အပိုင်း ၇၀
Viewers 23k

Shazhou Chronicle ရုပ်သံလွှင့်ချိန်မှစ၍ ကြည့်ရှုနှုန်းမှာ တစ်နေ့ထက်တစ်‌နေ့ တိုးတိုးလာရာ ထုတ်လုပ်သူများမှာလည်း ပိုပြီး စိတ်အားတက်ကြွလာသည်။ ဖုကျန်းက နေရာတွင်ရှိ‌မနေ‌သော်ငြား သူတို့သည် အလုပ်ကို စိတ်ဝင်တစား လုပ်လာကြသည်။
ဖုကျန်း - ချန်ထားခဲ့သည့် ဇာတ်ညွှန်းကို မြင်လိုက်ရချိန်တွင်တော့ ဝန်ထမ်းများက သက်ပြင်းချကာ ပြောလိုက်ကြသည်။
"သောင်ဖုကတော့ တကယ့်လူပဲ ..."
ဖုကျန်း၏ အားလပ်ရက်မှာ စတင်နေပြီဖြစ်သည်။ သူသည် အိမ်တွင် ဘာမှမလုပ်‌ဘဲနေနေရရာ ပျင်းရိလာသည်။ အဆင်ပြေနေချိန်တွင် ဇာတ်ညွှန်းဆွဲခြင်း သို့မဟုတ် ကျန်းဟန်ရှုအတွက် ပုံကြမ်းဆွဲပေးခြင်းတို့ကို လုပ်ရင်းသာ အားလပ်ချိန်ကို ကုန်ဆုံးနေရသည်။
သူသည် ရင်းနှီးမြှုပ်နှံမှုတို့ကို ကောင်းကောင်းနားမလည်ပေ။ ကျောက်ချင်ထံမှ ရခဲ့သော လျော်ကြေးငွေများမှာ Shazhou Chronicle တွင် သုံးပြီးတာတောင်မှ အများကြီး ပိုနေသေးရာ သူသည် ကျန်ငွေများအားလုံးကို ကျန်းဟန်ရှု၏လက်ထဲသို့သာ တိုက်ရိုက် လွှဲပေးလိုက်သည်။
ကျန်းဟန်ရှုသည် ဖုကျန်း၏ဗိုက် တစ်နေ့ထက်တစ်နေ့ ဖောင်းလာသည်ကို စောင့်ကြည့်နေခဲ့သည်။ ဖုကျန်းနှင့်အတူ အိပ်ယာထဲ လှဲနေချိန်တိုင်း သူသည် ဖုကျန်း၏ဗိုက်ပေါ် လက်တင်ကာ ဗိုက်ထဲမှ အသက်သေးသေးလေး၏ ဖြစ်တည်မှုကို စမ်းကြည့်နေသည်။ များသောအားဖြင့် သူတို့က ဘာကိုမှ မခံစားမိသော်ငြား နှစ်ဦးသား ထွေးပွေ့ရင်း ငြိမ်ငြိမ်လေး အချိန်ဖြုန်းရသည်ကိုပင် သဘောကျနေကြသည်။
ပြီးခဲ့သည့်နှစ်နွေဦးက ဖုကျန်းသည် ဆောက်လုပ်ရေးဆိုက်တွင် မတော်တဆမှုဖြစ်ခဲ့ပြီး ဆေးရုံရောက်ခဲ့သဖြင့် ရှေ့တစ်နှစ်က သူစုထားသောငွေအားလုံးကို သုံးလိုက်ရသည်။ ထိုအချိန်က သူ့အနာဂတ်မှာ မပီဝိုးတဝါးဖြင့် မျှော်လင့်ချက်မဲ့နေတော့မည်ဟု ထင်ခဲ့သော်လည်း ယခုတွင်တော့ သူသည် ဖခင်လောင်းတစ်ဦး ဖြစ်လာခဲ့သည်။ ဘဝကြီးက တကယ်ကို အံ့ဩစရာပဲ။
ရွှေဝါရောင်နေရောင်ခြည်တို့က ခန်းဆီးများအကြားမှ ကျန်းဟန်ရှု၏ နောက်ကျောဘက်သို့ ဖြာကျနေသည်။ သူ၏ တင့်တယ်နွေးထွေးလှသော လက်ချောင်းတို့က ဖုကျန်း၏ ဗိုက်ကို အသာလေး ထိထားသည်။ ဖုကျန်း၏ ကိုယ်အပူချိန်မှာ အတော်လေးနိမ့်ရာ အပေါ်ယံအရေပြားမှာ အေးစက်ချောမွေ့နေ၍ သူ့ကို ထိကိုင်ထားရသည်မှာ သက်တောင့်သက်သာ ရှိလှပေသည်။
