အပိုင်း ၆၆
Viewers 23k

ပြည်သူ့ရေးရာဌာနမှအပြန်တွင် ကျန်းဟန်ရှုသည် ဖုကျန်းကို ကျန်းအိမ်သို့ ခေါ်သွားခဲ့သည်။ မစ္စစ်ကျန်းသည် သူတို့နှစ်ဦးမှာ လက်ထပ်မှတ်ပုံတင် ယူပြီးပြီဟု မသိသေးသော်ငြား နှစ်ဦးသား
အိမ်ထဲသို့ အတူတူဝင်လာသည်ကို မြင်လိုက်ရလျှင်ပင် ပျော်ရွှင်လာသည်။ ဖုကျန်းကြိုက်တတ်သော ဟင်းလျာများ ပိုချက်ပေးရန် မီးဖိုချောင်ကို ညွှန်ကြားလိုက်ပြီးမှ ဖုကျန်းမှာ လတ်တလော ခံတွင်းပျက်နေကြောင်း ကျန်းဟန်ရှု ပြောဖူးသည်ကို သတိရလိုက်သည်။ သို့အတွက် ဆီများသော ဟင်းများ သိပ်မချက်ရန် ညွှန်ကြားလိုက်သည်။
"ကျွန်တော် ဖုကျန်းနဲ့ လုပ်စရာလေးရှိနေသေးလို့ ..."
ကျန်းဟန်ရှုက ဖုကျန်း၏လက်ကိုဆွဲကာ အပေါ်ထပ်ရှိ သူ့အိပ်ခန်းသို့ ခေါ်သွားလိုက်သည်။
ဖုကျန်း ထိုအခန်းထဲသို့ ရောက်ဖူးသည်မှာ ပထမဆုံးအကြိမ်တော့မဟုတ်ပေ။ သူက အိပ်ခန်း၏အလယ်တွင် မတ်တပ်ရပ်နေသည်။ ‌ပြတင်းပေါက်မှန်မှတစ်ဆင့် နေပြောက်တို့က အခန်းတစ်ခုလုံးကို ဖြာကျနေသည်။
ဖုကျန်းသည် ကျန်းဟန်ရှုက သူ့ကို ဘာလို့ခေါ်လာမှန်း မသိသော်လည်း အရေးကြီးကိစ္စတစ်ခုခု ဖြစ်လိမ့်မည်ဟုတော့ ခန့်မှန်းမိသည်။ ကျန်းဟန်ရှုက သူ့ကိုကျောပေးကာ ကုတင်ခေါင်းရင်းမှ ဗီရိုကို ဖွင့်နေသည့်အတွက် ဖုကျန်းသည် သူ ဗီရိုထဲမှ ဘာထုတ်လိုက်သည်ကို မတွေ့ရပေ။
စိတ်လှုပ်ရှားနေသော ဖုကျန်းမှာ လက်နှစ်ဖက်ကို ဆုပ်လိုက် လည်ပင်းကို ပွတ်လိုက်ဖြင့် အလုပ်များနေသည်။ သူက ကျန်းဟန်ရှုကို မေးလိုက်သည်။
"ဘာကိစ္စရှိလို့လဲ ..."
ကျန်းဟန်ရှုက ဖုကျန်းကို လှည့်ကြည့်လိုက်သည်။ သူ့မျက်ဝန်းပြာထဲတွင် ပဟေဠိများ နစ်မြုပ်နေပေသည်။ ကျန်းဟန်ရှုက လက်ထဲတွင် မီးခိုရောင်သေတ္တာတစ်လုံးကို ကိုင်ထားသည်။
သူက ဖုကျန်းထံ လျှောက်လာကာ ဒူးထောက်ချလိုက်ပြီး သေတ္တာကို ဖြေးဖြေးလေး ဖွင့်ပြလိုက်သည်။ ပလက်တီနမ်လက်စွပ်တစ်ကွင်းက ဘူးထဲတွင် ငြိမ်ငြိမ်လေး လဲလျောင်းနေသည်။ လက်စွပ်မှ စိန်ပွင့်မှာ နေရောင်အောက်တွင် ခေါင်းမူးချင်စရာကောင်းလောက်အောင်ကို တဖျတ်ဖျတ်လတ်နေသည်။ ကျန်းဟန်ရှုက သူ၏ ရေမြေ့ရှင်ကို ဖူးမြော်‌နေသည့်သဖွယ် မော့ကြည့်လိုက်သည်။
"ကိုယ်နဲ့လက်ထပ်ဖို့ ဆန္ဒရှိလား ..."
