အပိုင်း ၈၂
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၈၂ - တွန်းလှည်းကျိုးသွားခြင်း၊ ညီငယ်လေး





တာ့ပေါင်ရော ရှောင်ပေါင်ပါ တံခါးခေါက်သံကို ကြားလိုက်ကြသည်။ ရှောင်ပေါင်က မျက်လုံးလေးများကို ဖွင့်ကြည့်ကာ တံခါးကို လက်ညှိုးထိုးပြပြီး " အာ " ဟုအော်လျက် အမေဖြစ်သူကို သတိပေးခဲ့သည်။



တာ့ပေါင်က တံခါးကိုကြည့်နေရာမှနေ ရုတ်တရက် " မကောင်းဘူး " လို့ ပြောလိုက်သည်။ 



အမေဟန်နှင့် စုယွဲ့က ကြားလိုက်သည်ကို မယုံနိုင်ဖြစ်သွားကာ တာ့ပေါင်ကို အံ့သြတကြီး ကြည့်လိုက်မိကြသည်။ 



တာ့ပေါင်က သူ့အဘွားနဲ့ အမေ သေချာမကြားလိုက်ဘူးလို့ထင်ကာ ထပ်ပြောခဲ့သည်။ " မားမား မကောင်းဘူး! အပြင်မှာ လူဆိုးတွေ  ရှိတယ်! "



ထိုအခါမှ စုယွဲ့ နားလည်သွားကာ တာ့ပေါင်ရဲ့ စကားတက်နေမှုကို အံ့အားသင့်မိသွားသည်။ ဒီကလေးက တကယ်ဉာဏ်ကောင်းတာပဲ။ သူက လူဆိုးဆိုတာက ဘာလဲဆိုတာကိုတောင် သိနေပြီဖြစ်သည်။ 



တာ့ပေါင်ကို တစ်ယောက်မှ သင်ပေးထားတာ မဟုတ်ဘဲ သူ့ဘာသာ တက်နေခြင်းဖြစ်သည်။ 



" တာ့ပေါင်က ဉာဏ်ကောင်းလိုက်တာ! တံခါးအပြင်မှာရှိနေတာက လူဆိုးကြီးဆိုတာကို သိနေပြီပေါ့ ဟုတ်လား " စုယွဲ့ သူမသားကြီးကို နမ်းလိုက်ကာ " ဘယ်သူလဲ " ဟုအပြင်ကို လှမ်းမေးလိုက်သည်။ 



အဖွားစွန်းက အသံပြန်ပေးခဲ့သည်။ " အဒေါ်ပါ တံခါးဖွင့်ပေးပါဦး "



စုယွဲ့နှင့် အမေဟန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ ဖုန်းဇီထောင်ဆိုတဲ့ ကလေးလို့ ထင်နေခဲ့သော်လည်း တကယ်က အဖွားစွန်းဖြစ်နေခဲ့သည်။ 



အမေဟန်က တံခါးသွားမဖွင့်ပေးခင် " နောက်ထပ် စိတ်၀င်စားစရာ ပွဲတစ်ခုပဲနေမှာ " ဟုတိုးတ်ိုးလေး ပြောသွားသေးသည်။



တံခါးပွင့်သွားသည်နှင့် အဖွားစွန်းက အိမ်ထဲသို့ အတင်း၀င်လာကာ လက်တွန်းလှည်းကို သွားကြည့်ခဲ့သည်။ " ဪ ဒါလေးလား၊ အဒေါ်က ဟင်းရွက်ခင်းထဲမှာ ဟင်းရွက်သွားခူးနေလို့ အခုမှကြားတာ။ ရှောင်စုတို့အိမ်က ကလေးတွေအတွက် တွန်းလှည်းလေးလုပ်လာတယ်ဆိုတာကိုလေ၊ သူတို့တွေက အတော်လေး ကောင်းတယ်လို့ပြောနေကြတော့ အဒေါ်လည်း သိချင်တာနဲ့ ရောက်ရောက်ချင်း လာကြည့်တာ "



ပြောပြီးနောက်တွင် တွန်းလှည်းကိုကိုင်ကြည့်လိုက် အမိုးကိုကိုင်ကြည့်လိုက်ဖြင့် လုပ်နေခဲ့သည်။ " ဘာလို့ ဒီလောက်ကောင်းတဲ့ ပစ္စည်းမျိုးရှိနေတာလဲ။ ဒါသာရှိနေရင် အမေဖြစ်သူလည်း တော်တော်သက်သာသွားမှာပဲနော်။ အရင်တုန်းကဆို အဒေါ်တို့က အလုပ်လုပ်ရင်း ကလေးကိုချီထားရတာ၊ တစ်ခါတစ်ခါဆို တစ်ယောက်ကို လက်ကပွေ့ပြီး နောက်တစ်ယောက်ကို ကျောပိုးထားခဲ့ရတာ။ ပြီးသွားရင် ပင်းပန်းလွန်းလို့ ထတောင်မထနိုင်တော့ဘူး။ ရှောင်စု အဒေါ်ကြားတာတော့ ဒါက ရှောင်စုရဲ့ အကြံဆို။ ဘာလို့ အဲ့လောက်တောင် တော်နေရတာလဲ "



