အပိုင်း ၅၄
Viewers 23k

ဖုကျန်းက ထန်ဝမ်ဝမ်၏စကားကို လုံးဝ ခေါင်းထဲမထည့်ခဲ့။ ဖုန်းချလိုက်ပြီး‌နောက် နောက်ထပ်ဇာတ်‌ ကြောင်းအတွက် ဆရာများနှင့် တိုင်ပင်ခဲ့သည်။ သူတို့က Shazhou Chronicle ၏ နောက်အပိုင်းကို မေလမတိုင်မီ ထုတ်လွှင့်ရန် စီစဉ်ထားသည်။
ဇာတ်ကြောင်းပြောသည့်ဆရာက ဖုကျန်းပေးသော ဇာတ်ညွှန်းကိုကြည့်ပြီး မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"ဒီလိုကြီး တကယ်လုပ်ချင်တာလား..."
ဖုကျန်းက နောက်အပိုင်း၏ လွှမ်းမိုးမှုမှာ အနည်းငယ်ကြီးမည်ဖြစ်ကြောင်း သဘောပေါက်သည်။ အားလုံးအပြီးတွင် လူများ အပုံလိုက်သေမည်ဖြစ်သော်ငြား သူက ခေါင်းညိတ်ပြလိုက်သည်။
"ဟိုးအရင်ကတည်းက အဲ့လိုလုပ်ပြီးသား..."
ဇာတ်ကြောင်းပြောသူက သက်ပြင်းချလိုက်သည်။ သူက ခေါင်းကို အသာယမ်းရင်း ဖုကျန်းကို ပြောလိုက်သည်။
"ပရိသတ်တွေကတော့ ရူးကုန်တော့မှာပဲ..."
ဘေးတွင် အထူးပြုလုပ်ချက်ကို ဖန်တီးနေသော ဝမ်ထုန်မှာ ထိုစကားကိုကြားလျှင် ကသောကမျောရောက်လာပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ..."
ဇာတ်ကြောင်းပြောသူက ဝမ်ထုန်သည် Shazhou Chronicle ၏ သစ္စာရှိပရိသတ်မှန်း သိသောကြောင့် ပွဲကောင်းမလွတ်ချင်သောစိတ်ဖြင့် ဖုကျန်းပြင်ထားသည့် ဇာတ်ညွှန်းစာရွက်ကို ကမ်းပေးလိုက်သည်။ ဝမ်ထုန်က နှစ်မျက်နှာခန့် လှန်ကြည့်လိုက်ပြီးနောက် စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။
သူ့အော်သံမှာ ကြောက်စရာကောင်းလောက်အောင်ကို စူးဝါးလွန်း၍ ကြားရသူတိုင်း ငိုမိတော့မလိုပင်။
ဝမ်ထုန်က သူ့လက်ထဲမှ ဇာတ်ညွှန်းစာရွက်ကို လွှတ်ချလိုက်ပြီး အထိတ်ထိတ်အပျာပျာဖြင့် ဖုကျန်း၏ပုခုံးကို လှုပ်ယမ်းလိုက်တော့သည်။
"မဒမ်ရေ မဟုတ်ဘူးမလား ကျွန်တော့်ကို မဟုတ်ဘူးလို့ ပြောပေးပါ ကျေးဇူးပြုပြီး..."
"စိတ်အေးအေးထား စိတ်အေးအေးထား ဒါတွေကနိမိတ်ပြရုံတင် ညတုန်းက ရှာတွေ့ထားတဲ့ မြင်းတပ်က နေဝင်မြို့တော်ကို ပြန်လာမှာ..."
ဖုကျန်းက ဝမ်ထုန်ကို နောက်ဖြစ်လာမည့်အရာတိုင်းက ဖြစ်ရိုးဖြစ်စဉ်ပင်ဖြစ်ကြောင်းကို အတတ်နိုင်ဆုံး ရှင်းပြခဲ့သည်။
သို့သော်ငြား ဒီတစ်ကြိမ်တွင် ဝမ်ထုန်သည် အသိစိတ်ပျောက်နေသော ဇနီးလေးလိုပင်။
"မကြားချင်ဘူး မကြားချင်ဘူး သူ့မိန်းမက ဘယ်လိုတောင် ချွေ့ကို လွယ်လွယ်လေး သေခိုင်းလိုက်ရတာလဲ ဟွမ်လေ့ကိုရော တစ်မိသားစုလုံးကိုရော ဘယ်လိုစိတ်ကူးနဲ့များ လူရောဟုတ်သေးရဲ့လား မဒမ်ရေ ရက်စက်လိုက်တာ..."
