အပိုင်း ၅၅
Viewers 23k

ဖုကျန်းနှင့် ကျောက်ကျင်တို့ ဒါရိုက်တာကိစ္စဖြင့် တရားစွဲဆိုပြီး မကြာခင် သတင်းကြီးတစ်ခုက အင်တာနက်တွင် ပေါက်ကွဲထွက်လာသည်။ ဒါရိုက်တာကျောက်ကျင်သည် လူသတ်ရန်ခိုင်းစေမှုဖြင့် တရားစွဲဆိုခံရပြီး ဒီတစ်ကြိမ်တွင် သူရော သူ့အပေါင်းအပါများရော တစ်သက်လုံး လွတ်မြောက်တော့မည်မဟုတ်ချေ။
ဖုကျန်းက အစီရင်ခံစာကို ဖျတ်ခနဲ ကြည့်လိုက်သည်။ ကျန်းဟန်ရှုက ထိုကိစ္စကို ကိုင်တွယ်ရန် တစ်စုံတစ်ယောက်ကို ညွှန်ကြားထားပြီးဖြစ်ရာ ကျောက်ကျင်တို့တစ်အုပ်စုလုံး သက်သာမည်မထင်ပေ။ ဖုကျန်းသည် မနက်ဖြန် ချစ်သူများနေ့အတွက်ကိုသာ ပိုပြီး အာရုံစိုက်ခဲ့သည်။
ထိုကဲ့သို့အမှတ်တရနေ့မျိုးကို ပထမဆုံးဆင်နွှဲခြင်း ဖြစ်သည့်အတွက် သူ ကျန်းဟန်ရှုကို လက်ဆောင်တစ်ခုခု ဝယ်ပေးချင်သည်။ နှစ်သစ်ကူးနေ့က သူ့ကို လည်စည်းဝယ်ပေးခဲ့သည့်အတွက် ဒီတစ်ခေါက် ဘာဝယ်ပေးရမလဲ သူမသိတော့။
ဖုကျန်းက ထိုကိစ္စကို စဉ်းစားနေသည်မှာ ကျန်းအိမ်မှ ပြန်လာပြီးကတည်းကပင်ဖြစ်သည်။ ကျန်းဟန်ရှုမှာ မည်သည့်ပစ္စည်းမှ ပြတ်လပ်နေခြင်းမရှိ။ အစက သူ့ကို သားရေဖိနပ်တစ်ရံ ပေး‌လိုသော်ငြား ကျန်းအိမ်ကို ရောက်ပြီးနောက် ယခင်က ကျန်းဟန်ရှုနေခဲ့သည့် အိမ်ခန်းဟောင်းထဲတွင် ဖိနပ်သီးသန့်ဘီရိုတစ်လုံးကို တွေ့လိုက်ရ၍ ထိုအတွေးကို စွန့်လွှတ်လိုက်တော့သည်။
ချစ်သူများနေ့လက်ဆောင်အဖြစ် ကျန်းဟန်ရှုကို ရုပ်ရှင်တစ်ကား ရိုက်ပေးရန်ပင် စဉ်းစားခဲ့သော်လည်း အခုအချိန်မှ စပြင်ဆင်ပါလျှင် ချီရှီပွဲတော်မှ ကြည့်နိုင်တော့မည်ဖြစ်၍ နောက်ကျသွားမည်ကို စိုးရိမ်မိသည်။
နောက်တစ်ချက်အနေဖြင့် လတ်တလောတွင် ဇာတ်ညွှန်းအသစ်ရေးရန်လည်း အချိန်မရှိပေ။ ဖုမိသားစုထံမှ မထွက်လာခင် ချွန်းဟွာတောင်ကို ရိုက်ကူးပြီးစဉ်က ကျားလော့ဖျင်ဖျင်၏ "အဖြူရောင်ရဲတိုက်"ကိုဝယ်ကာ ရုပ်ရှင်ပြန်ရိုက်ရန် တွေးခဲ့သော်ငြား ထိုကိစ္စများဖြစ်ပွားခဲ့သည့်အတွက် အစီအစဉ်မှာ အကြာကြီး ကြန့်ကြာသွားတော့သည်။
