အပိုင်း ၇၈
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၇၈ - နှစ်သစ်ကူး၊ ကိုယ်၀န် 





နောက်တစ်နေ့က တရုတ်လူမျိုးများအတွက် အရေးကြီးသော နှစ်သစ်ကူးနေ့ဖြစ်သည်။ အကြောင်းမှာ နှစ်သစ်ကူး ညစာစားပွဲကျင်းကြသောနေ့ ဖြစ်သောကြောင့်ပင်။ 



မနက်စာနှင့် နေ့လယ်စာကို ပုံမှန်လိုပဲ စားလိုက်ကာ နေ့လယ်စာစားပြီးနောက်တွင် နှစ်သစ်ကူးညစာအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေတော့သည်။ 



တပ်ထဲရောက်လာပြီးနောက် ပထမဆုံးအနေဖြင့် နှစ်သစ်ကူးကိုဖြတ်သန်းခြင်းဖြစ်ပြီး ဟန်အိုက်ကောကလည်း သူမနံဘေး၌ ရှိနေသလို ကလေးလေးနှစ်ယောက်ပါ တိုးလာပြီဲဖြစ်သောကြောင့် စုယွဲ့ အလွန့်အလွန် ပျော်နေမိသည်။ ယခုနှစ်သစ်ကူးချိန်ကို ပျော်ပျော်ရွှင်ရွှင် သိုက်သိုက်၀န်း၀န်းဖြင့် ဆင်နွှဲချင်မိသည်။ 



ကလေးနှစ်ယောက်တိုးလာတယ်ဆိုပေမယ့် ကလေးတွေက မစားတက်ကြသေးသဖြင့် လူကြီးလေးယောက်စာအတွက်ပဲ ပြင်ဆင်ဖို့လိုအပ်သည်။ ခြောက်ကပ်ကပ်ဖြစ်နေသလိုပဲ လို့တွေးမိချိန်တွင် စုယွဲ့ ရွှီးချန်တို့မိသားစုကို သတိရသွားမိသည်။ သူတို့မိသားစု၌ လူကြီးနှစ်ယောက်နှင့် ကလေးတစ်ယောက်သာရှိသဖြင့် စုယွဲ့တို့ထက်ပင် ပို၍အထီးကျန်စရာကောင်းလောက်သည်။ 



သို့ဖြစ်၍ စုယွဲ့ ဟန်အိုက်ကောနှင့် တိုင်ပင်ပြီးသည့်အခါတွင် ရွှီးချန်တို့ အိမ်ကိုသွားပြီး သူမတို့အိမ်သို့ နှစ်ကူးညစာကို အတူစားကြဖို့ ဖိတ်ခေါ်လိုက်သည်။ 



စွန်းချန်းဖူက ဒီနှစ်ကို မိသားစုဆီပြန်မည်ဟု ဆုံးဖြတ်ထားသောကြောင့် မာချွေ့ယွင်နှင့် ကလေးနှစ်ယောက်လည်း ရွာသို့လိုက်သွားကြရသဖြင့် တပ်ထဲ၌ မရှိကြသောကြောင့် ဖိတ်ဖို့မလိုအပ်ပေ။ 



စုယွဲ့ ဖိတ်ခေါ်မှုကို ရွှီးချန်က ၀မ်းသာအားရ လက်ခံခဲ့သည်။ နှစ်ကူးညစာကို မိသားစုသုံးယောက်တည်း စားရမည်က ခြောက်ကပ်ကပ်နိုင်နေသဖြင့်  နှစ်ကူးနဲ့တောင် မတူဘူးလို့ ရွှီးချန်က တွေးနေတာဖြစ်သည်။ သို့ဖြစ်၍ ဟန်မိသားစုနှင့် အတူဆင်နွှဲဖို့ကို လက်ခံလိုက်တာဖြစ်သည်။ ယင်းအပြင် စုယွဲ့ လက်ရာကလည်း အလွန်ကောင်းတာကြောင့် သူတို့မိသားစုအတွက် အမြတ်ပဲ။ 



ခေါင်းဆောင်ယွီကလည်း လက်ခံသည်။ စုဆောင်းထားသော ၀ိုင်ပုလင်းများထဲမှ တစ်ပုလင်းကို ယူသွားကာ ဒီည ဟန်အိုက်ကောနှင့်သောက်ရမယ်ဟု တွေးထားသည် နှစ်ကူးညစာပြင်ဆင်ဖို့ မလိုအပ်တော့သောကြောင့် ရွှီးချန်က သူမ ၀ယ်ခြမ်းထားတဲ့ အသားတွေကို စုယွဲ့ ချက်ပြုတ်ရာမှာ သုံးဖို့ပေးလိုက်သည်။ ထို့ကြောင့် နှစ်ကူးညစာသည် ဖွယ်ဖွယ်ရာရာ ပြည့်ပြည့်စုံစုံ ဖြစ်နေတော့သည်။ 



စားပွဲ၀ိုင်းအပြည့် အရောင်အသွေးစုံလင်ကာ အရသာမျိုးစုံပြည့်နေသော ဟင်းပွဲများကို စုယွဲ့ ချက်ပြုတ်လိုက်သည့်အတွက် စားသောက်ပွဲကြီးတစ်ပွဲ ကျင်းပနေသလိုပင် ဖြစ်လို့နေသည်။ ရွှိီးချန်နှင့် ခေါင်းဆောင်ယွီတို့ပင် ယခုလောက် ဖွယ်ဖွယ်ရာရာဖြစ်သော နှစ်ကူးညစာစားပွဲကို မမြင်ခဲ့ဖူးချေ။ ကြည့်လိုက်ရုံဖြင့်ပင် သွားရည်ကျချင်လာသည်။ 



