အပိုင်း ၈၃
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၈၃ - စစ်ဆေးခြင်း




စုယွဲ့ မလှုပ်မယှက်ရှိနေတာကို မြင်တဲ့အခါ တပ်သားနှစ်ယောက်က သတိထပ်ပေးခဲ့သည်။ အသံကလည်း ယခင်ကထက် ခက်ထန်လာခဲ့သည်။ " ကျေးဇူးပြုပြီး အခုချက်ချင်းလိုက်ခဲ့ပြီး စစ်ဆေးမှုကို ပူးပေါင်းပေးပါ "



စုယွဲ့ မရေမရာဖြစ်ကာ ပြန်မေးလိုက်သည်။ " ကျွန်မကို ဘယ်သူတိုင်တာလဲ သိခွင့်ရှိမလား "



တပ်သားတစ်ယောက်က မျက်မှောင်ကြုံ့သွားကာ ပြန်ဖြေခဲ့သည်။ " ဘယ်သူပဲတိုင်တိုင် ခင်ဗျားသိဖို့မလိုဘူး။ ခင်ဗျားလုပ်ရမှာက ကျွန်တော်တို့နဲ့ အတူလိုက်ပြီး စစ်ဆေးမှုကို ပူးပေါင်းပေးဖို့ပဲ "



သူမကို နောက်ကွယ်လူအကြောင်းကို မပြောချင်လို့မှန်း စုယွဲ့ သဘောပေါက်လိုက်သည်။ သူမ ဘယ်လောက်ပဲမေးမေး ပြောပြကြမည် မဟုတ်ချေ။



ဒီပုံအရသာဆို သူမကို ကျိန်းသေပေါက် ခေါ်သွားကြမည်ဖြစ်ကာ ညှာတာပေးမည့်ဟန် မရှိပေ။ သူမလည်း အချိန်ဆွဲလို့ရမှာ မဟုတ်ဘဲ လိုက်သွားရတော့မည် ထင်သည်။ 



ဟန်အိုက်ကောကလည်း အိမ်၌မရှိသဖြင့် စုယွဲ့ သေချာစဥ်းစားဖို့လိုပြီပင်။



စုယွဲ့ စိတ်ထဲမှ အကြံထုတ်လိုက်ပြီးနောက် တပ်သားနှစ်ယောက်ကို ပြောလိုက်သည်။ " ခဏလောက်စောင့်ပေးနိုင်မလားရှင်။ မလိုက်လာခင် အမေနဲ့ ကလေးနှစ်ယောက်က်ို အခြေအနေလေး ရှင်းပြသွားချင်လို့ပါ "



တပ်သားနှစ်ယောက်က တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ပြိိီးနောက် ခေါင်းညိတ်ပြကြသည်။ " ဒါဆိုလည်း မြန်မြန်လေးလုပ် အချိန်မဆွဲနဲ့ "



စုယွဲ့ အိမ်ထဲပြန်၀င်ကာ အခန်းထဲသွားပြီး အမေဟန်ကို အကျိုးအကြောင်း ပြောလိုက်သည်။ " အမေ အပြင်မှာ တပ်ထဲကလူတွေ ရောက်နေတာ သူတို့က သမီးကို စစ်ဆေးဖို့ခေါ်သွားချင်နေကြတယ်။ ဒါကြောင့် သမီး လိုက်သွားလိုက်ဦးမယ်။ အမေ ပြီးရင် အစ်မရွှီးချန်ကိုသွားရှာပြီး အကူအညီတောင်းကြည့်လိုက်"



အမေဟန်က အံ့အားသင့်သွားကာ တာ့ပေါင်နှင့် ရှောင်ပေါင်ကို ကျွေးဖို့ လက်ထဲမှာ ကိုင်ထားတဲ့ မုန့်လည်း ပြုတ်ကျသွားတော့သည်။ " ဘာကိစ္စနဲ့လဲ ဘာအကြောင်းနဲ့ ယွဲ့အာကို စစ်ဆေးမှာတဲ့လဲ ဘာတွေဖြစ်လို့လဲ "



စုယွဲ့ ယောက္ခမဖြစ်သူကို ပုခုံးပုတ်ပေးကာ နှစ်သိမ့်ပေးရင်း ပြန်ဖြေလိုက်သည်။ " အမေ စိတ်မပူပါနဲ့။ သမီးကို ကြည့်မရတဲ့ တစ်ယောက်ယောက်က တိုင်လိုက်တာနေမှာ။ သမီး ၀န်မခံရင် သူတို့လည်း ဘာမှမလုပ်နိုင်ဘူး။ ပြီးတော့ ကိတ်မုန့်တွေက အစ်မရွှီးချန်ကနေ တစ်ဆင့်ပေးတာမို့လို့ အစ်မရွှီးချန်ရဲ့ မိသားစုတွေ အမျိုးတွေချည်းပဲ။ အစ်မရွှီးချန်သာ ရှေ့ထွက်ပြီးလာပြောပေးမယ်ဆိုရင် အဆင်ပြေသွားမှာ။ "



အမေဟန်က စုယွဲ့လက်ကိုကိုင်ပြီး စိတ်မချဟန်ဖြင့် ပြန်မေးခဲ့သည်။ " အဲ့လိုဆိုရင် အဆင်ပြေမှာ သေချာရဲ့လား။ ယွဲ့အာကို ဘာမှမလုပ်လောက်ကြပါဘူးနော် ဟုတ်တယ်မလား။ အခု အိုက်ကောကလည်း အိမ်မှာမရှိတော့ တပ်ထဲမှာ ဘယ်သူမှ အကူအညီမပေးနိုင်လောက်ဘူး။ ဘာလို့ အဲ့လိုတိုက်ဆိုင်နေရတာလဲ အိုက်ကော တပ်ထဲမှာ မရှိတဲ့အချိန်ကြမှ ဖြစ်ရတယ်လို့ "