အခု သူ့တွင် ငွေလည်းရှိလာပြီဖြစ်၍ ထိုရုပ်ရှင်၏ မူပိုင်ခွင့်ကို ဝယ်လိုသော်ငြား ကျားလော့ဖျင်ဖျင်သည် အွန်လိုင်းမှ နာမည်ကြီးစာရေးဆရာတစ်ဦးနှင့် အမှုရင်ဆိုင်နေရကြောင်း ကြားလိုက်ရသည်။ အကယ်၍ မူပိုင်ခွင့်ကို ဝယ်လိုလျှင်တောင် သူတို့၏အမှုအခင်း ပြီးပြတ်သည်အထိ ‌စောင့်ဆိုင်းရဦးမည်ဖြစ်သည်။
ထိုသို့ဖြင့် ကျန်းဟန်ရှုအတွက် ရုပ်ရှင်ကို လက်ဆောင်ပေးရန် နည်းလမ်းမရှိတော့သော ကြောင့် သူ့ကို တစ်ခြား ဘာများပေးနိုင်မလဲ။
ဖုကျန်းက အင်တာနက်ပေါ်မှ အဖြေရှာခဲ့သည်။ အများစုက ကိုယ်တိုင်တစ်ခုခုလုပ်ပေးရန် သို့မဟုတ် လောလောဆယ် သူလိုချင်သည်ဟု ပြောထားသည့် တစ်စုံတစ်ခုကိုဝယ်ရန် အကြံပေးသော်ငြား လတ်တလောတွင် ကျန်းဟန်ရှုမှာ လိုချင်သည့်အရာဟူ၍ တစ်ခုမှမရှိပေ။
ဖုကျန်းက အဖြေများကို အောက်အထိ အနည်းငယ် ကျော်ဖတ်လိုက်သည်။ ထို့နောက် ထောင်ပေါင်တွင်ရောင်းသော သင်္ဘောသားဝတ်စုံ သို့မဟုတ် maid dress သို့မဟုတ် သူနာပြုဝတ်စုံ တစ်ခုခုကိုဝယ်ကာ သူ့ကို မမေ့နိုင်သည့် ညတစ်ညကို ဖန်တီးပေးသင့်သည်ဟု ပြောထားသည့် စာကြောင်းကို တွေ့လိုက်သည်။
ထိုအကြံပြုချက်မှာ အနည်းငယ် ကိုယ်လက်လှုပ်ရှားရမည်ဖြစ်ရာ ဖုကျန်းသည် သူ့ဗိုက်ထဲတွင် ကလေးရှိနေသည့်အတွက် တစ်ခုခု မှားယွင်းသွားမည်ကို စိုးရိမ်မိသည်။
"မဟုတ်ဘူး အဆင်ပြေလောက်မယ်ထင်တယ်..."
ဖုကျန်းက သူ့ဗိုက်ကို ထိကြည့်လိုက်သည်။ ၀မ်းဗိုက်မှာ အထဲတွင် အသက်သေးသေးလေး ရှိနေသည်ဟု မထင်ရလောက်အောင်ပင် ပြားချပ်နေဆဲဖြစ်သည်။
ဖုကျန်း၏မျက်နှာနှင့် လည်ပင်းတစ်လျှောက် ရှက်သွေးများ ရဲရဲနီလာသည်။ရုတိတရက် သူ ကျန်းဟန်ရှု၏အိတ်ကပ်ထဲမှ ပစ္စည်းကို မြင်ယောင်လာသည်။ အဲ့ဒီပစ္စည်း ရှိနေသေးသလားဆိုတာကိုတော့ သူမသိ။ လက်ထဲမှ တဘက်ကိုချကာ နွေဦးပွဲတော်တွင် ပိုင်မိန်ရှန် ရေပူစမ်းကို သွားစဉ်က ကျန်းဟန်ရှုဝတ်ခဲ့သည့် လေကာအင်္ကျီကို ရှာရန် အဝတ်ဘီရိုကို ဖွင့်လိုက်သည်။
ထိုအခိုက်တွင် ကျန်းဟန်ရှုက အခန်းထဲသို့ ဝင်လာပြီး လွန်ခဲ့သောရက်အနည်းငယ်က သူဝတ်ခဲ့သည့် လေကာအင်္ကျီထဲမှ တစ်ခုခုကို ရှာနေသော ဖုကျန်းကို တွေ့လိုက်သည်။ အနည်းငယ် ဇဝေဇဝါဖြစ်ဟန်ဖြင့် မေးလိုက်သည်။
"ဘာရှာနေတာလဲ..."
