အပိုင်း ၅၇
Viewers 23k

ထန်ဝမ်ဝမ်သည် ဖုကျန်းက သူမကို ဒီလိုမျိုး ဒေါသတကြီးဖြင့် မျက်နှာဖြတ်ရိုက်လိမ့်မည်ဟု လုံးဝမထင်ထားပေ။ ဖုကျန်းက သူမရဲ့ကမ်းလှမ်းချက်ကို လက်မခံမှတော့ သူ့ဘဝကို ဖျက်ဆီးပစ်ရုံသာရှိတော့သည်။ မဟုတ်ပါက သူမ၏ဘဝက ပျက်ဆီးသွားမည်ဖြစ်သည်။
ထိုအချိန်က Shazhou Chronicle ၏ မူပိုင်ခွင့်ကိုဖုထင်နှင့် ဖုကျန်းချန်တို့ဆီကသာ ရခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က သူမသည် မူပိုင်ခွင့်မှာ ဖုကျန်းတစ်ဦးတည်းပိုင်ဟု လုံးဝမယုံခဲ့ပေ။ ဖုထင်နှင့် ဖုကျန်းချန်တို့ ရှိနေသရွေ့ Shazhou Chronicle ၏ ပိုင်ရှင်အစစ်အမှန်မှာ မည်သူဟု ပြောရန်ခက်ခဲမည်ဟုသာ ထင်ခဲ့သည်။
ဖုကျန်း မသန်စွမ်းဖြစ်နေတာကို မြင်လိုက်လို့ ဖုကျန်းချန်နဲ့ ဖုထင်းတို့က စိတ်ပြောင်းသွားကြတာလား ။ အဲ့ဒါကြောင့် သူတို့ဘာသာသူတို့ အပြစ်တင်နေကြတာလား။
အခုအချိန်တွင် သူတို့ စိတ်မကောင်းဖြစ်နေလျှင်တောင် အချိန်အကြာကြီးတော့ စိတ်မကောင်းဖြစ်နေမည်မဟုတ်ချေ။ ထိုအချိန်ကို စောင့်ကာ အခွင့်ကောင်းယူနိုင်ပါလျှင် မူပိုင်ခွင့်မှာ ထန်ဝမ်ဝမ်၏လက်မှ လွတ်မည်မဟုတ်ချေ။
ထန်ဝမ်ဝမ်မှာ သူမကိုယ်သူမ ယုံကြည်ချက်အပြည့်ရှိနေဆဲဖြစ်သည်။ သူမလိုချင်သည့်အရာတိုင်းကို လက်လွတ်ဆုံးရှုံးရိုးထုံးစံ မရှိခဲ့ပေ။
ထန်ဝမ်ဝမ်၏မျက်နှာ နက်မှောင်နေသည်ကိုမြင်လျှင် ချင်ကျောက်က အနားရောက်လာပြီး အလောတကြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ..."
ထန်ဝမ်ဝမ်က ချင်ကျောက်ကို ဖုကျန်း သူမအား ရန်စခဲ့ကြောင်း ပြောပြလိုက်သည်။
ချင်ကျောက်မှာ သူ့ဇနီးအတွက် စိတ်မကောင်းဖြစ်၍ မျက်မှောင်ကြုတ်လိုက်သည်။ သူက ထန်ဝမ်ဝမ်ကို မေးလိုက်သည်။
"ဘာလို့ ဖုကျန်းက မင်းကို အရမ်းမုန်းနေရတာလဲ..."
ထန်ဝမ်ဝမ်က ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"ကြည့်ရတာ သူ့အဖေနဲ့အစ်ကိုရဲ့ အချစ်တွေကို လုယူသွားတယ်လို့ ထင်လို့လားပဲ..."
ချင်ကျောက်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"မင်းက အပြင်မှာ အများကြီးဒုက္ခခံလာရတာလေ သူတို့က မင်းကို နည်းနည်းလေး ပိုဂရုစိုက်တာ ဘာမှားလို့လဲ ပြီးတော့ သူက ဒီလောက်ကြီးနေပြီကို ဘာလို့ အသိတရားမရသေးတာလဲ..."
