အပိုင်း ၆၀
Viewers 23k

ကျန်းဟန်ရှု ဖုကျန်းကို အိမ်ပြန်ခေါ်လာပြီးနောက်တွင်တော့ အိမ်တွင် လတ်လတ်ဆတ်ဆတ် စားစရာမရှိသဖြင့် အော်ဒါမှာရင်း ဖုကျန်းကို ပြောလိုက်သည်။
"ဒီနေ့လန့်သွားတယ်မလား ..."
"မလန့်ပါဘူး..."
ဖုကျန်းက ခေါင်းယမ်းပြလိုက်သည်။ ထန်ဝမ်ဝမ်က သူ့ကို တရားစွဲမည်ဟု ခြိမ်းခြောက်ကတည်းက ရဲစခန်းသို့သွားရန် စိတ်ကို ပြင်ဆင်ထားပြီးဖြစ်သည်။ သို့သော် ဒီလောက်မြန်မြန် ထွက်လာနိုင်လိမ့်မည်ဟုတော့ မျှော်လင့်မထားပေ။ အာမခံရလျှင်တောင် အနည်းဆုံးနှစ်ရက်လောက်တော့ ရဲစခန်းတွင် နေရဦးမည်ဟုသာ ထင်ထားသည်။
ကျန်းဟန်ရှုက သူ့လက်ထဲမှ ကွန်ပျူတာကို ကလိနေရင်း ဖုကျန်းကို ပြောလိုက်သည်။
"ကြည့်ရတာ ကိုယ်တို့ ခပ်သွက်သွက်လှုပ်ရှားသင့်ပြီထင်တယ်..."
"ဘာကြီးလဲ..."
ဖုကျန်းမှာ ဆိုလိုရင်းကို မဖမ်းမိ။
"သက်သေရှာဖို့လေ..."
ဖုကျန်းက ထိုကိစ္စနှင့်ပတ်သက်၍ ယုံကြည်ချက်မရှိ။ သူက ကျန်းဟန်ရှုကို ပြောလိုက်သည်။
"နှစ်နှစ်တောင်ကြာပြီဆိုတော့ အဲ့တုန်းကဝန်ထမ်းတွေကလည်း တကွဲတပြားတွေ ဖြစ်ကုန်လောက်ပြီ သက်သေရယ်လို့ မရှိနိုင်လောက်တော့ဘူး..."
" အင်း ဖြေးဖြေးချင်းရှာမယ်လေ..."
ကျန်းဟန်ရှုက ဖုကျန်း၏ခေါင်းကို ပုတ်ပေးရင်း ခပ်ပြုံးပြုံး ပြောလိုက်သည်။
"မင်းက ကိုယ်လုပ်စရာရှိတာကိုပဲလုပ် ကျန်တာ ကိုယ့်တာဝန်ထားလိုက်..."
ဖုကျန်းက တုန့်ပြန်လိုက်သည်။ ကြည့်ရတာ သူလည်းပဲ ဒီလောက်အထိ အကုန်အာရုံမစိုက်နိုင်လောက်ပေ။ ကျန်းဟန်ရှုက ဧည့်ခန်းမီးကိုပိတ်ကာ ဖုကျန်းနှင့်စကားပြောနေရင်း ကီးဘုတ်ကို ခပ်သွက်သွက်ရိုက်လိုက်သည်။
"စားပြီးရင် အိပ်တော့နော်..."
"မအိပ်ချင်သေးလို့ ခဏနေဦးမယ်..."
