၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ
အပိုင်း ၈၁ - အိမ်တွင်းအကြမ်းဖက်မှု၊ တွန်းလှည်း
စုယွဲ့ အကြည့်လွှဲသွားတာကြောင့် ဟန်အိုက်ကော ထလိုက်ပြီး ခုနက စုယွဲ့ ဗီရိုထဲ ၀ှက်လိုက်သော အထုတ်ကိုယူဖွင့်ကြည့်လိုက်သည်။ သို့သော် ဘာတွေမှန်း သူ မသိတာကြောင့် စုယွဲ့ကို ထပ်မေးလိုက်သည်။ " ယွဲ့အာ ဒါတွေက ဘာတွေလဲ။ ဘာအတွက် သုံးတဲ့ဟာတွေလဲ "
စုယွဲ့ သူမ မျက်နှာကို လက်ဖြင့်အုပ်လိုက်ကာ လက်ချောင်းလေးများကြားမှ ချောင်းကြည့်ပြီး တိုးတိုးလေးပြောလိုက်သည်။
" ဘာပြောတာ? " ဟန်အိုက်ကောက သေသေချာချာ မကြားလိုက်ပေ။
စုယွဲ့ ဟန်အိုက်ကော နားနားကပ်ကာ တိုးတိုးလေး ပြောပြလိုက်သည်။
စုယွဲ့ပြောပြသည်ကို နားထောင်ပြီးသည့်အခါတွင် ဟန်အိုက်ကော အကြည့်တွေက နက်မှောင်သွားခဲ့သည်။ ဟန်အိုက်ကော မျက်၀န်းအကြည့်က စုယွဲ့ ကိုယ်ကို လောင်ကျွမ်းသွားနိုင်လောက်သည်အထိ ပြင်းပြနေတာကြောင့် စုယွဲ့ နှလုံးခုန်မြန်လာမိသည်။ အမြန် အကြည့်လွှဲလိုက်ပြီး ဟန်အိုက်ကော လက်ထဲမှ အထုတ်ကိုပြန်ယူကာ ဘေးမှာထားဖို့ ကြံလိုက်သည်။
ဟန်အိုက်ကောက စုယွဲ့ကို ထိုသို့လုပ်ခွင့်မပေးခဲ့ပေ။ " ဘာလုပ်မလို့လဲ ကိုယ့်အတွက်ယူလာတာ မဟုတ်ဘူးလား။ ကိုယ်အခု သုံးလိုက်မယ်လေ မကောင်းဘူးလား "
ပြောပြီးနောက်တွင် ဟန်အိုက်ကောက မီးအိမ်ကိုပိတ်လိုက်ကာ စုယွဲ့ကို ဖိထားရင်း နှစ်ဦးသား၏ ကိုယ်ပေါ်မှ အ၀တ်များကို ဖယ်ရှားလိုက်သည်။ ခဏအကြာတွင် ခပ်သြသြအသံဖြင့် ပြောခဲ့သည်။" ကိုယ်က မသုံးဖူးတော့ မင်းကူညီပေး "
စုယွဲ့ မျက်နှာပူကာ ရှက်မိသော်လည်း ဟန်အိုက်ကောပြောသည့်အတိုင်း လုပ်ပေးလိုက်သည်။
ဟန်အိုက်ကောက မျက်မှောင်ကြုံ့သွားကာ စုယွဲ့ကို တိုးတိုးလေး ကပ်ပြောပြန်သည်။ " ယွဲ့အာ အဲ့လိုကြီးက အဆင်မပြေဘူး ၀တ်ထားရင် ကိုယ် မင်းကို တိုက်ရိုက်ထိလို့ မရတော့ဘူး "
စုယွဲ့ ဟန်အိုက်ကော ပါးစပ်ကို လှမ်းပိတ်လိုက်သည်။ " မပြောနဲ့တော့! ရှင် သုံးရမယ် မဟုတ်လို့ကတော့ ကျွန်မ ကိုယ်၀န်ထပ်ရှိသွားရင် ရှင့်ကို သတ်မှာနော်! "
ဟန်အိုက်ကောလည်း ဘာမှထပ်မပြောတော့ဘဲ စတင်ကာ အလုပ်ကြိုးစားလေတော့သည်။
ထိုညတွင် ဟန်အိုက်ကောက ယခင်ညများထက်ပင် အချိန်ပိုကြာအောင် ကြိုးစားခဲ့တာဖြစ်သည်။ စုယွဲ့အား မှောက်လိုက်လှန်လိုက်ဖြင့် လုပ်နေခဲ့သဖြင့် စုယွဲ့မှာ နောက်တစ်နေ့၌ ထတောင်မထနိုင်ချေ။
သူမသေဖို့အတွက် သူမကိုယ်တိုင် တွင်းတူးထားသလို ခံစားလိုက်ရသည်။ ထိုပစ္စည်းကြောင့် ဟန်အိုက်ကောက အရင်ကထက် အချိန်ပိုကြာအောင် တမင်လုပ်နေတာ မဟုတ်ဘူးလား။ သူမ သိနေပေမယ့် သည်းခံရတော့မှာပေါ့။
ငါ့ခါးလေးတော့ သနားပါတယ် ၀ူး ၀ူး ၀ူး ~
သို့သော်လည်း ထိုသည်က အဆိုးရွာဆုံး ကိစ္စမဟုတ်သေးပေ။ ပို၍ ဆိုးရွားသည်က လ၀က်ခန့်အကြာတွင် ရွှီးချန် ယူလာပေးသည့် အခုသုံးဆယ်လုံး ကုန်သွားခြင်း ဖြစ်သည်! အကုန် ကုန်သွားတာလို့!
