အပိုင်း ၅၆
Viewers 23k

ဖုကျန်းလည်း အနည်းငယ် သိချင်လာ၍ ဖုန်းကိုဖွင့်ကြည့်လိုက်လျှင် ချင်ကျောက်နှင့် ထန်ဝမ်ဝမ်တို့၏ ချစ်သူများနေ့အမှတ်တရသတင်းများကို တွေ့လိုက်ရသည်။ ပထမဦးစွာ ချင်ကျောက်က ထန်ဝမ်ဝမ်ကို ဆယ်မိနစ်တစ်ခါ ပန်းပေးပေးရန် ချစ်စရာကောင်းသော ကောင်လေး ၅၂ ယောက်ကို ရှာခဲ့သည်။ ထန်ဝမ်ဝမ်အလုပ်ဆင်းချိန်တွင် ချင်ကျောက် လူအုပ်ကြီးနှင့် တံခါးရှေ့တွင် ရပ်စောင့်နေပြီး ကားတစ်စီးစာ ပန်းအပြည့်ပြင်ထားသည်။
သူက ထန်ဝမ်ဝမ်ကို ကမ်းခြေသို့ ခေါ်သွားကာ မီးရှူးမီးပန်းအတွဲလိုက်ကို ပြင်ဆင်ထားပေးသည်။ နောက်ဆုံးတွင်တော့ ပင်ဟိုင်မြို့ရှိ အမြင့်ဆုံးအဆောက်အဦး၏ မိုးမျှော်ထပ်တွင် သာယာနာပျော်ဖွယ် တယောသံတို့နှင့်အတူ ညစာစားရင်း ကြည်နူးဖွယ်အချိန်ကို ဖြတ်သန်းကြတော့သည်။
ထိုကြည်နူးဖွယ်မြင်ကွင်းအားလုံးကို သတင်းထောက်များက မှတ်တမ်းတင်ထားပြီး ထိုသတင်းများမှာတစ်နေကုန် ဝေ့ပေါ်တွင် နံပါတ်တစ်နေရာက မဆင်းခဲ့တော့ပေ။
ပိုက်ဆံရှိလျှင်တောင် ထန်ဝမ်ဝမ်ကဲ့သို့ ချစ်သူများနေ့မျိုး ပိုင်ဆိုင်ခွင့်မရသည့်လူများကို ကြည့်ရင်း အင်တာနက်သုံးစွဲသူများက လက်ထပ်ရာတွင် မှန်ကန်သော ရွေးချယ်မှုရှိသင့်သည်ဟု တစ်ညီတစ်ညွတ်တည်း ကောက်ချက်ချလိုက်ကြသည်။
ထို့ပြင် ချမ်းသာသော မိသားစုထဲသို့ လက်ထပ်ဝင်ရောက်ပြီးနောက် သတင်းမကြားရတော့သော အခြား အမျိုးသမီးသရုပ်ဆောင်များနှင့် မတူစွာပင် ချင်မိသားစုအ‌နေဖြင့် ထန်ဝမ်ဝမ်ကို အလုပ်မှနုတ်ထွက်ခိုင်းရန် မလိုအပ်သောကြောင့် သူမက အနုပညာနယ်ပယ်ထဲတွင် ဆက်လက်ကျင်လည်နိုင်နေ‌ဆဲဖြစ်သည်။
ကူးပြောင်းဝင်ရောက်လာတာက တကယ်တမ်းတော့ အားကျစရာ မကောင်းဘူးပဲ။
ထန်ဝမ်ဝမ်က hot search တွင် ခဏခဏပါနေသည်ကို သတိပြုမိသော ပရိသတ်အချိူ့လည်း သေချာပေါက် ရှိနေသည်။ တစ်နှစ်တွင် ရက် ၃၀၀ ခန့် ဝေ့ပေါ်၏ hot search ကို ထန်ဝမ်ဝမ်ကသာ အပိုင်သိမ်းထားသည်။
သူမ၏ ပရိသတ်များကတော့ ထိုကဲ့သို့မတွေးကြ၍ ပြန်လည်ချေပရန် ထွက်ပေါ်လာကြသည်။
"ထန်ဝမ်ဝမ်က နာမည်ကြီးဖို့အရေး hot search ကို မှီခိုနေစရာကို မလိုပါဘူးနော် ပါပါရာဇီတွေကသာ အမြဲတမ်း နောက်ကနေ တကောက်ကောက်လိုက်ပြီး ကုပ်သွေးစုပ်နေတာလေ ဒီဓာတ်ပုံတွေကလည်း သူတို့ပဲ ရိုက်ထားတာကို ပါပါရာဇီတွေကို သွားအပြစ်မတင်ဘဲနဲ့ privacy ချိုးဖောက်ခံရတဲ့ငါတို့ဝမ်ဝမ်ကိုပဲ လာပြောနေတာ ယုတ္တိကို မရှိဘူးနော် ...
