အပိုင်း ၆၅
Viewers 23k

ထိုအချိန်တွင် ဖုကျန်းချန်သည် ကုမ္ပဏီအရေးကိစ္စဖြင့် အလုပ်ရှုပ်နေ၍ ဖုကျန်းနေထိုင်ရာ လမ်းအနီးအနားကိုပင် မလာရောက်နိုင်၊ ထိုကိစ္စကို အခြားသူများနှင့်သာ လွှဲထားရသည်။
သူသည် အလုပ်ကိစ္းအားလုံးကို ဖုထင်၏ လက်ထဲသို့ တစ်ဖြေးဖြေး လွှဲပြောင်းပေးနေသည်။ ယခင်က သူ့ကိုယ်သူ အိုသည်ဟု မခံစားမိ။ အသက်လေးဆယ်ကျော် ငါးဆယ်ဝန်းကျင်သာ ရှိသေးရာ အမျိုးသားတစ်ဦးအနေဖြင့် ရွှေရောင်လွှမ်းသည့် ကာလအပိုင်းအခြားတွင်ပင် ရှိနေသေးသည်။ သို့သော် ထန်ဝမ်ဝမ်၏ မင်္ဂလာပွဲအပြီးတွင် ဖုကျန်းချန်သည် သူ့ကလေးများကို မကာကွယ်နိုင်လောက်အောင်ပင် အိုမင်းမစွမ်းဖြစ်နေပြီလားဟု ယုံမှားသံသယရှိလာသည်။
သူကိုင်တွယ်ရမည့် နောက်ဆုံးကိစ္စကို ဖြေရှင်းပြီးနောက်တွင်တော့ သူ့တစ်ဘဝလုံးကို ဖုကျန်းအား ဂရုစိုက်ခြင်းဖြင့်သာ ပြန်လည်ကုန်ဆုံးတော့မည်ဖြစ်သည်။ သူလွှတ်ထားသောသူက အခုရက်ပိုင်းတွင် ကျန်းဟန်ရှုသည် ဖုကျန်းနှင့်အတူ ဆေးရုံသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း တင်ပြလာသည်။
ဖုကျန်း ဆေးသွားစစ်ခဲ့ကြောင်း သိလိုက်ရချိန်တွင် ဖုကျန်းချန်၏မျက်နှာမှာ ဖြူဖျော့လာတော့သည်။
"ဆေးရုံကို ဘာလို့သွားရတာလဲ ခြေ‌ထောက်က တစ်ခုခုဖြစ်လို့လား ..."
ဖုကျန်းချန်လည်း ဖုကျန်း ပြသခဲ့သည့် ကျန်းမိသားစုဆေးရုံသို့ သွားကာ သူ့ကို စစ်ဆေးပေးခဲ့သည့် ဆရာဝန်ကို ဖုကျန်း၏ လတ်တလောအခြေအနေအကြောင်း မေးမြန်းခဲ့သည်။
ဆရာဝန်က ဖုကျန်းချန်ကို မော့ကြည့်ပြီး ပြောလိုက်သည်။
"ခင်ဗျားက အခုထွက်သွားတဲ့လူငယ်လေးရဲ့ အဖေလို့ ပြောခဲ့တယ်နော် ဟုတ်လား ..."
ဖုကျန်းချန်က ခေါင်းညိတ်ကာ သူ့ရှေ့မှ ဆရာဝန်ကို မေးမြန်းလိုက်သည်။
"သူ ဘာဖြစ်လို့လဲ..."
ဆရာဝန်က ဖုကျန်းချန်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ခင်ဗျားပြောတော့ သူ့အဖေဆို ဒါလေးတောင် မသိဘူးလား ..."