စုယွဲ့က အနည်းဆုံး နှစ်လလောက်တော့ ခံမှာပဲလို့ ထင်ထားခဲ့သော်လည်း လ၀က်တည်းနှင့် ကုန်သွားခဲ့သည်။
လ၀က်ပဲ ကြာသေးသည်ကို ရွှီးချန်ထံ ထပ်မံသွား၀ယ်ရမည်က ဘယ်လိုပဲပြောပြော စုယွဲ့ ရှက်မိသည်။ သူမ ထပ်၀ယ်မည်ဟု ပြောလိုက်ပါက ရွှီးချန် ဘယ်လိုအမူအရာဖြစ်သွားမလဲကို ခန့်မှန်းလို့ရနေသည်။ ဘာပဲဖြစ်ဖြစ် မျက်နှာပူတယ်၊ ရှက်စရာကြီးလေ။
ထို့ကြောင့် စုယွဲ့ ဒေါသထွက်ကာ ဟန်အိုက်ကောကို ထုရိုက်နေမိသည်။ " ဟန်အိုက်ကော နှာဘူးကြီး ရှင့်ကြောင့်ချည်းပဲ ရှင် မထိန်းချုပ်နိုင်လို့၊ ဘာလို့ ဒီလိုဖြစ်နေရတာလဲ! နည်းနည်းလောက် ထိန်းထိန်းသိမ်းသိမ်းကို မနေဘူးလား! အသက်ကြီးလာရင် ဘယ်လိုလုပ်မလဲ! "
လူအိုကြီး ဟန်အိုက်ကောမှာ ဘာမှလည်း ပြန်မလုပ်ရဲ၊ ပြန်မပြောရဲဘဲ ခေါင်းငုံ့ကာ ငြိမ်ခံနေရသည်။
တာ့ပေါင်နဲ့ ရှောင်ပေါင်က အမေဖြစ်သူက အိမ်တွင်းအကြမ်းဖက်သည့်အနေဖြင့် လက်ပါခြင်းအား ပထမဆုံး မြင်ဖူးကြတာဖြစ်သည်။ ကလေးနှစ်ယောက်က လက်ထဲက အရုပ်တွေကိုတောင် ဆက်မကစားတော့ဘဲ အိမ်တွင်းအကြမ်းဖက်မှုကို မျက်လုံးလေးများ ၀ိုင်းကာ လိုက်ကြည့်နေကြသည်။ အမေဖြစ်သူက လက်သီးဆုပ်လေးများဖြင့် အဖေဖြစ်သူ၏ ရင်ဘတ်ကိုထုနေကာ တစ်ခါတစ်ခါလည်း ကိုက်နေသည်ကို တွေ့လိုက်ကြရသည်။
တာ့ပေါင်နဲ့ ရှောင်ပေါင်က ထိုသည်ကိုကြည့်ကာ အစပိုင်းတွင် သွားဖုံးလေးများပေါ်အောင် ရယ်နေကြသည်။
သ်ို့သော်လည်း အဖေဖြစ်သူက ဒီအတိုင်းငြိမ်ကာ အရိုက်ခံနေသည်ကိုကြည့်ကာ သနားဖို့ကောင်းတယ် ထင်သွားကြသည်။
ကလေးနှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီးနောက် ရှောင်ပေါင်က မိဘနှစ်ပါးရှိရာသို့ လေးဘက်ထောက်သွားလိုက်ပြီး စုယွဲ့၏ လက်ကိုလှမ်းဆွဲကာ ခေါင်းလေးခါပြကာ " မား....မလုပ် ...မလုပ် ..." ဟုပြောခဲ့သည်။
မားမား ပါးပါးကို မရိုက်ပါနဲ့။
တာ့ပေါင်ကလည်း ဟန်အိုက်ကောဆီ လေးဘက်ထောက်သွားကာ အဖေဖြစ်သူရဲ့ အင်္ကျီစကို ဆွဲနေခဲ့သည်။ အဖေဖြစ်သူအား ထွက်ပြေးစေချင်နေသည့် အဓိပ္ပာယ်ဖြစ်သည်။
ညီအစ်ကိုနှစ်ယောက်က အပေးအယူတည့်တည့် လှုပ်ရှားနေကြသည်။ တစ်ယောက်က အမေကိုတားကာ တစ်ယောက်ကတော့ အဖေကို လာကယ်သည်။
ဟန်အိုက်ကော ပြုံးလိုက်မိကာ တာ့ပေါင်ဆွဲနေသည့် စုယွဲ့ မရိုက်နိုင်တော့မည့်နေရာကို လိုက်သွားပေးလိုက်သည်။ ဤသို့ဖြင့် ညီအစ်ကိုနှစ်ယောက်၏ ကယ်တင်ခြင်း အစီအစဥ်က အောင်မြင်သွားခဲ့သည်။
စုယွဲ့ ကလေးနှစ်ယောက်က ထိုမျှထိ လည်နေကြမည်ဟု မမျှော်လင့်ထားခဲ့မိပေ။ ရယ်ရမလို ငိုရမလိုပင်။ ခဏတွေးပြီးနောက်တွင် စုယွဲ့ ကလေးနှစ်ယောက်ကို စိတ်ဆိုးချင်ယောင် ဆောင်လိုက်သည်။ " ကောင်းပြီလေ မြေခွေးလေးတွေ မင်းတို့က မားမားတိုက်တဲ့ နို့ကိုစို့ပြီး တစ်ခြားသူကို ကူညီပေးနေကြတယ်။ မင်းတို့ကို မခေါ်တော့ဘူး!"