မူလက ဖုကျန်းသည် ဝမ်ထုန်ကို နောက်တစ်ခေါက် ပြန်ရှင်းပြချင်သော်ငြား မော့ကြည့်လိုက်ချိန်တွင် သူတို့ စတူဒီယိုကို ရောက်နေသော ကျန်းဟန်ရှုကို တွေ့လိုက်သည်။ ထိုအခိုက်တွင် သူက ဝမ်ထုန်၏ နောက်တွင် ရပ်နေရင်း ပြုံးပြနေသည်။ ဖုကျန်းမှာ မရယ်ဘဲကို မနေနိုင်တော့။ တစ်ကမ္ဘာလုံး ထွန်းလင်းသွားသလိုပင်။
ဝမ်ထုန်မှာ ဖုကျန်း၏ ခံစားချက်အပြောင်းအလဲကို သတိပြုလိုက်မိပြီး စိတ်ထဲတွင် မသိုးမသန့် ခံစားလိုက်ရသည်။ ကြောက်အားတကြီးဖြင့် လှည့်ကြည့်လိုက်လျှင် ကျန်းဟန်ရှုကို တွေ့လိုက်ရသည်။ ဝမ်ထုန်က ဖုကျန်း၏ပုခုံးကို သာသာလေး ပုတ်လိုက်သည်။ သူက လက်ကိုခါရင်း ပြောလိုက်သည်။
"မရီး တွေ့လား ဒီနားမှာ ဖုန်တွေပေနေတယ် ကျွန်တော် ကူခါပေးမယ်နော် ဟုတ် ဟုတ်သားပဲ အလုပ်လုပ်စရာရှိသေးတာကို သူဌေးနဲ့ စကားပြောနှင့်ကြနော်..."
ဝမ်ထုန်က ကျန်းဟန်ရှုကို ဖြတ်၍ ကော်ရစ်ဒါအပြင်ဘက်သို့ လျှပ်စီးသဖွယ် ပြေးထွက်သွားသည်။
ကျန်းဟန်ရှုက ဝမ်ထုန်ကို လုံးဝလျစ်လျူရှုထားလိုက်​ပြီး သူယူလာသော ညလယ်စာထုပ်ကို အခန်းအလယ်ရှိ စားပွဲပေါ်သို့ ထားလိုက်သည်။ စတူဒီယိုထဲမှ ဝန်ထမ်းများအတွက်ပါ ယူလာခြင်းဖြစ်သည်။
သူက ဖုကျန်းကို မေးလိုက်သည်။
"အပြင်ထွက်စားမလို့လား..."
ဖုကျန်းက ခေါင်းကိုယမ်းပြလိုက်သည်။အခု သူက ဇာတ်လမ်းတစ်ပုဒ်လုံး၏ ဇာတ်ညွှန်းအတွက် တာဝန် ရှိသူဖြစ်သည့်အတွက် အခြားဝန်ထမ်းများထက် စော၍ အိမ်ပြန်နိုင်မည်မဟုတ်ချေ။ သူက ကျန်းဟန်ရှုကို ပြောလိုက်သည်။
"ခဏစောင့်ဦးနော် ဒီနေ့အတွက် အလုပ်က ပြီးတော့မှာ..."
