အပိုင်း ၆၄
Viewers 23k

ကျန်းဟန်ရှုနှင့် မစ္စတာကျန်းတို့ ဖုန်းပြောပြီးနောက် ဖုကျန်းက သူ့ကို ပြောလိုက်သည်။
"ကုမ္ပဏီကိုသွားလိုက်လေ ကျွန်တော်လည်း အဆင်ပြေနေတာပဲကို ..."
ကျန်းဟန်ရှုက ငြင်းလိုက်သည်။
"မသွားပါဘူး မင်းလည်း ဒီရက်ပိုင်း သက်တောင့်သက်သာမဖြစ်သေးရင် စတူဒီယိုကို မသွားနဲ့ဦး..."
"အဆင်ပြေပါတယ်..."
ဖုကျန်းက သူ့ဗိုက်ကို အုပ်ကိုင်ထားရင်း ခေါင်းယမ်းပြလိုက်သည်။ အခုအချိန်အထိ သူ့ဗိုက်ထဲတွင် အသက်သေးသေးလေးတစ်ချောင်း ရှင်သန်နေသည်ဆိုသည့်အချက်ကို ရှင်းရှင်းလင်းလင်း မယုံနိုင်သေးပေ။ သူက ပြောလိုက်သည်။
"နည်းနည်းလောက် ပျို့ချင်သ‌လိုဖြစ်နေတာကလွဲရင် အဆင်ပြေပါတယ်..."
ကျန်းဟန်ရှုက ဖုကျန်း၏ လက်ဖမိုးကို ဖွဖွလေး ပုတ်ပေးလိုက်သည်။
"ဒါက နောက်ရက်နည်းနည်းလောက်ဆို သက်သာလာမှာပါ နောက်ပိုင်းကျ သည်းခံနိုင်သွားလိမ့်မယ်နော်..."
ဖုကျန်းက အသံပြုလိုက်ရင်း ကျန်းဟန်ရှု၏ပုခုံးပေါ်သို့ မှီချလိုက်သည်။
"Shazhou Chronicle ပြီးဖို့ ဘယ်လောက်လိုသေးလဲ..."
ကျန်းဟန်ရှုက မေးလိုက်သည်။
ဖုကျန်း၏ဗိုက်မှာ နှစ်လအတွင်း သိသိသာသာ ပူလာတော့မည်ဖြစ်ရာ လူရှေ့ထွက်ရန် သူ့အတွက် အတင်ပြေတော့မည်မဟုတ်ချေ။
ဖုကျန်းက ခဏတွေးပြီး ကျန်းဟန်ရှုကို ပြောလိုက်သည်။
"မေလမတိုင်ခင်တော့ သေချာပေါက် ပြီးလောက်မယ် နောက်ဇာတ်ညွှန်းကို တူရာစုပြီး ရှင်းရှင်းလေးဖြစ်အောင် လုပ်မယ်စိတ်ကူးတယ် ဇာတ်ကြောင်းပြောတာနဲ့ ပုံဆွဲတာကိုက ဆရာဝမ်ကို လွှဲထားလိုက်လို့ရတယ်..."
ကျန်းဟန်ရှုက ခေါင်းညိတ်ကာ ဖုကျန်းကို ပြောလိုက်သည်။
"တအားအပင်ပန်းမခံနဲ့နော်..."
"သိပါပြီ..."
ကျန်းဟန်ရှုက မေးလိုက်သည်။
"မနက်ဖြန် ပိတ်ရက်ကျ လမ်းလျှောက်ထွက်ကြမလား..."