သူက ဖုကျန်းကို မေးလိုက်သည်။
အံ့ဩသွားသော ဖုကျန်းဝေသည် ခြေတစ်လှမ်းနောက်ဆုတ်ကာ ပါးစပ်ကို အုပ်လိုက်သည်။ သူမှာ ထိုအခိုက်အတန့်ကို လုံးဝမျှော်လင့်မထားသည့်အတွက် အတော်ကြာသည်အထိ စကားသံ ထွက်မလာနိုင်တော့ပေ။
သူတို့မှာ ယနေ့ လက်ထပ်မှတ်ပုံတင်ရခဲ့ပြီးဖြစ်ရာ ထိုအဖြစ်အပျက်မျိုးက အံ့ဩစရာတော့ မဟုတ်ပေ။ သို့သော်ငြား ကျန်းဟန်ရှုက ရုတ်တရက်ကြီး ဒူးတစ်ဖက်ထောက်ကာ လက်ထပ်ခွင့်တောင်းလာမည်‌ဟုတော့ မျှော်လင့်မထားပေ။ ကျန်းဟန်ရှုက လက်ထပ်ခွင့်တောင်းရမှာကို အခုမှ သတိရလို့များလား။
ဖုကျန်းက ရင်ဘက်ကိုဖိကာ အသက်ကို ပြင်းပြင်းရှူရင်း ဒူးထောက်နေသော ကျန်းဟန်ရှုကို ပြောလိုက်သည်။
"ခင်ဗျားက အစီအစဉ်တကျလည်း မဟုတ်ပါဘူးရော ..."
သာမန်အခြေအနေမျိုးတွင် လက်ထပ်ခွင့်တောင်းပြီးမှ မှတ်ပုံတင်ယူကြရမည်ဖြစ်သည်။
ကျန်းဟန်ရှုက ပြုံးလိုက်သည်။ သူ့လက်ထဲမှ လက်စွပ်ကို ပိုပြီး မြင့်မြင့်မြှောက်ကာ ဖုကျန်းကို ပြောလိုက်သည်။
"အစီအစဉ်ကျဖို့ထက် အခမ်းအနားလေးရှိဖို့ကမှ မရှိမဖြစ်ပါနော် ..."
" မစ္စတာဖုကျန်းရေ ကျွန်တော့်ကို လက်ထပ်ဖို့ ဆန္ဒရှိရဲ့လားဗျ ..."
ဖုကျန်းက ဘယ်လိုစိတ်ကူးမျိုးနဲ့ ဆန္ဒမရှိရမှာလဲ။
ဖုကျန်းက တည်ငြိမ်ဟန်ဆောင်ချင်သော်လည်း သူ၏ တုန်ရီနေသောအသံက သူ့ကို သစ္စာဖောက်သွားသည်။
" ဆန္ဒရှိပါတယ် ... "
ကျန်းဟန်ရှုက နှုတ်ခမ်းကိုဖိကိုက်ကာ ပြုံးလိုက်သည်။ ဖုကျန်း၏ ဘယ်ဘက်လက်ကိုဆွဲယူကာ လက်စွပ်ဝတ်ပေးလိုက်ပြီး သူ့လက်ဖမိုးကို အနမ်းခြွေလိုက်သည်။
ကျန်းဟန်ရှုက မတ်တပ်ထရပ်လိုက်သည်။ ဖုကျန်းက ရှေ့တစ်လှမ်းတိုးကာ သူ့ကိုဖက်လိုက်ရင်း တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ် ကျွန်တော်ကကျ ဘာမှ မပြင်ထားမိဘူး ..."
ကျန်းဟန်ရှုက ဖုကျန်းကို ငြင်ငြင်သာသာလေး နှစ်သိမ့်လိုက်သည်။
" မဟုတ်တာ မင်းရှိနေတာနဲ့တင်ကို လုံလောက်တာထက် ပိုနေပါပြီ ..."
