အပိုင်း ၈၄
Viewers 5k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၈၄ - သတိရလာခြင်း၊ နောက်ဆက်တွဲ 




အမေဟန်က အိမ်မှ ပူပန်ကြောင့်ကြစွာ စောင့်နေခဲ့သည်။ ကလေးနှစ်ယောက်လည်း အမေဖြစ်သူကို တစ်နေ့လုံး မတွေ့ရတာကြောင့် သူမ ဘယ်လို ချော့ချော့ အသုံးမ၀င်တော့ချေ။ မငိုနေကြပေမယ့် တံခါးအပြင်သို့ လက်ညှိုးထိုးပြကာ အော်နေကြသည်။" ရှာ မားမား ရှာ ရှာ " 



အမေဟန်က မြေးနှစ်ယောက်ကို ချော့ပြောနေခဲ့ရသည်။ " မားမားက ခဏနေရင် ပြန်လာတော့မှာနော် စိတ်မပူကြနဲ့"



ထိုစကားများကို အကြိမ်ပေါင်းများစွာ ကြားပြီးပြီဖြစ်တာကြောင့် ကလေးနှစ်ယောက်က မယုံကြတော့ပေ။ ခြေဆောင့်ကာ မယုံကြောင်းပြကြပြီး ရှောင်ပေါင်က တံခါးကို ထုနေခဲ့သည်။ " မားမားကို ရှာ! ဖွားဖွားက ဆိုးတယ်! " ဖွားဖွားက မားမားကို သွားမရှာခိုင်းလို့ အကျင့်မကောင်ဘူး။ 



တာ့ပေါင်က တံခါးရှိရာဆီပဲ ပြေးပြေးသွားနေသဖြင့် အမေဟန်မှာ ဆွဲမနိုင်ဖြစ်လို့လာသည်။ 



အမေဟန် ငိုချင်လာမိသည်။ 



ထိုအချိန်တွင် တံခါးခေါက်သံကို ကြားလိုက်ကြရပြီး ဟန်အိုက်ကော အသံက်ိုပါ ကြားလိုက်ကြရသည်။ " အမေ ကျွန်တော်ပါ တံခါးဖွင့်ဦး "



အမေဟန် ပျော်သွားမိကာ တံခါးအမြန်သွားဖွင့်ပေးလိုက်သည်။ စုယွဲ့ကို ချီထားသည့် ဟန်အိုက်ကောကို မြင်သည့်အခါ စိုးရိမ်သွားသည်။ " ယွဲ့ယွဲ့က ဘယ်လိုဖြစ်လို့လဲ တစ်ခုခုဖြစ်လာတာလား "



ဟန်အိုက်ကောက ပြန်မဖြေနိုင်သေးဘဲ စုယွဲ့ကို အိပ်ခန်းထဲ ခေါ်သွားကာ အင်္ကျီတွေကို လဲပေးပြီး စောင်ခြုံပေးထားလိုက်သည်။ ခဏစဥ်းစားပြီးနောက်တွင် နောက်ထပ် စောင်တစ်ထည်ကိုပါယူကြီး ခြုံပေးလိုက်ပြန်သည်။ ပြီးတော့မှ အမေဟန်ကို ပြန်ဖြေခဲ့သည်။ " အမေ ယွဲ့အာက အအေးမိသွားလို့ ဖျားနေပြီ။ အဖျားကျဆေးသွားယူခဲ့ပေးပါဦး "



အမေဟန်က ထိုအခါ စုယွဲ့နဖူးကို စမ်းကြည့်ခဲ့သည်။ စုယွဲ့ နဖူးမှအပူက သူမလက်ကိုတောင် လာဟပ်နေသဖြင့် အမေဟန်က ချက်ချင်း အဖျားကျဆေးကို သွားယူလိုက်သည်။ ကလေးငယ်တွေ ရှိနေတာကြောင့် အိမ်တွင် အဖျားကျဆေး ဆောင်ထားသဖြင့် အသင့်ရှိနေလို့သာ တော်သေးသည်။ 



စုယွဲ့ကို အဖျားကျဆေးကို သောက်စေပြီး နဖူးပေါ်တွင် ရေပတ်၀တ်တင်ပေးလိုက်ကာ အဖျားကျသွားအောင် လုပ်ပေးထားလိုက်သည်။ 



အမေဟန်က ရေနွေးတစ်ဘူးထည့်လာကာ စောင်အောက်တွင်ထည့်ပြီး စုယွဲ့ဘေးနားတွင် ထားပေးလိုက်ပြန်သည်။ 