ကလေးနှစ်ယောက်က အမေဖြစ်သူ တကယ်စိတ်ဆိုးသွားတယ် ထင်သွားကာ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ကြသည်။
ထို့နောက်တွင် ရှောင်ပေါင်က စုယွဲ့ လည်ပင်းကိုဖက်လိုက်ကာ ပါးပေါ် မွှေးမွှေးပေးပြီး ခေါ်ခဲ့သည်။ " မား မား..."
တာ့ပေါင်ကလည်း စုယွဲ့ဆီလာကာ အခြားပါးတစ်ဖက်ကို မွှေးမွှေးပေးပြီး အော်ခဲ့သည်။ " မားမား ! "
ဒီကလေးနှစ်ယောက်က ဒါတွေကို ဘယ်ကနေသင်လာတာလဲမသိချေ။ စုယွဲ့လည်း ဆက်ဟန်မဆောင်နိုင်တော့ဘဲ သားနှစ်ယောက်ကို ဖက်ကာ ရယ်လိုက်မိသည်။ " ငဆိုးလေးနှစ်ယောက် မားမားကို ဘယ်လိုချော့ရမလဲ သိကြတယ်ပေါ့ ဟုတ်လား! "
အမေဖြစ်သူ စိတ်မဆ်ိုးတော့တာ မြင်သောအခါ ကလေးနှစ်ယောက်ကလည်း လိုက်ရယ်ကြသည်။ ရှောင်ပေါင်က လက်ခုပ်များပင် ထတီးနေကာ သွားမပေါက်ကြသေးသဖြင့် အဘိုးကြီးပေါက်စလေးတစ်ယောက်လို သွားဖုံးများပေါ်အောင် ရယ်နေခဲ့သည်။
စုယွဲ့ ဟန်အိုက်ကောကို လှမ်းကြည့်ပြီး ပြောလိုက်သည်။ " ကောင်းပြီလေ ဒါဆို မားမား ပါးပါးကို မရိုက်တော့ဘူး ဟုတ်ပြီလား။ သားတို့ကြောင့် ပါးပါးကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ် နော် "
ဟန်အိုက်ကော နှုတ်ခမ်းများကို ပင့်ကာပြုံးလိုက်မိသည်။ သားနှစ်ယောက်ကြောင့် သူလွတ်သွားမယ်လို့ ထင်မထားခဲ့မိချေ။
စုယွဲ့က ဟန်အိုက်ကော ပြုံးနေသည်ကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်မိသည်။ " ဒါပေမယ့် အပြစ်ပေးတာကိုတော့ ရှောင်လို့မရဘူး၊ မားမားက ပါးပါးကို မရိုက်တော့ဘူး။ ဒါပေမယ့် ပါးပါးကို နောက်လ၀က်လုံး ဥပုသ်စောင့်ခိုင်းလိုက်မယ်။ မင်းတို့ပါးပါးက အကုန်လုံး သုံးပစ်လိုက်တာကို ခံပေါ့၊ မဟုတ်ဘူးလား "
ဟန်အိုက်ကော မျက်နှာထက်ရှိ အပြုံးမှာ ခဲသွားကာ စုယွဲ့ကို မျက်နှာသေကြီးဖြင့် ပြန်ကြည့်ခဲ့သည်။
ကလေးနှစ်ယောက်က အမေဖြစ်သူပြောတာကို နားမလည်ကြသော်လည်း တခစ်ခစ် ရယ်နေကြသည်။ ရှောင်ပေါင်က ဟန်အိုက်ကော ပေါင်ပေါ်သို့တက်ကာ ခုန်နေခဲ့သည်။ ထိုကလေးက ထိုသို့လုပ်ရသည်ကို အလွန်သဘောကျသော်လည်း စုယွဲ့က မခံနိုင်ဘဲ ဟန်အိုက်ကောတစ်ယောက်သာ ခံနိုင်ရည်ရှိသည်။ ထို့ကြောင့် ရှောင်ပေါင်က ခုန်ပေါက်ချင်လျှင် ဟန်အိုင်ကော ပေါင်ပေါ်သို့ တက်သွားတက်သည်။
ငတုံး၀တုတ်လေးဖြစ်သည့် သားငယ်ကိုကြည့်ကာ ဟန်အိုက်ကော ခေါင်းတစ်ခါခါဖြင့် သက်ပြင်းချလိုက်မိသည်။
_ _ _ _
မကြာမီအချိန်မှာပဲ အောက်တိုဘာလသို့ ရောက်လာခဲ့သည်။ ကလေးနှစ်ယောက်က တစ်နှစ်ပြည့်ပြီးသောအခါ အတော်လေးထွားလာကြသည်။ အရင်က လူကြီးကိုကိုင်ကာ သို့မဟုတ် တုတ်တန်းကိုကိုင်ကာ လမ်းလျှောက်ကြတာဖြစ်သော်လည်း ယခုဆို သူတို့ဘာသာ လျှောက်တက်နေကြပြီဖြစ်သည်။ သိပ်မကျွမ်းကျင်ကြသေးသော်လည်း မျောက်လောင်းလေးနှစ်ယောက် ပြေးလွှားဆော့ကြသည်ကိုတော့ တားမနိုင်တော့ချေ။