ဖုကျန်းက ကျန်းဟန်ရှုကို မော့ကြည့်ကာ ခပ်ခြောက်ခြောက် ပြုံးပြလိုက်သည်။ သေချာပေါက်ပင် သူ ဘူးအဖြူလေးကို ရှာနေခြင်းဖြစ်ကြောင်း ကျန်းဟန်ရှုကို ဝန်မခံနိုင်သည့်အတွက် ခေါင်းကိုအသာယမ်းကာ ပြောလိုက်သည်။
"မရှာပါဘူး ညစ်ပတ်နေပြီး လျှော်စရာလိုမလား ကြည့်နေတာ..."
ကျန်းဟန်ရှုက သူ့ကို သံသယမဝင်ခဲ့ပေ တစ်ခုခုကို ခန့်မှန်းမိဟန်ရှိသော်ငြား ဘာမှဆက်မပြောခဲ့။ သူက ဖုကျန်း၏ဘေးသို့ ဝင်ထိုင်ကာ ဘီရိုထဲမှ ဆံပင်အခြောက်ခံစက်ကိုထုတ်၍ သူ့ရှေ့သို့ ယမ်းပြလိုက်သည်။
"အိုကေ အိပ်ရအောင် ဆံပင်လာအခြောက်ခံလှည့်..."
ဖုကျန်းက လေကာအင်္ကျီကို ဘီရိုထဲသို့ ပြန်ထည့်လိုက်သည်။ ထိုအိတ်ကပ်ထဲမှ ပစ္စည်းကို မတွေခဲ့သည့်အတွက် မနက်ဖြန်မှ ဆေးဆိုင်သို့ တစ်ဘူးသွားဝယ်ရုံပဲရှိတော့သည်။
ကျန်းဟန်ရှုက ဖုကျန်း၏ဆံပင်ကို အခြောက်ခံပေးလိုက်သည်။ ထို့နောက် အခန်းမီးကိုပိတ်ကာ နှစ်ဦးသား အချင်းချင်း ထွေးပွေ့ရင်း အိပ်စက်လိုက်ကြတော့သည်။
နောက်တစ်နေ့မနက်တွင် ဖုကျန်းက အစောကြီးနိုးလာပြီး ကျန်းဟန်ရှု မျက်လုံးပွင့်လာကာ သူ့ကို စကားပြောမည့်အချိန်ကို စောင့်‌နေလိုက်သည်။
"ပျော်ရွှင်ဖွယ်ချစ်သူများနေ့ပါ..."
နေရောင်ခြည်က လိုက်ကာနှစ်ခုကြားမှ စောင်ပေါ်သို့ ဖြာကျလာသည်။ ကျန်းဟန်ရှု၏ မျက်ဝန်းပြာများမှာ လှိုင်းကြက်ခွပ်များ တလက်လက်ထနေသလိုပင်။ သူက ခပ်ဖွဖွရယ်ကာ လက်မောင်းကို ဆန့်ထုတ်လိုက်ရင်း နှစ်ကိုယ်ကြား တီးတိုးပြောလိုက်သည်။
မနက်စာစားပြီးနောက် ကျန်းဟန်ရှုနှင့် ဖုကျန်းတို့ ကိုယ်စီကိုယ်ငှ လုပ်ငန်းခွင်သို့ သွားကြတော့သည်။ ကျန်းဟန်ရှုက သူ့ကို စတူဒီယိုရှေ့သို့ ချပေးပြီးနောက် ဖုကျန်းသည် စတူဒီယိုထဲသို့ မဝင်မီ ကျန်းဟန်ရှု၏ကား ထွက်သွားသည်ကို ကြည့်နေလိုက်သည်။
ဖုကျန်းရောက်လာချိန်မှာ စောနေသေး၍ စတူဒီယိုထဲတွင် ဝန်ထမ်းနှစ်ဦးသာ ရှိသေးသည်။ အချင်းချင်းနှုတ်ဆက်ပြီးနောက် ဖုကျန်းလည်း ကွန်ပျူတာရှေ့ထိုင်ကာ မနေ့က မပြီးပြတ်ခဲ့သည်တို့ကို ဆက်လုပ်နေတော့သည်။ အလုပ်တွင် ဈာန်ဝင်စပြုလာပြီဖြစ်၍ တစ်နေ့တာအလုပ်မှာ ခပ်သွက်သွက် ပြီးမြောက်သွားသည်။ အလုပ်ပြီးသည့်နောက်တွင်ညသူသည် ကျန်းဟန်ရှု၏ ကိုယ်လုံးပြည့်ပုံကို ဆွဲနေတော့သည်။ အားလုံးပြီးနောက်တွင်တော့ ချစ်သူများနေ့ည၏ ပျော်စရာအခါသမယသို့ ရောက်တော့မည်ဖြစ်သည်။