ဖုကျန်းက ဖုန်းကိုထုတ်ကာ ထန်ဝမ်ဝမ့်ဘက်မှ အခြေအနေတိုးတက်မှုရှိ/မရှိ ကြည့်နေလိုက်သည်။
မိနစ်၂၀ခန့် ဟိုဟိုဒီဒီ လျှောက်ကြည့်ပြီးနောက်တွင် ဖုကျန်းသည် သူ့ကိုယ်သူ ထန်ဝမ်ဝမ်၏ anti fanနှင့် တူနေသည်ဟု ခံစားလိုက်ရသည်။ ခေါင်းကိုခါယမ်းကာ ထိုကြောက်လန့်ဖွယ် အတွေးစတို့ကို မောင်းထုတ်လိုက်သည်။
ဝေ့ပေါ်တွင် လျှောက်ကြည့်နေရင်း ထန်ဝမ်ဝမ်သည် အင်တာဗျူးပြီး‌သည့်နေ့မှစ၍ တစ်ခုမှ ထပ်မတင်ထားကြောင်း တွေ့လိုက်ရသည်။ ထိုအင်တာဗျူးတွင် ဒါရိုက်တာတစ်‌ဦးကိုလည်း ရှေ့လပိုင်းအတွင်း အစီအစဉ်ကို မေးမြန်းခဲ့ပြီး ထိုဒါရိုက်တာက Shazhou Chronicle ကို မတ်လနှင့် ဧပြီလတို့တွင် ရိုက်ကူးမည်ဖြစ်ပြီး ထန်ဝမ်ဝမ်က ဟီးရိုးအင်းအဖြစ် ပါဝင်မည်ဖြစ်၍ အားလုံး၏ အားပေးမှုကို မျှော်လင့်ကြောင်း ပြောထားသည်။
ထိုသတင်းကို တွေ့လိုက်ရချိန်တွင်တော့ ဖုကျန်းမှာ ဒေါသလည်းထွက်၊ ရယ်လည်းရယ်မိတော့သည်။
Shazhou Chronicle ၏ ပရိသတ်များကတော့ ထိုသတင်းမျိုးကို ခံနိုင်ရည်ရှိပြီးဖြစ်သည်။ နွေဦးပွဲတော်ဝန်းကျင်လောက်ကပင် Shazhou Chronicle ကို live action ရိုက်မည်ဖြစ်ပြီး ထန်ဝမ်ဝမ်က အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်မည်ဟူသော သတင်းများက အင်တာနက်ပေါ်သို့ ပျံ့နှံ့နေပြီးဖြစ်သည်။ သို့သော် ထိုအချိန်ကမူ သတင်းများကို မည်သူမှ အတည်မပြုခဲ့ပေ။ ထန်ဝမ်ဝမ်၏ ပရိသတ်များကို ကြောက်ရသည့်အတွက် သူတို့က သာမန်ကာလျှံကာ မပြောရဲကြ။
Shazhou Chronicle ၏ တရားဝင်စာမျက်နှာသို့ အကြိမ်များစွာ သွားမေးခဲ့သော်ငြား အဖြေပြန်မရပေ။
ပရိသတ်များက ဦးနှောက်ကိုဖွင့်ကာ အစွမ်းကုန် တွေးကြတော့သည်။ Shazhou Chronicle နောက်တစ်ဖန်ပြန်ပေါ်လာသည့်အချက်ကို အခြေခံကာ သူတို့သည် Shazhou Chronicle က မူပိုင်ခွင့်ကို ရောင်းကာ ရန်ပုံငွေပြန်စုဆောင်းခဲ့သည့်အတွက်အသစ် ပြန်စနိုင်ခြင်းဖြစ်မည်ဟု ခန့်မှန်းလိုက်ကြတော့သည်။
ထိုနည်းအတိုင်း စဉ်းစားပါလျှင် သူတို့သည် ဟီးရိုးအင်း၏ နေရာတွင် စကားမပြောတတ်သည့် ယုန်ကို သရုပ်ဆောင်ခိုင်းလျှင်ပင် လက်ခံနိုင်မည်ဖြစ်ရာ ထန်ဝမ်ဝမ်၏ သရုပ်ဆောင်စွမ်းရည်က ယုန်ထက် အပုံကြီး သာပါသေးသည်။
ဟုတ်တယ်မလား?
