အပိုင်း ၅၉
Viewers 23k

(hehehehe ထန်ဝမ်ဝမ် တရားစွဲပြီးလို့ ဖုကျန်း ထောင်ထဲရောက်မယ့်အချိန်ကို စောင့်နေပြီ )
(မနေ့က အင်တာနက်မှာ ဖုကျန်းရဲ့ပုံကို ရှာတွေ့လိုက်ပြီ အဲ့တာက အရမ်းကြီး မကြည်ပေမယ့် ဖုကျန်းက လူချောဆိုတာကိုတော့ သေချာပေါက်‌ ပြောနိုင်တယ် )
(ထန်ဝမ်ဝမ်က နွားနှစ်ရဲ့ပထမဆုံးလ ပထမဆုံးရက်မှာမွေးတာလေ အဲ့လိုလူမျိုးက ကြွယ်ဝချမ်းသာပြီး ဂုဏ်သရေတင့်တယ်တဲ့ ချောမွေ့တဲ့ဘဝကိုပဲ ပိုင်ဆိုင်ရပြီး ဗီလိန်ဖြစ်မယ်ဆိုရင်တောင် လောကကြီးကို ပြောင်းပြန်လှန်နိုင်တဲ့သူမျိုးတဲ့ )
(ဖုကျန်းရဲ့ရေတပ်က ပေါ်မလာတော့ဘူးလား )
( ဖုကျန်းက ဘယ်ရောက်နေတာလဲ )
တစ်ချို့လူများက ဝေ့ပေါ်တွင် ထန်ဝမ်ဝမ် ဖုကျန်းကို တရားစွဲခြင်းအား ထောက်ခံပါသလားဟုတောင် မဲရွေးကြတော့သည်။
(ငါ့အတွက်တစ်မဲ မင်းအတွက်တစ်မဲ ဂျေးအောင်းရမယ့်ဖုကျန်း ဘယ်ပြေးမလဲ )
(မင်းလည်းမပေး ငါလည်းမပေး ဒီကိစ္စက ပြီးဖို့ဝေးသေး )
လွန်ခဲ့သော နှစ်နှစ်က ထန်ဝမ်ဝမ်၏ဒဏ်ရာနှင့်ပတ်သက်၍ ဘယ်လိုတွေးလဲဟု စစ်တမ်းကောက်သူများလည်း ရှိသေးသည်။ အများဆုံးချီးကျူးခံရသည့် စစ်တမ်းကတော့ တရားရုံးကိုရောက်လျှင် ဖုကျန်း ဘာတွေကို ရင်ဆိုင်မလဲနှင့် ဥပဒေအရ အပြစ်ပေးမှုများဖြစ်ပြီး ထိုဆောင်းပါးအဆုံးတွင်တော့ ထန်ဝမ်ဝမ်က ဖုကျန်းကို အမြန်ဆုံး ရုံးတင်နိုင်ရန် မျှော်လင့်ကြောင်းပါ ဖော်ပြထားသည်။
ထိုသို့ဖြင့် အင်တာနက်ပေါ်မှ ဂယက်များက ထန်ဝမ်ဝမ်တွေးထားသလိုပင် ဖြစ်လာခဲ့သည်။ အရှိန်မှာလည်း မြင့်သည်ထက်မြင့်လာရာ အခုအချိန်တွင် ဖုကျန်းသည် မုချပင် အိပ်မပျော်စားမဝင်ဖြစ်နေမည်ဟု ထန်ဝမ်ဝမ်က ယုံကြည်ထားသည်။
ထန်ဝမ်ဝမ်သည် ဖုကျန်းကို‌ ထောင်ချရန် အမှန်တကယ်ကို တွေးထားပြီးဖြစ်သည်။ သူမလက်ထဲတွင် သက်သေမစုံသေးသောကြောင့်သာမက အနာဂတ်တွင် ဖုကျန်းချန်နှင့် ဖုထင်းတို့၏ အကူအညီကို လိုအပ်နေသေးသောကြောင့်ပါ တရားမစွဲသေးခြင်းဖြစ်သည်။ ထိုမတော်တဆမှု‌ကြောင့် သူတို့နှစ်ဦးလုံးကို ဆန့်ကျင်မိပါလျှင် ရင်းထားရသည်မှာ ရေစုန်မျောကုန်မည်စိုး၍ ဖြစ်သည်။