ပြီးတော့ အရင် hot search ဝယ်တဲ့အချိန်တုန်းကကျ ဘာလို့ လာမပြောကြတာလဲ လက်ထပ်သွားပြီဆိုမှ တစ်ယောက်ပြီးတစ်ယောက် အုပ်လိုက်ကြီးကို ထွက်လာကြတာနော် ဘာလဲ တို့နတ်ဘုရားမလေး လက်ထပ်သွားတာကို မခံမရပ်နိုင်တွေဖြစ်နေတာလား..."
ထိုကဲ့သို့ဖြင့် အွန်လိုင်းစစ်ပွဲ စတင်လာတော့သည်။
ထန်ဝမ်ဝမ် လက်ထပ်လိုက်သည့်နေ့မှစ၍ သူမ၏ anti fan အရေအတွက်မှာ ရုတ်တရက် ထိုးတက်လာခဲ့သည်။ ငယ်ရွယ်သော အမျိုးသမီးကြယ်ပွင့်များဖြစ်သည့်အတွက် သူမတို့ လက်ထပ်သွားသည်နှင့်တစ်ပြိုင်နက် အမျိုးသားပရိသတ်များက anti fanဖြစ်သွားကြမည်မှာ သဘာဝပင်ဖြစ်သည်။
ပရိသတ်နှင့် anti fan အကြား ရန်ပွဲမှာ တစ်စထက်တစ်စ အရှိန်မြင့်လာခဲ့သည်။ ပွဲကြည့်လိုသူ၊ ဖရဲသီးစားလိုသူများကြောင့် ဝေ့ပေါ်တစ်ခုလုံးကို ထန်ဝမ်ဝမ်ကသာ နေရာယူသွားပြန်သည်။
ထိုကိစ္စမှာ ဖုကျန်းနှင့်တော့ လားလားမှ မသက်ဆိုင်ပေ။ ချင်ကျောက်၏နည်းလမ်းများဖြင့် နှိုင်းယှဉ်ပါလျှင် သူနှင့် ကျန်းဟန်ရှုတို့၏ ချစ်သူများနေ့မှာ အလွန်ရိုးရှင်းပေသည်။ ညစာစားပြီးနောက်တွင် ရုပ်ရှင်ရုံသို့ အတူသွားကြသည်။ ဖုကျန်းသည် အွန်လိုင်းမှ ဆွတ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ရှာတွေ့ခဲ့သည်။
ရုပ်ရှင်မှာ သာမန်မျှသာဖြစ်သည်။ သို့သော် ရုပ်ရှင်ရုံထဲမှ လေထုကသာ အရေးကြီးသည့်အချက်ဖြစ်ရာ ဖုကျန်းသည် လက်မှတ်ဝယ်ချိန်တွင် တမင်သက်သက်ပင် လူရှင်းသောရုံကိုရွေး၍ ထောင့်စွန်းခုံအတွက် လက်မှတ်နှစ်စောင်ကို ဝယ်ခဲ့သည်။
အချိန်ရောက်၍ ရုံထဲဝင်ချိန်တွင် ဖုကျန်းနှင့် ကျန်းဟန်ရှုတို့မှာ သူတို့ရွေးထားသော ထောင့်နားတစ်ဝိုက်တွင် အလယ်တန်းကျောင်းသားအုပ်စုကို တွေ့လိုက်ရ၍ အနည်းငယ် အံ့အားသင့်သွားသည်။