စုယွဲ့ ခေါင်းခါရင်း ပြုံးပြလိုက်သည်။ 



အဖွားစွန်းက တွန်းလှည်းအား အိမ်ထဲတွင် ပတ်၍တွန်းကြည့်နေပြီး အတော်လေးလည်း သဘောကျလို့နေသည်။ " ဒီဟာလေးက တကယ်သက်သာတာပဲနော်။ ချီရတာထက် တော်တော်ကြီးကို သက်သာတာ။ အဒေါ်တို့အိမ်မှာလည်း တစ်ခုလောက်ရှိထားရမယ်။ အဒေါ်ပြောချင်တာက အဒေါ့်ချွေးမသာ သားလေးတစ်ယောက်လောက် မွေးပေးမယ်ဆိုရင် ပြောတာပါအေ။ ဒါနဲ့ တာ့ပေါင်နဲ့ ရှောင်ပေါင်ကလည်း ကြီးလာမှာဆိုတော့ သုံးလို့မရတော့ရင် အလဟသမဖြစ်အောင် အဒေါ့်မြေးကို ပေးလိုက်ပေါ့ "



ပတ်ပြီး အတွန်းခံနေရသည့် တာ့ပေါင်နဲ့ ရှောင်ပေါင်က မပျော်ကြတော့ပေ။ စကားတွေ တောက်လျှောက်ပြောနေသည့် အဘွားနှင့်လည်း ဆက်မဆော့ချင်တော့သလို တွန်းလှည်းပေါ်၌လည်း ဆက်မနေချင်တော့သောကြောင့် စုယွဲ့ထံသို့ ချီရန် လက်လေးတွေကို ဆန့်ပေးခဲ့ကြသည်။ 



စုယွဲ့လည်း သားနှစ်ယောက်၏ အပြုအမူကို မြင်သောကြောင့် ကလေးနှစ်ယောက်ကို ချီပြီးလှည်းထဲမှ ထုတ်ပေးလိုက်သည်။ ကလေးနှစ်ယောက်က ခြေထောက်နှင့် ကြမ်းနှင့်ထိသည်နှင့် အခန်းထဲသို့ အပြေးသွားကြတော့သည်။ အခန်းတံခါးသို့ ရောက်သည့်အခါ စုယွဲ့ကို လှမ်းခေါ်ခဲ့ကြသည်။ " မား လာ လာ " 



မားမား သားတို့နဲ့ လာကစား။ 



သားနှစ်ယောက်က သူမကို မမေ့သွားဘဲ ခေါ်ဖို့သတိရသေးတာကြောင့် စုယွဲ့ သက်ပြင်းချလိုက်မိသည်။ တကယ်ကို စုယွဲ့ အဖွားစွန်းနှင့် စကားပြောမနေချင်ပေ။ ထို့ကြောင့် အမေဟန်နှင့် အဖွားစွန်းကိုထားခဲ့ကာ စုယွဲ့ ကလေးနှစ်ယောက်နဲ့ အတူဆော့ပေးဖို့ ထွက်သွားလိုက်သည်။ 



လက်တွန်းလှည်းလေးတစ်ခုကြောင့် အုတ်အော်သောင်းနင်းဖြစ်သွားမယ်လို့ စုယွဲ့ မထင်ထားခဲ့မိချေ။ အဆောင်၀န်းထဲမှ အမျိုးသမီးတော်တော်များများက စိတ်၀င်စားသွားကြကာ လက်သမားဆရာကြီး၀မ်ဆီ အပြေးအလွှား သွားမှာကြသည်။ 



ဒါကို အဆောင်ထဲမှာ ဖက်ရှင်တစ်ခု အစပျိုးပေးလိုက်တာလို့ ဆိုရမလား။ 



စုယွဲ့ တွေးတာ မှန်သည်။ သိပ်မကြာလိုက်၊ အဆောင်၀န်းထဲ၌ အမျိုးမျိုးသော လက်တွန်းလှည်းလေးများဖြင့် ပြည့်နေတော့သည်။ ကလေးရှိသော မိခင်အများစုက လက်သမားဆရာကြီး၀မ်ဆီမှ မှာယူထားကြတာ ဖြစ်သည်။ လက်သမားဆရာကြီးက စုယွဲ့ဆွဲထားသည့် ကလေးနှစ်ယောက်အတွက် ဒီဇိုင်းကို တစ်ယောက်စာလေးတွေ ပြင်လိုက်တာပင်။ ထို့ကြောင့် အဆောင်၀န်းထဲတွင် လက်တွန်းလှည်းတွန်း၍ သွားနေကြသော လူကြိိီးများကို တွေ့နေရတော့သည်။