ဖုကျန်းသဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ သူမကတော့ Shazhou Chronicle ၏ မူပိုင်ခွင့်ကို သေချာပေါက်ကို ယူမည်ဖြစ်သည်။ ထန်ဝမ်ဝမ်က ဖုန်းကို လက်ထဲဆုပ်ထားလိုက်ရင်း ဖုကျန်းချန်၊ ဖုထင်းတို့နှင့် ဆက်ဆံရေးကို ဘယ်လိုပြန်ပြင်ဆင့်သလဲ စဉ်းစားနေသည်။
သူတို့၏သဘောထားများသည် ရုတ်ခြည်းပြောင်းလဲသွားခြင်းဖြစ်သည်။ ထန်ဝမ်ဝမ်က သူတို့ စတင်ပြောင်းလဲသွားချိန်ကို ဂရုတစိုက် ပြန်တွေးကြည့်မိသည်။ သူမ၏မင်္ဂလာပွဲမှ စတင်လာဟန်တူသည်။
"မင်္ဂလာပွဲမှာ သူတို့ တစ်ခုခုကြားခဲ့မိလို့များလား ဒါမှမဟုတ် အဲ့နေ့က ဖုကျန်း ဘာများ လျှို့ဝှက်ကြံစည်ခဲ့လဲမသိဘူး ..."
ထန်ဝမ်ဝမ်သည် သူမမင်္ဂလာပွဲနေ့က ဗီဒီယိုထဲမှ ဖုကျန်းချန်နှင့် ဖုထင်တို့ကို ပြန်ကြည့်လိုက်သော်ငြား မူမမှန်တာတစ်ခုကိုမှ သတိမထားမိ။ ဖုထင်က ဘုရားကျောင်းမှ နွယ်နှင်းဆီပြတင်းပေါက်အား မော့ကြည့်နေသည်ကိုသာ တွေ့လိုက်ရသည်။
"ဖုကျန်းငယ်ငယ်တုန်းက အဲ့ဒီကနေ ပြုတ်ကျဖူးလို့လား သိပ်တော့မဖြစ်နိုင်ဘူးထင်တယ် ဒီလိုနေရာမျိုးကသာ ပြုတ်ကျခဲ့လျှင် မသေရင်တောင် ဒုက္ခိတဖြစ်မည်ဖြစ်သည် သူမတွေ့ခဲ့သည့် ဖုကျန်း‌ရဲ့ ခြေ‌ထောက်ဒဏ်ရာကလည်း လွန်ခဲ့သည့်နှစ်နှစ် ဖုကျန်းချန် သူ့ကို လှေကားပေါ်မှ ကန်ချတုန်းက ရခဲ့တဲ့ဒဏ်ရာပါ..."
"ဆိုတော့ အကြောင်းပြချက်က ဘာများလဲ..."
ထန်ဝမ်ဝမ်က အိပ်ယာပေါ်တွင် လှဲရင်း စဉ်းစားလိုက်သည်။ လွန်ခဲ့သည့်နှစ်များစွာ သူမ ပွဲဦးထွက်စဉ်ကာလက တွဲဖက်နှင့် အရှုပ်အရှင်းများရှိခဲ့၍ အင်တာနက်သုံးစွဲသူများ၏ ကြိမ်းမောင်းခြင်းကို ခံခဲ့ရသည်။ အနားယူရန် ကမ်းခြေသို့ လာခဲ့စဉ် ဖုထင်နှင့် ဖုကျန်းတို့ကို အပန်းဖြေရန်ခေါ်လာသော ဖုကျန်းချန်ကို တွေ့လိုက်သည်။ ဖုကျန်းချန်နှင့် ဖုထင်တို့သည် ဖုကျန်းကို အသွေးထဲအသားထဲမှကို ချစ်ခင်ကြပြီး အာခံတွင်းတွင် ငုံထားလုမတတ် သဲသဲလှုပ် ဂရုစိုက်ကြသည်ကိုမြင်လျှင် ထန်ဝမ်ဝမ်မှာ မနာလိုအားကျစိတ်များ တဖွားဖွားဖြစ်ပေါ်လာသည်။
သိပ်မကြာမီတွင် သူမ၏စိတ်ထဲမှ အသံတစ်သံကို ကြားလိုက်ရသည်။ ထိုအသံရှင်က သူမကို မေးလိုက်သည်။
"မင်းမှာ ဘာဆန္ဒတွေရှိလဲ..."