လူကြီးတွေတောင် သွားရည်ကျချင်နေမှတော့ ကလေးတွေကလည်း သည်းခံနိုင်စရာအကြောင်းမရှိပေ။ တာ့ပေါင်နှင့်ရှောင်ပေါင်က အနံ့ရသဖြင့် စားပွဲ၀ိုင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ ရှောင်ပေါင်က အစားပုတ်လေးဖြစ်သဖြင့် အနံ့ရသည်နှင့် ၀ူး၀ူး၀ါး၀ါးအော်နေကာ လက်ကိုဆန့်ထုတ်ပြီး ပန်းကန်များကို ဆွဲချင်နေခဲ့သည်။ ကလေးလေးသာရှိသေးတာကြောင့် ရှောင်ပေါင်သည် ပါးစပ်စေ့ထားသော်လည်း သွားရည်များကျလာသည်ကိုတော့ မထိန်းနိုင်လိုက်ပေ။ 



အမေဟန်က မြေးဖြစ်သူကို ကြည့်ပြီး ချော့မြူနေခဲ့သည်။ "  ရှောင်ပေါင်လေးရေ ဒါတွေကို စားလို့မရသေးဘူး။ လောဘမကြီးပါနဲ့။ နောက်ကြရင် စားလို့ရလာမှာပါ "



ဒါပေမယ့် ကလေးက ဘယ်နားလည်မှာလဲ။ မျက်လုံးလေးများက ဟင်းပွဲများကိုသာ လိုက်ကြည့်နေကာ လျှာလေးတစ်သပ်သပ်ဖြစ်လို့နေခဲ့သည်။ စားချင်နေသည်မှာ အသိအသာပင်။ 



ဟန်အိုက်မင် ချီထားတဲ့ တာ့ပေါင်ကလည်း စားပွဲပေါ်မှ ဟင်းပွဲများကို လိုက်ကြည့်နေကာ လျှာသပ်နေသဖြင့် သူလည်း စာချင်နေမှန်း သိသာလှသည်။ 



ထိုကလေးနှစ်ယောက်ကိုကြည့်ပြီး စုယွဲ့ အံ့အားသင့်သွားမိသည်။ လသားလေးတွေပဲရှိသေးတာတောင် ဒီလိုစားချင်သောက်ချင်နေပြီ။ နည်းနည်းလေးများ ကြီးလာရင် ဘယ်လိုနေလိုက်မလဲ။ ကြည့်ရတာ နို့စို့ရရုံနှင့်မတင်းတိမ်လောက်ကြတော့သည့်ပုံပင်။ တစ်နှစ်လောက်ဆိုရင် အာဟာရဖြည့်စွက်စာတွေ ကျွေးရတော့မယ် ထင်တယ်။ 



သားနှစ်ယောက်ရဲ့ အစားအသောက်အပေါ် ခင်တွယ်နေမှုကြောင့် စုယွဲ့ အခြားသူတွေကို အရင်စားခိုင်းလိုက်ပြီး သူမက ကလေးတွေကို ခေါ်ကာ နို့တိုက်ဖို့ပြင်လိုက်သည်။ နို့၀အောင် မစို့ရပါက ဒီကလေးနှစ်ယောက်က သေမတက် ပြဿနာရှာနေကြလောက်သည်။ 



ရှောင်ပေါင်က စားချင်သည်ကိုမစားရသဖြင့် စုယွဲ့ကိုကြည့်ကာ ပါးစပ်လေးဟစ်ိဟစ်ိဖြင့် " အာာာာာားးးးးး သားလည်း စားချင်တယ် " ဟုအော်နေသဖွယ် လုပ်ပြနေခဲ့သည်။ 



စုယွဲ့ သားငယ်လေး၏ နှာခေါင်းကို ဆွဲညှစ်လိုက်ကာ နို့တိုက်ဖို့ လုပ်လိုက်သည်။ " အဲ့ဒါတွေကို စားလို့မရသေးဘူး ဒါကမှ သားသောက်လို့ရမယ့်ဟာ။ သောက်လို့ရတာပဲသောက်လိုက်စမ်းပါ ၀တုတ်ကောင်လေးရဲ့။ ညစာက စားလို့ရတဲ့ဟာ မဟုတ်သေးဘူး၊ အဲ့တော့ နို့ပဲစို့ဦး "



" အာ အာ " ရှောင်ပေါင်က မကျေနပ်ဟန်ဖြင့် အသံပြန်ပေးသော်လည်း ချက်ချင်းဆိုသလို နို့နှင့်ပါးစပ်ထိသည်နှင့် ပျော်ပျော်ကြီး နို့စို့နေတော့သည်။ ခုနက စားချင်နေသည့်စိတ်က လုံး၀မရှိခဲ့ဖူးသလိုပင် နို့ကိုသာ အငမ်းမရ စို့နေခဲ့သည်။ နို့စို့နေရင်းဖြင့်လည်း လက်တုတ်တုတ်လေးများဖြင့် ခြေထောက်လေးများကို လှမ်းဆွဲကာ သူ့မျက်နှာကို ထိအောင်လုပ်နေသေးသည်။ 



