အပိုင်း ၇၁
Viewers 23k

ဒီမြင်ကွင်းက ဘာကို ကိုယ်စားပြုတာလဲ ပြီးတော့ ဘာလို့ ဒီအဆင့်အထိ ရောက်လာရတာလဲ။
ကြောက်ရွံ့မှုတို့က ဖုကျန်းချန်ကို လွှမ်းခြုံလာသည်။ သူသည် နောက်တစ်ကြိမ် ဆုံးဖြတ်ချက်မှားမည်ကိုရော ဘာမှမလုပ်ဘဲ နေလိုက်ခြင်းက ဖုကျန်းကို တစ်ဖန် ချောက်ထဲသို့ တွန်းချသလို ဖြစ်စေမည်ကိုရော ကြောက်ရွံ့မိသည်။
ကျန်းဟန်ရှုက ဖုကျန်းကို သူ့နေရာသို့ ခေါ်သွားကာ ကောင်းကောင်းဂရုစိုက်ပေးသည်ဟု သူ ထင်ခဲ့သော်ငြား ယခုတော့ ထိုကဲ့သို့ ယုံကြည်ချက်မျိုး မရှိတော့ပေ။ ဖုကျန်း၏မျက်နှာကို ကြည့်လိုက်ချိန်တွင် ယခင်အခေါက် သူတွေ့စဉ်ကထက် ပို၍ ချောမွေ့နေကြောင်း တွေ့လိုက်ရသည်။ သူထင်ထားသလိုမျိုး ဆိုးဆိုးဝါးဝါး နေနေရတာမျိုး မဟုတ်လို့လား။ ဖုကျန်းချန်က သူ့ကိုယ်သူ ဖြေသိမ့်ရန် ကြိုးပမ်းလိုက်သည်။
ဖုကျန်းက သူ့နှုတ်ခမ်းကိုသာ ကိုက်ထားလိုက်သည်။ အ‌စပျိုးစပြုနေသည့် ရှင်းမပြနိုင်သော ခံစားချက်တို့က ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူက ဖုကျန်းချန်ကို မော့ကြည့်လိုက်သည်။ မျက်ဝန်းနှစ်စုံ အကြည့်ချင်းဆုံသွားသော်ငြား ဖုကျန်း၏ အကြည့်ထဲတွင်တော့ ဘာခံစားချက်မှ မပါရှိပေ။
ဖုကျန်းချန်ကို ထိုနေရာတွင်ပင် အေးခဲစေနိုင်သည်အထိ အေးစက်နေသည်။
သူ့အကြည့်ကို ချလိုက်ပြီးနောက်တွင် ဖုကျန်း၏ ဖောင်းထွက်နေသော ဗိုက်ကို သတိထားမိလိုက်သည်။ ထိုအခိုက်အတန့်တွင် ကမ္ဘာကြီးမှာ ချာချာလည်သွားသကဲ့သို့ပင်။
ဖုကျန်း၏ ဖခင်တစ်ဦးအနေဖြင့် ဖုကျန်းချန်မှာ သူ့ခန္ဓာကိုယ်၏ လျှို့ဝှက်ချက်ကို သိရှိသူဖြစ်သည်။ ဖုကျန်းက ဝိတ်တက်လာ၍ဟု သူ့ကိုယ်သူ ဖြေသိမ့်လိုသော်ငြား သူ၏ ကျိုးကြောင်းသိစိတ်က မဖြစ်နိုင်ဟု ထောက်ပြနေသည်။
သူသည် ချက်ခြင်းပင် ဖုကျန်းက ဘာလို့ စကတ်ဝတ်လာလဲဆိုတာကို နားလည်သွားတော့သည်။
ဒီနေ့နေရောင်ခြည်မှာ အလွန်မပူပြင်းသော်ငြား ဖုကျန်းချန်မှာတော့ အငွေ့ပျံသွားတော့မည်ဟု ခံစားနေရသည်။ ကမ္ဘာကြီးမှာ ချာချာလည်ကာ အဖြူအမဲသို့ ပြောင်းသွားသည်ဟု ခံစားနေရပြီး မူးမေ့လဲကျတော့မတတ်ပင်။
သူ့ကိုယ်သူ စကားသံထွက်လာရန် အတော်ကြာ ကြိုးပမ်းလိုက်ရသည်။ သူ့နှုတ်ခမ်းထောင့်စွန်းတို့က တဆတ်ဆတ်တုန်နေကာ အသံကို နှိမ့်လိုက်ရင်း ဖုကျန်းကို သတိကြီးစွာဖြင့် မေးလိုက်သည်။
" မင်းမှာ ကိုယ်ဝန်ရှိနေတာလား ..."
