Chapter 78
Viewers 11k

💮Chapter 78


 

ထိုအရာကို ကြားသည်နှင့် ရှစ်ယဲ့ တောင့်တင်းသွားသည်။ 

“ပန်ကုန်းက မင်းကို ပေးခဲ့တာလား …”

 

ဝမ်ချီက မြန်မြန်ခေါင်းညိတ်လိုက်၏။

 

ရှစ်ယဲ့က ဇဝေဇဝါဖြစ်သွားပုံဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“ပန်ကုန်း အဲဒီသစ်သားသေတ္တာနဲ့ ဘာပေးခဲ့တာလဲ …”

 

ဝမ်ချီက အလေးအနက်တွေးလိုက်သည်။ သူက အင်္ကျီလက်အနားစကို ဆုပ်ကိုင်လျက် ခေါင်းငုံ့လိုက်၏။

“ကြည့်ရတာ ကျွန်တော် မင်းကြီးနဲ့ သွားတွေ့တဲ့နေ့တုန်းက အရှင့်သား မိန်းမစိုးကျိုးကို ဝါးပလွေအိမ်တော်ဆီ ပို့ခိုင်းလိုက်တဲ့ သေတ္တာထင်ပါတယ် …”

 

ထိုစကားကြောင့် ရှစ်ယဲ့ အမှတ်ရသွား၏။ သူက ကျိုးရှန်အား ဝမ်ချီအတွက် လက်ဆောင်ပြင်ဆင်ပေးရန် ပြောခဲ့လေသည်။

 

ဒါပေမယ့် ဒါက အရေးမကြီးဘူးလေ …

 

ရှစ်ယဲ့က ခဏသာ ဇဝေဇဝါဖြစ်သွားပြီး ပြဿနာအား အစပြန်ဆွဲထုတ်လိုက်သည်။

 

“ဒီတော့ …”

ရှစ်ယဲ့၏ အသံမှာ အေးစက်နေ၏။ သူက လက်ကိုဆန့်ကာ ဝမ်ချီ၏ မေးဖျားကို ထိလိုက်ပြီး တစ်ဖက်လူအား မော့ကြည့်လာစေ၏။

“ဒီတော့ မင်းက ငါပေးတဲ့လက်ဆောင်ကို ဟွားကျစ်ချန်ကို ပေးလိုက်တာလား …”

 

ဝမ်ချီ “…”

 

ထိုခွေးမင်းသားက အဓိကအချက်များကို သဲလွန်စကောက်ရာ၌ အလွန်တော်လှကြောင်း သူဝန်ခံရပေလိမ့်မည်။ ထိုသူက သဲလွန်စတစ်ခုချင်းစီကို တိတိကျကျ ခြေရာကောက်နိုင်၏။

 

“မဟုတ်ဘူး … မဟုတ်ဘူး … အဲဒီ့လိုလည်း မဟုတ်ပါဘူး …”

ဝမ်ချီက ရှဉ့်ကလေးပမာ ခေါင်းကို ခါလိုက်သည်။ သူက အသက်ရှင်သန်လိုစိတ် ကြီးစွာဖြင့် ရှစ်ယဲ့အား အဖြစ်အပျက် တစ်ခုလုံးကို ဂရုတစိုက် ပြောပြလိုက်၏။ 

“အရှင့်သား …. ဒါက ကျွန်‌တော် လုံးဝမရည်ရွယ်ဘဲ ဖြစ်သွားတာပါ …. ဘာလို့ဆို အဲဒီ့သစ်သားဘူးက ကိတ်မုန့်ထည့်တဲ့ သစ်သားဘူးတွေနဲ့ တူနေတာလေ …”

 

ရှစ်ယဲ့၏ အေးစက်စက်အသံက အခန်းတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“ကောင်းတာပေါ့ … မင်းက ဟွားကျစ်ချန်ကိုတင် မဟုတ်ဘူး... ရှစ်ကျင်းနဲ့ လင်းကျယ်ကိုလည်း ပေးတယ်ပေါ့လေ …”

 

ဝမ်ချီ “…”

 

သူ နားမလည်နိုင်ဖြစ်သွား၏။


ဒါက အရေးကြီးလို့လား …

 

အခုက ရှစ်ယဲ့ရဲ့ လက်ဆောင်ကို ဟွားကျစ်ချန်ဆီ ပေးလိုက်မိတဲ့ ပြဿနာပဲ မဟုတ်ဘူးလား .. ဘာလို့ ရှစ်ကျင်းနဲ့ စစ်သူကြီးလင်းပါ ပါလာတာလဲ …

