အပိုင်း ၈၀
Viewers 7k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၈၀ - ယောက္ခမနှင့်ချွေးမ၊ ရှက်ရွံ့ခြင်း




စုယွဲ့ သူမတို့အခန်းကို ညွှန်ပြလိုက်သည်။ " ဒေါ်လေးက အခန်းထဲမှာ အပ်ချုပ်စက်ငှားသုံးနေတာ "



မာချွေ့ယွင် အားနာသွားမိသည်။ အပ်ချုပ်စက်က မနေ့ကမှ စုယွဲ့တို့ အိမ်ကိုရောက်လာတာကို သူမရဲ့ ယောက္ခမက မနက်အစောကြီး အ၀တ်အပြဲတွေကိုင်ပြီးရောက်လာတယ်တဲ့။ လက်နဲ့ချုပ်လည်းရနေတဲ့ဟာ ဘာလို့ အပ်ချုပ်စက်ကို လာငှားနေရသေးတာလဲ။ အ၀တ်ပြဲနေတာလေး ချုပ်ရုံနဲ့ အပ်ချုပ်စက် မလိုအပ်ဘူးလေ။ 



ယောက္ခမဖြစ်သူ၏ အကျင့်စရိုက်ကိုသိနေကာ ဘာတွေဘယ်လိုလုပ်တက်သည်ကိုလည်း သိနေသဖြင့် မာချွေ့ယွင် ခေါင်းကိုက်လာမိသည်။ 



စုယွဲ့နှင့် မျက်နှာချင်းဆိုင်ရမှာကိုပင် အားနာမိသဖြင့် တံခါးကိုပြန်ပိတ်ကာ တိုးတိုးလေးကပ်ပြောလိုက်သည်။ " အားနာပါတယ် စုယွဲ့ရယ်။ အစ်မယောက္ခမက ဒီလောက်အစောကြီး ညီမတို့အိမ်ကို လာမယ်လို့မထင်ထားဘူး။ အစ်မကြိုသိရင် မလာခိုင်းပါဘူး။ တစ်ခုခုပြောရင်လည်း စိတ်ထဲမထားပါနဲ့နော် "



စုယွဲ့လည်း လက်ခါကာ ပြန်ငြင်းလိုက်သည်။ " အဲ့လိုမပြောပါနဲ့။ အပ်ချုပ်စက်ငှားသုံးတာလေးပဲဟာ။ ဘာမှမဖြစ်ပါဘူး "



မာချွေ့ယွင်က စိတ်ညစ်နေသောမျက်၀န်းများဖြင့် သက်ပြင်းချခဲ့သည်။



စုယွဲ့လည်း ကပ်ပြီး ပြန်မေးလိုက်သည်။ " အစ်မယောက္ခမနဲ့ အဆင်မပြေဘူးလား။ နှစ်သစ်ကူးပြီးလို့ ပြန်လာကတည်းက အစ်မ စိတ်အခြေအနေ မကောင်းသလိုပဲ "



မာချွေ့ယွင်က စုယွဲ့နဲ့ ခင်နေသဖြင့် မိသားစုကိစ္စများကို ထိန်ချန်ထားလိုခြင်းမရှိချေ။ ရင်ဖွင့်ချင်နေတာလည်းဖြစ်၍ စုယွဲ့ကို ပြောပြသည်။ 



" အစ်မယောက္ခမက ဒီတစ်ခေါက် ဘာတွေတွေးနေလဲ မသိတော့ဘူး။ အစ်မတို့နဲ့လိုက်ချင်တယ်ဆိုလို့ ငြင်းလို့လည်းမရတော့ ခေါ်လာရတာပဲ။ ဒါပေမယ့် အစ်မယောက္ခမက နေရာတကာ၀င်ပါပြီး အကုန်လိုက်ပြောနေတော့တာ "



" ထားလိုက်ပါ။ အဲ့ဒါကို အစ်မ သည်းခံနိုင်တယ်။ ဒါပေမယ့် သူမက အစ်မကို သမီးနှစ်ယောက်မွေးထားလို့ဆိုပြီး မုန်းနေတာလေ။ အစ်မကိုတင် မဟုတ်ဘူး တာ့နီလေးရော ရှောင်ထောင်းဇီလေးရောကိုပါ မုန်းနေတာ။ အချိန်တိုင်းဆိုသလို ကလေးနှစ်ယောက်ကို ဆူငေါက်နေရော။ အစ်မသမီးတွေကို ဘယ်သူမှ အဲ့လိုမဆူဖူးဘူး။ ချွေးမကို ဘယ်လောက်ပဲ သဘောမကျမကျ မြေးလေးတွေက ငယ်ငယ်လေးတွေပဲရှိသေးတာ။ အခုတော့ သူမရှိနေလို့ ကလေးတွေက ကောင်းကောင်းတောင် မနေရတော့ဘူး "



