အပိုင်း ၆၃
Viewers 23k

အင်တာနက်သုံးစွဲသူများသည် အတွေးလွန်သွားပြီးသည်နှင့် နွားဆယ်ကောင်နှင့် ပြန်ဆွဲလျှင်တောင် လမ်းမှန်မရောက်နိုင်တော့။ သူတို့သည် ဆောင်းပါးထဲမှ မိန်းကလေး၏ဘဝနှင့် ထန်ဝမ်ဝမ်ကို တစ်ချက်ခြင်း နှိုင်းယှဉ်ကြတော့သည်။ ထန်ဝမ်ဝမ်သာ ဖုကျန်းကို ချောက်တွန်းရန် မကြံသည်လျှင် သူမသည်လည်း ထိုမိန်းကလေး၏အဆုံးသတ်လိုမျိုးကိုပင် ကြုံတွေ့ရလောက်မည်ဖြစ်သည်။
သို့သော်ငြား မည်သည့်အကြောင်းကြောင့်ပင် ဖြစ်ပါစေ ထန်ဝမ်ဝမ်သည် သူတို့အပေါ် မစစ်မှန်ခဲ့ပေ။ ဝတ္ထုထဲမှ မိန်းကလေးက သူတို့ကို စိတ်ထိခိုက်စေသော်ငြား သူ့လက်မောင်းကိုပင်ရင်းကာ သူတို့ကို လှည့်ဖျားခဲ့သော ထန်ဝမ်ဝမ်ကိုတော့ တွေးလေတွေးလေ ရွံရှာလေဖြစ်သည်။ ထန်ဝမ်ဝမ်က သူတို့ကို အမှန်တရားတစ်ခုခုအား ဖုန်းကွယ်ထားသည်ဟု အမြဲ ခံစားရသည်။
သူမ၏ ပရိသတ်များ တစ်နေကုန်တစ်နေခမ်း တင်နေသည့် စိတ်ထိခိုက်ဖွယ်ရာ ပို့စ်များမှလွဲ၍ အခြားသူများက အရင်ကလောက် ဖုကျန်းကို ခါးခါးသီးသီးမဖြစ်ကြတော့။ အထူးသဖြင့် သူသည် Shazhou Chronicle ၏ ဒါရိုက်တာဖြစ်ကြောင်း သိလိုက်ရပြီးနောက်တွင် ဖုကျန်းတွင်လည်း ပရိသတ်တစ်အုပ် ရှိလာပြီဖြစ်သည်။
ပွဲကြည့်သူများသည် နောက်တစ်ခါ မျက်နှာဖြတ်ရိုက်ခံရခြင်းမှ ကာကွယ်ရန် စည်းမျဉ်းသုံးချက်ဖြင့်သာ ဖရဲသီးစားကြတော့သည်။ ဝင်မပြောဘူး၊ ဝင်မပါဘူး၊ ‌တရားဝင်ကြေညာချက်ကိုပဲ စောင့်မယ်
ရလဒ်အနေဖြင့် ရဲများက လွန်ခဲ့သည့်နှစ်နှစ်က ကိစ္စတွင် မည်သူကမှား၍ မည်သူက မှန်ကြောင်း ရှင်းရှင်းလင်းလင်းသိအောင် စုံစမ်းရန် ပိုပြီး ဝီရိယ စိုက်ထုတ်လာကြသည်။
ရက်အတန်ကြာ အားစိုက်ထုတ်ပြီးနောက်တွင်တော့ လွန်ခဲ့သည့်နှစ်နှစ်က ဝေ့ရှီးတူရိုက်ကူးရေးအဖွဲ့တွင် ဖြစ်ပွားခဲ့သည့် မတော်တဆမှုကို ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။ ရဲများက အမှန်တကယ် လိမ်နေသူမှာ ထန်ဝမ်ဝမ်ဖြစ်ကြောင်း သိလိုက်ရသည်။
