တော့မည့်အချိန်တွင် ဖုကျန်းကို ခေါ်ထားလိုသေးသော်ငြား ဖုကျန်းတွင်လည်း သူပြန်ရောက်လျှင် လုပ်ရမည့် အလုပ် ကိစ္စများ ရှိနေသေးသည်။
ဖုကျန်းအား ပြန်လွှတ်ရမည်ကို အတွန့်ဆုတ်ဆုံးသူကတော့ အဖိုးကျန်းပင်ဖြစ်သည်။ သူတို့ထွက်ခွာတော့မည့်အချိန်တွင် လူအိုကြီးက ဖုကျန်း၏လက်ကို ဆွဲကာ ပြောလိုက်သည်။
"အချိန်ရှိရင် အဖိုးဆီ မကြာမကြာလာလည်နော် မာကျောက်အတူတူ ကစားရအောင်..."
ဖုကျန်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျန်းဟန်ရှု၏ ကားထဲသို့ ဇွတ်ထည့်လိုက်ခြင်းကို ခံလိုက်ရသည်။
ကျန်းမိသားစုတွင်‌ နေခဲ့သည့်ရက်အတွင်း ဖုကျန်းသည် ဝမ်ထုန်အတွက် ပုံမဆွဲဖြစ်သည်သာမက Shazhou Chronicle ၏ မူကြမ်းကိုလည်း ပြန်မရေးရသေး။ သူက အသံသရုပ်ဆောင်နှစ်ဦးကို အင်တာနက်ပေါ်မှ ရှာတွေ့ခဲ့သည်။ Shazhou Chronicle ကို ဖန်တီးစဉ်က ပါဝင်ခဲ့သည့် အခြားဝန်ထမ်းကလည်း ဖုကျန်းကို ဆက်တိုက် ဆက်သွယ်လာသည်။
အသံသရုပ်ဆောင်နှစ်ဦးအနက် တစ်ဦးတွင် လုပ်လက်စ အလုပ် အနည်းငယ်ရှိနေပြီး ကျန်တစ်ဦးက မိခင်နေမကောင်းဖြစ်နေ၍ နှစ်ပတ်ခန့်ကြာဦးမည်ဖြစ်သည်။
ပြင်ဆင်မှုများက စဉ်ဆက်မပြတ်ဖြစ်နေပြီး Shazhou Chronicle ကို ပြန်စနိုင်လုနီးပါးအဆင့်သို့ ရောက်နေပြီဖြစ်သည်။
ထိုအချိန်တွင် ထန်ဝမ်ဝမ်သည်လည်း Shazhou Chronicle က သယ်ဆောင်လာသည့် ပြဿနာများနှင့် ရင်ဆိုင်နေရသည်။ ယခင်က ရွေးချယ်ထားသော သရုပ်ဆောင်များက သူမကို ဘယ်အချိန် ရိုက်ကူးရေးစမလဲဟု အတင်းအကြပ် မေးလာကြသည်။ ကြော်ငြာများစွာထုတ်ပြီး ရိုက်ကူးရေးကို အလောတကြီး လုပ်ခဲ့သည့်အတွက် ရိုက်ကူးရေးသာ မစသေးလျှင် သူတို့က ထန်ဝမ်ဝမ်နှင့် ဆက်ပြီး အလုပ်တွဲမလုပ်နိုင်တော့ဟု ပြောလာကြသည်။
အနုပညာလောကတွင် ထန်ဝမ်ဝမ်က နောက်ခံတောင့်သူဖြစ်၍ လူတိုင်းက ချဥ်းကပ်လိုကြသော်ငြား သူမ၏နောက်ခံက လူတိုင်းကို ကျွေးမွေးနိုင်လောက်သည်အထိတော့ မဟုတ်ပေ။