စုယွဲ့ မျက်မှောင်ကြုံ့လိုက်မိသည်။ အဖွားစွန်းက အဲ့လိုလူဖြစ်နေမယ်လို့ မထင်ထားခဲ့မိချေ။ 



မာချွေ့ယွင်က မျက်လုံးတွေကရဲနေခဲ့သည်။ " ပိုဆိုးတာက အစ်မကို ကလေးထပ်ယူခိုင်းနေတာပဲ။ မွေးရင်လည်း သားပဲဖြစ်ရမယ်ဆိုပြီး ပြောနေတာ။ တကယ့်အဓိပ္ပာယ်က သားမမွေးနိုင်ရင် ကွာရှင်းခိုင်းမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ သူမ သားဖြစ်သူက စစ်သားမို့လို့ လစာကောင်းတဲ့အတွက် သူ့သားကို ယူချင်နေတဲ့သူတွေက ပေါနေတာပဲလို့ ထင်နေတာလေ။ အစ်မက သူမသားမရှိရင် မနေနိုင်လောက်ဘူးလို့ ထင်နေမှာပေါ့ "



စုယွဲ့ မာချွေ့ယွင်ကို ဖက်လိုက်ကာ ပုခုံးပုတ်လျက် နှစ်သိမ့်ပေးလိုက်သည်။ စကားများဖြင့် ဘယ်လိုနှစ်သိမ့်ပေးရမလဲတော့ စုယွဲ့ မသိတော့ပေ။ ပြောရရင် မိသားစုအရေးဖြစ်ကာ ယောက္ခမနှင့် ချွေးမကြားတွင် သူမလည်း ဘာမှမလုပ်ပေးနိုင်ပါ။ 



ထိုသို့သော ယောက္ခမမျိုးနှင့်တွေ့ပါက ကိုယ့်ဘာသာပဲ ဖြေရှင်ရမှာဖြစ်သည်။ 



" တပ်ခွဲမှုးစွန်းကို ပြောကြည့်သင့်တယ်။ ဘာပဲဖြစ်ဖြစ် အစ်မယောက်ျား ဘာပြောလဲဆိုတာကိုလည်း နားထောင်သင့်တာပေါ့။ တပ်ခွဲမှုးစွန်းကို အစ်မယောက္ခမကို ပြောခိုင်းကြည့်ပေါ့ "



မာချွေ့ယွင်က ခေါင်းခါပြခဲ့သည်။ " အစ်မ မပြောဘူးလို့ထင်လို့လား။ အစ်မလည်း ပြောတာ ဘယ်နှစ်ခေါက်မှန်းကို မသိတော့ဘူး။ ပြောလိုက်တိုင်း ယောက္ခမက ပိုစိတ်ဆိုးသွားတော့တာပဲ။ သားအမိကြားမှာ သွေးခွဲနေတယ်ဆိုပြီး ပြဿနာရှာတယ်။ ပြီးတော့ သားရှေ့ကြရင် ဘာမှမပြောလည်း နောက်ကွယ်ကြ သူမ ဘာပြောလဲဆိုတာကို အစ်မယောက်ျားက ဘာသိမှာလဲ အစ်မလည်း ဘာမှမပြောချင်တော့ဘူး။ သူဖြစ်ချင်သလို သားတစ်ယောက်ပဲ မြန်မြန်မွေးပေးလိုက်ချင်တော့တယ် "



" ဒါကတော့ ...." စုယွဲ့လည်း ဘာပြောပေးရမလဲကို မသိတော့ပေ။ သူမက ယောက္ခမဆိုးနှင့် မကြုံးဖူးသဖြင့် အတွေ့အကြုံမရှိပါ။ အမေဟန်က သဘောကောင်းသူဖြစ်ကာ စုယွဲ့ကိုလည်း ဆိုးဆိုး၀ါး၀ါးမဆက်ဆံဖူးသဖြင့် စုယွဲ့လည်း ယောက္ခမဆိုးနှင့် အလိုက်အထိုက် ဘယ်လိုနေရာမည်ကို အကြံမပေးတက်ချေ။ 



စုယွဲ့၏ နှစ်သိမ့်မပေးတက်သလို ဖြစ်နေသောအမူအရာကို မြင်သောအခါ မာချွေ့ယွင်က မျက်ရည် သုတ်ပြီး ပြောခဲ့သည်။ " ရပါတယ် အစ်မက ပြောပြရုံပဲ။ ညီမက အပြင်လူဆိုတော့ ဘာမှလုပ်ပေးလို့ မရတာကို အစ်မလည်း သိတယ်။ အစ်မပြောတာကို နားထောင်ပေးတာကိုပဲ ကျေးဇူးတင်နေပြီ "