ဖုကျန်းက သဘောတူလိုက်သည်။ သူ့ဗိုက်စထွက်လာသည်နှင့် ၂လ၃လလောက် အပြင်ထွက်နိုင်တော့မည်မဟုတ်ချေ။ တကယ်တမ်းတော့ သူသာ အဝတ်အစား ဝတ်လိုစိတ်ရှိသရွေ့ အပြင်ထွက်နိုင်ပေသည်။
သို့သော်ငြား ထိုကိစ္စက အလျင်လိုသည်တော့ မဟုတ်ပေ။ ဖုကျန်းက သမ်းဝေလိုက်သည်။ ကျန်းဟန်ရှုက သူအိပ်ငိုက်နေကြောင်း မြင်လိုက်ရချိန်တွင် မီးဖိုထဲမှ နွားနို့တစ်ခွက်ကို သွားယူခဲ့သည်။
သူပြန်လာချိန်တွင် ဖုကျန်းသည် စောင်ထဲတွင် လှဲနေပြီဖြစ်သည်။ သူက ခေါင်းကိုငုံ့ကာ ကုတင်အစွန်းတွင် ထိုင်နေသည်။ အနီရောင်ခေါင်းဆောင်းသာ ပါခဲ့ပါလျှင် သတို့သားဝင်လာမည်ကို စောင့်နေသည့် သတို့သမီးသဖွယ်ပင်။ ကျန်းဟန်ရှုက ဖုကျန်း၏လက်ထဲသို့ နွားနို့ခွက်ကို ထည့်ပေးလိုက်သည်။
ကျန်းဟန်ရှုက လက်ကိုဆန့်ကာ ဖုကျန်း၏ နှုတ်ခမ်းထောင့်စွန်းရှိ အဖြူရောင်အမြှုပ်ကို သုတ်ပေးလိုက်သည်။ နွားနို့ခွက်အလွတ်ကို အိပ်ယာဘေးရှိ စားပွဲပေါ်တင်လိုက်ရင်း ကောက်ကာငင်ကာ ပြောလိုက်သည်။
"ဟုတ်သားပဲ ရှေ့အပတ်တနင်္လာနေ့ကျ ပြည်သူ့ရေးရာဌာနကို သွားရအောင်..."
"ဟမ်?..."
ဖုကျန်းမှာ ကျန်းဟန်ရှု၏ ဆိုလိုရင်းကို သဘော ပေါက်ရန် အချိန်ယူလိုက်ရသည်။
ကျန်းဟန်ရှုက ဆက်ပြောလိုက်သည်။
"လက်ထပ်ပွဲလုပ်ဖို့လည်း အချိန်ဖယ်ထားဦးနော်..."
ဖုကျန်းမှာ တစ်ခဏမျှ ဆွံ့အသွားသည်။ သူမှာ ဘာပြန်ပြော၍ ပြောရမှန်းမသိတော့။ ကျန်းဟန်ရှုက ဆက်ပြောလိုက်သည်။
"မိသားစုဝင်တွေပဲ အဓိကထားပြီး အပြင်လူတွေကို အများကြီး မဖိတ်တော့ဘူးလေ..."
ဟဲရှီကျန်းမိသားစုမှာ သေးသေးကွေးကွေး မိသားစုမဟုတ်။ ဖုကျန်းမှာ ခဏလေးအတွင်းမှာပင် လက်ထပ်ကာ သတို့သမီး ဖြစ်ရတော့မည်ကို ထူးဆန်းသလို ခံစားရသည်။
ကျန်းဟန်ရှုက မတ်တပ်ရပ်ကာ အတွေးနွံထဲ နစ်နေသူ၏ နဖူးကို ခပ်ဖွဖွတို့၍ ပြောလိုက်သည်။
"အိုကေ အိပ်တော့နော်..."