ဖုကျန်းချန်က နှုတ်ခမ်းလှုပ်လိုက်သော်ငြား ဘာမှ ပြောထွက်မလာခဲ့။
ဆရာဝန်သည် ဖုကျန်းချန်နှင့် ဖုကျန်းတို့မှာ ဆက်ဆံရေးမကောင်းကြောင်းကို တစ်ချက်ကြည့်ရုံဖြင့်ပင် သိနိုင်ပေသည်။ ဖျော်ဖြေရေးသတင်းများကို ဖတ်တတ်သူသာဆိုလျှင် ထိုသူနှစ်ဦးမှာ ဆက်ဆံရေးမကောင်းရုံသာမက ရန်ငြှိုးရန်စရှိသူများ‌ဖြစ်ကြောင်း သိမည်ဖြစ်သည်။ ဆရာဝန်က ခေါင်းယမ်းကာ ဖုကျန်းချန်ကို ပြောလိုက်သည်။
"သူ့ကို ကိုယ်တိုင်သာ မေးကြည့်လိုက်ပါ..."
"ဆရာဝန်တစ်ယောက်အနေနဲ့ ကျွန်တော်တို့မှာ လိုက်နာရမယ့် ကျင့်ဝတ်တွေ ရှိသေးတယ် လူနာရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်က လုံးဝ ပေါက်ကြားလို့မရတဲ့အတွက် ထပ်မမေးပါနဲ့တော့ ..."
ဖုကျန်းချန်က ခဏမျှ အသံတိတ်နေပြီးမှ ထပ်မေးလိုက်သည်။
"သူ့လက်ရှိအခြေအနေက ပြင်းထန်လို့လား ..."
ဆရာဝန်က ခဏမျှတွေးလိုက်သည်။ ဖုကျန်းချန်ကို ကြည့်လိုက်သော်ငြား သတင်းအချက်အလက် တစ်စုံတစ်ရာကိုမျှ ပြောနိုင်မည်မဟုတ်ချေ။
"ပြင်းထန်တာ မပြင်းထန်တာနဲ့ မဆိုင်ပါဘူး သတင်းကောင်းပါ ..."
ဘယ်လိုသတင်းကောင်းမျိုးကများ ဆေးရုံကို နေ့တိုင်း လာဆေးစစ်ဖို့ လိုမှာလဲ။ ဖုကျန်းချန်မှာ ဆရာဝန်၏ အပြောကြောင့် ပိုပြီး သိလိုလာသော်ငြား အရေးပါသည့် အချက်အလက်တစ်စုံတစ်ရာကိုမှ ထပ်မမေးနိုင်တော့ပေ။
ဖုကျန်းချန်သည် ဆေးရုံမှ စိတ်ပျက်ညှိုးငယ်စွာ ပြန်ထွက်လာခဲ့သည်။
သူ့ရဲ့ ရှောင်ကျန်းလေးက ဘာဖြစ်နေလို့လဲ။ သူ ဒီအဖြေကို ဘယ်တော့မှ သိရတော့မယ်မထင်ဘူး။
တနင်္လာနေ့တွင် ဖုကျန်းသည် ပထမဆုံးအကြိမ် ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး မင်္ဂလာဆောင်သွားတော့မည့်သူလိုပင် ဖြစ်သည်။ စတူဒီယိုထဲမှလူများက ဖုကျန်း ဝတ်စားထားသည်ကိုမြင်လျှင် လည်ပြန်ကြည့်ကာ ခပ်ပြုံးပြုံးမေးလိုက်ကြသည်။
"ဆရာဖုရေ ဒီနေ့သန့်ပြန့်နေပါရော ဘယ်သွားမလို့လဲဗျ..."
ဖုကျန်းက ရှက်ပြုံးပြုံးကာ ဖြေလိုက်သည်။
"ပြည်သူ့ရေးရာဌာနကို သွားမလို့ပါ ..."