ကလေးနှစ်ယောက်က အရာရာကို စူးစမ်းနေကြသည်။ တာ့ပေါင်သည်ပင် အပြင်ထွက်ရသည်ကို သဘောကျသည်။ စုယွဲ့ အပြင်သွားမှာကို မြင်သည်နှင့် နောက်မှနေ အပြေးလိုက်လာကြကာ " မားမား ...တူတူသွား ....တူတူသွား..." လို့ အော်တက်ကြသည်။
သူတို့ကို ခေါ်မသွားပေးပါက ထိုငဆိုးလေးနှစ်ယောက်သည် အာပြဲကြီးနှင့် အော်ငိုတက်ကြသည်။ အမေဖြစ်သူက အလိုမလိုက်ပါက အမေဟန်ထံသွားကာ ငိုပြကြပြန်သည်။ ထိုအခါ အမေဟန်က မြေးနှစ်ယောက်ငိုနေသည်ကို မကြည့်ရက်သဖြင့် အပြင်ခေါ်သွားပေးတက်သည်။
သို့သော်လည်း အမေဟန်တစ်ယောက်တည်း ကလေးနှစ်ယောက်ကို မနိုင်သဖြင့် စုယွဲ့ပါ အတူလိုက်ပြီး ထိန်းပေးရတာပဲ ဖြစ်သည်။
ထိုကလေးနှစ်ယောက်က အပြင်ထွက်လိုက်သည်နှင့် ရေထဲလွှတ်လိုက်သော ငါးလေးများလို ဖြစ်သွားကြသည်။ အကုန် လိုက်စူးစမ်းနေတက်ပြီး အခြားကလေးများ ဆော့နေကြသည်ကိုမြင်ပါက အတူသွားဆော့တက်ကြသည်။ ယင်းထက်ဆိုးသည်က ထိုသို့ဆော့နေကြလျှင် အိမ်သို့ပြန်ခေါ်မရတော့ခြင်းပင်။ ယောက္ခမနှင့်ချွေးမတို့ နှစ်ယောက်ပေါင်းကာ မနည်းပြန်ခေါ်ရတက်သည်။
စုယွဲ့နှင့် အမေဟန်မှာ နေ့တိုင်းဆိုသလို အပြင်၌ ကလေးလိုက်ထိန်းနေရသဖြင့် အိမ်ပြန်ရောက်လျှင် ရပ်ပင်ရပ်မနေချင်တော့ပေ။
နေ့စဥ်ဆိုသလို ကလေးနှစ်ယောက် နိုးသည်နှင့် စုယွဲ့မှာ သက်ပြင်းချနေရသည်။ ကလေးတွေက ကြီးလာလေ ထိန်းမနိုင်လေ ဖြစ်လာကြသည်။ နှစ်ယောက်တောင် တစ်ချိန်တည်းရှိနေတာဖြစ်သဖြင့် နှစ်ဆထိန်းမနိုင်တာဖြစ်သည်။ တစ်အိမ်လုံးလည်း ရှုပ်ပွနေရောပဲ။
စုယွဲ့က ငယ်ရွယ်သူဖြစ်သဖြင့် ခံနိုင်ရည်ရှိသော်လည်း အမေဟန်က ကလေးနှစ်ယောက်ဒဏ်ကို မခံနိုင်တော့ပေ။ ထို့ကြောင့် စုယွဲ့ နည်းလမ်းတစ်ခုလောက် စဥ်းစားနေရသည်။
အတန်ကြာစဥ်းစားပြီးနောက်တွင် စုယွဲ့ ကလေးတွေအတွက် လက်တွန်းလှည်းလုပ်ဖို့ စဥ်းစားမိသွားသည်။ ကလေးကို ချီထားစရာမလိုသဖြင့် အားကုန်လည်း သက်သာကာ တစ်ပြိုင်တည်းတွန်းပြီး ကလေးနှစ်ယောက်ကို အပြင်သို့ခေါ်သွားနိုင်သဖြင့် တစ်ယောက်က အားနေကာ အခြားလုပ်စရာရှိသည်များကို လုပ်နိုင်မည် ဖြစ်သည်။
ထိုအတွေးဖြင့် စုယွဲ့ ခဲတံနဲ့ စာရွက်ကိုယူပြီး ၂၁ရာစုမှ ကလေးတွန်းလှည်းတွေလို ဒီဇိုင်းကိုချဆွဲလိုက်သည်။ သူမတို့အိမ်၌ ကလေးနှစ်ယောက်ရှိတာဖြစ်သဖြင့် ထိုင်ခုံကို အရှေ့တွင်ရော အနောက်တွင်ပါ ထည့်လိုက်ကာ လူကြီးက နောက်မှနေ တွန်းပေးနိုင်မည့် ဒီဇိုင်းဖြစ်သည်။
စုယွဲ့က ဒီဇိုင်းဆွဲရာမှာ မတော်ပေမယ့် အကြမ်းဖျင်းတော့ရသည်။ အဲ့ဒါကို အမေဟန်မြင်သွားတဲ့အခါ အကြံကောင်းဖြစ်ကြောင်း ထောက်ခံခဲ့သည်။
