အပိုင်း ၇၂
Viewers 23k

ဖုကျန်းချန်နှင့် ကျန်းဟန်ရှုတို့က အသီးသီး လမ်းခွဲကာ ကိုယ်စီကိုယ်ငှ အိမ်ပြန်လိုက်ကြသည်။ ဖုကျန်းက သူနှင့် ဖုကျန်းချန်တို့ တွေ့ခဲ့သည်ကို မသိသေးသလို ကျန်းဟန်ရှုကလည်း တစ်ချို့သော အကြောင်းရင်းများကြောင့် သူ့ကို မပြောပြ။
ကျန်းဟန်ရှုက လေ့ကျင့်ခန်းလုပ်ရာအခန်းတွင် နောက်ထပ်အိပ်ခန်းတစ်ခုကို ထပ်ဖွဲ့လိုက်ပြီး လေ့ကျင့်ခန်းလုပ်သည့်ပစ္စည်း အ‌‌မြောက်အများကို ဝယ်ထည့်ခဲ့သည်။ ဆရာဝန်က ဖုကျန်းကို မွေးဖွားရာတွင် လွယ်ကူစေရန် လေ့ကျင့်ခန်းလုပ်ဖို့ အကြံပေးခဲ့သည်။ ဖုကျန်း အမျိုးသမီးအဝတ်အစားဖြင့် အပြင်မထွက်လိုပါက အိမ်တွင်သာ လေ့ကျင့်ခန်းလုပ်နိုင်ရန် ဖြစ်သည်။
သူတို့၏အဝတ်ဗီရိုထဲတွင် စကတ်တိုများစွာ ရှိနေရာ သူစိမ်းတစ်ယောက်သာ သူတို့၏ အဝတ်ဗီရိုကို လာဖွင့်ကြည့်ပါက အမျိုးသားနှစ်ဦးနေရာအခန်းဟု ယုံနိုင်မည် မဟုတ်ပေ။
ထိုအချိန်အတွင်း ထန်ဝမ်ဝမ်၏ ရက်စက်ယုတ်မာမှုမှာ အင်တာနက်ပေါ်မှ တစ်ဖြည်းဖြည်းပျောက်ကွယ်သွားကာ သူမနှင့် ဖုကျန်းအကြား အငြင်းပွားမှုမှာလည်း အတိတ်က ဖြစ်ရပ်တစ်ခုထက် မပိုတော့ပေ။ ထန်ဝမ်ဝမ်က တစ်ဖြေး‌ဖြေး လူရှေ့ထွက်လာရန် ကြိုးပမ်းလာသော်ငြား သူမ ထွက်လာသည့်အချိန်တိုင်း အင်တာနက်သုံးစွဲသူများက လှောင်ပြောင်သရော်ကြ‌ဆဲဖြစ်သည်။ သူတို့က လိမ်လည်လှည့်ဖျားတတ်သည့် အနုပညာရှင်ကို ခွင့်မလွှတ်နိုင်ကြသေးပေ။
ထန်ဝမ်ဝမ်မှာ နေ့တိုင်း ချင်မိသားစုအိမ်တော်တွင် မဒမ်ချင်၏ မျက်စိဒေါက်ထောက်ကြည့်ခြင်းကို ခံနေရသည်။ ထိုသူများက ဖုကျန်းချန် ဝန်ခံချက်ကိုမထုတ်ပြန်သေးခင်အထိ သူ့ကို မျက်နှာလိုမျက်နှာရ လုပ်ခဲ့ကြသူများဖြစ်သည်။
ထန်ဝမ်ဝမ်သည် ဘယ်လိုနည်းလမ်းမျိုးသုံးလျှင် သူမ၏ ယခင်ဘဝကို ပြန်ရနိုင်မလဲဟု တွေးစပြုလာသည်။ ဦးစွာပထမ ဖုမိသားစုနှင့် သူတို့၏သားကို သူမအား ခွင့်လွှတ်ပေးပါရန် တောင်းဆိုရမည်ဖြစ်သည်။ သို့မှသာ သူမလည်း နင်းခြေမခံရဘဲ အနာဂတ်လမ်းကြောင်း ဖြောင့်ဖြူးမည်ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် အနုပညာလောကတွင် အလွယ်နည်းမလိုက်ဘဲ သူမ၏ ကိုယ်စွမ်းကိုယ်စကိုသာ အမြော်အမြင်ရှိရှိ အသုံးချရမည်ဖြစ်သည်။ အတိတ်က