ညီအစ်ကိုနှစ်ယောက်က အမေဖြစ်သူပြန်လာတာ တွေ့သော်လည်း အရင်လို သူတို့ကို စကားမပြောတာကြောင့် ခုတင်ပေါ် ကုတ်တွယ်လျက် တက်နေကြသည်။ သို့သော်လည်း ခြေတံတိုလေးများဖြင့် မတက်နိုင်ဖြစ်နေကြတာကြောင့် ဟန်အိုက်ကောက ချီပြီးခုတင်ပေါ် တင်ပေးလိုက်သည်။ ထို့နောက် စုယွဲ့ ဘေးနားတွင် အော်ငိုနေခဲ့ကြသည်။  " မား! မားမား!  " 



ဟန်အိုက်ကော သားနှစ်ယောက်ကို ချီလိုက်ကာ ခေါင်းလေးတွေကို ပုတ်ပေးပြီး ပြောခဲ့သည်။  " မငိုကြနဲ့တော့ မားမားက ပင်ပန်းလို့အိပ်နေတာ။ သားတို့ငိုလို့ နိုးသွားရင် ဘယ်လိုလုပ်မလဲ "



ထိုအခါ ကလေးနှစ်ယောက်က ချက်ချင်း အငိုတိတ်သွားခဲ့ကြသည်။ ရှောင်ပေါင်က မျက်ရည်တွေကို သုတ်လိုက်ပြီး စုယွဲ့ကိုသာ မျက်လုံးနီနီလေးနဲ့ ကြည့်နေခဲ့သည်။ 



အမေဟန်လည်း ကလေးနှစ်ယောက်ကိုကြည့်ပြီး မျက်ရည်ကျလာမိကာ စုယွဲ့ ဆံပင်ကို သပ်တင်ပေးရင်း ရေရွတ်လိုက်မိသည်။ " ဘယ်လိုတွေ ဖြစ်ရတာလဲ။ ဘယ်သူက ယွဲ့ယွဲ့ကို တိုင်လိုက်တာတဲ့လဲ။ သိလို့ကတော့ အရှင်ကိုမထားဘူး! " 



ထိုအကြောင်းကိုတွေးကာ ဟန်အိုက်ကော အကြည့်တွေက အေးစက်သွားတော့သည်။ 



အမေဟန်က ခုတင်ဘေးတွင် ထိုင်နေကာ တိတ်တဆိတ်ရှိုက်ငိုနေပြီး ဟန်အိုက်ကောကို ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြန်ပြောပြနေခဲ့သည်။ " အဲ့တုန်းက အမေအရမ်း စိတ်ပူသွားတာ။ မင်းကလည်း အိမ်မှာမရှိဘူး။ ယွဲ့ယွဲ့က ရွှီးချန်ကို သွားရှာဖို့ပြောခဲ့ပေမယ့် ရွှီးချန်ကလည်း ဗိုက်နာလာလို့ဆိုပြီး မနက်အစောကြီးတည်းက ဆေးရုံကို သွားပြီတဲ့။ ဒါနဲ့ အမေလည်း ကြံရာမရတဲ့အဆုံး မင်းတို့တပ်ကို သွားရှာလိုက်ရတော့တာပဲ။ တော်သေးတာပေါ့ အဲ့က စစ်သားလေးက မင်းကိုကူရှာပေးလို့။ မဟုတ်ရင် ယွဲ့ယွဲ့ ဘယ်လိုတွေဖြစ်ကုန်မလဲဆိုတာ အမေလည်း မတွေးရဲတော့ဘူး "



အမေဟန်ပြောနေသည့် စစ်သားလေးက စုယွဲ့နှင့်ရင်းနှီးသည့် ရဲဘော်လေး ကျူးကျစ်ပင်ဖြစ်သည်။ ထို့ကြောင့် ဟန်အိုက်ကောကို အချိန်မီသွားရှာနိုင်သွားခြင်းပင်။ 



အမေဟန်က လူကြီးဖြစ်သဖြင့် ဟန်အိုက်ကောက အကြောင်းစုံမရှင်းပြချင်ပါ။ " အမေ စိတ်မပူနဲ့တော့။ ယွဲ့အာလည်း အဆင်ပြေသွားမှာ။ညယွဲ့အာ စားဖို့ ဆန်ပြုတ်လေးဖြစ်ဖြစ် အရင်ပြုတ်ထားလိုက်။ ဘာမှမစားရသေးတော့ နိုးလာရင် ဗိုက်ဆာနေလိမ့်မယ် "



" ဘာ? ဒီလောက်အကြာကြီးကို ဘာမှမစားရသေးဘူးလား " ထို့နောက် အမေဟန်က ချက်ချင်း မီးဖိုချောင်၀င်ကာ စုယွဲ့အတွက် ဆန်ပြုတ်သွားပြုတ်တော့သည်။ 



ဟန်အိုက်ကောက မျက်လုံးတွေရဲနေကြတဲ့ သားနှစ်ယောက်ကိုကြည့်ကာ တစ်ယောက်ချင်းစီ နမ်းလိုက်သည်။ " တာ့ပေါင်နဲ့ ရှောင်ပေါင် မားမားက အိပ်နေတော့ သားတို့အပြင်ထွက်ပြီး ဆော့နေကြမလား "