စုယွဲ့ ပုံကြမ်းကိုယူကာ ရှောင်း၀မ်ရွာဆီသွားပြီး လက်သမားဆရာကြီးကို ရှာလိုက်သည်။ ပုံကြမ်းကိုပြပြီး သေချာလေးရှင်းပြကာ လက်သမားဆရာကြီးကို အပ်လိုက်သည်။
ဒီလိုအရာမျိုးကို ပထမဆုံးအနေဖြင့် မြင်ဖူးတာဖြစ်၍ လက်သမားဆရာကြီးက စုယွဲ့ကို ချီးကျူးခဲ့သည်။ " ကောင်မလေး မင်းက တော်တာပဲကွ၊ ဒီလိုသာဆို လူကြီးတွေက အပြင်ထွက်ရင် ကလေးတွေကို ချီဖို့မလိုတော့ဘူးဆိုတော့ အားကုန်လည်း သက်သာသွားမှာပဲ။ အမိုးလည်းပါတော့ ကလေးတွေကို နေပူမှာလည်း မကြောက်ရတော့ဘူး။ လေတိုက်မှာလည်း မကြောက်ရတော့ဘူးပေါ့၊ တကယ် အဆင်ပြေတာပဲ "
စုယွဲ့ - " ဆရာကြီး၀မ် လုပ်နိုင်တယ်မလားဟင် "
လက်သမားဆရာကြီး၀မ်က တစ်ခါမှ မလုပ်ခဲ့ဖူးသော်လည်း စုယွဲ့က လိုချင်သည့်ပုံစံကို သေချာရှင်းပြထား၍ လက်ခံခဲ့သည်။ " လုပ်နိုင်တာပေါ့ အဘကိုပဲယုံလိုက် "
" ကျေးဇူးအများကြီးတင်ပါတယ် ဆရာကြီး၀မ် "
" အဘကို ကျေးဇူးတင်မနေပါနဲ့။ အဘကသာ မင်းကို ကျေးဇူးတင်ရမှာ။ အရင်တစ်ခေါက်က မင်းလုပ်ခိုင်းတဲ့ ဖိနပ်ထည့်တဲ့ ဗီရိုလေးဆိုလည်း လူတွေ လာမှာကြတယ်လေ ဆိုဖာဆိုလည်း အတူတူပဲ၊ အခု ဒီတစ်ခါ လက်တွန်းလှည်းဆိုလည်း နောက်ထပ် လာမှာကြဦးမှာပဲ။ မင်းကမှ အဘကိုကူညီပေးနေတာ။ ဒါကြောင့် ဒီလက်တွန်းလှည်းအတွက်ကို အဘ လက်ခမယူတော့ဘူး၊ နောင်လည်း လိုချင်တာရှိရင် အဘဆီလာပြောပေါ့ "
ယခင် သူမ ဆွဲထားသည့်ပုံများမှ အမြတ်များစွာရလိုက်လို့ ဖြစ်ရမယ်ဆိုတယ စုယွဲ့ သိလိုက်သည်။ ထို့ကြောင့် ဤသို့ပြောတာဖြစ်လောက်သည်။ နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် ကိစ္စဖြစ်သဖြင့် စုယွဲ့လည်း လက်ခမယူဘူးလို့ပြောတာကို အားနာမနေတော့ပေ သူမ အကြံထပ်ရရင် ဆရာကြီး၀မ်ကို ထပ်ပြောပေးရမယ်လို့သာ တွေးထားလိုက်သည်။
လက်သမားဆရာကြီး၀မ်က လုပ်လက်စအလုပ်များကို ချောင်ထိုးကာ စုယွဲ့အတွက် တွန်းလှည်းကို အရင်လုပ်ပေးခဲ့သည်။ တပည့်နှစ်ယောက်ကလည်း ကူညီပေးသဖြင့် သုံးရက်အတွင်းပြီးသွားသော်လည်း စုယွဲ့က်ို လာမယူခိုင်းဘဲ တပည့်အန်းကိုသာ စုယွဲ့တို့အဆောင်ဆီသို့ နွားလှည်းဖြင့် သွားပို့စေခဲ့သည်။ တပည့်အန်းက စုယွဲ့တို့အဆောင်သို့ ရောက်တဲ့အခါ အဆောင်က အစောင့်ဖြစ်သူကို စုယွဲ့ဆီ အကြောင်းကြားခိုင်းစေပြီး အပြင်၌စောင့်နေခဲ့သည်။
လက်သမားဆရာကြီးက ထိုမျှမြန်မြန်ပြီးသွားကာ လာပို့ပေးလိမ့်မယ်လို့ စုယွဲ့ မထင်ထားခဲ့မိချေ။ စုယွဲ့ အမြန်ထွက်ကာ တွန်းလှည်း သွားယူဖို့ ပြင်လိုက်သည်။
အမေဖြစ်သူ အိမ်ပြင်ထွက်တော့မည်ကို မြင်သောအခါ တာ့ပေါင်နဲ့ ရှောင်ပေါင်က တောက်တောက် တောက်တောက်ဖြင့် စုယွဲ့ဆီ ပြေးလာကြကာ အော်ကြသည်။ " မားမား တူတူသွား..."