ဖုကျန်းက အသံတစ်ချက်သာ ပြုလိုက်ပြီး ဘာမှ များများစားစား မပြောခဲ့။ သူ့ကိုယ်ကို ကျန်းဟန်ရှုဘက်သို့ နည်းနည်းလေး စောင်းလိုက်သည်။
ဖုကျန်းချန်က သူ့ကိုယ်သူ လဲမသွားရန် လက်ရန်းကို မှီထားလိုက်ရသည်။ ဖုထင်က လက်ကိုဆန့်ထုတ်ကာ သူ့ကို တွဲထားလိုက်သည်။
ဖုကျန်းအား နောက်တစ်ကြိမ် သူနှင့် မတွေ့စေရဘူးဟု ကတိပေးခဲ့သည့်အချိန်မှစ၍ ဖုထင်သည် ဖုကျန်း၏ရှေ့သို့ နောက်တစ်ကြိမ်ပြန်ပေါ်မလာခဲ့ပေ။ ဒီနေ့ဆုံတွေ့မှုမှာ မတော်တဆသာဖြစ်သည်။ သို့သော်ငြား ထိုသတင်းကို ကြားလိုက်ရမည်ဟု မထင်ထားရာ သူတို့က လက်မခံနိုင်ကြပေ။
ဖုထင်သည် ဖုကျန်း၏ဗိုက်ကို လှမ်းကြည့်လိုက်သည်။ အချိန်တိုလေးအတွင်းတွင် သူ့ညီလေးမှာ ကိုယ်ဝန်ဆောင်နေရပြီဟူသည့်အချက်ကို လုံးဝ လက်မခံနိုင်ပေ။ သူသည်လည်း ဖုကျန်းမှာ ဒွိလိင်ဖြစ်မှန်း သိပြီးသူဖြစ်သည်။ ယခင်က ဖုကျန်း အရွယ်ရောက်လာလျှင် သူ့ကို ခွဲစိတ်ရန် ဆေးရုံသို့ ခေါ်သွားဖို့ စီစဉ်ထားသော်ငြား ထန်ဝမ်ဝမ်ပေါ်လာသည့်အချိန်တွင် အားလုံးက သူ့ကို မေ့သွားခဲ့သည်။
"ဘယ်လိုဖြစ်ပြီး ကိုယ်ဝန်ရှိသွားရတာလဲ ဘယ်လိုဖြစ်ပြီးတော့ ..."
ဖုထင်းသည် ဖုကျန်းကို မေးနေခြင်းမဟုတ်၊ သူ့ကိုယ်သူ ရေရွတ်နေခြင်းသာဖြစ်သည်။ အားလုံးမှာ သူနှင့် ဖုကျန်းချန်တို့၏ အမှားများသာဖြစ်ပြီး သူတို့က ဒီနေ့အဖြစ်အပျက်အားလုံး၏ တရားခံဖြစ်သည်။
"ဘာတွေထူးဆန်းနေရတာလဲ ..."
ဖုကျန်းက ဖုထင်ကို မော့ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းနက်များတွင် ဖုထင်၏ပုံရိပ်က ရှင်းရှင်းလင်းလင်းကို ရောင်ပြန်ဟပ်နေသည်။ သူက ဖုထင်းကို လှောင်ရယ်ရင်း ပြောလိုက်သည်။
" အကိုရေ ခင်ဗျားပဲပြောတော့ ကျွန်တော်က အထီးမဟုတ် အမ မဟုတ်နဲ့ မကောင်းဆိုးဝါးလိုလူဆို အခု ကိုယ်ဝန်ရှိတဲ့ဆိုတဲ့ကိစ္စကျမှ ဘာတွေ ထူးဆန်းနေတာတုန်း ..."