ကျန်းဟန်ရှုက ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။ အသိပြန်ကပ်လာသော ဖုကျန်းသည် ရေချိုးခန်းထဲမှ ရေသံကို ကြားလိုက်ရသည်။ သူ့ပါးစပ်တွင် နွားနို့နံ့ရနေသေးသည့်အတွက် မတ်တပ်ရပ်ကာ ပါးလုတ်ကျင်းရန် ရေချိုးခန်းထဲ ဝင်လာလိုက်သည်။ သူသည် ရေခိုးရိုက်နေသော မှန်မှတစ်ဆင့် ကျန်းဟန်ရှုကို မပီဝိုးတဝါး တွေ့နေရသည်။
ဖုကျန်းက သူ့လက်ထဲမှ ပါးလုပ်ကျင်းသည့်ခွက်ကို ချကာ ကျန်းဟန်ရှုကို ငေးကြည့်နေလိုက်သည်။ ရုတ်တရက် ချစ်သူများနေ့ကို သတိရမိသွား၍ အသက်ပြင်းပြင်းရှူကာ သူ၏ ပူကျစ်နေသော မျက်နှာကို ပွတ်သပ်ရင်း ထွက်လာခဲ့လိုက်သည်။
ကျန်းဟန်ရှုသည် ရေချိုးပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် ခေါင်းမဲမဲလေးကိုသာ ဖော်ထားသည့် ဖုကျန်းကို တွေ့လိုက်ရသည်။ ကျန်းဟန်ရှု၏ ခြေသံကိုကြားလျှင် ဖုကျန်းက စောင်ကို အထက်အထိ ဆွဲခြုံလိုက်ပြန်သည်။ တစ်ချက်တစ်ချက်တွင် ကျန်းဟန်ရှုကို သူ့မျက်လုံးဝိုင်းကြီးများဖြင့်လည်း လိုက်ကြည့်နေသေးသည်။ ကျန်းဟန်ရှုက ကုတင်ဘေးတွင် ထိုင်ကာ ဖုကျန်း၏မျက်နှာကို လက်ညှိုးနှင့်ထိရင်း မေးလိုက်သည်။
"ဘာလို့ တအားနီနေတာလဲ..."
ဖုကျန်းက တုန့်ဆိုင်းမနေဘဲ ပြန်ဖြေလိုက်သည်။
"လေတိုက်တာ ပြင်းလို့ နေမှာပေါ့..."
ကျန်းဟန်ရှုက မျက်လုံးပင့်ကာ ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ ယခုလတ်တ‌လောတွင် လေမှာ သိပ်မပြင်းကြောင်း သိနိုင်ပေသည်။ သူက ဖုကျန်းကို မှေးကြည့်ကာ ပြောလိုက်သည်။
"မသက်မသာဖြစ်နေရင် ကိုယ့်ကို ချက်ခြင်းပြောနော်..."
"မသက်သာတဲ့နေရာ မရှိပါဘူး..."
ဖုကျန်းက ခေါင်းကိုယမ်းပြလိုက်သည်။
ကျန်းဟန်ရှု အိပ်ရာပေါ်တက်လာသည်ကို တွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ဖုကျန်းသည် ကျန်းဟန်ရှု၏စောင်ထဲသို့ ဝင်လိုက်သည်။ သူ၏လှုပ်ရှားမှုကို တွေ့လိုက်ရချိန်တွင် ကျန်းဟန်ရှုမှာ ဟန်မဆောင်နိုင်စွာပင် ခပ်တိုးတိုးရယ်လိုက်သည်။
ကျန်းဟန်ရှုက မီးကိုပိတ်ကာ အမှောင်ထဲတွင် ဖုကျန်းကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်သည်။ သူက ကျန်းဟန်ရှု၏ ခန္ဓာကိုယ်ကို ယုန်တစ်ကောင်လို ဟိုဟိုသည်သည် ခုန်ပေါက်ဆော့ကစားနေသည်။
ကျန်းဟန်ရှုက ဖုကျန်း၏ အငြိမ်မနေသော လက်များကို ဆွဲယူကာ တိုးတိုးလေး ပြောလိုက်သည်။
"လျှောက်မဆော့နဲ့ အိပ်တော့..."