စုယွဲ့ နဖူးလက်ပြန်ရိုက်လိုက်မိသည်။ ဒီနှစ်ယောက်က မြင်ဖြစ်အောင် မြင်သွားသေးတာပဲ။
တာ့ပေါင်နဲ့ ရှောင်ပေါင်က စုယွဲ့၏ ခြေသလုံးအား ဘယ်တစ်ယောက် ညာတစ်ယောက် ဖက်ထားကြကာ မျက်နှာဖောင်းဖောင်းလေးများဖြင့် မော့ကြည့်နေကြသည်။ " မားမား ...ခေါ် ခေါ် " မားမား သားတို့လည်း လိုက်မယ်။
စုယွဲ့ သူမသားတွေရဲ့ ပါးလေးတွေကို ဆွဲလိုက်မိသည်။ " အပြင်ခိုးထွက်မယ်လုပ်တိုင်း မင်းတို့ဆီကကို မလွတ်နိုင်ဘူး! ဟမ့်! "
အမေဟန်ကလည်း ကူကယ်ရာမဲ့စွာဖြင့် ပြုံးခဲ့သည်။ " ဒီကလေးနှစ်ယောက်က အိမ်မှာမှ မနေချင်ကြတာ။ အမေတို့နှစ်ယောက် ဘယ်အချိန် အပြင်သွားမလဲပဲ ချောင်းနေကြတဲ့ဟာ။ သူတို့ဆ်ီက ဘယ်လွတ်ပါ့မလဲ။ အမေလည်း လိုက်ခဲ့မယ်လေ၊ တွန်းလှည်းကို အမေလည်း လိုက်ကြည့်ကြည့်တာပေါ့ "
ဤသို့ဖြင့် အမေဟန်က တာ့ပေါင်ကိုချီကာ စုယွဲ့က ရှောင်ပေါင်ကိုချီပြီး ထွက်လာလိုက်ကြသည်။ တပည့်အန်းကို ကျေးဇူးတင်စကားပြောပြီးနောက် စုယွဲ့ လက်သမားဆရာ၀မ်ကို မချီးကျူးမိဘဲ မနေနိုင်တော့ချေ။ တွန်းလှည်းကို သစ်သားဖြင့် လုပ်ထားတာဖြစ်ပြီး ၂၁ရာစုမှ တွန်းလှည်းများနှင့် သိပ်မကွာပေ။ အမိုးကိုလည်း မိုးကာသားဖြင့် လုပ်ထားတာဖြစ်သဖြင့် လေဒဏ်မိုးဒဏ်ကို ကြောက်စရာမလိုပေ။ ဆိုဒ်လည်းအတော်ကြီးသဖြင့် နှစ်နှစ်သားအရွယ်လောက်ထိ သုံးလို့ရလောက်သည်။
အမေဟန် - " ဒါလေးက အတော်လှတာပဲ။ လာ တာ့ပေါင်နဲ့ ရှောင်ပေါင်ကို စမ်းထိုင်ခိုင်းကြည့်လိုက်"
စုယွဲ့ ရှောင်ပေါင်ကို ဘယ်ဘက်တွင် ထည့်လိုက်ကာ အမေဟန်က တာ့ပေါင်ကို ညာဘက်တွင် ထည့်ပေးလိုက်သည်။ ညီအစ်ကိုနှစ်ယောက်က တွန်းလှည်းထဲ၌ ထိုင်နေကြကာ ဟိုဟာကိုင်ကြည့် ဒီဟာကိုင်ကြည့်ဖြင့် စပ်စုနေကြသည်။
အမေဟန်က လက်ရန်းကိုကိုင်ကာ ရှေ့သို့နည်းနည်းတွန်းကြည့်လိုက်သည့်အခါ အံ့သြသွားခဲ့သည်။
" ဒါက တော်တော်လေး အားကုန်သက်သာတာပဲ။ ဒီလိုသာဆို ကလေးနှစ်ယောက်လုံးကို ချီထားဖို့ မလိုတော့ဘူး။ အမေတစ်ယောက်တည်လည်း တွန်းနိုင်တော့ ယွဲ့အား ကိတ်မုန့်လုပ်ဖို့ အချိန်ရသွားတာပေါ့ "
ကလေးနှစ်ယောက်က ရှေ့သို့တိုးသွားသည့်အခါ ပျော်သွားကြသည်။ ရှောင်ပေါင်က တခစ်ခစ်ရယ်ကာ လက်ခုပ်တီးနေပြီး ဘေးမှ စုယွဲ့ဆီလှည့်ကာ ပြောခဲ့သည်။ " မားမား ပျံ ပျံ "
စုယွဲ့လည်း ခေါင်းညိတ်ပြလိုက်သည်။ " ဟုတ်တယ် ဟုတ်တယ် ရှောင်ပေါင်လေး ပျံနေတာပဲ။ တော်လိုက်တာ "