စုယွဲ့ ပြုံးပြကာ မာချွေ့ယွင် ပုခုံးလေးကို ပုတ်ပေးလိုက်သည်။ " အစ်မ ပြောချင်တဲ့အချိန်တိုင်း ပြောပြလို့ရတယ်နော်။ ကလေးနှစ်ယောက်ကိုလည်း ခေါ်လာခဲ့လေ။ ညီမ မုန့်တွေလုပ်ပေးမယ် "



မာချွေ့ယွင်က ပြုံးပြလိုက်သည်။  " အဲ့လိုဆို ကလေးနှစ်ယောက်လုံး ပျော်သွားကြတော့မှာပဲ။ သူတို့ကလည်း မုန့်စားရလို့ ဒီကိုလာရတာကို ကြိုက်ကြတယ်လေ "



သူမတို့နှစ်ဦး ပြောနေစဥ်တွင် အဖွားစွန်းက အင်္ကျီများကိုကိုင်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။ စုယွဲ့တို့ စကားပြောနေတာကိုမြင်တဲ့အခါ မသင်္ကာသောမျက်လုံးများဖြင့် လိုက်ကြည့်နေခဲ့သည်။



မာချွေ့ယွင်လည်း ယောက္ခမဖြစ်သူ ထွက်လာတာကို မြင်သွားခဲ့သည်။ " အမေ အိမ်ပြန်ကြရအောင် နေ့လယ်စာပြင်ရဦးမယ်လေ "



အဖွားစွန်းက စုယွဲ့ကို ပြုံးကာပြောခဲ့သည်။ " ရှောင်စုရေ ကျေးဇူးပဲနော် အပ်ချုပ်စက်က တကယ်အသုံး၀င်တာပဲ။ ကြည့်ပါဦး ဒီအင်္ကျီလေးကို လက်ချုပ်နဲ့ချုပ်တာထက်တောင် လှသွားတယ်မလား။ နောက်လည်း လာငှားသုံးလို့ရတယ်မလား ရှောင်စု။ စိတ်မဆိုးဘူးမလား "



မာချွေ့ယွင်က ကိုယ်စားရှက်သွားခဲ့သည်။ " အမေ သမီးချုပ်ပေးမယ်။ လက်နဲ့ချုပ်တာလည်း မြန်ပါတယ် "



အဖွားစွန်းက လက်မခံချေ။ " လက်နဲ့ချုပ်တာက စက်နဲ့ချုပ်တာလောက် ကောင်းပါ့မလားဟဲ့။ အပ်ချုပ်စက်နဲ့ဆို မြန်လည်းမြန်တယ် လွယ်လည်းလွယ်တယ်။ ရှောင်စုနဲ့ ညည်းလည်း ရင်းနှီးနေတာပဲမလား။ ငါ ငှားသုံးတာကို ရှောင်စုက စိတ်ဆိုးမှာမဟုတ်ပါဘူး။ ဟုတ်တယ်မလား ရှောင်စု "



အဖွားစွန်းရဲ့ စကားရည်ကြွယ်မှုကို စုယွဲ့ သြချမိသည်။ သူမက ဘယ်လိုများ ငြင်းနိုင်ဦးမှာလဲ။ သို့ဖြစ်၍ ပြုံးကာ အဆင်ပြေကြောင်း ပြန်ဖြေလိုက်ရတော့သည်။ 



မာချွေ့ယွင် ဒေါသထွက်ကာ ပေါက်ကွဲပစ်ချင်လာသည်။ သို့သော်လည်း လူကြီးတစ်ယောက်နဲ့ ရန်ဖက်ဖြစ်နေတယ်လို့ ကဲ့ရဲ့ခံရမှာစိုး၍ သည်းခံနေရသည်။ 



မာချွေ့ယွင် မျက်နှာပျက်နေတာကို တွေ့သဖြင့် စုယွဲ့လည်း ပုခုံးကိုပုတ်ပေးကာ စိတ်လျှော့ဖို့ အမူအရာပြလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် အပ်ချုပ်စက်ငှားတာလေးပဲဟာ၊ နေ့တိုင်းချုပ်စရာ ရှိနေမှာတော့ မဟုတ်လောက်ဘူးမလား။ 



မာချွေ့ယွင်က အားမပါစွာ စုယွဲ့ကိုပြုံးပြပြီး အဖွားစွန်းကို အိမ်ပြန်ခေါ်သွားတော့သည်။ 



စုယွဲ့ ခေါင်းခါရင်း ထိုကိစ္စအား စိတ်ထဲမှ ထုတ်လိုက်တော့သည်။ အိမ်ထဲသို့ ပြန်၀င်ကာ ကိတ်များကိုသာ ဆက်လုပ်နေလိုက်သည်။ လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်တုန်းက မွေးနေ့အတွက်ဟုဆိုကာ ဆိုဒ်ကြီးကိတ်မုန့်တစ်လုံးမှာထားပြီး စျေးကိုလည်း ရက်ရက်ရောရော ပေးထားသဖြင့် စုယွဲ့က အရင်ဟာများထက် ပိုကောင်းအောင် လုပ်ပေးရမယ်လို့ တွေးထားသည်။ 



