အပိုင်း ၆၉
Viewers 23k

ရင်းနှီးနေသော အဖွင့်သီချင်းသံကို ကြားလိုက်ရချိန်တွင်တော့ လီရွှင်းမှာ မျက်ရည်မကျအောင် ထိန်းမထားနိုင်တော့။ သူမသည် Shazhou Chronicle ၏ အပိုင်းကို အကြာကြီး စောင့်ခဲ့သူဖြစ်သည်။
လီရွှင်းသည် ဇာတ်လမ်းက ဘယ်လိုပဲဖြစ်ဖြစ် အဓိကဇာတ်ကောင် ပေါ်လာတာနဲ့ သူမက Shazhou Chronicle ရဲ့ ပရိသတ်လုပ်ကာ ဒါရိုက်တာဖုကိုလည်း ကာကွယ်ပေးမည်ဟု သူမကိုယ်သူမ ဇာတ်လမ်းမလွှင့်ခင်ကတည်းက တိတ်တဆိတ် ဆုံးဖြတ်ပြီးသားဖြစ်သည်။
ရှေ့ပိုင်းတွင် ဖုကျန်းချန် အင်တာနက်ပေါ်တင်ခဲ့သော ဝန်ခံချက်အရ ဖုကျန်းမှာ လွန်ခဲ့သောနှစ်နှစ်အတွင်း ကျေနပ်ဖွယ်မရှိသော ဘဝကိုသာ ပိုင်ဆိုင်ခဲ့ရကြောင်း သိနိုင်ပေသည်။ သူသည် သမားရိုးကျဘဝကိုတောင် ကောင်းကောင်းဖြတ်သန်းခွင့်မရသော်ငြား ဝေ့ပေါ်တွင် အော်ဟစ်အကူအညီတောင်းနေမည့်အစား အမှောင်ထဲတွင်သာ တိတ်တိတ်လေး ဖြတ်သန်းခဲ့သည်။ နွေဦးဟွားရှန်အတွက် လျော်ကြေး ရပြီးနောက် သူ ပထမဆုံးတွေးမိသည်မှာလည်း သူ့ဘဝ သက်သာရာသက်သာကြောင်းမဟုတ်။ Shazhou Chronicle ကို ပြန်ရိုက်ရန်သာဖြစ်သည်။ ထိုအချက်‌ပေါ်မူတည်၍ လီရွှင်းက ခေါင်းမာမာဖြင့် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
ဖုကျန်း၏ Shazhou Chronicle ကို ရိုက်ကူးမှုမှာ အားလုံးထင်ထားသည်ထက် ပို၍ မြန်ဆန်နေရာ အများစုက သူတို့ကို ကောင်းကောင်းရိုက်ကူးထားနိုင်မည်မဟုတ်ဟု ထင်ခဲ့သည်။ သို့သော် ကြီးကြီးမားမား အမှားအယွင်းမရှိ‌သေးသ၍ သူတို့က မမြင်ဟန်ဆောင်သွားမည်ဟု ဆုံးဖြတ်ထားကြသည်။ ထို့နောက်တွင်တော့ ရှေ့အပိုင်းတွေကို တစ်ဖြေးဖြေးကုစားရန် လုံလောက်ပေလိမ့်မည်။
သုံးမိနစ်ခွဲစာ အဖွင့်သီချင်းက ပြီးသွားပြီဖြစ်သည်။ အဖြူအမဲစခရင်တွင် အပိုင်း ၃၉ ဟု မြင်လိုက်ရချိန်တွင်တော့ လီရွှင်းမှာ စိတ်လှုပ်ရှားလွန်း၍ နှလုံးခုန်သံပင် ရပ်တန့်သွားတော့မတတ်ပင်။
" ငါပြန်လာပြီ ..."