 

သို့သော် ဝမ်ချီက ရှစ်ယဲ့၏ ဦးနှောက်လည်ပတ်ပုံအား မည်သည့်အခါမှ နားလည်နိုင်မည် မဟုတ်ပေ။ သူမည်သို့မှ မပြောနိုင်သေးမီ ရှစ်ယဲ့က သူ့မေးကို အားသုံး၍ညှစ်လိုက်၏။ အဆိုပါနာကျင်မှုက သူ့မျက်နှာတစ်ခုလုံး ဖြူလျော်သွားကာ ခပ်တိုးတိုး ညည်းသံပင် ပြုလုပ်လိုက်စေခဲ့သည်။

 

ထို့‌နောက် ရှစ်ယဲ့၏ ညှစ်အား လျော့သွားသည်ကို သူခံစားလိုက်ရသည်။ ရှစ်ယဲ့၏ အသံမှာ အလွန်အေးစက်နေပြီး သူ့အနီးရှိ လေထုပင် အေးခဲသွားသလို ထင်ရသည်။ 

“မောင်မင်းက စဉ်းစားတတ်တာပဲ … ပန်ကုန်းရဲ့ လူတစ်ယောက်အနေနဲ့ ပန်ကုန်းအတွက်မတွေးပဲ တခြားလူတွေ အတွက်ပဲ တွေးနေတော့တာပဲလား …”

 

ဝမ်ချီက ယုံကြည်ချက်မရှိသည့်တိုင် ပြန်ဖြေလိုက်၏။ 

“ကျွန်တော်က အရှင့်သားအကြောင်း မတွေးဘဲ မနေပါဘူး …”

 

“အိုး …”

ရှစ်ယဲ့က သူ၏ ဇာမဏီမျက်ဝန်းများကို မှေးကျဉ်းလိုက်သည်။ ထိုမျက်ဝန်းများ၌ အန္တရာယ်အငွေ့အသက်များ ထွက်ပေါ်နေ၏။

“ဒီတော့ မင်းဘယ်တုန်းက ပန်ကုန်းအကြောင်း တွေးခဲ့တာလဲ …”

 

ဝမ်ချီ ပါးစပ်ဟကာ ပြောလိုက်သည်။

“ကျွန်တော်မျိုးက အရှင့်သားအကြောင်း အမြဲတွေးနေခဲ့တာပါ …. အရှင့်သား မေ့သွားပြီလား … ကျွန်တော်တို့ အရှေ့နန်းတော်မှာတုန်းက အရှင့်သားဆီကို ကိတ်မုန့်နေ့တိုင်း ပို့ပေးခဲ့တာလေ …”

 

ရှစ်ယဲ့ ပြောစရာစကားမရှိဖြစ်သွား၏။

 

ကံကောင်းစွာဖြင့် သူ၏ မျက်နှာဖုံးက ခံစားချက်များကို ဖုံးကွယ်ထားပေးခဲ့သည်။ သူက ဝမ်ချီ၏ မေးဖျားအား ဆုပ်ကိုင်ထားခြင်းကို ဖြေလျော့ပေးကာ မတ်မတ်ရပ်လိုက်သည်။

“အဲဒီကိတ်တွေက မကောင်းဘူး …. မင်းကသာ ပန်ကုန်းဆီကို ရတနာတွေလိုမျိုး လာလာဆက်သနေတာ …”

 

ဝမ်ချီ “…”

မင်းက မကောင်းမှန်းသိသိနဲ့နေ့တိုင်း ကိတ်မုန့်စားတယ်ပေါ့လေ … ဒီတိုင်းဘာလို့ မထွေးပစ်လိုက်လဲ …


ဝမ်ချီက သူ့နဖူးကြောများ ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်ရသည်။

 

မေ့လိုက်တော့ … အရူးတွေနဲ့ ပြိုင်မငြင်းရဘူး … ငါ ဒီခွေးမင်းသားကို ဂရုမစိုက်ပါဘူးနော် …

 

ပြီးတော့ ငါလည်း ပြိုင်မှမငြင်းရဲတာ …

 

ဝမ်ချီက ထိုသို့တွေးလိုက်မိသည်နှင့် စိတ်တွင်းမှ မျက်ရည်များစီးကျလာ၏။

 

…..