ထန်ဝမ်ဝမ်မှာလည်း မျောက်မီးခဲကိုင်မိသလို ဖြစ်နေပြီဖြစ်သည်။ အခုအချိန်မှ Shazhou Chronicle ၏ မူပိုင်ခွင့်ကို မဝယ်ရသေးသလို အနာဂတ်တွင်လည်း ဝယ်နိုင်မည်မဟုတ်ဟု ပြောမည်ဆိုလျှင် ပရောဂျက်က ချက်ချင်းရပ်သွားမည်ဖြစ်ပြီး သူမသည်လည်း အနုပညာအသိုင်းအဝိုင်း၏ ဟာသ ဖြစ်သွားမည်ဖြစ်သည်။
အကယ်၍ ဂရုမစိုက်ဘဲ ရှေ့ဆက်တိုးမည်ဆိုလျှင်လည်း ဖုကျန်းက သူမကို ကျောက်ကျင်လိုမျိုး ကိုင်တွယ်လိုက်မည်ကို စိုးရိမ်မိသည်။ Shazhou Chronicle ကို ရုပ်သံလွှင့်သည့်အချိန်တွင် သူမက သေချာပေါက် အဟားခံရမည်ဖြစ်သည်။
ကျောက်ကျင်အကြောင်း ပြောရပါလျှင် ထိုအချိန် အင်တာဗျူးခံရစဉ်က သူမ ဘာမှ လွန်လွန်ကြူးကြူး မပြောခဲ့၍သာ တော်သေးသည်။ အင်တာနက်သုံးသူများက သူမသည် ဖုကျန်းကို ကောင်းကောင်းမရင်းနှီး၍ဟုသာ မြင်ကြ၍ သူမပြောခဲ့သည့်စကားများဖြင့် အတိုက်ခိုက်မခံရနိုင်ပေ။ ထိုအချိန်က မကျေနပ်သံတစ်ချို့တစ်လေ ရှိခဲ့သော်ငြား အားလုံးက ကျောက်ကျင်ကိုသာ အာရုံစိုက်နေကြသည်ဖြစ်ရာ သူ၏အနာဂတ်အတွက် ထိခိုက်မည်ကို မပူရချေ။
ထိုအဖြစ်အပျက်ကြောင့် ထန်ဝမ်ဝမ်မှာ ရက်အတော်ကြာ စားမဝင်နိုင်။ သူမသည် နှစ်သစ်ကူးနေ့က ဖုကျန်းချန်နှင့် ဖုန်းပြောခဲ့သည်ကို သတိရလိုက်မိသည်။
"ဖုကျန်းချန်က တကယ်ကြီး ဖုကျန်းကို အိမ်ပြန်ခေါ်မလို့လား အဲ့လိုသာဆို ငါတို့က မိသားစုလို့ ပြောလို့ရသားပဲ ဒါဆို ဖုကျန်းဆီကနေ မူပိုင်ခွင့်ရဖို့ ပိုတောင်လွယ်သွားဦးမယ်..."
သူမက ဖုကျန်းကို ဖုမိသားစုထံမှ စွန့်ပစ်ခံ‌ရအောင် ပထမတစ်ခါ လုပ်ပြီးဖြစ်၍ ဒုတိယတစ်ကြိမ် ထပ်လုပ်ကြံနိုင်သည်မှာ သဘာဝပင်ဖြစ်သည်။ ထို့အပြင် နှစ်နှစ်ကြာပြီးဖြစ်၍ ဖုကျန်းအပေါ် ဖုကျန်းချန်နှင့် ဖုထင်းတို့၏ သဘောထားကလည်း ယခင်ကလောက် မပြင်းထန်တော့။ ဒီတစ်ကြိမ်တွင်တော့ သူမက ထိုအရာကို အသုံးမချနိုင်လောက်တော့သော်လည်း ပိုမိုခါးသီး သော လှည့်ကွက်များကိုသာ အသုံးချရမည်ဖြစ်သည်။