မလှမ်းမကမ်းမှ ဝမ်ထုန်က ဖုကျန်းကို ‌ငေးကြည့်နေလိုက်သည်။ သူ့ကိုယ်သူ နားကြားမှားမိလေသလားဟုပင် ထင်မိသည်။ ကျန်းဟန်ရှု လုပ်ခဲ့သည်ကို သိပြီးဖြစ်ရာ သူတို့နှစ်ယောက်ကို ကျန်းမိသားစုက ခွဲပစ်မည်ဟုပင် တွေးထားပြီးဖြစ်သည်။ လက်ထပ်မှတ်ပုံတင်သည့်အဆင့်သို့ ဒီလောက်မြန်မြန်ကြီး ရောက်သွားလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားပေ။ ကျန်းဟန်ရှုက ဘယ်လိုလှည့်ကွက်တွေ သုံးလိုက်တာလဲ?
ထို့အပြင် သူတို့နှစ်ယောက် စတွေ့သည့်အချိန်မှစ၍ တွက်လျှင်ပင် နှစ်ဦးသား ရင်းနှီးကြချိန်မှာ သုံးလပင် မပြည့်သေးရာ အဆင့်တက်သည်မှာ အနည်းငယ်ပင် မြန်နေသေးသလိုပင်။
မည်သို့ပင်ဖြစ်စေ ဝမ်ထုန်အနေဖြင့် ထိုစကားများကို ထုတ်ပြောရန် မလိုအပ်ပေ။ သူနှင့် အခြားဝန်ထမ်းများအားလုံးက ပြုံးကာ ဆုမွန်ကောင်း တောင်းပေးလိုက်ကြတော့သည်။
သူက ဖုကျန်းထံ ခပ်သွက်သွက် လက်ဆန့်ပေးလိုက်ရင်း မင်္ဂလာချိုချဉ် လိုချင်သလားဟု မေးလိုက်သည်။
"ရှောင်ထန်းကို ပေးလိုက်နော် ဒါရိုက်တာဖု..."
" အား ဟုတ်သားပဲ လက်ထပ်မှတ်ပုံတင် ယူတော့မှာဆိုတော့ မင်္ဂလာချိုချဉ်ကရော..."
"လက်ထပ်ပွဲအတွက် စီစဉ်နေတာလား ..."
Anime ကြည့်သူများက သာမန်သူများထက် လိင်တူချစ်ကြိုက်ခြင်းကို ပိုလက်ခံနိုင်ကြသည်ထင်သည်။
ဖုကျန်းက ခေါင်းညိတ်ကာ အားလုံးကို ပြောလိုက်သည်။
"ပေးရမှာပေါ့ မနက်ဖြန်ကျ ယူလာပေးပါ့မယ် ..."
"ကျန်းဟန်ရှုရော သူက ဘယ်အချိန် လာခေါ်မှာတဲ့လဲ ..."
"အခု အောက်ထပ်ကို ရောက်နေပြီတဲ့ ..."
ဖုကျန်းက ပြန်ဖြေလိုက်သည်။
လက်ထောက်ဒါရိုက်တာက ဖုကျန်း၏ပုခုံးကိုပုတ်ကာ ခပ်ပြုံးပြုံးပြောလိုက်သည်။
"သွက်သွက်လေးသွားတွေ့တော့ အခုသာ ထွက်မလာဘူးဆိုရင် ရှောင်ကျန်းကတော့ စိတ်ဖိစီးနေတော့မှာ ..."
ဖုကျန်းက ရှက်ပြုံးပြုံးရင်း ပြောလိုက်သည်။
"လက်မှတ်ရပြီးတာနဲ့ တန်းပြန်လာခဲ့ပါ့မယ် ..."
" အိုက်ယား ဒီမှာ ဘာလုပ်ဦးမလို့လဲ ဒီလိုရက်မျိုးဆိုတာကလေ ရိုမန့်တစ်ဆန်ဆန်ညစာလေးစား၊ ရုပ်ရှင်လေးဘာလေးကြည့်ရင်းနဲ့ အချိန်ကောင်းလေးကို ဖြတ်သန်းသင့်တာလေ ပြန်လာပြီး ဘာလုပ်ဦးမှာလဲ စတူဒီယိုထဲက လုပ်စရာရှိတာအကုန် ငါတို့ပဲ လုပ်ထားပေးမယ် စိတ်ချလက်ချသာသွား ..."