စုယွဲ့ အကြည့်များ နက်မှောင်သွားသည်။ သူမ သက်ပြင်းတစ်ချက်ချပြီးနောက် ပြောခဲ့သည်။" အမေ အရမ်းစိုးရိမ်မနေပါနဲ့။ အမေက ကလေးနှစ်ယောက်ကိုလည်း ဂရုစိုက်ရဦးမယ်လေ။ သမီး အဆင်ပြေသွားမှာပါ။ သမီးသွားတာနဲ့ အစ်မရွှီးချန်တို့အိမ်ကိုသွားပြီးတော့ အကူအညီတောင်းလိုက်။ အစ်မရွှီးချန် ကူညီလိုက်တာနဲ့ သမီး အိမ်ပြန်လာလို့ရမှာပါ "



တံခါးအပြင်၌ စောင့်နေကြသဖြင့် စုယွဲ့ အချိန်ဆွဲ၍ မဖြစ်ချေ။ ရင်ထဲက ပူပန်နေတဲ့ ခံစားချက်ကို လျစ်လျူရှုလိုက်ကာ တာ့ပေါင်နဲ့ရှောင်ပေါင်ကို တစ်ယောက်ချင်းဆီကို ပွေ့ဖက်ပြီး နမ်းလိုက်သည်။



ရှောင်ပေါင်က အမေဖြစ်သူ သူနဲ့ကစားပေးနေတာလို့ ထင်ပြီး စုယွဲ့ကို ပြန်နမ်းခဲ့သည်။ " မားမား မွှေးမွှေးပေး "



တာ့ပေါင်ကလည်း စုယွဲ့ရဲ့ အခြားပါးတစ်ဖက်ကို လာနမ်းခဲ့သည်။ 



စုယွဲ့ နှုတ်ခမ်းကိုက်ထားရင်းဖြင့် သားနှစ်ယောက်ကို မှာလိုက်သည်။ " မားမားက အရသာရှိတဲ့အစားအစာတွေ ၀ယ်မလို့ အပြင်သွားရမှာ။ ဒါကြောင့် ဖွားဖွားရဲ့စကားကို နားထောင်ကြရမယ်နော်။ နားမထောင်ဘူးဆိုရင် မားမားက မုန့်တွေမကျွေးဘူး။ နားလည်ကြလား။"



အမေဖြစ်သူ အပြင်သွားမည်ဟု ကြားသည်နှင့် ရှောင်ပေါင်က စုယွဲ့ လည်ပင်းကိုဖက်ကာ ပြောခဲ့သည်။  " မားမား  တူတူ ခေါ်  ရှောင်ပေါင်ကို "



မားမား ရှောင်ပေါင်ကိုလည်း ခေါ်ပါ။ 



စုယွဲ့ ခေါင်းခါပြလိုက်သည်။ " မားမား ခေါ်သွားလို့မရဘူး။ အပြင်မှာ နှင်းတွေကျနေလို့ အေးနေတယ်။ အပြင်ထွက်ရင် ခဲသွားလိမ့်မယ် " လို့ပြောကာ စုယွဲ့က ချမ်းတုန်နေသည့် အမူအရာလုပ်ပြလိုက်သည်။ 



ရှောင်ပေါင်ကလည်း စုယွဲ့လို လိုက်လုပ်ကာ ပြန်မေးခဲ့သည်။  " အေးတယ်? " 



စုယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ " ဟုတ်တယ် အရမ်းအေးတယ်။ သားတို့နှစ်ယောက်က ငယ်သေးတော့ အပြင်ထွက်လို့မရသေးဘူး။ မားမားက တစ်ယောက်တည်းသွားပြီး မုန့်တွေသွား၀ယ်ပေးမယ်နော် "



ရှောင်ပေါင်က စုယွဲ့ လက်ကိုကိုင်ထားဆဲဖြစ်ပြီး မလွှတ်ပေးချင်ပေ။ 



တာ့ပေါင်လည်း အမေဖြစ်သူနဲ့ လိုက်ချင်ပေမယ့် သူတို့ကို မခေါ်ဘူးဆိုတာ သိတာကြောင့် ရှောင်ပေါင်ကို ဖက်ကာ ပြောခဲ့သည်။" အေးတယ် သွားလို့မရဘူး" 



တာ့ပေါင်က ထိုသို့ပြောမှသာ ရှောင်ပေါင်က စုယွဲ့ကို မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ပေးပြီး ပြောခဲ့သည်။ " မားမား မြန်မြန်ပြန်လာ " 



စုယွဲ့ မျက်ရည်၀ဲလာသဖြင့် ခေါင်းမော့ကာ ပြန်ထိန်းလိုက်ပြီးမှ ကလေးတွေကို ပြုံးပြလိုက်သည်။ " ပြန်လာမှာပေါ့။ မားမားက ခဏနေရင် ပြန်လာမှာ။ ဖွားဖွား ပြောစကားကို နားထောင်ကြနော် "



ညီအစ်ကိုနှစ်ယောက်က နားထောင်မယ်ဟူသော အဓိပ္ပာယ်ဖြင့် ခေါင်းလေးတွေကို ညိတ်ပြခဲ့ကြသည်။ 



စုယွဲ့ မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး အိမ်ထဲမှထွက်ကာ တပ်သားနှစ်ယောက် နောက်လိုက်သွားလိုက်သည်။ 