အမျိုးသားတစ်ဦးအနေဖြင့် ထိုကဲ့သို့ဖြစ်စဉ်မျိုးမှာ လက်မခံနိုင်ဖွယ်ရာဟု တွေးနိုင်ချေရှိသော်လည်း ဖုကျန်းကတော့ ကျန်းဟန်ရှုနှင့် ဒီလိုမျိုး အေးအေးချမ်းချမ်း နေရခြင်းကို အလွန်သဘောကျမိသည်။
ဖုကျန်းအတွက် အိမ်ထဲတွင် တစ်ချိန်လုံးနေရန်မှာ အဆင်မပြေသော်ငြား အပြင်ထွက်ချင်ပါလျှင်လည်း အမျိုးသားတစ်ဦးအနေဖြင့် ထိုကဲ့သို့ကြီးမားသော ဗိုက်ကို သယ်ဆောင်ထားရသည်မှာ အထူးတဆန်းဟု အများက မြင်ပေလိမ့်မည်။
ကျန်းဟန်ရှုက ဖုကျန်း၏ဘေးတွင်ထိုင်ကာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သူဆွဲခဲ့သည်များကို ကြည့်နေသည်။ သူက ခဏစဉ်းစားလိုက်ပြီးမှ ဖုကျန်းကို အကြံ‌ပြုလိုက်သည်။
"ဒါမှမဟုတ် အမျိုးသမီးဝတ်ထဲက ခပ်ပွပွတစ်စုံလောက် ဝယ်ပေးရမလား ..."
ဖုကျန်းသည် မူလက ဇာတ်ညွှန်းရေးနေခြင်းဖြစ်သည်။ ကျန်းဟန်ရှု၏ စကားသံကို ကြားလိုက်ရချိန်တွင် သူက ကျန်းဟန်ရှုကို လှည့်ကြည့်လိုက်သည်။ သူက ကျန်းဟန်ရှု၏ ကြည်ပြာရောင်မျက်ဝန်းများကို အကြာကြီးငေးစိုက်ကြည့်နေပြီးမှ ခေါင်းကိုစောင်းကာ သူ့ကိုမေးလိုက်သည်။
"ကျွန်တော် မီနီစကတ်လေးဝတ်ထားတာကို ကြည့်ချင်လို့လား ..."
ဖုကျန်း ထိုသို့မပြောလိုက်ခင်အထိ ကျန်းဟန်ရှုမှာ ထိုကဲ့သို့အတွေးမျိုး မရှိပေ။ သို့သော်ငြား ယခု ဖုကျန်းက ကမ်းလှမ်းလာခဲ့သည်။ ကျန်းဟန်ရှု၏ မူလအစီအစဉ်မှာ ဖုကျန်းကို ပူဖောင်းလို ဖြစ်သွားစေမည့် သမားရိုးကျ အဝတ်အစားအချို့ကို ဝယ်ပေးရန်သာဖြစ်သည်။ ယခု ဖုကျန်းပြောသည့်အတိုင်း စိတ်မှန်းဖြင့် ပုံဖော်ကြည့်ပါလျှင် ဖုကျန်းသည် ‌ထိုဝတ်စုံဖြင့် သေချာပေါက်ကို ချစ်ဖို့ကောင်းနေမည်ဖြစ်သည်။ ကျန်းဟန်ရှုသည် သူ၏ဆန္ဒများကို မသိသာစေရန် နှုတ်ခမ်းကိုသာ ကိုက်ထားလိုက်သည်။
ကျန်းဟန်ရှု စကားပြောရပ်သွားသည်ကိုမြင်လျှင် ဖုကျန်းသည် လက်ထဲမှ စုတ်တံကိုချကာ သူ့မေးစေ့ကို ထိလိုက်သည်။ သူသည် ကျန်းဟန်ရှု၏အရှေ့တွင် အမျိုးသမီးအဝတ်အစားကို မဝတ်ပြလိုသည်တော့မဟုတ်ပေ။ ချစ်သူများနေ့ညကပင် အိမ်အကူဝတ်စုံကို သီးသန့်မှာကာ ကျန်းဟန်ရှုကို ကမောက်ကမ ဖြစ်စေခဲ့သေးသည်။ သို့သော် သူက အမျိုးသမီးအဝတ်အစားဝတ်ကာ အပြင်ထွက်ရမည့်ကိစ္စမှာတော့ သူ့ဗိုက်ကိုငုံ့ကြည့်ရင်း မသင့်တော်ဟု ခံစားမိသည်။
ကျန်းဟန်ရှုက ချောင်းအသာဟန့်ကာ နောက်မေးခွန်းတစ်ခုကို တည့်တိုးမေးလိုက်သည်။
"စကတ်ကို ဘယ်အရောင်ဝတ်ချင်လဲ ..."