တကယ်တမ်းတွင် သူသည် ပြီးခဲ့သော နှစ်နှစ်အတွင်း ဖြစ်ပျက်ခဲ့သမျှတိုင်းကို လွှတ်ချနိုင်သေးသည်မဟုတ်ပေ။ နာကြည်းမှုအားလုံး အငွေ့ပျံမသွားမီအထိ နာကြည်းချက်များက နှစ်ပေါင်းများစွာ အစိုင်အခဲအဖြစ် ရှိနေဦးမည်ဖြစ်သည်။
ကျန်းဟန်ရှုသည် ဘယ်လိုခံစားချက်မျိုးဖြင့် ဖုကျန်းက ထိုစကားမျိုးကို ပြောသလဲ မသိသော်ငြား ဖုထင်ပြောခဲ့သည်များက ဖုကျန်း၏နှလုံးသားတွင် နက်နက်ရှိုင်းရှိုင်းရောက်သည်အထိ အမာရွတ်ကျန်ခဲ့ကြောင်းကိုဝောာ့ ‌နားလည်ပေသည်။ သူက ဖုကျန်း၏ ပုခုံးကို အသာလေးဖက်ရင်း နှစ်သိမ့်ပေးရုံသာ စွမ်းနိုင်သည်။
ဖုကျန်းသည် သူအဆင်ပြေကြောင်း ပြသသည့်အနေဖြင့် ကျန်းဟန်ရှုကို ပြုံးပြလိုက်သော်ငြား ထိုသည်ကပင် ကျန်းဟန်ရှုကို ပိုပြီး စိတ်ပူသွားစေသည်။
ဖုထင်၏ခံစားချက်ကတော့ ဖုကျန်းထက် သေချာပေါက်ကို အများကြီး ပိုသာပေသည်။ ဖုကျန်း၏ ခန္ဓာကိုယ်ကို ပေးခဲ့သည့် အပြစ်ဒဏ်များအတွက် ယခု သူပြန်ပြီး အပြစ်ခံနေရပြီဖြစ်သည်။ထိုသည်မှာ နှစ်ပေါင်းများစွာကြာမှ ဖုကျန်းက သူ့ကို ပထမဆုံးအကြိမ် အကိုပြန်ခေါ်ခြင်းဖြစ်သော်ငြား ဖုထင်သည် လက်ရှိအချိန်တွင် နားမကြားသူတစ်ဦးဖြစ်ကာ တစ်စုံတစ်ခုကိုမှ မကြားရရန် မျှော်လင့်မိသည်။
အနည်းငယ် စိတ်တည်ငြိမ်လာချိန်တွင်တော့ ဖုကျန်းချန်သည် သူ့ကို တွဲထားသော ဖုထင်ကို လွှတ်ပေးရန် ပြောလိုက်ပြီး ဖုကျန်းကို မေးလိုက်သည်။
"ဆိုတော့ လက်ထပ်လိုက်တာ အဲ့ဒါကြောင့်လား ..."
ဖုကျန်း၏ မျက်ခုံးတို့က လှောင်ပြောင်လိုဟန် မြင့်တက်သွားပြီးသည်။ သူက ပြန်ဖြေလုဆဲဆဲတွင် ကျန်းဟန်ရှုက သူ့နောက်ကျောကိုပုတ်လိုက်ပြီး ဖုကျန်းချန်ကို ရှင်းပြလိုက်သည်။
"အရင်ကတည်းက လက်ထပ်ဖို့ စီစဉ်ပြီးသားပါ အရေးပါတဲ့ ကိစ္စတစ်ချို့ကြောင့် လက်ထပ်ပွဲကို ရှေ့တိုးလိုက်တာပါ ..."