ရှောင်ပေါင်က ခေါင်းခါပြသည်။ " မဆော့ဘူး မားမားနဲ့ပဲ နေ! "



တာ့ပေါင်ကလည်း ခေါင်းခါပြပြီး သူ့ဖိနပ်လေးတွေကို ချွတ်လိုက်ကာ ဟန်အိုက်ကောချိီထားသည့် လက်ထဲမှ ဆင်းပြီး စုယွဲ့ ဘေးသွားကာ စောင်အောက်ထဲ တိုး၀င်လိုက်လေသည်။ ထို့နောက် စုယွဲ့ကို ကြည့်နေပြီး အမေဖြစ်သူ နဖူးကိုနမ်းလိုက်ကာ စုယွဲ့ဘေးမှာပဲ ၀င်လှဲခဲ့သည်။ 



အစ်ကိုဖြစ်သူလုပ်သလိုပင် ရှောင်ပေါင်ကလည်း လိုက်လုပ်ကာ စုယွဲ့ ဘေးတစ်နေရာကို ၀င်လိုက်ပြီး စုယွဲ့ကို ဖက်ထားခဲ့သည်။ 



ကလေးနှစ်ယောက်က အမေဖြစ်သူကို အကြာကြီးမတွေ့ရသေးတာဖြစ်၍ စုယွဲ့နှင့် မခွဲချင်ကြပေ။ 



ဟန်အိုက်ကောလည်း သားနှစ်ယောက်က အမေဖြစ်သူနှင့် မတွေ့ရသေးတာကြောင့် ကြောက်နေကြတာဖြစ်မှန်း သိ၍ မတားတော့ဘဲ စုယွဲ့နဲ့သာ နေခိုင်းထားလိုက်သည်။ 



ခဏအကြာတွင် တာ့ပေါင်နဲ့ ရှောင်ပေါင်လည်း အိပ်ပျော်သွားကြသည်။ 



ဟန်အိုက်ကော သားမိသုံးဦးကို ကြည့်နေမိသည်မှာ ယွီဝေ့လျန် ရောက်မလာခင်အထိ ဖြစ်သည်။ 



ယွီဝေ့လျန်က ဟန်အိုက်ကောကို ပြောခဲ့သည်။ " ဖန်းတုံးဟွကတော့ တိုင်ကြားချက်ရလို့ ခေါ်ပြီးစစ်ဆေးတာလို့ပြောတာပဲ။ အထက်က ဒီကိစ္စကို မသိသေးဘူး။ ခယ်မလေး၀န်ခံပြီးမှ သတင်းပို့မလို့ လုပ်ထားတာလို့ ပြောတယ်။ အခုတော့ ငါ၀င်ပါလိုက်တာမို့ အဆင်ပြေသွားပြီ"



ဟန်အိုက်ကောက ပြန်မေးလိုက်သည်။ " ဖန်းတုံးဟွက ဘယ်ကရောက်လာတာလဲ။ ဒီလိုကိစ္စကို ကိုင်တွယ်ခွင့်က သူ့မှာဘာလို့ရှိနေရတာလဲ "



ယွီဝေ့လျန် - " သူက အစက တစ်ခြားတပ်ကပဲ လွန်ခဲ့တဲ့ နှစ်လကမှ ဒီကိုပြောင်းလာတာ။ မင်း မသိတာမပြောနဲ့ ငါလည်း အခုမှ သိတာ "



ထို့နောက် သူက ခဏရပ်သွားပြီးမှ ဆက်ပြောခဲ့သည်။ " ဒီ ဖန်းတုံးဟွက ဆရာကြီးလင်းရဲ့ ညီပဲ "



ဆရာကြီးလင်း? ဆရာကြီးလင်းဆိုတာက ဘေးအိမ်က ဖုန်းကျွင်းဝေရဲ့ ယောက္ခမ မဟုတ်ဘူးလား။ " ဒါဆိုရင် ဖန်းတုံးဟွက ဖုန်းယင်ကပေါ့? "



ယွီဝေ့လျန် - " သူက ဖုန်းကျွင်းဝေမိန်းမရဲ့ ဦးလေး "



ဖန်းရှောင်းလီရဲ့ ဦးလေး? ဒါဆိုဘာလို့ နှစ်ယောက်လုံးရဲ့ မျိုးရိုးက ဖန်းဖြစ်နေတာလဲ။ 



သို့သော်လည်း ဟန်အိုက်ကော ဂရုစိုက်မနေပါ။ သူ အခု ဂရုစိုက်တာက စုယွဲ့ကို နောက်ကွယ်မှ လုပ်ကြံသည့်သူကိုပင်။ 