--- ထင်ရတာပဲ
သူတို့က ထန်ဝမ်ဝမ်အပေါ် အကောင်းမြင်စိတ် များခဲ့ဟန်တူသည်။ သူမလက်ထပ်သွားပြီးနောက် ယခင်က ရိုက်ကူးခဲ့သည့် ဇာတ်လမ်းများကို ပြန်ကြည့်သောအခါတွင် သူမ၏ သရုပ်ဆောင်စွမ်းရည်မှာ အရင်လို မကောင်းတော့ဟု ခံစားမိသည်။
ထန်ဝမ်ဝမ်က ဝါရင့်သရုပ်ဆောင်တစ်ဦးတော့ မဟုတ်။ အဆိုအက လေ့ကျင့်မှု အနည်းငယ်သာလုပ်ခဲ့သည့် အရည်အချင်းရှိသော ပွဲဦးထွက်တစ်ဦးဖြစ်ကာ ပထမဆုံးရှိုးတွင်ပင် ကြယ်ပွင့်ဖြစ်ခဲ့သည်။
ရှိုးကို မထုတ်လွှင့်မှီက အင်တာနက်တစ်ခွင်တွင် ပွတ်လောရိုက်နေသော်လည်း စတင်လွှင့်လျှင်လွှင့်ချင်း စကားသံတို့က ပြောင်းသွားသည်။ ထန်ဝမ်ဝမ်အပေါ် ကြည့်ရှုသူပရိသတ်တို့၏ အထင်အမြင်ကလညါး လုံးဝ ပြောင်းလဲသွားတော့သည်။
"ဝေ့ပေါ်ကို ကြည့်လိုက်တဲ့အချိန်မှာပဲ ငါကတော့ ထန်ဝမ်ဝမ့်ဆီကနေ မျက်နှာဖြတ်ရိုက်ခံလိုက်ရပြီ ..."
ပြဇာတ်ထဲရှ ထန်ဝမ်ဝမ်၏ သွင်ပြင်မှာ ထင်းထွက်နေသည်။ သူမပြုံးလိုက်လျှင် ပရိသတ်များမှာလည်း မပြုံးရမနေနိုင်၊ သူမငိုလျှင် သူတို့မှာလည်း မျက်ရည်မဆည်နိုင် ဖြစ်ရသည်။ မီဒီယာများကလည်း သူမကို သရုပ်ဆောင်ရာတွင် ပါရမီပါသူဟု ချီးကျူးကြသည်။
သူမ၏ ပထမဆုံးရုပ်ရှင်မှ လက်မထပ်ခင် နောက်ဆုံးရိုက်ထားသည့် ရုပ်ရှင်အထိ ပြန်ကြည့်လျှင် ပထမဆုံးရုပ်ရှင်မှာ ထိုစဉ်ကအတိုင်းပင် သူတို့ကို အံ့ဩမင်သက်စေပြီး ယခင်ကလို လှပဆဲပင်ဖြစ်သည်။ သို့သော်ငြား နောက်ပိုင်းတွင် ကြည့်ရှုသူများက ထန်ဝမ်ဝမ်သည် သရုပ်ဆောင်စဉ်အတွင်း စိတ်ပျံ့လွင့်နေပြီး သူမ၏အရည်အချင်းကို ဖြုန်းတီးပစ်ကြောင်း တွေ့လိုက်ရသည်။
သူမလက်မထပ်ခင်က ရိုက်ခဲ့သည့် တီဗီစီးရီးကို အပိုင်းအနည်းငယ်ခန့် ကြည့်ပြီးချိန်တွင်တော့ ထိုအချိန်က ထန်ဝမ်ဝမ်၏ သရုပ်ဆောင်ချက်တို့မှာ အလွန်အကျူး ချဲ့ကားနေပြီး အတိတ်ကလို အရှိန်အဝါလည်းမရှိတော့ကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် အင်တာနက်သုံးစွဲသူအချို့က သူမကို အလွန်အကျူး မြှောက်ပင့်ပြောဆိုခဲ့မိသည့်အတွက် ရှက်ရွံ့သလို ခံစားလာရသည်။ ထိုအချိန်က သူမကို မြှောက်ပင့်ချီးကျူးရခြင်းအား စွဲလမ်းခဲ့ပြီး သူတို့ဘဏ်အကောင့်ထဲ ကြည့်လိုက်ပါလျှင် ပြား၅၀ ပင် မရှိတော့။
"အခု သူမက Shazhou Chronicle မှာ သရုပ်ဆောင်မယ် ? အရင်လိုရော သရုပ်ဆောင်ကောင်းသေးလို့လား။ အရင်လိုရော အံ့ဖွယ်ဖြစ်နေသေးလို့လား..."