"လနည်းနည်းပဲ ရှိသေးတာလား ..."
ဖုကျန်းချန်က သူ့အသံကို တုန်မနေစေရန် အတတ်နိုင်ဆုံး ကြိုးပမ်းလိုက်သည်။
ကျန်းဟန်ရှုက ပြန်ဖြေလိုက်သည်။
"ငါးလကျော်သွားပါပြီ..."
ဖုကျန်းချန်က မျက်မှောင်ကြုတ်လိုက်သည်။ သူ ယခင် စုံစမ်းထားမှုအရ ဖုကျန်းနှင့် ကျန်းဟန်ရှုတို့မှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာကမှ တွေ့ခဲ့ခြင်းဖြစ်သည်။ ယခု ဖုကျန်းက ကိုယ်ဝန်ငါးလပင် ရှိနေသည်။ ဒါက ဘာကိုဆိုလိုတာလဲ။ တွေ့ပြီးမကြာဘူး အိပ်ယာပေါ်ကို တက်လိုက်ကြတာလား။
ဖုကျန်းချန်သည် လူငယ်များမှာ လက်မထပ်ဘဲ အတူမနေသင့်ဟု ရှေးရိုးစွဲအတွေးရှိသူတစ်ဦး မဟုတ်သော်ငြား ဖုကျန်းက သူ့ရင်သွေးဖြစ်ရာ သူ့ကလေးကို အမြတ်တနိုး တန်ဖိုးထားခြင်းခံရရန် အမြဲလိုလို မျှော်လင့်ထားသူဖြစ်သည်။
ထပ်ပေါင်းပြောရပါလျှင် သူသည် ဖုကျန်းကို ယောက်ျားလေးအဖြစ်သာ ပျိုးထောင်ခဲ့သူဖြစ်သည်။ သူ၏ ကိုယ်ဝန်သတင်းကို ရုတ်တရက် ကြားလိုက်ရချိန်တွင် ဖုကျန်းချန်မှာ ချက်ခြင်း လက်ခံပေးရန် ခဲယဉ်းလှပေသည်။
တကယ်လို့ ဒီနေ့သာ မတွေ့ခဲ့မိဘူးဆိုရင် သူက ဒီကလေး မွေးလာတဲ့အထိ သိရပါ့မလား။ ဒါမှမဟုတ် သူ့တစ်သက်လုံး မသိဘဲ နေသွားရနိုင်လား။
အမည်မတပ်နိုင်လောက်သော ဝမ်းနည်းမှုများက ဖုကျန်းချန်၏ နှလုံးသားထဲမှ တလိမ့်လိမ့်တက်လာသည်။ သူက ကျန်းဟန်ရှုကို အနည်းငယ် အပြစ်တင်လိုဟန်ဖြင့် ကြည့်လိုက်သည်။ သို့သော် သူ့ကိုယ်သူသာ ပိုပြီးအပြစ်တင်ရမည်ဖြစ်သည်။ သူက မေးလိုက်သည်။
"တစ်ယောက်နဲ့တစ်ယောက် သိသိခြင်း..."
ဖုကျန်းချန်က စကားကို အဆုံးမသတ်နိုင်သော်ငြား ကျန်းဟန်ရှုနှင့် ဖုကျန်းတို့နှစ်ဦးလုံးက သူဘာကိုဆိုလိုသည်ကို နားလည်လိုက်ပေသည်။
"အဲ့အချိန်တုန်းက မတော်တဆဖြစ်ခဲ့တာ ..."
ကျန်းဟန်ရှု ပြော၍မပြီးခင်မှာပင် ဖုကျန်းက သူ့အင်္ကျီစကိုဆွဲလိုက်သည်။ သူ့လက်ချောင်းများက တုန်ရီနေသော်ငြား သူ့အသံကတော့ ပြတ်သားနေသည်။ သူက ကျန်းဟန်ရှုကို ပြောလိုက်သည်။
"ကျွန်တော့်အတွက်..."