စုယွဲ့က အလျင်စလိုထွက်လာတာဖြစ်သောကြောင့် သူမ၀တ်ထားသည်များကလည်း မထူသလို ထီးကိုလည်း မယူလာမိသဖြင့် နှင်းများက သူမကိုယ်ပေါ်သို့ ကျလာသည်။ စုယွဲ့ တစ်ကိုယ်လုံးချမ်းတုန်လာမိသည်။ သူမကိုယ်၌ အနွေးဓာတ်မကျန်တော့သလိုဖြစ်ကာ လက်ဖျားခြေဖျားများလည်း အေးစက်လာပြီး နှာရည်မျာလည်း စီးကျချင်လာသည်။ ခဏအကြာတွင် သူမတစ်ကိုယ်လုံး နှင်းများရွှဲသွားတော့သည်။ 



တပ်သားနှစ်ယောက်က စုယွဲ့ ဘေးတစ်ဖက်စီတွင် လိုက်ပါလာပြီး ခက်ထန်သောမျက်နှာထားဖြင့်  ရှိနေကာ ဘာတစ်ခွန်းမှမပြောပါဘဲ စုယွဲ့ကို တပ်တွင်းသို့ခေါ်သွားကာ အခန်းလေးတစ်ခုထဲ ၀င်စေခဲ့သည်။ အခန်းနံရံထက်၌ တံခါးပိတ်ထားသည့် ပြတင်းပေါက်ငယ်လေးတစ်ခုပဲရှိသည်။ အခန်းထဲတွင်မူ စားပွဲတစ်လုံးနှင့် ခုံနှစ်လုံးပဲရှိကာ မျက်နှာကြတ်မှနေ ချိတ်ဆွဲထားသော မှိန်ပျပျမီးလုံးတစ်လုံးပဲရှိတာကြောင့် ခြောက်ခြားဖွယ်ခံစားချက်ကို ပေးနေခဲ့သည်။ 



အခန်းထဲသို့၀င်လိုက်သည်နှင့် စုယွဲ့ကိုယ်တိုင်လည်း မသိလိုက်ဘဲ ကြက်သီးများထလာမိသည်။ 



တပ်သားနှစ်ယောက်က စုယွဲ့ အခန်းထဲ၀င်ပြီးသည်နှင့် တံခါးကို ဗန်းခနဲမြည်အောင်ပိတ်သွားပြီး စုယွဲ့ကို တစ်ယောက်တည်း ထားသွားကြသည်။ 



စုယွဲ့၏ မျက်ခုံးများလည်း လှုပ်နေသလို နှလုံးလည်း တုန်နေမိသည်။ မသိစိတ်ထဲ၌ တစ်ခုခုမူမမှန်သည်ကို သိနေသော်လည်း တကယ်တမ်းတွင် ဘာကြောင့်ဖြစ်နေလဲဆိုတာ မပြောနိုင်ဖြစ်နေခဲ့သည်။ စုယွဲ့က သူမ စိတ်ကိုငြိမ်အောင် အတက်နိုင်ဆုံးထိန်းချုပ်ပြီး ငြိမ်ငြိမ်လေး၀င်ထိုင်ကာ စောင့်နေလိုက်သည်။ 



သို့သော် စုယွဲ့ တစ်နေ့လုံးစောင့်နေခဲ့ကာ မိုးချုပ်လာသည်အထိ စောင့်နေခဲ့သော်လည်း စစ်ဆေးမည့်သူက ရောက်မလာပေ။ တစ်ယောက်မှ စုယွဲ့ကို အဖက်မလုပ်ဘဲ ပစ်ထားခဲ့ကြသည်။ 



စုယွဲ့မှာ ဗိုက်ဆာသဖြင့် တဂွီဂွီမြည်နေပြီဖြစ်သည်။ စုယွဲ့မှာ အေးကလည်းအေးနေပြီး ဗိုက်ကလည်းဆာနေသဖြင့် တုန်ယင်နေခဲ့သည်။ 



ဘာတွေဖြစ်နေလဲကို စုယွဲ့လည်း မသိတော့ပေ။ သူမအား စစ်ဆေးဖို့ခေါ်လာတယ်ပြောသော်လည်း ဘာလို့ ဘယ်သူမှ မလာသေးတာလဲ။ ထို့အပြင် အမေဟန်ကလည်း အစ်မရွှီးချန်ထံ အကူအညီသွားတောင်းပြီးလောက်ပြီဖြစ်ကာ အစ်မရွှီးချန်လည်း သူမကို ကူညီပေးမှာ သေချာနေတာကို ဒီလောက်ကြာနေတာတောင် ဘာလို့ရောက်မလာရသေးတာလဲ။ 



အချိန်များ တစ်ဖြည်းဖြည်းနှင့် ကုန်ဆုံးသွားကာ ညဆယ့်တစ်နာရီပင် ရှိနေပြီဖြစ်သည်။ သူမကို စစ်မေးမည့်သူ ရောက်မလာလောက်တော့ဘူးလို့ ထင်မိသည်။ စုယွဲ့ ခေါင်းလည်း မူးလာသဖြင့် ကိုယ်ကိုကျုံ့ကာ တင်းတင်းဖက်၍ ထိုင်ခုံပေါ်၌ထိုင်နေရင်းဖြင့်ပင် မျက်လုံးများကို မှိတ်လိုက်မိသည်။ အိပ်ပျော်သွားလျှင် အအေးဒဏ်ရော ဗိုက်ဆာနေခြင်းပါ  ပျောက်သွားမလားဟူသည့် မျှော်လင့်ချက်ဖြင့် ထိုသို့လုပ်လိုက်တာဖြစ်သည်။ 