ထိုကဲ့သို့ ထင်ရှားလှသော လက်တွန်းလှည်းက အဆောင်၀န်းထဲတွင် ရှိနေသဖြင့် မြင်သွားကြသူများက လာစပ်စုကြသည်။
စုယွဲ့ စိတ်ရှည်လက်ရှည် ရှင်းပြပေးလိုက်သည့်အခါ အမျိုးသမီးတစ်စုက စိတ်၀င်စားသွားကြပြီး တွန်းလှည်းကို လှည့်ပတ်ကြည့်နေကြသည်။ ဆော့နေကြတဲ့ ကလေးတွေလည်း ရောက်လာကြကာ အားကျနေကြပြီး သူတို့လည်း စီးကြည့်ချင်တယ်လို့ ပြောကြသည်။
ထိုအခါ ရှောင်ပေါင်က ဂုဏ်ယူနေဟန်ဖြင့် လက်ခုပ်လေးတီးကာ " လှည်း လှည်း " ဟုဆိုပြီး ကြွားခဲ့သည်။
စုယွဲ့ ရှက်သွားမိသည်။ ရှောင်ပေါင်ကတော့လေ၊ တစ်ခြားကလေးတွေကို ကြွားပြနေတော့တာပဲ။ တော်သေးသည်က တာ်ပေါင်က ငြိမ်နေခဲ့သည်။
စုယွဲ့နှင့် အသက်မကွာသော အမျိုးသမီးနှစ်ယောက်ကလည်း တွန်းလှည်းကို စိတ်၀င်တစားကြည့်နေကြကာ အသေးစိတ်မေးနေကြသည်။ အမေဟန်၏ နေရာမှနေကာ တွန်းလှည်းကိုတွန်းကြည့်သည့်အခါ အားသိပ်မသုံးရသည်ကို သိသွားကြပြီး သူတို့လည်း တစ်ခုလောက်လိုချင်လို့ ဘယ်မှာ၀ယ်လို့ရမလဲလို့ မေးခဲ့ကြသည်။
စုယွဲ့လည်း လက်သမားဆရာ၀မ်ဆီမှာ လုပ်ခိုင်းလို့ရကြောင်း ပြောပြလိုက်သည့်အခါ ထိုနှစ်ဦးက နောက်နေ့ကြမှ သွားမှာဦးမယ်လို့ ပြောခဲ့သည်။
တွန်းလှည်းကို အဆောင်၀န်းထဲ၌ ပတ်တွန်းပေးနေသဖြင့် အားလုံးနီးပါး လာ၀ိုင်းကြည့်ကြသည်။ သို့သော်လည်း ကလေးနှစ်ယောက်တော့ မပါပေ။ သူတို့လည်း စုယွဲ့တို့နောက်သို့ လိုက်ချင်သော်လည်း မိဘများက ခွင့်မပြုခြင်းကြောင့်ဖြစ်သည်။
တွန်းလှည်းကို လှေကားပေါ် တွန်း၍ မဖြစ်နိုင်သဖြင့် စုယွဲ့က မ,ဖို့လွယ်အောင် ဘေးနှစ်ဖက်၌ လက်ကိုင်နှစ်ခုထည့်ထားခိုင်းခဲ့သည်။ ယခုအခါ အမေဟန်နှင့် စုယွဲ့တို့ တစ်ဖက်ဆီမှကိုင်၍ မသွားလိုက်ကာ ကလေးနှစ်ယောက်ကို တတိယထပ်ထိ ခေါ်လာခဲ့လိုက်သည်။
ဖန်းရှောင်းလီ၏သား ဖုန်းဇီထောင်က လှေကားထိပ်တွင် ဆော့နေတာဖြစ်ပြီး တွန်းလှည်းကိုမြင်သောအခါ အမေဖြစ်သူ၏ ဘေးအိမ်ကို မခေါ်ရဘူးဟူသည့်စကားကို မေ့ပစ်လိုက်ပြီး လာကိုင်ကြည့်ခဲ့သည်။ ပျော်ဖို့ကောင်းတယ်ထင်ကာ သူလည်း ၀င်ထိုင်ကာ စီးချင်သွားသဖြင့် စုယွဲ့နှင့် အမေဟန်ကို ပြောခဲ့သည်။ " သူတို့ကိုဆင်းခိုင်းလိုက် သားစီးကြည့်မလို့ "