ကျန်းဟန်ရှုက ခေါင်းညိတ်ပြလိုက်ပြီး ဘေးမှ ခုံတွင် ဝင်ထိုင်ကာ စုတ်တံကိုင်ထားသည့် ဖုကျန်းကို ကြည့်နေလိုက်သည်။
ဖုကျန်းက ဇာတ်ကြောင်းထဲမှ တစ်စိတ်တစ်ပိုင်းကို သရုပ်ဖော်ခြင်းတွင် အာရုံ စိုက်ထားသည်။
ကျန်းဟန်ရှု သူ့မျက်တောင်ရှည်ကြီးများ လှုပ်နေသည်ကို တိတ်တိတ်လေး ထိုင်ကြည့်နေလိုက်သည်။ ဖုကျန်း၏လက်ထဲမှ စုတ်တံ ခပ်သွက်သွက် လှုပ်ရှားကာ အရိပ်သေးသေးလေးတစ်ခု ပေါ်လာသည်ကို ကြည့်နေရင်း အချိန်တို့က တရွေ့ရွေ့ ကုန်ဆုံးသွားတော့သည်။
ကျန်းဟန်ရှုက ည၇နာရီအထိ စောင့်နေခဲ့သည်။ တစ်ဖြေးဖြေးမှောင်လာကာ စတူဒီယိုထဲတွင် လူတစ်ယောက်မှ မရှိတော့။ ဖုကျန်းက တစ်နေ့တာအလုပ်ကို အကျဉ်းချုပ်ကာ မနက်ဖြန်အတွက် အချိန်ဇယားဆွဲပြီးနောက် ကျန်းဟန်ရှုနှင့်အတူ ထွက်လာခဲ့သည်။
ကျန်းဟန်ရှုက သူ့ကို မေးလိုက်သည်။
"ပင်ပန်းနေပြီလား...."
ဖုကျန်းက ခေါင်းယမ်းပြလိုက်သည်။
"မပင်ပန်းပါဘူး ကျွန်တော်က ဘာမှလုပ်ရတာမှ မဟုတ်တာ တစ်နေ့ကို ပုံလေးနည်းနည်းလောက် ဆွဲပေးရုံပဲကို ဒီတစ်ပတ်လောက် အလုပ်ရှုပ်ပြီးပြီဆိုရင် နောက်ပိုင်းကျ တော်တော်အလုပ်ပေါ့သွားပြီ..."
ကျန်းဟန်ရှုက ခေါင်းညိတ်လိုက်သည်။ သူသည်လည်း ကုမ္ပဏီကိစ္စနှင့် အလုပ်များကာ ဖုကျန်းကို နေ့တိုင်း အချိန်မပေးနိုင်သည့်အတွက် အလုပ်များနေသည်ကပင် ခပ်ကောင်းကောင်းပင်။ ကျန်းဟန်ရှုက သူ့ကိုပြောလိုက်သည်။
"တစ်ချိန်လုံးထိုင်မနေနဲ့နော် ကိုယ်လက်လှုပ်ရှားတာလေးလည်း လုပ်ဖို့မမေ့နဲ့‌ဦး..."
"နားလည်ပါပြီ..."
ဖုကျန်းက ကလေးတွေလို တစ်လုံးချင်း သံရှည်စွဲကာ ပြန်ဖြေလိုက်သည်။ ကျန်းဟန်ရှု၏ စကားကို လိုက်နာကြောင်း သက်သေပြရန် သူက ထပ်ပြောလိုက်သည်။
"ဗိုက်ကြွက်သားလေ့ကျင့်တဲ့ ဘီးတွေရယ် လက်မောင်းကြွက်သား လေ့ကျင့်ခန်းအတွက် ကိရိယာတွေရယ် အပြေးကျင့်တဲ့စက်နှစ်လုံးရယ်ကို စတူဒီယိုဘေးက အခန်းထဲမှာ ထားထားတယ်..."
ဖုကျန်းမှာ ခြေထောက်ထိခိုက်ထား၍ မပြေးနိုင်သော်ငြား ခပ်ဖြေးဖြေးတော့ လျှောက်နိုင်ပါသေးသည်။
ကျန်းဟန်ရှုက ဖုကျန်း၏ အစီအစဉ်ကို ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ဘာစားချင်သေးလဲ..."
"ကွမ်တုန်းဟင်းတွေ သွားစားရအောင်..."