သူ့အမူအရာမှာ အရေးကြီးကိစ္စ ဆွေးနွေးနေသလိုမျိုး အတည်ပေါက်ဖြစ်နေသည်။
ဖုကျန်း " ..."
"တကယ်ကြီး စကတ်ဝတ်စေချင်တာလား..."
ဖုကျန်းက သူ့ကို ပြူးကျယ်နေသော မျက်လုံးများဖြင့် မေးလိုက်သည်။
ကျန်းဟန်ရှုသည် သူ့ကို အမျိုး သမီးအဝတ်အစားဖြင့် မြင်လိုသည်ရယ်လို့တော့ မဟုတ်ပေ။ သို့သော် ဖုကျန်း၏ဗိုက်မှာ တစ်နေ့ထက်တစ်နေ့ ပိုပူလာပြီး သူအပြင်ထွက်ချင်လျှင်ပင် ထိုဗိုက်ဖြင့် ထွက်ရမည်ဖြစ်သည်။ ကျန်းဟန်ရှုက သူ့လက်ကို မြှောက်လိုက်သည်။
"ဒါဆို နောက်ပိုင်းကျ ဘယ်မှမသွားဘဲ အိမ်ထဲမှာပဲ နေမှာလား ..."
ဖုကျန်းက ခဏမျှစဉ်းစားလိုက်ပြီးနောက် ထိုဟာကို သူပြည့်စုံအောင် လုပ်နိုင်မည်ဟု ခံစားလိုက်ရသည်။
သူမှာ ခေါင်းညိတ်မိလုနီးပါးပင်။ သူ့အတွေးကို ဖောက်ကာ မြင်နိုင်သော ကျန်းဟန်ရှုက ပြောလိုက်သည်။
"ဗိုက်ထဲက ကလေးလေးအတွက်ဆိုရင် တစ်ချိန်လုံး အိမ်ထဲမှာ နေနေလို့မရဘူးလေ ရှေ့လလောက်ဆို ဆေးရုံကို တစ်ခါသွားပြီး စစ်ဆေးရဦးမှာ ..."
ကျန်းဟန်ရှုပြောသည်မှာ ‌ကျိုးကြောင်းဆီလျော်ပေသည်။ အမျိုးသမီးအဝတ်အစားဝတ်ခြင်းနှင့် မကောင်းဆိုးဝါးဟု အထင်ခံရခြင်း နှစ်ခုကြားက တစ်ခုကို ရွေးချယ်ရပါလျှင် ပထမတစ်ခုကိုသာ သေချာပေါက် ရွေးချယ်မည်ဖြစ်သည်။ သူက ခေါင်းညိတ်လိုက်သည်။
"ဒါဆိုလည်း ကောင်းပြီလေ..."