တဖြည်းဖြည်းနှင့် စုယွဲ့လည်း အိပ်ပျော်လိုက်မပျော်လိုက်ဖြစ်နေကာ အချိန်မည်မျှကြာသွားသည်မသိပေ။ ဒုန်းခနဲဟူသော အသံအကျယ်ကြီးကြောင့် စုယွဲ့ လန့်နိုးလာခဲ့သည်။ 



စုယွဲ့ အချိန်ကို မကြည့်ရသေးခင်မှာ သံတံခါးက ဖွင့်ခံလိုက်ရပြီဖြစ်ကာ စစ်၀တ်စုံ၀တ်လူနှစ်ယောက် ၀င်လာကြသည်။ ဦးဆောင်လာသူက အသက်လေးဆယ်အရွယ်ရှိပြီး စုယွဲ့ကို မျက်မှောင်ကြုံ့ကြည့်ရင်း သူမနဲ့ မျက်နှာချင်းဆ်ိုင်၌ ၀င်ထိုင်ခဲ့သည်။ 



လာပြီပဲ! 



စုယွဲ့ မူးဝေနေတာက်ို တောင့်ခံလိုက်ပြီး စစ်မေးမှာကို စောင့်နေလိုက်သည်။ 



မျက်နှာချင်းဆိုင်ရှိလူက စုယွဲ့က်ို စ််ိုက်ကြည့်နေပြီး အချိန်အတော်ကြာသည်အထိ စကားမပြောပေ။ သာမန်လူသာဆိုပါက ထိုသို့စိုက်ကြည့်ခံနေရပါက အကြောက်လွန်ကာ မမေးသေးခင်မှာပဲ အကုန်၀န်ခံကြကုန်လောက်သည်။ 



အဲ့ဒါက သူမကို စိတ်ပိုင်းဆိုင်ရာ ခြောက်လှန့်နေတာကို စုယွဲ့ သိသည်။ သူမ စိတ်ခြောက်ခြားလာပြီး လိုလိုလားလား ၀န်ခံမလားလို့ စမ်းသပ်နေတာပင်။



သို့သော်လည်း ထိုလူက သူမကို ဘာလို့ ဒီလိုဆက်ဆံနေလဲကို စုယွဲ့ နားမလည်နိုင်ချေ။ သူမက စစ်ဆေးမှုကို ပူးပေါင်းပေးရုံသာဖြစ်ပြီး တရားခံလည်း မဟုတ်ပေ။ မေးမယ်ဆို မေးလေ၊ သူမကို ဘာလို့ တရားခံစစ်သလို စစ်နေရတာလဲ။ 



ထို့ကြောင့် တစ်ခုခုကမှားနေပြီဆိုတာကို စုယွဲ့ ပိုသေချာလာမိသည်။ 



ဖန်းတုံးဟွသည် တစ်ဖက်လူက လုံး၀မတုန်လှုပ်သည်ကိုကြည့်ကာ နှာခေါင်းရှုံ့ခဲ့သည်။ ဒီမိန်းမကို အထင်သေးလို့မရဘူးပဲ။ ဒီအချိန်ထိကို တည်တည်ငြိမ်ငြိမ်ရှိနေတုန်းပဲ။ သာမန်မိန်းမတစ်ယောက်သာဆို တစ်နေ့လုံး အငတ်နေရပြီး အအေးခန်းထဲမှာ နေနေရရင် အခုလောက်ဆို ငိုနေလောက်ပြီ။



သူ့အကြည့်များက တစ်ဖက်လူအပေါ်တွင် သက်ရောက်မှုမရှိသဖြင့် ဖန်းတုံးဟွက လည်ချောင်းရှင်းလိုက်ပြီး အသံမာမာဖြင့် စကားစပြောတော့သည်။ " စုယွဲ့၊ မင်းက စစ်သားမိန်းမတစ်ယောက်ဖြစ်ပေမယ့် လူမှုရေးချိုးဖောက်ပြီး တရားမ၀င်စီးပွားရေးကို လုပ်တဲ့အတွက် မင်းလိုမိန်းမမျိုးက လူမှုပတ်၀န်းကျင်အတွက် အနှောင့်အယှက်ပဲ! "



ထိုလူက ပါးစပ်ဟလိုက်တာနဲ့ စုယွဲ့ကို တိုက်ခိုက်နေသဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာဖြစ်မှန်း သိသာလှသည်။ သူမကို တမင်ဒုက္ခခံခိုင်းထားကြောင်း စုယွဲ့ သဘောပေါက်လိုက်သည်။ မဟုတ်ပါက စကားစပြောသည်နှင့် ထိုမျှ ရင့်ရင့်သီးသီးပြောနေမည် မဟုတ်ပေ။ 



ထိုသို့တွေးမိကာ စုယွဲ့ အံကြိတ်ပြီး အားတင်းထားလိုက်ကာ တစ်ဖက်လူကို မကြောက်မရွံ့ ပြန်စိုက်ကြည့်ပေးလိုက်သည်။ " ရှင်ပြောတာ မှားနေပြီ။ ကျွန်မက ဒီကို စစ်ဆေးမှုမှာ ပူးပေါင်းပေးဖို့ လာခဲ့တာ။ ကျွန်မကို မစစ်မေးရသေးဘဲ စွပ်စွဲနေတာလား။ ဘာပဲဖြစ်ဖြစ် ကျွန်မက မဟုတ်တာ ဘာမှမလုပ်ထားဘူး "



စုယွဲ့က ပြန်ပြောနိုင်ဦးမယ်လို့ ဖန်းတုံးဟွက မမျှော်လင့်ထားခဲ့ချေ။ သူ့တူမက မနိုင်ဘူးဆိုတာ မထူးဆန်းတော့ချေ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့လက်ထဲရောက်နေပြီဆိုမှတော့ ပြေးမလွတ်တော့ဘူး။ အပြစ်ရှိတယ်လို့ ၀န်ခံလိုက်ပြီဆိုရင် ဘယ်သူပဲကယ်ကယ် မလွတ်နိုင်တော့ဘူး။