အနက်ရောင်နောက်ခံ ပျောက်ကွယ်သွားပြီးနောက်တွင်တော့ နက်ပြာရောင်ဝတ်စုံနှင့် အပြာရောင် ခြုံထည်ကို ဝတ်ဆင်ထားသော အားဝမ်က အဝါရောင်သဲပြင်ကိုဖြတ်ကာ ဖြေးဖြေးချင်းထွက်လာသည်။ သူမ၏မျက်နှာတွင် ခပ်ဖျော့ဖျော့အပြုံးတစ်ပွင့်ကို ချိတ်ဆွဲထားကာ မျက်ဝန်းများက ကြယ်ရောင်သဖွယ် တလဲ့လဲ့တောက်နေသည်။ လွန်ခဲ့သောနှစ်နှစ် သူတို့နောက်ဆုံးတွေ့ခဲ့ရစဉ်ကကဲ့သို့ပင်။
"အိမ်ပြန်လာတာ ကြိုဆိုပါတယ်" ဟူသော စာတန်းများက မှတ်ချက်ကဏ္ဍတွင် တစ်သီတစ်တန်းကြီး ထွက်ပေါ်လာကာ စခရင်ကိုပင် ပိတ်ဆို့လိုက်ကြတော့သည်။ လီရွှင်းသည် လွန်ခဲ့သောနှစ်နှစ်အတွင်း Shazhou Chronicleမှာ ပရိသတ်အတော်များများကို ဆုံးရှုံးလိုက်ရပြီဟု ထင်ခဲ့သော်ငြား ယခုတော့ ပရိသတ်အင်အားမှာ ယခင်ကထက်ပင် ပိုများနေဟန်ရှိသည်။
လီရွှင်းမှာ ပျော်ပျော်နေတတ်သူ ဖြစ်သော်ငြား ထိုမြင်ကွင်းကို မြင်ချိန်တွင်တော့ သူမလည်း စိတ်ကို မထိန်းထားနိုင်တော့။ အခြားသူများနည်းတူ အိမ်ပြန်လာတာ ကြိုဆိုပါတယ်ဟု ရေးကာ မှတ်ချက်ကဏ္ဍကိုပိတ်လိုက်ပြီး အပိုင်းသစ်ကိုကြည့်ရန်သာ အာရုံစိုက်လိုက်တော့သည်။
ဖုကျန်းက ပရိသတ်များကိုလည်း အံ့အားသင့်စေခဲ့သည်။ အသစ်ရိုက်ကူးထားသော Shazhou Chronicle ၏ အသံသရုပ်ဆောင်များမှာ ယခင်လူများပင်ဖြစ်သည်။ သရုပ်ဖော်စတိုင်မှာလည်း မပြောင်းလဲပေ။ လွန်ခဲ့သောနှစ်နှစ်မှာ သူတို့အတွက် အိပ်မက်မက်နေသလိုပင်။ အခု အိပ်ယာမှ နိုးလာချိန်တွင်တော့ Shazhou Chronicle က အပိုင်းသစ်ထွက်နေပြီဖြစ်သည်။
Shazhou Chronicle ၏ ပြီးခဲ့သောအပိုင်းတွင် အားဝမ်သည် ဟွမ်အိမ်တော်မှ ထွက်လာခဲ့ကာ ဝမ်ယိုနွေဦးစမ်းရေကိုရှာရန် ဂိုဘီသဲကန္တာရသို့ ထွက်လာခဲ့သည်။ သို့သော် လူတိုင်းက ဝမ်ယို‌နွေဦးစမ်းရေမှာ ခမ်းခြောက်သွားပြီဟုသာ ပြောခဲ့သည်။ အားဝမ်က စမ်းရေတွင်း၏ အောက်ခြေတွင် သိမ်းငှက်ရုပ်အမှတ်အသားကို ရှာတွေ့ခဲ့သည်။
လီရွှင်းက ထိုအပိုင်းကို အာရုံစိုက်ကာ ကြည့်နေခဲ့သည်။ ထိုနေရာတွင် အားဝမ်ကို နှုတ်ဆက်လိုက်သူမှာ ကျူးနိုင်ယိုဖြစ်သည်။ သူက ပြုံးနေသော အားဝမ်ကို ကြည့်ကာ ပြောလိုက်သည်။
"နောက်ဆုံးတော့ မင်းပြန်လာပြီပေါ့ ..."