ကျန်းဟန်ရှု၏ လှုပ်ရှားမှုမှာ လျင်မြန်လွန်းနေရာ ဖုကျန်းမှာ သူသည် ကြိုတင်ကြံစည်ထားလေသလားဟုပင် ထင်မိသည်။
ဖုကျန်းသည် ကျန်းဟန်ရှုသယ်လာသည့် စကတ်တို၊ မီနီစကတ်၊ ငါးမြီးစကတ်၊ အလွှာအထပ်ထပ်ပါသောစကတ်နှင့် သင်္ဘောသားဝတ်စုံတို့ပင် ပါသေးသည့် အိတ်ကြီးကို ကြည့်နေလိုက်သည်။ သူက ဆံပင်အတုပင် ယူလာသေးသည်။ ဖုကျန်းသည် ထိုစကတ်အားလုံးကို ထုတ်ကြည့်ပြီးနောက် အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ သူက ကျန်းဟန်ရှုကို ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။
ကျန်းဟန်ရှုက သူ့ကို မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ..."
ဖုကျန်းက သူ့နှုတ်ခမ်းကိုကိုက်ကာ အဖြူပျောက်များပါသော အနီရောင်ဂါဝန်ရှည်ကို ကျန်းဟန်ရှုသို့ ကမ်းပေးရင်း ပြောလိုက်သည်။
"ခင်ဗျားလည်း ကျွန်တော်နဲ့အတူတူ ဒါလေးကိုလဲဝတ်ပြီး အပြင်ထွက်ရင်ရော ဘယ်လိုလဲ ..."
ကျန်းဟန်ရှုသည် ဖုကျန်းလက်ထဲမှ ဝတ်စုံကို ခဏ စိုက်ကြည့်နေလိုက်ပြီး လှမ်းယူကာ ဖုကျန်းကို ပြောလိုက်သည်။
"ကိုယ်နဲ့ မကိုက်လောက်ဘူး ..."
ဖုကျန်းက အားလျှော့မသွားသေး။ အိတ်ထဲမှ သနပ်ခါးရောင် ဂါဝန်တစ်ထည်ကို ယူကာ ကျန်းဟန်ရှုကို ပြလိုက်သည်။
"ဒီတစ်ခုက ဆွဲသားလေး ဒါကို စမ်းဝတ်ကြည့်ပါလား ..."
ကျန်းဟန်ရှုသည် ဖုကျန်းကို အကြာကြီး ငေးကြည့်နေပြီးမှ ဖုကျန်း၏ ဆန္ဒသေးသေးလေးကို ဖြည့်ဆည်းပေးရန် ဆုံးဖြတ်လိုက်သည်။ ဖုကျန်း၏လက်ထဲမှ စကတ်ရှည်ကိုယူကာ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။
ကျန်းဟန်ရှု ထွက်လာမည်ကို စောင့်နေရင်း ဖုကျန်းသည် အိတ်ထဲမှ စကတ်များကို စစ်ကြည့်လိုက်သည်။ ကျန်းဟန်ရှုမှာ အမြင်ကောင်းရှိနေဆဲဖြစ်သည်။ သူသည် ထိုအဝတ်အစားများကို သူ့ကိုယ်ပေါ် ကပ်ကြည့်ပြီးနောက်တွင်တော့ သူတို့ကို ဆိုင်ပြန်ပို့သင့်သည်ဟု ခံစားလိုက်ရသည်။
မကြာမီ ကျန်းဟန်ရှုသည် စကတ်ရှည်အစိမ်းရောင်ကိုဝတ်ရင်း ရေချိုးခန်းထဲမှ ထွက်လာလိုက်သည်။ သူ့အရပ်မှာ ရှည်မျောမျောဖြစ်နေကာ ရင်အုပ်နှင့် လက်မောင်းကြွက်သားတို့က ဂါဝန်ထဲမှ ရုန်းထွက်နေသည်။ ချည်ထည်အစိမ်းရောင်မှာ အမြင်ဆန်းသော မနာခံမှုကို ပေးစွမ်းနေပြီး အနည်းငယ် ပြင်းရှရှဖြစ်နေသည်။
ဖုကျန်းသည် တစ်ချက်ကြည့်လိုက်ပြီးနောက်တွင်တော့ သူ့ပါးစပ်ကိုအုပ်ကာ မျက်ရည်ကျလုမတတ် အော်ရယ်လိုက်တော့သည်။
ကျန်းဟန်ရှုက ဖုကျန်း၏အနားသို့ တစ်လှမ်းတိုးလာသည်။ သူ့အမူအယာမှာ လေးနက်နေသော်ငြား ဘာဖြစ်လာမည်ကို မသိသေးသော ဖုကျန်းက ကြောက်ရွံ့မိသော်ငြား ရယ်ချင်စိတ်ကို ထိန်းမထားနိုင်သေးပေ။
ကျန်းဟန်ရှုက သူ့ကို နံရံဘက်သို့ တွန်းပို့လိုက်သည်။ ဖုကျန်း၏နောက်ကျောက အေးစက်စက်နံရံနှင့် ကပ်သွားသည်။ ကျန်းဟန်ရှုက လက်တစ်ဖက်မြှောက်ကာ ဖုကျန်းကို သူ့ရင်ခွင်ထဲ အုပ်မိုးထားလိုက်သည်။ သူက ခေါင်းကိုငုံ့ကာ ဖုကျန်းကို မေးလိုက်သည်။
"ကိုယ့်ကို တကယ်ပဲ ဒီလိုမျိုးဝတ်ပြီး အပြင်ထွက်စေချင်တာလား ..."
