အပိုင်း ၆၈
Viewers 23k

လိင်တူလက်ထပ်ပွဲကို တစ်ခါမှ မချီးမြှင့်ဖူးသော ဘုန်းတော်ကြီးအဖို့ သတို့သားနှစ်ဦးလုံးကို ဆုမွန်ခြွေရသည်မှာ အနည်းငယ် စိမ်းသက်နေသည်။ သို့သော် အပြောကျယ်သော လောကကြီးကို မြင်တွေ့ဖူးသူတစ်ဦးအဖို့ မည်သည့်ထူးဆန်းမှုကိုမှ မဖော်ပြ၊ အစမှအဆုံးအထိ ပြုံးလျက်သာ နေနေခဲ့သည်။
နွေဦးလေပြေက တောတောင်ရေမြေတို့ကိုဖြတ်ကာ ဘုရားကျောင်းသို့ ပန်းရနံ့ကို သယ်ဆောင်လာသည်။ ငြိမ့်ညောင်းသာယာသော တေးသံတို့က ဖုကျန်း၏ သောတအာရုံထဲသို့ တသွင်သွင် စီးဆင်းနေသည်။ ဘုရားကျောင်းခန်းမ အပြင်ဘက်နေရာတစ်ခုလုံးမှာ စိမ်းစိုလန်းဆန်းနေသည်။ မြက်ခင်းပြင်၏အလယ်ရှိ ရေကန်ထဲတွင် တွင် အဖြူရောင် နတ်သားရုပ်တု တစ်ခုကို စိုက်ထူထားပြီး ရေပန်းတို့က အရောင်အသွေးစုံစွာဖြင့် ကခုန်နေသည်။
ဖုကျန်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ့အာရုံထဲတွင် ဘုန်းတော်ကြီး၏ စကားသံက ပြန်ဝင်လာသည်။
"မင်္ဂလာမောင်နှံ လက်စွပ်လဲလို့ရပါပြီ ..."
ယမန်နေ့က ဖုကျန်းသည် လက်စွပ်လဲချိန်တွင် စိတ်လှုပ်ရှားလွန်း၍ လက်စွပ်ပြုတ်ကျသွားမည်ကို စိုးရိမ်နေခဲ့သည်။ သို့သော် အမှန်တကယ် ကြုံတွေ့လာရချိန်တွင် ဖုကျန်းမှာ အလွန်အမင်းတည်ငြိမ်နေသည်။ ပန်းကြဲသည့် ကလေးမလေးနှစ်ဦးက လက်စွပ်ဘူးကို ကမ်းပေးပြီးနောက်တွင် ဖုကျန်းက ဦးစွာ ငွေရောင်သတ္ထုဘူးကို ဖွင့်လိုက်သည်။ ငွေ‌ရောင်စိန်လက်စွပ်က အလင်းရောင်အောက်တွင် တောက်ပစွာ ထွက်ပေါ်လာသည်။
ဖုကျန်းက လက်စွပ်ကိုထုတ်ကာ ကျန်းဟန်ရှု၏ လက်သူကြွယ်ကို စွပ်ပေးလိုက်သည်။ မှန်ပြတင်းဝိုင်းမှ ဖြာကျ‌လာသော နေရောင်မှာ ဘုရားသခင်က ကောင်းချီးပေးနေသည့်သဖွယ်ပင်။ ဖုကျန်းက ကျန်းဟန်ရှုကို မော့ကြည့်ကာ မျက်ခုံးတို့်မှာ ထိလုနီးပါးအထိ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်သည်။
ကျန်းဟန်ရှုက သူ့လက်စွပ်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ဖုကျန်း၏လက်ကိုဆွဲကာ လက်စွပ်ကို ဝတ်ပေးလိုက်သည်။ လက်စွပ်တစ်စုံက နေရောင်အောက်တံင် တဖိတ်ဖိတ်တောက်နေသည်။ သူတို့၏ ရှေ့ဆက်ရမည့် ဘဝတစ်ခုလုံးကို ချည်နှောင်လိုက်ပြီဖြစ်သည်။