ဖုကျန်းမှာ အနည်းငယ် ရှက်နေဆဲဖြစ်သည်။ ပြူးကျယ်နေသော မျက်လုံးများဖြင့် လက်ထောက်ဒါရိုက်တာကို မေးလိုက်သည်။
"ဒါဆို ပြန်မလာလည်း ရတယ်လား ..."
" မလာနဲ့ မလာနဲ့ ကျန်းမျိုးရိုးက ကျန်တဲ့သူတွေကို အရေခွံနွှာလိုက်လိမ့်မယ် ကိုယ့်အလှည့်ကို တစ်ခြားသူတွေဆီ မလွှဲနဲ့လေ ..."
အခြားတစ်ယောက်က အရွှန်းဝင်ဖောက်လိုက်သည်။
ဖုကျန်းက ရယ်လိုက်ရင်း ဝန်ထမ်းများကို ဦးညွတ်လိုက်သည်။
"ဒါဆိုရင်တော့ ဒီနေ့ ဒုက္ခပေးမိသလို ဖြစ်သွားပြီ ..."
ပန်းချီဆရာများက အသည်းအသန် လက်ယမ်းပြလိုက်သည်။
"အမလေး ပြဿနာမရှိပါဘူး မနက်ဖြန်မှသာ မင်္ဂလာချိုချဉ်ကို များများလေး ပိုယူလာပေးနော် ..."
"သေချာတာပေါ့ဗျာ ..."
ဖုကျန်းက ကျန်းဟန်ရှု ကားရပ်ထားသည့် အောက်ထပ်သို့ ဆင်းလာလိုက်သည်။ ကားတံခါးကိုဖွင့်ကာ ဝင်ထိုင်လိုက်လျှင် ကျန်းဟန်ရှုက သူ့ကို ငေးကြည့်ရင်း မေးလိုက်သည်။
"စိတ်လှုပ်ရှားနေလား ..."
ဖုကျန်းက သူ့လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း ပြန်ဖြေလိုက်သည်။
"အဆင်ပြေပါတယ် ..."
ကျန်းဟန်ရှုက ပြုံးသာပြုံးပြလိုက်ပြီး ဘာမှ ပြန်မပြောတော့။ ကားစက်နှိုးကာ ဖုကျန်းကို ပြည်သူ့ရေးရာဌာနသို့ ခေါ်သွားတော့သည်။
ဖုကျန်းသည် တစ်လမ်းလုံး ဖုန်းစခရင် အနက်ရောင်ကိုသာ ငုံ့ကြည့်လာသည်။ သူသည် အတွေးများနေဟန် ရှိသော်လည်း အဆုံးတွင်တော့ တစ်ခုကိုမှ မဖမ်းမိပေ။
နာရီဝက်ခန့်အကြာတွင်တော့ ဖုကျန်းနှင့် ကျန်းဟန်ရှုတို့သည် ပြည်သူ့ရေးရာဌာနအပြင်ဘက်သို့ ရောက် လာပြီဖြစ်သည်။ ဖုကျန်းက သူ၏ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းစာရွက်ကို ကိုင်ထားလိုက်သည်။ အိမ်ထောင်စုစာရင်းထဲတွင် သူက တစ်ဦးတည်းသောသူဖြစ်သော်ငြား မကြာခင် သူ့တွင် မိသားစုအသစ် ရှိလာတော့မည်ဖြစ်သည်။ သူ့ရှေ့မှ ပြည်သူ့ရေးရာအဆောက်အဦးကို မော့ကြည့်လိုက်သည်။ သမားရိုးကျ အဆောက်အဦးကပင်လျှင် သူ့မျက်လုံးထဲတွင် ရဲတိုက်ကြီးသဖွယ် ဖြစ်နေသည်။ ကျန်းဟန်ရှုက ဖုကျန်း၏လက်ကိုဆွဲကာ တံခါးကိုတွန်းဖွင့်ပြီး ပြည်သူ့ရေးရာဌာနသို့ အတူတူ ဝင်လာခဲ့လိုက်သည်။