ထန်ဝမ်ဝမ်က ကောင်းကောင်းအကွက်ချထားသော်ငြား သူမ၏ လက်ထပ်ပွဲနေ့မှစ၍ ကိစ္စတို့က သူမစီစဉ်ထားသလို မဟုတ်ဘဲ ဇာတ်ကြောင်း တိုးတက်သွားပြီဖြစ်ကြောင်းကိုတော့ သူမမသိခဲ့ပ။
သူ့စတူဒီယိုကို ပြန်ပြင်နေသည့်အချိန်တွင်း ဖုကျန်းသည်လည်း Shazhou Chronicle ၏ fan art များကို နေ့တိုင်းဆွဲကာ တရားဝင်ဝေ့ပေါ်တွင် တင်ပေးခဲ့သည်။ ပထမနေ့တွင် အနီရောင် အထပ်ထပ်ပါသော ဂျာကင်အင်္ကျီကိုဝတ်ကာ လက်တွင် မီးပုံးကိုကိုင်ထားသည့် အမျိုးသမီးပုံကို တင်ခဲ့သည်။ နောက်နေ့တွင် စစ်ပုချဲနှင့် လိုက်ဖက်ညီသော လက်တွင် ‌ကာရန်ညီကဗျာနှစ်ကြောင်းကါ ထန်မင်းဆက်ဝတ်စုံကို ဝတ်ဆင်ထားသည့် ကျူးနိုင်ယို ၊ လပြက္ခဒိန်ပထမဆုံးလ၏ ဆယ့်ငါးရက်မြောက်နေ့တွင်တော့ Shazhou Chronicle ၏ အဓိကဇာတ်ကောင်အားလုံး စုံလင်သွားပြီဖြစ်သည်။
ဒီတစ်ကြိမ်တွင်တော့ Shazhou Chronicle မကြာခင် ပြုပြင်မွမ်းမံ၍ ပြီးစီးတော့မည်ဖြစ်ကြောင်း ပရိသတ်များက သေချာသွားကြသည်။ ပြီးစီးချိန်က မသေချာသေးသော်ငြား နှစ်နှစ်လုံး စာမလာသတင်းမကြားသည်ထက် အပုံကြီး သာပါသေးသည်။
ပရိသတ်များက တရားဝင်ဝေ့ပေါ်၏ hot comment အောက်သို့သွားကာ တစ်ညီတစ်ညွတ်တည်း ပြောလိုက်ကြသည်။
(အိုကေ ဒီဘဝတော့ မင်း ကောင်မလေးရတော့မှာ မဟုတ်ဘူး...)
တစ်စုံတစ်ယောက်က ဝေ့ပေါ်၏ နောက်‌ဆုံးပို့စ်တွင် မေးခဲ့သေးသည်။
(ထုတ်လုပ်ရေးအဖွဲ့ကရော အရင်ကလူတွေပဲလား...)
ဖုကျန်းက နှစ်ခွန်းတည်းပြန်ဖြေလိုက်သည်။
(ဒါပေါ့...)
ထိုစကားတစ်ခွန်းကပင် Shazhou Chronicle ၏ ပရိသတ်များအတွက် အကောင်းဆုံးနှစ်သိမ့်ပေးမှု ဖြစ်ပြီး သူတို့ ယခင်ကစောင့်ဆိုင်းခဲ့ရသည်အားလုံးက ထိုက်တန်သည်ဟု တွေးလာကြသည်။