ထန်ဝမ်ဝမ်က နှုတ်ခမ်းကိုကိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။ စကားသံထွက်မလာသည့်အတွက် ‌ချင်ကျောက်၏နှလုံးသားမှာ ဖျစ်ညှစ်ခံလိုက်ရသလို ခံစားမိပြီး ဖုကျန်းကို ဖူးယောင်နေအောင် ရိုက်ပစ်ချင်စိတ်ပင် ပေါက်လာသည်။ နောက်ဆုံးတစ်ခေါက် ပိုင်မိန်ရှန်းတောင် ရေပူစမ်းတွင်တွေ့ခဲ့စဥ်က ဖုကျန်းနှင့် သူ့ဘေးကလူကို သင်ခန်းစာမပေးရသေးကြောင်း ရုတ်တရက် သတိရလိုက်သည်။
ချင်ကျောက်က တိတ်တိတ်လေး ဆုံးဖြတ်ချက်ချလိုက်သည်။ သူက ထန်ဝမ်ဝမ်ကို မေးလိုက်သည်။
"လက်မောင်းက နာနေသေးလား..."
ထန်ဝမ်ဝမ်က ဖျစ်ညှစ်ပြုံးရင်း ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ဒါက သက်သာနေပါပြီ အရမ်းကြီး မနာတော့ဘူး..."
"ဖုကျန်းက ဘယ်လိုတောင် ယုတ်မာရတာလဲ တကယ်လို့ အဲဒါကသာ ..."
ချင်ကျောက်က ထိုမတော်တဆမှုကို ပြန်အစဖော်မိလုမတတ်ပင်။ သူက ထန်ဝမ်ဝမ်ကို ထွေးပွေ့ရင်း သူမ၏ နဖူးကို နင့်နင့်သည်းသည်း နမ်းရှိုက်လိုက်သည်။
ထန်ဝမ်ဝမ်က ခေါင်းညိတ်ပြီး ချင်ကျောက်၏ စကားများကို ပြန်တုန့်ပြန်လိုက်သည်။
"ဟုတ်တယ် ကျွန်မလည်း သူ အဲ့လောက်ကြီး မုန်းနေမယ်လို့ မထင်ထားဘူး တကယ်လို့ အဲဒါကသာ အမြင့်မှာ ချိတ်မထားရင် ကျွန်မတော့ သေချာပေါက်ကို ..."
"အဲ့အကြောင်းတွေ ပြန်မပြောနေနဲ့တော့ မင်းက အရမ်းကောင်းတဲ့သူဆိုတော့ ဘုရားက စောင့်ရှောက်မှာပါ..."
........
အင်တာနက်ပေါ်မှပွဲသည် တစ်ဖြေးဖြေး ပြင်းထန်လာသည်။ ကျန်းဟန်ရှုက ထိုလူများသည် ဖုကျန်းကို တရားမဝင်နည်းလမ်းဖြင့် နောက်ယောင်ခံကာ သူ့ကို နောက်တစ်ကြိမ် ထိခိုက်စေမည်ကို စိုးရိမ်မိသည်။
သို့သော် ဖုကျန်းက သူ့ကို အမှန်တရားကိုသာအမြဲပြောသူဖြစ်ရာ သူ့ကိုကူညီ၍ ထိုပြဿနာကို ဖြေရှင်းပေးရမည်ဖြစ်သည်။
ဆိုတော့ အဲ့အချိန်တုန်းက ဘာတွေဖြစ်ခဲ့တာလဲ။
ထိုကိစ္စများမှာ သူ့အတွက် အမှတ်တရကောင်းမဟုတ်သည့်အတွက် ဖုကျန်းသည် ထိုကိစ္စများကို ပြန်မပြောလိုတော့။ သို့သော် ကျန်းဟန်ရှုက သူ့အတွက် တစ်ဦးတည်းသော ချွင်းချက်ဖြစ်သည်။
ဆိုဖာကိုမှီကာ မျက်နှာကြတ်ကို မော့ကြည့်ရင်း အတိတ်ကို ပြန်တွေးလိုက်သည်။
ထန်ဝမ်ဝမ် ဖုမိသားစုသို့ စတင်ရောက်လာကတည်းက သူသည် ထိုမိန်းကလေးကို မနှစ်မြို့ခဲ့။ ထန်ဝမ်ဝမ်ရောက်လာခြင်းကို မုန်းတီးကြောင်းကိုလည်း မဖုံးကွယ်ထားပေ။ ဖုကျန်းချန်က သူ့တွင် နောက်ထပ်ညီမတစ်ယောက်ရှိကြောင်း ပြောလာသည့်အချိန်ကတည်းက သူက တိုက်ရိုက်မေးခွန်းထုတ်ခဲ့သည်။
"DNAစစ်တဲ့နေရာမှာ ပြဿနာရှိနေတာလား..."