"ကျွန်မရဲ့အလုပ်တွေ အဆင်ပြေပြီး ပရိသတ်တွေအကုန်ချစ်တာကို ခံချင်တယ်
ဖုကျန်းနေရာကို ဝင်ပြီး ဖုကျန်းချန်နဲ့ ဖုထင်တို့ ချစ်တာကိုလည်း ခံချင်တယ်
ပြီးပြည့်စုံတဲ့အချစ်ရေးကိုလည်း ပိုင်ဆိုင်ချင်တယ် အရပ်ရှည်ရှည် ရုပ်ချောချောနဲ့ ပိုက်ဆံထောတဲ့သူမျိုးနဲ့ ဖူးစာဆုံချင်တယ် ..."
အသံကတိတ်သွားသည့်အတွက် ထန်ဝမ်ဝမ်သည် သူမ ထင်‌ယောင်ထင်မှား ဖြစ်မိလေသလားဟု တွေးမိချိန်တွင် သူမကို ပြန်ပြောလိုက်သည်။
"ငါက ပိတ်ကားပေါ်က မင်းပုံရိပ်ကို ပိုပြီး ပြီးပြည့်စုံလာအောင် လုပ်ပေးလို့ရတယ် ဒါပေမယ့် လူတိုင်းရဲ့ အချစ်ခံဖြစ်ဖို့ကတော့ နည်းလမ်းမရှိဘူး ဖုကျန်းချန်နဲ့ ဖုထင်းရဲ့ ဖုကျန်းအပေါ်ထားတဲ့အချစ်တွေကို လွှဲပေးလို့တော့ရတယ် ဒါပေမယ့် ဖုကျန်းကိုတော့ အပြည့်အဝ အစားထိုးလို့ရမှာမဟုတ်ဘူး မင်းရဲ့အချစ်မျိုးစေ့ကတော့ အရင်ကတည်းကရှိနေပြီးသားဆိုတော့ ငါက ချက်ခြင်းပွင့်လာအောင် လုပ်ပေးမယ်..."
"ကျွန်မက ဘာတွေပေးဆပ်ရမှာလဲ..."
ထန်ဝမ်ဝမ်က မသက်မသာဖြင့် မေးလိုက်သည်။
အသံရှင်က သူမကို ပြန်မဖြေခဲ့။ ထိုအချိန်မှစ၍ ထန်ဝမ်ဝမ်၏ဘဝမှာ တစ်ဆစ်ချိုး ပြောင်းလဲသွားတော့သည်။ သူမသည် လူတိုင်း၏ပါးစပ်ဖျားတွင် ရေပန်းစားလာပြီး ဖုကျန်းချန်၏လက်ဖဝါးထဲမှ ရတနာလေးဖြစ်လာသည်။ ထို့ပြင် ချင်ကျောက်ကလည်း သူမကို မြင်မြင်ချင်း ချစ်ကျွမ်းဝင်သွားခဲ့သည်။
သို့သော်ငြား အသံရှင်က ထန်ဝမ်ဝမ်ကို အရာတိုင်းအတွက် အချိန်ကန့်သတ်ချက်ရှိကြောင်းကိုတော့ မပြောခဲ့ပေ။ သူ၏ဖြစ်တည်မှုမှာ ထန်ဝမ်ဝမ်၏ ကိုယ်ပိုင်ဆန္ဒအရ သူမကို ပြီးပြည့်စုံစွာ ဖန်တီးပေးရန်ဖြစ်သည်။ ထန်ဝမ်ဝမ်ရရှိလာသော အောင်မြင်မှုများမှ စွမ်းအားကိုစုပ်ယူကာ ဖုကျန်းချန်နှင့် ဖုထင်တို့ကို ထိန်းချုပ်ရန်နှင့် သူ့ကမ္ဘာသို့‌ပြန်ရန် စွမ်းအင်စုဆောင်းရန်ဖြစ်သည်။ သို့သော် ထန်ဝမ်ဝမ်၏ မင်္ဂလာပွဲနေ့မှစ၍ ထိုအသံက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားသလိုပင် ပြန်ပေါ်မလာခဲ့တော့။