ရွှီးချန်ကလည်း မွေးတော့မည်ဖြစ်သဖြင့် ကလေးအတွက် လိုအပ်သည်များကို ပြင်ဆင်နေတာဖြစ်သည်။ စုယွဲ့၏ လက်တွန်းလှည်းကိုမြင်သောအခါ ကလေးမွေးပြီးနောက်တွင် သုံးရအောင်ဆိုပြီး တစ်ခု ကြိုမှာခဲ့သည်။



အဆောင်၀န်းထဲ၌ ကလေးလူကြီးအကုန် တွန်းလှည်းများဖြင့် ဖြစ်နေသည်ကို မြင်သောအခါ ဖုန်းဇီထောင်က အားကျနေခဲ့သည်။ ထို့ကြောင့် အိမ်ပြန်ပြီး အမေဖြစ်သူကို ပူဆာတော့သည်။ 



ဖန်းရှောင်းလီလည်း တွန်းလှည်းကိုမြင်ပြီးနောက် အတော်လေးကောင်းတယ်လို့ထင်ခဲ့ပေမယ့် သုံးနှစ်အရွယ်ကလေးများထိသာ စီးလို့ရသည်ကို သိလိုက်ရသည်။ သူမ၏ သားက ငါးနှစ်ရှိနေပြီဖြစ်တာကြောင့် စီးမရနိုင်သဖြင့် ဖန်းရှောင်းလီက လက်မခံချေ။



သို့ဖြစ်၍ ဖုန်းဇီထောင်က မကျေမနပ်ဖြစ်ကာ ကြမ်းပေါ်၌ လူးလှိမ့် အော်ငိုနေပြီး အိပ်ပျော်သွားမှသာ တိတ်သွားတာဖြစ်သဖြင့် ဖန်းရှောင်းလီသည် ခေါင်းကိုက်နေရကာ စုယွဲ့ကိုလည်း စိတ်ထဲမှ အပြစ်တင်နေခဲ့သည်။ 



အဲ့မိန်းမက လျှောက်လုပ်ပြနေလို့ သူမသားက အိမ်မှာ ပြဿနာရှာရှာနေတာမဟုတ်ဘူးလား။ ပထမဆုံးအနေနဲ့ ကိတ်မုန့်လုပ်ပြပြီး သူမတို့ဆီက ပိုက်ဆံကိုလိုချင်နေတာ၊ အခု သူမတို့က ပိုက်ဆံမပေးတော့ဘူးဆိုတော့ နောက်တစ်မျိုးလုပ်ပြပြီး ကလေးကို ငိုအောင်လုပ်နေပြန်ပြီ။ 



ဒီစုယွဲ့ဆိုတဲ့ မိန်းမက တကယ်ကောက်ကျစ်တာပဲ။ သူမတို့ မိသားစုကို ပြဿနာမတက်၊ တက်အောင် လုပ်နေတာ။ 



ဒေါသထွက်ထွက်ဖြင့် ဖန်းရှောင်းလီက ဖုန်းဇီထောင် ပူဆာနေသည်ကို အလိုမလိုက်ခဲ့ချေ။

 


ဖုန်းဇီထောင်က ကြမ်းပေါ်တွင် လူးလှိမ့်ကာ ရင်ကွဲမတက် အော်ငိုနေခဲ့သည်။ " အမေက ဘေးအိမ်ကလို မဟုတ်ဘူး။ သူတို့က မုန့်ကောင်းကောင်းတွေလည်း လုပ်ပေးပြီး တွန်းလှည်းလည်း ၀ယ်ပေးတယ်။ အမေက သားကိုကြ ဘာမှ မ၀ယ်ပေးဘူး။ သား အမေ့ကို မလိုချင်တော့ဘူး! "



ဖန်းရှောင်းလီမှာ သွေးတက်ကာ မူးလဲချင်သွားမိသည်။ လက်ကိုမြှောက်ကာ ရိုက်မည်ကြံလိုက်သော်လည်း မရိုက်ရက်သဖြင့် ပြန်အော်ခဲ့သည်။ " ငါ့ကို ဘေးအိမ်က မိန်းမနဲ့ ယှဥ်နေတာလား။ အဲ့မိန်းမက တောသူမ၊ ပြီးတော့ နင့်အမေလို အလုပ်အကိုင်လည်း မရှိဘူး ၊ နင့်အမေက ကေဒါတစ်ယောက်ရဲ့သမီးဖြစ်တဲ့အပြင် ၀မ်ရှန့်မှာ အလုပ်လုပ်နေတာ ၊။ နင့်အမေကို အားမကျတဲ့သူမရှိဘူး သိရဲ့လာယ ဘေးအိမ်ကမိန်းမက ငါနဲ့ ယှဥ်နိုင်ပါ့မလား " 



အဖွားဖုန်းက ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းချရင်း သူမအခန်းထဲသာ ၀င်သွားခဲ့သည်။ ထိုသားမိနှစ်ယောက်ကို ဆက်ကြည့်မနေချင်တော့ပေ။



နောက်တစ်နေ့တွင် ဖန်းရှောင်းလီက လက်သမားဆရာ၀မ်ဆီသွားပြီး တွန်းလှည်းတစ်ခုက်ို ၀ယ်လာခဲ့သည်။ 