Shazhou Chronicle သည် နှစ်နှစ်အကြာတွင် ပြန်ထွက်ပေါ်လာပြီဖြစ်သော်ငြား ဇနီးလေး ကျန့်ဝမ်က ဒီလက်ရေးမူကြမ်းကို လက်မခံခဲ့သည်ကတော့ နှမြောစရာပင်ဖြစ်သည်။ ယေဘုယျကျကျ ပြောရပါလျှင် ဒီလိုအချိန်ဖြစ်လေလေ ပန်းချီဆရာက လက်ခံသင့်လေဖြစ်သည်။ လက်ရေးမူကြမ်းကို လက်ခံပြီး ထုတ်လုပ်ရန် စိတ်လှုပ်ရှားသည်မှာ မှန်ကန်သည့်အရာပင်ဖြစ်သည်။
ပရိသတ်များက ကျန့်ဝမ်သည် Shazhou Chronicle ၏ မူရင်းပန်းချီဆရာများလားဟု ထင်မိကြသည်။ ဖြစ်နိုင်ချေများကို တွေးမိလေလေ စိတ်လှုပ်ရှားလေလေဖြစ်သည်။ စဉ်းစားကြည့်ပါဦး မင်းအချစ်ဆုံးဇနီးလေးက fan art တွေကို ကိုယ်တိုင်ဆွဲတာ‌တဲ့လေ ဒီ့ထက်အံ့ဩဖို့ကောင်းတာရှိဦးမလား
(T.N ရှေ့အပိုင်းမှာ ဝမ်ထုန်က ဖုကျန်းဆွဲထားမှန်းသိတော့ ငါ့ဇနီးလေးလို့ ယောင်ပြီးပြောမိတာလေ ကြည့်ရတာ Shazhou Chronicle ရဲ့ပန်းချီဆရာကို သူတို့က ဇနီးလေးလို့ ခေါ်တာထင်တယ်)
Shazhou Chronicle ၏ အမာခံပရိသတ်ဖြစ်သော ဝမ်ထုန်ကလည်း ထိုထင်မြင်ချက်ကို သေချာပေါက် တွေ့မည်ဖြစ်သည်။ ဖုကျန်း သူ့ကိုပို့‌ ပေးထားသည့် fan art များနှင့် တရားဝင်ဝေ့ပေါ်မှ ပုံများကို နှိုင်းယှဉ်ကြည့်လေလေ ဖြစ်နိုင်ချေရှိသည်ဟု ခံစားရလေလေဖြစ်သည်။ ကျန်းဟန်ရှု၏အိမ်သို့ ငှက်ရုပ်သွားပို့ခဲ့စဉ်က ဖုကျန်း၏ဖုန်းနံပါတ်ကို တောင်းခဲ့သည့်အတွက် ဖုန်းဆက်ကာ မေးလိုက်သည်။
သို့သော် ဖုန်းကိုင်လိုက်သူမှာ ဖုကျန်းမဟုတ်ဘဲ ကျန်းဟန်ရှုဖြစ်နေလိမ့်မည်ဟုတော့ သူထင်မထားမိ။ ကျန်းဟန်ရှုက ဝမ်ထုန်၏ ထင်ကြေးကို အတည်ပြုပေးလိုက်ရုံသာမက သူ့ကို အကူအညီပါတောင်းလိုက်သည်။
"ဒီရက်ပိုင်း အလုပ်မရှိဘူးမလား ဖုကျန်းကို လာကူလှည့်..."
"ဟမ်? ကူရမယ်? ကျွန်တော်က ဘာလုပ်ပေးရမှာလဲ..."
ဝမ်ထုန်ကမေးလိုက်သည်။ သူက ကွန်ပျုတာကို ကျွမ်းကျင်သည်မှန်သော်လည်း animation နှင့်ပတ်သက်၍တော့ အစိမ်းသပ်သပ်ပင်ဖြစ်သည်။
"ကိစ္စမျိုးစုံပဲ..."
