အပိုင်း ၆၁
Viewers 23k

ဖုကျန်းက ကျန်းဟန်ရှုကို မော့ကြည့်လိုက်သည်။ သူ့မျက်ဝန်းတို့က အံ့ဩမှုကြောင့် ပြူးကျယ်နေသည်။ သူက ကျန်းဟန်ရှုကို မေးလိုက်သည်။
"ဘာသက်သေလဲ..."
ဖုကျန်းက လက်ထဲမှ ဖုန်းကိုချကာ ‌ဖုကျန်း၏လက်ကိုတွဲပြီး ဆေးရုံထဲမှ ထွက်လာရင်း ပြောလိုက်သည်။
"အဲ့တုန်းက မင်းငှားခဲ့တဲ့တစ်ယောက်ကို ရှာတွေ့ပြီ သူက တကယ်တော့ ထန်ဝမ်ဝမ်ရဲ့လူ..."
ဖုကျန်းမှာ ကြက်သေသေသွားသည်။ သူက ထိုလူကို ထန်ဝမ်ဝမ်၏ထမင်းဘူးထဲသို့ ငရုတ်ဆီထည့်ရန်သာ ခိုင်းခဲ့ခြင်းဖြစ်သော်လည်း ထိုသူက ထန်ဝမ်ဝမ်၏ သောင်ဝေ့ယာကို ရွှေ့ခဲ့သည်။ ဖုကျန်းသည် သူ ထိုသို့မခိုင်းခဲ့မိကြောင်းကိုတော့ ရှင်းရှင်းလင်းလင်းမှတ်မိနေသေးသည်။
ဒါဆို သူက ဘာလို့ မခိုင်းတာကိုပါ လုပ်ရတာလဲ။ ထန်ဝမ်ဝမ်ကို မုန်းတဲ့သူတစ်ယောက်က ထပ်ခိုင်းထားတာများလား ။ အဲ့လူကရော ဘယ်သူလဲ။
ထိုခဏအတွင်းမှာပင် ဖုကျန်း၏အတွေးထဲ၌ မေးခွန်းများ မရေမတွက်နိုင်အောင် ထွက်လာသည်။ သို့သော် ကျန်းဟန်ရှုက သူ တကယ်လုပ်ခဲ့သည်ဟု ထင်သွားမည်ကိုတော့ အကြောက်ဆုံးဖြစ်သည်။ သူက ကျန်းဟန်ရှု၏လက်ကိုဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။
"ကျွန်တော်မဟုတ်ဘူးနော်..."
"မင်းမဟုတ်မှန်း ကိုယ်သိပါတယ်..."
ကျန်းဟန်ရှုက ဖုကျန်း၏ နောက်ကျောကို ဖွဖွလေး ပုတ်ပေးလိုက်သည်။
"ထန်ဝမ်ဝမ်က သူ့ဘာသာသူ လုပ်ခဲ့တာ..."
ဖုကျန်းမှာ သူနားကြားမှားမိလေသလားဟုပင် ထင်ခဲ့သည်။ ကျန်းဟန်ရှုက သူစိတ်သက်သာရာရစေရန် တမင်သက်သက် ပြောခြင်းမဟုတ်ကြောင်း သိလိုက်ရချိန်တွင်တော့ ဖုကျန်းမှာ မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ကျန်းဟန်ရှုကို မေးလိုက်သည်။
"နာကျည်းချက်ကြောင့်လား..."