အခြားသူများ၏ လမ်းပိတ်ခြင်းကို ခံခဲ့ရသော ယဲ့ရှောင်းဖန်မှာလည်း ရုပ်ရှင်နှစ်ကား ရိုက်ပြီးချိန်တွင် ပရိသတ်အရေအတွက် ဆယ်သန်းအထိ ရှိလာကာ နာမည်ကြီးဒါရိုက်တာတိုင်းက သူမကို ရုပ်ရှင်ရိုက်ရန် တကူးတကဖိတ်ရသည့်အဆင့်အထိ ရောက်ရှိခဲ့သည်။ ထန်ဝမ်ဝမ်သည် သူမ၏ အခြေအနေမှာ ယဲ့ရှောင်းဖန်ထက် အပုံကြီးသာသည်ဟု ခံစားရသည်။ သူမတွင် အခွင့်အရေးရှိနေသ၍ ပြန်တိုက်ခိုက်ရန် နည်းလမ်းရှိနေမည်ဖြစ်သည်။
ယဲ့ရှောင်းဖန်မှာ လွန်ခဲ့သောဆယ်နှစ်ခန့်က အသေးအဖွဲကိစ္စဖြင့် ထိန်းသိမ်းခံခဲ့ရခြင်းသာ ဖြစ်သည်ဆိုသည့်အချက်ကိုတော့ ထန်ဝမ်ဝမ်က ဂရုမပြုမိပေ။ ထိုအချိန်က အင်တာနက်မှာ ယနေ့ခေတ်ကဲ့သို့ မတိုးတက်သေးသလို သတင်းပျံ့နှံ့နှုန်းမှာလည်း ယခုလို မကျယ်ပြန့်သေးပေ။ လူငယ်များကလည်း ထိုကိစ္စကို သိပ်ပြီး အာရုံမစိုက်ခဲ့ကြ။ ထန်ဝမ်ဝမ်၏ အခြေအနေနှင့် မတူညီကြောင်းကို ကွဲကွဲပြားပြားပင် သိနိုင်ပေသည်။ အင်တာနက်သုံးစွဲသူများက သူမအတွက် စာအရှည်ကြီး ပြင်ဆင်ထားကာ သူမ၏အမဲစက်များကို ဖြတ်သွားဖြတ်လာများပင် သိသည်အထိ နာမည်ကြီးရန် အားစိုက်ထားကြသည်။
ထန်ဝမ်ဝမ်၏ တတိယနည်းလမ်းမှာ ပရဟိတဖြစ်သည်။ သူမ မသုံးတော့သည့် ဇိမ်ခံပစ္စည်းအားလုံးကို လေလံဆွဲရောင်းချကာ ရရှိသည့်ငွေအားလုံးကို တောင်တန်းဒေသမှ ကလေးများအား လှူဒါန်းခြင်းဖြင့် သူမ၏သိက္ခာကို အနည်းငယ် ပြန်ဆယ်နိုင်ရန် မျှော်လင့်ထားသည်။ သို့သော် သူမ၏ ပရဟိတလုပ်ငန်းမှာ အစနှောင်းသွားရာ သူ့ကိုယ်သူ နာမည်ပျက်ရှင်းချင်၍သာ လှူဒါန်းကြောင်းကို မျက်စိကောင်းသူတိုင်း ရှင်းရှင်းလင်းလင်း သိနိုင်ပေသည်။
သို့သော်ငြား အမြင်မတူသူတစ်ချို့လည်း ရှိပေသေးသည်။ သူတို့က မတူညီသည့် အမြင်များကို ခဏ ဖယ်ထားကာ ထန်ဝမ်ဝမ်၏ လှူဒါန်းမှုကို လက်ခံသင့်ကြောင်းနှင့် ပြီးမှသာ သူမလုပ်ခဲ့သည့် အတိတ်မှ ကိစ္စများအတွက် ဆက်လက်ဆူပူသင့်ကြောင်း ပြောလာကြသည်။
ထန်ဝမ်ဝမ်၏ နည်းလမ်းသုံးသွယ်မှာ အတော်ပင် ကောင်းမွန်လှသော်ငြား အကောင်အထည်ဖော်ရန်မှာတော့ မလွယ်ကူလှပေ။ ဖုကျန်းချန်နှင့် ဖုထင်တို့မှာ သူမကို သေ‌ပင်သေစေချင်နေရာ အကယ်၍ ချင်ကျောက်ကသာ ကာကွယ်ပေးမထားပါလျှင် သူမသည် ယခင်ကကဲ့သို့ မိဘမဲ့ဂေဟာတွင် ပြန်နေနေရတော့မည်ဖြစ်သည်။