ကျူးနိုင်ယိုက အားဝမ်ကို ကျူးအိမ်တော်သို့ ခေါ်သွားခဲ့သည်။ ကျူးအိမ်တော်တွင် အားဝမ် မဖြစ်မနေတက်ရောက်ရမည့် ဧည့်ခံပွဲတစ်ခု ရှိနေပြီး ထိုပွဲသို့ သွားရာလမ်းတွင် သူတို့သည် ဟွမ်လေ့ကို တွေ့လိုက်သည်။
သူက ကျူးနိုင်ယို၏‌အရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ သူ့အကြည့်များက အားဝမ်ထံတွင်သာ ကပ်တွယ်နေသည်။ သူက အားဝမ်ကို မေးလိုက်သည်။
"ကိုယ့်အတွက် အဖြေကို စဉ်းစားပြီးပြီလား ..."
အားဝမ်က မျက်လွှာချကာ တိုးတိုးလေး ပြန်ဖြေလိုက်သည်။
"အခုထိ မစဉ်းစားရသေးဘူး ..."
" ကိုယ်စောင့်နေပါ့မယ် ..."
ဟွမ်လေ့က ပြောလိုက်သည်။ ကိုယ်ကိုယို့ကာ အားဝမ်နှင့် ကျူးနိုင်ယိုကို လမ်းဖယ်ပေးလိုက်ရင်း သူတို့ အတူတူ ထွက်သွားသည်ကို ရပ်ကြည့်နေလိုက်တော့သည်။
.......
သာမန်ပရိသတ်များက ထိုအပိုင်းတွင် ဟွမ်လေ့၏ အသဲကွဲသော်ငြား အားမလျှော့သေးသည်ကို ကြည့်လိုက်ရသော်ငြား ဟွမ်လေ့နှင့် ကျူး‌နိုင်ယိုတို့၏ စီပီဖန်များ၏ အမြင်ကတော့ ရှုထောင့်မတူပေ။ သူတို့နှစ်ယောက်ကို တစ်နေရာတည်းတွင် မြင်ရရာ ထိုအပိုင်းမှာ သူတို့အတွက် အချိုကျွေးသောအပိုင်းဖြစ်သည်။ထိုအပိုင်းအတွက် သရုပ်ဖော်ပုံမှာ ဖုကျန်းကိုယ်တိုင် ဆွဲထားခြင်းဖြစ်သည်။ သူ ဇာတ်ညွှန်းကို ရခဲ့စဉ်က သူ့ရဲဘော်တွင် ပုံအများကြီးရှိနေရာ ထိုဇာတ်ကြောင်းကို သရုပ်ဖော်ချိန်တွင် အနည်းငယ် အနေခက်ခဲ့သော်ငြား အခြားသူများအတွက်မူ ထိုဇာတ်ကွက်မှာ ဖုန်းကွယ်ထားသော လျှို့ဝှက်ချက်မရှိသည့် သမားရိုးကျဇာတ်ကွက်သာဖြစ်သည်။ အကယ်၍ ရှိခဲ့ဦးတောင် အချစ်ပြိုင်ဘက်နှစ်ဦးကြားက အားပြိုင်မှုသာ ဖြစ်လိမ့်မည်။
.......