ဖုမိသားစုမှ ထွက်မလာရခင်က ဖုကျန်းသည် သူ့လက်ထပ်ပွဲအတွက် စိတ်ကူးလှလှလေး များစွာ ရှိခဲ့ဖူးသည်။ ထိုအချိန်က သူ့အနာဂတ်လက်‌တွဲဖော်မှာ မည်သူဖြစ်လိမ့်မည်ဟုတော့ တွေးထားခြင်းမရှိ။ ဖုကျန်းချန်နှင့် ဖုထင်တို့က မနီးမဝေးတွင်ထိုင်ကာ သူ့ကို လက်ခုပ်တီးကာ ဩဘာပေးမည်ဖြစ်သည်။
သို့သော်ငြား အရာအားလုံးက ထင်သလို ဖြစ်မလာခဲ့။ ဖုကျန်းသည် ဖုကျန်းချန်နှင့် ဖုထင်တို့ သူ့လက်ထပ်ပွဲကို မလာမည့်နေ့သို့ ရောက်လာလိမ့်မည်ဟု လုံးဝမျှော်လင့်မထားပေ။
သူ ဧည့်သည်များအကြားသို့ ခပ်သွက်သွက် ကြည့်လိုက်သည်။ သူသည် ဖုကျန်းချန်နှင့် ဖုထင်တို့ကို ဖိတ်ရန် တစ်ခါမှ မတွေးခဲ့ဖူးပေ။ အချို့သော အကြောင်းပြချက်များကြောင့် ကျန်းမိသားစုက လက်ထပ်ပွဲကို တင်းတင်းကြပ်ကြပ်စီစဉ်ထားရာ ဖိတ်ကြားခြင်းမခံရသည့်သူ မည်သူကမှ ဝင်လာနိုင်ရန် အကြောင်းမရှိပေ။
ထိုရင်းနှီးနေသည့် မျက်နှာနှစ်ခုမှာ ဧည့်သည်များအကြား ပေါ်လာမည်မဟုတ်ကြောင်း ဖုကျန်းလည်း သိပြီးဖြစ်သည်။ ဧည့်သည်များကို တစ်ဖန်ပြန်ကြည့်ပြီးနောက်တွင်တော့ ဖုကျန်းတွင် ထူးထူးဆန်းဆန်း ခံစားချက်တစ်ခုက ပေါ်လာသည်။ ဆုံးရှုံးရသည့်ခံစားချက်တော့မဟုတ်၊ အတိတ်ကို စွန့်လွှတ်နိုင်သွားသည်နှင့် ပို၍တူပေသည်။
နောက်ဆုံးတွင်တော့ ဖုကျန်းသည် သူ့အကြည့်အားလုံးကို ကျန်းဟန်ရှုထံ ကျောက်ချထားလိုက်တော့သည်။ သူ၏ မျက်ဝန်းပြာများမှာ နေရောင်အောက်တွင် လှိုင်းထနေသော သမုဒ္ဒရာသဖွယ်ပင်။ သူ့မျက်ဝန်းအောက်တွင် ပုန်းလျှိုးနေသော ချစ်မြတ်နိုးမှု အပိုင်းအစတို့က မီးရှူးမီးပန်းဖောက်လိုက်သလို တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။
""ကဲ အခုကတော့ အသစ်စက်စက်မောင်နှံနှစ်ဦး အနမ်းချင်း ဖလှယ်ရမယ့်အချိန်ပဲဖြစ်ပါတယ် ..."
ထိုစာကြောင်းမှာ ပုံမှန်အားဖြင့်တော့ သတို့သားက သတို့သမီးကို နမ်းခွင့်တောင်းရာတွင် ပြောရမည့်စာသားဖြစ်သည်။ သို့သော် ယခုတော့ ဘုန်းတော်ကြီးက ပြောရန် ပြောင်းလဲသွားခဲ့သည်။