ကျန်းဟန်ရှုကလည်း ဝမ်ထုန်၏လုပ်နိုင်စွမ်းကို နားလည်ဟန်တူသည်။
ဖုကျန်း၏ အသက်မွေးဝမ်းကြောင်းက အရှိန်အဟုန်အပြည့်ဖြင့် စတင်လာပြီဖြစ်သော်ငြား ထန်ဝမ်ဝမ်ကတော့ နှောင့်နှေးမှုအချို့ကို နဖူးတွေ့ဒူးတွေ့ တွေ့နေရပြီဖြစ်သည်။ ချင်ကျောက်က သူမကို ကူညီဖြေရှင်းပေးသော်ငြား တစ်ခါမှ အခက်အခဲနှင့် မကြုံဖူးသည့် သူမအတွက်တော့ သေချာပေါက်ကို ကြီးမားသည့် အနှောင့်အယှက်ပင်ဖြစ်သည်။
ထို့ပြင် ချင်ကျောက်၏မိဘများကလည်း သူမကို တစ်ဖြေးဖြေး စိတ်တိုင်းမကျဖြစ်လာသည်။ ထန်ဝမ်ဝမ်ကို ချင်မိသားစု၏ ချွေးမအဖြစ် မလိုလားတော့ဘဲ ထိုအတွေးကို လက်ထပ်ပြီးသည့်နေ့မှစ၍ နေ့တိုင်း ထုတ်ပြလာသည်။ ငွေသာမရှိလျှင် ထန်ဝမ်ဝမ်သည် ဘာမှမဟုတ်။ အခုလက်ရှိအလုပ်ထက် ပိုလွယ်သည့် ထုတ်လုပ်သူအဖြစ်သာ ရိုက်ကွင်းနောက်ကွယ်တွင်သာ အလုပ်လုပ်စေချင်သည်။
သို့သော် ထန်ဝမ်ဝမ်က အကြောင်းပြချက်မပေးဘဲ ငြင်းဆန်နေသည်။ ချင်ကျောက်၏မိဘများက နည်းနည်း မကျေမနပ်ဖြစ်လာသည်။ သို့သော် ချင်ကျောက်က သူမကို အကြွင်းမဲ့အားပေးနေသည့်အ တွက် သူတို့မှာ ပို၍ပင် မသက်မသာဖြစ်လာသည်။
သို့အတွက် ချင်ကျောက်၏မိဘများက တစ်ထစ် အလျော့ပေးလိုက်သည်။ သူတို့က ထန်ဝမ်ဝမ်ကို အလုပ်ဆက်လုပ်ခွင့်ပေးလိုက်သော်ငြား အမျိုးသားသရုပ်ဆောင် တစ်ဦးတစ်ယောက်နှင့်မျှ အတင်းအဖျင်း ထွက်တာကို မကြားချင်ဟု ပြောလိုက်သည်။
ထန်ဝမ်ဝမ်က သဘောတူလိုက်သော်ငြား စိတ်ထဲတော့ မထည့်လိုက်။ အတိတ်က ထိုသို့ဖြစ်တိုင်း ဖုမိသားစုနှင့် ချင်ကျောက်က ထိုကောလဟာလကို ကူရှင်းပေးနေကြဖြစ်သည်။
Shazhou Chronicle တစ်ခုပဲ ဘာဆက်လုပ်လို့လုပ်ရမှန်းမသိဘူးဖြစ်နေတာ။
ယခင်က ဆက်သွယ်ဖူးသော ရေတပ်က သူမကို ဆက်သွယ်လာကာ Shazhou Chronicle ပြန်ပေါ်လာသည်ကို အခွင့်ကောင်းယူလိုသလားဟု မေးမြန်းခဲ့သည်။ အကယ်၍ ထန်ဝမ်ဝမ်သာ သာမန်ကာ လျှံကာ လုပ်ရဲပါက အညှီနံ့ထွက်လာမည်ဖြစ်သည်။
နွေဦးဟွားရှန်၏ ဒါရိုက်တာကိစ္စအတွက် ကြားနာမှု စတင်ပြီဖြစ်သည်။ ကျန်းဟန်ရှုက နွေဦးပွဲတော်မတိုင်မီကပင် ဖုကျန်းအတွက် ရှေ့နေရှာထားပေးပြီးဖြစ်သည်။ ကြားနာမည့်နေ့တွင် ဖုကျန်းက ကိုယ်စားလှယ်တစ်ယောက်သာ လွှတ်ပြီး သူကိုယ်တိုင် ပေါ်မလာခဲ့ချေ ။ ကျောက်ကျင်သာ တရားရုံးသို့ ရောက်လာသည်။ သတင်း‌ထောက်များက လေလို ရောက်ချလာကာ ကျောက်ကျင်၏အတွေးကို အလုအယက် မေးမြန်းကြတော့သည်။
"အခုဘယ်လိုခံစားရလဲ ရူးကြောင်ကြောင်ဖြစ်နေပြီလား..."