ထန်ဝမ်ဝမ်မှာ ခေါင်းကိုက်လာသလိုပင်။ သူမက စိတ်ထဲမှနေ၍ ထိုအသံကို ဆက်သွယ်လိုက်သော်ငြား မည်သည့်တုန့်ပြန်မှုမှ မရခဲ့။ သူမပြန်စဉ်းစားခဲ့သည့် အဖြစ်အပျက်မှာ အိပ်မက်လေလား အမှန်လေလားပင် မသဲကွဲတော့ချေ။
မည်သို့ပင်ဖြစ်စေ သူမသည် ဖုကျန်းချန်ကို ရှာကာ မေးရဦးမည်ဖြစ်‌သည်။ သို့သော် ထိုဟာက လတ်တလော အရေးကြီးနေသည့်ကိစ္စတော့မဟုတ်ပေ။ Shazhou Chronicle ၏ မူပိုင်ခွင့်ကို ယူရန်ကသာ ပထမဦးစားပေးဖြစ်သည်။ မဟုတ်လျှင် သူမသည် အမှန်တကယ်ပင် ဟာသတစ်ခုဖြစ်တော့ပေမည်။
ထန်ဝမ်ဝမ်က လတ်တလော ဖုကျန်း၏ သဘောထားကို အကဲဖြတ်ရန်အတွက် Shazhou Chronicle ကို မတ်လတွင်လွှင့်မည်ဟု သတင်းလွှင့်လိုက်သည်။
ထန်ဝမ်ဝမ်၏ သတင်းမှားကိုကြားလျှင် စတူဒီယို၏ လက်ထောက်ဒါရိုက်တာက ဖုကျန်းကို မေးလိုက်သည်။
"ဒါရိုက်တာဖု Shazhou Chronicle ရဲ့ ရိုက်ကူးထုတ်လုပ်ခွင့်က ရောင်းလိုက်ပြီလား..."
ထန်ဝမ်ဝမ်မှာ လက်မလျော့သေးကြောင်း ဖုကျန်း သဘောပေါက်လိုက်သည်။
"မဟုတ်ဘူး..."
ဖုကျန်းက ခေါင်းယမ်းလိုက်သည်။
"ပြီးမှ ဒီအကြောင်း ဆက်ပြောမယ်..."
"ကောင်းပါပြီ..."
ဒါရိုက်တာက ခေါင်းညိတ်လိုက်သည်။
သူက ဖုကျန်း၏ သရုပ်မှန်ကို သိထားသူဖြစ်၍ ဖုကျန်းသည် Shazhou Chronicle ၏ မူပိုင်ခွင့်ကို ဘယ်လိုနည်းနှင့်မျှ ထန်ဝမ်ဝမ်၏ဘက်ထဲ အပါခံမည်မဟုတ်ဟု တွေးမိသည်။
လက်ထောက်ဒါရိုက်တာ : " အင်တာနက်ပေါ်က သတင်းတွေအတွက်ရော ဘယ်လိုစီစဉ်လိုက်ရမလဲ..."
ဖုကျန်းမှာ ထိုကိစ္စကို ကိုင်တွယ်ရန် နည်းလမ်းကောင်း မရှိသေးပေ။ အွန်လိုင်းပေါ်တွင် ကျိန်ဆဲချင်သူများရှိပါက သူတို့ကို ဝအောင် ကျိန်ဆဲခိုင်းထားလိုက်မည်။ ထိုအရာများက သူ့ကို အကျိုးသက် ရောက်မည် မဟုတ်ချေ။ သူက ပြောလိုက်သည်။
"စောင့်ကြည့်လိုက်ဦး..."