ဖန်းရှောင်းလီက ဖုန်းဇီထောင်ကို တွန်းလှည်းထဲထည့်ကာ တွန်းပေးနေသည်ကို မြင်သောအခါ စုယွဲ့မှာ ဘာပြောရမည် မသိတော့သည်အထိ ဆွံ့အသွားမိသည်။



ဖုန်းဇီထောင်က ငါးနှစ်ပဲရှိသေးကာ သိပ်မကြီးသေးသော်ငြား မိသားစုကောင်းကောင်းတွင် နေရသဖြင့် အတော်လေး၀သည်။ ထို့ကြောင့် စုယွဲ့ ဖုန်းဇီထောင်က လှည်းထဲတွင် ထိုင်နေသည်ကိုမြင်သည့်အခါ တွန်းလှည်း ကျိုးသွားမလားလို့ စိုးရိမ်မိသွားသည်။ 



သို့သော်ငြား ဖန်းရှောင်းလီက ထိုသို့ စိတ်ပူနေသည့်ဟန်မရှိဘဲ စုယွဲ့နှင့်အမေဟန်ကို မြင်တဲ့အခါ ဂုဏ်မောက်ပြခဲ့သည်။ တွေ့လား၊ နင်တို့အ်ိမ်က စလိုက်တယ်ဆိုရင်တောင် ငါ့သားမှာလည်း ရှိတာပဲ။ 



စုယွဲ့နှင့်အမေဟန်လည်း ပျော်သလိုသာလုပ်ကြပါစေလို့သာ တွေးပြီး ဘာမှ မပြောဖြစ်ချေ။ 



ဖန်းရှောင်းလီမှ သားဖြစ်သူကို အဆောင်၀န်းထဲ၌ တွန်းပေးနေပြီး သိပ်မကြာခင်မှာပဲ ဂျွတ်ခနဲအသံကို ကြားလိုက်ရကာ ချက်ချင်းဆိုသလိုပင် လှည်းကကျိုးသွားပြီး ဖုန်းဇီထောင်က မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ 



ထို့ကြောင့် အားလုံး ဖန်းရှောင်းလီတို့ သားအမိကို ၀ိုင်းကြည့်နေကြတော့သည်။ 



ဖုန်းဇီထောင်က သူ့လှည်းကျိုးသွားသည်ကို မြင်သောအခါ ၀ါးခနဲ အော်ငိုတော့သည်။ " သားရဲ့လှည်း! သားရဲ့လှည်း ပျက်သွားပြီ  "



ဖုန်းဇီထောင်ငိုတာကို မြင်တဲ့အခါ ရှောင်ပေါင်က ရယ်ရတယ်လို့ထင်ကာ လက်ခုပ်တီးပြီး တစ်ခစ်ခစ်ထရယ်ခဲ့သည်။ 



ကလေးတွေက ဘာဖြစ်နေသည်ကို နားမလည်ကြသော်လည်း တစ်ခြားကလေးငိုသည်ကို မြင်သည့်အခါ ပျော်တက်ကြသည်။ ငိိုလေလေ ပျော်လေလေဖြစ်ပေသည်။ စုယွဲ့ သူမ သားငယ်ကြောင့် ဆွံ့အသွားမိသည်။ 



တော်သေးသည်က တာ့ပေါင်က လိုက်ရယ်မနေတာပင် ဖုန်းဇီထောင်ငိုနေတာကို မျက်လုံး၀ိုင်း၀ိုင်းလေးများဖြင့် စိတ်၀င်တစားကြည့်နေခဲ့သည်။ သို့သော်လည်း သူလည်း ပျော်နေသည်ကို မြင်နိုင်သည်။ 



၀ိုင်းကြည့်ခံနေရသဖြင့် ဖန်းရှောင်းလီက အစတွင် ဒေါသထွက်သွားသော်လည်း ရှောင်ပေါင်က ထရယ်သောအခါ လူကြီးတွေက သင်ပေးထားလို့ ဖြစ်ရမယ်လို့ ထင်သွားပြီး ကျိုးသွားသော တွန်းလှည်းကို ခြေထောက်ဖြင့် ကန်လိုက်သည်။ " ဘယ်လ်ို တွန်းလှည်းမျိုးမို့လို့ နှစ်ရက်ပဲရှိသေးတာကို ကျိုးသွားရတာလဲ။ ပိုက်ဆံတွေ အများကြီး ပေးထားရတဲ့ဟာကို လက်သမားဆရာကို သွားပြီး အလျော်ပြန်တောင်းရမယ် "



ဘေးလူများက ထိုသို့ကြားသောအခါ သည်းမခံနိုင်တော့ဘဲ ၀င်ပြောလာကြသည်။ " ကျွန်မတို့လည်း ၀ယ်တာပဲလေ။ ကျွန်မတို့ဟာကတော့ အကောင်းကြီးပဲ။ ဒီလှည်းလည်း ခိုင်တာပါပဲ။ ရှင့်သားကသာ ၀နေတာ ပြီးတော့ ဒိီလှည်းတွေက နှစ်နှစ်၊ သုံးနှစ်သားတွေ စီးဖို့ လုပ်ထားတာလေ "