ထိုကလေး၏ ဘ၀င်ဟပ်နေဟန်ကို စုယွဲ့လည်း ကျင့်သားရနေပြီဖြစ်သဖြင့် ဂရုမစိုက်ချင်တော့ပေ။ ရှောင်နိုင်သမျှရှောင်ကာ ဖန်းရှောင်းလီလို အကျိုးမသိ အကြောင်းမသိသော မိန်းမနှင့် စုယွဲ့ ထပ်ရန်မဖြစ်လိုချေ။ တံတွေးကုန်တာပဲ အဖက်တင်မည်ဖြစ်သဖြင့် စုယွဲ့ ဘာမှပြန်မပြောတော့ဘဲ အမေဟန်ကို အချက်ပြကာ တွန်းလှည်းကို အိမ်ထဲတွန်းသွားစေလိုက်ပြီး သူမပါ လိုက်၀င်ကာ တံခါးပြန်ပိတ်လိုက်တော့သည်။
ဖုန်းဇီထောင်က သူ့ကို ဘယ်သူမှ အဖက်မလုပ်သဖြင့် အပြင်၌ တစ်ယောက်တည်း ကျန်ခဲ့ကာ တံခါးကို ကန်နေခဲ့သည်။
လူကြီးတစ်ယောက်သာဆို စုယွဲ့ သွားရိုက်ပစ်လောက်သော်လည်း ကလေးတစ်ယောက်ကို သွားရိုက်၍ မဖြစ်တာကြောင့် မကြားချင်ယောင်ဆောင်နေလိုက်ရသည်။
ခဏကြာသည်အထိ အိမ်ထဲမှ ဘယ်သူမှ ထွက်မလာသဖြင့် ဖုန်းဇီထောင်က အပြင်မှ အော်နေခဲ့သည်။ " အထဲမှာ လိပ်တွေလို ပုန်းမနေကြနဲ့။ ဒီလောင်ဇီ့ကို လာတွေ့စမ်းပါ! ဒီလောင်ဇီကို ကြောက်လို့ ထွက်မလာရဲကြတာလား။ သတ္တိရှိရင် ထွက်လာကြစမ်း! "
ထိုကလေး လေသံက အမေဖြစ်သူနှင့် တစ်ထပ်တည်းပင်။ ငယ်ငယ်လေးပဲ ရှိသေးတာကို ရိုင်စိုင်းနေလိုက်တာ၊ သူ့အမေဆီကနေ အဲ့လို ဘ၀င်လေဟပ်ပြီးစိတ်ကြီး၀င်နေတဲ့လေသံကို သင်ထားတာပဲ နေမှာပေါ့။
" ဒီကလေး ဘယ်လိုဖြစ်နေတာလဲ။ ငါ သွားဆုံးမဦးမယ်" အမေဟန်က ကလေးတစ်ယောက်ဆီမှ အအော်ခံနေရ၍ ဒေါသထွက်ကာ အပြင်ထွက်ပြီး သွားရိုက်မည်လုပ်ခဲ့သည်။
စုယွဲ့ တားရတော့သည်။ " အမေ ကလေးနဲ့ ဘာလုပ်မလို့လဲ။ ပြောလည်း နားထောင်မှာမှ မဟုတ်တာ။ အချိန်ကြရင် သူ့ထိုက်နဲ့သူ့ကံ သွားပါလိမ့်မယ်၊ သူတို့မိဘတွေ သင်ပေးရမယ့်ဟာတွေလေ။ အိုက်ကော ပြန်လာမှ သူ့ကို တပ်ရင်းမှုးဖုန်းကို ပြောခိုင်းလိုက်မယ်။ သူတို့သားကို သူတို့ဘာသာပဲ ဆုံးမပါစေ "
အမေဟန်ကလည်း ကလေးတစ်ယောက်နဲ့ ဖက်ဖြစ်နေဖို့ မသင့်တော်တယကို သိသဖြင့် စိတ်လျှော့လိုက်သည်။
အပြင်တွင် ဖုန်းဇီထောင်က အော်ဟစ်နေသဖြင့် အဖွားဖုန်းက အတင်းအကြပ် လာခေါ်သွားတော့မှ ပြန် တိတ်ဆိတ်သွားတော့သည်။
ရှောင်ပေါင်က အသံမကြားတော့သည့်အခါ တံခါးကို လက်ညှိုးထိုးကာ စုယွဲ့ကို ပြောခဲ့သည်။ " မားမား? မကြား... ? မား ...မကြား ..."
စုယွဲ့လည်း သားငယ် ဘာပြောချင်သည်ကို နားလည်သဖြင့် ခါးကိုင်းကာ ပါဖောင်းဖောင်းလေးကို နမ်းလိုက်သည်။ " မားမား သိတယ် "
အသံတိတ်သွားပြီးနောက်တွင် တံခါးခေါက်သံကို ကြားလိုက်ကြရသည်။