ရဲအစီရင်ခံစာကို ချက်ခြင်း ထုတ်ပြန်လိုက်သည်။ ထိုစာထဲတွင် ဖုကျန်းသည် ကျောက်မျိုးရိုးကို ထန်ဝမ်ဝမ်၏ ထမင်းဘူးထဲသို့ ချုံးထန်တံဆိပ် ငရုတ်ဆီထည့်ရန်သာ ငှားခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ကျောက်မျိုးရိုးကို ထန်ဝမ်ဝမ်က ရိုက်ကွင်းကို ဖျက်ဆီးရန် ခေါ်သွင်းခဲ့ပြီး သူမလည်း သောင်ဝေ့ယာမှ ပြုတ်ကျခဲ့သည်။ ထိုအဖြစ်အပျက်အားလုံးမှာ ဖုကျန်းနှင့် သက်ဆိုင်ခြင်းမရှိပေ။ အများပြည်သူပိုင်ပစ္စည်းကို တမင်တကာ ဖျက်ဆီးသူမှာ ထန်မျိုးရိုးနှင့် ကျောက်မျိုးရိုးသာဖြစ်ပြီး ဆိုးရွားသည့် အကျိုးဆက်များကို ဖန်တီးခဲ့သည့်အတွက် သူတို့ကိုသာ အပြစ်ပေးသင့်သည်ဟု ဖော်ပြထားသည်။
ရဲအစီရင်ခံစာကို မြင်လိုက်သူအားလုံးမှာ ကီးဘုတ်တွင် စာမရိုက်နိုင်လောက်အောင်ပင် လက်ချောင်းများ တစ်ဆတ်ဆတ်တုန်နေကာ နေ့တစ်ဝက်ခန့် ပြောစရာစကား ရှာမတွေ့တော့။
(-Fuck အချိန်အကြာကြီးကြာမှ ထုတ်မပြောနိုင်လောက်တဲ့ ဆေးဆိုတဲ့ဟာကြီးက ငရုတ်ဆီမှန်း သိလိုက်ရတာပဲ )
-(အဖြူကို အမဲဖြစ်အောင် ပြောနိုင်တာ တော်လိုက်တာနော် )
ထန်ဝမ်ဝမ်အတွက် ဝတ္ထုဖန်တီးပေးခဲ့သည့် ဘလော်ဂါမှာတော့ ဆဲဆိုမှုများကို ရင်ဆိုင်လိုက်ရပြီဖြစ်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့ပို့စ်အောက်တွင် လာငိုနေကြသူများကိုကြည့်ကာ ကျေနပ်နေခဲ့သည်။ ထိုငိုခဲ့သူများက ယခုအချိန်တွင်တော့ သူ၏ စိတ်ခံယူချက် မကောင်း၍ ငိုခဲ့သယောင် သဘောထားပြောင်းသွားကြတော့သည်။
စာရေးသူမှာ ခံစားချက်နုနယ်သူဖြစ်၍ ဆူပူကြိမ်းမောင်းသည်များကို ခဏလောက်ပင် သည်းမခံနိုင်။ comment များကို ချက်ခြင်းပိတ်လိုက်သည်။ ထိုကိစ္စကြောင့် သူ့တွင် ပရိသတ်များစွာ ဆုံးရှုံးလိုက်ရပြီဖြစ်သည်။ ထိုအဖြစ်အပျက်က သူ့အတွက် အမဲစက်ဖြစ်ကာ နောင်တစ်ချိန်တွင် သူ ပြန်ပြီး နာမည်ရလာလျှင်ပင် ထိုအကြောင်းကို ပြန်အစဖော်ခံရတော့မည်ဖြစ်သည်။
သူအရင်ရေးခဲ့တဲ့ အက်ဆေးအတိုလေးက အင်တာနက်သုံးစွဲသူတိုင်းကို စိတ်ပျက်စရာကောင်းတဲ့ ခံစားချက်ကိုသာ ပေးတော့သည်။
ထုတ်မပြောနိုင်လောက်သည့် ဆေးဝါးဟု သူတို့ ယခင်က သိခဲ့သည့် ငရုတ်ဆီကိုလည်း ထိုအတိုင်းပင် ဆက်ခေါ်ခဲ့တော့သည်။
ထိုအကြောင်းအရာမှာ မမှန်ကန်သည်ဖြစ်ရာ ထန်ဝမ်ဝမ်၏ ဖုကျန်းအပေါ် သူမ၏ အမြင်အပါအဝင် ဆောင်းပါးတွင် ဖော်ပြထားသော အခြား အကြောင်းအရာအားလုံးမှာလည်း မှန်နိုင်မည်မထင်ပေ။