အားဝမ်သည် အနီရောင်အကစကတ်ကို ဝတ်ထားပြီး လက်ထဲတွင် ဇာမဏီမောင်နှံ‌ လေးကြိုးတပ်စောင်းကို ကိုင်ထားသည်။ စောင်း၏ အစွန်းတွင် အနီရောင်ပိုးကြိုးကို စည်းနှောင်ထားပြီး သူမ စောင်းကို မြင့်မြင့်မြှောက်လိုက်ချိန်တွင် အနီရောင်ပိုးကြိုးက လေယူရာယိမ်းနွဲ့နေသည်။ သူမက ပျံသန်းနေသော ဇာမဏီသဖွယ် ကခုန်လိုက်သည်။ ခြေဗလာဖြင့် အနီရောင်ပိုးစပေါ်သို့ နင်းလိုက်သည်။ ခြေကျင်းဝတ်တွင် ငွေခြူလုံးများကို ဝတ်ဆင်ထားကာ သူမခြေလှမ်းလှမ်းလိုက်တိုင်း ခြူသံတို့က ထွက်ပေါ်လာသည်။ ဘေးတွင် ပျိုနီပန်းပုံထိုးကာ အလှဆင်ထားသော ဗုံမျက်နှာပြင်ပေါ်သို့ မတ်တပ်ရပ်လိုက်သည်။
အားလုံးက အားဝမ်ထံတွင်သာ အကြည့်ကို ပို့ထားလိုက်ကြသည်။ ဗုံပေါ်က အမျိုးသမီးကို အနှောင့်အယှက်ဖြစ်သွားမည်ကို စိုးရိမ်၍ အသက်ပင် မရှူရဲကြ။
တစ်စုံတစ်ယောက်က စောင်းကြိုးမျှင်ကို တီးခတ်လိုက်သည်။ လင်လင်ယွဲ့၏ အသံမှာ သဲကန္တာရကိုဖြတ်ကာ ယွဲ့ဟွာ၏နေရာမှ ဧည့်ခံပွဲကျင်းပရာသို့ ရောက်ရှိလာသည်။ အားဝမ်၏ခန္ဓာကိုယ်က တေးသံနှင့်အပြိုင် ယိမ်းနွဲ့ကာ ခပ်ဝေးဝေးမှ ဗုံသံက မိုးသံသဖွယ် ထစ်ချုန်းထွက်ပေါ်လာသည်။ အားဝမ်က ပို၍ပို၍ လျင်မြန်စွာ ခုန်ပေါက်ကခုန်နေသည်မှာ သဲဝါမြေမှ နတ်မိမယ်သဖွယ်ပင်။
ပရိသတ်များ၏ နှလုံးသားက အလိုအလျောက်ပင် တလှပ်လှပ် တုန်လာသည်။
"အားဝမ်ကလှလိုက်တာ အားဝမ်က တအားလှတာပဲ ..."
သူတို့မှာလည်း ပွဲထဲမှ ဧည့်သည်များလိုပင် အားဝမ်၏ ဖမ်းစားခြင်းကို ခံလိုက်ရသည်။
အကပြီးဆုံးသွားသည်နှင့် အားဝမ်သည် မြေပြင်အထက် အတော်မြင့်သော ဗုံပေါ်မှရပ်ကာ ဘေးပတ်လည်မှ ဧည့်သည်များကို ကြည့်လိုက်သည်။ ကျူးနိုင်ယိုမှာ ပထမဆုံး အသိဝင်လာပြီး လက်ခုပ်စတီးလိုက်သူဖြစ်သည်။
မတိုင်မီက လီရွှင်းသည် Shazhou Chronicle ၏ ဇာတ်လိုက်မကို လုံးဝမကြိုက်ပေ။ အမျိုးသားဇာတ်ကောင်များကို လှည့်ပတ်ကစားနေသည့် လက်ဖက်စိမ်းမဟု ခံစားရသည်။ လေ့ဟွေ့အတွက် ပိုကြည့်ကောင်းစေရန်သာမဟုတ်လျှင် သူမကို ဆူပူကြိမ်းမောင်းကြမည့်သူက အများကြီးပင်ဖြစ်သည်။ သို့သော်ငြား ယခု အားဝမ်၏ အကကို ကြည့်ပြီးနောက်တွင်တော့ လီရွှင်း၏အမြင်မှာ ပြောင်းလဲသွားတော့သည်။ သူမသည် ကျူးနိုင်ယို၊ ဟွမ်လေ့နှင့် အခြားအမျိုးသားများ၏ အတွေးကို အပြည့်အဝ နားလည်နိုင်သွားပြီဖြစ်သည်။
အားဝမ်မှာ ကမ္ဘာပေါ်တွင် ရှားမှရှားသောသူဖြစ်သည်။ သူမသာ ယောက်ျားလေးဆိုလျှင်လည်း အားဝမ်ကို ကြိုက်မိမည်ဖြစ်သည်။ လီရွှင်းက သက်ပြင်းချလိုက်သည်။ Shazhou Chronicle ကအားဝမ်ရဲ့ မိုးပေါ်ပျံဝဲအကကို အရုပ်လုပ်ပြီးရောင်းရင် ကောင်းမှာပဲ။
သူမ၏ စွဲလမ်းစိတ်ကို သိမ်းဆည်းပြီးနောက်တွင်တော့ လီရွှင်းက စခရင်ပေါ်သို့ အကြည့်ကို ပြန်ပို့လိုက်သည်။
အားဝမ်သည် ဧည့်ခံပွဲမှ ထွက်လာကာ ကျန်းအိမ်တော်၏ နောက်ဖေးရှိ သဲသောင်ပို့လေးထံ သွားလိုက်သည်။ စန္ဒာလမင်းက နေ့ခင်းသဖွယ် ထွန်းလင်းနေသည်။ ကျူးနိုင်ယိုက အားဝမ်အနီးသို့ တစ်လှမ်းတိုးကာ သူမကို မေးလိုက်သည်။
"ဝမ်ယိုချွမ်ကို ရှာတွေ့ပြီလား ..."