ဖုကျန်းမှာ ထိုကလေးများကို မြင်လိုက်ချိန်တွင် မရယ်ဘဲ မနေနိုင်တော့။ တစ်ခါက ဝေ့ပေါ်တွင် အတွဲရှိသည့်ထောင့်နား၌ တစ်စုံတစ်ယောက်က အထူးတလည်ရှိနေတတ်သည်ဟု ဖတ်ခဲ့ဖူးသော်ငြား သူကိုယ်တိုင် ကြုံတွေ့လာရမည်ဟုတော့ မမျှော်မှန်းထားပေ။
အမျိုးသားနှစ်ဦး ဝင်လာသည်ကို တွေ့လိုက်ရသောအခါ ကျောင်းသားအုပ်စုမှာလည်း ရှက်ရွံ့စွာဖြင့် နောက်ပြန်ဆုတ်သွားသည်။ ရုံထဲတွင် အခြားသူများလည်းမရှိသောကြောင့် ရုပ်ရှင်စလျှင်စချင်း သူတို့က ထိုင်ခုံနေရာကို ပြောင်းလိုက်ကြသည်။
ဖုကျန်းနှင့် ကျန်းဟန်ရှုတို့သည် ထိုနေရာကို ရွေးထားသော်လည်း လက်ကိုင်ရုံမှလွဲ၍ အခြားဘာမှ မလုပ်ကြ။ ပိတ်ကားပေါ်က ဇာတ်ကွက်အပြောင်းအလဲနှင့်အတူ အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားတော့သည်။
ရုပ်ရှင်ပြီးသည့်နောက်တွင်တော့ ကျန်းဟန်ရှုက ဖုကျန်းကို အိမ်ပြန်ခေါ်သွားတော့သည်။ နောက်ကျနေပြီဖြစ်ရာ ဖုကျန်းကို အိပ်ခိုင်းရတော့မည့်အချိန်ဖြစ်သည်။
ဖုကျန်း အွန်လိုင်းမှဝယ်ခဲ့သည့် maid dress မှာ သူ၏ ကျောပိုးအိတ်ထဲတွင်ပင် ရှိနေသေးလေရာ ကျန်းဟန်ရှု၏အလစ်တွင် သူ ကျောပိုးအိတ်ကိုပိုက်လျက် ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။
ကျန်းဟန်ရှုက နွားနို့တစ်ခွက်ကိုယူကာ အခန်းထဲသို့ ဝင်လာချိန် ရေချိုးခန်းထဲမှ ရေသံကြားလိုက်ရသည့်အတွက် ဖုကျန်း ရေချိုးနေကြောင်း သိလိုက်ရသည်။ နွားနို့ခွက်ကို အိပ်ယာဘေးတွင်ထားကာ စာအုပ်ထိုင်ဖတ်ရင်း စောင့်နေလိုက်သည်။
ဖုကျန်း ရေချိုးခန်းထဲ ဝင်သွားသည်မှာ အနည်းငယ် ကြာနေပြီဖြစ်ပြီး နွားနို့ပင် အေးသွားသည်အထိ ပြန်ထွက်မလာသောကြောင့် ကျန်းဟန်ရှုက စိုးရိမ်တကြီး မေးလိုက်သည်။
"ဘာဖြစ်နေတာလဲ တစ်ခုခုဖြစ်လို့လား..."
"ဘာမှမဖြစ်ဘူး အခုပဲ ထွက်လာတော့မလို့..."