သူ့ရန်သူကို လက်စားချေချင်တာတောင် ထမင်းဘူးထဲ ငရုတ်ဆီထည့်ဖို့လောက်ပဲ သိတဲ့ လူငယ်လေးက ဘယ်လိုတောင် ကောက်ကျစ်တဲ့လှည့်ကွက်တွေ လုပ်နိုင်မှာတဲ့လဲ။
သူတို့က ဘာလို့ ဖုကျန်းကို လူကြောက်တတ်ပြီး မောက်မာတဲ့ သခင်ငယ်လေးလို့ပဲ မြင်ခဲ့မိမှန်းလည်း နားမလည်နိုင်တော့ပေ။ သို့သော်ငြား ယခုတွင်တော့ လူငယ်လေးသည် ထန်ဝမ်ဝမ်၏ ထမင်းဘူးထဲသို့ ငရုတ်ဆီထည့်ခိုင်းရန် လူငှားခဲ့ကြောင်း သိလိုက်ရချိန်တွင် အားလုံး၏ သုံးဖက်မြင်အမြင်မှာ ပြောင်းလဲသွားတော့သည်။
ချွန်းဟွာတောင်ကဲ့သို့ လေးနက်သော ရုပ်ရှင်မျိုးကို ရိုက်ခဲ့သည့် ဒါရိုက်တာလေးတွင်လည်း ထိုကဲ့သို့ ချစ်စရာကောင်းသည့်အခြမ်း ရှိနေလိမ့်မည်ဟု မထင်ထားပေ။ ဖုကျန်းမှာ ယခုနှစ်တွင်မှ ၂၂ နှစ်အရွယ်သာ ရှိဦးမည်။ ကျောင်းသာ ၂နှစ်စောပြီး မပြီးခဲ့ပါလျှင် ဒီနှစ်တွင်မှ ဘွဲ့ယူရမည့်ကလေး ဖြစ်သည်။
ဒါနဲ့ နေပါဦး ကူပိုလာငရုတ်ဆီက ဘာကြီးတုန်း။
သူတို့သည် လုံကန်မာတံဆိပ်ကိုသာ စားဖူးသည်ဖြစ်ရာ ချုံးထန်တံဆိပ်ကို တစ်ခါမှ မကြားဖူးပေ။ အချို့သူများက အင်တာနက်ပေါ်တင်ကာ မေးမြန်းကြတော့သည်။
ချုံးထန်တံဆိပ်က တကယ်စပ်တာနော် ညီအစ်ကိုတို့ ငါ့ကို မယုံရင် ကိုယ်တိုင်သာ စမ်းကြည့်ကြနော် တစ်လုပ်ဆို လန်းဆန်းသွားမယ် နှစ်လုပ်ဆို ဘယ်တော့မှ ပင်ပန်းတော့မှာ မဟုတ်ဘူး သုံးလုပ်ဆိုရင်တော့ တစ်သက်လုံး အသက်ရှင်သွားရမှာ
မကြာမီတွင်ပင် တစ်စုံတစ်ယောက်က ပထမထပ်က ကောမန့်ကို အကြောင်းပြန်ခဲ့သည်။
ငါကတော့ အပေါ်ထပ်ကလူရဲ့ စိတ်ပုတ်စိတ်ယုတ်ကို တကယ်ထင်လို့ တစ်ပုလင်းဝယ်ပြီး စမ်းကြည့်လိုက်တာ အခု ငါ့ဖင်ကို ငါပြန်မုန်းနေရပြီ
(TN: ဝမ်းသွားရင်စပ်လို့ပါ:3)
ဖုကျန်းကိုပင် ရယ်မောစေသည့်အရာမှာတော့ ချုံးထန်ငရုတ်ဆီ၏ မန်နေဂျာက သူတို့ငရုတ်‌ဆီကို ပရိုမိုးရှင်းဆင်းပေးသည့်အတွက် ဖုကျန်းကို ကြော်ငြာခပေးရန် ဆုံးဖြတ်လိုက်ကြောင်း ဖုန်းဆက်အသိပေးလာခြင်းဖြစ်သည်။