အခြားသူများကလည်း ထောက်ခံကြသည်။ " ဟုတ်တယ် ဟုတ်တယ်၊ ရှင့်သားက ကြီးနေပြီလေ လှည်းကဘယ်လောက်ကောင်းကောင်း ဘယ်ခံနိုင်မှာလဲ "



လူအများ၏ ၀င်ပါလာမှုကြောင့် ဖန်းရှောင်းလီက ပိုဒေါသထွက်သွားခဲ့သည်။ သူမရဲ့သားကို ၀တယ်လို့ပြောနေတာကို လက်ခံစရာလား။ " ငါ့သားက ဘယ်မှာ၀လို့လဲ၊ သူက အခုမှ ငါးနှစ်ပဲရှိသေးတာ။ ဒီတွန်းလှည်းမှာ ပြဿနာရှိနေတာ အသေအချာပဲ။ ဒါကို လုပ်ခိုင်းတဲ့သူက ဦးနှောက်မမှန်တာပဲနေမှာပေါ့၊ မဟုတ်ကဟုတ်ကတွေ လျှောက်လုပ်နေတာ " လို့စောင်းပြောပြီးနောက် စုယွဲ့က်ို မျက်စောင်းထိုးခဲ့သည်။ 



အခြားသူများလည်း တွန်းလှည်းကို စလုပ်သူမှာ စုယွဲ့ဖြစ်သည်ကို သိကြသဖြင့် စုယွဲ့အား လေးစားနေကြတာဖြစ်သည်။ ဖန်းရှောင်းလီက စုယွဲ့ကို စောင်းပြောနေတာ သိသဖြင့် အတော်လေး လွန်တာပဲလို့ ထင်သွားကြသည်။ ထို့ကြောင့် စုယွဲ့ဘက်မှနေကာ လှည်းက အတော်လေးကောင်းကြောင်းနှင့် လှည်းကိုစလုပ်တဲ့သူကလည်း အတော်လေးတော်ကြောင်း ပြန်ပြောကြတော့သည်။ 



ဘယ်လိုပင်ဆိုဆို စုယွဲ့ဘက်၌ လူများသည်။ 



ယခင်လိုသာဆို စုယွဲ့ဘက်မှ လိုက်ပြောပေးမည့်သူမရှိလောက်သော်လည်း ယခုတွင်မူ အခြေအနေက ကွဲပြားသွားပြီဖြစ်သည်။ ဟန်အိုက်ကောက တပ်ရင်းမှုးအဖြစ် ရာထူးတိုးသွားကာ အနာဂတ်တက်လမ်းကလည်း အဆုံးမရှိပေ။ ဖန်းရှောင်းလီ၏ ယောက်ျားထက်ပင် အလားအလာရှိတာကြောင့် အများစုက စုယွဲ့နှင့် ခင်မင်ချင်နေကြတာဖြစ်သည်။ 



ထို့အပြင် ဖန်းရှောင်းလီက မောက်မာသူဖြစ်သောကြောင့် အဆောင်၀န်းထဲမှ လူတော်တော်များများက သူမကို သဘောမကျကြပေ။ ထို့ကြောင့် အားလုံးက စုယွဲ့ဘက်မှသာ ၀င်ပါလိုကြသည်။ 



ဖန်းရှောင်းလီက အများနှင့်တစ်ယောက်ဖြစ်နေတာကြောင့် စုယွဲ့ကိုသာ မီး၀င်း၀င်းတောက်နေသော မျက်၀န်းများကြည့်ခဲ့သည်။ 



စုယွဲ့လည်း မျက်လုံးလှန်ပြလိုက်ကာ ဖန်းရှောင်းလီကို အဖက်လုပ်မနေတော့ဘဲ သားနှစ်ယောက်ကို တွန်းလျက် ထွက်လာလိုက်တော့သည်။ 



ဖန်းရှောင်းလီက စုယွဲ့၏ အပြုအမူကြောင့် ဒေါသထွက်သွားကာ လူက်ိုသွားရိုက်၍လည်း မရသောကြောင့် ကြိတ်မနိုင်ခဲမရဖြစ်ပြီး ကျိုးသွားသော လှည်းကိုသာ ကန်နေခဲ့သည်။ ထို့နောက် ဖုန်းဇီထောင်ကို ဆွဲခေါ်ကာ အိမ်သို့ပြန်သွားတော့သည်။ 



ထိုအကြောင်းအား အဆောင်ထဲမှ အမျိုးသမီးအများစုက နောက်ရက်များတိုင်သည်အထိ အတင်းပြောနေကြသဖြင့် ဖုန်းဇီထောင်အား ဖန်းရှောင်းလီက အပြင်ထွက်ဆော့ခွင့် ပိတ်လိုက်သည်။ 