ဖုကျန်းက သူ့ကိုယ်သူ မှန်ထဲကြည့်ရင်း သူ့မျက်နှာနီမြန်းနေသည်ကို အနည်းငယ် သက်သာစေရန် ရေအေးဖြင့် မျက်နှာသစ်လိုက်သည်။
တံခါးလက်ကိုင်ကို မကိုင်မီ စိတ်ကိုပြင်ဆင်လိုက်ပြီးမှ ရေချိုးခန်းထဲမှ ထွက်လာလိုက်သည်။
တံခါးဖွင့်သံကြားလျှင် စာဖတ်နေသော ကျန်းဟန်ရှုက ဖုကျန်းကို မော့ကြည့်ကာ မေးလိုက်သည်။
"ဘာလို့ အကြာကြီး ရေချိုး ချိုး..."
ရေချိုးခန်းထဲမှ ထွက်လာသော ဖုကျန်းကိုကြည့်ရင်း သူ့အသံမှာ ရုတ်တရပ် ရပ်တန့်သွားတော့သည်။ ဖုကျန်း၏ မျက်နှာနှင့် လက်မောင်းတို့တွင် ရေစက်တို့က တွဲလွဲခိုနေကြဆဲဖြစ်သည်။ သူ့အင်္ကျီမှာ အနည်းငယ်သေးနေပြီး စကပ်မှာ အတော်တိုနေကာ သူ့ကိုယ်ပေါ်တွင် တင်းတင်းကြပ်ကြပ် ဖြစ်နေသည်။
ဖုကျန်းက သူ ကျန်းဟန်ရှုအတွက်ပြင်ထားသော ချစ်သူများနေ့လက်ဆောင်ကို ယူလာရင်း ကျန်းဟန်ရှုထံ လျှောက်လာလိုက်သည်။ လက်ဆောင်ထုပ်ကို ကျန်းဟန်ရှုထံ ကမ်းပေးရင်း ခဲရာခဲဆစ် ခေါ်လိုက်သည်။
"ကျန်း ..ကျန်းဟန်ရှု..."
ကျန်းဟန်ရှု၏နာမည်ကို ခေါ်လိုက်ပြီးနောက်တွင်တော့ ဖုကျန်း၏မျက်နှာမှာ ပေါက်ကွဲ‌ထွက်တော့မလိုပင်။
........
ဒီချစ်သူများနေ့မှာ အရမ်း မခမ်းနားသော်ငြား လူငယ်နှစ်ဦးကတော့ အကျေနပ်ကြီး ကျေနပ်သွားကြတော့သည်။
(ပြိုင်ကားဖြတ်သွားတာပါ:3)
နောက်နေ့မနက် ဖုကျန်း နိုးလာချိန်တွင် သူသည် ကျန်းဟန်ရှု၏ ရင်ခွင်ထဲသို့ တိုးဝှေ့ကာအိပ်နေပြီး ကျန်းဟန်ရှုက သူ့နောက်ကျောကို ဖွဖွလေး ပုတ်ပေးရင်း တီးတိုးပြောလိုက်သည်။
"စောနေသေးတယ် နည်းနည်း ထပ်အိပ်ဦးမလား..."