လူကူမျဉ်းကျားတွင် မီးနီနေ၍ ဖုကျန်းနှင့် ကျန်းဟန်ရှုတို့က မီးပြန်စိမ်းသည်အထိ လက်ချင်းတွဲလျက် စောင့်နေကြသည်။
လမ်းဖြတ်ကူးလာချိန်တွင် ဖုကျန်းသည် ရှုပ်ထွေးနေသော ယာဉ်ကြောကို ဖြတ်၍ လမ်းတစ်ဖက်မှ ဖုကျန်းချန်ကို တွေ့လိုက်ရသည်။ ဖုကျန်းချန်က လမ်းမီးတိုင်အောက်တွင် ရပ်နေသည်။ အကြည့်တစ်ချက်ဖြင့်ပင် ဖုကျန်းချန်သည် အတိတ်ကလို ဩဇာကြီးကာ ဘဝင်မြောက်ဟန်မရှိတော့ဘဲ အသက်ရလာပြီဖြစ် ကြောင်း မြင်နိုင်ပေသည်။
သို့သော်လည်း ဒါက သူနှင့် ဘာမှ မသက်ဆိုင်ချေ။ ဖုကျန်းချန် အိုမင်းလာခဲ့လျှင်တောင် ထန်ဝမ်ဝမ်နှင့် ဖုထင်တို့က သူ့ဘေးတွင် ရှိနေပေးမည်ဖြစ်သည်။
ချုပ်တည်းရခက်သော ချဉ်စူးမှုတို့က တလိမ့်လိမ့်ထွက်ပေါ်လာသည်။ အတော်ကြာမှ ဖုကျန်းလည်း အကြည့်လွှဲကာ ကျန်းဟန်ရှု၏လက်ကို ခပ်တင်းတင်းဆုပ်လျက် ဆက်လျှောက်သွားတော့သည်။
ဖုကျန်းချန်တစ်ယောက် လမ်းမီးရောင်ဖျော့ဖျော့အောက်တွင် ရပ်နေဆဲဖြစ်သည်။ ကောင်းကင်ပြင်က နှင်းမှုန်တို့ဖြင့် ပြန့်ကျဲနေသည်။ ဖုကျန်းချန်က လက်ကို ဆန့်ထုတ်လိုက်လျှင် နှင်းစက်မှုန်တို့က လက်ဖျားထိပ်တွင် ကပ်ငြိလာသည်။ ထိုသည်မှာ နွေဦးမရောက်မီ နောက်ဆုံးတွေ့ရသည့်နှင်းဖြစ်သည်။
သူ ဖုကျန်း၏ပုံရိပ် ဝေးသည်ထက်ဝေးကာ သူ့အမြင်မှ ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ​ေလသည်။
......
ချွန်းဟွာတောင်၏ ဒါရိုက်တာအမှုကို တရားဝင်စစ်ဆေးတော့မည်ဖြစ်သည်။ တရားသူကြီးမှာလည်း ထိုကဲ့သို့အမှုမျိုးကို ပထမဆုံးအကြိမ် စီရင်ဖူးခြင်းဖြစ်သည်။ ဒါရိုက်တာအစစ်က အသက်ရှင်နေဆဲဖြစ်တာတောင် သူ့ရုပ်ရှင်ကို ကိုယ့်နာမည်အောက်ကို ထည့်ရဲသည်။
ရိုးရိုးလေးပြောရရင် ရူးနေတာပဲ ‌ပြောစရာမရှိလောက်အောင်ကို ရူးနေတာ။
တရားသူကြီး ကျောက်ကျင်ကို ဘယ်လိုသက်ညှာရမလဲကို မစဉ်းစားတတ်တော့။
အမှုကို ချက်ခြင်းစီရင်ချက်ချလိုက်ပြီး ကျောက်ကျင်က ဖုကျန်းကို ယွမ်သန်းငါးရာ့ငါးဆယ် ပေးလျော်ရမည်ဖြစ်သည်။ လျော်ကြေးရပြီးနောက် အခွန်ဆောင်ပြီးချိန်တွင် ကျန်သည့် ရန်ပုံငွေမှာ ဖုကျန်းအတွက် လုံလောက်ပြီး Shazhou Chronicle ကို တင်ပြီးလျှင်ပင် သူ့အတွက် အများကြီးကျန်ဦးမည်ဖြစ်သည်။ စိတ်ဝင်စားရာ ရုပ်ရှင်ကို ရိုက်ကူးကာ သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်တော့မည်ဖြစ်သည်။
အမှုပြီးဆုံးသည်ကို ထန်ဝမ်ဝမ်ကလည်း စောင့်ကြည့်နေခဲ့ပြီး ဖုကျန်းမှာ လျော်ကြေး ယွမ်သန်းငါးရာကျော် ရခဲ့ကြောင်း သိလိုက်ရသောအခါ သူမမှာ ဒေါသထွက်လွန်း၍ တဆတ်ဆတ်တုန်လာသည်။ ဖုကျန်းကို ခြိမ်းခြောက်ရုံကလွဲ၍ သူမမှာ ရွေးစရာမရှိတော့။