စိတ်ပျက်သွားသော ဖုကျန်းက သက်ပြင်းဖွဖွချလိုက်သည်။ ကျန်းဟန်ရှုက သူ၏ နွေးထွေးသော လက်မောင်းကြီးများဖြင့် ဖုကျန်းကို ထွေးပွေးထားသည်။
မကြာသေးမီကပင် ပင်ဟိုင်မြို့တော်သည် ကျင်ရှခရိုင်တွင် ရုက္ခဗေဒဥယျာဉ်အသစ်တစ်ခုကို ဖွင့်လှစ်လိုက်သည်။ ထိုနေရာမှာ သူတို့၏ အိမ်ယာဝန်းနှင့် မနီးမဝေးတွင်ရှိ၍ နှစ်ဦးသား လမ်းလျှောက်၍သာ သွားလိုက်ကြသည်။
မတ်လပင် မရောက်သေး၍ ဥယျာဉ်ထဲမှ အပင်အများစုမှာ အိပ်မောကျနေကြဆဲဖြစ်သည်။ သို့သော် မှန်လုံအိမ်ထဲမှ ပန်းမျိုးစုံတို့ကတော့ ပွင့်ဖူးမည့်ဟန်ချီနေကြပြီဖြစ်သည်။ ပန်းခြုံတန်းတို့က ဝင်ပေါက်မှ ထွက်ပေါက်အထိ တစ်တန်းကြီးဖူးပွင့်နေကြပြီး ပန်းရနံ့တို့ဖြင့် ထုံလွှမ်း‌ နေသည်မှာ နွေဦးပေါက်လာသကဲ့သို့ပင်။
မှန်လုံအိမ်နှင့် မျက်နှာချင်းဆိုင်တွင် ရေကန်အကြီးကြီးတစ်ခု ရှိနေသည်။ ကန်ရေမှာ ငြိမ်သက်နေကာ လှေသေးသေးလေး တစ်စီးနှစ်စီးသာ လှော်ခတ်နေသည်။ ရေကန်ပေါ်ရှိ တံတားတွင် ရိုးရာဝတ်စုံဝတ်ထားသော မိန်းကလေးများက ဓာတ်ပုံရိုက်နေကြသည်။
"ဖုကျန်းလား..."
ဖုကျန်းသည် နောက်ကျောဘက်မှ သူ့ကို လှမ်းခေါ်လိုက်သံအား ကြားလိုက်ရသည်။ ခေါင်းကို လှည့်ကြည့်လိုက်လျှင် နှစ်ဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုလူမှာ မုတ်ဆိတ်ငုတ်တို၊ မဖြီးသင်ထားသော ဆံပင်ရှုပ်ပွပွတို့နှင့်အတူ သွေးနီရောင်မျက်ဝန်းများဖြင့် အနည်းငယ် ရှက်ရွံ့စွာ မတ်တပ်ရပ်နေသည်။
ဖုကျန်းမှာ ထိုသူကို ကောင်းစွာ သိခဲ့ဖူးသည်။ သူသည် ဖုကျန်း၏ မိတ်ဆွေဟောင်းတစ်ဦးဖြစ်ပြီး ဘောင်းဘီတစ်ထည်တည်း ဝတ်နိုင်လောက်သည်အထိ ရင်းနှီးခဲ့သူဖြစ်သည်။ သို့သော်လည်း နောက်ပိုင်းတွင် သူက ထန်ဝမ်ဝမ်၏ ဘက်တော်သားဖြစ်လာ၍ ဖုကျန်းနှင့် အဆက်အသွယ်ပြတ်သွားသည်။ ထို့နောက် သူ့ကောင်မလေးနှင့် စေ့စပ်လိုက်သည်ဟု ကြားမိသည်။
ဖုကျန်းသည် ထိုအချိန်က သူ့ကောင်မလေးတွင် ကိုယ်ဝန်ရှိနေသည်ဟုသာ သိထားခဲ့သည်။ သူမနှင့် လမ်းခွဲပြီးနောက် သူမက တာဝန်ယူရန် တစ်ခွန်းမပြောဘဲ တုန့်ဆိုင်းခြင်းမရှိ နိုင်ငံခြားသို့ ထွက်သွားခဲ့သည်။ ယနေ့အချိန်အထိ ပြန်မလာခဲ့တော့။
ဖုကျန်းက သူ့ရှေ့ကလူကို အေးစက်စွာဖြင့် နှုတ်ဆက်လိုက်သည်။
"လော်ရှီး..."
လော်ရှီးသည် သူ့ရှေ့မှ ဖုကျန်းကို ကြည့်နေလိုက်သည်။ တစ်ခါ နှုတ်ခမ်းကိုကိုက်ကာ သူ့ကို ထပ်မကြည့်ရဲဟန်ဖြင့် ခေါင်းကို ငုံ့ချလိုက်သည်။ ထိုသူမှာ အချိန်အတော်ကြာသည်အထိ စကားသံထွက်မလာတော့။
"အတိတ်က ဖြစ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်..."