 

အစေခံများက ပန်းကန်များကို ရှင်းလင်းလိုက်ကြသည်။ ရှစ်ယဲ့က ကျောကျစ်အား ခေါ်လိုက်၏။

 

ကျောကျစ်က နားလည်စွာဖြင့် ချက်ချင်းဆိုသလို ဘီရိုထဲမှ ဝတ်ရုံနက်နှစ်စုံနှင့် မျက်နှာဖုံးနှစ်စုံ ထုတ်ပေးလိုက်သည်။ ထို့နောက် သပ်သပ်ရပ်ရပ်ခေါက်ထားသော ဝတ်ရုံနက်နှစ်စုံပေါ်တွင် မျက်နှာဖုံးများကိုတင်လျက် ဝမ်ချီနှင့်ရှစ်ယဲ့ထံ ကမ်းပေးလိုက်၏။

 

ရှစ်ယဲ့က မျက်နှာဖုံးတစ်ခုအား လက်လှမ်းလိုက်သည်။ မျက်နှာဖုံးပေါ်တွင် ဖူဟွား၏ အပြုံးမျက်နှာအား ရေးဆွဲထားပြီး ပါးပေါ်၌ အနီရောင်အလုံးနှစ်လုံး တင်ပေးထားလေသည်။ ရှစ်ယဲ့က ကုလားထိုင်ပေါ်တွင် ထိုင်ကာ သူ့အား ကြည့်နေသည့် ဝမ်ချီကို တစ်ချက်ကြည့်လိုက်သည်။

“ထ …”

 

ဝမ်ချီ နာနာခံခံ ထရပ်လိုက်၏။

 

သူက ရှစ်ယဲ့အား ကြည့်နေမိသည်။ ရှစ်ယဲ့က လက်နှစ်ဖက်ဖြင့် သူ၏ မျက်နှာဖုံးပေါ်ရှိ အနက်ရောင်ကြိုးနှစ်ခုအား ဆွဲကာ သူ့မျက်နှာပေါ်သို့ မျက်နှာဖုံးကို တင်လိုက်သည်။

 

ဝမ်ချီ၏မြင်ကွင်းက ချက်ချင်းဆိုသလို ကျဉ်းမြောင်းသွား၏။ မျက်နှာဖုံး၌ သေးငယ်သော အပေါက်လေးနှစ်ခု ပါရှိသည့်တိုင် သူက ရှစ်ယဲ့၏ ရင်ဘတ်နှင့် လှပသော မေးရိုးကိုသာ တွေ့နိုင်၏။

 

လက်ရှိအချိန်တွင် ရှစ်ယဲ့၏ ကိုယ်ဟန်က ဝမ်ချီအား ပွေ့ဖက်ထားသကဲ့သို့ ရှိသည်။

 

သူတို့နှစ်ဦး အလွန်နီးကပ်နေ၍လားမသိ၊ ရှစ်ယဲ့၏ ခန္ဓာကိုယ်မှရနံ့ဖျော့ဖျော့က သူ့တစ်ကိုယ်လုံး လွှမ်းခြုံလာသည်ကို ဝမ်ချီ ခံစားမိလိုက်သည်။

 

ဝမ်ချီက ရုတ်တရက် နေရခက်သွားကာ အမြန်နောက်ဆုတ်လိုက်၏။

 

ရှစ်ယဲ့က သူ၏ လှုပ်ရှားမှုကို သတိပြုမိသွားကာ တီးတိုးဆိုလိုက်သည်။

“မလှုပ်နဲ့ …”

 

ဝမ်ချီ တောင့်တင်းသွား၏။

 

ရှစ်ယဲ့က ဝမ်ချီ၏ ဦးခေါင်းနောက်တွင် မျက်နှာဖုံး၏ ကြိုးများကို သေသေချာချာ ချည်နှောင်လိုက်သည်။ သူက ကြိုးထုံးပါ ထုံးလိုက်ပြီး မျက်နှာဖုံးအား ဝမ်ချီ့မျက်နှာပေါ်တွင် တင်းတင်းကျပ်ကျပ် စည်းနှောင်လိုက်၏။

 

ဝမ်ချီက ရှစ်ယဲ့ ချည်ပြီးသွားသည်အထိ ရုပ်သေးရုပ်လေးသဖွယ် မလှုပ်မရှား စောင့်ဆိုင်းနေခဲ့သည်။ ထို့နောက်  လက်ဆန့်ကာ မျက်နှာဖုံးနှင့် ကြိုးထုံးတို့အား တစ်လှည့်စီ ထိကြည့်နေမိ၏။

 