" မင်း အဲ့လိုပြောနေလည်း ဘာမှမထူးဘူး! မင်း ကိတ်မုန့်တွေလုပ်ပြီး စျေးကြီးကြီးနဲ့ရောင်းနေတာကို မြင်တဲ့သူကမြင်တယ်။ ကိတ်တစ်လုံးကို နှစ်ယွမ်အပြင် လက်မှတ်တွေကလည်း တစ်ပေါင်စီတောင် တောင်းတဲ့ဟာက်ို အဲ့ဒါက စျေးမကြီးလွန်းဘူးလား။ ပြီးတော့ မင်းကိတ်မုန့်လုပ်နေတဲ့အနံ့ကိုလည်း စစ်သားနှစ်ယောက်က ရခဲ့တယ်တဲ့ အဲ့တော့ မင်းငြင်းနေလည်း မထူးတော့ဘူး "



တစ်ဖက်လူက စျေးအတိအကျပြောသည့်အတွက် တိုင်လိုက်သူက စုယွဲ့ဆီမှ ကိတ်မုန့်ကို၀ယ်ဖူးသူဖြစ်ကြောင်း သေချာသွားသည်။ အမြဲတမ်းလိုလို ရွှီးချန်မှတစ်ဆင့် ရောင်းခဲ့တာဖြစ်သဖြင့် စုယွဲ့ကို သိကြသူမရှိသည့်အပြင် ရွှီးချန်ကလည်း စုယွဲ့ကို သစ္စာဖောက်မည့်သူ မဟုတ်ပါ။ 



ရွှီးချန်မဟုတ်ပါက စုယွဲ့ ကိတ်မုန့်ရောင်းဖူးသူ တစ်ယောက်သာရှိတော့သည်။ 



ဘယ်သူဖြစ်မလဲကို စုယွဲ့ မှန်းနိုင်သွားပြီဖြစ်သည်။ 



တမင်ချောက်ချတာဖြစ်သဖြင့် သူမရှေ့မှလူက လွယ်လွယ်နှင့် လွှတ်ပေးမှာမဟုတ်မှန်းကိုပါ စုယွဲ့ သဘောပေါက်လိုက်သည်။ 



ထိုသို့တွေးကာ စုယွဲ့ ပူပန်သွားမိသည်။ တစ်ဖက်လူက ပြင်ဆင်ထားသည့် ပုံပင်။ ဟန်အိုက်ကော မရှိသည့်အချိန်ကို တမင်ရွေးထားတာဖြစ်ပုံရပြီး ရွှီးချန်ကိုလည်း မလာနိုင်အောင် တားထားတာဖြစ်လောက်သည်။ စုယွဲ့နဲ့ ရင်းနှီးသော အခြားမိတ်ဆွေတွေလည်း ကူညီမပေးနိုင်ကြလောက်ပေ။ 



" ရှင် မှားနေပြီထင်တယ်။ ကျွန်မက တကယ်ပဲ ကိတ်မုန့်တွေလုပ်တာ မှန်တယ် ဒါပေမယ့် ကျွန်မက အပြင်လူတွေကို ရောင်းနေတာ မဟုတ်ဘူး။ သူငယ်ချင်းတွေအတွက် လုပ်ပေးရုံပဲ သူတို့က ကုန်ကျစရိိတ်နဲ့ လက်မှတ်တွေပေးလို့ အခကြေးငွေမယူဘဲ လုပ်ပေးတာ။ ဒါက ဆွေမျိုးအိမ်ကို သွားလည်ရင် လက်ဆောင်ယူသွားတာနဲ့ အတူတူပဲမဟုတ်ဘူးလား။ မိတ်ဆွေတွေအတွက် လုပ်ပေးတာက ဥပဒေချိုးဖောက်တာ ဖြစ်သွားရောလား "



ဖန်းတုံးဟွက စားပွဲက်ို ဘုန်းခနဲ ရိုက်လိုက်သည်။ " အဓိပ္ပာယ်မရှိတာတွေ! ဘယ်လိုဖြစ်ပြီး ကိတ်လေးတစ်ခုက အဲ့လောက်ထိစျေးကြီးမှာလဲ။ မင်း အခုထိဆိုရင်ပဲ  ပိုက်ဆံတွေ ဘယ်လောက်တောင် ရှာထားပြီးနေပြီလဲ ဟမ်! "



စုယွဲ့ လုံး၀ ၀န်မခံနိုင်ပါ။ " စျေးကြီးတယ်ဆိုတိုင်း ကျန်မက ပိုက်ဆံအများကြီး ရတယ်လို့မဆိုလိုဘူး။ ရှင်က က်ိတ်မုန့်ကို မမြင်ဖူးလို့ပါ ကိတ်တစ်ခုလုပ်ဖို့ဆို ပါ၀င်ပစ္စည်းတွေကို အများကြီးလိုအပ်တယ်။ ဂျုံ၊ သကြား၊ ကြက်ဥ အစရှိတဲ့ဟာတွေကို သုံးရတာမို့လို့ ကုန်ကျစရိတ်နဲ့ လက်မှတ်တွေက များနေတာ၊ ကျွန်မကို မယုံရင် ကိတ်မုန့်၀ယ်သွားတယ်ဆိုတဲ့သူကို ခေါ်ပြီး မေးကြည့်ကြည့်ပါလား "