ရွှီးချန်က တာ့ပေါင်ကို ချီထားပေးကာ ရှောင်ပေါင်လုပ်နေတာကိုမြင်တဲ့အခါ ရယ်ခဲ့သည်။ " ဒီကောင်လေးက ရယ်ရတာပဲ "



ရွှီးချန်၏ အားကျနေမှုများကို မြင်နေရ၍ နောက်ကလေးကို ဘယ်လောက်တောင် လိုချင်နေသဲဆိုသည်အား စုယွဲ့ ပြောနိုင်သည်။ သူမ ပေးထားသော အားဆေးကိုသောက်ခိုင်းထားသည်မှာလည်း နှစ်၀က်ခန့်ရှိနေပြီဖြစ်သော်လည်း ယခုအချိန်ထိ သတင်းကောင်းမကြားရသေးပေ။ ရွှီးချန် စိတ်ဓာတ်ကျသွားမှာစိုးပြီး စုယွဲ့ နှစ်သိမ့်ပေးလိုက်သည်။ " ညီမပေးထားတဲ့အားဆေးက အသုံး၀င်မှာပါ၊ ဒီအတိုင်းဆက်သောက်နေမယ်ဆိုရင် သေချာပေါက် ကလေးထပ်ရဦးမှာ။ အဲ့လိုဆို အစ်မလည်း ဒီလိုငဆိုးကောင်လေးတွေကို ထိန်းရဦးမှာပေါ့။" 



စုယွဲ့ ပြောစကားကိုကြားပြီးနောက်တွင် ရွှီးချန်က ရှက်သွားဟန်ဖြင့် အောက်နှုတ်ခမ်းကိုကိုက်လိုက်သည်။ မျက်နှာထားကလည်း အနည်းငယ်ထူးဆန်းနေသဖြင့် စုယွဲ့ စိုးရိမ်ကာ မေးလိုက်မိသည်။ " ဘာဖြစ်လို့လဲ အစ်မရွှီးချန်၊ နေမကောင်းလို့လား " 



ရွှီးချန်က ချက်ချင်းပြန်မဖြေခဲ့ပေ။ ခဏကြာမှသာ စုယွဲ့ နားနားကပ်ပြီး စိတ်လှုပ်ရှားနေသံတစ်၀က် ပျော်နေသံတစ်၀က်ဖြင့် ပြောပြခဲ့သည်။ " အစ်မ ...အစ်မ ဒီလအတွက် မလာသေးဘူး။ နောက်ကျနေတာ နှစ်ရက်ရှိပြီ။"



စုယွဲ့က တစ်ခဏမျှကြောင်နေပြီးနောက် အပျော်လွန်သွားခဲ့သည်။ " တကယ်လား။ သေချာပြီလား။ သွေးခုန်နှုန်းရော စမ်းကြည့်ပြီးသွားပြီလား။ ကိုယ့်ဘာသာ စစ်ကြည့်ပြီးသွားပြီလား "



ရွှီးချန်က ပျော်နေသည်ကိုထိန်းထားကာ တိုးတိုးလေးပြန်ဖြေပေးခဲ့သည်။ " အစ်မလည်း မသေချာသေးဘူး။ နှစ်ရက်ပဲ နောက်ကျသေးတာဆိုတော့ ရက်ကြာနေတာလည်း ဖြစ်နိုင်တယ်။ ကိုယ်၀န်မဟုတ်တာလည်း ဖြစ်နိုင်တယ်လေ။ ပြိီးတော့ အစ်မက ပုံမှန်လာရင်တောင် နည်းနည်းလေးပဲ လာတဲ့သူဆိုတော့ အစ်မလည်း အတပ်မပြောရဲသေးဘူး။ မိန်းကလေးတွေအတွက် စောတာနောက်ကျတာက ဖြစ်နေကြပဲလေ၊ အစ်မလည်း အရင်ကနောက်ကျဖူးတော့ သေချာတယ်လို့ မထင်ရဲသေးဘူး"



ဟုတ်တယ်။ မိန်းကလေးတွေ စိတ်အခြေအနေမကောင်းရင် တစ်ခါတစ်လေ နောက်ကျသွားတက်ပဲ မဟုတ်ဘူးလား။ 



စုယွဲ့က ရွှီးချန်၏ ခံစားချက်ကို နားလည်သည်။ ပျော်လည်းပျော်ချင်သလို အမှန်မဟုတ်ဘဲ ပျော်နေမိ၍ နောက်မှစိတ်ပျက်ရမည်ကိုလည်း စိုးရိမ်နေလောက်သည်။ 



သို့ဖြစ်၍ ရွှီးချန် ပုခုံးကိုပုတ်ပေးလိုက်ကာ မေးလိုက်သည်။  " ဒါဆို ခေါင်းဆောင်ယွီကိုရော ပြောပြပြီးပြီလား " 