ဖုကျန်းက ကျန်းဟန်ရှု၏ပုခုံးပေါ်သို့ မေးတင်လိုက်သည်။ ပြတင်းပေါက်မှန်မှတစ်ဆင့် အဝေးမှ မှိုင်းညို့ညို့သစ်တောနှင့် ထိုသစ်တောအလယ်ရှိ ရေကန်ကို မြင်နေရသည်။ ရေကန်မှ နှင်းတို့မှာ တစ်ဖြေးဖြေး အရည်ပျော်လာသည်။ နွေဦးပေါက်တော့မည်ဖြစ်သည်။
လက်ထပ်ခွင့်တောင်းပြီးနောက် ကျန်းဟန်ရှုသည် ဖုကျန်းနှင့်အတူ အောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။ ထို့နောက် သူက မစ္စစ်ကျန်းကို ပြောလိုက်သည်။
"ကျွန်တော်တို့ ဒီနေ့ ပြည်သူ့ရေးရာဌာနကို သွားပြီး လက်ထပ်မှတ်ပုံတင် ယူခဲ့ပြီ ..."
မဒမ်ကျန်းက လက်ဖက်ရည်ငှဲ့နေရာမှ ခဏ ရပ်သွားသော်ငြား မျက်စိတစ်မှိတ်အတွင်းတွင်ပင် ပုံမှန်ပြန်ဖြစ်သွားသည်။ သူမက ကျန်းဟန်ရှုကို ဒီလောက်မြန်မြန်ကြီး လှုပ်ရှားလိမ့်မည်ဟု လုံးဝ မထင်ထားပေ။
သူမက လက်ထဲမှ လက်ဖက်ရည်အိုးကိုချကာ ဖုကျန်း၏ ဘယ်ဘက်လက်ရှိ လက်စွပ်ပေါ်သို့ ခဏ အကြည့်ရောက်သွားသည်။ သူမက ရယ်ကာ ကျန်းဟန်ရှုကို မေးလိုက်သည်။
"လက်ထပ်ပွဲကရော ဘယ်အချိန်လုပ်မှာလဲ ..."
လက်ထပ်ပွဲမှာ ဖုကျန်း၏ဗိုက် သိသိသာသာထွက်မလာခင် ကျင်းပရမည်ဖြစ်သည်။ သို့မဟုတ်လျှင် ကလေးမွေးပြီးသည်အထိ သူစောင့်နေရတော့မည်ဖြစ်သည်။ ထိုနှစ်ခုကို နှိုင်းယှဉ်ရွေးချယ်ရပါလျှင် မဒမ်ကျန်းသည် သူတို့အား ပထမအချက်ကိုသာ ရွေးချယ်စေလိုသည်။ ယခု သူတို့တွင် လက်ထပ်မှတ်ပုံတင် ရပြီးပြီဖြစ်ရာ ကျန်းဟန်ရှုသည်လည်း ပထမတစ်ခုကိုပင် ရွေးလိမ့်မည်ထင်သည်။
ကျန်းဟန်ရှုက သူ့ဘေးရှိ ဖုကျန်းကို လှည့်ကြည့်လိုက်သည်။ သူ့လက်ကိုကိုင်ကာ မဒမ်ကျန်းကို ပြောလိုက်သည်။
"ကျွန်တော်က လေးလ‌ပိုင်းလောက်မှာ မင်္ဂလာဆောင်ချင်တာ ..."
မဒမ်ကျန်းမှာ အနည်းငယ် ဆိုင်းတွနေဟန်ရှိသည်။
"ဧပြီလကကျ အရမ်းကြီး ကတိုက်ကရိုက်မဖြစ်ဘူးလား ... "
" လူအများကြီး ဖိတ်ဖို့လဲ မလိုသလို ပွဲကလည်း အရမ်း ကိန်းကြီးခမ်းကြီးနိုင်စရာမလိုပါဘူး ... "
မဒမ်ကျန်းက ခေါင်းညိတ်ကာ ဖုကျန်းကို တစ်လှည့် မေးလိုက်သည်။
"ရှောင်ကျန်းရဲ့အတွေးကရော ..."
"ကျွန်တော့်အတွေးကလည်း သူပြောသွားသလိုပါပဲ ..."