သူမသည် အိမ်ထောင်သည်တစ်ဦးဖြစ်သည့်အလျောက် လက်ခံရရှိသော အလုပ်အရေအတွက်မှာလည်း ရှားသည်ထက်ရှားပါးလာသည်။ ဖုနှင့် ချင်မိသားစုတို့၏ အကူအညီသာမပါလျှင် သူမသည် ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် ဘာမှမဟုတ်ပေ။ သူမနေရာတွင် အစားထိုးနိုင်သည့် အသစ်အသစ်သော သရုပ်‌ဆောင်များကလည်း များလွန်းမက များပြားလှသည်။ သူမကို ရုပ်ရှင်ရိုက်ရန် သို့မဟုတ် ရသစုံရှိုးတွင် ပါဝင်ရန် ကမ်းလှမ်းလာသူများကလည်း သူမ၏ ကျော်ကြားမှုလက်ကျန်ကို ညှစ်ထုတ်လိုသည့် တတိယအဆင့် ဒါရိုက်တာများသာ ဖြစ်သည်။
အဆုံးသတ်တွင်တော့ ထန်ဝမ်ဝမ်မှာ ချင်ကျောက်ကိုသာ အကူအညီတောင်းရတော့သည်။ အတိတ်က သူမသည် အမြဲလိုလို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်တတ်သူအဖြစ် ဟန်ဆောင်ခဲ့ပြီး ချင်ကျောက်ကလည်း ထိုပုံစံကို အလွန်လေးစားသဘောကျခဲ့သည်။ သို့သော် တကယ်တမ်းတွင် သူမသည် ဖုကျန်းချန်နှင့် ဖုထင်တို့၏ နောက်ခံကိုသာ တစ်ချိန်လုံး မှီခိုနေရပြီး system ၏ အထောက်အပံ့ကြောင့်သာ ကင်မရာတွင် ပို၍ ရုပ်ထွက်လှနေခြင်းဖြစ်သည်။ ယခုတော့ သူမတွင် ထိုအထောက်အပံ့များ တစ်ခုမှ မရှိတော့ပေ။
ချင်ကျောက်သည် ထန်ဝမ်ဝမ် ရုပ်ရှင်ရိုက်မည်ဟု ကြားလိုက်ရချိန်တွင် သိပ်ပြီး မပျော်တော့ပေ။ သူက ထန်ဝမ်ဝမ်ကို ပြောလိုက်သည်။
"မင်းက အခု ချင်မိသားစုရဲ့ ဇနီး ဖြစ်နေပြီလေ ဒီလိုလုပ်ဖို့မှ မလိုအပ်တော့တာကို ပြီးတော့ ..."
သူသည် ထန်ဝမ်ဝမ်၏ လတ်တလော ဂုဏ်သတင်းနှင့် သူမကို ကမ်းလှမ်းသော ဒါရိုက်တာမှာ လူကောင်းမဟုတ်ကြောင်းကိုလည်း ပြောလိုခဲ့သည်။
ထန်ဝမ်ဝမ်သည် သူမလက်ထဲမှ နှုတ်ခမ်းနီကို ချလိုက်သည်။ အချိန်အတော်ကြာသည်အထိ တုန့်ပြန်မလာသော အားကိုးမရသည့် system ကြောင့်သာ မဟုတ်လျှင် သူမကလည်း ချင်ကျောက်ကို အကူအညီတောင်းမည်မဟုတ်ပေ။
ထန်ဝမ်ဝမ်၏ သွင်ပြင်ကို မြင်လိုက်ရချိန်တွင် ချင်ကျောက်၏ နှလုံးသားမှာ ရုတ်ခြည်း နူးညံ့သွားသည်။ သူက ထန်ဝမ်ဝမ်ကို ပြောလိုက်သည်။
"ကိုယ် တကယ် မရည်ရွယ်ပါဘူး ကိုယ်က ဒီတိုင်း မင်းကို အပြင်ထွက်ပြီး တစ်ခြားသူတွေ တိုက်ခိုက်ခံရတာမျိုး မဖြစ်စေချင်ရုံတင်ပါ ..."
