အပိုင်း ၇၃
Viewers 23k

ရုပ်ရှင်ရိုက်ရန်အတွက် ပထမဆုံး ဇာတ်လမ်းဇာတ်အိမ်ရှိရမည်ဖြစ်သည်။ ဖုကျန်းတွင် ထူးခြားပြောင်မြောက်လှသည့် အချစ်ဇာတ်လမ်း မရှိသေးရာ ယခင်က မျက်စိကျထားသည့် အဖြူရောင်ရဲတိုက်ကိုသာ ဆက်ပြီး အာရုံစိုက်ထားလိုက်သည်။
"အဖြူရောင်ရဲတိုက်"နှင့် "<< ယမန်နေ့ည အနောက်အရပ်လေ၊ ပင်စိမ်းရွက်နွယ် ညှိုးနွမ်းစေ >>တို့အကြား တရားစွဲဆိုမှုမှာ အပြီးသတ်သွားပြီဖြစ်သည်။ လောဖျင်ဖျင်က အမှုနိုင်သွားသော်ငြား လျော်ကြေးမှာ သူမ၏ အားထုတ်ကြိုးပမ်းခဲ့မှုများနှင့် နှိုင်းစာပါလျှင် အလွန်နည်းပါးနေသေးသည်။
တရားရုံးက အနောက်အရပ်လေ၏ စာရေးသူ ချမ်ကွမ်ကျွမ့်ကို ယွမ်သုံးသောင်း ပေးလျော်ရန် အမိန့်ချမှတ်ခဲ့သည်။ ချမ်ကွမ်ကျွမ့်ကလည်း လောဖျင်ဖျင်ကို တောင်းပန်စေလိုသည်။ ချမ်ကွမ်ကျွမ့်က ငွေသာ ဆုံးရှုံးခဲ့ပြီး လောဖျင်ဖျင်ကတော့ တောင်းပန်ရန် ငြင်းဆိုခဲ့သည်။
ထိုတရားစွဲဆိုမှုမှာ သူမအတွက်တော့ ဆုံးရှူံးရသည်ကပင် ပိုများနေသေးသည်။ ရှေ့နေငှားခကပင် ယွမ်သုံးသောင်းမကသည့်အပြင် တစ်ဖက်လူကလည်း နောင်တရခြင်း အလျဉ်းမရှိပေ။ သူက မူပိုင်ခွင့်ကို အစောကြီးကတည်းက ရောင်းပစ်ကာ ရုပ်ရှင်ပင် ရိုက်ကူးတော့မည်ဖြစ်သည်။
လောဖျင်ဖျင်ကတော့ လူသိနည်းနေဆဲဖြစ်သည်။ ချမ်ကွမ်ကျွမ့်၏ ပရိသတ်များက သူ့(ချမ်ကျွမ်ကျွမ်)၏ ကျော်ကြားမှုကို ခိုးယူပါသည်ဟု အပြစ်တင်နေကြသည်မှာ ဟာသ တစ်ခုလိုပင်။ မူရင်းစာရေးသူက ခိုးကူး၏ ကျော်ကြားမှုကို ခိုးယူပါသည်ဟု အပြောဆိုခံနေရသည်မှာ ပြောစရာစကား မရှိနိုင်လောက်အောင်ပင်ဖြစ်သည်။
အမိန့်ချသည့်နေ့က ချမ်ကွမ်ကျွမ့်သည် သူမကို ရန်လာစလိုက်သေးသည်။
"ကူးတော့ရော ဘာဖြစ်လဲ ကူးလည်း ငါ့အရေးအသားက မင်းထက်ကောင်းတယ်လေ ငွေလည်း ပိုရှာနိုင်တယ် ဒီယွမ်သုံးသောင်းလောက်ကတော့ စိတ်ကူးထဲတောင် မရှိဘူး ..."