ဖုကျန်းက သူ့လက်ချောင်းများကို ဆန့်ထုတ်ကာ ကျန်းဟန်ရှု၏ လက်မောင်းကို ထိလိုက်သည်။ ကျန်းဟန်ရှုက ဖုကျန်း၏လက်ကိုဆွဲကာ သူ၏ လက်ဖဝါးကြီးဖြင့် အုပ်မိုးထားလိုက်သည်။
ဖုကျန်းအတွက်မူ ကျန်းဟန်ရှုပြောသွားသမျှမှာ ငြင်းဆန်ဖွယ်ရာ တစ်ခွန်းမှ မပါပေ။ သူ့တွင် ဆွေမျိုးမိတ်သင်္ဂဟဟူ၍လည်း တစ်ဦးတစ်ယောက်မှ မရှိတော့ပေ။ ကျန်းဟန်ရှုကသာ သူ့အတွက် တစ်ဦးတည်းသောသူ ဖြစ်သည်။ လက်ထပ်ပွဲလုပ်ရသည့် အရေးအပါဆုံးအချက်ကပင်လျှင် သူနှင့် ကျန်းဟန်ရှုတို့ ယခုမှစ၍ တစ်သက်လုံး အတူတူကုန်ဆုံးသွားကြရန်ဖြစ်သည်။
ထိုအချက်အတွက်ကမူ လက်မထပ်မီကပင် ကျန်းဟန်ရှုက သူ့ကို ကတိပေးခဲ့ပြီးဖြစ်သည်။
မဒမ်ကျန်းက ခေါင်းညိတ်လိုက်သည်။
"ဒီအတိုင်းဆိုရင်တော့ အရမ်းကြီး အချိန်မလိုလောက်ဘူး ဧပြီလထဲမှာ ဘယ်ရက်တွေက ရက်ကောင်းရက်မြတ်လဲဆိုတာ တွက်ဖို့အတွက် ဆရာတစ်ယောက်လောက် ရှာထားလိုက်မယ် ..."
မဒမ်ကျန်းမှာ အယူသည်းသူတစ်ဦး မဟုတ်သော်ငြား ထိုကိစ္စမျိုးတွင်တော့ အထူးတလည်ဂရုစိုက်တတ်သူ တစ်ဦး ဖြစ်သည်။ သူမသည် ရက်‌ကောင်းရက်မြတ် တွက်ချက်ရန် ဆရာတစ်ဦးရှာဖို့က အလွန်အရေးကြီးသည်ဟု ခံယူထားသည်။
မင်္ဂလာပွဲအကြောင်း ပြောပြီးနောက်တွင်တော့ မဒမ်ကျန်းက ဖုကျန်း၏လက်ကို လှမ်းကိုင်လိုက်သည်။ သူမ မျက်နှာပေါ်မှအပြုံးက ပို၍ပို၍ ဖော်ရွေလာသည်။ သူမက ဖုကျန်းကို ဂရုတစိုက်မေးလိုက်သည်။
"ဒီရက်ပိုင်းမှာ ဘယ်လိုခံစားရသေးလဲ ဟန်ရှုပြောတာတော့ ဒီရက်ပိုင်း ပျို့အန်နေတယ်ဆို ... "
ဖုကျန်းက ခေါင်းငုံ့လိုက်ပြီး ရှက်သွေးဖြာစွာဖြင့် ပြန်ဖြေလိုက်သည်။
"အများကြီး ပိုကောင်းလာပါပြီ ... "
မဒမ်ကျန်းက ဖုကျန်းကို ပြုံးကာ ပြောလိုက်သည်။
"အိမ်က စားဖိုမှူးက ဟန်ရှုရဲ့လက်ရာထက် အများကြီး ပိုကောင်းတာနော် အိမ်မှာ ရက်နည်းနည်းလောက် နေပါဦးလား ... "
ဖုကျန်းက ခေါင်းကိုယမ်းလိုက်သည်။
"မဟုတ်တာ သူချက်တာက အများကြီး စားကောင်းပါတယ် ... "
မဒမ်ကျန်းက နှုတ်ခမ်းကိုအုပ်ကာ သာသာလေး ချောင်းဟန့်လိုက်သည်။ လူငယ်စုံတွဲမှာ နှစ်ယောက်တည်းကမ္ဘာ တည်ဆောက်လိုကြသည်ကို နားလည်သောကြောင့် သူမက သူတို့ကို ကျန်းအိမ်သို့ပြောင်းလာကြရန် အတင်းမတိုက်တွန်းတော့ပေ။