ကျောက်ကျင်သည် သူ၏ ဒါရိုက်တာဘဝမှာ လမ်းဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ တရားရင်ဆိုင်နေရသည့် ဒါရိုက်တာကို ငှားရလောက်သည်အထိ မည်သည့်ထုတ်လုပ်သူကမှ ရူးမိုက်မည်မဟုတ်ချေ။
အင်တာနက်သုံးစွဲသူများက ထိုကိစ္စကိုသာ အလုံးလိုက်အရင်းလိုက် အာရုံစိုက်လာကြသည်။ နွေဦးဟွားရှန်၏ ရုံဝင်ကြေးမှာ သန်းထောင့်ခြောက်ရာဖြစ်ပြီး အကယ်၍ ဒါရိုက်တာကိစ္စသာ မဖြစ်ခဲ့ပါလျှင် သန်းသုံးထောင်အထိ ရရမည်ဖြစ်သည်။
ဘယ်လောက်ကောင်း‌တဲ့ရုပ်ရှင်ဖြစ်ဖြစ် ကောင်းတဲ့‌မိဘနဲ့ ရေစက်ဆုံဖို့ လိုသေးတာပဲ။
သို့သော်ငြား အင်တာနက်သုံးသူတို့က အံ့ဩမိဆဲဖြစ်သည်။ ထိုရုပ်ရှင်ရိုက်စဉ်က ဖုကျန်းမှာ ၁၇/၁၈နှစ်သာ ရှိဦးမည်ဖြစ်သည်။ အများစုက ဖုကျန်း ထိုရုပ်ရှင်ကို ရိုက်စဉ်တွင် အတွေ့အကြုံရှိသော နည်းပြတစ်ဦးဦး ရှိလိမ့်မည်ဟု ထင်ခဲ့ကြသည်။
ချွန်းဟွာ‌တောင်မှာ ဖုကျန်း အစအဆုံးရိုက်ထားခြင်းဖြစ်ကြောင်းကို လူနည်းစုကသာ ယုံကြသည်။ ကမ္ဘာပေါ်တွင် ဉာဏ်ကြီးရှင်များစွာ ရှိမြဲဖြစ်သည်။ မိုးဇက်က ခြောက်နှစ်သားတွင်ပင် သီချင်းရေးနိုင်ပြီး ပီကာဆိုက ဆယ့်ငါးနှစ်သားတွင် တစ်ကိုယ်တော်ဖျော်ဖြေပွဲ လုပ်နိုင်နေပြီဖြစ်သည်။ ၁၇/၁၈ နှစ်သာစ ဖုကျန်းက ချွန်းဟွာတောင်ကို ရိုက်နိုင်သည်ဆိုသည့်အချက်မှာလည်း လက်ခံနိုင်ပေသည်။
ဖုကျန်းသည် ဉာဏ်ကြီးရှင်ဖြစ်ပြီး အခြားသူများနှင့် ကွဲပြားကြောင်း လူနည်းစုက ယုံကြည်ကြသော်ငြား
ဉာဏ်ကြီးရှင်ဖြစ်ရုံမျှဖြင့် ဥပဒေကိုချိုးဖောက်ကာ လူသတ်မှုကို ကျူးလွန်နိုင်သည်ဟု မဆိုလိုပေ။ ဖုကျန်းချန်၏ သင်ကြားမှုမှာ တစ်ခုခုချွတ်ချော်နေသည်ဟုပင် ထင်ကြသည်။ သို့သော် ထန်ဝမ်ဝမ်နှင့် ဖုထင်းတို့ကတော့ အဆင်ပြေသလိုပါပဲ။
ထိုမတော်မဆမှုအပြီးတွင် အများစုက မေ့ပျောက်သွားကြပြီး ဖုကျန်းဘယ်လိုအဆုံးသတ်သွားသည်ကို မသိကြတော့။ ယခု ဆက်စပ်မိ၍ သဲလွန်စ လိုက်ရှာကာမှ ဖုကျန်းချန်သည် ဖုကျန်းကို ဖုမိသားစုမှ နှင်ထုတ်လိုက်ကြောင်း တွေ့လိုက်ရသည်။
"ဖုမိသားစုကနေ နှင်ထုတ်တာက ဘာသဘောကြီးလဲ ဒါက လူသတ်မှုလေ သေချာပေါက်ကို ထောင်ထဲထည့်ရမှာကို..."