တစ်ချိန်တည်းတွင်ပင် ရပ်လုရပ်ခင်ဖြစ်နေသော ဖျော်ဖြေရေးသတင်းစာများစွာကို သိမ်းယူထားသည့် ဖုကျန်းချန်ကလည်း ဖွင့်ပြောလာပြီဖြစ်သည်။ သူ့တွင် ယခင်က ဝေ့ပေါ်အကောင့်မရှိသည့်အတွက် ချက်ခြင်းပင် အထူးတလည်လျှောက်ကာ အဝါရောင် V ဖြင့် အသိအမှတ်ပြုအကောင့်ကို နေ့တွင်းချင်း ရခဲ့သည်။
(T.N: yellow V = facebookမှာ blue mark ရတဲ့သူလို သဘောမျိုးပါပဲ)
သူက ဖုထင် ဟိုတလောက စစ်ထားသည့် DNA စစ်ဆေးချက်ကို အရင်တင်လိုက်သည်။ ထိုစစ်ဆေးချက်တွင် ဖုကျန်းချန်နှင့် ထန်ဝမ်ဝမ်တို့မှာ သွေးသားမတော်စပ်ဟု ဖော်ပြထားသည်။ ဖုကျန်းချန်က တာဝန်ရှိသည့် ဆေးရုံကိုလည်း တရားရင်ဆိုင်သွားမည်ဖြစ်ပြီး ယခင်က ထန်ဝမ်ဝမ်ကို ပေးအပ်ထားသည့် အိမ်ယာနှင့် ရှယ်ယာအပါအဝင် ပိုင်ဆိုင်မှုအားလုံးကိုလည်း ပြန်သိမ်းသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
DNA စစ်ဆေးချက် ထုတ်ပြန်ပြီးမကြာမီ ဖုကျန်းချန်နှင့် ကျန်းဟန်ရှုတို့၏ ဖရဲသီးများကိုပင် အစာမခြေနိုင်သေးသည့် ပွဲကြည့်သူများအတွက် ဖုကျန်းချန်က ဝန်ခံစာအရှည်ကြီး တင်လိုက်ပြန်သည်။
ထန်ဝမ်ဝမ် ဖုမိသားစုအိမ်သို့ ရောက်လာချိန်မှစ၍ လက်ထပ်ကာ ချင်မိသားစုသို့ ဝင်ရောက်သည့်အချိန်အထိ ဖုမိသားစုအနေဖြင့် သူမကို တောင်းပန်ရလောက်သည့် ကိစ္စရပ်မျိုး တစ်ခါမှ မလုပ်ဖူးပေ။ သူမက အမြဲတမ်း မဆိုင်းမတွ တုန့်ပြန်တတ်ပြီး ဖုကျန်းနှင့် သူမတို့အကြား ကတောက်ကဆများရှိသော်ငြား ဖုကျန်းက သူမကို တစ်ခါမှ အနိုင်မကျင့်ခဲ့။ ကလေးနှစ်ယောက်၏ဖခင်ဖြစ်သော ဖုကျန်းချန်ကလည်း ထိုကိစ္စကို ကောင်းကောင်းမကိုင်တွယ်နိုင်ခဲ့။ ဘက်လိုက်မှုများ လုပ်ခဲ့သော်ငြား အမြဲတမ်း သူဘက်လိုက်ခဲ့သူမှာ ထန်ဝမ်ဝမ်သာဖြစ်သည်။
"လွန်ခဲ့သည့်၂နှစ် ဖုကျန်းက ထန်ဝမ်ဝမ်ကို အမြင့်မှ ပြုတ်ကျစေရန် သောင်ဝေ့ယာအား တစ်ခုခုကြံစည်ခဲ့ကြောင်း သိလိုက်ရလျှင် ဖုကျန်းချန်သည် စုံစမ်းမှုပင် မလုပ်ခဲ့ဘဲ သူ့ကို စိတ်ဆိုးမာန်ဆိုးဖြင့် အိမ်မှ နှင်ထုတ်ခဲ့သည်။ လှေကားပေါ်မှ ပြတ်ကျ၍ ဖုကျန်း၏ ခြေထောက်မှာ ထိုအချိန်က ကျိုးသွားခဲ့သော်ငြား သူတို့က ဆေးရုံသို့မပို့ဘဲ အိမ်အပြင်သို့ ဆွဲထုတ်ကာ သားအဖဆက်‌ဆံရေးကို ဖြတ်တောက်ခဲ့သည်။