ထို့သို့ဖြင့် အားလုံးမျှော်လင့်စောင့်စားနေကြသည့် မတ်လသို့ လျင်လျင်မြန်မြန် ရောက်ရှိလာတော့သည်။ ဖုကျန်း၏ကိုယ်ဝန်မှာ သုံးလရှိနေပြီဖြစ်ရာ ကျန်းဟန်ရှုက သူ့ကို ဆေးစစ်ရန် ဆေးရုံသို့ ခေါ်လာခဲ့သည်။ သူ့ဗိုက်ထဲမှ သန္ဓေသားမှာ ပုံမှန်ဖြစ်နေပြီး မျိုးရိုးဗီဇဆိုင်ရာ ပြဿနာများနှင့် ကိုယ်အင်္ဂါချို့ယွင်းချက်များလည်း မရှိပေ။
ဖုကျန်းမှာ သယ်ပိုးထားရသည့် ပူပန်မှုများကို လွှတ်ချနိုင်ပြီဖြစ်ရာ သူ၏ အစာစားချင်စိတ်မှာ ပိုပြီး တိုးတက်လာသည်။ ကျန်းဟန်ရှုကလည်း သူ့ကို နေ့တိုင်း အာဟာရဖြည့်စွက်စာများကို အမျိုးမျိုး စီစဉ်ပေးတတ်ပြီး လွန်ခဲ့သည့်နှစ်ဒီဇင်ဘာမှ ကျန်းဟန်ရှုထက် အများကြီး တိုးတက်ကျွမ်းကျင်လာပြီဖြစ်သည်။ ယခုအချိန်တွင် ဖုကျန်းမှာ အနည်းငယ် အသားပြည့်လာပြီး သူ့မျက်နှာမှာလည်း ပိုပြီးဖောင်းမို့လာပြီဖြစ်သည်။
သူ့ဗိုက်ထဲမှ ရင်သွေးငယ်မှာ အကုန်အဆင်ပြေနေကြောင်း သိလိုက်ရပြီးနောက်တွင်တော့ ဖုကျန်းသည် Shazhou Chronicle တွင်သာ စိတ်ရောကိုယ်ရော မြှုပ်နှံထားလိုက်တော့သည်။ မဒမ်ကျန်းကလည်း မင်္ဂလာပွဲအတွက် မပူပန်ရန် ပြောထားရာ သူသည် ဧပြီလသို့ ရောက်လာရန်ကို စိတ်အေးလက်အေးစောင့်နေရန်သာ ရှိတော့သည်။
ကျန်းဟန်ရှုနှင့် ဖုကျန်းတို့၏ မင်္ဂလာပွဲမှာ အကြီးအကျယ်မဟုတ်သော်ငြား ကျန်းဟန်ရှုသည် ဟဲရှီကျန်းမိသားစု၏ တစ်ဦးတည်းသော ဆက်ခံသူဖြစ်သည်။ လူတိုင်းကို မဖိတ်သော်ငြား သူတို့၏ မင်္ဂလာပွဲသည် အားလုံးအတွက် သတင်းထူးပင်ဖြစ်သည်။
"ကျန်းမိသားစုရဲ့ဆက်ခံသူက ယောကျာ်းတစ်ယောက်နဲ့ ယူတော့မှာတဲ့ မစ္စတာကျန်းနဲ့ မစ္စစ်ကျန်းတို့က ဘယ်လိုတွေတွေးပြီးများ လက်ခံလိုက်လဲမသိဘူးနော် ... "
ဖုကျန်း၏ မင်္ဂလာပွဲကို ဧပြီလ ကိုးရက်နေ့တွင် ကျင်းပရန် သတ်မှတ်လိုက်ကြသည်။ အချိန်မှာ အနည်းငယ် အလောတကြီးဖြစ်နေသော်ငြား ကျန်းဟန်ရှုက သူတို့၏ပေါင်းစည်းမှုအတွက် နောက်ထပ်နေ့ကောင်းမှာ ဇွန်လတွင်မှဖြစ်ရာ သူက ဇွန်လအထိ မစောင့်နိုင်တော့ပေ။
........