ဟန်အိုက်ကော - " ဒါဆို တိုင်တဲ့သူက ဘယ်သူလဲရော ထုတ်ပြောလား "



ယွီဝေ့လျန် - " ဖန်းတုံးဟွက အခု စစ်ဆေးခံဖို့ ခေါ်သွားခံရပြီ။ မကြာခင် ထုတ်ပြောတော့မှာပါ စိတ်မပူနဲ့။ ငါ သိရတာနဲ့ မင်းကို အသိပေးမယ် "



ဟန်အိုက်ကော မျက်လွှာချလိုက်မိသည်။ ခန်းမှန်းမိထားသည့်သူရှိသော်လည်း ထုတ်မပြောဖြစ်ချေ။ " ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ယွီ "



ယွီဝေ့လျန်က ဟန်အိုက်ကော ပုခုံးက်ို ပုတ်ခဲ့သည်။ " မလိုပါဘူးကွာ ခယ်မလေးက်ိုပဲ ဂရုစိုက်လိုက်။ ငါလည်း ဆေးရုံမှာ ငါ့မိန်းမကိုတွေ့ဖို့ ပြန်ဦးမယ် "



ရွှီးချန်က မနေ့ကမနက်တုန်းက ဆေးရုံကိုသွားကာ ညရောက်သည့်အခါတွင် သားလေးကို မွေးခဲ့တာဖြစ်သည်။ ယွီဝေ့လျန်က ထိုအချိန်တုန်းက ဆေးရုံမှာရှိနေခဲ့ကာ ဟန်အိုက်ကောဆီမှ သတင်းပို့စာကိုရသဖြင့် အမြန်ပြန်လာပြီး စုယွဲ့ ကိစ္စကိုဖြေရှင်းပေးတာပင်။ အခုတော့ မိန်းမနှင့် ကလေးနားမှာနေဖို့ ပြန်တော့မယ်။ 



ဟန်အိုက်ကောလည်း ယွီဝေ့လျန်ကို လိုက်ပို့ပေးလိုက်ကာ ပြောခဲ့သည်။ " စုယွဲ့ နေကောင်းသွားရင် ကျွန်တော်တို့လည်း သတင်းမေးလာခဲ့ပါ့မယ် "



ယွီဝေ့လျန်က ခေါင်းညိတ်ပြပြီး ပြန်သွားတော့သည်။ 


_ _ _ _ 


စုယွဲ့က တစ်နေ့လုံးအိပ်နေခဲ့ကာ နောက်တစ်နေ့ နေ့လယ်ကြမှ နိုးလာခဲ့သည်။ 



ကလေးနှစ်ယောက်ကမူ မနက်တည်းက နိုးနေကြကာ အမေဖြစ်သူက အိပ်နေဆဲဖြစ်သည်ကို မြင်သဖြင့် တစ်ခုခုမှားနေပြီထင်ကာ စုယွဲ့ကို တင်းတင်းကြပ်ကြပ်ဖက်ထားကြသည်။ အမေဖြစ်သူ နိုးမလာမှာစိုးလို့ ဘေးကနေ တစ်ဖ၀ါးမှမခွာကြပေ။ 



စုယွဲ့ မျက်လုံး ဖွင့်ကြည့်လာသည့်အခါ ကလေးနှစ်ယောက်က ၀မ်းသာသွားကြပြီး စုယွဲ့ ဘေး၌ မားမား မားမားလို့ အော်ခေါ်နေကြသည်။



စုယွဲ့ကမူ ခန္ဓာကိုယ်ကလည်း နာကျင်နေကာ စိတ်ကလည်း သေချာမကြည်သေးပေ။ အမြင်များကြည်လာ၍ လှည့်ကြည့်လိုက်သည့်အခါ ဘေးတွင်ရှိနေသော သားနှစ်ယောက်က်ို တွေ့လိုက်ရသည်။ ထို့နောက် မနေ့က ဟန်အိုက်ကောက သူမကို ပွေ့ကာ အိမ်ပြန်ခေါ်လာပေးတာဖြစ်သည်ကို မှတ်မိလိုက်သည်။ 



စုယွဲ့ ကလေးနှစ်ယောက် ခေါင်းလေးများကို ပုတ်ပေးလိုက်ကာ တစ်ယောက်ချင်းစီ နမ်းလိုက်သည်။ " တာ့ပေါင်၊ ရှောင်ပေါင် မားမားမရှိတုန်း ကောင်းကောင်းနေနေကြရဲ့လား "



တာ့ပေါင်နဲ့ ရှောင်ပေါင်က ခေါင်းညိတ်ပြခဲ့ကြသည်။ 



ရှောင်ပေါင်က လက်လေးများကို မြှောက်ပြရင်း ပြောခဲ့သည်။ " မားမား ရှောင်ပေါင်က လိမ္မာတယ် မဆူညံဘူး "သူက လိမ္မာတယ် မားမားကို နိုးအောင် မလုပ်ဘူး။ 