ပန်းပွင့်လွှာတို့ ပြန့်ကြဲနေရင်း သောင်းသောင်းဖျဖျ အားပေးသံတို့၏ အလယ်တွင် ကျန်းဟန်ရှုသည် ခြေတစ်လှမ်းတိုးကာ ခေါင်းကိုအသာငုံ့ပြီး ဖုကျန်း၏ နှုတ်ခမ်းကို ဖျတ်ခနဲ နမ်းလိုက်သည်။
ဖုကျန်းနှင့် ကျန်းဟန်ရှုတို့၏ မင်္ဂလာပွဲမှာ တစ်နိုင်ငံလုံးကို တိုက်ရိုက်လွှင့်ခဲ့သည့် ထန်ဝမ်ဝမ်၏ မင်္ဂလာပွဲထက် အများကြီး ရိုးရှင်းပေသည်။
ပွဲပြီးခါနီးတွင် ဖုကျန်းချန်နှင့် ဖုထင်တို့ ရောက်လာခဲ့ကြောင်းကိုတော့ ဖုကျန်းက မသိလိုက်ပေ။ သူတို့က သူမြင်နိုင်လောက်သည့် နေရာတွင်လည်း ရပ်မနေခဲ့။ ပွဲပြီးဆုံး၍ ဖုကျန်းနှင့် ကျန်းဟန်ရှုတို့ ဘုရားကျောင်းမှ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။ ဧည့်သည်အားလုံး ကုန်စင်သွားသည့်တိုင်အောင် ဖုကျန်းချန်သည် ဖုကျန်းထွက်သွားသည့်ဘက်ကို ရပ်ကြည့်နေခဲ့သည်။ထန်ဝမ်ဝမ် လက်ထပ်သည့်နေ့ကို သူမှတ်မိနေပါသေးသည်။ သူမကို ချင်ကျောက်၏ လက်ထဲသို့ ထည့်လိုက်ပြီးချိန်က သူသည် တစ်လောကလုံးကို အပျော်များဖြင့် ပြည့်နှက်နေသော အကြည့်ဖြင့် ကြည့်နေခြဲသည်။ ထိုအချိန်ကတည်းက ဖုကျန်းသည် သူတို့ကို စွန့်ပစ်သွားပြီဖြစ်ကြောင်း နိမိတ်မြင်ခဲ့သော်ငြား ရှောင်ကျန်းက အိမ်ကို တစ်ခေါက်လောက်များ ပြန်လာလေမလားဟု မျှော်လင့်ခဲ့သေးသည်။
သို့သော် အဆုံးတွင်တော့ သူကသာ စိတ်ကူးယဉ်ခဲ့သူဖြစ်သည်။
ဖုကျန်းချန်က အနားသို့ရောက်လာသော မဒမ်ကျန်းကို ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ..."
မဒမ်ကျန်းသည်လည်း လွန်ခဲ့သော နှစ်နှစ်က ဖုကျန်း ကြုံတွေ့ခဲ့သည်များကို စုံစမ်းခဲ့ရာ ဖုကျန်းသည် လျှိုညီအစ်ကို၏ ပြန်ပေးဆွဲမှုကြောင့် အသက်ဆုံးရလုနီးပါး ဖြစ်ခဲ့သည်ကို သိရှိပြီးဖြစ်သည်။ ထိုကိစ္စ ဖြစ်ပွားခဲ့စဉ်က ဖုကျန်းချန်သည် အကူအညီပေးရန် ယောင်လို့ပင် စိတ်မကူးဘဲ လက်ပိုက်ကြည့်နေခဲ့သည်။
ယခု ဖုကျန်းချန်၏ မျက်နှာပေါ်တွင် ထင်ဟပ်နေသော ဝမ်းနည်းမှုနှင့် ချစ်ခြင်းမေတ္တာတို့က အတုအယောင်တော့ မဟုတ်နိုင်။ မဒမ်ကျန်းမှာ ထူးဆန်းသလိုခံစားရ၍ ဖုကျန်းချန်ကို မေးလိုက်သည်။
" ရှင် ဖုကျန်းကို တကယ်ချစ်မှန်း ကျွန်မတောင် မြင်နိုင်နေတာကို ပြီးခဲ့တဲ့နှစ်တွေတုန်းက ဘာတွေများ ဖြစ်ခဲ့တာလဲ ..."