သို့သော် ဖုကျန်းချန် ပါးစပ်မဟနိုင်ခင်မှာပင် ထန်ဝမ်ဝမ်က အရင်ပြောလိုက်သည်။
"ဒီမိသားစုက ကျွန်မကို မကြိုဆိုမှတော့ သွားခွင့်ပြုပါဦး..."
ထို့နောက်တွင်တော့ ဖုကျန်းချန်က ဖုကျန်းကို ထန်ဝမ်ဝမ်အား သူ့ညီမအဖြစ် လက်ခံရမည်ဖြစ်ကြောင်း ပြင်းထန်စွာ ပြစ်တင်ဆုံးမတော့သည်။ မကြာခင်တွင် ဧည့်ခံပွဲကျင်းပကာ အပြင်တွင် အကြာကြီး ဒုက္ခခံလာရသည့် သူ့သမီးငယ်ကို မိတ်ဆက်ပေးရန် စီစဉ်ထားကြောင်းလည်း ပြောလိုက်သည်။
ဖုကျန်းမှာ ဖုကျန်းချန်သည် အနည်းငယ် အရူးလုပ်‌ခံနေရသည်ဟု ထင်မိ၍ သူ့မျှော်လင့်ချက်အားလုံးကို ဖုထင်အပေါ် ပုံအောလိုက်သည်။ သို့သော် ဖုထင်ကလည်း ဖုကျန်းချန်နှင့် တစ်စိတ်တည်းတစ်ဝမ်းတည်းပင်။ သူတို့က ထန်ဝမ်ဝမ်ကို ဖုအိမ်တော်တွင် လာနေရန် စိတ်အားထက်သန်နေကြပြီး သူ့တွင် ညီမအပိုရှိကြောင်းကိုလည်း ချောချောမွေ့မွေ့ပင် လက်ခံလိုက်သည်။
ဖုကျန်းချန်နှင့် ဖုထင်းတို့နှင့် ဆန့်ကျင်စွာပင် ဖုကျန်းကတော့ ထန်ဝမ်ဝမ်ကို သဘောမကျဆဲပင်ဖြစ်သည်။ လူတိုင်း မြင်နိုင်သည်အထိ သူ၏ မုန်းတီးမှုကို ဘယ်‌တော့မှ ဖုံးကွယ်မထားပေ။ ထန်ဝမ်ဝမ်ကို တွေ့လိုက်လျှင် ပြုံးနေသော သူ့မျက်နှာက အလိုလိုပင် မဲ့ကျလာသည်။
အလားတူပင် ထန်ဝမ်ဝမ်ကလည်း ဖုကျန်းကို သ‌ဘောမကျခဲ့ပေ။ သူတို့နှစ်ဦးကြားတွင် မတော်တဆဖြစ်စေ တမင်တကာဖြစ်စေ အဖုအထစ်များက အမြဲတမ်းရှိနေပြီး ဖုကျန်းကသာ အမြဲတမ်း ဆူပူကြိမ်းမောင်းကာ အပြစ်ပေးခံရသူဖြစ်သည်။ ထန်ဝမ်ဝမ်က ဖုကျန်းချန်၏ ဘေးနားတွင် အမြဲတမ်း ပြုံးစစဖြင့် ထိုင်ကြည့်နေရာ ဖုကျန်းမှာ သူ့ကိုယ်သူ ဟာသလုပ်ခံနေရသလို ခံစားရသည်။
သူကြုံတွေ့ဖူးသည့် ဒုက္ခသုက္ခအတွေ့အကြုံများမှာ ထန်ဝမ်ဝမ်လောက် မများသည်ဖြစ်ရာ ဖုကျန်းသည် တစ်ဖြေးဖြေးဖြင့် သူသည် ထန်ဝမ်ဝမ်၏ ပြိုင်ဘက် မဖြစ်နိုင်ကြောင်း သဘောပေါက်လာသည်။ သူက ယမ်းငွေ့တလူလူထနေသောစစ်ပွဲတွင် အညံ့ခံလိုက်သော်ငြား ထန်ဝမ်ဝမ်က သူ့ကို အလွတ်မပေးပေ။ သူ အညံ့ခံလေ ပိုဖိနှိပ်လေဖြစ်ပြီး ဖုမိသားစုတွင် သူ့အတွက် နေရာမရှိတော့သည်အထိ လက်တုန့်ပြန်လာတော့သည်။
ထန်ဝမ်ဝမ်က အမြဲတမ်း သဲလွန်စမကျန်အောင် လုပ်လေ့ရှိပြီး သူမကိုယ်သူမလည်း ယုံကြည်ချက်အပြည့်ရှိသည့်အတွက် ကိစ္စတစ်ခုခုဖြစ်တိုင်း ဖုကျန်းဘက်တွင် တစ်ဦးတစ်ယောက်မှ မရှိတော့ပေ။
ဖုကျန်းချန် ကုမ္ပဏီမှ ပြန်လာသည့် တစ်ညနေခင်းတွင် ဆိုဖာပေါ်တွင် ပုံဆွဲနေသော ဖုကျန်းကိုမြင်လျှင် သူက ရုတ်တရက်မေးလိုက်သည်။
"ဒီည အပြင်ထွက်စားရအောင် ဘာစားချင်လဲ..."