တာ့ပေါင်ကလည်း ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံနေသည်။ 



ရှောင်ပေါင်က ပြုံးလိုက်ကာ စုယွဲ့ ရင်ခွင်ထဲ တိုးဝင်ခဲ့သည်။ " မားမား လွမ်းတယ် " မားမားကို ရှောင်ပေါင်က အများကြီး လွမ်းနေတာ။ 



စုယွဲ့ သူမ သားငယ်ရဲ့ ချွဲနေမှုကိုကြည့်ကာ ရယ်လိုက်မိသည်။ 



တာ့ပေါင်ကမူ စုယွဲ့ကို မျက်လုံး၀ိုင်း၀ိုင်းလေးဖြင့် မျက်တောင်မခတ်တမ်း ကြည့်နေခဲ့သည်။ သူလည်း လွမ်းနေမှန်း သိသာပေသည်။ 



စုယွဲ့ တာ့ပေါင်ကိုပါ ပွေ့ကာ မေးခဲ့သည်။  " မားမားရဲ့ တာ့ပေါင်လေးကရော မားမားကို လွမ်းရဲ့လား "



တာ့ပေါင်က " အင်း " လို့ ပြန်ဖြေကာ စုယွဲ့ လည်ပင်းကို ဖက်လိုက်သည်။



အမေဟန်က အသံကြားသည့်အခါ မီးဖိုးခန်းထဲမှ အပြေးထွက်လာသည်။ စုယွဲ့ နိုးနေတာကို မြင်သည့်အခါ ချက်ချင်း လက်ကိုလာကိုင်ခဲ့သည်။ " အမလေး နိုးပြီလား။ မနိုးလာသေးလို့ အမေက စိုးရိမ်နေတာ "



ပြောပြီးနောက်တွင်လည်း စုယွဲ့ နဖူးကိုစမ်းကြည့်လိုက်ပြန်ကာ အဖျားကျသွားတာသိမှ သက်ပြင်းချမိသည်။ " ကိုယ် မပူတော့ဘူးပဲ။ ဒါနဲ့ ဗိုက်ဆာနေလား။ အမေ ဆန်ပြုတ်ပြုတ်ထားတယ်။ နွှေးပြီး ထည့်လာလိုက်မယ်နော် "



စုယွဲ့ ပြန်မဖြေရသေးခင် အမေဟန်က အိပ်ခန်းထဲမှ အလောတကြီး ပြန်ထွက်သွားကာ မီးဖိုခန်းထဲ၀င်ပြီး ဆန်ပြုတ်သွားထည့်ခဲ့သည်။ ထို့နောက် စုယွဲ့ဘေး ပြန်လာကာ ၀င်ထိုင်လိုက်ပြီး ခွံ့ကျွေးဖို့လုပ်ခဲ့သည်။ "နှစ်ရက်လုံး ဘာမှမစားရသေးတော့ ဗိုက်ဆာနေမှာပဲ။ ပိန်လည်းပိန်သွားတယ်။ မြန်မြန်လေး စားလိုက်ဦး။ ဆန်ပြုတ်လေးအရင်သောက်လိုက်။ ပြီးမှ အမေ စားဖို့ တစ်ခုခု ထပ်ချက်ပေးမယ် "



အမေဟန် ခွံ့ကျွေးသည်ကို စားရမည်အား ရှက်သဖြင့် ပြုံးကာ ပန်းကန်ကိုယူပြီး ပြောလိုက်သည်။  " အမေ သမီးဘာသာပဲ စားလိုက်ပါ့မယ် " 



စုယွဲ့ ကိုယ့်ဘာသာစားနိုင်တာ သေချာမှ အမေဟန်က ပန်းကန်လုံးကို လွှတ်ပေးခဲ့သည်။ စုယွဲ့ စားနေသည်ကို ကြည့်ရင်းဖြင့် လွန်ခဲ့သည့်နှစ်ရက်က ဖြစ်ခဲ့တာတွေကို ပြန်ပြောခဲ့သည်။ ထိုအခါမှသာ စုယွဲ့လည်း ရွှီးချန်က မီးဖွားနေသဖြင့် ရောက်မလာတာဖြစ်ကြောင်းကို သိလိုက်ရသည်။ 



အမေဟန်က တိုင်လိုက်သည့်သူကို သတိရသွားပြန်သည်။ " တိုင်လိုက်တဲ့သူ ဘယ်သူလဲ သိရလို့ကတော့ ဓားနဲ့ကို အကြိမ်တစ်ထောင်လောက် ထိုးပစ်လိုက်ဦးမယ်။ တကယ်ပဲ အကျင့်ယုတ်လိုက်တာ။ သိလို့ကတော့ ပါးစပ်ကို ဆွဲဖြဲပစ်မှာ "