စုယွဲ့ ဆက်ပြောလိုက်သည်။ " တစ်ယောက်တည်းပြောတဲ့ စကားကိုယုံပြီး ကျွန်မကို သံသယ၀င်နေလို့ မဖြစ်ဘူးနော်။ တိုင်လိုက်တဲ့သူက ကျွန်မကို မကျေနပ်လို့ ချောက်ချတာဆိုရင် ဘယ်လိုလုပ်မလဲ။ ပါးစပ်ပြောစကားက သက်သေမဟုတ်တဲ့အတွက် ကျွန်မကို အတင်းအကြပ်ဖမ်းလို့လည်း မရဘူး။ ကျွန်မဆီက ကိတ်မုန့်၀ယ်သွားတယ်ဆိုတဲ့သူတွေ အကုန်ပေါင်းပြီးတိုင်တာမဟုတ်ဘဲ တစ်ယောက်တည်းရဲ့ စကားကြောင့် စွပ်စွဲနေတာဆိုရင် အသရေဖျက်မှုမြောက်ပါတယ်။ အဲ့ဒါကြောင့် ကျွန်မက သေချာစုံစမ်းပေးဖို့ အမှုဖွင့်ပြီး အရေးယူခိုင်းမှာ "



ဖန်းတုံးဟွက နှာမှုတ်ကာ ပြောခဲ့သည်။ " ငါတို့က စုံစမ်းပြီးသွားလို့ ဒီလိုပြောနေတာပေါ့ကွ။ ပြီးတော့ သက်သေရှိလို့ မင်းကို ဒီကိုခေါ်လာတာ ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့! မင်း တရားမ၀င်စီးပွားရေးလုပ်တယ်ဆိုတာက သေချာသွားပြီမို့လို့ အမှုကို တရား၀င်ဆောင်ရွက်ဖို့ကိုပဲ စောင့်နေလိုက် "



စုယွဲ့ - " ရှင်ပြောသလို မျက်မြင်သက်သေရှိတယ်ဆိုရင် ကျွန်မရှေ့ကို ခေါ်လာခဲ့လေ။ မဟုတ်ရင် ကျွန်မက ဘယ်လိုယုံရမှာလဲ။ ရှင်က ကျွန်မကို ချောက်ချနေတာဟုတ်လား မဟုတ်ဘူးလား ဆိုတာကို ကျွန်မက ဘယ်လိုလုပ်သိတော့မှာလဲ "



ဖန်းတုံးဟွာက စားပွဲခုံကို ရိုက်လိုက်ပြန်သည်။ " မင်းကို ခေါ်ပြပြီး ဘာလုပ်ရမှာလဲ။ ဘာလဲ မင်းတို့မိသားစု လက်စားချေလို့ရအောင်လို့လား။ ငါတို့က မျက်မြင်သက်သေကို ကာကွယ်ပေးဖို့ တာ၀န်ရှိတယ်ကွ။ မင်း ဘာပဲပြောပြော အသုံးမ၀င်တော့ဘူး။ ဒါကြောင့် အသာတကြည် ၀န်ခံရင် ၀န်ခံလိုက်၊ မဟုတ်လို့ကတော့ နောင်တရသွားအောင် လုပ်ပေးလိုက်မယ် "



ပြောပြီးသည်နှင့် စုယွဲ့ရဲ့ အမျိုးမျိုးသော ပြစ်မှုများကိုရေးထားသည့် ခံ၀န်စာကို ယူလာခိုင်းခဲ့သည်။



စုယွဲ့ လက်သီးဆုပ်လိုက်မိကာ ပြန်အော်လိုက်သည်။ " ကျွန်မက ဘာလို့ ၀န်ခံရမှာလဲ! ဘာမှ မလုပ်ထားတဲ့ဟာကို ဘာတွေ လာ၀န်ခံခိုင်းနေတာလဲ။ ရှင်တို့ အတင်းအကြပ် လုပ်လို့မရဘူး "



ဖန်းတုံးဟွက သူ့နောက်မှလူကို မျက်စပစ်ပြလိုက်သည့်အခါ ထိုလူက စုယွဲ့၏ လက်ကို အတင်းအကြပ်ကိုင်ပြီး မင်ရည်ထဲသို့ နှစ်လိုက်ပြီး စာရွက်ပေါ်၌ လက်ဗွေနှိပ်ခိုင်းခဲ့သည်။ 



စုယွဲ့မှာ ယောက်ျားတစ်ယောက်၏အားနှင့် မယှဥ်နိုင်သဖြင့် သူမ၏လက်နှင့် စာရွက်ထိတော့မည့်ဆဲဆဲတွင် နောက်သို့ ခေါင်းလှန်ချကာ ထိုလူကို ခေါင်းဖြင့် တိုက်လိုက်သည်။ စုယွဲ့ နောက်မှလူက နှာခေါင်းရိုးကိုထိသွားသောကြောင့် အော်လိုက်ကာ သူ့နှာခေါင်းသူ ပြန်ကိုင်လိုက်သဖြင့် စုယွဲ့ကို လွှတ်ပေးလိုက်သလို ဖြစ်သွားတော့သည်။ 



ထိုလူ၏ နှာခေါင်းမှ သွေးများစီးကျလာခဲ့သည်။ 



စုယွဲ့ ရှိသမျှအားကို စုစည်း၍ ခုံမှထလိုက်ပြီး နံရံနှင့် ကျောကိုကပ်ကာ ထိုနှစ်ယောက်အား သတိဖြင့် စောင့်ကြည့်နေပြီး ပြန်အော်လိုက်သည်။ " ဒါက အတင်းအကြပ် ၀န်ခံခိုင်းနေတာပဲ! ကျွန်မ ရှင့်ကို တရားဆွဲပစ်မှာ! ခေါင်းဆောင်ကိုလည်း တိုင်မှာ း! "