အားဝမ်က ပြုံးကာ သူမခေါင်းပေါ်ရှိ လရောင်ကို မော့ကြည့်လိုက်သည်။ အတော်ကြာမှ ကျူးနိုင်ယို၏မေးခွန်းကို ခပ်နှေးနှေး ပြန်ဖြေလိုက်သည်။
" လောကကြီးမှာ အထူးတလည် စိုးရိမ်စရာရယ်လို့ မရှိပါဘူး အသက်ရှင်နေသရွေ့တော့ စိတ်ပျက်စရာမျိုးစုံကို မလွဲမသွေ တွေ့နေရဦးမှာပဲ ..."
အတော်ကြာတိတ်ဆိတ်နေပြီးမှ သူမက ကျူးနိုင်ယိုကို ပြောလိုက်သည်။
" နောက်ကျနေပြီ ပြန်တော့မယ် ..."
" ကိုယ်လိုက်ပို့ပေးမယ် ..."
အားဝမ်က ခေါင်းယမ်းလိုက်သည်။
" မလိုပါဘူး ..."
ပွဲအပြီးတွင် အားဝမ်သည် ဟွမ်အိမ်တော်သို့ ပြန်လာခဲ့သော်ငြား သူမမြင်လိုက်ရသည်မှာ ကြမ်းပေါ်မှ အလောင်းပုံကြီးသာ ဖြစ်သည်။ နီရင့်ရင့်သွေးတို့က ချောင်းသဖွယ် စီးကျနေကာ သူမ၏ ခြေဦးစွန်းအထိ စီးကျလာသည်။ သူမဝတ်ဆင်ထားသော အနီရောင် ဝတ်စုံနှင့် တစ်ထပ်တည်း ဖြစ်လုနီးပါးပင်။
သူမက ထိုနေရာတွင်ပင် မလှုပ်မယှက်ဘဲ အကြာကြီး ရပ်ကြည့်နေခဲ့သည်။ အမြစ်တွယ်နေသော သစ်ပင်အိုသဖွယ် ရပ်နေခဲ့ပြီး သွေးများက သူမ၏ သစ်မြစ်အထိ စီးကျလာသည်။
အချိန်အတော်ကြာမှ အားဝမ်သည် ခေါင်းကို မော့ကြည့်လိုက်သည်။ ဟွမ်မိသားစု၏ အကြီးအကဲကို နံရံတွင် ချိတ်ဆွဲထားပြီး ဟွမ်သခင်မကတော့ ခြံဝန်းထဲတွင် လဲကျနေသည်။ အားဝမ်က အရူးတစ်ယောက်လို ဟွမ်အိမ်တော်ထဲသို့ လှည့်ပတ်ပြေးလွှားနေသော်ငြား သက်ရှိတစ်စုံတစ်ရာကိုမှ ရှာမတွေ့နိုင်ခဲ့ပေ။
ဟွမ်လေ့သည်လည်း ထိုရက်စက်ဖွယ်သတ်ဖြတ်မှုမှ မလွတ်မြောက်ခဲ့ပေ။ သူ အမှန်တကယ် သေသွားခြင်းဖြစ်ကြောင်း ပရိသတ်များ သိသာစေရန် အမှိုက်လိုဒါရိုက်တာက ဟွမ်လေ့၏ အလောင်းကို အနီးကပ်ရိုက်ပြလိုက်သေးသည်။ Shazhou Chronicle ဒုတိယseason ၏ အပိုင်း၃၀ မှာ အားဝမ်၏ မျက်ရည်များဖြင့် အဆုံးသတ်ခဲ့သည်။