လောဖျင်ဖျင်မှာ စိတ်တိုလွန်း၍ သွေးတစ်ပွက် အန်မိတော့မတတ်ဖြစ်သော်ငြား သူမ တတ်နိုင်သည့်အရာဟူ၍လည်း မရှိပေ။ တရားရုံးက ယွမ်သုံးသောင်းပေးလျော်ရန် အမိန့်ချမှတ်ခဲ့ပြီး ထိုသည်ကသာ သူမရနိုင်သည့် တစ်ခုတည်းသော နစ်နာကြေးဖြစ်သည်။
လောဖျင်ဖျင်မှာ ငြိမ်မခံနိုင်သော်ငြား ဒီအသိုင်းအဝိုင်းထဲတွင် အသိအကျွမ်းဟူ၍လည်း မရှိပေ။ ထို့အပြင် သူမမှာလည်း ချမ်ကွမ်ကျွမ့်၏ပြိုင်ဘက် မဖြစ်နိုင်ပေ။
လောဖျင်ဖျင်က စင်ပေါ်ရှိ အဖြူရောင်ရဲတိုက်စာအုပ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
ဖုကျန်းက ကျန်းဟန်ရှုကို လောဖျင်ဖျင်ကို ဆက်သွယ်ဖို့ ရှာပေးရန် အကူအညီတောင်းခဲ့သည်။ သူက ဖုန်းဆက်လိုက်ချိန်တွင် တစ်ဖက်မှ အမျိုးသမီးအသံတစ်ခု ထွက်လာကာ မေးလိုက်သည်။
"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ ..."
ဖုကျန်း : " ဟယ်လို လောလောင်ရှီး ကျွန်တော်က ဖုကျန်းပါ လောင်ရှီးရဲ့ အဖြူရောင်ရဲတိုက်အတွက် မူပိုင်ခွင့်ဝယ်ချင်လို့ပါ ..."
ဖုန်းတစ်ဖက်မှ လောဖျင်ဖျင်မှာ ခဏအသံတိတ်သွားသည်။ ဖုကျန်း၏ ကမ်းလှမ်းချက်ကို ယုံသင့်မယုံသင့် ချင့်ချိန်နေဟန်တူသည်။ အတန်ကြာမှ သူမက ဖုကျန်းကို မေးလိုက်သည်။
"အဖြူရောင်ရဲတိုက်က ဇာတ်ကားရိုက်ဖို့ မလွယ်ဘူးဆိုတာကိုတော့ သိထားတယ်မလား ..."
အဖြူရောင်ရဲတိုက်တွင် မတူညီသော ဇာတ်ကောင်စရိုက်အမျိုးမျိုးနှင့် ရှုထောင့်အမျိူးမျိုး ပါဝင်သည်။ မြှုပ်ကွက်များက ရှုပ်ထွေးပွေလီကာ နောက်ကြောင်းပြန်သည့် ဇာတ်ကွက်များကို အချိန်ကိုက်ထည့်သွင်းရန်ကလည်း မလွယ်ကူလှပေ။ တစ်ခေါက်ဖတ်ရုံဖြင့် မူရင်းဇာတ်ကြောင်း၏ ဆိုလိုသည့်သဘောကို နားလည်နိုင်မည်မဟုတ်ချေ။ အ‌ထပ်ထပ်အခါခါဖတ်ပါမှသာ ဇာတ်ကြောင်းထဲတွင် ဖုံးကွယ်ထားသည့် စိတ်အားငယ်မှုနှင့် ပေးဆပ်လိုမှုတို့ကို မြင်သာလာမည်ဖြစ်ရာ စာဖတ်သူအများစုက ပထမနှစ်ခန်းဖတ်ပြီးလျှင်ပင် ဆက်မဖတ်ကြတော့။ စာရေးသူက ပညာပြလွန်းသည် ၊ စာဖတ်သူကို အရူးလုပ်လွန်းသည်ဟုသာ ထင်ကြသည်။
<< ယမန်နေ့ည အနောက်အရပ်လေ၊ ပင်စိမ်းရွက်နွယ် ညှိုးနွမ်းစေ >>" သည် စာကြောင်းနှစ်ကြောင်းကိုကူးကာ ထူးချွန်လှသည့် ဇာတ်ကောင်နှစ်ဉီးကို ထပ်ထည့်လိုက်သည်။ မူရင်းဇာတ်ကြောင်းတစ်ခုလုံးကို စာဖတ်သူသို့ ပြန်ပြောပြနေဟန်ဖြင့် ပြောင်းရေးကာ ခွေးသွေးအနည်းငယ် ထပ်ထည့်လိုက်သည်။ ထိုသို့ဖြင့် ဆယ်စုနှစ်၏ ပြိုင်ဘက်ကင်း အွန်လိုင်း ဂန္တဝင်စာပေဖြစ်လာခဲ့သည်။
ဖုကျန်းက နှုတ်ခမ်းကိုတင်းတင်းစေ့ကာ မေးလိုက်သည်။
"လောလောင်ရှီး ကျွန်တော့်ကို ယုံကြည်ပေးနိုင်မလား ..."