ထန်ဝမ်ဝမ် ဖုအိမ်သို့ ရောက်လာသည်မှစ၍ ဖုကျန်းချန်သည် သူ့ကို ဘာလိုချင်သည် ဘာလိုအပ်သည် ဘာကြိုက်နှစ်သက်သည်ကို မမေးသည်မှာ ကြာလှပြီဖြစ်သည်။ သူတို့က အမြဲတမ်း ထန်ဝမ်ဝမ်ကိုသာ ဦးစားပေးနေကြကာ ဖုကျန်းကတော့ အပယ်ခံသာသာပင်။
အနည်းငယ် နားကြားမှားမိသလိုပင်။ ယခင်က သူရနေကျ အခွင့်အရေးများက ယခုတော့ ဖုကျန်းအတွက် ထင်ယောင်ထင်မှား ဖြစ်နေသလိုပင်။ ဖုကျန်းချန်က သူ့ကိုမေးနေခြင်းဖြစ်ကြောင်း အတော်ကြာမှပင် အတည်ပြုနိုင်တော့သည်။ သူက ခဏမျှစဉ်းစားပြီး ဖုကျန်းချန်ကို ပြောလိုက်သည်။
"ဘဲကင်စားချင်တယ်..."
ဖုကျန်း၏ စကား ပြီးလျှင်ပြီးချင်း ထန်ဝမ်ဝမ်က ဖုကျန်းချန်၏လက်မောင်းကို ပြေးဖက်ကာ ပြောလိုက်သည်။
"ဖေဖေ့ ဒီနေ့လေ အရမ်းစားကောင်းတဲ့ စီချွမ်းဆိုင်တစ်ဆိုင်တွေ့ထားတယ် ဒီည စီချွမ်းစာသွားစားကြမလား ဟင်..."
ဖုကျန်းချန်က တွေးပင်တွေးမနေဘဲ သဘောတူလိုက်သည်။
"ဒီည စီချွမ်းစာစားကြတာပေါ့..."
ဖုကျန်းက အစပ်ကိုကြိုက်သော်ငြား သူစားပြီးချိန်တိုင်း အစာအိမ်နာလေ့ရှိသည်။ ပုံမှန်အားဖြင့် ထိုင်းဟင်းလျာမှာလျှင်ပင် ဖုကျန်းချန်နှင့် ဖုထင်တို့က ငရုတ်ကောင်းနှင့် အစပ်ကို လုံးဝ မထည့်ခိုင်းပေ။ သို့သော် အခုတော့ ဖုကျန်းချန်က တစ်မိသားစုလုံးကို စီချွမ်းစာစားရန် ခေါ်လာသည့်အတွက် ဖုကျန်း၏ ပျော်ရွှင်နေသောစိတ်မှာ အငွေ့ပျံကာ ပျောက်ကွယ်သွားတော့သည်။
စီချွမ်းစားသောက်ဆိုင်သို့ရောက်လျှင် ထန်ဝမ်ဝမ်ကသာ အကုန်လုံးကို သိမ်းကြုံးမှာလိုက်ပြီး သူမက လုံးဝ ယဉ်ကျေးမနေပေ။ ဟင်းလျာတိုင်းက တစ်ခုထက်တစ်ခု ပိုပိုပြီးစပ်သည့်အပြင် သူမက စားပွဲထိုးကို ပြောလိုက်သေးသည်။
"ကျွန်မက အစပ်အရမ်းကြိုက်တာ ငရုတ်သီး များများလေး ပို့ထည့်ပေးလို့ရမလားဟင်..."