အမြင့်မှ ပြုတ်ကျရန် ကြံစည်သူမှာ ထန်ဝမ်ဝမ်ဖြစ်နိုင်ကြောင်းကို သူမတွေးမိခဲ့သည်တော့ မဟုတ်ပေ။ သို့သော် ထိုသို့လုပ်ခြင်းမှာ သူမကိုယ်သူမ သေကြောင်းကြံသည်နှင့် အတူတူပင်ဖြစ်သည်။
သူက ထန်ဝမ်ဝမ်ပြုတ်ကျလာသည့် ဗီဒီယိုကို ကြည့်ဖူးရာ သူမအောက်မှသာ ကူရှင်ခံမထားလျှင် ဦးနှောက်ပင် တစ်စစီ ပြန့်ကြဲကျလာနိုင်သည့် အနေအထားဖြစ်သည်။
ကူရှင်အကြောင်းပြောရင်းမှ ဖုကျန်းက ရုတ်တရက် စဉ်းစားမိသည်။ သူမက ဒါကို မျှော်လင့်မထားတာလား။
ကျန်းဟန်ရှုက ခေါင်းညိတ်ပြရင်း ကားတံခါးဖွင့်ကာ ဖုကျန်းကို အရင်ဝင်ထိုင်စေလိုက်သည်။
သူရှာတွေ့ထားသော သက်သေက ထိုအတိုင်းဖြစ်သော်ငြား ပိုမိုတိကျ‌ရန် ကျန်းဟန်ရှုက ဒါရိုက်ဘာထိုင်ခုံတွင် ထိုင်ရင်း ပြောလိုက်သည်။
"ဖြစ်နိုင်လောက်တယ်..."
ဖုကျန်းက အမှန်တရားကို မယုံကြည်နိုင်သေးပေ။ သူက ကျန်းဟန်ရှုကို မေးလိုက်သည်။
"သူမလုပ်တာလို့ ဘယ်လိုသိခဲ့တာလဲ..."
ကျန်းဟန်ရှု : "သူ့ဘဏ်အကောင့်ထဲမှာ ထန်ဝမ်ဝမ်လွှဲထားတဲ့ ငွေတွေ ရှိတယ်..."
ဖုကျန်းက ခေါင်းယမ်းပြလိုက်သည်။
"ငွေလွှဲတာလောက်က သက်သေမဖြစ်နိုင်ဘူး ကျွန်တော့်ကို ဖော်ထုတ်ဖို့ အဲ့လူကို ထန်ဝမ်ဝမ်က လိုချင်နေတာလားမှမသိတာ..."
"ဟုတ်တယ်..."
ကျန်းဟန်ရှုက ခေါင်းညိတ်လိုက်သည်။
"ဒါပေမယ့် သူကလည်း အသံဖမ်းထားတယ်..."
"အသံဖမ်းထားတယ် ? ဒီလောက်ကြာတဲ့အထိ မဖျက်ဘူးပေါ့..."
ကျန်းဟန်ရှုက ကားကို ပါကင်ထိုးလိုက်သည်။
"ဟိုတလောကတော့ သူက ဖျက်ပစ်ဖို့ စီစဉ်ထားတာ ဒါပေမယ့် ထန်ဝမ်ဝမ်က ပြဿနာကို ပြန်အစဖော်လာတယ်လေ သူ့ကိုရဲတွေ တွေ့သွားခဲ့ရင်ဆိုပြီး အသံဖမ်းထားတဲ့ဖုန်းကို ကိုယ်နဲ့မကွာဆောင်ထားတာ..."
ထိုကဲ့သို့လူမျိုးအတွက် အသံကြိုဖမ်းထားခြင်းမှာ သဘာဝပင်ဖြစ်သည်။ ထိုသူမှာ လွန်ခဲ့သောနှစ်နှစ်က နိုင်ငံခြားသို့ ထွက်ပြေးသွားပြီး ဘယ်သူမှ လိုက်မရှာတော့သည့်အတွက် အားလုံးက ထန်ဝမ်ဝမ်ကို ကြံစည်သည်မှာ ဖုကျန်းဟုပင် ယုံကြည်လိုက်ကြသည်။
ဖုကျန်းက သက်ပြင်းဖွဖွချလိုက်သည်။
"ဘယ်လိုရလာတာလဲ..."
ကျန်းဟန်ရှုအနေဖြင့် ထိုကိစ္စမျိုးကို လွယ်လွယ်ကူကူ ကိုင်တွယ်၍ မရနိုင်လောက်ပေ။
ကျန်းဟန်ရှုက ပြုံးကာပြောလိုက်သည်။
"သဲလွန်စတွေ လိုက်ရှာရင်းနဲ့ နည်းလမ်းတွေ့လာတာပါ စိတ်မပူနဲ့ အဲ့ဒီ့မှတ်တမ်းက ရဲတွေလက်ထဲ ရောက်သွားပြီ မကြာခင် အွန်လိုင်းပေါ် ရောက်လာတော့မှာ..."