မျက်တောင်တစ်ခတ် အတွင်းမှာပင် ရှစ်ယဲ့က မျက်နှာဖုံး လျင်မြန်စွာ ဝတ်ဆင်လိုက်ပြီး ကြိုးဖြင့်စည်းနှောင်လိုက်သည်။

 

ရှစ်ယဲ့က အရပ်ရှည်ပြီး ခန္ဓာကိုယ်အချိုးအစား ကောင်းမွန်၏။ ဤကဲ့သို့ ဝတ်ဆင်လိုက်သည့်အခါ သူက ဒရမ်မာများထဲရှိ ခပ်မိုက်မိုက် ဗီလိန်တစ်ဦးနှင့် တူသွားလေသည်။ သူ့မျက်နှာအား မမြင်ရစေကာမူ မည်သူမဆို သူသည် ကြည့်ကောင်းကြောင်း ခံစားမိပေလိမ့်မည်။

 

အခြားတစ်ဖက်တွင် သူကမူ …

 

ဝမ်ချီက သူ့ကိုယ်သူ ကြေးမုံတွင် ကြည့်လိုက်၏။

 

သူက မျက်လုံးပြူးပြူး လင်းနို့တစ်ကောင်နှင့် တူနေ၏။

 

ဝမ်ချီက ထပ်မကြည့်နိုင်တော့ဘဲ အမြန် အကြည့်လွှဲလိုက်ရသည်။

 

သို့သော် ရှစ်ယဲ့က ဟွားကျစ်ချန်ထံသို့ သစ်သားဘူး သွားယူရန် ပြောနေသည့်တိုင် ဟွားကျစ်ချန်သည်လည်း ပြန်ပေးဆွဲခံလိုက်ရပေသည်။

 

ဝမ်ချီက ဟွားကျစ်ချန်မှာ ရှစ်ယဲ့၏ ကယ်တင်ခြင်း ခံခဲ့ရပြီး တစ်နေရာရာ၌ ပုန်းနေခြင်း ဖြစ်လိမ့်မည်ဟု ထင်လိုက်၏။ သို့သော် ရှစ်ယဲ့ကမူ အကွာအဝေးတစ်ခုသို့ ပျံသန်းသွားကာ ခေါင်မိုးပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်လေသည်။

 

လက်ရှိအချိန်၌ ကောင်းကင်တစ်ခုလုံး မှောင်မဲနေပြီဖြစ်၏။

 

ဝမ်ချီက မကြာသေးမီကမှ အမိုးထက်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ရာ သူ့စိတ်ထဲတွင် အရိပ်မည်းကြီး ကြီးစိုးနေ၏။ ထို့ကြောင့် သူက ရှစ်ယဲ့အား အမြန်ဖက်ထားလိုက်သည်။

 

ကံကောင်းစွာဖြင့် ရှစ်ယဲ့က သူ့အား တွန်းထုတ်လိုသည့် ရည်ရွယ်ချက် မရှိခဲ့ဘဲ ကလေးတစ်ဦးကဲ့သို့ ပွေ့ထားပေးခဲ့၏။

 

“အရှင့်သား … ကျွန်တော်တို့ အောက်ဆင်းမှာ မဟုတ်ဘူးလား …”

ဝမ်ချီက ရှစ်ယဲ့၏ လည်တိုင်၌ သူ့လက်များကို နေရာချလိုက်ပြီး အောက်ဘက်ရှိ အရိပ်များကို ငုံ့ကြည့်လိုက်သည်။

 

ရှစ်ယဲ့က အဘယ့်ကြောင့် အခြားလူများအား အမိုးပေါ်မှ ကြည့်ရသည်ကို နှစ်သက်ကြောင်း သူနားမလည်နိုင်ချေ။

 

အဆုံးသတ်၌ ရှစ်ယဲ့က တည်ငြိမ်စွာ ပြောလိုက်၏။

“မင်းသူတို့ဖမ်းတာခံချင်ရင် ဆင်း‌လေ …”

 

“…”

ဝမ်ချီက တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် သတိကြီးစွာမေးလိုက်သည်။

“အရှင့်သား … ဒါက ဘယ်နေရာလဲ …”

 

ရှစ်ယဲ့က ပြော၏။

“ပြန်ပေးဆွဲသူတွေ ဓားစာခံကို ထားတဲ့နေရာ …”

 

ဝမ်ချီက မေးလိုက်သည်။

“သခင်လေးဟွားက ဒီမှာလား …”

 