ကိတ်မုန့်ပြီးသွားသည့်အခါတွင် အပေါ်၌ မက်မွန်သီးကိုသုံးကာ အပြုံးမျက်နှာလေး ဖော်လိုက်သည်။ လူကြီးများအတွက် အထူးသင့်လျော်ပေသည်။ အမေဟန်တောင် သဘောကျနေကာ စုယွဲ့လည်း အသက်ခြောက်ဆယ်ပြည့် မွေးနေ့ပွဲကြရင် တစ်လုံးလုပ်ပေးမယ်လို့ ကတိပေးလိုက်သည်။ 



သူမတို့နှစ်ဦး စကားပြောနေကြစဥ်တွင် အဖွာစွန်းက ရောက်လာပြန်သည်။ ၀င်လာပြီးနောက်တွင် နှာခေါင်းတစ်ရှုံ့ရှုံ့လုပ်ကာ အနံ့ခံနေခဲ့သည်။ " ဘာလို့ အဲ့လောက်မွှေးနေတာလဲ။ အဝေးကနေတောင် အနံ့ရနေတယ်။ ဘာတွေလုပ်နေကြတာလဲ "



စုယွဲ့နှင့် အမေဟန်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ " ရောက်လာပြန်ပြီ " ဟု မျက်လုံးအကြည့်ဖြင့် ပြောလိုက်ကြမိသည်။ 



အဖွားစွန်းက နေ့တိုင်း အပ်ချုပ်စရာမလိုသော်လည်း စုယွဲ့တို့အိမ်ကိုတော့ နေ့တိုင်းလာသည်။ 



တစ်နေ့ကို အနည်းဆုံးနှစ်ခေါက်ခန့်လာကာ အမေဟန်နှင့် စကားလာပြောတက်သည်။ 



စုယွဲ့ ပြန်ရှင်းပြလိုက်ရသည်။ " ကိတ်မုန့်လုပ်နေတာပါ သူငယ်ချင်းတစ်ယောက် အကူအညီတောင်းထားလို့ သူတို့မိသားစုက အကြီးအကဲတစ်ယောက်ရဲ့ မွေးနေ့ရှိလို့တဲ့လေ "



ကိတ်မုန့်ကိုမြင်သွားသော အဖွားစွန်း မျက်လုံးတွေက အရောင်တောက်လာတော့သည်။ " ဘာလို့ခေါ်တာလဲ ကိတ်မုန့် ဟုတ်လား။ ဒီအရွယ်ထိရောက်နေပြိီ အဒေါ်တစ်ခါမှ မစားဖူးသေးဘူး။ အနံ့ကလည်း မွှေးနေတာဆိုတော့ အရသာကလည်း သေချာပေါက် ကောင်းမှာပဲ "



စုယွဲ့ ပြုံးပြလိုက်သည်။ " ဒါက အသိတစ်ယောက်ရဲ့ မွေးနေ့အတွက်ဆိုတော့ သွားပို့ပေးလိုက်ဦးမယ်နော်။ ဒေါ်လေး ထိုင်နေဦးနော်။ သမီး သွားပို့လိုက်ဦးမယ် "



ပြောပြီးသည်နှင့် စုယွဲ့ ကိတ်မုန့်ကို ထုတ်ပိုးကာ ရွှီးချန်တို့အိမ်ဆီ အမြန်ထွက်လာလိုက်သည်။ အဖွားစွန်းကိုတော့ အမေဟန်က ကြည့်လုပ်ပေလိမ့်မည်။



ထွက်လာရင်းဖြင့် စကားပြောနေကြသံကို စုယွဲ့ ကြားလိုက်ရသေးသည်။ " အစ်မရဲ့ ချွေးမက အဲ့လိုတွေလည်း လုပ်တက်တာပဲနော် ကောင်းလိုက်တာ။ အစ်မကြီးက ကံကောင်းလိုက်တာ။ ကျွန်မဆို အဲ့လိုဟာမျိုး တစ်ခါမှ မစားဖူးဘူး "



အမေဟန် - " မဟုတ်ပါဘူး ကိတ်မုန့်က စျေးကြီးလွန်းတော့ ကျွန်မတို့လည်း အမြဲ မစားနိုင်ဘူး။ မတက်နိုင်လို့ တစ်ခါပဲ စားဖူးတာ "