ဖုကျန်းက သူ၏ တစ်ဆစ်ဆစ်ကိုက်နေသော ခေါင်းကိုဖိရင်း ကျန်းဟန်ရှုကို ပြောလိုက်သည်။
"နည်းနည်းလောက်စောင့်ပါဦး..."
"ဘာဖြစ်လို့လဲ..."
"အသံဖမ်းထားတဲ့ဟာကို ထန်ဝမ်ဝမ် Shazhou Chronicle ရိုက်ပြီးတဲ့အထိ နှစ်ရက်သုံးရက်လောက်စောင့်ပြီးမှ တင်ရအောင်..."
ကျန်းဟန်ရှုက ပြောလိုက်သည်။
"မင်းသဘောအတိုင်းပါ..."
ထန်ဝမ်ဝမ်မှာ ဖုကျန်းထံမှ သတင်းမရတော့သည်မှာ ကြာ၍ ဆက်မစောင့်လိုတော့။ သူမက ဖုကျန်းမှာ ကြောက်ဒူးတုန်၍ ပုန်းနေပြီဟုထင်ခဲ့သဖြင့် Shazhou Chronicle ကို သူမ ရိုက်နေခြင်းမှာ အမှန်ပင်ဖြစ်ကြောင်း ထုတ်ပြောလိုက်တော့သည်။
ကျန်းဟန်ရှုကသာ ဖုကျန်း၏အပြစ်ကင်းမှုကို သက်သေပြလိုသည်မဟုတ်။ ဖုကျန်းချန်နှင့် ဖုထင်တို့ကလည်း ပျောက်နေသော သက်သေများကို လိုက်ရှာနေသည်။ လွန်ခဲ့သောနှစ်နှစ်က ဖုကျန်းအတွက် မလုပ်ပေးခဲ့ရသမျှကို အတိုးချ၍ လုပ်ပေးနေသည်။
ဖုကျန်းချန်က တစ်နေ့နေ့တွင် သူ့သားသည် အိမ်ကိုပြန်လာမည်ဟု မျှော်လင့်နေပြီး ထိုသို့သာဖြစ်လာပါလျှင် သူတတ်စွမ်းသရွေ့ အကုန်ပေးအပ်မည်ဖြစ်သော်ငြား ထိုသို့ဆိုလျှင်တောင် ဖုကျန်းကတော့ ပြန်လာတော့မည်မဟုတ်ချေ။
ဧည့်ခန်းမှာ တိတ်ဆိတ်မှုကသာ လွှမ်းမိုးနေသည်။ ဖေဖော်ဝါရီလကုန်၍ မတ်လသို့ ရောက်လာပြီဖြစ်သော်ငြား ဖုအိမ်တွင်တော့ နွေဦး၏ နွေးထွေးမှုက ရောက်မလာသေးပေ။
"တစ်လှမ်းပြီးတစ်လှမ်း နောက်ကျသွားတာပဲ..."
တစ်ခေါင်းလုံး ဆွတ်ဆွတ်ဖြူနေသော ဖုကျန်းချန်က ခါးသီးစွာ ပြုံးလိုက်သည်။ သူက သက်ပြင်းချရင်း ဖြေးဖြေးလေး ပြောလိုက်သည်။
"ငါတို့က အမြဲတမ်း ခြေတစ်လှမ်းနောက်ကျနေတာပဲ ဒါပေမယ့် ဒီတစ်ခါတော့ ပြန်စဖို့ကို အခွင့်အရေးမရှိတော့ဘူးထင်တယ်..."
သူတို့က နှစ်နှစ်တာအတွက် ခြေလှမ်းပေါင်းများစွာ နောက်ကျခဲ့ပြီး အခုတော့ အတိတ်သို့ ပြန်မလှည့်နိုင်တော့ပေ။
"အဖေ..."