သူ၏ ပုံကြမ်းစာအုပ်ထဲတွင် ကျန်းဟန်ရှု၏ ပုံအမျိုးမျိုးရှိနေပြီး ဆောက်လုပ်ရေးဆိုက်တွင် အလုပ်လုပ်စဉ်က ဆွဲခဲ့ခြင်းဖြစ်သည်။ သူ စိတ်တိုင်းအကျဆုံး ပုံကြမ်းတစ်ခုကိုရွေးကာ အရောင်ဖြည့်လိုက်သည်။
နေ့လည်စာစားချိန်တွင် ဖုကျန်း အသားပေါင်းနှစ်ခုကိုသာ စားခဲ့သည်။ ကွန်ပျူတာရှေ့သို့ အလောတကြီး ပြန်ထိုင်ကာ မနက်ကဆွဲလက်စပုံကို အရောင်ထည့်နေခဲ့သည်။ ‌သူ့ဘေးမှဖြတ်သွားသော လက်ထောက်ဒါရိုက်တာက ဖုကျန်းမှာ အလုပ်လုပ်နေဆဲဖြစ်မည်ဟု ထင်ထားသော်လည်း ကွန်ပျူတာကို လှမ်းကြည့်လိုက်ချိန်တွင် တွေ့လိုက်ရသည်မှာ Shazhou Chronicle ၏ ဇာတ်ကောင်ပုံမဟုတ်၍ မေးလိုက်သည်။
"ဒါရိုက်တာဖု ဘာတွေဆွဲနေတာလဲ..."
ဖုကျန်းက ရှက်ပြုံးပြုံးရင်း ဖြေလိုက်သည်။
"ဘာမှမဟုတ်ပါဘူး..."
လက်ထောက်ဒါရိုက်တာက အနီးကပ်ကြည့်လိုက်ပြီးနောက် ဖုကျန်းဆွဲ‌နေသည်မှာ ကျန်းဟန်ရှု၏ပုံဖြစ်ကြောင်း သိလိုက်ရသည်။ ဖုကျန်းနှင့် ကျန်းဟန်ရှုတို့က သူတို့၏ဆက်ဆံရေးကို အများသိအောင် ချမပြထားသော်ငြား သူတို့က ကန်းနေသူများ မဟုတ်ပေ။ သူတို့နှစ်ဦးကြားမှ ဆက်ဆံရေးသည် သာမန်မဟုတ်ဘဲ သဘာဝမကျသည်ကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်သည်။
"အိုး..."
လက်ထောက်ဒါရိုက်တာက သံရှည်စွဲကာ ဖုကျန်း၏ပုခုံးကို ပုတ်ရင်း နားလည်သည့်အပြုံးမျိုး ပြုံးပြလိုက်သည်။
လက်ထောက်ဒါရိုက်တာက ဖုကျန်းသည် ဖုမိသားစု၏ အငယ်ဆုံးသားဖြစ်ကြောင်းကို အရင်ထဲက သိပြီးဖြစ်သည့်အပြင် သူတို့က ထန်ဝမ်ဝမ်ကိုလည်း သဘောမကျကြပေ။ ထိုအချိန်က ဖုကျန်းသည် ထန်ဝမ်ဝမ်က သူ့ကိုမုန်းတီးကြောင်း စတူဒီယိုထဲတွင် မကြာခဏ စောဒကတက်လေ့ရှိသော်ငြား သူတို့က အကြောင်းရင်းကိုတော့ မသိခဲ့။ ထန်ဝမ်ဝမ်၏ မကောင်းကြောင်းကို ဖုကျန်းပြောသည့်အချိန်တိုင်း သူတို့က မသက်မသာဖြစ်ကာ ဖုကျန်းသည် သတိမဲ့လွန်းသည်ဟု ခံစားရသောကြောင့်ဖြစ်သည်။
ယခုနှစ် နွေဦးပွဲတော်မတိုင်မီ ထန်ဝမ်ဝမ်၏ မင်္ဂလာပွဲဗီဒီယိုကို မြင်ပြီးမှ ထိုအချိန်က ဖုကျန်းသည် ရန်လိုတတ်သော ထန်ဝမ်ဝမ်ကြောင့် သူ့အဖေနှင့်အစ်ကိုကို ပုန်ကန်နေခြင်းဖြစ်ကြောင်း သဘောပေါက်တော့သည်။ သူ့နှလုံးသားထဲမှ နာကျည်းမှုများကြောင့် နာခံမှုမရှိဘဲ နေ့စဉ်မပြတ် ရန်လိုနေသည်မှာ သဘာဝပင်ကျပေသည်။