"မင်းက အရည်အချင်းရှိတဲ့ လူငယ်ဒါရိုက်တာဆိုတာကို သိပါတယ် ..."
လောဖျင်ဖျင်က မေးလိုက်သည်။
"ချွန်းဟွာတောင်က မင်းရိုက်တာလား အစအဆုံး အကုန်လုံးကိုလေ ..."
ဖုကျန်းသည် သူမ ဆိုလိုချင်သည်ကို အပြည့်အဝ သဘောပေါက်ပေသည်။ ချင်ကျောက်နှင့် သူ့အကြား အမှုအခင်းဖြစ်ပွားရာတွင် မူပိုင်ခွင့်ကို သူပိုင်သည်ဟု အတိအလင်း အမိန့်ချပြီးဖြစ်သော်ငြား ဖုကျန်းသည် ထိုအရွယ်လေးဖြင့် ချွန်းဟွာတောင်ကို ရိုက်ခဲ့သည်ကို မယုံနိုင်သူက ပိုများပေသည်။ ချွန်းဟွာတောင်မှာ ပြောင်မြောက်သော လက်ရာတစ်ခုဖြစ်ရာ အားလုံးက ဖုကျန်း၏နောက်ကွယ်တွင် ဝါရင့်ဆရာတစ်ဦး ရှိနေဦးမည်ဟုသာ လက်ခံထားကြသည်။
လောဖျင်ဖျင်က သူ့ကို သံသယဝင်နေမှန်းသိသော်လည်း ဖုကျန်းကတော့ စိတ်မကွက်ခဲ့ပေ။ သူက အခိုင်အမာပြောလိုက်သည်။
"ကျွန်တော်ရိုက်ခဲ့တာပါ ..."
လောဖျင်ဖျင်က သူ့ကို ယုံကြည်လိုက်ဟန်တူသည်။ သူမက ဖုကျန်းကို ပြောလိုက်သည်။
"ကောင်းပြီလေ တို့ရဲ့တောင်းဆိုချက်က ရိုးရှင်းပါတယ် မူပိုင်ခွင့်အတွက် တစ်ပြားမှမယူဘူး "သစ်ပင်တို့ကို ညှိုးလျော်စေသော ယမန်ညမှ မြောက်ပြန်လေ" ထက် သာအောင်သာရိုက်ပေး တကယ်လို့ မလုပ်နိုင်ရင်တော့ ယွမ်ငါးသောင်း ပေးရမယ် ..."
ယွမ်ငါးသောင်းဟူသော ပမာဏမှာ အဖြူရောင်ရဲတိုက်၏ မူပိုင်ခွင့်အတွက်ဆိုလျှင် ဈေးပေါလွန်းသော ပမာဏဖြစ်သည်။ ဖုကျန်းမှာ မသင့်လျော်ဟု ခံစားရ၍ ပြောလိုက်သည်။
"လောလောင်ရှီး ..."