ရွှီးချန်က ခေါင်းခါပြခဲ့သည်။ " မသေချာသေးတော့ မျှော်လင့်ချက်ပေးမိသလို ဖြစ်မှာစိုးလို့ မပြောရသေးဘူး။ ပြောပြီးလို့ မဟုတ်ရင် စိတ်ပျက်ရလိမ့်မယ်။ သူလည်း ကလေးထပ်လိုချင်နေပေမယ့် အစ်မကို အားနာလို့ နောက်ထပ်ကလေးယူဖို့ မပြောတာ။ သူသာ အစ်မ ကိုယ်၀န်ရှိနေတယ်ဆိုတာကို သိသွားရင် အစ်မထက်တောင် ပိုပျော်သွားမှာ။ ဒါကြောင့် ကိုယ်၀န်မဟုတ်ခဲ့ရင် ပိုစိတ်ပျက်သွားမယ့်သူကလည်း သူပဲ။ "



စုယွဲ့  - " ဟုတ်ပါတယ်လေ။ အစ်မလည်း အစ်မယောက်ျားကို ဘယ်စိတ်ပျက်စေချင်ပါ့မလဲ။ ဒါဆိုလည်း ထပ်စောင့်ကြည့်ပြီး လုံး၀မလာတာ သေချာပြီဆိုတော့မှ ခေါင်းဆောင်ယွီကိုပြောပြပြီး အံ့သြသွားအောင် လုပ်လိုက်ပေါ့ "



ရွှီးချန်က ပျော်နေတာကို ဖုံးဖိကာ ပြန်ပြောခဲ့သည်။ " အစ်မလည်း အဲ့လိုပဲ တွေးထားတာ။ စောင့်ကြည့်လိုက်ဦးမယ်။ တကယ်သာဆိုရင် အစ်မတော့ ညီမကို ကျေးဇူးတင်ရတော့မှာပဲ။ ညီမပေးတဲ့ အားဆေးအညွှန်းက အသုံး၀င်သွားတာလေ။ "



" ကျေးဇူးတင်ဖို့ မလိုပါဘူး အစ်မရွှီးချန်ရယ်၊ အစ်မလည်း ညီမကို ကူညိီထားတာတွေ အများကြီးပဲ။ ညိီမတို့ကြားမှာ ဒီလိုတွေ ပြောဖို့မလိုပါဘူး။ "



ရွှီးချန်က ပြုံးပြကာ ကျေးဇူးတင်ကြောင်း ထပ်မပြောတော့သော်ငြား စိတ်ထဲတွင်တော့ ကိုယ်၀န်သာ တကယ်မှန်ပါက စုယွဲ့ကို ကျေးဇူးဆပ်ရမယ်လို့ တွေးနေခဲ့သည်။ ဒီတစ်ခေါက် အကူအညီက သူမတို့ လင်မယားအတွက်တော့ အတော်လေးအထောက်အကူဖြစ်သဖြင့် မိတ်ဆွေတွေကြား သာမန်ကူညီပေးသည့်ကိစ္စနှင့် မတူညီတော့ပေ။ 


_ _ _ _ 


တပ်ထဲ၌ အလည်အပတ်သွားရမယ့် ဆွေမျိုးတွေမရှိသောကြောင့် တရုတ်နှစ်သစ်ကူးဖြစ်သော်လည်း ယခင်နှင့် ကွာခြားတာမျိုးသိပ်မရှိပေ။ ဟန်မိသားစုမှ အမျိုးအဆွေတွေကလည်း တစ်နှစ်ပတ်လုံး စားလိုက်သောက်လိုက်ဖြင့် ဖြတ်သန်းလာသလိုပင် နှစ်ကူးကိုလည်း ယခင်လိုပဲ ဖြတ်သန်းနေသည့်ပုံရှိသည်။ 



နှစ်သစ်တစ်နှစ်ပြန်စတင်ပြီဖြစ်၍ ကျောင်းများလည်း ပြန်ဖွင့်ပြီဖြစ်သောကြောင့် ဟန်အိုက်မင်အတွက် ရထားစီးကာ အိမ်ပြန်ဖို့အချိန် ရောက်လာခဲ့သည်။ ဒီတစ်ခေါက်တွင်တော့ စုယွဲ့နဲ့ အမေဟန်က တာ့ပေါင်နဲ့ရှောင်ပေါင်ကိုခေါ်ပြီး ဟန်အိုက်မင်ကို ဘူတာဆီလိုက်ပို့ပေးလိုက်သည်။



ကလေးနှစ်ယောက်က ငယ်ကြသေးသော်လည်း ဒီရက်ပိုင်းအတွင်း ဟန်အိုက်မင်နှင့် လက်ပွန်းတတီးနေလာတာဖြစ်သဖြင့် ဦးလေးဖြစ်သူကို လက်ဆန့်ထုတ်ပေးကာ ချီခိုင်းနေကြသည်။ သို့သော်လည်း ဦးလေးဖြစ်သူက သူတို့ကို ချီနေကြသကဲ့သို့ မချီဘဲ ထူးဆန်းသောအရာများကိုဆွဲကာ သူတို့နှင့် ဝေးရာသို့လျှောက်သွားသဖြင့် ကလေးများက တအ့အ့အော်ကာ ခေါ်နေခဲ့သည်။ 



ရထားစထွက်သွားကာ ဦးလေးဖြစ်သူက ဝေးသည်ထက်ဝေးရာကို ရောက်သွားသည်ကိုတွေ့သောအခါ ကလေးတွေက အော်ငိုခဲ့ကြသည်။ ခွဲခွာခြင်းဟူသည်က်ို နားလည်ကြလားလို့ပင် ထင်ရလောက်သည်။ 