အကယ်၍ သူသာ စောစောစီးစီး နားလည်ခဲ့ပါလျှင် ဖုကျန်း ဖုမိသားစုမှ ကန်ထုတ်ခံရစဉ်က အကူအညီတစ်ခုခု ပေးမိမည်ဖြစ်သည်။ သို့သော်ငြား ဘာကြောင့်မှန်းတော့မသိ ၊ ထန်ဝမ်ဝမ်ထိခိုက်သည်ဟု ကြားလိုက်ရသောအခါ ဖုကျန်းက လူကောင်းတစ်ယောက်ဆိုသည့်အချက်ကို မေ့လျော့သွားပြီး သူ့အနီးမှ မည်သူကမှလည်း သူ့ကို ရည်ညွှန်းခြင်း မရှိကြတော့။
Shazhou Chronicle ကို ဘယ်တော့မှ ရိုက်ကူးနိုင်တော့မည်မဟုတ်ဟု ထင်ခဲ့သော်လည်း တရားဝင်ဝေ့ပေါ်မှ ကြော်ငြာချက်ကို တွေ့လိုက်ချိန်တွင် မူလလက်ဟောင်းဝန်ထမ်းများကို လိုက်လံစုစည်းခဲ့တော့သည်။
သူ စတူဒီယိုကို မလာခင်က ဒီနှစ်ပိုင်းအတွင်း ဖုကျန်းသည် Shazhou Chronicle အတွက် မူလပထမ ရည်ရွယ်ချက်များ ပျောက်ဆုံးသွားလေမလားဟု ပူပန်ခဲ့သည်။ အကယ်၍ ထိုသို့သာဖြစ်ခဲ့ပါလျှင် Shazhou Chronicle သည် မစမီကပင် အဆုံးသတ်သွားမည်ဖြစ်သည်။ ဖုကျန်းတွင် ထိုနှစ်ကလို ပြင်းထန်သည့်စိတ်ဓာတ်မျိုး မရှိတော့သော်ငြား သူသည် ယခင်ကထက် ရင့်ကျက်လာကာ Shazhou Chronicle မှာလည်း ယခင်ကထက် အပုံကြီး ပိုသာလာသည်။
သူတို့အားလုံးက ဖုကျန်းအတွက် အင်တာနက်ပေါ်တွင် တစ်ခွန်းမှ ပြောမပေးခဲ့ရသော်ငြား သူတို့၏နှလုံးသားထဲတွင်တော့ ဖုကျန်းက လူကောင်းတစ်ယောက်မှန်း အားလုံးသိကြပြီးဖြစ်သည်။
လက်ထောက်ဒါရိုက်တာက သူ့ဘေးမှ နားနေခန်းထဲသို့ ပျော်ရွှင်စွာ ထွက်သွားလိုက်လျှင် ထိုအခန်းထဲတွင် တစ်ယောက်အိပ် အိပ်ယာတစ်ခုကို‌ တွေ့လိုက်ရသည်။
ဖုကျန်းပုံဆွဲ၍ ခဏအကြာတွင် ကျန်းဟန်ရှုက ဖုန်းဆက်မေးလာသည်။
"ဘာလုပ်နေလဲ..."
ဖုကျန်းမှာ ဒီအချိန်တွင် အနားယူနေရမည်ဖြစ်သည်။ သူ့ကို မနှောင့်ယှက်မိစေရန် ကျန်းဟန်ရှုသည် WeChat မှသာ စာပို့လေ့ရှိသည်။
ဖုကျန်းမှာ မလုံမလဲဖြစ်ဟန်ဖြင့် သူ့ရှေ့မှ ကွန်ပျူတာကို ကြည့်လိုက်သည်။ သူက ကျန်းဟန်ရှုကို မညာချင်၍ ပြောလိုက်သည်။
"ပုံဆွဲနေတာ..."
ကျန်းဟန်ရှုက မမျှော်မှန်းထားသည့် လေသံဖြင့် ဖုကျန်းကို ပြောလိုက်သည်။
"ပုံပဲဆွဲမနေနဲ့ အနားယူဦး..."
"ခဏနေရင် ပြီးတော့မှာ..."