ဟွားကျစ်ချန်အကြောင်း ကြားသည့်အခါ ရှစ်ယဲ့၏ မျက်ဝန်းများက ထူးထူးခြားခြား လင်းလက်သွား၏။ သူ့မျက်နှာထက်တွင် မျက်နှာဖုံးရှိနေသည့်တိုင် ဝမ်ချီက သူ၏ လှောင်ပြုံးကို မြင်ယောင်မိလိုက်သည်။

“ဒါပေါ့ …”

 

ထိုအခါမှသာ ဝမ်ချီက သူနားလည်မှုလွဲသွားကြောင်း သိလိုက်ပြီး ရှက်ရှက်ဖြင့် ခေါင်းကုတ်လိုက်၏။

“ဟွားသခင်လေးကို အရှင့်သား ကယ်ပြီးပြီထင်တာ …”

 

ရှစ်ယဲ့၏ နှုတ်ခမ်းထောင့်များက အေးစက်စက် ကွေးညွှတ်သွား၏။

“ပန်ကုန်းက သူ့ကို ဘာကြောင့်ကယ်ရမှာလဲ …”

 

ဝမ်ချီ “…”


သူက စကားအလွန်များမိသည့်အတွက် နောင်တရသွားသည်။

 

ဝမ်ချီ တိတ်ဆိတ်သွားသည်ကို မြင်လိုက်ရသည့်နောက် ရှစ်ယဲ့၏ အရှိန်အဝါက တောင့်တင်းသွားကာ မေးခွန်းပြောင်းမေးလိုက်၏။

“ပန်ကုန်းကို သူ့ကို ကယ်ပေးစေချင်တာလား …”

 

“မဟုတ် … မဟုတ်ပါဘူး …”

ဝမ်ချီ အမြန်ငြင်းလိုက်သည်။

“ဟွားသခင်လေးက ပြန်ပေးဆွဲသူတွေထဲမှာ ဆိုတော့ သစ်သားဘူးပြန်ယူဖို့ ခက်မှာပဲလို့ ကျွန်တော် တွေးမိလိုက်ရုံပါ…”

 

သူ့အဖြေက ရှစ်ယဲ့အား ကျေနပ်စေခဲ့ပုံပေါ်၏။

 

ရှစ်ယဲ့က ခပ်ဖွဖွရယ်လိုက်သည်။

 â€œá€’ဍက အသေးအမွှားပါ …”

 

ထို့နောက် ရှစ်ယဲ့က ဝမ်ချီအား ပွေ့ချီလျက် အမိုးပေါ်မှ ခုန်ချလိုက်သည်။

 

ဝမ်ချီ အမှန်တကယ် ကြောက်ရွံ့နေမိသည်။ သူက မသိစိတ်ဖြင့် မျက်လုံးများကို မှိတ်လိုက်ပြီး ရှစ်ယဲ့နှင့်သာ ကပ်နေချင်မိတော့၏။ သူက ရှစ်ယဲ့ သူ့အား မတော်တဆ လွှတ်ချလိုက်မိမည်ကို စိုးရိမ်နေမိသည်။

 

လေတိုးသံများကို သူ ကြားနေရ၏။

 

ဝမ်ချီက သူ့မျက်နှာအား ရှစ်ယဲ့၏ လည်တိုင်၌ နှစ်မြှုပ်လိုက်မိသည်။

 

သူ့နှာခေါင်းထိပ်က ရှစ်ယဲ့၏လည်တိုင်နှင့် ထိကပ်နေ၏။ တစ်ဖက်လူထံမှ ရနံ့ဖျော့ဖျော့အား ရှူရှိုက်လိုက်သည်နှင့် သူ၏ တင်းကျပ်နေသော စိတ်အစဉ်သည်လည်း ဖြည်းဖြည်းချင်း ပြေလျော့လာခဲ့သည်။

 

ခဏအကြာ၌ ရှစ်ယဲ့က ရပ်လိုက်သည်။

“ငါတို့ရောက်ပြီ …”

 

ဝမ်ချီက ရှစ်ယဲ့၏ လည်တိုင်ကြားမှ လှည့်ကြည့်လိုက်၏။ ရှစ်ယဲ့က သူ့အား ပွေ့ချီလျက် အပင်အကြီးကြိီးပေါ်၌ ရပ်နေခြင်းပင်။

 

သစ်ပင်ကြီးမှာ အကိုင်းအခက်များ ဝေဆာလှ၏။ ညအချိန် ဖြစ်သည့်အလျောက် သူတို့သည်လည်း ပတ်ဝန်းကျင်နှင့် တစ်သားထဲ ဖြစ်နေလေသည်။

 