အတင်းပြောခြင်းသည် အချိန်တစ်ခုသာကြာလိုက်ကာ တဖြည်းဖြည်းနှင့် ယင်းကိစ္စအား မေ့ပျောက်သွားကြသည်။ အခြားသော အကြောင်းအရာများပြောင်းသွားကာ ဘယ်ကိုယ်၀န်ဆောင်သည်ကတော့ ဘာလေးမွေးလောက်လဲ ဟူသောအကြောင်းအရာမျိုးကို ပြန်ရောက်သွားတော့သည်။ 



အဖွားစွန်းက ထိုအကြောင်းများကို သဘောကျပြီး အဆောင်၀န်းထဲ၌ အတင်းအပြောဆုံးသူဖြစ်လာသည်။ အမေဟန်က သဘောမကျသော်လည်း အမေဟန်ဆီ လာလည်ကာ အတင်းပြောလေ့ရှိသည်။ 



ထိုနေ့က ရွှီးချန်က စုယွဲ့ထံလာလည်တာ ဖြစ်သည်။ ထိုအခါ အဖွာစွန်းက မြင်သွားပြီး ရွှီးချန် ဗိုက်ကိုကြည့်ပြီး ပြောခဲ့သည်။ " ကောင်မလေး ကြည့်ရတာ နင့်ဗိုက်က ချွန်တော့ ကလေးက သားလေးပဲနေမှာ " 



ရွှီးချန် -" သားဖြစ်ဖြစ် သမီးဖြစ်ဖြစ်ပါ။ ကျွန်မကတော့ ဘာလေးပဲဖြစ်ဖြစ် ချစ်တယ် "



အဖွားစွန်းက သဘောမတူချေ။ " အဒေါ်ပြောချင်တာက သမီးရဲ့ ပထမကလေးက သမီးလေးဆိုတော့ ဒုတိယကလေးကို သားလေးဖြစ်စေချင်လို့ပါ။ မဟုတ်ရင် မျိုးဆက်ပျက်သွားမှာပေါ့။ ဒါကြောင့် မွေးမယ်ဆိုရင် သားလေးပဲမွေးစမ်းပါအေ "



စုယွဲ့လည်း စိတ်ထဲမှ သက်ပြင်းကြိတ်ချကာ ရွှီးချန်ကို လှမ်းကြည့်လိုက်သည်။ 



ရွှီးချန်လည်း ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ အဖွားစွန်းပြောနေသည်များကို ဆက်နားမထောင်ချင်တော့သဖြင့် ရွှီးချန်က ပင်ပန်းလို့ လှဲချင်တယ်ပြောကာ စုယွဲ့တို့အခန်းထဲ ၀င်သွားလိုက်သည်။ 



အခန်းထဲရောက်မှသာ စုယွဲ့တို့နှစ်ယောက်လုံး သက်ပြင်းချလိုက်မိကြသည်။ 



ရွှီးချန် - " အဒေါ်စွန်းက တကယ်အစွဲကြီးတာပဲ။  ဘာပဲပြောလိုက်ပြောလိုက် သားမွေးတယ်ဆိုတာ မပါရင်ကို မပြီးဘူး "



စုယွဲ့ - " မဟုတ်သေးဘူး သုံးခွန်းပြောရင် သုံးခွန်းလုံးက သားမွေးဖို့အကြောင်းကြီးပဲ။ အစ်မမာဆို သမီးနှစ်ယောက်မွေးထားလို့ဆိုပြီး ယောက္ခမရှေ့မှာ ခေါင်းမဖော်ရဲရှာဘူး "



ရွှီးချန်က ခုတင်ပေါ်၌ ၀င်ထိုင်လိုက်သည်။ " ယောက္ခမမကောင်းတာက တော်တော်ဆိုးတာပဲ။ တော်သေးတာပေါ့၊ အစ်မ ယောက္ခမတွေက အဲ့လိုမတွေးကြလို့။ သမီးလေးထပ်မွေးလည်း ရတယ်တဲ့။ ကလေးရလာတာကိုပဲ ပျော်နေကြတာ "



စုယွဲ့လည်း ပြုံးပြကာ ရွှီးချန်၏ ဗိုက်ကိုကိုင်ကြည့်ရင်း အဖွားစွန်းပြောသလို ဗိုက်ကချွန်နေတယ်ဆိုတာကို နားလည်အောင် ကြည့်နေမိသည်။ 



အမေဖြစ်သူက သူများဗိုက်ကိုကိုင်ကြည့်နေသည်အား တွေ့သောအခါ ရှောင်ပေါင်ကလည်း စိတ်၀င်စားသွားပြီး လက်ထဲမှ အရုပ်ကိုပစ်ချထားခဲ့ကာ ပြေးလာခဲ့သည်။ ထို့နောက် ခေါင်းလေးမော့ကာ ရွှီးချန်ကို မေးခဲ့သည်။ " ဒေါ်လေး ၊ ထိမယ်? "