ထန်ဝမ်ဝမ်က ချင်ကျောက်၏ လက်မောင်းကို ဖက်ကာ သူ့ကို မော့ကြည့်လိုက်သည်။
" ကျွန်မက မကြောက်ပါဘူး ဒီတစ်ခေါက်ပဲ ကူညီပေးပါ နော် ဒါကို သေချာပေါက် အောင်မြင်အောင် လုပ်ပါ့မယ် ..."
ထန်ဝမ်ဝမ်၏ ပြဿနာကြောင့် ချင်ကုမ္ပဏီ၏ ရှယ်ယာများမှာ ထိုးကျသွားကာ ပြန်တက်လာနိုင်ရန်လည်း လမ်းစမမြင်‌တော့ပေ။ အကယ်၍ ထန်ဝမ်ဝမ်သာ လူရှေ့ ထပ်ပေါ်လာပါလျှင် အကျိုးဆက်မှာ ချင်ကျောက် မမြင်ချင်လောက်သည့် တစ်စုံတစ်ခု ဖြစ်လာနိုင်ပေသည်။
ချင်ကျောက်၏ လျစ်လျူရှုမှုကို မြင်လိုက်ရချိန်တွင် ထန်ဝမ်ဝမ်၏မျက်နှာမှာ ရုတ်ခြည်း အေးစက်သွားတော့သည်။ သူမသည် ချင်ကျောက်ကို ဖက်ထားရာမှ လွှတ်လိုက်ကာ သူ့ကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။
"ရှင်က အမြဲတမ်း နာခံနေတတ်တာပါ အရင်က ရှင့်ကို ဘာမှ တောင်းဆိုဖူးတာလည်း မဟုတ်ဘူး အခု ကျွန်မက အဖေ့ရဲ့ သွေးသားရင်း မဟုတ်မှန်းလည်းသိရော ရှင့်စိတ်ထားတွေက ဟိုဒါရိုက်တာတွေ၊ အင်တာနက်ပေါ်က လူတွေနဲ့ ရှင့်မိဘတွေလိုပဲ ပြောင်းသွားပြီပေါ့ ဟူတ်လား ..."
"မဟုတ်ဘူး ..."
ချင်ကျောက်က ထန်ဝမ်ဝမ်၏လက်ကို လှမ်းဆွဲလိုက်သည်။ ထို အလွန်အကြူး သည်းခံနိုင်သော ဥက္ကဌမှာ ထန်ဝမ်ဝမ်၏ရှေ့သို့ ရောက်လျှင်ပင် လွှမ်းမိုးနိုင်စွမ်း မရှိတော့သလိုပင်။ ထန်ဝမ်ဝမ်သည် ဘုရားသခင် သူ့ကို ဖန်တီးစဉ်က ထည့်ပေးလိုက်သည့် နံရိုးဖြစ်ကောင်းဖြစ်နိုင်သည်။ သူသည် သူမနှင့်ပတ်သက်လျှင် အမြဲတမ်း ကူကယ်ရာမဲ့သလို ခံစားရသည်။
ဇာတ်ကြောင်းအဆုံးသတ်သွားချိန်တွင် ထန်ဝမ်ဝမ်၏ လူတိုင်းအပေါ် သက်ရောက်နေသော မှော်ဆန်မှုက ပျက်စီးသွားသည်။ သို့သော် ချင်ကျောက်ကတော့ ထန်ဝမ်ဝမ်၏ ချုပ်ကိုင်ခြင်းကို လိုလိုလားလား လက်ခံနေဆဲဖြစ်သည်။ ဒါက အချစ်စစ်များလား။
ချင်ကျောက်သည် အတော်ကြာ သက်ပြင်းချလိုက်ပြီးနောက်တွင်‌တော့ ထန်ဝမ်ဝမ်ကို အရှုံးပေးလိုက်တော့သည်။
"ကိုယ့်ကို ဘာလုပ်‌ပေးစေချင်တာလဲ ..."