လိင်တူလက်ထပ်မှုကို စတင်လက်ခံလိုက်သည့် ပထမဆုံးနှစ်မှလွဲ၍ နောက်နှစ်များတွင် ပြည်သူ့ရေးရာဌာနသို့လာသည့် လိင်တူစုံတွဲဟူ၍ များများစားစားမရှိ။ အမျိုးသားစုံတွဲများထက် အမျိုးသမီးစုံတွဲများက ပိုပြီး လာကြသည်။
အမျိုးသားနှစ်ဦး အတူတူဝင်လာသည်ကိုမြင်လျှင် ဝန်ထမ်းသည် မထူးဆန်းလေဟန်ဖြင့် ကြင်နာစွာပြုံးပြရင်း လက်ထပ်လျှောက်လွှာနှစ်စောင်ကို ကမ်းပေးလိုက်သည်။ သူတို့ဖောင်ဖြည့်ပြီးချိန်တွင်တော့ ဝန်ထမ်းက နောက်တစ်ခေါက် စစ်ပေးလိုက်ပြီး ပြောလိုက်သည်။
"ဟိုဘက်မှာ ဓာတ်ပုံသွားရိုက်ပေးနော်..."
ဖုကျန်းမှာ ရင်တဒိတ်ဒိတ်ခုန်နေကာ သူ့မြင်နေသမျှတိုင်းက အစစ်အမှန်မဟုတ်သလိုပင် ခံစားနေရသည်။ နောက်ခံအနီရောင်က သူတို့၏ ရှပ်အင်္ကျီအဖြူပေါ်ကို ပန်းရောင်ထင်ဟပ်နေစေသည်။
ဖုကျန်းနှင့် ကျန်းဟန်ရှုတို့က ပူးကပ်နေကြသည်။ သူက နံဘေးရှိ ကျန်းဟန်ရှုကို တိတ်တိတ်လေး မော့ကြည့်လိုက်သည်။ ကျန်းဟန်ရှု၏ ဘေးတိုက်မျက်နှာမှာ မီးရောင်အောက်တွင် နူးညံ့နေသည်။
"ကင်မရာကို ကြည့်ပေးပါ ကင်မရာကိုပဲကြည့်ပေးပါ ..."
ဖုကျန်းက မလှမ်းမကမ်းရှိ ကင်မရာကို လှမ်းကြည့်လိုက်သည်။ သို့သော်ငြား ဓာတ်ပုံဆရာက အတော်ကြာသည်အထိ ကင်မရာခလုတ်ကို မနှိပ်သေး။ သူက သက်ပြင်းချရင်း ဖုကျန်းကို ပြောလိုက်သည်။
"ပြုံးလေ လက်ထပ်ဓာတ်ပုံရိုက်တာကို ဘယ်လိုကြောင့်များ ငိုနေရတာလဲ ဟမ် ..."
ဘာမှမသိသော ကျန်းဟန်ရှုက ဖုကျန်းကို လှည့်ကြည့်လိုက်လျှင် အမူအယာပျက်ကာ မျက်ရည်စတို့ တွဲလွဲခိုနေသော ဖုကျန်းကို သနားဖွယ် တွေ့လိုက်ရသည်။ အကြောင်းမသိသူသာဆိုလျှင် ကျန်းဟန်ရှုက သူ့ကို အတင်းအကျပ် မှတ်ပုံတင်ခိုင်းနေသလိုပင်။
ကျန်းဟန်ရှုက ဖုကျန်းမျက်လုံးထောင့်စွန်းမှ မျက်ရည်စက်များကို သုတ်ပေးလိုက်သည်။ ဖုကျန်း ၏မျက်နှာကို သာသာလေးပင့်ကာ‌ မေးလိုက်သည်။
"တစ်ခုခုဖြစ်လို့လား ..."
ဖုကျန်းက ကျန်းဟန်ရှုကို ခေါင်းယမ်းပြလိုက်သည်။
"မဟုတ်ပါဘူး အရမ်းစိတ်လှုပ်ရှားပြီး ခံစားချက်တွေကို ထိန်းချုပ်လို့မရလို့ ..."