သို့သော် ငုံ့ကြည့်လိုက်ပါက အောက်ဘက်ရှိမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ရနိုင်၏။

 

ဝမ်ချီက ပြန်ပေးဆွဲသူများ ဝင်လိုက်ထွက်လိုက် လုပ်နေကြသည့် အိမ်စုများကို ကြည့်လိုက်သည်။ သူတို့က ဓားစာခံများအား တစ်ယောက်ပြီးတစ်ယောက် ခေါ်ထုတ်နေကြခြင်း ဖြစ်သည်။ ထို့အတူ မကြာသေးမီက မြို့တော်ဝန်ကျိုးထံမှ ယူလာသည့် ပစ္စည်းများကိုလည်း သယ်ထုတ်နေကြဟန်တူ၏။

 

ထိုအရာများအား သော့ခတ်ထားသော အနက်ရောင်သေတ္တာများဖြင့် သယ်ဆောင်လာကြခြင်းဖြစ်သည်။ ခေါင်းဆောင်ကမူ သော့တွဲကို ကိုင်ထား၏။

 

ပြန်ပေးဆွဲသူများ၏ ခေါင်းဆောင်က ဝမ်ချီ ကျိုးအိမ်တော်တွင် မြင်ဖူးခဲ့သူနှင့် တစ်ဦးတည်း ဖြစ်ဟန်တူသည်။ ထိုသူက ပက်လက်ကုလားထိုင်ပေါ်တွင် ခြေချိတ်ထိုင်သည့် အနေအထားအတိုင်း မပြောင်းမလဲ ရှိနေ၏။ သူက လက်ကောက်ဝတ်မှ သော့တွဲကို ဖြုတ်ကာ သူ့နံဘေးရှိ ညီငယ်တစ်ဦးအား ပေးလိုက်သည်။

 

ထိုသူက သော့တွဲကို အမြန်ယူလိုက်ပြီး သေတ္တာများအားဖွင့်ရန် အမြန်ပြေးသွားလိုက်သည်။

 

ဝမ်ချီ၏အာရုံက သေတ္တာများ၌ ရှိမနေခဲ့ပေ။ သူက မျက်ဝန်းများကို မှေးကျဉ်းလျက် မြေပေါ်တွင် ကြိုးချည်ခံထားရသည့် ဓားစာခံများအား ကြည့်နေမိသည်။

 

အလင်းရောင်မှာ မှိန်လွန်းပြီး ပြန်ပေးဆွဲသူများ၏ လက်တွင်းရှိ မီးအိမ်များမှ အလင်းသာ ရှိ၏။ ထို့ကြောင့် ဝမ်ချီက ဓားစာခံများ၏ မျက်နှာအား သေချာမမြင်ရသလို ဟွားကျစ်ချန်မှာ မည်သူဖြစ်ကြောင်းကိုလည်း မသိချေ။

 

ရှစ်ယဲ့ကမူ ဟွားကျစ်ချန်အား မြင်ကောင်းမြင်နိုင်လိမ့်မည်။ သို့သော် ဝမ်ချီ ထိုသူ့အား မမေးဝံ့ပေ။

 

အဆိုပါ ဟွားကျစ်ချန်ဟူသည့် စကားလုံးသုံးလုံးက ရှစ်ယဲ့အား ပေါက်ကွဲစေနိုင်သည့် ဗုံးတစ်လုံးနှင့်တိူ၏။

 

သူတို့ စောင့်ကြည့်နေကြစဉ် ပြန်ပေးဆွဲသူများက သစ်သားဘူးအတွင်းရှိ ပစ္စည်းများအား ရေတွက်နေကြပြီဖြစ်၏။

 

ပြန်ပေးဆွဲသူများ၏ စကားအရ စတုတ္ထမင်းသားက အချိန်လုနေရကြောင်း ဝမ်ချီ နားလည်လိုက်သည်။ ဓားစာခံများအား လွှတ်ပေးရန် စတုတ္ထမင်းသားက သူတို့၏တောင်းဆိုမှုများကို ပြင်ဆင်ပေးရန် လိုအပ်၏။ နောက်ထပ်နှစ်ရက်အကြာ၌ သူတို့က စတုတ္ထမင်းသားနှင့် တွေ့ဆုံကာ ဓားစာခံများအား လဲလှယ်မည်ဖြစ်သည်။

 