"ကျန်းဟန်ရှုနဲ့ ရှောင်ကျန်း ... "
ဖုထင်က ဖုကျန်းချန်အနားကို လာပြီး ပြောလိုက်သည်။
"သူတို့ လက်ထပ်ကြတော့မယ်တဲ့ ... "
"သိတယ် ... "
သေချာတာပေါ့ ။ သူတို့ ပြည်သူ့ရေးရာဌာနကနေ ထွက်လာကတည်းက သူ သိလိုက်ပြီးသားပဲကို။
"မင်္ဂလာဆောင်က ဧပြီလ ကိုးရက်နေ့တဲ့ ... "
ဖုထင်းက ဆက်ပြောလိုက်သည်။
ဖုကျန်းချန်၏မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေဟန်ရှိသည်။ သူက စကားတစ်ခွန်းမှ မဆိုဘဲ မျက်နှာကြတ်ပေါ်မှ မီးဆိုင်းကိုသာ မော့ကြည့်နေလိုက်သည်။
သူသည် တစ်ချိန်က ထန်ဝမ်ဝမ်အတွက် ခမ်းနားလှသော မင်္ဂလာပွဲကို စီစဉ်ပေးဖူးသည်။ ယခု သူ၏သားငယ်က လက်ထက်တော့မည်ဖြစ်သော်ငြား သူ့တွင် လုပ်ပေးနိုင်သည့်အရာဟူ၍ တစ်ခုမှ မရှိတော့။
သူ့ကလေးအစစ်က လက်ထပ်တော့မည်ဖြစ်သော်ငြား သူကတော့ ကြည့်နိုင်ရန် အခွင့်အရေးပင် မရှိပေ။
ထိုသည်မှာ ဝဋ်လည်ခြင်းဖြစ်ကြောင်း ဖုကျန်းချန်ကလည်း နားလည်ပြီးဖြစ်ရာ တိတ်တိတ်လေး လက်ခံရန်သာ ရှိတော့သည်။
သစ်ပင်များနေ့ ဒုတိယရက်‌တွင် ဖုကျန်းသည် အသီးဝယ်ရန် ထွက်လာစဉ် မမျှော်လင့်ဘဲ ဖုထင်နှင့် တွေ့လိုက်သည်။
ဖုကျန်းက ခဏ တွန့်ဆုတ်သွားပြီးမှ မမြင်ဟန်ဆောင်ကာ ဆက်သွားလိုက်သည်။
မထင်မှတ်ထားစွာပင် ဖုထင်းက သူ့ကို လှမ်းခေါ်လိုက်သည်။
"ရှောင်ကျန်း ... "
ဖုကျန်းက ရပ်သာရပ်လိုက်ပြီး နောက်ပြန်လှည့်မကြည့်ခဲ့။ သူသည် မနီးမဝေးမှ အရှိန်နှင့်လာနေသော ကားကိုသာ ကြည့်နေလိုက်သည်။ ဖုထင်က အနားလျှောက်လာကာ သူ့ဘေးတွင် ရပ်လိုက်သည်။ သူက ဖုကျန်းကို ပြောလိုက်သည်။
" မင်း လက်ထပ်တော့မယ်ဆို‌လို့ လက်ဖွဲ့လေး ပြင်လာတာ ... "
"မလိုအပ်ဘူး ... "
ဖုကျန်းက ပြောလိုက်သည်။
ဖုထင်က ခဏမျှ တိတ်သွားပြီးမှ ပြောလိုက်သည်။
"ကောတို့ကို ခွင့်မလွှတ်နိုင်မှန်း သိပါတယ် ဒီတိုင်း မင်းကို ပိုပြီးကောင်းတဲ့ဘဝလေးမှာ နေစေချင်ရုံပါ ..."