စုယွဲ့က ခန့်မှန်းမိသော်လည်း ဘာမှ ထုတ်မပြောဖြစ်ချေ။ အမေဟန်ရဲ့ စရိုက်အရဆို ဘေးအိမ်ကို ချက်ချင်းသွားသောင်းကျန်းပစ်လိမ့်မည်။ 



ထို့ကြောင့် စုယွဲ့ နှစ်သိမ့်ပေးလိုက်သည်။ " အမေ စိတ်မပူပါနဲ့တော့။ အိုက်ကောက စုံစမ်းပေးမှာပါ။ ပြီးရင် သိရမှာပေါ့ "



အမေဟန်က ပြန်ပြောမည်အလုပ်တွင် ဘေးမှ ရှောင်ပေါင်က ၀င်ရှုပ်ခဲ့သည်။ 



" အာ မားမား စား စား " ရှောင်ပေါင်က စုယွဲ့ လက်ထဲမှ ဆန်ပြုတ်ကိုကြည့်ကာ အော်ခဲ့သည်။



စုယွဲ့လည်း သားငယ်ကိုကြည့်ကာ ရယ်ရအခက် ငိုရအခက်ပင်။ ဆန်ပြုတ်တစ်ဇွန်း ခပ်လိုက်ပြီး ရှောင်ပေါင်ကို ခွံ့ကျွေးလိုက်သည်။ 



ရှောင်ပေါင်က ချက်ချင်း ပါးစပ်ဟပေးပြီး ဆန်ပြုတ်က အရမ်းအရသာရှိနေသကဲ့သို့ ချက်ချင်းသောက်လိုက်ကာ ခေါင်းလေးကို တစ်လှုပ်လှုပ် လုပ်နေခဲ့သည်။ 



စုယွဲ့ တာ့ပေါင်ကိုပါ ခွံ့ကျွေးလိုက်သည်။ တာ့ပေါင်လည်း အားရပါးရ စားနေသည်ကိုကြည့်ကာ စုယွဲ့ မျက်မှောင်ကြုံ့လိုက်မိသည်။ 



ကလေးနှစ်ယောက် စားနေတာကိုမြင်မှသာ အမေဟန်လည်း စိတ်အခြေအနေကောင်းလာခဲ့သည်။ " ဒီကလေးနှစ်ယောက်က ယွဲ့ယွဲ့ကို မတွေ့လို့ ငိုပြီး အပြင်ပဲ ထွက်ရှာချင်နေကြတာ။ အမေ ထမင်းကျွေးတော့လည်း မစားကြဘူး။ မနေ့ညက ယွဲ့ယွဲ့ ပြန်လာတော့လည်း ဖျားနေလို့ဆိုပြီး ဘေးမှာနေနေကြတော့ အခုဆို ဆာနေလောက်ကြရောပေါ့ "



စုယွဲ့လည်း သားနှစ်ယောက်ကို သနားသဖြင့် သူမလည်းစားရင်းဖြင့် ကလေးနှစ်ယောက်ကိုပါ ခွံ့နေလိုက်သည်။ ဤသို့ဖြင့် ဆန်ပြုတ်တစ်ပန်းကန်မှာ သားအမိသုံးယောက်စားရင်း ကုန်သွားတော့သည်။ 



စားပြီးနောက်တွင်လည်း စုယွဲ့ ပင်ပန်းနေသလို ခံစားနေရသေးတာကြောင့် အိပ်ရာထဲ၌ လှဲနေလိုက်သည်။ သို့သော်လည်း အိပ်ရေး၀နေပြီဖြစ်တာကြောင့် မအိပ်ချင်တော့သဖြင့် ကလေးနှစ်ယောက်နဲ့အတူ နေ့လယ်ခင်း ဟန်အိုက်ကောပြန်လာချိန်အထိ အဖော်လုပ်ပေးနေလိုက်သည်။ 



စုယွဲ့ နိုးနေပြီကို မြင်သည့်အခါ ဟန်အိုက်ကောက ကလေးနှစ်ယောက်ရှိနေသော်လည်း စုယွဲ့ကို ဖက်ပြီး နဖူးကို နမ်းလိုက်သည်။ 



မိဘနှစ်ပါးရဲ့ အပြုအမူကိုမြင်သည့်အခါ ရှောင်ပေါင်က ရှက်သွားသလို မျက်လုံးလေးတေ့်ကို လက်ဖြင့်အုပ်လိုက်သည်။ သိို့သော်လည်း လက်ချောင်းများကြားမှ ချောင်းကြည့်နေဆဲပင်။ 



စုယွဲ့ -...ဒီကလေး ဒါတွေကို ဘယ်ကသင်လာတာလဲ။ 



ဟန်အိုက်ကောလည်း သဘောတကျဖြင့် သားငယ်လေးကို ခေါင်းပုတ်ပေးလိုက်သည်။ ထို့နောက် စုယွဲ့ကို လွှတ်လိုက်ကာ မေးခဲ့သည်။  " နေရတာ အဆင်မပြေဖြစ်နေသေးလား " 