Shazhou Chronicle ၏ ပရိသတ်များက နက်နက်ရှိုင်းရှိုင်းပင် အယုံအကြည်မရှိကြတော့။
"ထားလိုက်ပါ ဘာပဲဖြစ်ဖြစ် သူမကလည်း အရင်ကတော့ ဆရာကြီးပဲလေ ပြီးတော့ သူရဲ့ပုံကလည်း anime ထဲက ဟီးရိုးအင်းနဲ့ ဆင်တူသလောက်နီးပါးပဲလေ သရုပ်ဆောင်စကေးတွေ ချက်ခြင်း သင်လာပြီး အရင်လို ပြန်ဖြစ်လာနိုင်တာပဲမလား..."
ရေတပ်၏ ဦးနှောက်ဆေးမှုအောက်တွင် ပရိသတ်များသည် ထန်ဝမ်ဝမ်က ဟီးရိုးအင်းဖြစ်လာနိုင်သည် ဆိုသည့်အချက်ကို လက်ခံစပြုလာသည်။
သူမကို ဟီးရိုးအင်းအဖြစ် လက်ခံလာကြကြောင်း မြင်လိုက်ရချိန်တွင် ထန်ဝမ်ဝမ်က ကျေနပ်မိသော်ငြား မကြာမီတွင်ပင် အင်တာနက်သုံးစွဲသူများက သူမ၏ သရုပ်ဆောင်စွမ်းရည်ကို တူးဆွလာချိန်မှာတော့ မရည်ရွယ်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ သူတို့အားလုံးက ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိကြ၍ အင်တာနက်ပေါ်မှ ထူးခြားချက်များကို မယုံကြည်ကြပေ။
ထိုသူများမှာ သူမ၏ပြိုင်ဘက်များမှ ငှားထားသော ရေတပ်ဖြစ်ရမည်။ ဒီလိုပုံစံမျိုးနဲ့ သူမလက်ထဲက ဟီးရိုးအင်းဇာတ်ကောင်ကို လုယူနိုင်မယ်များ ထင်နေလား။ Shazhou Chronicle ၏ ရင်းနှီးမြှုပ်နှံသူကို မဖော်ပြဘဲ မူပိုင်ခွင့်ကိစ္စဆိုလျှင်တောင် သူမသာမရှိလျှင် သူတို့က Shazhou Chronicle ၏ ထုတ်လုပ် သူကို ရှာတွေ့နိုင်မည်မဟုတ်ချေ။
တစ်ခါတစ်ရံတွင် ထန်ဝမ်ဝမ်လည်း သူမကိုယ်သူမ ဘာကြောင့် Shazhou Chronicle အား တန်းတန်းစွဲဖြစ်နေရသလဲဆိုတာကို နားမလည်နိုင်ပေ။ ကြည့်ရတာ သူမမှာ အမှောင်ထဲက ခံစားချက်တစ်ချို့ ရှိနေတဲ့ပုံပဲ။ ထိုရုပ်ရှင်ကိုသာ ရိုက်နိုင်လျှင် မနှစ်က သူမမရခဲ့သည့် ဗီဒီယိုကို ရနိုင်မည်ဖြစ်သည်။
......