လောဖျင်ဖျင်၏ ချောင်းဟန့်သံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။ သူမ စာရေးရမှ ရသော ဝင်ငွေမှာ နည်းပါးသည်ဆိုသော်ငြား သူမအတွက်တော့ တစ်သက်တာ ဖူလုံနိုင်သော ပမာဏပင်ဖြစ်သည်။ ထို့အပြင် တရားရင်ဆိုင်ခဲ့သည်မှာလည်း လျော်ကြေးလိုချင်၍မဟုတ်ဘဲ ချမ်ကွမ်ကျွမ့်ကို ခေါင်းငုံ့မခံနိုင်၍ဖြစ်သည်။ သို့သော်ငြား အဆုံးတွင်တော့ သူမ၏ ဒေါသကို မဖြေလျော့နိုင်ရာ နောက်ထပ်တစ်နည်းဖြင့် ဖြေလျော့ရမည်ဖြစ်သည်။
လောဖျင်ဖျင်က ဖုကျန်းကို မေးလိုက်သည်။
"ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိဘူးလား ..."
"<< ယမန်နေ့ည အနောက်အရပ်လေ၊ ပင်စိမ်းရွက်နွယ် ညှိုးနွမ်းစေ >>" ကို ရိုက်ကူးမည့် ဒါရိုက်တာလျန်ချွန်းချောင်မှာ ဒါရိုက်တာ ကျန်းရိကောရဲ့ ဓာတ်ပုံဆရာဖြစ်ခဲ့ဖူးသည်ဟု သတင်းထွက်လာဖူးသည်။ သူသည် ဒါရိုက်တာကျန်းရိကောနှင့် နှစ်ပေါင်းများစွာ အတူတူ အလုပ်လုပ်ဖူးပြီး ယခုမှ ပထမဆုံးအကြိမ် ဒါရိုက်တာအဖြစ် ပွဲဦးထွက်လာခြင်းဖြစ်သည်။ အဆင့်အတန်းနှင့် ရုံဝင်နှုန်းတို့ကသာ ရုပ်ရှင်၏ အရည်အသွေးကို သက်ရောက်စေသည့် အရာများ မဟုတ်ရာ ဖုကျန်းအနေဖြင့် ရုပ်ရှင်ကို အ‌ကောင်းဆုံးကြိုးစားရိုက်ကူးရန်သာ လိုအပ်သည်။
သူက လောဖျင်ဖျင်ကို ပြောလိုက်သည်။
"ကျွန်တော်အစွမ်းကုန်ကြိုးစားပါ့မယ် ..."
လောဖျင်ဖျင်က ရည်ရည်မွန်မွန်ပြောလိုက်သည်။
"မင်းကို ယုံလိုက်မယ် ..."
အဖြူရောင်ရဲတိုက်၏မူရင်းစာရေးသူထံမှ ယုံကြည်ခြင်းခံရသည်မှာ ဖုကျန်းအတွက်တော့ ဝမ်းမြောက်ဖွယ်ပင်ဖြစ်သည်။ သူက တစ်ခု‌ကိုတွေးကာ ပြောလိုက်သည်။
"ဒါပေမယ့် လောလောင်ရှီး ဇာတ်ညွှန်းကို စုစည်းပြီး ပြင်ဆင်တဲ့အချိန်ကျရင်တော့ လောင်ရှီးကို အကူအညီတောင်းရဦးမယ်ထင်တယ် ..."
လောဖျင်ဖျင်က ပြန်ပြောလိုက်သည်။
"ဒါက ရပါတယ် ဒါပေမယ့် အလကားတော့ မလုပ်ပေးနိုင်ဘူးနော် ..."
ဖုကျန်းက ရယ်လိုက်သည်။
"မစ္စစ်လော်က ဉာဏ်ပူဇော်ခ ရမှာပါခင်ဗျ ..."
"ဟုတ်ပြီဟုတ်ပြီ ဒါဆို WeChat add ထားလိုက်ရအောင် မသိတာရှိရင် စာပို့ထားလိုက်နော် ..."
"ကျေးဇူးပါ ..."
ဖုန်းချခါနီးမှ အရေးကြီးမေးခွန်းကို သတိရသွား၍ ဖုကျန်းကို မေးလိုက်သည်။
"ဒါနဲ့ ဘယ်အချိန်လောက် စရိုက်မယ်လို့ တွေးထားလဲ ..."