အင်တာနက်ပေါ်တွင် သူက ဖုကျန်းကို နိုင်ငံခြားပို့ကာ ခြေရာဖျောက်စေသည်ဟု ခန့်မှန်းပြောနေကြသော်ငြား အမှန်တကယ်တွင်တော့ သူ့ကို ထို၂နှစ်အတွင်း တစ်ခါမှ အဆက်အသွယ်မလုပ်ခဲ့ပေ။
ထို့အပြင် ထိုအချိန်အတွင်း ထန်ဝမ်ဝမ်သည် ဖုထင်နှင့် ဖုကျန်းချန်တို့၏ နာမည်ကိုသုံးကာ ဖုကျန်းကို အလုပ်ပေးမည့် ကုမ္ပဏီတိုင်းကို ဖိအားပေးခဲ့သည့်အတွက် ဖုကျန်းမှာ နှစ်နှစ်လုံး အလုပ်အကိုင်အတည်တကျ မရှိဘဲ ဆောက်လုပ်ရေးဆိုက်တွင်သာ အလုပ်ကြမ်းလုပ်ခဲ့ရသည်။
ဖုကျန်း၏ နှစ်နှစ်တာ အခြေအနေကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပြီးနောက်ဆုံးတွင် ဖုကျန်းချန်သည် Shazhou Chronicle အတွက် ထုတ်ပြန်ချက်တစ်ရပ်ကိုပါ ထည့်လိုက်သည်။
"Shazhou Chronicle ကို ကျွန်တော့်သား အငယ်ဆုံးလေးက သူ့ခွန်သူ့အားနဲ့ ကိုယ်တိုင်ဖန်တီးထားတာဖြစ်တဲ့အတွက် မူပိုင်ခွင့်အားလုံးက သူနဲ့ပဲ သက်ဆိုင်ပါတယ် ကျွန်တော်က ထုတ်လုပ်ရေးမှာလည်း မပါဝင်သလို ထန်ဝမ်ဝမ်ကိုလည်း တစ်ခါမှ မူပိုင်ခွင့်ကို လွှဲမပေးဖူးပါဘူး..."
ထိုဝန်ခံစာမှာ ရှေ့တစ်ယောက်ရေးခဲ့သည့် ဝတ္ထုလို ရင်ထဲဆို့နင့်ဖွယ်မရှိ၊ တုံးတိတိ တည့်တိုးဆန်သည့် အရေးအသားဖြစ်သော်ငြား ထိုဟာကပင်လျှင် အကြောင်းရင်းမရှိဘဲ မသက်မသာ ခံစားရစေသည်။
သို့သော်ငြား စိတ်ကသိကအောက်ဖြစ်ချိန် ကျော်သွားပြီးနောက်တွင်တော့ ပွဲကြိုက်ခင်များက ဖုကျန်းချန်၏ ဖခင်ဝတ္တရား မကျေပွန်သည့်အတွက် ဖုကျန်းကို တရားမျှတမှုပေးရန် လက်သီးလက်မောင်း တန်းကာ ကြွေးကြော်လာကြပြန်သည်။
(ဖရဲသီးတွေ ရှိနေသေးတာလား )
-(ချီးပဲဟေ့ သမီးအတုကြောင့်နဲ့ သားအရင်းရဲ့ ခြေထောက်ကို ချိုးပစ်ပြီး အိမ်ကနေ နှင်ထုတ်လိုက်တယ် ဖုကျန်းချန်ကတော့ တအားကို လွန်လွန်းသွားပြီ နားရှိလို့သာ ကြားရတယ် ယုံကိုမယုံနိုင်ဘူး )
(ငါကတော့ ဖုကျန်းချန်ကို တစ်ယောက်ယောက်က သိက္ခာချနေတယ်လို့ ထင်တာပဲ အရင်နှစ်တွေက သူနဲ့ ဖုကျန်းအကြောင်း ရေးထားတဲ့ မဂ္ဂဇင်းကို ဖတ်ဖူးတယ် အခုအချိန်ပြန်ကြည့်တော့ အဲဒါက တကယ်ကို စိတ်မသက်သာစရာကြီး )
( ဟေး ဟေး အခု ဖုကျန်း ဘယ်လိုနေလဲဆိုတာကို ဘယ်သူမှ ဂရုမစိုက်ကြဘူးလား )
.........