ဖုထင်းမှာ သူ့ရှေ့က ဖုကျန်းချန်ကို ဘယ်လိုနှစ်သိမ့်ရမလဲ မသိတော့။ သူ့နှလုံးသားထဲ၌လဲ အပြစ်မကင်းစိတ်နှင့် နောင်တတို့က ထိုးဆွနေသည်။ သူက ဖုကျန်းကို တိတ်‌တိ‌တ်လေး သွားချောင်းကြည့်တတ်ပြီး အခြားယောကျာ်းတစ်ဦးက သူ့ညီလေးကို လိုသည်ထက်ပင် ပို၍အလိုလိုက် ချစ်ခင်ပေးသည်ကို တွေ့ရသည်။ ထိုသူက ဖုကျန်းကို ဘယ်လိုဆက်ဆံမှန်း သူမသိသော်ငြား ဖုကျန်းက လက်ရှိတွင် ပျော်ရွှင်နေသည်ကိုတော့ မြင်နိုင်ပေသည်။
သူက တကယ်ကို သူတို့သားအဖကို မလိုအပ်တော့ဘူး။
ရင်နာစရာကောင်းပေမယ့် ဒါက အမှန်တရားပဲ။
ဖုထင်းသည် ဖုကျန်းအလုပ်လုပ်ခဲ့သည့် ဆောက်လုပ်ရေးဆိုက်နှင့် ဖုကျန်းနေခဲ့သည့် အခန်းဟောင်းသို့သွားကာ သူစိမ်းများထံမှ သူ့အတိတ်အကြောင်းကို အများကြီးမေးခဲ့သည်။ သူပိုသိရလေ ပိုရင်နာရလေဖြစ်သည်။
ဘာလို့များ သူ့ညီလေးကို အိမ်ကနေ နှင်ထုတ်ရတဲ့အထိ အေးစက်ပြီး အကြင်နာမဲ့တဲ့အစ်ကိုတစ်ယောက် ဖြစ်ခဲ့ရတာလဲ ဘာလို့များ ဘယ်ဥကပေါက်မှန်းမသိတဲ့ ထန်ဝမ်ဝမ်ကို ပုံအောပြီး ချစ်ရလောက်တဲ့အထိ ရူးမိုက်ခဲ့ရတာလဲ...
သူက ကြိုးဆွဲရာ ကရတဲ့ရုပ်သေးရုပ်လိုပဲ သူချစ်ရတဲ့သူတွေကို သူ့လက်နဲ့ပဲ နာကျင်အောင် လုပ်ခဲ့မိတာ
ဘာအကြောင်းကြောင့် ဒီလိုလုပ်ခဲ့သည်ပဲဖြစ်ဖြစ် သူစိုက်သည်ကို သူပြန်ရိတ်သိမ်းရတော့မည်ဖြစ်သည်။
ဖုကျန်းကို အဝေးမှ စောင့်ရှောက်ကာ သူ့ကို မနှောင့်ယှက်ဘဲ တတ်စွမ်းသလောက် ကူညီပေးခြင်းကသာ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာဖြစ်သည်။
ဖုထင်းသည် ဖုကျန်းမှာ သူတို့ကို မတွေ့ချင်သည့်အတွက် သူ့ကို မနှောင့်ယှက်မိရန် ကိုယ့်ကိုယ်ကို ခက်ခက်ခဲခဲ သတိပေးနေရသည်။
သို့သော်ငြား သူ့ရှေ့မှ သူ့အဖေကိုကြည့်ကာ ဖုထင်က ကြင်ကြင်နာနာ ပြောလိုက်သည်။
"အဖေ တကယ်လို့ သူ့ကို သတိရရင်..."
ဖုကျန်းချန်က လက်ကိုမြှောက်ပြကာ ဖုထင်း ဆက်ပြောလာမည့်စကားကို ရပ်ခိုင်းလိုက်သည်။ သူ့ကို နှစ်သိမ့်ပေး၍လည်း အကျိုးမရှိပေ။ သူက ဖုထင်ကို ပြောလိုက်သည်။
"ဘာမှမပြောနဲ့တော့ အဲ့ဒီ့အသံဖမ်းထားတဲ့ဟာက ကျန်းဟန်ရှု ယူသွားတာလား..."
ဖုထင်က ခေါင်းညိတ်ပြလိုက်သည်။
"သူပဲဖြစ်မှာပါ..."
"ကောင်းပါတယ်..."