ဖန်းတုံးဟွက ဒေါသထွက်သွားပြီး လူနှစ်ယောက်ကို အခန်းထဲသို့ထပ်ခေါ်လိုက်ကာ အမိန့်ပေးခဲ့သည်။  " သူမက ၀န်ခံဖို့ကို ငြင်းဆိုနေတာ ဖမ်းလိုက်ကြစမ်း " 



ထို့ကြောင့် စုစုပေါင်း လူသုံးယောက်ဖြစ်သွားကာ တစ်ယောက်က စုယွဲ့အား ထိုင်ခုံ၌ အတင်းအကြပ်ထိုင်စေပြီး နောက်နှစ်ယောက်က စုယွဲ့ကို တစ်ဖက်စီမှနေ ချုပ်ထားကာ ခံ၀န်စာပေါ်၌ အတင်းအကြပ် လက်ဗွေနှိပ်စေခဲ့သည်။ စုယွဲ့က ရုန်းကန်နေပါသော်လည်း အသုံးမ၀င်ဘဲ သူမ၏ လက်က စာရွက်ကိုထိတော့မည်ကို မကြည့်ချင်ဘဲ ကြည့်နေရသည်။ 



စုယွဲ့ တကယ် ငိုချင်လာမိသည်။ 



ဟန်အိုက်ကော ရှင်ဘယ်မှာလဲ။ ဘာလို့ပြန်မလာသေးတာလဲ! 



ထိုအချိန်မှာပဲ သံတံခါးသည် ဒုန်းခနဲမြည်သံနှင့်အတူ အကန်ခံလိုက်ရပြီး ပွင့်သွားခဲ့သည်။ ဟန်အိုက်ကောက ၀င်လာကာ စုယွဲ့အား ယောက်ျားကြီးသုံးယောက်က အတင်းအကြပ်ချုပ်ထားသည်ကို မြင်သွားခဲ့သည်။ ထို့ကြောင့် သူ့မျက်လုံးတွေက မီး၀င်း၀င်းတောက်လာပြီး ထိုလူသုံးယောက်ကို ကန်ထုတ်လိုက်တော့သည်။ 



ဟန်အိုက်ကောက ရုတ်တရက်ရောက်လာမယ်လို့ စုယွဲ့ မထင်ထားခဲ့ချေ။ ဟန်အိုက်ကောကို မြင်လိုက်သည်နှင့် စုယွဲ့ စိတ်တင်းထားနိုင်ခြင်းလည်း မရှိတေ့ာဘဲ ဟန်အိုက်ကောကို ပြေးဖက်လိုက်မိကာ အပြင်လူတွေကိုလည်း  ဂရုမစ်ိုက်နိုင်တော့ဘဲ ၀မ်းနည်းတကြီး ငိုချလိုက်မ်ိသည်။ 



" ယောက်ျား ....၀ူး ၀ူး ၀ူး "



ဟန်အိုက်ကော ရင်နာသွားမိသည်။ စုယွဲ့ကို မတွေ့ရခင်အထိ စိုးရိမ်စိတ်ဖြင့် ရင်ပူနေခဲ့ရကာ တွေ့ပြီးနောက်တွင်မူ သူ့ရင်အား မီးစနှင့် ထိုးနေသလို ခံစားလိုက်ရသည်။ 



သူ့ဇနီးလေးက ဒီိလို ဆက်ဆံခံလိုက်ရတာလေ! 



" မကြောက်နဲ့တော့နော် ကိုယ်ပြန်လာပြီလေ။ မကြောက်နဲ့တော့ " ဟန်အိုက်ကော စုယွဲ့ကို ဖက်ထားပေးကာ ချော့နေမိသည်။ " ထိခိုက်သွားတာရော ရှိသေးလား "



စုယွဲ့က ပြန်မဖြေဘဲ ငိုနေရင်းဖြင့် ခေါင်းခါပြခဲ့သည်။ 



ထိုမြင်ကွင်းကို မြင်သောအခါ ဖန်းတုံးဟွက မသက်မသာဖြစ်သွားခဲ့သည်။ ဟန်အိုက်ကောက လေ့ကျင့်ရေးဆင်းဖို့ သွားနေတာဆို။ အတော်ကြာတဲ့အထိ ပြန်မလာနိုင်သေးဘူးဆိုပြီး ဘာလို့ ရုတ်တရက်ကြီးပြန်ရောက်လာရတာလဲ? 



ဖန်းတုံးဟွက တည်ငြိမ်နေယောင်ဆောင်လိုက်ပြီး ဒေါသတကြီးဖြင့် ဟန်အိုက်ကောကို မေးခွန်းထုတ်ခဲ့သည်။ " စုံစမ်းစစ်ဆေးနေတာကို မင်းဆန္ဒရှိသလို ၀င်နှောင့်ယှက်နေတာလား "



ဟန်အိုက်ကောက တစ်ဖက်လူကို စိုက်ကြည့်ပေးလိုက်သည်။ ဟန်အိုက်ကောက စစ်မြေပြင်၌ လူသတ်ခဲ့ဖူးသူဖြစ်သဖြင့် သူ့အကြည့်က မိသားစုအဆက်အသွယ်ဖြင့် တက်လာသော ဖန်းတုံးဟွလိုလူမျိုး၏ အကြည့်နှင့် ကွဲပြားသည်။ ဟန်အိုက်ကောရဲ့ လူသတ်ချင်နေသည့် အကြည့်များကြောင့် တစ်ဖက်လူက ဒေါသထွက်နေသော်လည်း ဘာစကားမှ ထပ်မပြောရဲတော့ချေ။ 