ဖုကျန်း ရဲစခန်းသို့ ခေါ်သွားခံရသည့်သတင်းမှာ အင်တာနက်တစ်ခွင်လုံး ပျံ့နှံ့နေသည်။ လူတိုင်းက ရဲအစီရင်ခံစာကို မျှော်နေကြသော်ငြား ဖုကျန်းမှာ ‌အငွေ့ပျံသွားသလိုပင် ရဲများက သူ့ကို တစ်ခါမှ ဖော်ပြမလာခဲ့။
ခဏအကြာတွင်တော့ ရဲများက ထန်ဝမ်ဝမ်ကို မေးမြန်းရန် စခန်းသို့ ခေါ်ခဲ့သည်။ သူမ ရဲထံထွက်ဆိုခဲ့သည်မှာ လွန်ခဲ့သည့်နှစ်နှစ်က ဖုထင်နှင့် ဖုကျန်းချန်တို့ကို ‌ပြောခဲ့သည်နှင့် အတူတူပင်ဖြစ်သည်။ ဖုကျန်းက သက်လက်ပိုင်းအမျိုးသားတစ်ဦးကို ရိုက်ကွင်းသို့ ခေါ်သွင်းခဲ့သည်။ နောက်ပိုင်းတွင် ထိုသူက သောင်ဝေ့ယာ၏ ကြိုးကိုဖြတ်ကာ သူမကို ပြုတ်ကျပြီး ဒုက္ခိတဖြစ်အောင် ကြံစည်ခဲ့သည်။
ထန်ဝမ်ဝမ်၏ထွက်ချက်ကို ကြားပြီးနောက်မှတ်တမ်းတင်နေသောရဲက သူမကို မော့ကြည့်လိုက်သည်။ ထန်ဝမ်ဝမ်က ရေတစ်ငုံသောက်လိုက်ရင်း မျက်လုံးကို အကြည့်လွှဲလိုက်သည်။
အရာရှိက ထန်ဝမ်ဝမ်ကို ပြောလိုက်သည်။
"နားလည်ပါပြီ ကျွန်တော်တို့ အတတ်နိုင်ဆုံး အဖြစ်မှန်ကို ဖော်ထုတ်ပေးပါ့မယ်..."
ထန်ဝမ်ဝမ်က ကျေးဇူးတင်စကားပြောကာ ရဲစခန်းမှ ထွက်လာခဲ့လိုက်သည်။
ထန်ဝမ်ဝမ် ထွက်သွားပြီးနောက် မှတ်တမ်းတင်နေသော ရဲက သူ့ဘေးမှ လုပ်ဖော်ကိုင်ဘက်ကို ပြောလိုက်သည်။
"သူမက လိမ်နေတာ..."
လုပ်ဖော်ကိုင်ဘက်က မျက်ခုံးကို ပင့်ကာ မေးလိုက်သည်။
"ဘယ်လိုလုပ်ပြီးသိလဲ..."
ရဲအရာရှိက ပြုံးကာပြောလိုက်သည်။
"ငါအမှုလိုက်လာတာ အံတိုတော့မယ်ကွာ အရမ်းကို စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်တဲ့ ရာဇဝတ်ကောင်ကလွဲလို့ တော်တော်များများကို လိမ်နေတာလားဆိုတာလောက်ကတော့ တစ်ချက်လောက်ကြည့်ရုံနဲ့တင် ပြောနိုင်ပါတယ်..."
လုပ်ဖော်ကိုင်ဘက်က သက်ပြင်းချရင်း ပြောလိုက်သည်။
"ထန်ဝမ်ဝမ်က သာမန်တော့မဟုတ်ဘူးနော်..."
အရာရှိက ခေါင်းညိတ်လိုက်သည်။
"သေချာပေါက်ကို သာမန်မဟုတ်ဘူးပေါ့..."