ကျန်းဟန်ရှုက သူ့ကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
"ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၆ ရက်နေ့က ဘားမှာ ညပိုင်းအလုပ်လုပ်ခဲ့တာ အဲ့ညက ကျွန်တော်ကမူးနေပြီး သူက ဆွဲခေါ်လာခံရတာ ပြီးတော့ နှစ်ယောက်အတူတူ နေဖြစ်သွားတယ် ..."
ဖုကျန်းက အမှန်တစ်ဝက် အမှားတစ်ဝက်ဖြင့် ရှင်းပြလိုက်သည်။ တကယ်တမ်း သူက ဘာမှ မလုပ်ခဲ့သော်ငြား ဖုကျန်းချန်ကို ဖြစ်ကြောင်းကုန်စဉ် ပြောပြရန် မလိုအပ်ပေ။ ကျန်းဟန်ရှုကို အဲ့အကြောင်း နောက်တစ်ခေါက် လာမမေးဖို့တော့ မျှော်လင့်ရတာပဲ။
"နားလည်ပြီလား ..."
"ဒီဇင်ဘာလ ၆ ရက်နေ့ ..."
ဖုကျန်းချန်၏ အတွေးတို့က တစ်နေရာသို့ လွင့်သွားသည်။ သူက ဖုကျန်းကိုကြည့်ကာ မေးလိုက်သည်။
"အဲဒါ့ မင်းမွေးနေ့မဟုတ်လား ..."
ဖုကျန်းက ခေါင်းကိုငုံ့ကာ ပြောလိုက်သည်။
"ဟုတ်တော့ရော ..."
ဖုကျန်းချန်က ပါးစပ်ကို လှုပ်လိုက်သော်ငြား ဘာတစ်ခွန်းမှ မပြောနိုင်ပေ။ ဖုထင်ကတော့ ပို၍ပင် နာကျင်ရသူဖြစ်သည်။ သူသည် ထို‌ညက ဖုကျန်းကို သေချာပေါက်ကို တွေ့ခဲ့ရာ သူ့ကို အိမ်ပြန်ပို့၍ ရသော်ငြား အနာဂတ်တွင် သူ့ရှေ့သို့ ပေါ်မလာရန်သာ ပြောခဲ့သည်။
"သွားရအောင် ..."
ဖုကျန်းသည် အတိတ်က ဖြစ်ရပ်များက သူ့ကို မသက်ရောက်နိုင်သလိုမျိုး ပြုံးကာ ကျန်းဟန်ရှုကို ပြောလိုက်သည်။
သို့သော်ငြား တကယ်တမ်းတွင် သူကြုံတွေ့ခဲ့ရသည့် ဒဏ်ရာများမှာ အနာကျက်ရန် အချိန်မလုံလောက်သေးကြောင်း လူတိုင်းက သိရှိခဲ့ပြီးဖြစ်သည်။
" အင်း ..."