အင်တာနက်ပေါ်မှ သူ့ဂုဏ်သတင်းသည် မကောင်းမွန်ခဲ့သည့်အတွက် ဆူပူကြိမ်းမောင်းခံရသည်ကို အသားကျနေပြီဖြစ်သည်။
"ကျွန်တော်က Shazhou Chronicle ရဲ့ ဒါရိုက်တာဆိုတာကိုတော့ ထုတ်မပြောနဲ့ဦး..."
ဖုကျန်းက လက်ထောက်ဒါရိုက်တာကို လှည့်ပြောလိုက်သည်။ ထိုကိစ္စသာ ပေါက်ကြားသွားပါလျှင် Shazhou Chronicle ၏ ရလဒ်အားလုံး ပျက်စီးသွားမည်ဖြစ်သည်။
လက်ထောက်ဒါရိုက်တာက ခေါင်းညိတ်ပြလိုက်သည်။
"နားလည်ပါပြီ..."
အင်တာနက်ပေါ်မှ ဝေဖန်ချက်များက ဖုကျန်း၏ နေ့စဉ်ဓူဝကိစ္စကို မသက်ရောက်နိုင်ချေ။ Shazhou Chronicle ၏ တရားဝင်စာမျက်နှာတွင် အမှန်တကယ် ဟုတ်မဟုတ် မေးနေကြသူများ ရှိသော်ငြား ဘယ်သူမှ အဖြေမရပေ။
သို့သော် အတိတ်မှ ကျောက်ကျင်၏ အဖြစ်အပျက်ကြောင့် ထန်ဝမ်ဝမ်မှာ လွယ်လင့်တကူတော့ တရားဝင်‌မကြေညာရဲပေ။ သူမက ဖုကျန်းကို သူမလက်ထဲတွင် ချုပ်ထားနိုင်ရန် နောက်တစ်ခေါက် ထပ်ခြိမ်းခြောက်ရန် ကြံစည်ထားသည်။
အနုပညာလောကတွင် ထန်ဝမ်ဝမ်မှာ ပုံရိပ်ကောင်းသဖြင့် ရုပ်ရှင်ဆုပေးပွဲ၊ ဇာတ်လမ်းသစ်မိတ်ဆက်ပွဲနှင့် ရသစုံရှိုးတို့က အပြိုင်အဆိုင် ဖိတ်ကြားလာကြပြီး ထန်ဝမ်ဝမ်က အဆင့်အတန်းမြင့် ရုပ်ရှင်ဆုပေးပွဲတစ်ခုကို တက်ရောက်ရန် ရွေးချယ်လိုက်သည်။
အရင်တစ်ခေါက်က ထန်ဝမ်ဝမ်နှင့် ဖုကျန်းအကြား ပြဿနာကို မေးမြန်းခဲ့သော သတင်းထောက်၏ ကုမ္ပဏီမှာ တိုက်ရိုက်ပင် ဖျက်ဆီးခံလိုက်ရသောကြောင့် ထန်ဝမ်ဝမ်ကို တွေ့ရချိန်တွင် သူတို့သည် ယခင်လို တိုက်ရိုက်မမေးရဲတော့ပေ။ ပထမဆုံး ထန်ဝမ်ဝမ်နှင့် ချင်ကျောက်တို့၏ အိမ်ထောင်ရေး၊ သားသမီးယူရန် စိတ်ကူး ရှိမရှိတို့ကို မေးခဲ့သည်။ နောက်မှ သူမလက်မောင်းဒဏ်ရာကို မေးခြင်းဖြင့် တစ်ဆင့်ပြီးတစ်ဆင့်သာ အင်တာဗျူးတော့သည်။
ထန်ဝမ်ဝမ်၏သဘောထားကို တီးမိခေါက်မိမှသာ သတင်းထောက်တစ်သိုက်လည်း အလိုရှိရာကို ရဲရဲဝံ့ဝံ့ မေးရဲတော့သည်။
"ဝမ်ဝမ်ရေ နောက်ရော ဘာတွေစီစဉ်ထားလဲ ဖုကျန်းကို တရားစွဲဖို့ အင်တာနက်မှာ မဲပေးနေကြတာတွေကိုရော ဘယ်လိုမြင်လဲ..."