ပြန်ပေးဆွဲသူများက ကျိုးအိမ်တော်ရှိ မြင်မြင်သမျှ အရာရာတိုင်းကို ဆွဲယူခဲ့ခြင်း ဖြစ်သည့်တိုင် ပစ္စည်းကောင်းများစွာ ရရှိခဲ့ကြသည်။ သူတို့ ပစ္စည်းများအား ရေတွက်လေလေ၊ ပိုပျော်လာလေလေပင်။ သူတို့အားလုံး ကျေနပ်နေကြ၏။

 

ထို့နောက် ပြန်ပေးဆွဲသူတစ်ဦးက သော့ကိုင်ထားသူထံသို့ သစ်သားသေတ္တာတစ်လုံးကို ကမ်းပေးလိုက်သည်။ 

“ခေါင်းဆောင် …. ဒါက နန်းတော်ကသေတ္တာပဲ …”

 

ပြန်ပေးဆွဲသမားခေါင်းဆောင်က စိတ်ဝင်စားလာပုံပေါ်သည်။ သူက ကိုယ်ကိုမတ်လိုက်ရင်း သူ၏ညီငယ်အား ပြောလိုက်၏။

“ကြည့်ရအောင် …”

 

အမျိုးသားက သေတ္တာကိုသယ်လျက် သူ့အရှေ့သို့ ပြေးလာသည်။

“ဒီမှာပါ … အစ်ကိုကြီး …”

 

ခေါင်းဆောင်က သစ်သားသေတ္တာအား ယူရန် လက်လှမ်းလိုက်၏။ သူ့နှလုံးသားထဲတွင် ပြောပြ၍ပင်မရသည့် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။ သူတို့က အမြန်ထွက်လာရခြင်းဖြစ်ရာ ဤသေတ္တာအား ဖွင့်ကြည့်ရန် အခွင့်မသာခဲ့ပေ။ ယခုအခါ သူ ကြည့်ချိန်ရပြီဖြစ်သည်။

 

ခေါင်းဆောင်က ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးလိုက်၏။ သူက သစ်သားသေတ္တာအား ဖွင့်တော့မည့် အချိန်၌ ဓားစာခံတစ်ဦးက ရုတ်တရက် မတ်တပ်ထရပ်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူမှာ မည်ကဲ့သို့ ထရပ်နိုင်ခဲ့ကြောင်း သူ မသိချေ။ သို့သော် ထိုသူက ခေါင်းဆောင်အား စိုက်ကြည့်လျှက် ဗလုံးဗထွေး ရေရွတ်လိုက်၏။


ထိုအရာကို တွေ့သည်နှင့် ခေါင်းဆောင်က ကြောင်အသွားကာ သူ၏ ညီငယ်အား လှည့်ကြည့်လိုက်သည်။

“သူ ဘာဖြစ်နေတာလဲ …”

 

ပြန်ပေးဆွဲသမား ညီငယ်က ခေါင်းကုတ်ကာ ပြန်ဖြေ၏။ 

“ကျွန်တော်လည်း မသိဘူး …”

 

ဤအချိန်၌ တစ်စုံတစ်ဦးက သူ့အား သတိပေးလာသည်။ 

“ခေါင်းဆောင် … အဲဒီသေတ္တာကို သူ့အိမ်မှာ တွေ့ခဲ့တာ …”

 

ခေါင်းဆောင် နှာခေါင်းရှုံ့လိုက်၏။

“ဒါကမင်းဟာပေါ့လေ … မင်းက တကယ့်ကိုတော်တာပဲ … နန်းတော်က ပစ္စည်းတွေကိုတောင် ရတယ် … ငါ ဒါကိုထိလိုက်တော့ မင်းလူသတ်တော့မလို ဖြစ်နေတာ မဆန်းတော့ဘူး …”

 

“ဟမ် …”

ဟွားကျစ်ချန်က ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။ သူက ခေါင်းဆောင်ဖြစ်သူအား နီရဲသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိ၏။ သို့သော် သူ ဘာမှ မပြောနိုင်မီ မြေပေါ်သို့ လှဲသိပ်ခံလိုက်ရသည်။

 

ခေါင်းဆောင်က ပျော်ရွှင်စွာဖြင့် သစ်သားသေတ္တာကို ဖွင့်ရန် ပြင်လိုက်၏။ ဟွားကျစ်ချန်၏ ရူးမတတ် အသွင်အပြင်ကို ကြည့်ရင်း သူက ပြောလိုက်သေးသည်။

“ ကြည့်စမ်းပါဦး … ဒါက မင်းချစ်သူလေး လက်ဆောင်ပေးတာများလား …”

 

ဟွားကျစ်ချန် “ဝူး …..”