ဖုကျန်းမှာ အောက်တိုဘာလအထိ မီးဖွားဦးမည်မဟုတ်ပေ။ ကလေးမွေးပြီးလျှင်လည်း ချက်ခြင်း အလုပ်လုပ်နိုင်ဦးမည်မဟုတ်ရာ နိုဝင်ဘာလအထိ တရားဝင် စတင်နိုင်ဦးမည်မဟုတ်ပေ။ ကြားထဲတွင်တော့ လိုအပ်သည်များကို ပြင်ဆင်ထားနိုင်လိမ့်မည်ဟု ခန့်မှန်းပြီးမှ ပြောလိုက်သည်။
"လောလောဆယ်က လုပ်စရာလေးတွေ ရှိနေသေးတော့ ဆောင်းတွင်းလောက်မှ စနိုင်မယ်ထင်တယ် ..."
လောဖျင်ဖျင်သည်လည်း ဒီလလား နောက်လလား သိပ်ပြီး အလေးမထားပေ။ ဆောင်းတွင်းမှာ ဝေးသေးသည်ဟု ထင်ရသော်ငြား တကယ်တမ်းတော့ လအနည်းငယ်သာ လိုတော့သည်။ သူမက ပြုံးကာ ပြောလိုက်သည်။
"ဆောင်းတွင်းဆိုလည်း ကောင်းသားပဲ မူရင်းဇာတ်ကြောင်းကလည်း ဆောင်းတွင်းမှာပဲ ဖြစ်ခဲ့တာဆိုတော့လေ ..."
ဖုကျန်းနှင့် လောဖျင်ဖျင်တို့က နာရီဝက်နီးပါးခန့် ဆွေးနွေးခဲ့ကြသည်။ ချက်ပြုတ်ပြီးစီး၍ မီးဖိုချောင်ထဲမှ ထွက်လာသော ကျန်းဟန်ရှုက ဖုကျန်းဘေးဝင်ထိုင်ပြီး မင်းဂွတ်သီးအခွံနွှာ၍ သူဖုန်းပြောပြီးသည်ကို စောင့်ကာ ခွံ့ကျွေးလိုက်သည်။ ဖုကျန်းက ခေါင်းကိုငုံ့ကာ သူ့လက်ထဲမှ တစ်ကိုက်ကိုက်လိုက်လျှင် ကျန်းဟန်ရှု၏ အကြည့်တို့က နက်ရှိုင်းလာသည်။ သူက တည်ငြိမ်သော အမူအယာဖြင့်ပင် မေးလိုက်သည်။
"ရှေ့လျောက် ဘာအစီအစဉ်တွေ ရှိသေးလဲ ..."
ဖုကျန်းက ကျန်းဟန်ရှုကို ဘာမှ ဖုံးကွယ်မထားပေ။
"ကလေးမွေးပြီးသွားရင် ရုပ်ရှင်တစ်ကားလောက် ထပ်ရိုက်ချင်သေးတယ် ..."
"ကိုယ်ကူညီပေးနိုင်တာ ရှိလား ..."
ကျန်းဟန်ရှုက မေးလိုက်သည်။
"အခုလောလောဆယ်တော့ မရှိသေးဘူး ..."