အလင်းရောင်က ခန်းမထဲသို့ ဖြာကျနေကာ သူမ၏ဝတ်စုံပေါ်မှ စိန်ပွင့်သေးသေးလေးတို့က မီးရောင်အောက်တွင် တလက်လက် တောက်ပနေသည်။ သူ့မလက်တွင် ဝတ်ဆင်ထားသော လက်ထက်လက်စွပ်ကလည်း ဝင်းလက်နေသည်။
"အင်တာနက်သုံးစွဲသူတွေက ဥပဒေကို အလေးထားကြတယ်လို့ သိရလို့ ဝမ်းသာမိပါတယ် ဒါပေမယ့် ကျွန်မ တကယ်တော့..."
ထန်ဝမ်ဝမ်မှာ တုန့်ဆိုင်းနေဟန်ရှိသည်။ နှုတ်ခမ်းကို ဖိကိုက်ကာ ဆက်ပြော‌လိုက်သည်။
"တကယ်တော့ ဒီကိစ္စကို အခုလိုကြီး အကျယ်ချဲ့မပစ်လိုက်ချင်ဘူး ဘာပဲဖြစ်ဖြစ် ကျွန်မတို့က အဖေအတူတူပဲလေ ကျွန်မတို့ကိုယ်ထဲမှာ စီးနေတဲ့သွေးတွေကလည်း အတူတူပဲဆိုတော့ လွန်ခဲ့တဲ့နှစ်နှစ်က ဖုကျန်းလုပ်ခဲ့တယ်ဆိုတာကလည်း စိတ်လိုက်မာန်ပါလုပ်မိလိုက်တာလို့ပဲ ထင်ပါတယ် ပြီးတော့ သူလည်း အခုဆို နောင်တရနေလောက်ပါပြီ..."
ထိုသို့ပြောပြီးနောက်တွင်တော့ ထန်ဝမ်ဝမ်သည် သက်ပြင်းချကာ ဘာမှဆက်မပြောတော့။ ကင်မရာကိုကြည့်ကာ လက်ကိုဝှေ့ယမ်းပြီး နှုတ်ဆက်လိုက်သည်။
"ကျွန်မလည်း လုပ်စရာလေးတွေ ရှိသေးတာဆိုတော့ ခွင့်ပြုပါဦးနော်..."
သို့သော် သတင်းထောက်များက သူမကို သွားခွင့်မပြုပေ။ နောက်က တကောက်ကောက်လိုက်ကာ သူမကို ဆက်မေးနေ‌သည်။
"မစ္စတာဖုကရော ဘယ်လိုအတွေးမျိုးရှိနေမယ်လို့ ထင်လဲဗျ..."
ထန်ဝမ်ဝမ်က ခေါင်းယမ်းရင်း သတင်းထောက်ကို ပြုံးကာ ငြင်းလိုက်သည်။
"တောင်းပန်ပါတယ်ရှင် ဒီမေးခွန်းကိုတော့ မဖြေပေးနိုင်ပါဘူး..."
ထို့နောက်တွင်တော့ သတင်းထောက်များအနီးမှ နောက်လှည့်မကြည့်ဘဲ ထွက်လာလိုက်တော့သည်။
ထိုအင်တာဗျူးဗီဒီယိုကို အင်တာနက်ပေါ်သို့ တင်ပြီးနောက်တွင်တော့ အများစုက ထန်ဝမ်ဝမ်သည် ဖြူစင်ကာ နှလုံးသားနူးညံ့သူလေးဟု လက်ခံသွားကြသည်။ သို့သော် အချို့သူများနှင့် ပရိသတ်များက သူမ ထိုသို့ပြောခြင်းမှာ နောက်ကွယ်တွင်ရှိနေသော ဖုထင်နှင့် ဖုကျန်းချန်ကြောင့်ဖြစ်မည်ဟုသာ လက်ခံကြသည်။
"ထန်ဝမ်ဝမ်က တကယ် သနားဖို့ကောင်းတာပဲ ချမ်းသာတဲ့မိသားစုက ဖြစ်တာတောင် သူ့ကိုဒုက္ခပေးတဲ့ လူသတ်သမားကို အပြစ်မပေးနိုင်ဘူး ဟေး လူချမ်းသာတွေကလည်း သူတို့ဒုက္ခနဲ့ သူတို့ပဲနော်..."