ထိုနောက်ပိုင်းမှ စကားများကိုတော့ စုယွဲ့ မကြားရတော့ပေ။ ရွှီးချန်အား ကိတ်မုန့်ကို ပေးပြီးသည့်အခါ သူမတို့အိမ်၌ ခေါင်းဆောင်ယွီလည်း ရှိနေသောကြောင့် စုယွဲ့ ရွှီးချန်ကို အပြင်သို့ခေါ်ထုတ်လာလိုက်သည်။ ဘယ်သူမှမရှိတာ သေချာအောင်လုပ်ပြီးမှ စုယွဲ့က တိုးတိုးလေး မေးခဲ့သည်။ " အဲ့ဒါက....ညီမ မေးချင်တာလေး ရှိလို့ "



စုယွဲ့ အပြုအမူကြောင့် ရွှီးချန်က နားမလည်ဖြစ်နေခဲ့သည်။ " ဘာဖြစ်လို့လဲ ဘာကိစ္စမို့လို့ အိမ်မှာမပြောတာလဲ "



" အိမ်မှာ ပြောလို့ မသင့်တဲ့ဟာမို့ပါ " စုယွဲ့ ရှက်ရယ်ရယ်ကာ နားလေးကို ကိုင်လိုက်မိသည်။ " အစ်မတို့ဆေးရုံမှာလေ ....အဲ့ဒါ...အဲ့ဒါကလေ ....သန္ဓေတားဖို့ သုံးတဲ့ပစ္စည်းမျိုးလေ ရှိလားဟင် " 



ဘာလို့ရယ်မသိ ထိုမေးခွန်းကို မေးရသည်ကို စုယွဲ့ မျက်နှာပူနေမိသည်။ ၂၁ရာစုတွင် ကျင့်သားရလာပြီးသောကိစ္စ ဖြစ်သော်ငြား ဒီဘက်ကိုရောက်လာသည့်အခါတွင် စုယွဲ့  ရှက်နေမိသည်။ ကြည့်ရတာ ဒီဘက်ခေတ်၏ ရိုးသားကာ အရှက်အကြောက်ကြီးကြမှုများကြောင့် ဖြစ်လောက်သည်။



ရွှီးချန်က သူမကို ကြောင်ကြည့်နေသည်ကို တွေ့သည့်အခါ သူမ ပြောသည်ကို နားမလည်လိုက်ဘူးထင်၍ စုယွဲ့ ထပ်ရှင်းပြလိုက်သည်။ " အဲ့ဒါကလေ ယောက်ျားက ၀တ်ထားရင် မိန်းမက ကိုယ်၀န်မရတော့အောင် လုပ်တဲ့ဟာလေ အစ်မ နားလည်လား အဲ့ဒါက်ို တားဖို့လေ ..."



ရွှီးချန်က ထိုအခါမှ အသိစိတ်ပြန်ကပ်သွားကာ အံ့သြတကြီးပြန်မေးခဲ့သည်။ " စုယွဲ့ အဲ့လိုဟာကိုလည်း သိတာပဲလား "



စုယွဲ့ အကြောင်းပြချက် ရှာကြံကာ ပေးလိုက်သည်။ " ကိုယ်၀န်တားဖို့ သုံးလို့ရတယ်လို့ သူများတွေ ပြောကြတာကို ကြားဖူးလို့။ အစ်မလည်း သိတာပဲလေ ညီမက အခုမှ နှစ်ယောက်မွေးထားတာဆိုတော့ အမေရော ညီမရော အလုပ်ရှုပ်နေကြတာ။ နောက်တစ်ယောက် မယူရဲသေးဘူး "



ရွှီးချန်လည်း ထိုသည်ကို နားလည်သည်။ တကယ်ပဲ ကလေးထပ်ယူဖို့ မသင့်တော်သေးဘူး။ " အခုတလောတော့ ကိုယ်၀န်မလိုချင်ကြသေးရင် မိန်းမတွေက ဆေးရုံမှာ ပြွန်ထည့်တက်ကြတာပဲ လိုချင်လို့ ယူတော့မယ်ဆိုရင်လည်း ပြန်ထုတ်လို့ရတော့ အဆင်ပြေတယ်လေ။ ကိုယ်၀န်ရမှာကိုလည်း စိုးရိမ်မနေရတော့ဘူး "



စုယွဲ့လည်း အဲ့ဒါကို စဥ်းစားဖူးပေမယ့် ပြွန်ထည့်ပါက မွေးလမ်းကြောင်းဆိုင်ရာရောဂါများ ရနိုင်ခြေများကြောင်း ကြားဖူးသဖြင့် ထိုအတွေးကို ပယ်ချလိုက်တာဖြစ်သည်။ အကာအကွယ်သုံးတာက ပိုစိတ်ချရလိမ့်မယ်။ " ညီမ ကြားဖူးတာက အဲ့လိုဆို မွေးလမ်းကြောင်းမှာ ပိုး၀င်တက်တယ်ဆို ညီမ မလုပ်ရဲဘူး။ ဒါကြောင့် အကာအကွယ်ပဲ သုံးချင်တာ "