ဟန်အိုက်မင်ကလည်း ရထားပြတင်းပေါက်မှနေ ခေါင်းထွက်ပြီး လက်ပြကာ နှုတ်ဆက်ခဲ့သည်။ တူဖြစ်သူတွေငိုနေတာကိုတွေ့သောအခါ ၁၄ နှစ်အရွယ် ဟန်အိုက်မင်လည်း မျက်လုံးတွေနီလာတော့သည်။ 



ထိုမြင်ကွင်းကိုကြည့်ကာ စုယွဲ့လည်း စိတ်မကောင်းဖြစ်မိသည်။ ဟန်အိုက်မင်က အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်ဖြစ်ပေမယ့် အဖော်ပြုပေးမည့်သူမရှိဘဲ တစ်ယောက်တည်း ရထားစီးကာ ခရီးရှည်ကြီးကို ပြန်နေရသည်။ အိမ်မှာလည်း မိခင်ဖြစ်သူကမရှိ၊ တစ်ယောက်တည်းနေရင်းဖြင့် ပညာသင်နေရရှာသည်။ စုယွဲ့တို့ကိုလည်း တစ်နှစ်မှ နှစ်ခေါက်သာ လာတွေ့ရသည်။ ဟန်အိုက်မင်က သိတက်သူဖြစ်ပြီး သူခံစားနေရသည်များကိုလည်း ထုတ်ပြောမည့်သူမဟုတ်ချေ။ သို့သော်လည်း စုယွဲ့ သိသည်။ ဒုတိယချွေးမဟန်နှင့် တတိယချွေးမဟန်ရဲ့ အကျင့်အရ ဟန်အိုက်မင်ကို ဂရုစိုက်ပေးကြမည် မဟုတ်ပေ။ 



သူမ ဂရုစိုက်ပေးလို့ရအောင် ဟန်အိုက်မင်ကို ဒီနေရာနဲ့နီးတဲ့ ကျောင်းကိုပြောင်းပေးချင်မိသည်။ ထို့အပြင် ကောလိပ်၀င်ခွင့်စာမေးပွဲကိုလည်း ပြန်စတင် ကျင်းပပေးတော့မည်ဖြစ်ပြီး နိုင်ငံတော်က ပညာရေးကို ဦးစားပေးလာမည်ဖြစ်ကာ အထက်တန်းကျောင်းသင်ရိုးများကိုလည်း စတင်စေတော့မှာဖြစ်သည်။ အဲ့လိုသာဆို ဟန်အိုက်မင်က ခရိုင်မြို့တော်မှ အထက်တန်းကျောင်းကို ၀င်ခွင့်ရနိုင်ကာ ထိုမှတစ်ဆင့် တက္ကသိုလ်ကောင်းကောင်းကိုလည်း တက်ခွင့်ရနိုင်လောက်သည်။ 



ဒါပေမယ့် ကျောင်းတက်ဖို့လာချင်ရင် အရင်ဦးဆုံး မြို့ထဲ၌ အိမ်တစ်လုံးပိုင်ထားရမည်ဖြစ်သည်။ အခုချိန်မှာ အိမ်စျေးတွေကလည်း တန်ဖိုးနည်းသေးသည်။ 



စုယွဲ့၏ ခေါင်းထဲ၌ အတွေးပေါင်းစုံ ဖြတ်ပြေးနေကာ ပထမဆုံးအနေဖြင့် အိမ်တစ်လုံးရအောင်၀ယ်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။ 


_ _ _ _


ထို့နောက်တွင်လည်း ရက်များကို ပုံမှန်လိုပင် ဖြတ်သန်းကြသည်။ တစ်ခုတည်းသော ထူးခြားချက်မှာ တာ့ပေါင်နှင့် ရှောင်ပေါင်တို့ တစ်နှစ်သားနီးနီး အရွယ်ရောက်လာခြင်းပင်။ အသက်ကြီးလာသလို စားချင်စိတ်ကလည်း များလာကြသဖြင့် ယခုအခါ နို့စို့ရရုံလောက်ဖြင့် မတင်းတိမ်ကြတော့ဘဲ အစာလေးလည်း စားချင်လာကြသည်။



အထူးသဖြင့် ရှောင်ပေါင်ပင်။ လူကြီးတွေ စားနေတာကိုမြင်သည့်အခါ မျက်၀န်းလေးများ အရောင်တောက်လာပြီး လူကြီးတွေဆီမှ ဆွဲလုချင်သည်။ တာ့ပေါင်က ရှောင်ပေါင်လို မဟုတ်သော်လည်း မျက်၀န်းအကြည့်များကိုတော့ လိမ်၍မရပေ။ သို့ဖြစ်၍ စုယွဲ့နှင့် အမေဟန်မှာ ကလေးတွေရဲ့ ကွယ်ရာတွင်သာ ထမင်းစားခြင်းကို လုပ်နေရသည်။ 



နှစ်ကူးပြီးနောက် တာ့ပေါင်နဲ့ ရှောင်ပေါင်က ခြောက်လသားအရွယ်ရောက်ပြီဖြစ်သဖြင့် အစားပုတ်လေး နှစ်ယောက်ရဲ့ လောဘတွေကို ဖြေလျှော့ပေးဖို့ စုယွဲ့က ဖြည့်စွက်စာကျွေးဖို့ ဆုံးဖြတ်လိုက်သည်။ 