ထိုသို့ပြောပြီးနောက် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားရ၍ သူမက ဖုကျန်းချန်ကို မေးလိုက်သည်။
"ဖေဖေရော အဆင်ပြေလားဟင်..."
ဖုကျန်းချန်က ခေါင်းညိတ်လိုက်သည်။ သူ့မျက်နှာက အလိုလိုက်အကြိုက်ဆောင်လိုဟန် အပြည့်ဖြင့် ဖြစ်သည်။
"ဒါပေါ့ ဘာလို့ အဆင်မပြေရမှာလဲ..."
စီချွမ်းဆိုင်သို့ ရောက်ကတည်းက ဖုကျန်းမှာ စကားတစ်ခွန်းမှ မပြောရသေးသလို ထန်ဝမ်ဝမ်ကလည်း အပြောခံမည်မဟုတ်ချေ။ စားသောက်နေစဉ်အတွင်း သူမက ဖုကျန်း၏ပန်းကန်ထဲသို့ နီရဲနေသော အမဲသားတစ်ဖက်ကိုထည့်ကာ မေးလိုက်သည်။
"ဖုကျန်းကောကောက ဘာလို့မစားတာလဲဟင်..."
ဖုကျန်းမှာ ထန်ဝမ်ဝမ်၏ခေါင်းပေါ်သို့ ထမင်းပန်းကန်ကို သွန်ချမိလုမတတ်ပင်။ သူက စိတ်ကို ထိန်းချုပ်ထားရန် ကြိုးစားနေသော်လည်း ဖုကျန်းချန်က မီးလောင်ရာလေပင့်လိုက်သည်။
"ဝမ်ဝမ်က မင်းကြိုက်တတ်‌တာတွေ‌တောင် ရွေးပေးထား‌တာလေ ဘာလို့ မစားတာလဲ..."
ထိုအချိန်က ဖုကျန်း၏စကားမှာ အကုန်အစင်ပင် မပြောလိုက်ရ။ အခြားသူများ နာကျင်စေရန် သူ့ကိုယ်သူ ထိခိုက်အောင် လုပ်လေ့ရှိသော်ငြား နောက်ပိုင်းတွင် ဂရုမစိုက်တတ်သောသူမှာ သူဘာပဲလုပ်လုပ် ဂရုစိုက်မည်မဟုတ်ကြောင်း သဘောပေါက်သွားသည်။
ဖုကျန်းက မှာထားသမျှ အားလုံးကို အကုန်အစင်စားလိုက်သောကြောင့် အိမ်ပြန်ရောက်ပြီး မကြာမီတွင်ပင် အစာအိမ်က နာလာတော့သည်။ နာကျင်လွန်း၍ အိပ်ယာပေါ်တွင် လူးလှိမ့်နေရသော်ငြား ဘယ်သူကမှ သူ့ကို ဂရုမစိုက်ခဲ့ပေ။
ဖုကျန်းချန်နှင့် ဖုထင်တို့က ထန်ဝမ်ဝမ်ကို ဧည့်ခံပွဲသို့ခေါ်သွားသည်။ အိမ်အကူများက သူတို့အခန်းထဲ ပြန်အနားယူကြပြီဖြစ်ရာ မည်သူကမှ သူ၏ မူမမှန်မှုကိုသတိမပြုမိကြ။
ဖုကျန်းရှင်း၏နှလုံးသားမှာ အေးစက်လာတော့သည်။ နာကျင်မှုကို အံတုရင်း အောက်ထပ်ဆင်းကာ ဆေးရုံသွားရန် တက္ကစီကို ခေါ်လိုက်သည်။
ဖြူဖျော့နေသော သူ့ကိုမြင်လျှင် ကားသမားသည် ပြင်းပြင်းထန်ထန်နာကျင်နေသူဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
"အိမ်မှာ လူမရှိလို့လား ဘာလို့ ဆေးရုံကို သွားရတာလဲ..."
ဖုကျန်းက ခဏတွေးပြီး ပြန်ဖြေလိုက်သည်။
"ဘယ်သူမှမရှိဘူး..."