အခုအချိန်တွင် ဖုကျန်းကို ချုပ်ကိုင်နိုင်သည့် တစ်ခုတည်းသောအရာမှာ လွန်ခဲ့သောနှစ်နှစ်က မတော်တဆမှုပင်ဖြစ်သည်။ ဖုကျန်းကသာ သူမကို မူပိုင်ခွင့်ပေးရန် မလိုက်လျောပါလျှင် သူမကလည်း လွန်ခဲ့သည့်နှစ်နှစ်က ပြဿနာကို ပြန်အစဖော်ရုံပဲရှိတော့သည်။
ထန်ဝမ်ဝမ် ဖုအိမ်မှ ထွက်သွားပြီးနောက် အိမ်တော်မှာ တစ်နေ့ထက်တစ်နေ့‌ ခြောက်ကပ်လာကြောင်း အိမ်အကူများ သတိထားမိသည်မှာ အတော်ကြာနေပြီဖြစ်သည်။ သူတို့သည် တစ်ခါတစ်ရံတွင် ကျောက်တောင်အောက်မှ တွေခဲ့သည့် ဗီဒီယိုကိုဖွင့်ကာ ဧည့်ခန်းထဲတွင် တစ်ယောက်ထဲထိုင်နေသော ဖုကျန်းချန်ကို တွေ့မိသည်။ သူက အစမှအဆုံးအထိ စကားတစ်ခွန်းမှမဆိုဘဲ ထပ်တလဲလဲ ပြန်ကြည့်နေသည်။
ဧည့်ခန်းထဲတွင် မီးလုံးဝ ထွန်းမထား။ မှောင်မိုက်မှုနှင့် အထီးကျန်မှုတို့က ဖုကျန်းချန်ကို တစ်ဖြေးဖြေး ရစ်ပတ်လွှမ်းခြုံထားသည်။ သူက ဆိုဖာပေါ်သို့ မှီချလိုက်ကာ မျက်လုံးကို ပိတ်ထားလိုက်သည်။ သူသည် ဘဝတွင် နောင်တရခဲလှသော်ငြား သူ့လက်ကျန်ဘဝတွင် သူ့ကိုယ်သူ ဘယ်နည်းနှင့်မှ ခွင့်လွှတ်နိုင်တော့မည်မဟုတ်ချေ။
သူ့ရှေ့က ကော်ဖီစားပွဲပေါ်တွင် ကျန်းဟန်ရှု၏ အချက်အလက်ပါသော စာအိတ်တစ်အိတ် တင်ထားသည်။ ဖုကျန်းချန်သည် ကျန်းဟန်ရှုမှာ ကျန်းမိသားစု၏ တစ်ဦးတည်းသော ဆက်ခံသူဖြစ်ကာ နိုင်ငံခြားတက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး လွန်ခဲ့သောနှစ်ကမှ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
သူ ဖုကျန်းနှင့် ဘယ်လိုတွေ့ခဲ့သလဲနှင့် ဖုကျန်းကို ပျော်ရွှင်အောင် ထားနိုင်ပါ့မလားဆိုတာ‌ကိုတော့ ဖုကျန်းချန် မခန့်မှန်းတတ်။
ကျန်းဟန်ရှုက ဖုကျန်းကို အပြည့်အဝ ကာကွယ်ပေးသည့်အတွက် ပျော်ရွှင်မိသော်ငြား ဖုကျန်းက သူတို့ကို ထပ်ပြီး မလိုအပ်တော့သည်မှာတော့ ဝမ်းနည်းစရာပင်ဖြစ်သည်။
ကျန်းဟန်ရှုက သူတို့ရဲ့ကလေးလေးကို ထပ်ပြီး ဝမ်းမနည်းစေဖို့ မျှော်လင့်ပါတယ်။
အဲ့အချိန်တုန်းက သူ ဘာတွေများဖြစ်ခဲ့တာလဲ။
ဖုကျန်းချန်က နာကျင်မှုကို ထိန်းမထားနိုင်တော့၍ ခါးသီးစွာ ရယ်ချလိုက်မိတော့သည်။ မနက်တိုင်းမနက်တိုင်း အငှားအိမ်၏ ဆိုဖာအိုပေါ်တွင် ဖုကျန်း ထိုင်နေခဲ့သလိုမျိုး သူ့မျက်လုံးကို အုပ်ကာ ထိုင်​နေမိသည်။
ထန်ဝမ်ဝမ်က ဖုကျန်းထံမှ Shazhou Chronicle ၏ မူပိုင်ခွင့်ကို ကူပြီးယူပေးရန် ရည်ရွယ်ချက်ဖြင့် ဖုထင်ထံ ချဉ်းကပ်လာသည်။ သို့သော် ဒီရက်ပိုင်းတွင် ဖုမိသားစုက သူမကို အနည်းငယ် အေးစက်နေပြီဖြစ်သည်။ ထန်ဝမ်ဝမ်က ဖုထင်ကို လက်ဦးမှုယူကာ ရှင်းပြလိုက်သည်။
"ညီမက ဖုကျန်းကို တစ်ခါမှ ဘာမှမလုပ်ဖူးဘူး..."