ဖုကျန်းက ရယ်လိုက်ပြန်သည်။ ကျန်းဟန်ရှုကို ခြေဆုံးခေါင်းဆုံးကြည့်၍ လျှာကိုကိုက်ကာ ရှက်ရှက်ရွံ့ရွံဖြင့် ပြောလိုက်သည်။
" အွန်း နည်းနည်းတော့ အမြင်မသင့်စရာပဲ ..."
ကျန်းဟန်ရှုကတော့ သူ၏ ရှက်ရွံ့မှုကို မဖမ်းမိပေ။ ဖုကျန်း၏ အကြည့်စူးစူးကိုသာ တွေ့လိုက်ရသည်။ သူက ခေါင်းကိုငုံ့ထားရာ ဝင်သက်ထွက်သက်နွေးနွေးက ဖုကျန်း၏မျက်နှာပေါ်သို့ ရိုက်ခတ်နေသည်။ သူက ကျန်းဟန်ရှု၏ ခပ်ဩဩအသံဖြင့် မေးသံကို ကြားလိုက်ရသည်။
"နည်းနည်းပဲပေါ့ ..."
ဖုကျန်းမှာ ကျန်းဟန်ရှုကို အကြည့်ချင်း မဆုံရဲ၍ မျက်လွှာကို ချထားလိုက်သည်။ ထို့နောက် ကျန်းဟန်ရှု၏ လှစ်ဟပြထားသော ခြေသလုံးပေါ်မှ ခြေသလုံးမွှေးမဲမဲတို့ကို မြင်လိုက်ရချိန်တွင်တော့ အသံတိတ် ရယ်လိုက်ပြန်တော့သည်။
ကျန်းဟန်ရှုက လက်ကိုမြှောက်ကာ ဖုကျန်း၏နဖူးကို ဖွဖွလေး တောက်လိုက်သည်။ သူ့မျက်ဝန်းများက ပြုံးယောင်သမ်းနေသည်။
"ရယ်နေသေးတယ်ပေါ့ ..."