"စိတ်ကိုအေးအေးထားနော် ..."
ကျန်းဟန်ရှုက သူ့နောက်ကျောကို ဖွဖွလေး ပုတ်ပေးလိုက်သည်။
"အသက်ကိုပြင်းပြင်းရှူလိုက် ..."
ဖုကျန်းမှာ နောက်ဆုံးတွင်တော့ စိတ်ငြိမ်သွားပြီဖြစ်သည်။ သူတို့က အနီရောင်နောက်ခံရှေ့တွင် နောက်တစ်ခါ ရပ်လိုက်ပြန်သည်။ ဒီတစ်ကြိမ်တွင် ဖုကျန်းက မငိုတော့သော်ငြား သူ့အမူအယာက အနည်းငယ် တင်းကြပ်နေဆဲဖြစ်သည်။
ထိုမြင်ကွင်းမျိုးကို အသားကျနေပြီဖြစ်သော ဓာတ်ပုံဆရာက ဖုကျန်းကို ပြောလိုက်သည်။
"ပိုကြည့်‌ကောင်းအောင် သဘာဝကျကျလေး ရယ်လိုက် ဒီတစ်ခေါက်မှ မရယ်ရင် အသက်ကြီးပြီး သွားတွေမရှိတော့တဲ့အချိန်မှ ရယ်မှာလား ..."
ဖုကျန်းမှာ ဟန်မဆောင်နိုင်စွာပင် ရယ်ချလိုက်သည်။ ဓာတ်ပုံဆရာက ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ ကင်မရာခလုတ်ကို နှိပ်လိုက်သည်။
" အိုကေ ဒါက ဆေးစစ်ဖို့စာရွက် အခု ဆေးသွားစစ်လိုက်တော့ အားလုံးစစ်ပြီးရင် လက်ထပ်မှတ်ပုံတင် ယူလို့ရပြီ ..."
"ကျေးဇူးတင်ပါတယ် ..."
ဖုကျန်းက ဆေးစစ်ရန်စာရွက်ကို လှမ်းယူလိုက်သည်။ အကယ်၍ ဆေးစစ်ရမည်ဆိုလျှင် သူ့တွင် ကိုယ်ဝန်ရှိနေကြောင်း သိသွားတော့မည်ဖြစ်ရာ သူက မေးလိုက်သည်။
"ဆေးစစ်ဖို့က မဖြစ်မနေလိုတာလား ..."
"လုပ်ရင်တော့ ပိုကောင်းတာပေါ့ ဒါပေမယ့် အဲ့လောက် အရေးတကြီးလိုတာတော့ မဟုတ်ပါဘူး မစစ်ချင်ဘူးဆိုရင်တော့ တံဆိပ်တုံး တန်းထုပြီး ယူလိုက်ရုံပဲ ..."
ဖုကျန်းက ကျန်းဟန်ရှုကို လှမ်းကြည့်လိုက်သည်။
"ဒါဆို တန်းယူလိုက်ရအောင်နော် ..."
ကျန်းဟန်ရှုလည်း ခေါင်းညိတ်ကာ သူတို့ဖြတ်လာခဲ့သည့် ကောင်တာသို့သွားကာ သူတို့၏ လက်ထပ်မှတ်ပုံတင်ကို တံဆိပ်တုံးအနီထုပေးနေသည်ကို ကြည့်နေလိုက်သည်။ ယခုအချိန်မှစ၍ သူတို့နှစ်ဦး၏ဘဝသည် ပေါင်းစပ်သွားပြီဖြစ်သည်။
ဖုကျန်း၏မျက်လုံးတို့မှာ ပူထူလာသော်လည်း ဒီတစ်ကြိမ်တွင်တော့ သူ ထပ်ပြီးမငိုတော့။ ပြည်သူ့ရေးရာဌာန၏ မျက်နှာစာတွင် ရေးထားသည့် ရွှေရောင်စာလုံးများအတိုင်း ကျန်းဟန်ရှု၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
"မင်းရဲ့လက်ကိုကိုင်ရင်းပဲ အတူတူ အိုမင်းသွားမယ်..."