ရွှီးချန်က သားဖွားမီးယပ်ဆရာ၀န်ဖြစ်သဖြင့် ပြွန်ထည့်ထားတာ အချိန်ကြာသွားသည့်အခါ အသားထဲ၀င်သွားတာမျိုး ဖြစ်တက်ကြတာကို မြင်ဖူးသည်။ ထို့ကြောင့် စုယွဲ့ စကားကို လက်ခံလိုက်သည်။ " ဒါဆိုလည်း အစ်မ နည်းနည်းယူလာပေးမယ်။ အစ်မကို ပြောတာတော့ တကယ်မှန်တယ်။ အစ်မတို့ဆေးရုံကို မကြာခင်ကပဲ တစ်သုတ်ရောက်လာသေးတယ်။ ဆေးရုံကနေ အသုံးပြုကြဖို့ စွယ်ပေမယ့်လည်း သုံးတဲ့သူက နည်းနေကြတာလေ။ ဆရာ၀န်တွေ ကိုယ်တိုင်က သိပ်မသုံးကြတော့ အပြင်လူတွေလည်း သိပ်မသိကြဘူး။ အစ်မတောင် စုယွဲ့ သိနေတယ်ဆိုလို့ အံ့သြနေတာ "



ဆေးရုံမှာ ရှိတယ်ဆိုတော့ တော်ပါသေးရဲ့။ " ဒါဆိုလည်း သုံးဆယ်လောက် ယူခဲ့ပေးပါလား။ ဘယ်လောက် ကျမလဲ ညီမကိုပြောလေ "



" ဘယ်လောက်လို့ ပြောလိုက်တာလဲ " ရွှီးချန်က အံ့သြသွားပြန်သည်။ " ဘာလို့ အဲ့လောက်အများကြီး လိုချင်တာလဲ မလောက်မှာစိုးလို့လား။ သုံးခုလောက်ဆို မလောက်ဘူးလား။"



စုယွဲ့ - ...... သုံးခုဆို တစ်ညတည်းနှင့်တင် ကုန်သွားလောက်တယ်၊ ဘယ်လိုလုပ် လောက်မှာလဲ



စုယွဲ့၏ အမူအရာကိုကြည့်ကာ ရွှီးချန်က သူမက သုံးနည်းမသိသေးတာကြောင့်ဖြစ်ရမယ်လို့ ထင်သွားခဲ့သည်။ " သုံးပြီးသွားရင် လျှော်ပြီး ပြန်သုံးလို့ရတယ်လေ အကြာကြီးလည်း သုံးလို့ရတယ်။ အဲ့ဒါကြောင့် အများကြီး မလိုပါဘူး ညီမရယ် "



စုယွဲ့ - ..... ဘာကြီး? လျှော်ပြီး ပြန်သုံးရမယ်? 



ထိုသည်ကိုတွေးကာ စုယွဲ့ အသည်းအသန် ခေါင်းခါလိုက်မိသည်။ " လျှော်ပြီးပြန်သုံးတာက မသန့်မှာစိုးလို့ပါ များများပဲ ယူပေးပါလားဟင် " ပြန်သုံးမယ့်အစား ပိုက်ဆံပဲ ပိုသုံးလိုက်မယ်။ 



စုယွဲ့၏ ခေါင်းမာနေမှုကြောင့် ရွှီးချန်လည်း ဘာမှထပ်မပြောတော့ဘဲ ယူခဲ့ပေးမယ်လို့သာ ပြောလိုက်ရသည်။ 



ရွှီးချန်က နောက်နေ့ညတွင် စုယွဲ့ကိုခေါ်ကာ ဘူးကြိီးတစ်ဘူးကို ခိုးကြောင်ခိုး၀ှက်ပေးပြီးနောက် ခိုးကြောင်ခိုး၀ှက်ပဲ ပြန်သွားခဲ့သည်။ 



စုယွဲ့က အမေဟန် သိသွားမှာစိုးပြီး မဆုံအောင် ရှောင်ကာ အခန်းထဲသို့ ၀င်သွားလိုက်သည်။ ပထမဆုံးအနေဖြင့် ခေါင်းအုံးအောက်တွင် ၀ှက်လိုက်သော်လည်း မလုံခြုံဘူးထင်သဖြင့် ခေါင်းအုံးအောက်မှ အိပ်ရာခင်းအောက်တွင် ၀ှက်လိုက်ပြန်သည်။ အဲ့လိုဆို တစ်ခြားလူလည်း မသိလောက်တော့ဘူး။



သို့သော်လည်း စုယွဲ့၏ ဆုံးဖြတ်ချက်က တစ်ခြားလူဖြစ်သည့် အမေဟန်ကိုသာ မသိအောင် လုပ်လိုက်နိုင်ကာ အိမ်ရှိ ငဆိုးလေးနှစ်ယောက်ကတော့ ထိုအထဲတွင် မပါချေ။ 