စစချင်းတွင် စုယွဲ့က ဆန်ပြုတ်ကိုသာကျွေးသဖြင့် အရသာသိပ်မရှိသော်လည်း ကလေးနှစ်ယောက်က သဘောကျကြသည်။ ပထမဆုံးအနေဖြင့် ဇွန်းနှင့်ခွံ့ပေးသောအခါ ကလေးနှစ်ယောက်သည် အလွန်အမင်းစားချင်နေကြသည့်ဟန်ဖြင့် ပါးစပ်ကလေးတွေကို ဟပေးခဲ့သည်။ 



စုယွဲ့ ရှောင်ပေါင်ကို အရင်ဆုံး တစ်ဇွန်းကျွေးလိုက်တဲ့အခါ ရှောင်ပေါင်က ပါးစပ်လေးဟပေးပြီး အရင်စားကြည့်ခဲ့သည်။ ဇွန်းထဲတွင်ပါသည်များကို တပြွတ်ပြွတ်စုတ်ကာ စားပြီးသောအခါတွင် ပါးစပ်လေးပြန်ဟပေးကာ ဇွန်းကိုလွှတ်ပေးသည်။ ထို့နောက် အမေဖြစ်သူကိုကြည့်ကာ နောက်တစ်ဇွန်းထပ်ကျွေးဖို့ ပါးစပ်လေးကို ဟပေးထားပြန်သည်။ 



စုယွဲ့ အံ့သြသွားကာ အမေဟန်ကို စကားလှည့်ပြောလိုက်သည်။ " အမေ၊ အဲ့လောက် အစားကြီးတဲ့ကလေးကို အမေ မြင်ဖူးရဲ့လား။ သမီးတို့အိမ်က အရမ်းကြီးလည်း ဆိုး၀ါးမနေဘူးလေ၊ ဟုတ်တယ်မလား။ သူ့ကိုလည်း ကျွေးနေတာပဲကို ဘာလို့ ဒီလောက် အစားပုတ်နေကြတာလဲ မသိဘူး။ "



အမေဟန်ကလည်း ရှောင်ပေါင်ကြောင့် အံ့သြနေခဲ့သည်။ " ဒီကလေးက ဒီလောက်စားနေမှတော့ ကြီးလာရင် သူ့အဖေထက်တောင် ထွားနေမလားမသိဘူး "



အမေနှင့် အဘွားက စကားသာပြောနေကာ သူ့ကိုမကျွေးတော့သဖြင့် ရှောင်ပေါင်က အမေဟန်ကို ခြေထောက်လေးဖြင့် လှမ်းကန်ကာ ဆန်ပြုတ်ပန်းကန်ကိုကြည့်ပြီး ၀ူး၀ါး၀ူး၀ါးအော်ကာ ထပ်ကျွေးဖို့ ပြောနေခဲ့သည်။ 



သို့သော်လည်း စုယွဲ့က တစ်ဇွန်းခပ်လိုက်ပြီး ပါးစပ်လေးဟကာ စောင့်နေသော တာ့ပေါင်ကိုတစ်လှည့် ခွံ့လိုက်သည်။ တာ့ပေါင်က ရှောင်ပေါင်လို ဇွန်းကိုမကိုက်ထားသော်လည်း စားပြီးသွားသည့်အခါ ရှောင်ပေါင်လိုပင် နောက်တစ်ဇွန်းထပ်စားဖို့ ပါးစပ်လေးကို ဟထားပေးခဲ့သည်။



တစ်ပုံစံတည်းတူသော ၀၀တုတ်တုတ် သားလေးနှစ်ယောက်ကိုကြည့်ကာ စုယွဲ့ အစားပုတ်လေးတွေလို့ တွေးနေမိသည်။ နှစ်ယောက်လုံးက အစားပုတ်လေးတွေ ဖြစ်ကြသော်လည်း တစ်ယောက်က မသိမသာဖြစ်ကာ တစ်ယောက်က သိသိသာသာဖြစ်ပြီး တကယ်တမ်းတွင် အတူတူနှင့်အနူနူပင် ဖြစ်ကြသည်။



တစ်ယောက်တစ်လှည့်ဆီ ကျွေးလိုက်ကာ အဆုံးတွင် ကြွေပန်းကန်လုံးတစ်လုံးအပြည့် ဆန်ပြုတ်တစ်ပန်းကန် ကုန်သွားခဲ့သည်။ ထိုသည်ကို မ၀သေးသလိုပင် ကလေးနှစ်ယောက်က ပါးစပ်လေးတွေကို ဟပေးထားကာ စုယွဲ့ကို ထပ်ခွံ့ခိုင်းနေခဲ့သည်။ 



ဒီအစားပုတ်လေးနှစ်ယောက်ကိုကြည့်ကာ စုယွဲ့ မကျွေးမမွေးနိုင် ဖြစ်လာတော့မလားလို့ တွေးပြီးစိုးရိမ်လာမိသည်။ 



ထပ်စားဖို့စောင့်နေကြသော ကလေးနှစ်ယောက်ကို စုယွဲ့ ပြောလိုက်သည်။ " မရတော့ဘူး၊ ညနေမှ မားမား ထပ်လုပ်ပေးမယ်။ အခုတော့ တော်ပြီနော်၊ အများကြီး စားပြီးပြိိီလေ "