ဖုကျန်းက အချိန်ကြည့်ရန် သူ့ဖုန်းကို လှမ်းယူလိုက်သည်။ စောနေသေးသည်ဖြစ်ရာ သမ်းလိုက်ရင်း ကျန်းဟန်ရှု၏ လက်မောင်းကြားတွင် တစ်ဖန်ပြန်အိပ်ပျော်သွားတော့သည်။
ဖုကျန်းနိုးလာချိန်တွင်တော့ ခုနစ်နာရီထိုးပြီးပြီဖြစ်သည်။ အိပ်ယာမှ ထထိုင်ကာ လက်ကိုဆန့်လိုက်လျှင် ကောင်းမွန်သော်ငြား ထူးဆန်းသည့် ခံစားချက်တစ်ခုကို ရလိုက်သည်။ သို့သော် မကြာမီပင် ထိုထူးဆန်းမှုက တစ်ဖြေးဖြေး ပျောက်ကွယ်သွားတော့သည်။
ဖုကျန်းလည်း ထုံးစံအတိုင်းပင် စတူဒီယိုသို့ ပုံဆွဲရန် လာခဲ့ပြီး Shazhou Chronicle ၏ လုပ်ငန်းစဉ်မှာလည်း မြန်သည်ထက်မြန်လာသည်။ ဖုကျန်းမှာ သူတို့သာ ပြင်းပြင်းထန်ထန် အလုပ်လုပ်ပါလျှင် နောက်အပိုင်းကို ဧပြီလတွင် လွှင့်နိုင်လောက်မည်ဟု ခံစားမိသည်။
ချစ်သူများနေ့ပြီး နောက်တစ်နေ့တွင် ပါပါရာဇီတစ်ဦးက ပင်ဟိုင်မြို့ ဗဟိုဆေးရုံကြီးသို့ ဝင်သွားသော ထန်ဝမ်ဝမ်နှင့် ချင်ကျောက်တို့ကို ဓာတ်ပုံရိုက်လိုက်မိသည်။ ချင်ကျောက်သည် လက်ထဲတွင် စာရွက်တစ်ရွက်ကို မျက်မှောင်ကြုတ်ကာ ကိုင်ထားပြီး သူ့ပုံစံမှာ လေးနက်နေဟန်ရှိသည်။
ထိုဓာတ်ပုံထွက်လာချိန်တွင် အင်တာနက်သုံးစွဲသူများက ထန်ဝမ်ဝမ်တွင် ကိုယ်ဝန်ရှိနေပြီဟု ခန့်မှန်းလိုက်ကြတော့သည်။
"ဒါပေမယ့်လေ အရမ်းမမြန်လွန်းဘူးလား ယူတာမှ တစ်လတောင်မရှိသေးဘူးလေ မယူခင်ကတည်းက ဗိုက်ကြီးနေတာလား..."
ထို့အပြင် ထန်ဝမ်ဝမ်မှာ အသက်၂၃နှစ်သာ ရှိသေးရာ ကိုယ်ဝန်ယူရန် စောလွန်းသေးသည်။ အနုပညာနယ်ပယ်မှ အမျိုးသမီးကြယ်ပွင့်အများစုမှာ အသက် ၃၀ ဝန်းကျင်မှ ကလေးယူလေ့ရှိကြသည်။ အကယ်၍သာ ကိုယ်ဝန်စောစောရသွားပါလျှင် အနာဂတ်လမ်းကြောင်းကို အကျိုးသက်ရောက်သွားမည်ကို စိုးရိမ်မိသည်။
သို့သော် သူမတွင် ချင်ကျောက်နှင့် ဖုမိသားစု၏ အားပေးကာကွယ်မှုတို့ကြောင့် သူမလိုချင်သမျှ အရင်းအမြစ်အားလုံး မရလိုက်သည်ဟူ၍ မရှိပေ။ ထို့အပြင် သူမက ချင်ကျောက်နှင့် ကွာရှင်းရမည်ကို ကြောက်နေသူလည်းမဟုတ်ချေ။ အများ၏အမြင်တွင် ချင်ကျောက်ကသာ ပူပင်နေရသူဖြစ်သည်။
ထိုနေ့ညတွင် ထန်ဝမ်ဝမ်က ဆေးရုံသွားခြင်းမှာ ကိုယ်ဝန်ရှိ၍မဟုတ်ကြောင်း ပြန်ရှင်းလင်းခဲ့သည်။
"စိတ်ပူပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုယ်ဝန်ရှိလို့မဟုတ်ပါဘူး ဘယ်ဘက်လက်မောင်းက ပြန်နာနေလို့ ချင်ကျောက်က ဆေးရုံခေါ်သွားပေးတာကို ဓာတ်ပုံရိုက်ခံလိုက်ရတာပါ ပူပန်ပေးကြတဲ့အတွက် နောက်တစ်ခါ ကျေးဇူးတင်ပါတယ်..."