ညနေခင်းတွင် ဟန်အိုက်ကောက အတော်လေး နောက်ကျမှ ပြန်ရောက်လာသည်။ စုယွဲ့လည်း ထုံးစံလိုပင် ညစာနွှေးပေးကာ ရေချိုးဖို့ပြင်ဆင်ပေးလိုက်သည်။ သူမတို့ လင်မယားနှစ်ယောက် ရေချိုးခန်းထဲတွင် ရှိနေစဥ်တွင် အမေဟန်က ကလေးနှစ်ယောက်ကို ကြည့်ထားပေးခဲ့သည်။ 



အမေဟန်က မြေးနှစ်ယောက်ကို စုယွဲ့တို့အိပ်ရာပေါ်တွင် ဆော့ခိုင်းထားသည်။ ကလေးနှစ်ယောက်က ပိုပြီးတက်တက်ကြွကြွရှိလာကြပြီး သူတို့ကို ချီထားတာ သဘောမကျတော့ဘဲ သူတို့ဘာသာပဲ နေချင်ကြသည်။ အထူးသဖြင့် ရှောင်ပေါင်ပင်။ လေးဘက်သွားတက်သည့် အရွယ်ရောက်ပြီဖြစ်သဖြင့် တစ်နေကုန် လျှောက်သွားတက်နေပြီဖြစ်သည်။ သူ့ကို ဘယ်သူပဲချီချီ ငိုချင်ယောင်ဆောင်ကာ တွားသွားခွင့်ပေးဖို့ ဆန္ဒပြတက်လေသည်။ 



ထို့ကြောင့် အမေဟန်က မြေးနှစ်ယောက်ကို အိပ်ရာပေါ်တွင် ချထားပေးကာ လွတ်လွတ်လပ်လပ် ဆော့စေခဲ့သည်။ သို့သော်လည်း သူမ မကြည့်မိချိန်တွင် ခုတင်ထက်မှ ပြုတ်ကျမှာကို ရှောင်ရှားဖို့ စုယွဲ့နဲ့ အမေဟန်က တိုင်ပင်လိုက်ပြီး အ၀တ်ဟောင်းများကို စုချည်ကာ ခုတင်ပေးတွင် ပတ်ထားလိုက်ကြသည်။ ထိုသို့ဆိုလျှင် ကလေးတွေ  ပြုတ်ကျပြီး အနာတရဖြစ်တော့မည် မဟုတ်ချေ။ 



ထိုသို့ကာထားတာရှိနေသဖြင့် အမေဟန်လည်း ကလေးထိန်းနေချိန် ချည်ထိုးတာ ဖိနပ်ချုပ်တာများကို လုပ်လို့ရသွားသည်။ ဘာအလုပ်မှမလုပ်ဘဲ ကလေးတွေကို ထိုင်ကြည့်နေဖို့ မလိုတော့ပေ။



ဟန်အိုက်ကောက ရေချိုးပြီး ထွက်လာပြီဖြစ်သဖြင့် အမေဟန်က အခန်းထဲမှ ထွက်သွားတော့မယ့်အချိန်၌ ရှောင်ပေါင်က တစ်စုံတစ်ရာကို လုပ်လိုက်သည်။ ထိုကလေးက တွားသွားနေရင်းဖြင့် ခုတင်းခေါင်းရင်းဘက် ရောက်တဲ့အခါ ဖောင်းနေတာကြောင့် စပ်စုပြီး အိပ်ရာခင်းစကို ဆွဲကြည့်လိုက်သည်။ ပလတ်စတစ်အိတ်ကိုတွေ့သောအခါ အနံ့မရှိသဖြင့် ပါးစပ်ဖြင့် ကိုက်ဆွဲကာ အား အား အော်ရင်း လူကြီးတွေကို လှမ်းခေါ်ခဲ့သည်။ 



အမေဟန်ကလည်း ရှောင်ပေါင် ဘာတွေကိုင်ထားသည်ကို မသိသဖြင့် ရှောင်ပေါင်ဆီ လျှောက်သွားခဲ့သည်။ " ရှောင်ပေါင်က ဘာအိတ်ကြီးကို ကိုင်ထားတာတုန်း "



စုယွဲ့က ထိုအချိန်တွင် ဟန်အိုက်ကောကို ခေါင်းသုတ်ပေးနေတာဖြစ်သည်။ လှည့်ကြည့်လိုက်သောအခါ ရှောင်ပေါင်လက်ထဲမှ အထုတ်ကိုမြင်သွားပြီး လှမ်းအော်ခဲ့သည်။ " မယူလိုက်နဲ့! " 



စုယွဲ့ အပြေးသွားကာ ရှောင်ပေါင် လက်ထဲက အထုတ်ကိုယူပြီး နောက်သို့ကွယ်ကာ ၀ှက်လိုက်မိသည်။