ထန်ဝမ်ဝမ်က ပြုံးကာ‌ တောင်းဆိုလိုက်သည်။
"ကျွန်မ ဒါရိုက်တာကျန်းရိကောရဲ့ ဉာဏ်ကြီးရှင်အဲလက်စ် ဇာတ်ကားကို ရိုက်ချင်တယ် ..."
ချင်ကျောက်က မျက်မှောင်ဖွဖွ ကြုတ်လိုက်သည်။ ထန်ဝမ်ဝမ်က သာမန်ဒါရိုက်တာကို ရွေးလိုက်ပါက သူမ၏ဆန္ဒကို ဖြည့်ဆည်းရန် နည်းလမ်းရှာနိုင်ဦးမည်ဖြစ်သည်။ သို့သော် နာမည်ကြီးဒါရိုက်တာများ အထူးသဖြင့် ပြီးခဲ့သည့်နှစ်ကမှ ဂန္တဝင် မှတ်တမ်းရုပ်ရှင်ကို ရိုက်ထားသည့် ဒါရိုက်တာ ကျန်းရိကောသည် သူ၏ ရင်းနှီးမြှုပ်နှံမှုကို လိုအပ်လိမ့်မည် မဟုတ်ပေ။ ချင်ကျောက်က သက်ပြင်းအသာချရင်း ထန်ဝမ်ဝမ်ကို ပြောလိုက်သည်။
"ကိုယ်ကူညီပေးမယ် ဒါပေမယ့် ဒါရိုက်တာက လက်မခံရင်တော့ မတတ်နိုင်ဘူးနော် ..."
ထန်ဝမ်ဝမ်က ခေါင်းညိတ်လိုက်သည်။ သူမ၏ သရုပ်‌ဆောင်စွမ်းရည်မှာ ဒါရိုက်တာကျန်းရိကောကို အထင်ကြီးစေလိမ့်မည်ဟု ယုံကြည်သည်။ အကယ်၍ အလုပ်မဖြစ်ပါကလည်း သူမက အခကြေးငွေမယူဘဲ အလကား သရုပ်ဆောင်ရန် ကြိုးစားဦးမည်ဖြစ်သည်။ သူမ လုပ်ရမည့် တစ်ခုတည်းသောအရာမှာ ရသမျှ နည်းလမ်းဖြင့် ပြန်လာကာ ဖျော်ဖြေရေးနယ်ပယ်တွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ရန်ဖြစ်သည်။
ထန်ဝမ်ဝမ်က သူမ၏ခွန်အားကို ပြန်စုစည်းရန် အလုပ်များနေချိန်တွင် ဖုကျန်းသည် အိမ်တွင် သက်တောင့်သက်သာနားလိုက် ၊ ဗီရိုထဲမှ ဆံပင်အတုနှင့် စကတ်ကိုဝတ်ကာ ကျန်းဟန်ရှုနှင့် ဈေးဝယ်ထွက်လိုက်ဖြင့် ကုန်ဆုံးနေသည်။
ဖုကျန်းမှာ ဒီကာလအတွင်း ဈေးဝယ်ထွက်ရခြင်းနှင့် အဆင်ပြေဟန်မတူ။ ပြီးခဲ့သည့်တစ်ခေါက် ဈေးဝယ်ထွက်စဉ်က ဖုကျန်းချန်တို့နှင့် တွေ့ခဲ့သည်။ ဒီတစ်ခေါက်တွင်တော့ အသိအကျွမ်းများနှင့် မတွေ့သော်ငြား ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။
ထိုဟာက လော်ရှီးထံမှဖြစ်သည်။ ဖုကျန်း ဖုန်းကိုင်လျှင်ကိုင်လိုက်ချင်း လော်ရှီးက မေးလိုက်သည်။"ဖုကျန်း ငါ့ကိုပြောစမ်းပါ မိုမိုက အဲ့တုန်းက ကိုယ်ဝန်ရှိနေခဲ့တာလား ..."