ဒရိုင်ဘာက သက်ပြင်းချကာ ပြောလိုက်သည်။
"ဟေး တစ်ယောက်တည်းနေတယ်ဆိုတာ မလွယ်ဘူးနော် သူငယ်ချင်းတွေဘာတွေရော မရှိဘူးလား ညပိုင်းတွေက အဖော်လေးတော့ပါမှ လုံခြုံတာကွ ..."
ဖုကျန်းက စကားပင်မပြောနိုင်တော့။ ကားမှန်ကိုမှီကာ ဗိုက်ကို လက်ဖြင့်ဖိထားလိုက်သည်။ လမ်းမီးရောင်က ကားကို ရောင်ပြန်ဟပ်နေပြီး စိမ်းသက်သက် နေရာတစ်ခုသို့ ရောက်နေသည့်နှယ်ပင်။ ဖုကျန်းမှာ ထန်ဝမ်ဝမ်ကို လက်တုန့်ပြန်ရန် အကြိမ်များစွာ တွေးလာတော့သည်။
......
နောက်တစ်နေ့နေ့ခင်းတွင် ဖုကျန်းသည် ဆေးရုံမှ ပြန်ဆင်းလာခဲ့သည်။
ဖုကျန်းချန်က ဒီနေ့ ကုမ္ပဏီသို့မသွားဘဲ ဧည့်ခန်းထဲမှ ဆိုဖာပေါ်တွင် ထိုင်နေသည်။ ဖုကျန်းပြန်လာသည်ကို မြင်လျှင် သူက မော့ကြည့်ပြီး ပြောလိုက်သည်။
"မနေ့ညက ဘယ်ရောက်နေတာတုန်း..."
ဖုကျန်း ပြန်မဖြေခင် ဖုကျန်းချန်က ပိတ်ပြောလိုက်သည်။
"မနေ့ကပွဲမှာ ဝမ်ဝမ်က တအားပင်ပန်းသွားလို့ အပေါ်ထပ်တက်ရင် တိုးတိုးသက်သာတက် သူ့ကို မနှိုးမိစေနဲ့..."
ဖုကျန်းချန်က မနေ့က ဖုကျန်း ဘယ်ရောက်နေသည်ကို ဂရုမစိုက် သူဂရုစိုက်သည်မှာ သူ့သမီးရတနာလေးကိုသာ ဖြစ်သည်။
ဖုကျန်းက ဖုကျန်းချန်ကို အချိန်အကြာကြီး ငေးကြည့်နေလိုက်သည်။ သူ့ရှေ့မှ ထိုပုဂ္ဂိုလ်မှာ သူ့အဖေမဟုတ်တော့သလိုပင်။ သူ့အဖေက ဒီလိုလူမျိုးမှ မဟုတ်တာကို။
အဆုံးတွင်တော့ ဖုကျန်းက ဘာမှမပြောဘဲ ဖုကျန်းချန် အမိန့်ပေးသည့်အတိုင်း အပေါ်ထပ်သို့ တိတ်တိတ်လေး တက်လာလိုက်သည်။
သို့သော် ဖုကျန်းက ကံစီမံရာအတိုင်းဟုတွေးကာ စိတ်ကိုလျှော့လိုက်သည်တော့ မဟုတ်ပေ။
သူ့နှလုံးသားထဲတွင် ပုန်းအောင်းနေသော မကောင်းဆိုးဝါးတို့က ထန်ဝမ်ဝမ်ကို သတ်ပစ်ဟု နေ့တိုင်း အကြိမ်ပေါင်းများစွာ ကြွေးကြော်နေကြသည်။ နာကျည်းမှုနှင့် အမျက်ဒေါသတို့က သူ့ကို တမြေ့မြေ့ လှိုက်စားလာသည်။
သူ့ပင်ကိုယ် ခံယူချက်နှင့် ဥပဒေအသိတို့က ထိုကြွေးကြော်သံကို ခုခံနေသော်ငြား ထန်ဝမ်ဝမ်ကို သင်ခန်းစာတော့ ပေးလိုဆဲဖြစ်သည်။
သိပ်မစပ်ပါဘူး ဟုတ်လား ...
ဖုကျန်းသည် အင်တာနက်မှ သမားရိုးကျထက် ပိုစပ်သော ငရုတ်ဆီတစ်ပုလင်းကိုမှာကာ ထန်ဝမ်ဝမ်၏ ထမင်းဘူးထဲထည့်ရန် သူမအလုပ်လုပ်နေသည့်အဖွဲ့ထဲမှ သူလျှိုတစ်ယောက်ကို ရှာခဲ့သည်။