ဟန်အိုက်ကောနှင့် အတူပါလာသည့် ခေါင်းဆောင်ယွီကလည်း ၀င်ပြောလာတော့သည်။ " ဒါက မင်းပြောတဲ့ စုံစမ်းစစ်ဆေးတာလား။ အတင်းအကြပ် ၀န်ခံခိုင်းနေတာကလေ ဟမ်? "



ထိုအခါမှသာ ဖန်းတုံးဟွက ယွီဝေ့လျန်ကိုမြင်သွားကာ ခြေထောက်တွေလည်း ပျော့ခွေချင်လာတော့သည်။ 



ယခုတွင်မူ ဖန်းတုံးဟွသည် ယခင်နှင့်မတူတော့ဘဲ လုံး၀ကြောက်နေပြီဖြစ်သည်။ ဒီလူကရော ဘာလို့ရောက်လာတာလဲ။ ဟန်အိုက်ကောက တောသားတစ်ယောက်ဖြစ်တာကြောင့် သူ မကြောက်ပေမယ့် ယွီဝေ့လျန်က မတူညီပေ။ ယွီဝေလျန်ရဲ့ မိသားစုနောက်ခံက သူရင်ဆိုင်နိုင်သည့်အရာမဟုတ်ချေ။ ဒီလူကရော ဘယ်လိုပတ်သက်နေတာလဲ၊ ဘာလို့ သူ့တူမကရော ဘာမှမပြောခဲ့ရတာလဲ။ 



ဖန်းတုံးဟွက မ၀ံ့မရဲ ပြန်ဖြေခဲ့သည်။ " သူမကို တိုင်ကြားတဲ့သူရှိသလို သက်သေလည်း ရှိပါတယ် "



ယွီဝေ့လျန်က ဘာတွေဖြစ်နေလဲ သိပြီးသားဖြင့်  အေးတိအေးစက်အသံဖြင့် ပြန်မေးလိုက်သည်။ " ဒါဆို မျက်မြင်သက်သေက ဘယ်မှာလဲ။ မျက်မြင်သက်သေကို မပြဘဲနဲ့ အပြစ်ရှိတယ်လို့ တန်းယူဆလိုက်လို့ ရတာလား "



ဖန်းတုံးဟွသည် နောက်ကျောမှ ချွေးစေးများ စီးကျလို့လာပြီး တုန်တုန်ယင်ယင် အသံဖြင့် ပြန်ဖြေခဲ့သည်။ " မျက်မြင်သက်သေ....မျက်မြင်သက်သေက ထွက်လာဖို့ မလွယ်လို့ပါ "



ယွီဝေ့လျန် နှာမှုတ်ကာ ဒေါသတကြီးပြန်ပြောလိုက်သည်။ " ဒီိလိုသာဆိုရင် ငါကလည်း မျက်မြင်သက်သေပဲ။ ခယ်မလေး စုယွဲ့က ငါ့ရဲ့ဆွေမျိုးတွေအတွက် ကိတ်မုန့်လုပ်ပေးနေတာ။ ငါတို့က အကူအညီတောင်းထားလို့ သူမက ကူညီပေးနေတာ။ မင်းပြောတဲ့ အတိုင်းသာဆို ဘာလဲ ငါတို့ကရော တရားမ၀င် စီးပွားရေး လုပ်နေတာပဲလား "



ဖန်းတုံးဟွ အံ့သြသွားခဲ့သည်။ စုယွဲ့ ကိတ်မုန့်တွေကို ဘယ်သူ့ထံဆီ ရောင်းနေလဲကို သူ မသိထားခဲ့ချေ။ ခေါင်းတောင်ယွီရဲ့ မိသားစုဆွေမျိုးတွေကို ရောင်းနေတာတဲ့လား။ အဲ့လိုဆိုရင် သွားပြီ။ သူ့မှာ သတ္တိအဆတစ်ရာရှိရင်တောင် ခေါင်းဆောင်ယွီတို့မိသားစုကို  တရားမ၀င်စီးပွားရေး လုပ်နေတယ်လို့ သူ မစွပ်စွဲရဲဘူး။ 



ဒီတစ်ခေါက်တွင် ဖန်းရှောင်းလီက သူ့ကို ပြဿနာအကြီးကြီးဖြစ်သွားစေပြီဖြစ်သည်။ 



ဖန်းတုံးဟွက ဘာမှမပြောတော့သည့်အခါ ခေါင်းဆောင်ယွီက ဟန်အိုက်ကောဆီ လှည့်ပြောခဲ့သည်။ " တပ်ရင်းမှုးဟန် ခယ်မလေးကို အိမ်မှာ အနားယူဖို့ ပြန်ခေါ်သွားလိုက်။ ဒီနေရာမှာ ကျွန်တော် ကြည့်ဖြေရှင်းထားလိုက်မယ်  "



ဟန်အိုက်ကောက ဘာမှပြန်မဖြေဘဲ ခေါင်းညိတ်ပြကာ စုယွဲ့ကို ပွေ့ချီလိုက်သည်။ 



စုယွဲ့က အလွန်နွမ်းနယ်နေပြီး ခေါင်းလည်းမူးနေကာ အရမ်းလည်း အေးနေတာကြောင့် ဘာကိုမှ မတွေးနိုင်တော့ချေ။ ဟန်အိုက်ကောက ပွေ့ချီလိုက်သည့်အခါ သူမ တင်းထားသော စိတ်လည်း လျှော့လိုက်မိပြီး တောင့်မခံနိုင်တော့သဖြင့် စုယွဲ့ မျက်လုံးတွေက မှေးစင်းသွားတော့သည်။