ထိုတောင်းပန်မှုမှာ ဖုကျန်းချန် ထုတ်ပြန်ခဲ့သည့် ဝန်ခံစာကဲ့သို့ပင် ဖုကျန်းအတွက် ဘာအဓိပ္ပါယ်မှမရှိ။ သူက လှည့်ထွက်သွားတော့မည့်အချိန်တွင် လော်ရှီးက သူ့ကို ရပ်ခိုင်းကာ‌ မေးလိုက်သည်။
"ချန်းမို ဘယ်မှာလဲ မင်းသိလား..."
ဖုကျန်းက သူ့ရှေ့မှ ဘာလုပ်လိုမှန်းမသိသည့် အမျိုးသားကို မှေးကြည့်ရင်း ပြောလိုက်သည်။
"ငါမသိဘူး..."
လော်ရှီးက ဖုကျန်း၏ အင်္ကျီလည်ပင်းကိုဆွဲကာ လှုပ်ယမ်းပြီး‌ မေးလိုက်သည်။
"ဖုကျန်း ငါက မင်းကို ခွင့်လွှတ်ပေးဖို့ ပြောနေတာမဟုတ်ဘူးကွ သူမ ဘယ်ရောက်နေလဲပဲ သိချင်တာ ငါ့ကိုပြောပြပါ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီးတော့လို့ ..."
ဖုကျန်းက ခေါင်းကိုယမ်းကာ ယခင်အတိုင်း ပြောလိုက်သည်။
"ငါမသိဘူး..."
"မင်း သေချာပေါက်ကို သိတယ် ကျေးဇူးပြုပြီး ပြောပြပေးပါကွာ..."
လော်ရှီး၏မျက်လုံးတို့မှာ ရဲရဲနီလာပြီး မျက်ရည်များ ကျဆင်းလာသည်။ သူ၏ ထူးဆန်းသည့်အပြုအမူက ပတ်ဝန်းကျင်၏ စူးစမ်းလိုစိတ်ကို လက်ယပ်ခေါ်နေသော်ငြား လော်ရှီးက ဂရုမစိုက်ခဲ့ပေ။ သူသည် ချန်းမိုရှိသည့်နေရာကိုသာ သိလိုသည်။
ဖုကျန်းသည် လော်ရှီး၏လက်ကို ဆွဲဖြုတ်လိုက်ရင်း မလှမ်းမကမ်းရှိ ရေဘူးဝယ်ရာမှ ပြန်လာသည့် ကျန်းဟန်ရှုထံ ထွက်လာလိုက်သည်။
ရွှေအိုရောင်အလင်းတန်းများက ကန်ရေပြင်ပေါ် ဖြာကျနေသည်။ လှိုင်းခွပ်များ တလက်လက်ထနေသည့် ရေပြင်ကို ငေးကြည့်ရင်း လော်ရှီးသည် ချန်းမို၏ရုပ်သွင်လွှာကို ကန်ရေပြင်တွင် တွေ့လိုက်ရသည်။
"မင်းဘယ်မှာလဲ ကိုယ်အရမ်းလွမ်းနေပြီ ကိုယ်တကယ်ကို မှားသွားခဲ့ပါတယ် မင်းကို နောက်ထပ် မထားခဲ့တော့ပါဘူး..."
သို့သော်ငြား ထိုစကားများကို မည်သူကမှ ကြားမည်မဟုတ်သလို ချန်းမိုကလည်း ပြန်လာနိုင်မည်မဟုတ်ချေ။
ဖုကျန်းနှင့် ကျန်းဟန်ရှုတို့ ပြန်တော့မည့်အချိန်တွင် သူတို့သည် လော်ရှီးကို ထပ်တွေ့လိုက်သည်။ သူသည် ဥယျာဉ်ထဲက လမ်း‌နံဘေးတွင် ထိုင်နေပြီး ဝိဉာဉ်ကင်းမဲ့နေသလိုပင် အကြည့်တို့က ဗလာဖြစ်နေသည်။
ကျန်းဟန်ရှုသည် ဖုကျန်း၏အကြည့်တို့က အနည်းငယ် ထူးဆန်းနေသည်ကို မြင်လျှင် မေးလိုက်သည်။
"သိတဲ့သူလား..."