ဖုကျန်းက အရောင်အနည်းငယ်သာ ဖြည့်ရသေးသော ပုံကိုကြည့်ရင်း မျက်တောင်မခတ်ဘဲ လိမ်လိုက်သည်။
ညင်သာသော်လည်း တင်းမာဟန်ရှိသော ကျန်းဟန်ရှု၏အသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။
"အနားယူသလား ကိုယ်စောင့်ကြည့်နေမယ်..."
ဖုကျန်းက ခဏမျှ အသံတိတ်နေပြီးနောက် နာခံမှုရှိစွာဖြင့် ကွန်ပျူတာကို ပိတ်ချလိုက်သည်။
"ကောင်းပါပြီ..."
ကွန်ပျူတာမှ ထရပ်လိုက်ချိန်တွင် တံခါးပေါက်ကိုမှီကာ ဟန်ဆောင်ပြုံးပြနေသော ဝမ်ထုန်ကို တွေ့လိုက်ရသည်။ ဖုကျန်းက ဝမ်ထုန်၏ လျှို့ဝှက်တာဝန်ကို ချက်ခြင်းပဲ ခန့်မှန်းမိသွားတော့သည်။
ကံကောင်းစွာဖြင့်ပင် နေ့ခင်းပိုင်းအတွက် လက်စသတ်ရန် အလုပ်သိပ်မကျန်တော့။ ဖုကျန်းက ပုံကို ခပ်သွက်သွက်အပြီးသတ်ကာ ပရင့်ထုတ်၍ စူပါမားကတ်မှ ဝယ်ခဲ့သော ဓာတ်ပုံဘောင်ထဲသို့ ထည့်လိုက်သည်။
အားလုံးပြီးနောက်တွင်တော့ ဖုကျန်းသည် ဓာတ်ပုံဘောင်ကို ယူရင်း လက်ကနာရီကို အပူတပြင်း ကြည့်နေတော့သည်။ သူ့အမူအယာကိုကြည့်ကာ ဖုကျန်း၏အတွေးကို မြင်နေရသော လက်ထောက်ဒါရိုက်တာက သူ့ကို ပြောလိုက်သည်။
"ဒါရိုက်တာဖု တကယ်လို့ အလျင်လိုနေရင် အလုပ်အရင်ဆင်းနှင့်ပါလား ကျွန်တော် ဒီမှာနေခဲ့မယ်လေ..."
ဖုကျန်းက ငြင်းလိုက်သည်။
"မဟုတ်တာ သူလည်း အလုပ်မဆင်းသေးဘူးလေ ကျွန်တော် ခဏ စောင့်လိုက်ပါဦးမယ်..."
ဖုကျန်း၏စကားမဆုံးမီ ကျန်းဟန်ရှုက ဖုန်းဆက်ကာ အောက်ထပ်တွင် စောင့်နေပြီဖြစ်ကြောင်း ပြောလိုက်သည်။
ဖုကျန်း၏မျက်နှာတွင် အပြုံးတစ်ပွင့်က ချက်ခြင်းပေါ်လာကာ အလုပ်လုပ်နေဆဲသူများကို နှုတ်ဆက်လိုက်သည်။
"အားလုံးလည်း ခဏနေရင် အလုပ်ဆင်းကြတော့လေ..."
သူတို့က ဖုကျန်းကို ငြင်းလိုက်ကြသည်။
"ကျွန်တော်တို့လို အထီးကျန်ခွေးတွေမှာ ဘာလုပ်စရာများ ရှိမှာလဲ ခွေးစာတွေ မစားချင်ပါဘူး..."
ဖုကျန်းလည်း ရယ်ကာမောကာဖြင့် သူတို့ကိုနှုတ်ဆက်ရင်း ကျန်းဟန်ရှုစောင့်နေသည့် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။
ကျန်းဟန်ရှုက ဖုကျန်းကို ညစာစားရန် ပြင်သစ်စားသောက်ဆိုင်သို့ ခေါ်သွားပြီး နှစ်ဦးသား ကြည်နူးစရာအချိန်လေးကို ကုန်ဆုံးလိုက်တော့သည်။
စားသောက်နေကြစဉ် နောက်ခုံမှ မိန်းကလေး၏ ဖုန်းကိုကိုင်ကာ ပြောနေသံကို ကြားလိုက်ရသေးသည်။
"အရမ်းကြည်နူးဖို့ ကောင်းတာပဲ တကယ် တကယ်ကို တအား ကြည်နူးဖို့ကောင်းတာ..."