ထန်ဝမ်ဝမ်က အင်တာနက်ပေါ်မှ ဆွေးနွေးပွဲကိုကြည့်ရင်း အကြံရလာသည်။ ဖုကျန်းက ဖုအိမ်သို့ ပြန်မလာသေးကြောင်း သိသည့်အတွက် သူမက Shazhou Chronicle ၏ မူပိုင်ခွင့်ကို သုံးသန်းပေးကာ ဝယ်မည်ဖြစ်ကြောင်း လှိုက်လှိုက်လှဲလှဲ ကမ်းလှမ်းလိုက်သည်။ မထူးဆန်းစွာပင် ဖုကျန်းက ချက်ခြင်း ငြင်းလိုက်သည်။
အငြင်းခံရပြီးနောက်တွင် ထန်ဝမ်ဝမ်က လွန်ခဲ့သော နှစ်နှစ်က မတော်တဆမှုကို ပြန်အစဖော်လာသည်။ အကယ်၍ ဖုကျန်းသာ Shazhou Chronicle ကိစ္စကို သဘောမတူပါလျှင် ဖုကျန်းချန်ကိုပြောကာ တရားစွဲမည်ဟု ပြောလိုက်သည်။
ဖုကျန်းက တည်တည်ငြိမ်ငြိမ်ပဲ ပြန်‌ဖြေလိုက်သည်။
"အဲ့ကိစ္စကို ပြန်အစဖော်ချင်တာ သေချာလား..."
ထန်ဝမ်ဝမ်က ခပ်ဖွဖွပြုံးရင်း မေးလိုက်သည်။
"ရှင့်ဘေးကလူကသာ ရှင်က လူသတ်သမားမှန်းသိရင် ဆက်ကြိုက်နေဦးမယ်ထင်လား..."
ထန်ဝမ်ဝမ်၏ ယူဆချက်မှာ အမှန်မဟုတ်သည့်အတွက် ဖုကျန်းက သူမကို ပြန်မဖြေခဲ့။ သူက ထန်ဝမ်ဝမ်ကို မေးလိုက်သည်။
"တကယ်လို့ မစ်ထန်ကသာ သူထင်ထားတဲ့သူမျိုး မဟုတ်ဘူးဆိုရင် ချင်ကျောက်ကရော ဆက်ကြိုက်နေဦးမယ်ထင်လား..."
ထန်ဝမ်ဝမ်က ဖုကျန်းကို စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
"ဖုကျန်း ကမ်းလာတဲ့လက်ကို ပုတ်မချချင်စမ်းနဲ့..."
ဖုကျန်းက ထန်ဝမ်ဝမ်၏ ခြိမ်းခြောက်မှုကို အမှုပင်မထား။ ချောင်းအသာဟန့်ကာ ဖုန်းတစ်ဖက်မှ ထန်ဝမ်ဝမ်ကို ပြောလိုက်သည်။
"ဒါမျိုးကြားဖူးတာ ပထမဆုံးအကြိမ်မှ မဟုတ်တော့တာ မစ်ထန်ဆီကနေအခွင့်အရေးအကုန်လုံးကို ငြင်းခဲ့တာပဲလေ..."
တစ်ခဏအတွင်းမှာပင် လွန်ခဲ့သောနှစ်နှစ်က ဖုမိသားစု၏ သခင်ငယ်လေး ပြန်ရောက်လာကာ သူမကို စစ်ကြေညာလိုက်သယောင် ခံစားမိသည်။