ကလေးနှစ်ယောက်က ပြေးလွှားတက်ရုံသာမကတော့ဘဲ စကားလည်း အတော်တက်နေကြပြီဖြစ်သည်။ အထူးသဖြင့် စပ်စုတက်သော ရှောင်ပေါင်ပင်၊ သေချာမပြောတက်ကြသေးသောကြောင့် အခြားသူများအား အမေဖြစ်သူ စုယွဲ့က တစ်ဆင့် ဘာသာပြန်ပေးနေရသည်။



စုယွဲ့ -" သူက အစ်မရဲ့ ဗိုက်ကိုထိလို့ရမလားလို့ မေးနေတာ "



ထိုအခါမှ ရွှီးချန်လည်း သဘောပေါက်သွားကာ ရှောင်းပေါင် လက်ကိုကိုင်ပြီး သူမဗိုက်ပေါ် တင်ပေးလိုက်သည်။ ရှောင်ပေါင်က ထိလိုက်သည်နှင့် ဗိုက်ထဲက ကလေးက ကန်ခဲ့သည်။ ရှောင်ပေါင်က အံ့သြသွားကာ ပါးစပ်လေးဟလို့သွားသည်။



ရွှီးချန်ရော စုယွဲ့ပါ ထိုသည်ကိုကြည့်၍ ရယ်လိုက်မိကြသည်။ ရှောင်ပေါင်က တာ့ပေါင်ဘက်လှည့်ကာ အော်ခေါ်ခဲ့သည်။ " လာ၊ လာ ထိကြည့် " 



တာ့ပေါင်က ညီဖြစ်သူ ခေါ်သံကြောင့် ဖြည်းဖြည်းချင်းလျှောက်လာခဲ့သည် ။ 



ရှောင်ပေါင်က တာ့ပေါင် လက်ကိုဆွဲကာ ရွှီးချန် ဗိုက်ပေါ်တင်ပေးပြီး ကိုင်ကြည့်စေကာ ပြောခဲ့သည်။ " ညီညီလေး ညီညီလေး! "



တာ့ပေါင်က ခေါင်းညိတ်ပြကာ ဗိုက်ကို ကိုင်ကြည့်ခဲ့သည်။ 



ရွှီးချန် ပြုံးမိသွားသည်။ " ရှောင်ပေါင်၊ သားက ဘယ်လိုသိလဲ ညီညီလေးဆိုတာကိုလေ။ ဘာလို့ ညီမလေး မဟုတ်တာလဲ၊ ညီမလေးရော မချစ်ဘူးလား။ ညီမလေးကလည်း ချစ်ဖို့ကောင်းပါတယ် "



ရှောင်ပေါင်က မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ရွှီးချန် ဗိုက်ကို လက်ညှိုးထိုးပြီး ပြောခဲ့သည်။  " ညီညီလေး! ညီညီလေး! " 



ရွှီးချန်က သဘောကျသွားကာ စုယွဲ့ဘက် လှည့်ပြောခ့ြ့သည်။ " ကြည့်ရတာ ရှောင်ပေါင်က ညီလေးတွေပဲ သဘောကျတာထင်တယ် "



စုယွဲ့ ခေါင်းခါပြလိုက်ရသည်။ " ပုံမှန်ဆို ရှောင်းပေါင်က မိန်းကလေးတွေကို သဘောကျတာ။ အရင်တစ်ခေါက်တုန်းက အစ်မလျန်ရဲ့ ဗိုက်ကိုကြည့်ပြီးတော့ ညီမလေးလို့ ပြောခဲ့တာ။ အခု အစ်မဗိုက်ကိုကြ ယောက်ျားလေးလို့ ပြောနေတော့ ဘာမှန်းကို မသိတော့ဘူး။ ဒါပေမယ့် လူကြီးတွေပြောတာတော့ ကလေးတွေက လူကြီးတွေ မမြင်ရတာတွေကို မြင်နိုင်တယ်ဆို။ ကလေးတွေက တကယ်ပဲ ဗိုက်ထဲမှာ ဘာလေးရှိနေတာလဲဆိုတာကို မြင်နေရတာလားမှမသိတာ။ အဲ့လိုသာဆို အစ်မရဲ့ ကလေးက တကယ်ပဲ ယောက်ျားလေးဖြစ်နေမလား မသိဘူး "



ရွှီးချန်လည်း အဘိုးဖြစ်သူထံမှ ထိုသို့ကြားဖူးသော်လည်း မယုံကြည်ခဲ့ပေ။ ယခုတွင်လည်း ရှောင်ပေါင်ပြောနေတာကို အဓိပ္ပာယ်မရှိဟု ထင်နေမိသည်။ ကလေးတွေက ပြောချင်တာပြောနေသည်ကို အတည်ယူနေလို့မှ မဖြစ်တာ။



ရွှီးချန် ပြုံးရင်း ရှောင်ပေါင် ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ " ရှောင်ပေါင်လေး တကယ်ပဲ ညီလေးသာဆိုရင် သားက အတူတူဆော့ပေးရမှာနော် "



ရှောင်ပေါင်က ထိုသည်ကို နားလည်ကာ ချက်ချင်းပြန်ဖြေခဲ့သည်။ " ဆော့မယ်! " 