ဖုကျန်းချန်၏ ခါးသီးနေသော မျက်နှာက နောက်ဆုံးတွင်တော့ စိတ်သက်သာရာရသွားသည်။ သူတို့အပြင် ဖုကျန်းကို လိုလိုလားလား ကာကွယ်ချင်သောသူတစ်ဦး ထပ်တိုးလာပြီဖြစ်သည်။
အသက်ကိုပြင်းပြင်း ရှူလိုက်သည်။ ဖုကျန်းချန်သည်သူ၏ ဝမ်းနည်းနေသော အမူအယာကို မည်သူ့ကိုမှ မပြလိုပေ။
ဖုထင်က စကားလမ်းကြောင်းပြောင်းကာ ဖုကျန်းချန်ကို ပြောလိုက်သည်။
"ကျွန်တော်တို့ ဟိုဟာကို ဘယ်အချိန် ကြေညာမလဲ..."
"ခဏစောင့်လိုက်ဦး ကျန်းဟန်ရှုနဲ့ တစ်ခြားသူတွေ လှုပ်ရှားတဲ့အချိန်အထိ စောင့်ဦး..."
......
ဘုရားသခင်သည် လူသားတို့ကို ဖျက်ဆီးလိုလျှင် ဦးစွာပထမ ရူးသွပ်အောင် ဖန်တီးသည်။ ထိုစာကြောင်းမှာ ထန်ဝမ်ဝမ့်အတွက် ရေးထားသလားပင် အောက်မေ့ရသည်။ လမ်း‌ဖောက်ပြီးကတည်းက သူမ၏လမ်းတစ်လျှောက်တွင် ဆူးညှောင့်ခလုတ်ဟူ၍ မရှိတော့သည့်အတွက် ထန်ဝမ်ဝမ်တွင် အကြောက်အရွံ့ဟူ၍ မရှိတော့။ ဥပဒေကိုအလေးမထား၊ အမိန့်အာဏာကို လျစ်လျူရှုကာ သူမကိုယ်သူမသာ ကိုးစားတော့သည်။
သူမ၏အင်တာဗျူးထဲတွင် Shazhou Chronicle အတွက် ဘယ်လိုပြင်ဆင်ခဲ့ရကြောင်းနှင့် ဒီဇာတ်ကားသည် ပရိသတ်အားလုံးကို ကျေနပ်စေမည်ဖြစ်ကြောင်း အာပေါင်အာရင်းသန်သန်ပြောထားခြင်းကို ဖုကျန်းက ကြည့်လိုက်ရသည်။
ထန်ဝမ်ဝမ်က ဖုကျန်း၏နာမည်ကို မကြာခဏ သုံးလေ့ရှိကာ သူ့နာမည်ကို ပြောမိချိန်တိုင်း တွန့်ဆုတ်ကြောက်ရွံ့ဟန်လုပ်နေသည်ကို မြင်ရပါများလာသောအခါတွင်တော့ ကြည့်ရှုသူများက ငြီးငွေ့လာသည်။
ယေဘုယျအားဖြင့် အပျိုစင်မယ်ရီလို ဖြူစင်သူက ကောင်းမွန်သော်ငြား အမြဲတမ်းဖြူစင်ပြနေလျှင်တော့ သူ့ဦးနှောက်က အလုပ်မလုပ်ဘူးလားဟုသာ တွေးမိကြလိမ့်မည်။
လတ်တလော ထန်ဝမ်ဝမ်၏ လှည့်ကွက်များကို တွေ့ပြီးနောက်တွင် ဖုကျန်းသည် ‌ကျန်းဟန်ရှုကို ပြောလိုက်သည်။
"အသံဖမ်းထားတာကို တင်လိုက်လို့ရပြီ..."