ဖုန်းချတော့မည့် ဖုကျန်း၏လက်တို့က ရပ်တန့်သွားသည်။ သူ့ခေါင်းထက်မှနေက ပြတင်းပေါက်မှန်ကိုဖြတ်ကာ မြေပြင်ပေါ်သို့ နေပြောက်ကျနေသည်။
လော်ရှီးအတွက် နောက်ကျသွားပြီဖြစ်သည်။ ကလေးက မရှိလောက်တော့ဘူး။ တိုင်းပြည်မှ ထွက်မသွားခင် ချန်းမိုက သူမသည် ကလေးကို ထားခဲ့မည်မဟုတ်ဟု သူ့ကိုပြောခဲ့သည်။ ကလေးမှာ သူမနှင့် ‌လော်ရှီးတို့၏ အချစ်သက်သေဖြစ်သည်။ သို့သော် ယခု အချစ်မှမရှိတော့ရာ ထိုသက်သေက ဘာမှ အသုံးဝင်တော့မည်မဟုတ်ချေ။
ဖုကျန်းက သာသာလေး မေးလိုက်သည်။
"အဲဒါက အခု အရေးပါသေးလို့လား ..."
လော်ရှီးက အတော်ကြာတိတ်နေပြီးမှ ဖုကျန်းကို ပြောလိုက်သည်။
"ငါ ... ငါ သူမကို ရှာချင်လို့ သူမကို တွေ့ချင်တယ် ငါမှားခဲ့မှန်းလည်း သိပါတယ် သူမကို ခွင့်လွှတ်ပေးဖို့လည်း မ‌တောင်းဆိုပါဘူး ဒီတိုင်း သူမ ‌ကောင်းကောင်းနေနေလား သိချင်ရုံလေးတင်ပါ ..."
ဖုကျန်းက ပြောလိုက်သည်။
" မင်း အဲ့အချိန်တုန်းက ထန်ဝမ်ဝမ်ကို ရွေးခဲ့ပြီးပြီလေ အခုမှ ဘာလို့ ဒါတွေ လာပြောနေရတာလဲ ..."
လော်ရှီးတွင် ပြောစရာစကားမရှိတော့။
ဖုကျန်းက ဆက်ပြောလိုက်သည်။
" သုံးနှစ်‌တောင်ကျော်သွားပြီမှန်း မင်း သဘောပေါက်သင့်တယ် ချန်းမိုရဲ့စရိုက်အရဆိုရင် သူမက မင်းမရှိလည်း ကောင်းကောင်းနေနိုင်မှာပဲ ..."
" ငါသိပါတယ် ငါသိပါတယ် ..."
လော်ရှီး၏ အသံမှာ နာကျင်မှုတို့ဖြင့် ပြည့်နှက်ကာ အက်ကွဲနေသည်။
သို့သော်ငြား ကျောက်ဆစ်နှလုံးသားပိုင်ရှင် ဖုကျန်းက သူ့ကို မေးလိုက်သည်။
"သိရင် ဘာလို့ သူမကို နှောင့်ယှက်ဦးမှာလဲ ..."
" ငါ သူမကို တကယ်ကို ချစ်ခဲ့တာ ..."
ဖုကျန်းသာ လော်ရှီး၏ရှေ့တွင်ရပ်နေပါလျှင် လော်ရှီး၏ ညာဘက်လက်မှာ သူ့နှလုံးသားကို ထုတ်ယူတော့မည့်အတိုင်း ရင်ဘက်ပေါ်ရှိ အင်္ကျီစကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်ကို တွေ့ပေလိမ့်မည်။
ဖုကျန်းက အသာ ချောင်းဟန့်လိုက်သည်။ သူ့အသံမှာ လော်ရှီးအတွက်တော့ အရွဲ့တိုက်နေသလိုပင်။ သူက ဖုကျန်း၏ မေးမြန်းသံကို ကြားလိုက်ရသည်။
"သူမကိုသာ တကယ်ချစ်ရင် ဘာလို့ ထန်ဝမ်ဝမ်အတွက်နဲ့ သူမကို စွန့်ပစ်ခဲ့သေးလဲ ..."