‌(ဘယ်ဘက်လက်...)
(ထန်ဝမ်ဝမ်၏ ပရိသတ်တို့မှာ ရုတ်တရက် အုံကြွလာကြပြန်သည်။ လွန်ခဲ့သည့်နှစ်နှစ်က သူမ ထန်ဝေ့ယာမှ ပြုတ်ကျကာ ဘယ်ဘက်လက်မောင်း ဒဏ်ရာရသွားခဲ့သည်။ ဒါဆို လွန်ခဲ့တဲ့နှစ်နှစ်က ဒဏ်ရာက
ရောဂါပြန်ထလာတာလား...)
(ဖုကျန်း အရိုက်ခံသင့်တဲ့ကောင် အခုချက်ချင်း ထွက်လာစမ်း )
ထိုသည်မှာ အင်တာနက်သုံးစွဲသူများအကြား သာမန်တုန့်ပြန်ချက်ပင်ဖြစ်သည်။ ပင်ကိုယ်အားဖြင့် နွေဦးဟွားရှန်၏ နာမည်ကြီးမှုမှာ ပြီးသွားပြီဖြစ်၍ လူတိုင်းက ဖုကျန်းကို မေ့သွားကြပြီဖြစ်သည်။ ထန်ဝမ်ဝမ် တစ်ခါထုတ်ပြောလိုက်ကာမှ ထိုဟာသည် ထန်ဝမ်ဝမ်ကို လျှိုဝေ့ယာမှ ပြုတ်ကျကာ ဒုက္ခိတနီးပါး ဖြစ်စေခဲ့သည့် လူသတ်မှုဖြစ်ကြောင်း သတိရလာကြသည်။
ထို့ပ့င် ဖုကျန်းသည် ထိုက်သင့်သောအပြစ်ဒဏ်လည်း မခံရသေးပေ။
ပွဲကြည့်သူများက ဖုကျန်းကို မြေလှန်ရှာရန် ချက်ခြင်း ဆုံးဖြတ်လိုက်ကြသည်။ အင်တာနက်သုံးစွဲသူများ၏ ခွန်အားကို လျော့မတွက်သင့်သော်ငြား အတော်ကြာရှာ‌ပြီးသည့်အထိ သူတို့မှာ ဖုကျန်း၏ ခြေရာလက်ရာကို မတွေ့သေးပေ။
လွန်ခဲ့သည့်နှစ်နှစ်က ဖုကျန်းမှာ ကမ္ဘာပေါ်တွင် မရှိတော့သယောင်ပင်။ မကြာသေးမီက ချွန်းဟွာတောင်၏ ဒါရိုက်တာကိစ္စသာ မဖြစ်ခဲ့ပါလျှင် အားလုံးက ဖုကျန်းကို သေပြီဟုသာ ထင်ကြမည်ဖြစ်သည်။
(ဖုကျန်းက ဘယ်ရောက်သွားတာလဲ ဖုကျန်းချန်က နိုင်ငံခြားပို့လိုက်တာများလား ဒါမှမဟုတ် ဘုန်းကြီးဝတ်လိုက်ပြီလား...)