သူက ထိုဟာကို တမင်တကာပင် လုပ်လိုက်သည်။ ထန်ဝမ်ဝမ်က မယ်တော်မယ်ရီဖြစ်ချင်ဖြစ်မည် သူကတော့မဟုတ်။
ကျန်းဟန်ရှုက ဖုကျန်း၏စကားအတိုင်း ဖုန်းဆက်ကာ ညွှန်ကြားလိုက်သည်။ မကြာမီတွင်ပင် အသံဖမ်းထားသည့်ဖိုင်က အင်တာနက်ပေါ် ပျံ့နှံလာပြီး သတင်းခေါင်းစဉ်များက တစ်စထက်တစ်စ ပုံကြီးချဲ့လာကြတော့သည်။
[လွန်ခဲ့တဲ့နှစ်နှစ်က ထန်ဝမ်ဝမ်နဲ့ လူစိမ်းတစ်ယောက်ရဲ့ ညဉ့်နက်သန်းခေါင် ဖုန်းပြောခန်း... ]
-[ထန်ဝမ်ဝမ်ရဲ့ ဖုန်းကွယ်ထားတဲ့သရုပ်မှန်ကို ‌ဖွင့်ပြလိုက်တဲ့ အသံဖိုင်... ]
[တစ်ကမ္ဘာလုံး အရူးလုပ်ခံလိုက်ရပြီ ]
.........
ထိုခေါင်းစဉ်များက အင်တာနက်သုံးစွဲသူများ၏ စပ်စုလိုစိတ်ကို နှိုးထစေကာ စခရင်ပေါ်မှ အသံဖိုင်ကို ဖွင့်နားထောင်စေသည်။ ဖုန်းသံမြည်ပြီးနောက် သက်လက်ပိုင်းအမျိုးသားတစ်ဦး၏ အသံခပ်အက်အက်က သူတို့နားထဲ ထွက်ပေါ်လာသည်။
"(မစ်ထန်ဝမ်ဝမ် တကယ် တကယ်ပဲ ဒီလိုကြီး လုပ်ချင်တာလား ...)
(ရှင့်ကိုခိုင်းထားရင် လုပ်လိုက်လေ ဘာကြောက်နေတာလဲ...)
(အဲ့ဒါက သောင်ဝေ့ယာလေ လူသတ်မိသလို ဖြစ်သွားမှာ...)
(ရှင့်ကို ပြုတ်ကျခိုင်းနေတာမှ မဟုတ်တာ ဘာတွေသွေးကြောင်နေတာတုန်း...)
(ဒါ ဒါပေမယ့် မစ်သာတစ်ခုခုဖြစ်သွားရင် ရဲတွေက ကျုပ်ကို လိုက်ဖမ်းကြမှာလေ ...)
(ပူမနေနဲ့ ကျွန်မအကုန်ပြင်ဆင်ပြီးသား ရှင်လုပ်စရာရှိတာသာလုပ် ပြီးတာနဲ့ နိုင်ငံခြားကို တစ်ခါတည်းထွက်သွား ရှင့်ကို လိုက်မရှာစေရဘူး ...)
တစ်ဖက်သူမှာ တုန့်ဆိုင်းနေဟန်ရှိသည်။ ဘာမှ အကြောင်းပြန်မလာခဲ့။
ထန်ဝမ်ဝမ်က ဆက်ပြောလိုက်သည်။
(ယွမ်သုံးသန်း စရန်ပေးမယ် ကိစ္စပြီးသွားရင် နောက်ထပ်ငါးသန်း ဒီပိုက်ဆံတွေယူပြီး နိုင်ငံခြားကို သွားရှောင်နေ ကိစ္စတွေအေးရင် ပြန်လာလို့ရပြီ...)
အကြာကြီး အသံတိတ်နေပြီးမှ ထိုသူက ပြန်ဖြေလိုက်သည်။
(ကောင်းပြီလေ လက်ခံတယ်...)
အသံဖိုင်က ပြီးဆုံးသွားသော်ငြား အကြောင်းအရာမှာ စိတ်လှုပ်ရှားဖွယ် ကောင်းလွန်း၍ အင်တာနက်သုံးစွဲသူများမှာ အနည်းငယ် လက်မခံနိုင်ဖြစ်နေကြသည်။
သို့သော် နှိုင်းယှဉ်စစ်ဆေးမှုများ လုပ်ပြီးနောက်တွင်တော့ အသံဖိုင်ထဲမှ အမျိုးသမီးသံမှာ ထန်ဝမ်ဝမ်၏အသံ အစစ်အမှန်ဖြစ်ကြောင်း သိလိုက်ရသည်။