ဖုကျန်းက ခေါင်းယမ်းလိုက်သည်။
"အရင်က သိခဲ့တဲ့သူပါ အခုတော့ မရင်းနှီးတော့ဘူး..."
"ဒါဆို သွားရအောင်..."
ယခုအချိန်တွင် ထန်ဝမ်ဝမ်၏ ဂုဏ်သိက္ခာမှာ အစပင် ရှာမရလောက်အောင် ပျက်စီးသွားပြီဖြစ်သည်။ သူမ လပေါင်းများစွာ စီစဉ်ခဲ့သော Shazhou Chronicle ကိုလည်း ဖျက်သိမ်းလိုက်ရပြီဖြစ်သည်။ သူမမှာ စွပ်စွဲပြစ်တင်မှုအားလုံးကို ခါးစည်းခံနေရပြီး တစ်ချိန်တည်းတွင်ပင် ဖုကျန်းချန်၏ သမီးအရင်းမဟုတ်မှန်း သိသွားသည့်သူတိုင်းက ဝတ်ကျေတမ်းကျေ ဆက်ဆံလာကြသည်။
ချင်ကျောက်မှာ အရင်းအမြစ်နှင့် အာဏာကို လက်ကိုင်ထားနိုင်သူဖြစ်သော်ငြား ထိုသို့ များပြား‌လှသော ပြဿနာများကိုတော့ တစ်ပြိုင်တည်း မကိုင်တွယ်နိုင်ပေ။ ပိုဆိုးသည်မှာ ယခင်ကတည်းက ထန်ဝမ်ဝမ်ကို မနှစ်မြို့တော့သော အဖေချင်နှင့် အမေချင်တို့က အမြန်ဆုံး ကွာရှင်းရန် တွန်းအားပေးလာကြသည်။
ချင်ကျောက်အပေါ် ကျရောက်လာသော ဖိအားမှာ များသည်ထက် များလာ၍ နောက်ဆုံးတွင် သူလည်း တောင့်မခံနိုင်တော့ပေ။ သူက ထန်ဝမ်ဝမ်ကို ကယောင်ကတမ်း မေးမြန်းလိုက်သည်။
"ငါ ဘယ်လိုလူမျိုးကို ကြိုက်ခဲ့မိတာလဲ..."
ထန်ဝမ်ဝမ်က နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ချင်ကျောက်ကို ပြောလိုက်သည်။
"တောင်းပန်ပါတယ် အခုရှင်သိထားတဲ့အတိုင်းပဲ ကျွန်မက အောင်မြင်ဖို့ဆို ဘာမဆိုလုပ်မယ့် မိန်းမမျိုးပဲ..."
ချင်ကျောက်မှာ ကြက်သေသေသွားသည်။ ဘာကြောင့် ထန်ဝမ်ဝမ်က သူ့ကို မုသားပင် မဆိုချင်တော့မှန်း သူနားမလည်နိုင်တော့။ ထန်ဝမ်ဝမ်ကို ဗလာသပ်သပ်သာ ကြည့်နေလိုက်တော့သည်။
ထန်ဝမ်ဝမ်က စကားကို ရပ်လိုက်သည်။ သူမသည် system ထဲတွင် ယောကျာ်းများစွာနှင့် ချစ်ကျွမ်းဝင်ခဲ့ပြီး ထိုသူတို့က သူမကို တစ်ယောက်ပြီးတစ်ယောက် ခွဲခွါသွားကြပြီဖြစ်သည်။ သို့သော် သူမရှေ့တွင် ရှိနေသော ချင်ကျောက်‌ကတော့ စွန့်ခွါသွားမည်မဟုတ်။ system ပြင်ပတွင် တွေ့ခဲ့သောသူဖြစ်ကာ အဆုံးသတ်တွင် သူနှင့် လက်ထပ်ရန် ရွေးချယ်ခဲ့ခြင်းကြောင့်ဖြစ်သည်။
ထန်ဝမ်ဝမ်က ဆက်ပြောလိုက်သည်။
"ဘာလဲ အခု ရှင်ရော ဖုကျန်းချန်တို့လိုမျိုးပဲ ကျွန်မကို စွန့်ပစ်လိုက်ချင်ပြီလား ..."