ဖုကျန်းက ခေါင်းယမ်းပြလိုက်သည်။
အဖြူရောင်ရဲတိုက်ကို လူထုအမြင်နှင့် ကိုက်ညီစေရန် ဖုကျန်းနှင့် လောဖျင်ဖျင်တို့က အရင်ဆုံး ကြိုးပမ်းရဦးမည်ဖြစ်သည်။
အဖြူရောင်ရဲတိုက်ကို ပြင်ဆင်နေစဉ်အတွင်း အွန်လိုင်းရုပ်သံလွှင့်ပလက်ဖောင်းများက ချွန်းဟွာတောင်၏ ရုပ်သံလွှင့်ခွင့်ကို ရောင်းချရန် ကမ်းလှမ်းလာကြသည်။ ရုပ်ရှင်ရိုက်သူတိုင်း၏ ဆန္ဒမှာ သူတို့၏လက်ရာကို ပို၍များသော လူများက ကြည့်ရှုကြရန်ဖြစ်ပြီး ဖုကျန်းသည်လည်း ထိုနည်းတူပင်။ ချွန်းဟွာတောင်တွင် ဖုကျန်းချန်နှင့်ပတ်သက်သည့် အမှတ်တရဆိုးတို့ ရှိသော်ငြား ပိုပြီးဂရုစိုက်လေ လက်မလွှတ်နိုင်လေ ဖြစ်နေရာ ဖုကျန်းသည် ပျော်ပျော်ရွှင်ရွှင်ဖြင့်ပင် ရုပ်သံလွှင့်ခွင့်ကို ရောင်းလိုက်သည်။
အဓိကဝဘ်ဆိုက်များက ချွန်းဟွာတောင်ကို ကြော်ငြာလိုက်ချိန်တွင်တော့ အင်တာနက်ပေါ်တွင် တစ်ဖန် နာမည်ကြီးလာပြန်သည်။ ထန်ဝမ်ဝမ်နှင့် ဖုကျန်းတို့အကြား တိုက်ပွဲဖြစ်စဉ်က လူငယ်အများစုသည် ချွန်းဟွာတောင်ကို သွားမကြည့်ကြဘဲ တောင့်ခံနေကြသည်။ အမှန်တရားထွက်ပေါ်လာချိန်တွင်တော့ ချွန်းဟွာတောင်၏ ရုံတင်ကာလမှာ ကျော်လွန်သွားပြီဖြစ်၍ အားလုံး နောင်တရသွားကြတော့သည်။
အထူးသဖြင့် ဖုကျန်းမှာShazhou Chronicle ၏ ဒါရိုက်တာဖြစ်ကြောင်း သိလိုက်ရသည့် ပရိသတ်များမှာတော့ နောင်တရအဆုံးပင်ဖြစ်သည်။ သူတို့သာ ချွန်းဟွာတောင်ကို ကြည့်ခဲ့ပါလျှင် ဖုကျန်း၏ လုပ်ရိုးလုပ်စဉ်ကို ခန့်မှန်းနိုင်ပြီး ဓားစာမိနိုင်လိမ့်မည် မဟုတ်ချေ။
လီရွှင်းမှာလည်း သူတို့ထဲက တစ်ဦးဖြစ်သည်။ ထိုအချိန်က ထန်ဝမ်ဝမ်ကြောင့် သွားမကြည့်ခဲ့ရသည်ကို နောက်ပိုင်းမှ နောင်တရမိသည်။ သူသာ ချွန်းဟွာတောင်ကို ပိုပြီး အားပေးခဲ့မိပါလျှင် Shazhou Chronicle ကို ဒီ့ထက်စောစော တွေ့နိုင်ကောင်းတွေ့နိုင်မည်ဖြစ်သည်။
ချွန်းဟွာတောင်ကို ဝဘ်ဆိုက်တွင်တင်မည်ဟု သိလိုက်ရချိန်တွင်တော့ အပြေးအလွှားပင် အသင်းဝင်ကြေး သွင်းခဲ့သည်။ ဆောင်းရာသီအားလပ်ရက်က ကြည့်ခဲ့ပြီးဖြစ်သော သူမ၏ အခန်းဖော်မှာလည်း ကွန်ပျူတာထဲ မျက်လုံးဝင်သွားမတတ် ထိုင်ကြည့်နေသည်။ သူမက ထိုရုပ်ရှင်မှာ အလွန်ရယ်ရသည်ဟုပင် ပြောလိုက်သေးသည်။