စုယွဲ့ ခေါင်းခါပြလိုက်သည်။ " ကောင်းသွားပါပြီ။ စိတ်မပူနဲ့တော့ ဘာတွေ ဖြစ်သွားပြီလဲ။ ကျွန်မကြောင့် ရှင့်ကိုရော ထိခိုက်သွားပြီလား "



ဟန်အိုက်ကောက ခေါင်းခါပြခဲ့သည်။ " အဆင်ပြေပါတယ်။ ခေါင်းဆောင်ယွီကိုယ်တိုင် မင်းကို အာမခံပေးတာဆိုတော့ ဘယ်သူမှ ဘာမှမပြောရဲကြတော့ဘူး "



စုယွဲ့ ထိုအခါမှ သက်ပြင်းချနိုင်သွားသည်။ " ဘယ်သူ တိုင်လိုက်တာလဲရော သိရပြီလား "



ဟန်အိုက်ကော အမှန်အတိုင်း ဖြေပေးလိုက်သည်။ " မင်းကို စစ်ဆေးတဲ့သူ ဖန်းတုံးဟွလို့ခေါ်ပြိိး လွန်ခဲ့တဲ့ နှစ်လလောက်ကမှ ပြောင်းလာတာ။ သူက စည်းကမ်းဆိုင်ရာ ကြီးကြပ်သူအနေနဲ့ တာ၀န်ကျတာ။ ဒါကြောင့် မင်းကို စစ်ခွင့်ရှ်ိတာ။ ပြီးတော့ သူက ဖန်းရှောင်းလီရဲ့ ဦးလေး။ ဖန်းရှောင်းလီက ဘာလို့ အမေဘက်က မျိုးရိုးကို ယူထားတာလဲတော့ ကိုယ်လည်းမသိဘူး။ သူ့အဖေရဲ့ မျိုးရိုးနာမည်က လင်းလေ။ ကိုယ်တို့တပ်က ဗိုလ်မှုးကြီးပေါ့ " 



ဖန်းရှောင်းလီ နာမည်ကိုကြားရတာကို စုယွဲ့ မအံ့သြမိချေ။ " ဖန်းရှောင်းလီ တိုင်လိုက်တာ ဟုတ်တယ်မလား "



ဟန်အိုက်ကောက " အင်း "ဟုပြောခဲ့သည်။ ဖန်းတုံးဟွရဲ့ ၀န်ခံချက်အရဆို တကယ်ကို တိုင်လိုက်သူက ဖန်းရှောင်းလီဖြစ်သည်။ သို့သော်လည်း တိုင်ရုံကတိုင်ရုံသာဖြစ်ပြီး ဘာမှ အရေးမယူနိုင်ပေ။ မှားယွင်းပြီး တိုင်ကြားရုံလို့သာ ပြောကာ ဖန်းတုံးဟွက ဖန်းရှောင်းလီကို ခုခံပေးပြီး သူတစ်ယောက်တည်း ဆောင်ရွက်တာဖြစ်တယ်လို့ ၀န်ခံထားသည်။ ထို့ကြောင့် သူတစ်ယောက်တည်းကသာ တာ၀န်ယူရတော့မှာ ဖြစ်သည်။ 



" ဒါဆို ဖန်းတုံးဟွက ဘယ်လိုဖြစ်သွားမှာလဲ " ဖန်းရှောင်းလီ ဖခင်က လူကြီးထဲမှ ဖြစ်သည်ကို စုယွဲ့လည်း သိသည်။ ဖန်းတုံးဟွရဲ့ အပြုအမူက အာဏာကို အလွဲသုံးစားလုပ်ခြင်းဖြစ်သဖြင့် အလွယ်တကူ ကျော်သွား၍ ရမည်မဟုတ်ချေ။ 



ဖန်းတုံးဟွ၏ အကြောင်းပါလာသည့်အခါ ဟန်အိုက်ကော မျက်၀န်းတွေက မီးတစ်၀င်း၀င်းတောက်လာတော့သည်။ " ဖန်းတုံးဟွက ၀န်ခံလိုက်ပြိီ။ သူက မစုံစမ်းဘဲ စစ်ဆေးမေးမြန်းပြီး အတင်းအကြပ်၀န်ခံခိုင်းတာကိုလည်း ကိုယ်ရော ခေါင်းဆောင်ယွီကပါ မြင်သွားတာမို့လို့ သူ မလွတ်နိုင်တော့ဘူး။ ပြိီးတော့ အထက်ကလည်း သိသွားပြီမို့လို့ ထုတ်ပယ်ခံရတော့မှာ။ ဆရာကြီးလင်းတောင် ကာကွယ်မပေးနိုင်တော့ဘူး "