"သူဌေး ..."
အတွင်းရေးမှူးမှာ ဖုကျန်းချန် ဘာကြောင့် ထိုသို့သော ပို့စ်မျိုးကို အချိန်ကိုက်တင်လိုက်ကြောင်း နားမလည်နိုင်ပေ။ သူသည် DNA စစ်ဆေးချက်နှင့် Shazhou Chronicle ၏ မူပိုင်ခွင့်အကြောင်းကိုသာ ရှင်းလင်းလျှင်ပင် လုံလောက်ပြီဖြစ်သည်။ ယခုတော့ အားလုံးက ထန်ဝမ်ဝမ်နှင့်အတူ သူ့ကိုပါ ကျိန်ဆဲနေကြပြီဖြစ်သည်။ သူက ဖခင်ဖြစ်ရန် မထိုက်တန်သည့်အတွက် ဘာလို့ ထိုသို့ မကျိန်‌ဆဲရမှာလဲဟုပင် တွေးနေကြပြီဖြစ်သည်။
သို့သော်လည်း ထိုအရာသည် အမှန်ပင် ထူးဆန်းနေဆဲဖြစ်သည်။ သူမှတ်မိပါသေးသည်။ အတိတ်က ဖုကျန်းချန်သည် သခင်ငယ်လေး ဖုထင်ကို လွန်စွာ ချစ်မြတ်နိုးသူဖြစ်သည်။ သို့သော်ငြား နောက်ပိုင်းတွင် သူ့သမီးအသစ်အတွက် သခင်လေးကို ဖုအိမ်မှ မောင်းထုတ်ခဲ့သည်။
ထိုအချိန်က သူသည် သခင်လေးကို လွန်စွာ မုန်းတီးခဲ့ဟန်ရှိသည်။ ထိုကဲ့သို့ ခံစားချက်မျိုး မရှိသင့်သော်ငြား ဖုကျန်းက ထန်ဝမ်ဝမ်ကို သောင်ဝေ့ယာမှ ပြုတ်ကျရန် ကြံစည်ခဲ့ကြောင်း သိလိုက်ရချိန်တွင် သူသည် ဖုအိမ်မှ နှင်ထုတ်ခံလိုက်ရသည့် ဖုကျန်းကို လူလွှတ်ကာ ချောင်းရိုက်ခိုင်းရန်ပင် တွေးခဲ့ဖူးသည်။
သို့သော်ငြား ထိုမနှစ်မြို့ဖွယ်အတွေးက အကြောင်း ပြချက်မရှိ ပျောက်ကွယ်သွားခဲ့သည်။ ကံသီ၍သာ သူ ထိုသို့ မရိုက်ခိုင်းမိခဲ့ခြင်းဖြစ်သည်။ ဖုကျန်းချန်သာ ထိုအကြောင်းသိပါက သူ သေချာပေါက် အလုပ်ပြုတ်မည်ဖြစ်သည်။
ဖုကျန်းချန်သည် စကားတစ်ခွန်းမှ မဆိုဘဲ သူ့ခေါင်းပေါ်မှ မျက်နှာကြတ်ဖြူဖြူကို မော့ကြည့်လိုက်သည်။
သူက စိတ်ကျေနပ်အောင် လုပ်နေခြင်းသာဖြစ်သည်။ဖုကျန်းက ပြန်မလာလိုကြောင်း သိသည့်အတွက် သူ ပိုပြီး ကောင်းကောင်းနေနိုင်ရေးကို မျှော်လင့်ရန်သာ ရှိတော့သည်။
ဖုကျန်းချန်၏ ဝန်ခံချက်မှာလည်း သတင်းထူးဖြစ်သွားသည်။ အတင်းအဖျင်းကြိုက်သူ ဖုကျန်းမှာလည်း ထိုသတင်းကို မကြာခင်ပင် တွေ့သွားသည်။ ခေတ္တမျှ တွန့်ဆုတ်နေသေးသော်ငြား သိလိုစိတ်က လက်ဦးသွားသည့်အတွက် ထိုအကြောင်းအရာကို ဖွင့်ကြည့်လိုက်သည်။