လီရွှင်းကလည်း သူမအခန်းဖော်၏စကားကို အကြွင်းမဲ့ ယုံခဲ့သည်။ Shazhou Chronicle မှာလည်း ဓားအခန်းမလာခင် အစောပိုင်းက ရယ်ရသည့်အပိုင်းများ ဖြစ်ခဲ့သည်။ ဇာတ်ညွှန်းရေးသူမှာ အမှန်တကယ်ပင် အရည်အချင်းရှိကာ ပြက်လုံးအမျိုးမျိုးက အတောမသတ်နိုင်အောင်ကို ထွက်ပေါ်လာသည်။ အကြိမ်ကြိမ်ကြည့်ရှုထားသော လီဝမ်ခေါင်ရို့သည်ပင် ကုတင် တသိမ့်သိမ့်တုန်အောင် ရယ်နေသည်။
ချွန်းဟွာတောင်၏ ရှေ့ပိုင်းမှာ အမှန်ပင် စိတ်အပန်းပြေဖွယ်ဖြစ်သည်။ လီရွှင်းမှာ တစ်ချိန်လုံး ရယ်နေရကာ သူ့အခန်းဖော်မှာလည်း အတူတူပင်ဖြစ်သည်။ သို့သော် ချန်ကျိယဲ့ အိမ်မှထွက်ပြေးသည့်အချိန်တွင်တော့ အငွေ့အသက်က ရုတ်တရက် ပြောင်းလဲသွားတော့သည်။ ခေါင်ရို့မှာ အစမှအဆုံးအထိ မျက်ရည်မဆည်နိုင်တော့ပေ။
ချန်ဖုရှန်၏ တင်းမာမှုကို မခံနိုင်သော ချန်ကျိယဲ့သည် အိမ်မှ ထွက်ပြေးသွားခဲ့သည်။ ချန်ဖုရှန်မှာ သူ့သားသည် စိတ်ဆိုး၍သာ အိမ်က ထွက်သွားခြင်းဖြစ်ပြီး မကြာခင် ပြန်လာမည်ဟုထင်၍ စောင့်နေသော်လည်း သူကတော့ ပြန်မလာတော့ပေ။ ချန်ဖုရှန်က အပြင်ထွက်ကာ ရှာလိုသော်လည်း ဘယ်လိုက်ရှာရမှန်း မသိသည့်အပြင် သူ့သားပြန်လာပါက မတွေ့လိုက်မည်ကိုလည်း စိုးရိမ်မိသည်။
အတွေးတို့၏ နှိပ်စက်မှုဖြင့် ချန်ဖုရှန်မှာ တစ်နေ့ထက်တစ်နေ့ အိုမင်းလာသည်။ မိုးသည်းညတစ်ညတွင် ချန်ကျိယဲ့ ပြန်လာသည်ဟု အိပ်မက်မက်ခဲ့သော်ငြား သူနိုးလာချိန်တွင်တော့ အလွတ်ဖြစ်နေသည့်အိမ်ကိုသာ တွေ့လိုက်ရသည်။ မိုးရေထဲ ပြေးထွက်ကာ မိုးကောင်းကင်ကို မျက်နှာမူပြီး အော်ဟစ်လိုက်တော့သည်။
"ယဲ့အာ အဖေမှားသွားပါတယ် ပြန်လာခဲ့ပါ ..."
"ယဲ့အာ ပြန်လာခဲ့ပါ ..."
"ယဲ့အာ အဖေမှားသွားပါတယ် ပြန်လာခဲ့ပေးပါတော့ ..."
မူလက လီရွှင်းသည် ချန်းကျိယဲ့မှာ ချန်ဖုရှန်ကဲ့သို့ တင်းမာသောဖခင်မျိုးကို သည်းခံနိုင်မည်မဟုတ်ဟု တွေးခဲ့သည်။ သို့သော် ထိုအခိုက်အတန့်တွင် သူမသည်လည်း ရုပ်ရှင်ထဲမှ မိုးရေစက်တို့နှင့်အပြိုင် ငိုကြွေးမိတော့သည်။
အခုချက်ခြင်းပင် ချန်ကျိယဲ့က ပြန်ရောက်လာကာ ချန်ဖုရှန်၏ ‌အရှေ့တွင် ပေါ်လာပါစေဟုပင် ဆုတောင်းမိသည်။