လီရွှင်းမှာ စိတ်လွတ်သွားသောသူကဲ့သို့ သူမ၏နဖူးဖြင့် စားပွဲကို ဆက်တိုက် ဆောင့်ချလိုက်သည်။
ထိုသည်က သူမကို ဘာဖြစ်ခဲ့လဲဆိုတာကို မေးစေနိုင်လောက်သည်အထိ စားပွဲထိုးများကို အထိတ်တလန့် ဖြစ်စေခဲ့သည်။
ဘာဖြစ်တာလဲဟုတ်လား? ငါတို့စီပီက ဟွမ်လေ့လေး သေသွားပြီလေ
ပရိသတ်များသည်လည်း Shazhou Chronicle မှာ အပိုင်းသစ် တင်လျှင်တင်ချင်း အရေးပါသော အမျိုးသားဇာတ်ကောင်ကို သတ်ပစ်ကာ သူတို့ကို ရန်စလိုက်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားပေ။
မင်းမေကြီးတော်ကြီးမှပဲ ဘယ်လိုလူကရော သည်းခံနိုင်မှာလဲ
ထိုဟာကို ဖတ်ပြီးနောက်တွင်တော့ ပရိသတ်များက စိတ်ရူးပေါက်နေသော မေးခွန်းသုံးခုကို မမေးဘဲ မနေနိုင်တော့ပေ။
ငါကဘယ်သူလဲ။ ဘယ်ရောက်နေတာလဲ။ အခု ဘာကို တွေ့လိုက်ရတာလဲ။
အတိတ်က သူတို့သည် Shazhou Chronicle ၏ ထုတ်လုပ်သူနှင့် ဇာတ်ညွှန်းရေးသူတို့ကို သိလည်းမသိ၊ ရှာလည်းမကြည့်ခဲ့ပေ။ ယခုတွင်တော့ သူတို့အားလုံးသည် နောက်ကွယ်မှ ကြိုးကိုင်သူမှာ ဖုကျန်းဖြစ်ကြောင်း သိသွားကြပြီဖြစ်သည်။ ပရိသတ်များက Shazhou Chronicle ၏ တရားဝင်စာမျက်နှာအောက်သို့ အုပ်စုလိုက်ချီတက်ကာ ဒေါသကို ဖော်ထုတ်ကြဝောာ့သည်။
သေသွားပြီး အခေါင်းထဲ အထည့်ခံလိုက်ရတဲ့အချိန်အထိ ငါကတော့ အသံကုန်ဟစ်ပြီး ကြိမ်းမောင်းနေဦးမှာပဲ။
"ဒီ ခွေးသူခိုးဖုကျန်းကို သတ်ကိုသတ်ပစ်မှာ ..."