သာမန်လူသာဆိုလျှင် ဖုမိသားစုထဲသို့ ဒီလောက်မြန်မြန် ဝင်လာနိုင်မည်မဟုတ်သလို ဖုမိသားစု၏ မောက်မာသော သခင်လေးကိုလည်း နှင်ထုတ်နိုင်မည် မဟုတ်ချေ။ အင်တာနက်သုံးစွဲသူများက မသိသော်ငြား သူတို့က ဖုကျန်း၏ လွန်ခဲ့သောနှစ်နှစ်အတွင်း ဖြစ်ပျက်ခဲ့သည်များကို စုံစမ်းပြီးဖြစ်သည်။ ထိုအချိန်က ဖုကျန်းချန်သည် ဖုကျန်းနှင့် သားအဖဆက်ဆံရေးကို ဖျက်ပစ်ကာ သူ့ကို အိမ်မှ နှင်ထုတ်လိုက်ကြောင်း ပြောခဲ့သည်။
ပွဲကြည့်သူတို့က သူသည် ထိုနည်းဖြင့် အားလုံးကို ပါးစပ်ပိတ်အောင်လုပ်ပြီး ဖုကျန်းကို ကာကွယ်လိုသည်ဟု ထင်သော်ငြား ဖုကျန်းချန်က သူပြောသည့်အတိုင်း လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ သူက ဖုကျန်းကို ဆက်သွယ်ခြင်းလည်း မရှိသလို တစ်ကျပ်တစ်ပြားပင် ထောက်ပံ့ခြင်းလည်း မရှိတော့ပေ။ ဖုမိသားစုမှ ထွက်လာပြီးနောက် ဖုကျန်းက အလုပ်တစ်ခုရခဲ့သေးသော်ငြား ဖုကျန်းချန်၏ စနက်လား ဖုထင် သို့မဟုတ် ထန်ဝမ်ဝမ်ကြောင့်လားတော့မသိရ၊ နှစ်ရက်အတွင်းမှာပင် အလုပ်ထုတ်ခံလိုက်ရသည်။
လုပ်ဖော်ကိုင်ဖက်က သက်ပြင်းချရင်း ပြောလိုက်သည်။
"ဖုကျန်းသာ တကယ်မလုပ်ခဲ့ဘူးဆိုရင် ဒီနှစ်နှစ်အတွင်းမှာ သူ မသေအောင် မနည်းရုန်းကန်နေရမှာ..."
ရဲအရာရှိ : "ငါ့အမြင်အရတော့ ဖုကျန်း မလုပ်ခဲ့တာက ပိုဖြစ်နိုင်ချေများတယ်..."
အင်တာနက်သုံးစွဲသူများက ထန်ဝမ်ဝမ်ကိုသာ မျက်ကန်းသဖွယ် ယုံကြည်နေကြပြီး အမှန်တရားကိုတော့ မြင်အောင်မကြည့်နိုင်ပေ။ သူတို့မြင်သည့်အချက်အလက်များဖြင့်သာ တစ်ဖက်ပိတ် ဖြစ်နေကြသည်။
အင်တာနက်သုံးသူတို့က နေ့တိုင်း ဝေ့ပေါ်တွင် သူတို့ကို ရှင်းလင်းချက်ပေးရန် ပင်ဟိုင်ရဲစခန်းကို တောင်းဆိုနေကြသည်။
ထိုအချိန်အတွင်းမှာပင် ဖုကျန်းချန်နှင့် ဖုထင်တို့ကလည်း လွန်ခဲ့သည့်နှစ်နှစ်အတွင်းက ကိစ္စအားလုံးကို ပြန်ရှာကာ ဖုကျန်းအပြစ်ကင်းကြောင်း သက်သေပြရန် ကြိုးပမ်းနေကြသည်။ သူတို့သည် လွန်ခဲ့သော နှစ်နှစ်က မတော်တဆမှုမှာ ဖုကျန်း၏လက်ချက်ဖြစ်ကြောင်း မယုံကြည်ကြ။ အထူးသဖြင့် DNA စစ်ဆေးချက် ထွက်လာချိန်တွင် ပို၍ပင် မယုံကြည်တော့ပေ။