သူ၏ အဆုံးသတ်အသံမှာ အနည်းငယ် မြင့်တက်နေသည်။ ပျင်းရိကာ ဟာသလုပ်လိုဟန် ရှိသည်။
ဖုကျန်းက သူ့အမူအယာကို ပြင်လိုက်သော်ငြား သူ့မျက်ဝန်းထဲမှ အပြုံးက သူ့ကို သစ္စာဖောက်နေသည်။
"ဟုတ်ပြီ ဟုတ်ပြီ ကိုယ့်ဘာသာကိုယ်ပဲ ဝတ်လိုက်တော့မယ် ..."ဖုကျန်းက ကျန်းဟန်ရှုကို မိတ်ကပ်ပစ္စည်းအချို့ ဝယ်ခိုင်းလိုက်သည်။ သူသည် ထိုက်တန်သော ပန်းချီဆရာတစ်ဦးဖြစ်ရာ မိတ်ကပ်က သူ့အတွက် မရေမရာဖြစ်စေသည့် ပစ္စည်းတော့ မဟုတ်ပေ။ ပထမဆုံး မျက်ခုံးမွှေးဆွဲကာ အောက်ခံမိတ်ကပ်လိမ်းပြီး မျက်တောင်ကော့ဆေးကို သုံးလိုက်ပြီး သန္တာရောင်နှုတ်ခမ်းနီကို ဆိုးလိုက်သည်။ မျက်နှာအတွက် လိမ်းခြယ်ပြီးနောက် ဆံပင်အတုနှင့် ပန်းရောင် နှစ်လွှာစကပ်ကိုယူကာ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။
ခဏအကြာတွင်တော့ သူသည် ရေချိုးခန်းထဲမှ ထွက်လာကာ ကျန်းဟန်ရှု၏ အရှေ့သို့ မတ်တပ်ရပ်လိုက်ပြီး မေးလိုက်သည်။
" ကြည့်ရဆိုးနေလား ..."
အခုလေးတင်မှ ရေချိုးခန်းထဲက မှန်ကို ကြည့်လာခဲ့သော်ငြား စိုးရိမ်နေဆဲဖြစ်သည်။
ကျန်းဟန်ရှုက စကားတစ်ခွန်းမှ မဆိုဘဲ သူ့ရှေ့မှ ဖုကျန်းကိုသာ အကြည့်မလွှဲစတမ်း စိုက်ကြည့်နေခဲ့သည်။ အညိုရောင်ဆံနွယ်ရှည်၊ နေရောင်အောက်တွင် တလက်လက်တောက်နေသော စကပ်မှ စီးကွင့်များနှင့် သူ့ရှေ့တွင် ရပ်နေသော ဖုကျန်းမှာ မင်းသမီးလေးလိုပင်။
ဖုကျန်းက သူ့ရင်ဘက်ကိုကိုင်ကာ ကျန်းဟန်ရှုကို စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"ရင်ဘက်က နည်းနည်းလေး ပြားနေတယ် ..."
"ခဏခဏ ပွတ်ပေးရင် လုံလောက်တဲ့အထိ ဖောင်းလာမှာပါ ..."
ကျန်းဟန်ရှုက အတည်ပေါက်ကြီး ပြောချလိုက်သည်။
ကျန်းဟန်ရှုမှာ အမြဲတမ်း တည်ငြိမ်နေသူဖြစ်ရာ ဖုကျန်းသည် ထိုစကားမျိုးကို ရုတ်တရက်ကြားလိုက်ရချိန်တွင် ယုံပင်မယုံနိုင်ခဲ့။ မျက်နှာပူတာလျော့သွားသည်အထိ သူ့မျက်နှာကို အုပ်ထားလိုက်သည်။ ထို့နောက်တွင်မှ လက်ကိုချကာ ကျန်းဟန်ရှုကို ပြောလိုက်သည်။
"အခု သွားတော့မလား ..."
ကျန်းဟန်ရှုက လခြမ်းပုံကလစ်ကို မျက်လှည့်ပြသလိုမျိုး ထုတ်လာသည်။ ထိုကလစ်ကို သူ ဘယ်ကယူလာခဲ့လဲတော့ ဖုကျန်း တကယ်ကို မသိတော့ပေ။ သူက ခြေတစ်လှမ်းတိုးကာ ဖုကျန်း၏ ဆံပင်ကို ညှပ်ပေးလိုက်သည်။ ထို့နောက် အနောက်တိုင်းသား လူကြီးလူကောင်းများကဲ့သို့ ကိုယ်ကိုကိုင်း၍ လက်ကိုဆန့်ကာ ပြောလိုက်သည်။
"ဒါဆို သွားကြတော့မလား ကိုယ့်ရဲ့မင်းသမီးလေး ..."