ဖုကျန်းချန်က မဒမ်ကျန်း၏ အမေးကို ပြန်ဖြေရန် ပြုလိုက်သော်ငြား အဆုံးတွင်တော့ စကားတစ်ခွန်းမှ ထွက်မလာခဲ့ပေ။
ယခုအချိန်မှ ရှင်းပြလျှင် ဆင်ခြေသာ ဖြစ်ပေလိမ့်မည်။ အမှားက အမှားပင်ဖြစ်ရာ သူ့တွင် အဖက်ဆယ်ရန် အခွင့်အရေးမရှိပေ။ ဖုကျန်းချန်က ပြန်မဖြေဘဲ ခေါင်းကိုသာ အသာယမ်းလိုက်တော့သည်။
မဒမ်ကျန်းကလည်း သူ့ကို ဆက်မေးမလာတော့။ ဖုကျန်းချန်မှာ ဖုကျန်း၏ ကိုယ်ဝန်သတင်းကို သိသေးဟန်မတူပေ။ သူသာ သိထားပါလျှင် သေချာပေါက် တည်ငြိမ်နိုင်မည်မဟုတ်ချေ။ မဒမ်ကျန်းက သူ့ကို ခေါင်းညိတ်ပြလိုက်ရင်း ကိစ္စများကို စီစဉ်ရန် ထွက်သွားတော့သည်။
မူလက မင်္ဂလာဦးညအတွက် ဖြစ်သော်ငြား ကျန်းဟန်ရှုသည် ဖုကျန်း အိပ်ငိုက်နေသည်ကို မြင်လျှင် အိပ်ယာခင်းကာ သူ့ကို ကုတင်ပေါ် ချပေးလိုက်သည်။
ဖုကျန်းသည် မျက်လုံးများကို မှေးစင်းရင်း ကုတင်ပေါ် လှဲနေလိုက်သည်။ သူက ပါးစပ်ကို အုပ်ကာ သမ်းလိုက်ပြီး မျက်လုံးထောင့်မှ မျက်ရည်စက်အချို့ စီးကျလာသည်။
ကျန်းဟန်ရှုက ကုတင်ဘေးတွင် ထိုင်ကာ ဖုကျန်း၏ မျက်လုံးထောင့်စွန်းမှ မျက်ရည်စက်တို့ကို သုတ်ပေးလိုက်ရင်း သူ့ကို ငြင်ငြင်သာသာလေး ပြောလိုက်သည်။
"အရင်အိပ်နှင့်နော် ..."
" ဝိုး ..."
ဖုကျန်းက သူ့လက်ကို ချကာ မျက်လုံးကို ကျယ်ကျယ်ဖွင့်လိုက်သည်။ ကျန်းဟန်ရှုမှာ ဒီနေ့ပွဲမှ ရှပ်အင်္ကျီအဖြူကိုသာ ဝတ်ထား‌‌ဆဲဖြစ်သည်။ အမည်မတပ်နိုင်သည့် ရှောင်တိမ်းမှုတစ်ခုခု ရှိနေသလိုပင်။ ဖုကျန်းမှာ နှုတ်ခမ်းခြောက်လာသည်ဟု ခံစားရ၍ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ရင်း ကျန်းဟန်ရှုကို သတိပေးလိုက်သည်။
" ဒီညအတွက် လုပ်စရာတစ်ခုခု လိုနေသေးသလိုပဲ ..."
ကျန်းဟန်ရှုက သူ့နဖူးကို ငုံ့နမ်းရင်း စောင်ခြုံပေးလိုက်သည်။
"အိပ်တော့ ..."
ထို့နောက် သူက မတ်တပ်ထရပ်လိုက်သည်။
ဖုကျန်းက သူ့လက်ကို လှမ်းဆွဲကာ မေးလိုက်သည်။
"ဘယ်သွားမလို့လဲ ..."
ကျန်းဟန်ရှုက သူ့ကို ပြန်ကြည့်လိုက်သည်။
"ရေသွားချိုးမလို့ ကိုယ်ပြန်လာခဲ့မယ်လေ ..."
ဖုကျန်းက ခဏမျှ တုန့်ဆိုင်းနေပြီးမှ ကျန်းဟန်ရှုကို ပြောလိုက်သည်။
"ကျွန်တော်လည်း ကိုယ်လက်သန့်စင်ချင်တယ် ဒါပေမယ့် မလှုပ်ချင်တော့ဘူး ..."
ကျန်းဟန်ရှုက သိသိသာသာပြုံးလိုက်ကာ ဖုကျန်း၏ ဆံပင်ပျော့ပျော့လေးကို ထိလိုက်သည်။
"ကိုယ့်ကိုခဏစောင့် ရေဖြည့်လိုက်ဦးမယ် ..."