ဖုကျန်းလုပ်ခဲ့သော ဒဏ်ရာမှာ တမင်တကာရည်ရွယ်ခြင်းဖြစ်သည်။ ပိုပြီး ပြင်းပြင်းထန်ထန် ပြောရပါလျှင် လူသတ်မှုကျူးလွန်ရန် ကြံစည်ခြင်းဖြစ်သည်။ ထန်ဝမ်ဝမ်က အမှုဖွင့်လိုစိတ် မရှိလျှင်တောင် ရိုက်ကွင်းတာဝန်ခံကတော့ အရေးကြီးပစ္စည်းကို ဖျက်ဆီးသည့်အမှုဖြင့် အမှုဖွင့်ရမည်ဖြစ်သည်။ သို့သော် လွန်ခဲ့သည့်နှစ်နှစ်က ဖုကျန်းကို အပြစ်မှလွှတ်ရန် ဖိအားပေးခဲ့သည်။
တရားစီရင်ရေးမဏ္ဍိုင်ကို လေ့လာစောင့်ကြည်နေသူများက ဒီလိုကိစ္စရပ်မျိုးကို လက်ပိုက်ကြည့်မနေနိုင်ပေ။ ထန်ဝမ်ဝမ်က ဖွင့်လည်းမပြောနိုင်၊ ရဲလည်း မတိုင်နိုင်သည့်အတွက် သူတို့က ကူညီရမည်ဖြစ်သည်။
ထိုနေ့နေ့ခင်းတွင် ဖုကျန်းသည် စတူဒီယိုထဲတွင် ပုံဆွဲနေပြီး နောက်အပိုင်းအတွက် သရုပ်ဖော်ပုံမှာ အဆင် သင့်ဖြစ်လုနီးပါး ရှိနေပြီဖြစ်သည်။ တံခါးခေါက်သံတစ်ချက်က ရုတ်တရက် ထွက်ပေါ်လာသည်။ တံခါးနားရှိ ဝန်ထမ်းက တံခါးဖွင့်ပေးလိုက်လျှင် အမျိုးသားနှစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူတို့က မေးလိုက်သည်။
"ဖုကျန်းက ဒီမှာလား..."
ဖုကျန်းက အနီးသို့ လျှောက်လာသည်။ သူစကားမပြောခင်မှာပင် ထိုသူနှစ်ဦးက သူ့လက်ကိုဆွဲကာ ရဲဝန်ထမ်းကတ်ကိုပြပြီး ပြောလိုက်သည်။
"ကျွန်တော်တို့နဲ့ လိုက်ခဲ့ပေးပါ..."
ဖုကျန်းသည် သူ့ရှေ့မှသူများမှာ အရပ်ဝတ်ဖြင့်လာသော ရဲများဖြစ်ကြောင်း သိလိုက်သည်။ သူက ခေါင်းညိတ်ပြလိုက်ပြီး စတူဒီယိုထဲမှ အခြားသူများကို ပြောလိုက်သည်။
"ကျွန်တော် ခဏ လိုက်သွားလိုက်ဦးမယ် အလုပ်ပြီးသွားရင် အလုပ်ဆင်းလို့ရတယ်နော်..."
ဖုကျန်းက ရဲများနှင့် အသာတကြည် ပူးပေါင်းဆောင်ရွက်ခဲ့သော်ငြား စခန်းရောက်ချိန်တွင် သူက တောင်းဆိုလိုက်သည်။
"ဖုန်းတစ်ချက်လောက် ဆက်လို့ရမလား..."
"ရပါတယ်..."
ဖုကျန်း ရဲစခန်းသို့ရောက်နေကြောင်းကို ကျန်းဟန်ရှုက မသိသေးပေ။ ဖုန်းလက်ခံရရှိပြီးနောက် သူက မေးလိုက်သည်။
"ဘာဖြစ်လို့လဲ..."