ဖုကျန်းသည် ကျန်းဟန်ရှုနှင့် ထိုပုံစံမျိုးဝတ်စားပြီး အပြင်ထွက်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ အစဦးက အနည်းငယ် မသက်မသာဖြစ်နေသေးသော်ငြား အတန်ကြာလမ်းလျှောက်ပြီးနောက်တွင်တော့ လူတိုင်းသည် ကိုယ့်ကိစ္စကိုသာ အာရုံစိုက်ကြကြောင်း သတိထားမိသွားသည်။ သူတို့ကို အထူးတလည် အာရုံစိုက်မနေကြောင်း သိလိုက်ရမှ ဖုကျန်းလည်း စိတ်သက်သာရာရသွားသည်။
သို့သော်ငြား သူတို့သည် အပြင်မထွက်ခင် ရက်ရာဇာပြဿဒါး ကြည့်ခဲ့ဟန်မတူ။ ဈေးဝယ်ပြီးစီး၍ စားသောက်ရန် သွားတော့မည့်အချိန်တွင် ဖုကျန်းချန်နှင့် ဖုထင်ကို ထပ်တွေ့လိုက်သည်။
" ဖု ..ဖုကျန်း ..."
ဖုကျန်းချန်သည် သူတွေ့လိုက်သည်ကို ယုံပင်မယုံနိုင်ချေ။ သူသည် အဝေးမှနေ၍ ကျန်းဟန်ရှုကို မိန်းမတစ်ယောက်ဖြင့် တွဲတွေ့လိုက်ရစဉ်တွင် ကျန်းဟန်ရှုသည် ဖုကျန်းကို အခြားမိန်းမတစ်ဦးနှင့်အပြိုင် တွဲနေသည်ဟု တွေးမိ၍ သွေးတက်သည်အထိ ဒေါသထွက်သွားခဲ့သည်။
ဖုကျန်းချန်သည် တွေးပင်မနေဘဲ ကျန်းဟန်ရှု၏ဘေးမှ အမျိုးသမီးမှာ ဘယ်သူဖြစ်ကြောင်း သိရန် ဖုထင်နှင့်အတူ လိုက်ကြည့်ခဲ့သည်။
ဖုကျန်းသည် ဈေးဝယ်ထွက်ချိန်တွင် ဖုကျန်းချန်နှင့် ဆုံလိမ့်မည်ဟု ထင်မထားပေ။ စကတ်အဖျားကို လက်ဖြင့် ဆုပ်ကိုင်ရင်း ဘာဆက်လုပ်ရတော့မလဲ မသိသောကြောင့် စိတ်ရှုပ်ထွေးလာတော့သည်။
မျက်နှာချင်းဆိုင်တွင် ရပ်နေသော ဖုကျန်းချန်မှာလည်း ရေအေးတစ်ခွက် လောင်းချခံလိုက်ရသလိုပင်။ သူသည် ကျန်းဟန်ရှု ဖောက်ပြန်နေသည်ထင်၍ ထွက်လာသော ဒေါသကိုပင် မထုတ်ပြရသေး။ ပိုပြီးဝမ်းနည်းဖွယ်ကောင်းသော ကိစ္စက သူ့ဒေါသကို လွှမ်းမိုးသွားသည်။ ဖုကျန်းနှင့် အခြားသူများ၏ရှေ့တွင် အသက်ကင်းမဲ့နေသော ရုပ်တုသဖွယ် အကြာကြီး မလှုပ်ဘဲ မတ်တပ်ရပ်နေခဲ့သည်။
ဖုကျန်းချန်မှာ သူ့လည်ချောင်းထဲမှ အသံထွက်လာရန် မနည်းကြိုးပမ်းလိုက်ရသည်။ သူက ခက်ခက်ခဲခဲဖြင့် အသံထုတ်ကာ ဖုကျန်းကို မေးလိုက်သည်။
"ဘာလို့ ဒီလိုကြီး ဝတ်ထားတာလဲ ..."
သူသည် ထိုကလေးငယ်ကို အချိန်အကြာကြီး ချစ်ခင်ခဲ့သည်။ သို့သော် အခု သူကတော့ သူ့လက်တွဲဖော်နှင့် အပြင်ထွက်ရန် မိန်းမအဝတ်အစားကို ဝတ်ထားရသည်။
ရှောင်ကျန်းက ကျန်းဟန်ရှုနဲ့ ပျော်နေတယ်ဆိုတာ တကယ်ရော ဟုတ်ရဲ့လား။