ခဏအကြာတွင် ကျန်းဟန်ရှုသည် ရေချိုးခန်းထဲမှ ထွက်လာသည်။ သူက အိပ်ယာနားသို့ သွားကာ ကုတင်ပေါ်မှ ဖုကျန်းကို ပွေ့ချီ၍ ရေချိုးခန်းထဲမှ ရေဇလုံထဲသို့ ထည့်လိုက်ပြီး တစ်ခြားတစ်ဖက်သို့ လျှောက်သွားသည်။ ဖုကျန်းသည် ရေပန်းအောက်တွင် ထိုင်ကာ ရေကို လက်ဖြင့် ခဏခဏ တို့ကြည့်ကာ လှိုင်းထလာသည်ကိုကြည့်ရင်း တိုးတိုးလေး ရယ်လိုက်သည်။ ရေဇလုံမှာ သူတို့ လက်ထပ်ပွဲမတိုင်မီ နှစ်ရက်အလိုကမှ လဲထားခြင်းဖြစ်ပြီး သူက ထိုဟာကို အထူးစပါယ်ရှယ် ရွေးထားသည်။
နှစ်ယောက်စာအတွက် ဆိုဒ်လွန်။
မင်္ဂလာပွဲ ပြီးသည့်နောက်တွင် ပျားရည်ဆမ်းခရီး ထွက်ရဦးမည်ဖြစ်သော်လည်း ဖုကျန်းသည် Shazhou Chronicle ကို အလွတ်မထားချင်ပေ။ မထင်မှတ်ထားသည့် တစ်ခုခု ဖြစ်ပွားသွားမည်ကို စိုးရိမ်သဖြင့် သူက ခဏမျှစောင့်ရန် ကျန်းဟန်ရှုကို တိုင်ပင်လိုက်သည်။ မဟုတ်ပါက ကလေးမွေးပြီးမှ သွားမည်ဖြစ်သည်။
သို့သော်ငြား ဖုကျန်းကဝောာ့ အတွေးလွန်နေဆဲဖြစ်သည်။ Shazhou Chronicle ၏ အကဲဖြတ်မှုမှာ ချောချောမွေ့မွေ့ပင် ဖြစ်နေပြီး ဖုကျန်း၏ မင်္ဂလာပွဲအပြီး သိပ်မကြာမီ ရုပ်သံလွှင့်နိုင်တော့မည်ဟု အထက်က သတင်းပေးလာသည်။ ဖုကျန်းနှင့် စတူဒီယိုမှသူများအားလုံး ဆွေးနွေးပြီးနောက် ရုပ်သံလွှင့်မည့်ရက်ကို ဧပြီလ ၂၈ ရက်ဟု သတ်မှတ်လိုက်ကြသည်။ဖုကျန်း၏ဗိုက်မှာ တစ်နေ့ထက်တစ်နေ့ ပိုပိုပူလာသည်။ ဒီရက်ပိုင်းအတွင်း စတူဒီယိုမှ တစ်ယောက်က သူ့ကို ဘီယာဗိုက်ထွက်လာတာ အခုတလော တအား ဝိတ်တတ်လာလို့လားဟုပင် မေးလာသည်။ ဖုကျန်းမှာ အခြားသူများကို သူ ကိုယ်ဝန်ဆောင်ထားကြောင်း မရှင်းပြနိုင်ရာ ရယ်ရုံသာ ရယ်နေလိုက်တော့သည်။ နှစ်ယောက်လောက် လာပြောတာကို ကြားပြီးနောက်တွင်တော့ မေလမှစ၍ ခွင့်ယူရန် စီစဉ်တော့သည်။
Shazhou Chronicle ကို ရုပ်သံမလွှင့်ခင်အထိ လူထုထံသို့ အကြီးအကျယ် ကြော်ငြာခြင်း မလုပ်ခဲ့ပေ။ တရားဝင်ဘလော့တွင် တင်ရုံမျှသာ လုပ်ခဲ့သည်။ ပရိသတ်များက ထိုပို့စ်ကို မြင်ချိန်တွင်တော့ မျက်ရည်ဖြိုင်ဖြိုင်ကျလာခဲ့ကြသည်။ Shazhou Chronicle ကို မကြာမီ ပြသတော့မည်ဆိုသော သတင်းက hot search ထဲသို့ ရောက်လာခဲ့ပြီး အားလုံးက ၂၈ ရက်သို့ ချက်ခြင်းရောက်လာရန် မျှော်လင့်နေကြသည်။
တစ်ချိန်တည်းတွင်ပင် မွေးရပ်မြေအနီးတစ်ဝိုက်မှာ စိတ်ကျဉ်းကြပ်နေကြသည်။ ထုတ်လွှင့်တော့မည့် Shazhou Chronicle မှာ ဇာတ်လမ်းဇာတ်ကွက် မပြည့်မစုံဖြစ်ကာ အသံသရုပ်ဆောင်အပြောင်းအလဲဖြစ်မည်ကို စိုးရိမ်နေကြသည်။ ထို့အပြင် ထိုကာတွန်းကို နှစ်နှစ်ကြာ ဆိုင်းငံ့ထားသေးသည်။