အမေဟန်က စုယွဲ့ကို ထူးဆန်းသလို ကြည့်နေခဲ့သည်။ ရှောင်ပေါင်က သူ့လက်ထဲမှ အထုတ်အား အမေဖြစ်သူယူသွားသည်ကို တွေ့သောအခါ လက်လေးဖြန့်ပြီး တောင်းခဲ့သည်။  " ပေး ပေး ပေး " 



တာ့ပေါင်ကလည်း စုယွဲ့ကို ဘာတွေ ၀ှက်ထားတာလဲဟူသည့် အမေးမျက်လုံးတွေဖြင့် ကြည့်နေခဲ့သည်။ 



ဟန်အိုက်ကောက စုယွဲ့လက်ထဲမှ အထုတ်ကိုကြည့်ကာ အတွေးများနေသည်။ 



တစ်မိသားစုလုံးထံမှ စိုက်ကြည့်ခံနေရသဖြင့် စုယွဲ့  ချွေးစေးများပြန်လာမိသည်။ ရှက်ဖို့ကောင်းလိုက်တာ။  တကယ် ရှက်ဖို့ကောင်းတယ်။ စုယွဲ့ အရှက်ပြေ ရယ်ပြရင်း ပြောလိုက်သည်။ " ဘာမှမဟုတ်ဘူး ဘာမှမဟုတ်ဘူး ဟီးဟီး "



အမေဟန်က စုယွဲ့ ရှက်နေသည်ကို မြင်သဖြင့် ဘာမှန်းမသိသော်လည်း ထပ်မမေးတော့ဘဲ စုယွဲ့တို့အခန်းထဲမှထွက်ကာ သူမ အခန်းဆီ ပြန်သွားခဲ့သည်။ 



အမေဟန် ထွက်သွားမှ စုယွဲ့လည်း သက်ပြင်းချနိုင်တော့သည်။ ထိုအထုတ်ကို ဗီရိုထဲ ထည့်လိုက်ကာ  ရှောင်ပေါင်ကို ဂျောက်ဂျက်လေး ပေးလိုက်သည်။ " မားမားက ဂျောက်ဂျက်လေး ပေးမယ်။ ဒါလေးနဲ့ပဲ ဆော့လိုက်"



ရှောင်ပေါင်က စုယွဲ့ကိုကြည့်လိုက် ဂျောက်ဂျက်လေးကိုကြည့်လိုက် လုပ်နေကာ တစ်ခုခုမှားနေတယ်လို့ထင်သော်လည်း အမေဖြစ်သူ နောက်မှာ ဘာမှမရှိတာကို တွေ့လိုက်ရသဖြင့် ဂျောက်ဂျက်ကိုသာ ယူပြီး ဆော့တော့သည်။ ခဏအကြာတွင် ခုနက ဘာဖြစ်ခဲ့သည်ကိုပင် သတိမရတော့သည့်ပုံပင်။



စုယွဲ့ တာ့ပေါင်ကိုလည်း အရုပ်လေး ယူပေးလိုက်ကာ ချော့လိုက်သည်။ 



တော်သေးတာပေါ့ အထုတ်ကို ချည်ထားတာမို့လို့။ အထဲကဟာကို ဘယ်သူမှ မမြင်လိုက်ကြဘူး။ 



ရှောင်ပေါင်က ပိုပိုပြီး ဆိုးလာတာပဲ။ ဒီလောက်သေချာ ၀ှက်ထားတဲ့ဟာကိုတောင် ရှာတွေ့နိုင်တယ်ဆိုမှတော့ ဒီကလေး ဘယ်လောက်ဆိုးသလဲ ပြောမနေနဲ့။ ကြည့်ရတာ နောက်ကြရင် ဒီ့ထက်ပိုပြီး သေသေချာချာ ၀ှက်မှရတော့မယ်ထင်တယ်။ အဲ့လိုသာမဟုတ်ရင် ရှောင်ပေါင်က မိနစ်ပိုင်းလေးနဲ့ ရှာတွေ့သွားလိမ့်မယ်။

 


ကလေးနှစ်ယောက်ကို မေ့သွားစေဖို့ အာရုံပြောင်းရန် လွယ်သော်လည်း လူကြီးတစ်ယောက်ကိုတော့ ထိုသို့လုပ်ဖို့ ခက်ခဲသည်။ ကလေးများ အိပ်ပျော်သွားသည့်အခါတွင် ဟန်အိုက်ကောက စုယွဲ့ကို ဖိထားကာ မေးခဲ့သည်။  "  ခုနကဟာက ဘာတွေလဲ " 



စုယွဲ့ မျက်နှာထက်၌ ရှက်ရိပ်လေးများ ရှပ်ပြေးသွားတော့သည်။