 

ခေါင်းဆောင်က မျက်ခုံးပင့်လိုက်သည်။

“ကြည့်ရတာ ငါမှန်းတာ မှန်သွားပုံပဲ … မင်းရဲ့ ချစ်သူလေးက မင်းအပေါ် ချစ်ခင်စိတ် ပြင်းပြလွန်းလို့ ဒီလိုတန်ဖိုးကြီးသေတ္တာနဲ့တောင် လက်ဆောင်ပေးခဲ့တာပေါ့လေ …”

 

သစ်ပင်ပေါ်မှ ဝမ်ချီ :  “…”


သူတော့ သေတော့မှာပဲ …

 

ပြန်ပေးဆွဲသမား ခေါင်းဆောင်သာ ဆက်ပြောနေပါက သူ ရှစ်ယဲ့လက်တွင်း၌ သေဆုံးတော့မည်ဟု ခံစားလိုက်ရ၏။

 

အရင်က ကျန်းဟမ် … အခုကျ ပြန်ပေးဆွဲသမား ခေါင်းဆောင်ပေါ့လေ …

 

ဒီလူသတ်သမား နှစ်ယောက်ကတော့လား …

 

အား ….

 

ဝမ်ချီ၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားကာ ရှစ်ယဲ့အား ခိုးကြည့်လိုက်သည်။ ရှစ်ယဲ့က သူ့အား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေ၏။ သူ၏ မျက်ဝန်းနက်တစ်စုံက ပင်လယ်သေကဲ့သို့ နက်ရှိုင်းလှသည်။

 

ရှစ်ယဲ့က ပြုံးကာပြော၏။

“လေးနက်တဲ့ ချစ်စိတ်ပြင်းပြမှုပေါ့လေ …”

 

“…” ဝမ်ချီ တုန်သွားသည်။

“ဒါက နားလည်မှုလွဲတာပါ ….”

 

သူ့စကားဆုံးသည်နှင့် ပြန်ပေးဆွဲသမား ခေါင်းဆောင်က သစ်သားသေတ္တာကို ဖွင့်လိုက်သည်။ အခြားသော ညီငယ်များသည်လည်း ခေါင်းများ စုပြုံတိုး၍ ကြည့်ကြ၏။

 

ဟွားကျစ်ချန်၏ စိတ်ပျက်လက်ပျက် အကြည့်အောက်၌ပင် ခေါင်းဆောင်က ကျောက်စိမ်းချောင်းတစ်ချောင်းကို ကိုင်ကြည့်ရင်း သက်ပြင်းချလိုက်သည်။

“ဒါက …”

 

ညီငယ်တစ်ဦးက မီးအိမ်အား အမြန်မြှောက်ပေးလာ၏။

 

မီးအိမ်၏ ဝါကျင့်ကျင့် အလင်းရောင်အောက်ဝယ် လက်ကောက်ဝတ် တစ်ခုနီးပါ ထုထည်ရှိသည့် ကျောက်စိမ်းချောင်းက အစိမ်းဖျော့ဖျော့အလင်းကို ထုတ်လွှတ်လျက်ရှိ၏။

 

ညီငယ်က ရေရွတ်လိုက်သည်။

“ဒါက … ကြီးလွန်းတယ် …”

 

ထိုစကားများကြောင့် အားလုံး တိတ်ဆိတ်သွားကြ၏။

 

ဟွားကျစ်ချန်သည်လည်း တိတ်ဆိတ်သွားလေသည်။

 

ဝမ်ချီက အထိတ်လန့်ရဆုံးဖြစ်၏။ သူက ကျောက်စိမ်းချောင်းကို အတန်ကြာ စိုက်ကြည့်နေမိသည်။ ထို့နောက် သူ့ ပါးပြင်များက မီးဟပ်ခံရသကဲ့သို့ ပူပြင်းလာကာ ရှစ်ယဲ့အား ကြည့်လိုက်မိ၏။

“ဒါကို အရှင့်သားက ကျွန်တော့်အတွက် ပေးခဲ့တာလား…”

 

ရှစ်ယဲ့၏ မျက်ဝန်းများက အေးစက်လာ၏။ သူ့အသံကမူ ပို၍ပင် အေးစက်နေသည်။

“ဒါကို မင်းက ဟွားကျစ်ချန်ကို ပေးလိုက်တာပေါ့လေ …”



💮💮💮


အူတက်သေပါပြီဟယ်🤣 ကြားထဲက ဟွားကျစ်ချန်ကိုပဲ သနားတယ်🤣