ကျန်းဟန်ရှုက သူ့လက်ကိုတွဲကာ လာရာလမ်းအတိုင်း ပြန်လှည့်ပြီး ပျောက်ကွယ်သွားတော့သည်။
ဖုကျန်းချန်နှင့် ဖုထင်တို့က ထိုနေရာတွင်ပင် ရပ်လျက် ကျန်နေခဲ့သည်။ နွေးထွေးသော နေရောင်ခြည်နှင့် လေပြည်ညင်းတို့က မြို့တော်ကို အဆုံးမသတ်နိုင်လောက်သည့် မျှော်လင့်ချက်တို့ နှင်းအပ်နေသော်ငြား ထိုသည်က ဖုကျန်းချန်နှင့် ဖုထင်တို့အတွက်တို့ လားလားမှ မဆိုင်သလိုပင်။
သူတို့သည် ဖုကျန်းနှင့်အတူ အတိတ်သို့ ပြန်သွားရန် အခွင့်အလမ်းမရှိကြောင်း သိရှိပြီးဖြစ်သည်။ သူတို့ ဖုကျန်းကို တွေ့လိုက်ချိန်တိုင်း အတိတ်က ဖြစ်ရပ်များကို သူတို့အား ပြသရန် ပုပ်သိုးကာ လောက်တက်နေသော အသွေးအသားကို စုတ်ဖြဲပြခဲ့သည်။ ပြန်လည်‌မွေးဖွားရန် ဖြစ်နိုင်ချေဟူ၍ မရှိတော့ပေ။
နောက်တစ်နေ့တွင် ဖုကျန်းချန်သည် ကျန်းဟန်ရှုနှင့် သီးသန့်တွေ့ဆုံရန် တောင်းဆိုလာသည်။ကျန်းဟန်ရှုက သူ့ရှေ့မှ ဖုကျန်း၏ဖခင်ကို ကြည့်နေလိုက်သည်။ သူတို့ပထမဆုံးတွေ့ခဲ့သည်မှာ ပြီးခဲ့သည့်နှစ် ဆောင်းတွင်းကဖြစ်သည်။ အငှားအိမ်ဟောင်း၏ အောက်တွင် ထန်ဝမ်ဝမ်ကိုခေါ်ကာ ဖုကျန်းကို လာရှာခဲ့စဉ်ကဖြစ်သည်။ ထိုအချိန်က သူတို့အကြား ဘာဖြစ်ခဲ့သည်ကိုတော့ သူမသိခဲ့။ အဆုံးတွင် ဖုကျန်းကို အပေါ်ထပ်သို့ တစ်လှမ်းချင်း သယ်သွားခဲ့ရသည်ကိုသာ မှတ်မိခဲ့သည်။
ထိုအချိန်က ဖုကျန်းချန်မှာ အခုသူ့‌ရှေ့ကလိုမျိုး အရွယ်ကျ‌မနေသေးပေ။
တစ်ညလုံးစဉ်းစားပြီးနောက်တွင်တော့ ဖုကျန်းချန်သည် ဖုကျန်းမှာ ကိုယ်ဝန်ဆောင်နေသည်ဆိုသည့်အချက်ကို လက်ခံသွားနိုင်ဟန်ရှိသည်။ ကျန်းဟန်ရှုကို တွေ့တွေ့ချင်း သူမေးလိုက်သည်မှာ
"သူက ကလေးကို မွေးမှာတဲ့လား ..."
" ဟုတ်ကဲ့ ..."
ကျန်းဟန်ရှုက ခေါင်းညိတ်လိုက်သည်။
ဖုကျန်းချန်မှာ ထိုအဖြေကို အနည်းငယ် စိတ်တိုင်းကျသွားဟန်ရှိသည်။ ထို့နောက် သူက ဖုကျန်းကို ထပ်မေးလိုက်သည်။
"ကလေးမွေးတာက သူ့ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်လား ..."
" မထိခိုက်စေနိုင်ဘူး ..."
"ကောင်းတယ် ..."
ဖုကျန်းချန်မှာ နောက်ဆုံးတွင်တော့ စိတ်သက်သာရာရသွားပြီဖြစ်သည်။
ထို့နောက် သူက ကျန်းဟန်ရှုကို ကျောပိုးအိတ်တစ်လုံးကမ်းပေးရင်း ပြောလိုက်သည်။
"ဒါတွေက အိမ်မှာတုန်းက ဖုကျန်းသုံးနေကျပစ္စည်းတွေ သူ့ဆီပြန်ယူသွားပေးရအောင်လို့ ..."
ကျန်းဟန်ရှုသည် သူ ဒီနေ့ ဖုကျန်းချန်ကို လာတွေ့မည်ဖြစ်ကြောင်း ဖုကျန်းကို မပြောခဲ့ပေ။ သူသည် ဖုကျန်းချန်အပေါ် ဖုကျန်း၏ သဘောထားအမှန်ကို မသိပေ။ အနည်းငယ်တွန့်ဆုတ်နေပြီးမှ သူက ဖုကျန်းချန်ကို ပြောလိုက်သည်။
"ဒါတွေကို ပေးဖို့ စောင့်ရဦးမယ်ထင်တယ် ..."