ဖုထင်က ထန်ဝမ်ထမ်ဘက်သို့လှည့်၍ မျက်လုံးကို မှေးစင်းကာ ကြည့်ပြီး ပြောလိုက်သည်။
"တကယ်တော့ မင်းဘာလုပ်ခဲ့လဲဆိုတာကို ဂရုမစိုက်ဘူး..."
ထန်ဝမ်ဝမ်က ဖုထင်သည် သူမဘက်တော်သား ဖြစ်နေဆဲဟု ထင်လိုက်၍ ပြုံးလိုက်သည်။
"အကို..."
သို့သော် သူမ စကားမဆုံးခင်မှာပင် ဖုထင်က ချောင်းအသာဟန့်၍ ပြောလိုက်သည်။
"ငါက ရလဒ်ကိုပဲ ကြည့်ဖို့လိုတာ..."
ဖုကျန်း ကြုံတွေ့ခဲ့ရသည့် နာကျင်မှုအားလုံးမှာ သူတို့သုံးယောက်ကြောင့်ဖြစ်၍ ဖုထင်က ဒါကို ရှောင်လွှဲရန် လုံးဝတွေးမ‌ထားချေ။
ထန်ဝမ်ဝမ်က မျက်မှောင်ကြုတ်လိုက်သည်။
"အစ်ကိုကြီး ဘာဖြစ်နေတာလဲ ပြီးတော့ အဖေကရော အကိုတို့က ဖုကျန်းကိစ္စကြောင့် ညီမကို နာကျည်းနေကြတာလား ညီမဘာအမှားလုပ်မိလို့လဲ အဲ့အချိန်တုန်းက ထိခိုက်ခဲ့တာက သေချာပေါက်ကို ညီမပါနော်..."
"ငါတို့က ကိုယ့်ဘာကိုယ် ပိုပြီးနာကျည်းတယ်..."
ဖုထင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
"ထန်ဝမ်ဝမ် ကျေးဇူးပြုပြီး ကိုယ့်ဘာသာကိုယ်ပဲ လုပ်ပါတော့..."
ထန်ဝမ်ဝမ်မှာလည်း နာကျင်မှုကို ခံစားရ၍ ဖုထင်ကို မေးလိုက်သည်။
"ညီမကရော အကို့ရဲ့ညီမ မဟုတ်လို့လား ညီကိုကျ ဘာလို့ ဒီလိုမျိုး ဆက်ဆံရတာလဲ အတိတ်က နှစ်နှစ်ကိုရော ထည့်မတွက်တော့ဘူးလား..."
ဖုထင်က ထန်ဝမ်ဝမ်ကို လှည့်ကြည့်လိုက်သည်။ အေးစက်နေသော အကြည့်များဖြင့် ထန်ဝမ်ဝမ်ကို ‌ပြောလိုက်သည်။
"မဟုတ်ဘူး အဲဒါက ဘယ်တော့မှ မဟုတ်ခဲ့ဘူး...အဲ့နှစ်နှစ်က ငါ့ဘဝအတွက် နောက်ဆုံးနှစ်နှစ်ပဲ..."
"ကျွန်မတို့ကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေက အတူတူပဲလေ!..."
ဖုထင်က ဆေးရုံမှ ယူခဲ့သည့် ဖွင့်မဖတ်ရသေးသော ဒီအန်အေစစ်ဆေးချက်ကိုယူရင်း လှည့်ထွက်လာခဲ့သည်