ဖုကျန်းက အပြစ်ကင်းကြောင်း ယုံကြည်သော လူနည်းစုလည်း ရှိနေသေးသည်။ သူတို့က ဖုကျန်းကို အတိတ်ရွှံ့နွံထဲမှ ဆွဲထုတ်ရန် သက်သေကို အသည်းအသန် ရှာဖွေကြတော့သည်။
ထန်ဝမ်ဝမ်က ဖုကျန်းရော Shazhou Chronicle ၏ တရားဝင်စာမျက်နှာရော အသံတိတ်နေကြောင်း သတိထားလိုက်မိသည်။ ဖုကျန်းက ရဲကို ဖြေရှင်းရန် ရေကုန်ရေခမ်း စဉ်းစားနေရပြီထင်သည်။ ရဲစခန်းမှာပဲ အချုပ်ခံနေရတာများလား။
Shazhou Chronicle အတွက် လျာထားသော ဒါရိုက်တာက Shazhou Chronicle အတွက် ရွေးထားသော သရုပ်ဆောင်များကို စုစည်းထားရန် ခဏခဏ တိုက်တွန်းလာသည်။ သူ့တွင် အချိန်များများစားစား မရှိတော့။
ကံကောင်းစွာဖြင့်ပင် ဇာတ်ညွှန်းမှာ မီးပုံးပွဲတော်မတိုင်မီကတည်းက ပြင်ဆင်ပြီးဖြစ်သည့်အပြင် ထန်ဝမ်ဝမ်ကလည်း သရုပ်ဆောင်အချို့ကို ဆက်သွယ်ထား၍ နောက်လတွင်စတင်ရိုက်ကူးရန် သိပ်ပြီး မခက်ခဲလှတော့ပေ။
ထန်ဝမ်ဝမ်က ရုပ်ရှင်ကို လျှို့ဝှက်ရိုက်ကူးရန် ဆုံးဖြတ်လိုက်သည်။ Shazhou Chronicle ၏ မူပိုင်ခွင့်အတွက်မူ အနာဂတ်တွင်မှ ဖုကျန်းနှင့် ညှိနှိုင်းတော့မည်ဖြစ်သည်။
သို့သော်ငြား ထန်ဝမ်ဝမ်သည် သူတို့၏ ရိုက်ကွင်းဓာတ်ပုံများကို ပါပါရာဇီများက လျှို့ဝှက်ရိုက်ကူးကာ အင်တာနက်ပေါ်သို့ တင်လိုက်မည်ဟု မထင်ထားပေ။ ထိုအကြောင်းကို ထန်ဝမ်ဝမ်သိချိန်တွင်တော့ ဝေ့ပေါ်တွင် နံပါတ်တစ် ဖြစ်သည်မှာပင် အတော်ကြာနေပြီဖြစ်သည်။ သူမက ထိုသတင်းကို ဖြုတ်ချရန် Weibo team ကို ဆက်သွယ်လိုက်သည်။
ဒီတစ်ကြိမ်တွင်တော့ ခြေတစ်လှမ်းနောက်ကျသွားပြီဖြစ်သည်။ အားလုံးက ဓာတ်ပုံကို သိမ်းထားပြီးဖြစ်ကာ ထန်ဝမ်ဝမ့်အကြောင်းကို‌ ဆွေးနွေးနေကြသည်။ သူမ၏ ပရိသတ်များက ထန်ဝမ်ဝမ်ကို Shazhou Chronicle ၏ mini version အဖြစ် တည်းဖြတ်ကာ အောင်ပွဲခံနေကြတော့သည်။
Shazhou Chronicle ၏ ပရိသတ်များကတော့ စိတ်ဓာတ်ကျကာ တရားဝင်စာမျက်နှာအောက်သို့ ဘယ်အချိန်တွင် Shazhou Chronicle ကို ထုတ်လွှင့်မည်ဖြစ်ကြောင်း မေးနေကြသည်။
သို့သော်ငြား Shazhou Chronicle ၏ ဒါရိုက်တာအစစ်ကတော့ ဆေးစစ်ရန် ဆေးရုံသို့ ခေါ်သွားခြင်းကို ခံနေရသည်။
ဖုကျန်း ဓာတ်ခွဲခန်းမှ ထွက်လာချိန်တွင် ကျန်းဟန်ရှုက လက်ထဲမှ ဆေးစစ်ချက်စာရွက်ကို ကြည့်ရင်း သူ့ကိုပြောလိုက်သည်။
"သက်သေရှာတွေ့ပြီ..."