ထိုသို့ကြားရသော်လည်း စုယွဲ့ မကျေနပ်သေးပေ။ တကယ်က တာ၀န်အရှိဆုံးလူမှာ ဖန်းရှောင်းလီဖြစ်သည်ကို သူမ သိသည်။ ဖန်းတုံးဟွနှင့် သူမကြားတွင် ရန်ငြှိုးမရှိသဖြင့် ဖန်းရှောင်းလီရဲ့ စကားကြောင့်သာ အခုလို ဖြစ်လာတာပင်။ 



အဆုံးမှာ ဖန်းရှောင်းလီက အကောင်းတိုင်းရှိနေသေးမှတော့ ဘာထူးတော့မှာလဲ။ 



စုယွဲ့က သူတော်စင်မဟုတ်သလို အနိုင်ကျင့်တာကို ငြိမ်ခံနေမည့် လူအိုကြီးလည်း မဟုတ်ပေ။ ဖန်းရှောင်းလီရဲ့ လုပ်ရက်ကြောင့် စုယွဲ့ အလွန် ဒေါသထွက်နေမိကာ ဘေးအိမ်သွားပြီး ထိုမိန်းမကို ချက်ချင်း ပါးသွားရိုက်မိချင်သည်။ သို့သော် အခု ထို့သို့ မလုပ်နိုင်သဖြင့် စုယွဲ့ သက်ပြင်းအကြိမ်ကြိမ်ချရင်း စိတ်ထိန်းနေရသည်။ 



" ထားလိုက်ပါတော့ သူမနဲ့ ဖက်ဖြစ်နေရင် ကျွန်မတို့ပဲ အဆင့်ကျသွားလိမ့်မယ် "



ဟန်အိုက်ကောက ထိုသို့မတွေးချေ။ သူက စုယွဲ့ထက် ဖန်းရှောင်းလီကို ဒေါသထွက်နေတာဖြစ်သည်။ စုယွဲ့က ယောက်ျားကြီးသုံးယောက်ထံမှ အချုပ်ခံထားရသည်ကို မြင်လိုက်ရစဥ်က ဟန်အိုက်ကော တကယ်ကို လူသတ်ချင်စိတ်တွေ ဖြစ်လာခဲ့တာပင်။ 



သူ့ဇနီးလေးက မတရားခံခဲ့ရတာကို သူ ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်ဘူး။ ဒီိကိစ္စအတွက် ဖန်းရှောင်းလီက အပြစ်ပေးမခံရပေမယ့် သူတော့ လွှတ်မပေးနိုင်ဘူး။



ဖန်းရှောင်းလီက ၀မ်ရှန့်တွင် အလုပ်လုပ်နေစဥ်တွင် ပစ္စည်းများကို ထုတ်ယူကာ အပြင်မှာ ကြေးမြင့်မြင့်နဲ့ ရောင်းနေတာကို ဟန်အိုက်ကော သက်သေတွေ ရထားပြီးပြီဖြစ်သည်။ သက်သေရော မျက်မြင်သက်သေတွေပါ ဟန်အိုက်ကော ပြင်ဆင်ထားပြီးပြီဖြစ်သည်။ 



သူ့ဇနီးလေးကို အလွဲသုံစားလုပ်တယ်လို့ ပြောပေမယ့် သူမရဲ့ အပြုအမူတွေကမှ တကယ်အလွဲသုံးစားလုပ်နေတာ မဟုတ်ဘူးလား။ နောက်ပြီး သက်သေရှိနေတာကြောင့် ငြင်းချင်ရင်တောင် ငြင်းရတော့မှာ မဟုတ်ဘူး။



ဟန်အိုက်ကောက သက်သေတွေကို စည်းကမ်းထိန်းသိမ်းရေးဌာနသို့ ပို့ပြီးသွားပြီဖြစ်သည်။ အခုလောက်ဆို ဖန်းရှောင်းလီကို စစ်ဆေးရေးမှာ ပူးပေါင်းပေးဖို့ လူလွှတ် ခေါ်ခိုင်းလိုက်လောက်ပြီပင်။ ဒီတစ်ခေါက်မှာ ဖန်းရှောင်းလီကို ကယ်ထုတ်နိုင်ရင်တောင်  ကျိန်းသေပေါက် နောက်ဆက်တွဲတွေကို ခံစားသွားရမှာပဲ။



ပုံမှန်အားဖြင့် ဟန်အိုက်ကောက အခြားသူတွေအကြောင်းကို ဂရုစိုက်တက်သူမဟုတ်ပါ။ ဒီတစ်ခေါက်တွင် ဖန်းရှောင်းလီက သူ သည်းမခံနိုင်သည့် ကိစ္စကို လုပ်ခဲ့တာဖြစ်ကြီး တန်ရာတန်ကြေး ပြန်ပေးရတော့မည် ဖြစ်သည်။