ဖုကျန်းချန်က ခပ်ဖြေးဖြေး ရယ်လိုက်သည်။ သူ့အပြုံးက အဆုံးမသတ်နိုင်သော ခါးသီးမှုများဖြင့် ပြည့်နှက်နေသည်။ ထိုနေ့ရက်မှာ သူ့တစ်ဘဝလုံးစောင့်လျှင်ပင် ရောက်လာတော့မည်မဟုတ်ကြောင်း နားလည်ပြီးသားဖြစ်သည်။
ကျန်းဟန်ရှုက ထိုပစ္စည်းများကို လက်မခံလိုသည်ဖြစ်ရာ ဖုကျန်းချန်က အတင်း တွန်းအားပေးမနေတော့။ သူက ကျောပိုးအိတ်ကို ပြန်ယူပြီး ကျန်းဟန်ရှုကို တစ်ချက်ခြင်း ပြောလိုက်သည်။
" ဖုကျန်းကလေ အစပ်မစားနိုင်ဘူး ချိုတာလေးတွေလည်း ကြိုက်တယ် သူက မင်းဂွတ်သီးနဲ့ စတော်ဘယ်ရီကိုလည်း ကြိုက်တယ် ဒူးရင်းသီးကို‌တော့ မစားဘူး အသီးအရွက်ဆို ခါကြက်ဥကလွဲရင် အကုန်အဆင်ပြေတယ် ဟင်းချက်ရင် ခရုဆီမထည့်နဲ့ သူက အဲ့ဒါနဲ့ မတည့်ဘူး အရက်လည်း မသောက်မိစေနဲ့ ဒါတွေကို အမှတ်ရအောင် ..."
ကျန်းဟန်ရှုက ဖုကျန်းချန်၏ ညွှန်ကြားချက်များကို တိတ်တိတ်လေး နားထောင်နေသည်။ သူပြောပြီးကာမှ ဖုကျန်းချန်ကို မေးလိုက်သည်။
"သူ့ကို ဂရုစိုက်ရဲ့သားနဲ့ ဘာလို့ ဖုမိသားစုကနေ နှင်ထုတ်ရတာလဲ ..."
ဖုကျန်းချန်သည် ကျန်းဟန်ရှုနှင့် မျက်နှာချင်းဆိုင်တွင် မလှုပ်မရှား စကားမဆိုဘဲ ထိုင်နေခဲ့သည်။ ဒီလိုမျိုးမေးလာသည်မှာ ကျန်းဟန်ရှုက ပထမဆုံးမဟုတ်သော်ငြား သူသည် ထိုမေးခွန်းကို အဖြေမရှာနိုင်သေးပေ။
ပြီးခဲ့သည့်နှစ်နှစ်မှာ အိပ်မက်ဆိုးကဲ့သို့ပင်။ သို့သော် နိုးထလာချိန်တွင်တော့ သူ့ကလေးက ထွက်သွားပြီဖြစ်သည်။
ဖုကျန်းချန်က သူ့ခေါင်းကိုယမ်းလိုက်ကာ ပြန်မဖြေတော့။ သူက ကျန်းဟန်ရှုကို လေးခွန်းသာ ပြောလိုက်သည်။
"သူ့ကို ကောင်းကောင်းဆက်ဆံ ..."
ကျန်းဟန်ရှုက ခေါင်းညိတ်လိုက်သည်။
"သေချာပေါက်ကို ဂရုစိုက်မှာပါ ..."
ဖုကျန်း၏ အစောပိုင်း နှစ်၂၀မှာ ဖုကျန်းချန်၏ လက်ထဲတွင် ကြီးပြင်းခဲ့သော်ငြား သူက ဖခင်တစ်ယောက်၏ ဝတ္တရားကို ပျက်ကွက်ခဲ့သည်။ ယခုအချိန်တွင်တော့ ကျန်းဟန်ရှုက ဖုကျန်းကို နောက်တစ်ကြိမ် မထိခိုက်စေရန် မျှော်လင့်ရုံသာ ရှိတော့သည်။