ဖုကျန်းက ကျန်းဟန်ရှုကို သူ၏ လက်ရှိအခြေအနေအကြောင်း ပြောပြလိုက်သည်။
"ကျွန်တော် အခု ရဲစခန်းမှာ..."
ကျန်းဟန်ရှုက ဖုကျန်းကို အားပေးနှစ်သိမ့်လိုက်သည်။
"ကိုယ်သိပြီ မစိုးရိမ်နဲ့နော် အခုထွက်လာနေပြီ..."
ဖုကျန်းအဖမ်းခံရသည့်သတင်းမှာ အကြောင်းပြချက်မရှိဘဲ တောမီးလောင်သလို ပျံ့နှံ့သွားသည်။
ရဲဝန်ထမ်းများက အမှုကို လျင်လျင်မြန်မြန် ကိုင်တွယ်သွားကြသည့်အတွက် အင်တာနက်သုံးစွဲသူများက ဖုကျန်းကို ဘယ်နေရာမှ ရှာဖွေဖမ်းမိခဲ့သည်ကို သိချင်နေကြသည်။ ပင်ဟိုင်မြို့မှာ ကြီးမားသည့်အတွက် တစ်စုံတစ်ဦးကို ရှာဖွေရန်မှာ မလွယ်ကူလှပေ။ ရဲဝန်ထမ်းများက အလုပ်ကြိုးစားခဲ့၍ဖြစ်မည်။
သို့သော်ငြား တကယ်တမ်းတော့ ရဲများ ဖုကျန်းကိုရှာခဲ့သည့်နည်းလမ်းမှာ ပြည်သူများ ထင်ထားသည်ထက် ရိုးရှင်းပေသည်။ ဖုကျန်းက စတူဒီယိုကို သူ့နာမည်ဖြင့်သာ စာရင်းသွင်းခဲ့သည့်အတွက် ထိုအချက်အလက်မှတစ်ဆင့် သူ့ကိုတွေ့ခဲ့ခြင်းဖြစ်သည်။
ရဲများက ခပ်သွက်သွက် လှုပ်ရှားလိုက်သည့်အတွက် ထန်ဝမ်ဝမ်မှာ ဘာဆက်လုပ်သင့်မှန်း မသိတော့။ ဖုကျန်းနှင့် ပြန်သင့်မြတ်သင့်လား ဒါမှမဟုတ် ထောင်ထဲပဲ တန်းထည့်လိုက်သင့်လား ။
ထန်ဝမ်ဝမ်က ဒုတိယနည်းလမ်းကိုသာ ရွေးလိုသော်လည်း ဖုကျန်းချန်နှင့် ဖုမိသားစုနောက်ခံကြောင့် တရားစီရင်‌ရာတွင် အခက်ကြုံလာနိုင်ပြီး အခန့်မသင့်လျှင် ကိုယ့်ရှူးကိုယ်ပြန်ပက်မိနိုင်သည်။
ပြီးတော့ ပြန်လည်သင့်မြတ်ရန်ကလည်း သူမက အခုထိ စဉ်းစားလိုသေးသည်။
ဖုကျန်း အထိန်းသိမ်းခံရပြီးနောက် ရဲအရာရှိများက သူ့ကို လွန်ခဲ့သောနှစ်နှစ်ကကိစ္စနှင့် ပတ်သက်၍ မေးခွန်းအချို့မေးခဲ့ပြီး ဖုကျန်းကလည်း တစ်ခုချင်းကို မှန်မှန်ကန်ကန် ပြန်ဖြေခဲ့သည်။
ကျန်းဟန်ရှု ရဲစခန်းသို့ ရောက်လာချိန်တွင်တော့ ရဲများတွင် လက်ဆုပ်လက်ကိုင်ပြစရာ သက်သေဟူ၍ မည်မည်ရရမရှိပေ။ ကျန်းဟန်ရှုက ခံဝန်ထိုးကာ ဖုကျန်းကို အာမခံဖြင့် အိမ်ပြန်ခေါ်သွားလိုက်သည်။