ဖုကျန်းမှာ ဖုကျန်းချန်၏ ဝန်ခံချက်ကို ဖတ်ပြီးနောက် လှုပ်ပင်မလှုပ်နိုင်တော့။ သူမှာ တကယ်ကို စိတ်အတက်အကျမြန်နေပြီဖြစ်သည်။ ဖုကျန်းချန်က လွန်ခဲ့သည့်နှစ်နှစ်အတွင်း သူကြုံခဲ့ရသည်များကို စုံစမ်းခဲ့ကြောင်း သိလိုက်ရချိန်တွင်တော့ သူ့ခေါင်းပေါ်သို့ ခါးသီးမှုများ လောင်းချလိုက်သလိုပင်။
သို့သော်ငြား နှစ်နှစ်တာ ခါးသီးမှုတို့၏ အဆုံးနားတွင်တော့ ထိုခါးသက်မှုအားလုံးကို အဓိပ္ပါယ်ပြည့်ဝသွားစေသည့် သကြားလုံးလေးတစ်လုံးကို သူကောက်ရခဲ့သည်။
ဖုကျန်းသည် ဖုန်းကိုပိတ်ကာ ဖုကျန်းချန် ဘာကြောင့် ဒီလိုပို့စ်မျိုး တင်ခဲ့လဲဆိုတာကို စဉ်းစားနေခဲ့သည်။ ဒီတစ်ခါတော့ ဖုကျန်းချန်နဲ့ ထန်ဝမ်ဝမ်တို့ တကယ်ပဲ ခွဲခွါလိုက်ကြပြီလား။ သားအဖတွေ အပြန်အလှန် ဝတ္တရားမကျေပွန်ကြတော့ဘူးလား။ ဒါမှမဟုတ် အဲ့အချိန်တုန်းက တကယ်ပဲ ဖုကျန်းချန်က တရားမဝင်သမီးကို ခေါ်လာခဲ့တာလား။
ဘာပဲဖြစ်ဖြစ် သူနှင့် တစ်ခုမှ မသက်ဆိုင်တော့ပေ။
ကိုယ်ဝန်ဆောင်ချိန်ဖြစ်၍လားတော့မသိ။ ဒီရက်ပိုင်းအတွင်း ဖုကျန်းမှာ ခံတွင်းပျက်ကာ မကြာခဏ ပျို့အန်နေပေသည်။ ကျန်းဟန်ရှုက သူ့ကို ပိုပြီးကျွေးမွေးရန် အကောင်းဆုံး ကြိုးစားပြီး အစာပြေစားရန်အတွက် ကျန်းအိမ်ကနေပင် ချိုချိုချဉ်ချဉ် အရသာမျိုးစုံကို သယ်လာခဲ့သေးသည်။
သို့သော်ငြား ဖုကျန်း၏ အခြေအနေမှာ သက်သာမလာသည်ကို တွေ့လိုက်ရသောအခါ ကျန်းဟန်ရှုသည် သူ့ကိုဂရုစိုက်ရန် အလုပ်မှ ချက်ခြင်း အနားယူလိုက်သည်။ ထိုအကြောင်းကိုကြားသောအခါ မစ္စတာကျန်းမှာ ‌ဒေါသထွက်လွန်း၍ သူ့ကို‌ ခေါ်ဆူ‌တော့သည်။ ဖုကျန်း၏ အခြေအနေကို ကြားလိုက်ရချိန်တွင်တော့ မစ္စတာကျန်းမှာ သဘောထားပြောင်းသွားကာ ကျန်းဟန်ရှုကို ပြောလိုက်သည်။
"အဆင်မပြေရင် သူ့ကို အိမ်‌မှာ လာနေခိုင်းလိုက်..."
ဖုကျန်းကို အခွံနွှာထားသော မင်းဂွက်သီး ခွံ့ပေးနေရင်း ကျန်းဟန်ရှုက ပြန်ပြောလိုက်သည်။
" ဟင့်အင်း ဆရာဝန်က ဒီကာလပြီးသွားရင် အဆင်ပြေသွားမှာတဲ့..."