ဖုကျန်းက သက်ပြင်းချကာ ဖုထင်ကို လှည့်ကြည့်လိုက်သည်။
"ကျွန်တော့်ကောင်းကျိုးအတွက် ပြီးတော့ ပိုကောင်းတဲ့ဘဝမှာ နေဖို့ လိုလားတယ်ဆိုရင် ‌ကျွန်တော့်ရှေ့ကို နောက်ထပ်ပေါ်မလာပါနဲ့တော့ ... "
ဖုထင်က ထိတ်လန့်သွားတော့သည်။
ဖုထင်းက မျက်လွှာချကာ နင့်နင့်သီးသီးစကားလုံးများကို ပြန်မျိုချလိုက်သည်။ သူတို့က သူ့ကိုချစ်ပေးခဲ့ကြသော်ငြား ထန်ဝမ်ဝမ်ရောက်လာချိန်တွင် သူမကိုသာ ရွေးချယ်ခဲ့ကြသည်။ ဘယ်သူကမှ ထိုအခြေအနေမျိုး ပြန်မရောက်ပါဟု အာမမခံနိုင်ပေ။ ဖုကျန်းက ‌ခပ်ဖွဖွပြုံးကာ‌ ခေါင်းယမ်းလိုက်သည်။
"မလိုအပ်ဘူး နောက်ထပ် မလိုအပ်တော့ဘူး ..."
ဖုထင်က ဖုကျန်းကို ငေးကြည့်နေလိုက်သည်။ သူ့မျက်ဝန်းထဲတွင် အတိတ်က အမှတ်တရလေးများ ရှိနေမလားဟု မျှော်လင့်မိသော်လည်း တစ်စွန်းတစ်စမျှပင် မရှိပေ။
ဖုကျန်း၏မျက်ဝန်းထဲတွင် သူတို့အတွက် ချစ်ခြင်းမုန်းခြင်း အလျဉ်းမရှိပေ။ သူက သူတို့ကို သူစိမ်းလိုသာ သဘာထားတော့သည်။
သူသည် ဖုကျန်း ဖုအိမ်မှ နှင်ထုတ်ခံရပြီးနောက် လမ်းပေါ်တွင် တွေ့ခဲ့စဉ်က ပြောခဲ့မိသည့်စကားများကို ပြန်သတိရလိုက်သည်။
"ဝမ်ဝမ့်ရှေ့မှာ ပေါ်လာရဲပေါ်လာကြည့် မင်းရဲ့ ကောင်းနေတဲ့ခြေထောက်တစ်ချောင်းပါ မကျန်တော့အောင် လုပ်ပစ်မယ် ..."
ထိုအချိန်က ဖုကျန်းသည် သူ့ကို ဗလာဖြစ်နေသော အကြည့်များဖြင့်ကြည့်ရင်း လှည့်ကာထွက်ပြေးသွားခဲ့သည်။
လရောင်က အေးစက်နေကာ ဖုကျန်း၏ပုံရိပ်က သူ့မျက်စိရှေ့မှ တစ်ဖြေးဖြေး ပျောက်ကွယ်သွားခဲ့သည်။ သူ့နှလုံးသားမှာ အစိတ်စိတ်အမွှာမွှာ ကွဲသွားသကဲ့သို့ ခံစားခဲ့ရသည်။
ထိုအချိန်က ဖုထင်းသည် နာကျင်မှုက ဘယ်နေရာမှ လာခြင်းဖြစ်ကြောင်း မသိခဲ့ပေ။ ယခု သူ အရာအားလုံးကို နားလည်သွားချိန်တွင်တော့ အခါနှောင်းသွားပြီဖြစ်သည်။
"နောက်ထပ် လာမတွေ့တော့ပါဘူး ... "
ဖုထင်က ဖုကျန်းကို အာမခံလိုက်သည်။
"ကျေးဇူးတင်ပါတယ် ... "
ဖုကျန်းက ထိုသို့ပြောကာ လှည့်ထွက်လာခဲ့သည်။
ဖုထင်က ဖုကျန်း တစ်ဖြေးဖြေး ထွက်သွားသည်ကို ရပ်ကြည့်နေခဲ့သည်။ သူ့ညီက သူ၏ထွက်ခွာမှုအတွက် ကျေးဇူးတင်စကားပြောနေသည်မှာ အလွန် ရင်နင့်ဖွယ်ဖြစ်သော်ငြား ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်လာခြင်းပင်ဖြစ်သည်။