ဖုကျန်းချန်က ပြည်သူ့ရေးရာဌာနနှင့် မျက်နှာချင်းဆိုင်တွင် ကားရပ်ပြီး ဖုကျန်းနှင့် ကျန်းဟန်ရှုတို့ ထွက်လာသည်ကို ကြည့်နေလိုက်သည်။ သူက ကျန်းဟန်ရှု၏ ဖုကျန်းအပေါ် ခံစားချက်မှာ မနက်ရှိုင်းဘဲ အပျော်သက်သက်ဖြစ်နေမည်ကို စိုးရိမ်နေသည်။ ကျန်းဟန်ရှုက ဖုကျန်းအား ထိခိုက်စေမည်ကို ကြောက်ရွံ့မိသော်ငြား သူက ဖုကျန်းကို ပြည်သူ့ရေးရာဌာနသို့ ခေါ်သွားလိုစိတ်ရှိရာ သူသည် ဖုကျန်းကို အလေးအနက်ထားကြောင်း သိလိုက်ရသည်။
ကျန်းမိသားစုကရော ဖုကျန်းကို လက်ခံပါ့မလား။
ဖုကျန်းချန်သည် ကားပေါ်တွင်ထိုင်ရင်း ဖုကျန်းနှင့် ကျန်းဟန်ရှုတို့ ထွက်လာသည်ကို ကြည့်နေလိုက်သည်။ ဖုကျန်း၏မျက်နှာမှာ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေကာ ယခု ဖုကျန်းမှာ အလွန်ပျော်နေကြောင်း ပြောနိုင်ပေသည်။
ဒီပျော်ရွှင်မှုက သူနဲ့တော့ ဘာမှမဆိုင်ပေမယ့်ပေါ့
သူ ဖုကျန်းအတွက် ဘာများ လုပ်ပေးနိုင်မလဲ။
ဖုကျန်းချန်သည် ကားစတီယာဘီးပေါ် မှောက်ချလိုက်သည်။ အတိတ်တွင်မှ ဖုကျန်းကို အိပ်မက်ထဲတွင် တွေ့နိုင်သေးသော်လည်း ယခုတွင်တော့ သူ့ကို အိပ်မက်ပင် မမက်နိုင်တော့ပေ။
ထိုအချိန်တွင် ဖုကျန်းချန်၏ဖုန်းက မြည်လာသည်။ ခေါင်းကိုမော့ကာ ဖုန်းကိုထုတ်ပြီး ဖြေလိုက်သည်။ ဖုန်းတစ်ဖက်မှ အမျိုးသားတစ်ဦး၏အသံထွက်လာပြီး ထိုသူက ဖုကျန်းချန်ကို အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"လွန်ခဲ့တဲ့နှစ်နှစ်က မစ်ထန်ဝမ်ဝမ်ကို စုံစမ်းခဲ့ပြီးပါပြီ ..."
ဖုကျန်းချန်က ခပ်ဖြေးဖြေးပြောလိုက်သည်။
"ငါ့ကိုမေးလ်ပို့လိုက် ..."
ထို့နောက်တွင်တော့ ဖုန်းကိုချကာ မျက်လုံးမှိတ်ပြီး ထိုင်ခုံနောက်ကို မှီလိုက်သည်။
ထန်ဝမ်ဝမ် ဖုကျန်းကို လုပ်ခဲ့သမျှတိုင်းအတွက် တစ်ခုချင်း တစ်ခုချင်း ပြန်ပေးဆပ်ရမည်ဖြစ်သည်။ သူမ၏တစ်ဘဝလုံးကို ရန်ကြွေးဆပ်ရင်းသာ တစ်ဖြေးဖြေး ကုန်ဆုံးစေမည်ဖြစ်သည်။