ချင်ကျောက်သည် ငွေ့ရည်ဖွဲ့နေသော မျက်ဝန်းများဖြင့် ထန်ဝမ်ဝမ်ကို ‌ကြည့်နေလိုက်သည်။ အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။
"ခဏ စဉ်းစားပါရစေဦး ..."
ထန်ဝမ်ဝမ်က ခေါင်းညိတ်ကာ ချင်ကျောက်ကို ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး အများဆုံးမှ အရင်လိုမျိုး ပြန်ပြီး အထီးကျန်သွားရုံပေါ့ ရှင် ဘာမှ အားတုံ့အားနာဖြစ်နေစရာ မလိုပါဘူး ..."
ထိုသို့ပြောပြီးနောက်တွင်တော့ ထန်ဝမ်ဝမ်၏မျက်နှာတွင် မျက်ရည်စီးကြောင်းနှစ်ခုက လျှံကျလာသည်။
ချင်ကျောက်မှာ အလွန်အကြူးနာကျင်နေဟန်ဖြင့် သူ့ခေါင်းကို ဖိထားလိုက်သည်။
"ဘာလို့များ မင်းကို ကြိုက်ခဲ့မိတာလဲ..."
လူတစ်ယောက်ကို တကယ်သဘောကျတယ်ဆိုတာ ဘာကိုပြောချင်တာလဲ။ သူ့ရုပ်ရည်သွင်ပြင်ကိုလား။ ဒါမှမဟုတ် သူ့ရဲ့ စိတ်ဝိဉာဉ်ကိုလား ။ ဒါပေမယ့် စိတ်ဝိဉာဉ်ထဲမှာရော ဘာတွေ ပါနေမှာလဲ။ ဘယ်လိုနည်းလမ်းမျိုးနဲ့ လူတစ်ယောက်ရဲ့စိတ်ရင်းကို ထွင်းဖောက်မြင်နိုင်မှာလဲ။
ဒါက တကယ်ကို ဒီနှစ်ပိုင်းတွေရဲ့ ပြဿနာပဲ။
ချင်ကျောက်သာ ထန်ဝမ်ဝမ်ကို လက်လွှတ်လိုက်ပါလျှင် ဒီနှစ်ပိုင်းအတွင်း ကြိုးစားခဲ့သမျှသည် သဲထဲရေသွန် ဖြစ်သွားမည်ဖြစ်သည်။ အကယ်၍ သူ လက်မလွှတ်ခဲ့ဖူးဆိုရင်ရော ဒီလိုပုံစံနဲ့ ထန်ဝမ်ဝမ်ကို သူ ဆက်ကြိုက်နိုင်မှာတဲ့လား။
အတော်ကြာမှ ချင်ကျောက်က ထန်ဝမ်ဝမ်ကို မော့ကြည့်ပြီး ပြောလိုက်သည်။
"လောလောဆယ် အိမ်ထဲမှာပဲနေ အပြင်မထွက်နဲ့..."
သူမသည် ချင်ကျောက်၏နေရာကို ကျော်ဖြတ်နိုင်သွားပြီမှန်း သိလိုက်သည်။ သို့သော် ချင်ကျောက်ကတစ်ယောက်တည်းကပင် များနေပြီဖြစ်သည်။ သူမဆူံးရှုံးခဲ့ရသည့် အရာတိုင်းကို သေချာပေါက် ပြန်အရယူမည်ဖြစ်သည်။
သူမသည် ငယ်ရွယ်သေးသည်ဖြစ်ရာ အနာဂတ်တွင် ဖြစ်နိုင်ချေများစွာ ရှိနေသေးပြီး လွယ်လွယ်နှင့် ကျရှုံးသွားမည် မဟုတ်ချေ။