သို့သော်ငြား ပရိသတ်များက သဘောထားကြီးကြသူများအဖြစ် သူတို့ကိုယ်သူတို့ မှတ်ယူကာ မပြည့်စုံမှုများနှင့် အမှားသေးသေးလေးများကို သည်းခံပေးကြသည်။
ဧပြီလ ၂၈ ရက်မှာ နီးသည်ထက်နီးလာသည်။ နှစ်နှစ်ကြာ ဆိုင်းငံ့ထားသော Shazhou Chronicle ကို ပရိသတ်များက ပြန်လည်တွေ့ရတော့မည်ဖြစ်သည်။ သူတို့သည်သာ ရင်ခုန်စိတ်လှုပ်ရှားနေကြသည်မဟုတ်၊ ဖုကျန်းသည်လည်း အတော်ကို စိတ်လှုပ်ရှားနေမိသည်။
ဖုကျန်း၏ မူကြမ်းအတွက် သူတောင်းဆိုထားသော ကြက်ဥနို့ပေါင်းအိတ်၏ အမည်ရင်းမှာ လီရွှင်းဖြစ်သည်။ ဒီနှစ်တွင်မှ သူမက ကျောင်းသားသစ်သာ ရှိသေးသည်။ သူမကို Shazhou Chronicle ၏ အမာခံပရိသတ်ဟုပင် သတ်မှတ်၍ရရာ Shazhou Chronicle ကို တင်တော့မည်ဟု သိလိုက်ရချိန်တွင် အပျော်ဆုံးသူမှာ သူမဟုပြောလျှင် လွန်မည်မထင်ပေ။ အချိန်ခဏလောက် ပန်းချီဆရာ ဇနီးလေးများက ရဲဘော်ရဲဘက် CP ပုံဆွဲရန် အချိန်းအချက်လုပ်နေကြသည်ကို တွေ့လိုက်ရသည်။ တစ်ခုတည်းသော နှမြောစရာမှာ မစ်ကျန်းဝမ်၏ လက်ရာအသစ်များကို ထပ်မတွေ့ရတော့ခြင်းဖြစ်သည်။ သူမက ဒီအသိုင်းအဝိုင်းထဲက ထွက်သွားလို့များလား ? ထို့ကြောင့် ပရိသတ်များက မစ်ကျန်းဝမ်မှာ Shazhou Chronicle ၏ မူရင်းပန်းချီဆရာဖြစ်ရမည်ဟု ကောက်ချက်ချလိုက်ကြတော့သည်။ ထို့ကြောင့်သာ Shazhou Chronicle ၏ ပရောဂျက်စသည့်အချိန်တွင် သူမက အင်တာနက်ပေါ်မှ ပျောက်ကွယ်သွားခြင်း ဖြစ်လိမ့်မည်။
အားလုံးက မစ်ကျန်းဝမ်တွင် ဝေ့ပေါ်အကောင့်တစ်ခု ထပ်ရှိလိမ့်ဦးမည်ဟု ထင်ထားကြသည်။ သူတို့က Shazhou Chronicle ၏ တရားဝင်ဘလော့ကို အစမှအဆူံအထိ လှန်လှောရှာဖွေကြသော်လည်း ကျန်းဝမ်ဖြစ်နိုင်လောက်သည့်သူ တစ်ဦးတစ်ယောက်ကိုမျှ ရှာမတွေ့ပေ။
လူတစ်ယောက်က ဘာလို့ အစဖော်မရနိုင်လောက်အောင်ကို ပျောက်သွားရတာလဲ။
နောက်ဆုံးတွင်တော့ ဧပြီလ ၂၈ ရက်နေ့ကို ရောက်လာပါပြီ။ Shazhou Chronicle ကို ည ၉ နာရီတွင် ရုပ်သံလွှင့်မည်ဖြစ်ရာ လီရွှင်းမှာ တစ်နေကုန် စိတ်လှုပ်ရှားနေတော့သည်။ သူမက အခန်းထဲတွင် ကပ်ထားသော ကိုနန်နှင့် ခိုဘဲတို့ကို တစ်ခုချင်း အမွှေးနံ့သာထွန်းကာ အရိုအသေပေးလိုက်သည်။
သူမ၏ အခန်းဖော်ကို မနှောင့်ယှက်မိစေရန် အလို့ငှာ လီရွှင်းသည် ကျောင်းနားလေးမှ ဟိုတယ်တွင် အခန်းတစ်ခန်းငှားခဲ့သည်။ နောက်ပိုင်းဖြစ်လာမည့် ​အဖြစ်အပျက်က လီရွှင်းချခဲ့သည့် ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း သက်သေပြပေလိမ့်မည်။