_  _ _ _


နောက်ထပ် လ၀က်ခန့်ကြာပြီးသောအခါ ရာသီဥတုက ပိုအေးလာသည်။ နှင်းများလည်း ကျလာကာ အတော်လေးပြင်းထန်သဖြင့် နှင်းမိုးရွာနေသလို ထင်ရသည်။ 



မနှစ်တုန်းက တာ့ပေါင်နဲ့ ရှောင်ပေါင်က ငယ်သေးတာကြောင့် နှင်းကျတာကို မမြင်ဖူးခဲ့ကြပေ။ ယခုအခါ နှင်းကျသည်ကို အံ့သြနေကြကာ အပြင်၌ ထွက်ဆော့နေချင်ကြသည်။ သို့သော်လည်း စုယွဲ့က ဖျားနာမည်စိုးသဖြင့် အပြင်ထွက်ခွင့်မပေးတာကြောင့် ညီအစ်ကိုနှစ်ယောက်က အိမ်ထဲမှ ပြတင်းပေါက်ကနေ လှမ်းကြည့်နေကြရသည်။ သို့သော်လည်း နှင်းများကို ထိကြည့်ချင်သဖြင့် လက်လေးများကို မမီတစ်မီ ဆန့်ထုတ်ထားကြသည်။ 



လက်ပေါ်သို့ နှင်းချပ်လေးများ ကျလာသည်က်ို အထူးအဆန်းလုပ်ကာ ကြည့်နေကြပြီး လက်ပေါ်မှ ပျောက်သွားသည့်အခါ ကလေးနှစ်ယောက်လုံးက " ၀ါး " ဟု အော်လိုက်ကြပြီး စုယွဲ့ဘက်လှည့်ကာ ပြောခဲ့သည်။ " မားမား ပျောက်သွားပြီ "



ကလေးနှစ်ယောက် နှင်းကျတာ ကြည့်နေတာကို စုယွဲ့ မတားမြစ်ဘဲ အနွေးထည်ထူထူ၀တ်ပေးကာ လည်စ်ီးလည်း စီးပေးထားလိုက်သည်။ အေးမနေအောင် သချောအောင်လုပ်ပြီးမှသာ အမေဟန်နှင့်ထားခဲ့ပြီး စုယွဲ့ လွန်ခဲ့သည့်နှစ်ရက်က မှာထားသည့် ကိတ်မုန့်များကို လုပ်ရန်မီးဖိုခန်းထဲ ၀င်သွားလိုက်သည်။



သို့သော်လည်း ကိတ်မုန့်လုပ်နေစဥ် တံခါးခေါက်သံကို ကြားလိုက်ရပြီး လက်ဆေးကာ စုယွဲ့ တံခါးသွားဖွင့်ပေးလိုက်သည်။ အဖွားစွန်းရောက်လာတာလို့ထင်ထားသော်လည်း မြင်လိုက်ရသူများကြောင့် စုယွဲ့ အံ့သြသွားမိသည်။ 



အပြင်၌ စစ်တပ်ယူနီဖောင်း၀တ်ထားကြသော တပ်သားနှစ်ယောက် ရပ်နေကြသည်။ 



ဟန်အိုက်ကော တစ်ခုခုဖြစ်လို့များ သတင်းပို့ဖို့ ရောက်လာကြတာလားလို့တွေးကာ စုယွဲ့ ထိတ်လန့်သွားမိသည်။ ဟန်အိုက်ကောက လေ့ကျင့်ရေးဆင်းဖို့ လွန်ခဲ့သော ရက်အနည်းငယ်က ထွက်သွားခဲ့တာဖြစ်ပြီး ပြန်မရောက်လာသေးပေ။ 



စုယွဲ့ အမြန်မေးလိုက်မိသည်။ " ကျွန်မ ယောက်ျားတစ်ခုခုဖြစ်လို့များလား၊ ဘာများဖြစ်လို့လဲရှင့်"



တပ်သားနှစ်ယောက်သည် တံခါး၀တွင်ပဲ ရပ်နေကြကာ ကိတ်မုန့်နံ့ကိုရသောအခါ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြိးနောက်မှ စကားပြောခဲ့ကြသည်။ " တပ်ရင်းမှုးဟန် တစ်ခုခုဖြစ်လို့ မဟုတ်ပါဘူး၊ ကျွန်တော်တို့က ခင်ဗျားကို လာရှာတာပါ "



စုယွဲ့ - " ကျွန်မကို ရှာတာ? ဘာကိစ္စရှိလို့လဲ? "



တပ်သားလေးတစ်ယောက်က ပြန်ဖြေပေးခဲ့သည်။ " ခင်ဗျားက တရားမ၀င်စီးပွားရေးလုပ်နေတယ်ဆိုပြီး တိုင်ကြားချက်ရထားလို့ပါ။ အဲ့ဒါကြောင့် စစ်ဆေးကြည့်ရမှာမို့လို့ ကျေးဇူးပြုပြီး ပူးပေါင်းပါ၀င်ပေးပါ "



စုယွဲ့ အံ့အားသင့်သွားမိသည်။