အချက်အလက်များက လူသားတို့၏ အနှစ်ချုပ်မှာ တကယ်တမ်းတော့ ထပ်တလဲလဲဖြစ်စဉ်ဖြစ်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။ တူညီသော စကားလုံးများကို ထောင်ပေါင်းများစွာ သုံးခဲ့ပြီးဖြစ်သော်ငြား တစ်ခုကမှ ဖြစ်တည်မှုကို နှောင့်ယှက်နိုင်မည်မဟုတ်ချေ။
ဖိုရမ်တစ်ခုလုံး ယောက်ယက်ခတ်နေသည်ကို မြင်လျှင် ဝမ်ထုန်သည် နှာချေရင်း သူအရင်ကတင်ခဲ့သည့်ပို့စ်ကို ပင်မစာမျက်နှာသို့ ပြန်တင်လိုက်သည်။
နောက်ဆုံးတွင်တော့ ပရိသတ်များက ထိုစဉ်က ဝမ်ထုန်၏ နှလုံးသားကွဲအက်မှုကို နားလည်နိုင်သွားပြီဖြစ်သည်။ သူတို့က ဝမ်ထုန်မှာ ဖုကျန်း၏ လက်အောက်တွင် အလုပ်လုပ်နေသူဟု မခန့်မှန်းမိကြ။ ဝမ်ထုန်သည်လည်း ဖုကျန်းကို သူခိုးအိုကြီးဟု ခေါ်ခဲ့ရာ အားလုံးက သူ့ကို ကြီးမြတ်လှသော ရှေ့ဖြစ် ဟောဆရာဟု သမုတ်လိုက်ကြတော့သည်။
Shazhou Chronicle ၏ ဇာတ်ကွက်အလှည့်အပြောင်းမှာ နှိပ်စက်ညှင်းပန်းလွန်း၍ သည်းမခံနိုင်သော တစ်ချို့ပရိသတ်များက ဖုကျန်းမှာ ဇာတ်ညွှန်းရေးသူအစစ် မဟုတ်နိုင်ဟု ဝါဒဖြန့်လာကြသည်။
မည်သို့ပင်ဖြစ်စေ ငြင်းခုန်မှုများ၏ အဆုံးတွင် ပရိသတ်များသည် ဟွမ်မိသားစု၏ ပျက်သုဉ်းခြင်းကို ရှေ့မှာကတည်းက သဲလွန်စ အများကြီးပြထားခဲ့ပြီး ဟွမ်လေ့၏ သေဆုံးမှုမှာ မတော်တဆမဟုတ်ကြောင်းကို ဝမ်းနည်းဖွယ် တွေ့လိုက်ရသည်။
ပရိသတ်များမှာ ငိုချမိတော့မတတ်ပင် စိတ်ထိခိုက်ကြေကွဲနေပြီဖြစ်သည်။ နှစ်နှစ်ကျော်စောင့်ခဲ့ပြီးနောက် သူတို့က ဟွမ်လေ့အတွက် နေ့လည်စာထမင်းဘူး မှာပေးခဲ့သည်။ အစ်ကိုဟွမ်လေ့ရေ တကယ်ကို ဝမ်းနည်းရပါတယ်
ထိုအပိုင်းတွင် ဖုကျန်းသည် ဟွမ်လေ့ကို နေ့လည်စာ ထမင်းဘူး ပေးခဲ့သော်ငြား နှစ်နှစ်ကြာသွားသည့်တိုင် သူတို့၏ စိတ်ကူးစိတ်သန်းနှင့် ရပ်တည်ချက်တို့မှာ မပြောင်းလဲသေးကြောင်းကိုလည်း ပရိသတ်များကို သက်သေပြလိုက်သည်။ လူတိုင်း၏အမြင်တွင် Shazhou Chronicle မှာ ပိုပြီးအမြင်ကောင်းရလာကာ ပရိသတ်များ၏ ပြန်လည်ညွှန်းဆိုခြင်းကို ခံခဲ့ရသည်။
ဟွမ်လေ့၏ သေ‌ဆုံးမှုကို လက်ခံပြီးနောက်တွင်တော့ ပရိသတ်များက ရှေ့အပိုင်းများတွင် ပါခဲ့သော အခြားသဲလွန်စများကို ရှာဖွေကာ နောက်ဖြစ်လာမည့် ဇာတ်ကွက်ကို ခန့်မှန်းနေကြသည်။ ဖိုရမ်တစ်ခူလုံး အမျိုးမျိုးသော ခန့်မှန်းချက်များဖြင့် မွသာကြဲနေပေသည်။
ဖုကျန်းသည် အင်တာနက်ပေါ်မှ ဆွေးနွေးမှုများကိုကြည့်ရင်း ပြုံးနေလိုက်သည်။ နောက်ထပ်ဇာတ်ကွက်မှာလည်း သူတို့ကို သေချာပေါက် အံ့အားသင့်စေမည်ဖြစ်သည်။ Shazhou Chronicle မှာ အခုထိ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းကို မရောက်သေးပေ။