အမေဖြစ်သူက ထပ်မခွံ့တော့သည်ကို သိသွားသည့်အခါ ရှောင်ပေါင်က မီးဖိုခန်းဘက်သို့ ညွှန်ပြကာ စုယွဲ့ကိုကြည့်လိုက် မီးဖိုခန်းဘက်ကိုကြည့်လိုက်ဖြင့် " အာ အာ အာ " လို့ အော်နေခဲ့သည်။ တာ့ပေါင်ကလည်း ထိုနည်းတူစွာပင် အော်တော့မအော်ပေမယ့် စုယွဲ့ကို ကြည့်နေခဲ့သည်။ 



ကလေးနှစ်ယောက်ကိုကြည့်ကာ အမေဟန်က ရယ်ခဲ့သည်။ " ဒီနှစ်ယောက်က အလည်လေးတွေ၊ ငယ်ငယ်လေးပဲ  ရှိသေးတာတောင် ဘယ်နေရာမှာ စားရမှာလဲကို သိနေပြီ။ ယွဲ့ယွဲ့ကို မီးဖိုခန်းထဲမှာ ဆန်ပြုတ် သွားပြန်ထည့်ခိုင်းနေကြတာ ကြည့်ပါလား။ အလည်လွန်တဲ့ကောင်လေးတွေ "



ကလေးနှစ်ယောက်ကို စိတ်ပြောင်းသွားစေဖို့ စုယွဲ့နဲ့အမေဟန်က အခန်းထဲ ခေါ်သွားလိုက်ပြီး အရုပ်တွေချပေးပြီး ကစားခိုင်းလိုက်သည်။ ကလေးတွေကလည်း အရုပ်များနှင့်ဆော့ကာ စားဖို့ကို မေ့သွားကြပြီး နောက်တွင် ပင်ပန်းသွားပုံရကာ အိပ်ပျော်သွားကြသည်။ 



ကလေးများ အိပ်သွားသည့်အခါ အမေဟန်က အိမ်မှုကိစ္စများလုပ်နေပြီး စုယွဲ့က မီးဖိုခန်းထဲ၀င်ကာ ကိတ်မုန့်လုပ်နေလိုက်သည်။ လွန်ခဲ့သည့်နှစ်ရက်က ရွှီးချန် အမျိုးတစ်ယောက်က မှာထားတာဖြစ်သောကြောင့် စုယွဲ့ အမြန်လုပ်နေရသည်။ 



စုယွဲ့ ကိတ်မုန့်လုပ်နေစဥ် တံခါးခေါက်သံကိုကြားလိုက်ရသည်။ အမေဟန် သွားဖွင့်ကြည့်လိုက်တဲ့အခါ ရွှီးချန်ဖြစ်နေတာကို တွေ့လိုက်ရသည်။ 



ရွှီးချန်က အမေဟန်ကို နှုတ်ဆက်ပြီးနောက် စုယွဲ့ကိုရှာဖို့ မီးဖိုခန်းထဲ ၀င်သွားခဲ့သည်။ စုယွဲ့ကို မြင်တဲ့အခါ တင်းတင်းကြပ်ကြပ် ပြေးဖက်ခဲ့သည်။ 



ရွှီးချန်ကြောင့် စုယွဲ့ ရှက်သွားမိသည်။ " အစ်မရွှီးချန်၊ ဘာလုပ်နေတာလဲ။ ကိတ်မုန့်ယူဖို့ လာခဲ့တာလား။  မနက်ဖြန်မှ လာယူမယ်လို့ ပြောထားတာမလား ညီမလုပ်နေတုန်းပဲရှိသေးတယ်၊ ယူလို့ မရလောက်သေးဘူး "



ရွှီးချန်က ဖက်လျက်သားဖြင့် ခေါင်းခါပြခဲ့သည်။ အတော်လေးကြာမှသာ လွှတ်ပေးကာ မျက်လုံးများ မပေါ်တော့သည်အထိ ပြုံးပြခဲ့သည်။ ရွှီးချန်၏ ပုံစံမှာ အလွန်ပျော်နေမှန်း သိသာလှသည်။ " စုယွဲ့ ကျေးဇူးပါ၊ အစ်မ အရမ်းပျော်တာပဲ။ တကယ် ကျေးဇူးတင်ပါတယ်"



ထိုအခါမှ စုယွဲ့လည်း သဘောပေါက်သွားကာ မျက်လုံးပြူးလာမိပြီး ပြန်ပြုံးပြရင်း " ရှိနေပြီလား " လို့မေးလိုက်မိသည်။ 



ရွှီးချန်ရဲ့ အပျော်မျက်၀န်းတွေထဲ မျက်ရည်စများ ခိုတွဲလာခဲ့သည်။ " ဟုတ်တယ် အစ်မ စစ်ကြည့်ပြီးပြီ။ ဟုတ်တယ်တဲ့! နှစ်လရှိနေပြီ "



ရွှီးချန်က မျည်ရည်များကို မထိန်းနိုင်တော့ဘဲ ငိုရင်းဖြင့် ပြောခဲ့သည်။ " စုယွဲ့၊ ကျေးဇူးတင်ပါတယ်။ တကယ် ကျေးဇူးတင်တာပါ။ အစ်မက ကလေးမရနိုင်တော့ဘူးထင်လို့ လက်လျှော့ခဲ့ပေမယ့် အခုတော့ အစ်မမှာ ကိုယ်၀န်ရှိနေပြီတဲ့ "