Shazhou Chronicle ၏ တရားဝင်ဝေ့ပေါ်နှင့် ကျန်းဝမ်သ တို့မှာ ဖုကျန်းပင်ဖြစ်သည်ဟုတော့ သူတို့တစ်ခါမှ တွေးဖူးလိမ့်မည်မဟုတ်ချေ။
ပွဲကြည့်သူများအကြား စိတ်အားထက်သန်မှုတို့ ကုန်ခမ်းတော့မည်ကို မြင်လျှင် ထန်ဝမ်ဝမ်သည် တရားစွဲဆိုပြီး ရေတပ်ငှားကာ သတင်းဖြန့်ခဲ့သည်။ ရေတပ်က ဖုကျန်းကို ချောက်ကမ်းပါးအစွန်းသို့ လက်မတင်လေး ကျရောက်သည်အထိ တွန်းချရန်သာ အာရုံစိုက်ခဲ့သည်။ ပုရွက်ဆိတ်တစ်ကောင်လောက် အားစိုက်ရုံမျှဖြင့်ပင် အလောင်းပင်ရှာမရနိုင်လောက်အောင် ပြုတ်ကျသွားမည့်နေရာဖြစ်သည်။
(ထန်ဝမ်ဝမ် ဖုကျန်းကို တရားစွဲတာကို လက်ခံတဲ့သူတွေရှိရင် လက်မထောင်ခဲ့ပေးကြပါ...)
(ဖုမိသားစုက ဖုကျန်းကို ထပ်ပြီးတော့ ခွင့်မလွှတ်ဖို့ မျှော်လင့်ရတာပဲ ထန်ဝမ်ဝမ်ကလည်း ဖုမိသားစုရဲ့ သမီးပဲလေ ငါကတော့ ဖုကျန်းချန်မှာ ရေတစ်ဇလားလောက်ရှိဖို့ မျှော်လင့်တယ် ငါတို့ကို နည်းနည်းမှ ဂရုမစိုက်ရင်တောင် ဖုကျန်းကိုတော့ ထပ်ပြီး ကာကွယ်မပေးစေချင်တော့ဘူး...)
(ဒါက လူသတ်မှုပဲလေ ဖုကျန်းကို မျှမျှတတ စီရင်ဖို့ မျှော်လင့်တယ်ဟယ်...)
(ဖုကတော့ တကယ့်လူပဲဟယ် အဲ့တုန်းက ထန်ဝမ်ဝမ်သာ နည်းနည်းကံဆိုးသွားရင် တစ်သက်လုံး ဆေးရုံမှာပဲ လှဲနေရတော့မှာ...)
.........
ထန်ဝမ်ဝမ်သည် သူမမှန်းထားသလိုပင် ဝေ့ပေါ်မှ မျှားဦးသည် ဖုကျန်းဘက်သို့ လှည့်သွားကာ သူမကို တရားစွဲရန် တိုက်တွန်းနေကြကြောင်း သိလိုက်ရသောအခါ ရယ်ကာမောကာဖြင့် ဖုကျန်းကို ဖုန်းထပ်ဆက်လိုက်တော့သည်။ သို့သော် ဖုကျန်းက သူမဖုန်းနံပါတ်ကို block ထားနှင့်ပြီးဖြစ်သည်။
ထန်ဝမ်ဝမ်မှာ ဒေါသတကြီးဖြင့် ဖုန်းနံပါတ်ပြောင်းကာ ထပ်ခေါ်လိုက်ပြန်သည်။ ဖုကျန်း ဖုန်းကိုင်လိုက်ချင်းချင်းမှာပင် သူမက ဆက်တိုက်ပြောလိုက်သည်။
"ဖုကျန်း နောက်ဆုံးအခွင့်အရေး ပေးမယ် Shazhou Chronicle ရဲ့မူပိုင်ခွင့်ကို သန်းသုံးထောင်နဲ့ရောင်း မဟုတ်ရင်တော့ တရားရုံးမှာပဲ တွေ့ကြ‌တာပေါ့..."
ဖုကျန်းက ထန်ဝမ်ဝမ်ကို အေးစက်စွာဖြင့် ပြန်ပြောလိုက်သည်။
"အိပ်မက်သာမက်နေလိုက်..."
ထိုသို့ပြောပြီးနောက် ဖုန်းကိုချကာ ထိုနံပါတ်ကို ချက်ခြင်း block လိုက်သည်။