ဟုတ်တယ် သူက သူ့ရဲ့သဘောအကျရဆုံး မိုမိုကို တစ်ချက်တည်းနဲ့ စွန့်ပစ်နိုင်ရတာလဲ။ ထိုအချိန်က သူသည် ထန်ဝမ်ဝမ်ကိုသာ စွဲလမ်းနေပြီး ဖုကျန်းနှင့် ချန်းမိုအပါအဝင် ဘယ်သူ့ကိုမှ နှလုံးသားထဲ ထည့်မထားပေ။
"ဆင်ခြေတွေပေးမနေနဲ့တော့ လော်ရှီး မင်းက သူမကို အဲ့လောက်ကြီး သဘောကျတာမဟုတ်ဘူး သူမကိုရော မင်းကိုယ်မင်းရော လွှတ်ချလိုက်ပါတော့ ..."
ဖုကျန်းချန်နှင့် ဖုထင်တို့ကဲ့သို့ပင် သူတို့က ဘယ်သူ့ကိုမှ မယုံခဲ့ကြ။ ထန်ဝမ်ဝမ်နှင့် ဖုကျန်းတို့အကြား ရွေးချယ်ရမည်ဆိုလျှင် သူတို့သည် ထန်ဝမ်ဝမ်ကိုသာ မျက်စိစုံမှိတ်ပြီး ရွေးချယ်ကြမည်ဖြစ်သည်။
"ငါ့ကို ချန်းမိုအကြောင်း ထပ်မမေးနဲ့တော့ သိလည်းမသိဘူး ပြောလည်းမပြောနိုင်ဘူး ..."
ထိုသို့ပြောပြီးနောက် ဖုကျန်းက ဖုန်းချလိုက်သည်။
ကျန်းဟန်ရှုက ဖုကျန်း၏ရှေ့သို့ ရေခဲမုန့်ကို တိုးပေးလိုက်သည်။ ဖုကျန်းက လှမ်းမယူဘဲ ခေါင်းကိုငုံ့ကာ တစ်ကိုက်ကိုက်လိုက်သည်။ ကျန်းဟန်ရှုက ခဏ ရပ်သွားပြီးမှ ပုံမှန်အတိုင်း ရေခဲမုန့်ကို တစ်ကိုက်ကိုက်လိုက်သည်။
ဖုကျန်းနားနေစဉ်အတွင်း လက်ထောက်ဒါရိုက်တာနှင့် ဝန်ထမ်းများက သူ့ကို မေးခွန်းမေးရန် မကြာခဏ ဆက်သွယ်ကြသော်လည်း နောက်ပိုင်းတွင် လက်ထောက်ဒါရိုက်တာ၏ ထိန်းချုပ်မှုအောက်တွင် စတူဒီယိုတစ်ခုလုံး အမှီအခိုကင်းမဲ့လာသည်။ အထူးတလည်ကိစ္စများမှအပ ဖုကျန်းကို အနှောင့်အယှက်မပေးကြတော့ရာ သူ့ကို တစ်နေ့ထက်တစ်နေ့ ပို၍ ပျင်းရိလာစေသည်။ သူ့တွင် နေ့စဉ်လုပ်ရန်အလုပ်ဟူ၍ ပန်းချီဆွဲခြင်းသာ ကျန်တော့သည်။
ဖုကျန်းမှာ အသစ်အဆန်းကို စူးစမ်းလုပ်ကိုင်လိုစိတ် တဖွားဖွား ဖြစ်ပေါ်နေသည်။ ထိုအကြောင်းကိုတွေးပြီးနောက်တွင်တော့ ဖုကျန်းသည် ကလေးမီးဖွားပြီးချိန်တွင် သူ၏ ချစ်သူ ကျန်းဟန်ရှုအတွက် ချစ်မြတ်နိုးရာကွန်းခိုရာကို ဖော်ကျူးထားသည့် အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ရိုက်ကူးရန် စီစဉ်တော့သည်။