စုယွဲ့ ရွှီးချန်ရဲ့ မျက်ရည်တွေကို သုတ်ပေးလိုက်သည်။ " ဟုတ်ပါပြီ အစ်မရယ်။ ပျော်စရာကိစ္စကို မငိုပါနဲ့။ ဘာလို့ ငိုနေရတာလဲ "



ရွှီးချန်ကရှက်သွားကာ မျက်ရည်များကို သုတ်လိုက်ပြီးမှ ပြန်ဖြေခဲ့သည်။ " အရမ်း ပျော်လို့"



စုယွဲ့ ပြုံးလိုက်မိသည်။ " ခေါင်းဆောင်ယွီကို မပြောရသေးဘူးမလား။ အိမ်ပြန်ပြီး အံ့သြသွားအောင် ပြောပြလိုက်ဦးလေ။ ဒါဆို ခေါင်းဆောင်ယွီလည်း အရမ်းပျော်သွားမှာပေါ့ "



ထိုအခါမှသာ ရွှီးချန်က ယောက်ျားဖြစ်သူကို မပြောပြရသေးသည်ကို သတိရသွားပြီး အိမ်ပြန်ဖို့ပြင်တော့သည်။ " ဟုတ်တယ်၊ အစ်မ သူ့ကို မပြောရသေးဘူး။ ဒါဆို အစ်မပြန်တော့မယ်နော် "



ရွှီးချန်က ပြုံးရွှင်စွာပြန်သွားကာ သူမ ဘာလုပ်ရမှာ မသိတော့သည်အထိ ပျော်နေပုံကို နောက်ကျောမှကြည့်ရုံဖြင့်ပင် သိနိုင်သည်။ 



ရွှီးချန်ပြန်သွားသည့်အခါ စုယွဲ့ အပြုံးလည်း ပျောက်ကွယ်သွားခဲ့သည်။ စုယွဲ့ စိတ်ရှုပ်နေခဲ့သည်။ အကြောင်းမှာ ရွှီးချန်ကဲ့သို့ ကလေးလိုချင်နေ၍ မဟုတ်ဘဲ ကလေးထပ်မရအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲကို စိုးရိမ်နေရ၍ဖြစ်သည်။ 



ဟုတ်တယ်၊ သူမ ထိုကိစ္စကို တွေးပူနေတာ။ 



စုယွဲ့က ကလေးနှစ်ယောက်ကို မွေးထားတာမကြာသေးသလို အမေဟန်ရော စုယွဲ့ပါ ကလေးနှစ်ယောက်ကြောင့် လက်မလည်အောင် အလုပ်များနေသောကြောင့် နောက်ထပ်ကလေးမလိုချင်သေးပါ။ နောက်ထပ်သာရှိလာပါက မိသားစုအတွင်း ယောက်ယက်ခတ်နေပေတော့မည်။ 



သို့ဖြစ်၍ စုယွဲ့ သန္ဓေတားထားမှ ဖြစ်ပေမည်။



သို့သော်လည်း ဟန်အိုက်ကောက ယခင်ကထက် ဆိုးလာကာ နေ့တိုင်းဆိုသလို တောင်းဆိုတက်ပြီး ညတိုင်းနီးပါး စုယွဲ့ကို အနားမပေးသဖြင့် အလွန်အန္တရာယ်များသည်။ တာ့ပေါင်နှင့် ရှောင်ပေါင်ကိုမွေးပြီးနောက်တွင် ဟန်အိုက်ကောကို အပြင်တွင်သာ ပြီးခိုင်းခဲ့သော်လည်း မတော်တဆဆိုတာမျိုးက ပြောမရချေ။



အဲ့လိုသာဆို သူမတို့အိမ် တကယ်ဗြောင်းဆန်နေလိမ့်မယ်။ တွေးကြည့်ရုံဖြင့် စုယွဲ့ ကြက်သီးထမိသည်။ 



ဆေးရုံ၌ ကွန်ဒုံးများရှိမလားကို စုယွဲ့ မသိပေ။ ရှိခဲ့မယ်ဆို စိတ်ချရအောင် ၀ယ်သုံးရမယ်လို့ စုယွဲ့တွေးထားမိသည်။ 



ထိုရှက်စရာမေးခွန်းကို ရွှီးချန်ဆီ သွားမမေးရသေးခင်မှာပဲ ရွှီးချန်က သူမတို့အိမ်ကို စိတ်အားထက်သန်စွာ ရောက်လာခဲ့သည်။ 



ထိုနေ့၌ အဆောင်ထဲတွင် ရုတ်ရုတ်သဲသဲဖြစ်သွားပြန်သည်။ အမျိုးသမီးများနှင့် အိမ်တွင် ဘာအလုပ်မှမရှိကြသူများက အိမ်ထဲမှထွက်ကာ စပ်စုနေကြတာကြောင့် ဖြစ်သည်။ အကြောင်းမှာ ရွှီးချန်က စုယွဲ့အတွက် အသစ်ချက်ချွတ် အပ်ချုပ်စက်တစ်လုံးကို ၀ယ်လာပေး၍ပင်။