၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ
အပိုင်း ၈၅ -ရွှေ့ပြောင်းခြင်း၊ ကျောင်းတက်ခြင်း
နောက်တစ်နေ့ညတွင် ဟန်အိုက်ကောတို့အိမ်၌ တံခါးခေါက်သံ ကြားလိုက်ရကာ ရောက်လာသူမှာ ဖုန်းကျွင်းဝေဖြစ်သည်။
ဖုန်းကျွင်းဝေက နှုတ်ခမ်းတွေကွဲနေပြီး မျက်ကွင်းတွေလည်း ညိုနေကာ အနားမယူရတာ ကြာနေသည့်ဟန်ဖြင့် ပင်ပန်းနေသည့်ပုံရှိသည်။ သူက စုယွဲ့ကို မြင်တဲ့အခါ ချက်ချင်း တောင်းပန်စကားပြောခဲ့သည်။ " ခယ်မလေး ကျွန်တော့်ဇနီးကြောင့် ဒုက္ခများခဲ့ရတဲ့အတွက် သူမရဲ့အစား ကျွန်တော်က တောင်းပန်ပါတယ် " လို့ပြောကာ စုယွဲ့ကို ခါးညွတ်ပြီး တောင်းပန်ခဲ့သည်။
" ခေါင်းဆောင်ဖုန်း ....." စုယွဲ့ ဘယ်လိုပြန်ပြောရမလဲကို မသိတော့ပေ။
ဖုန်းကျွင်းဝေကလည်း စုယွဲ့ဆီမှ ပြန်စကားကို မလိုချင်ပါ။ သေချာရပ်လိုက်ပြီးနောက် ဟန်အိုက်ကောကို ပြောခဲ့သည်။ " အိုက်ကော ခဏထွက်ခဲ့ဦး။ စကားခဏလောက်ပြောရအောင် "
ဟန်အိုက်ကောလည်း ခေါင်းညိတ်ပြကာ နောက်မှလိုက်ထွက်သွားခဲ့သည်။
နှစ်ဦးသား လူမရှိသည့် ထောင့်တစ်နေရာသို့ရောက်မှ ရပ်လိုက်ကြသည်။ ထိုအခါမှ ဖုန်းကျွင်းဝေက ဟန်အိုက်ကောကို ပြန်လှည့်ကြည့်ကာ မျက်၀န်းတွေထဲမှာ မကျေမနပ်ဖြစ်နေပြီး ဒေါသကို ထိန်းချူပ်ထားရသည့်အသံဖြင့် ပြောခဲ့သည်။ " အိုက်ကော ငါတို့တွေ သိလာတာလည်း နှစ်တွေကြာနေပြီ။ ငါက မင်းကို ညီအစ်ကိုတစ်ယောက်လို သဘောထားထားတဲ့ဟာကို ဘာလို့ ငါ့အပေါ်မှာ ဒီလိုလုပ်ရက်ရတာလဲ။ ငါလည်း ငါ့မိန်းမလွန်တယ်ဆိုတာကို သိပါတ ဒေါသထွက်လွန်းလို့ ကွာရှင်းပစ်ချင်နေတာ။ ဒါပေမယ့်လည်း ခယ်မလေးကို ပြန်တောင်းပန်ခိုင်းဦးမယ်ဆိုပြီး တွေးထားခဲ့တာကို မတောင်းပန်နိုင်ခင်မှာပဲ စစ်ဆေးရေးတွေဆီ ဆွဲခေါ်ခံသွားရတယ်။ အဲ့တော့မှပဲ မင်းရဲ့လုပ်ရက်တွေက်ို ငါလည်းသ်ိလိုက်ရတာ! "
ဖုန်းကျွင်းဝေက လက်သီးဆုပ်ထားရင်းဖြင့် မကျေမချမ်း ဆက်ပြောခဲ့သည်။ " မင်းတို့ မကျေနပ်ရင်လည်း ပြောပေါ့။ မင်းတို့ စိတ်ကျေနပ်တဲ့အထိ ငါ့မိန်းမကို ဒူးထောက်ပြီးတောင်းပန်ခိုင်းရမယ်ဆိုရင်လည်း ငါလုပ်ခိုင်းမှာပဲ။ ငါတို့ တောင်းပန်တာကို လက်မခံချင်လည်း ရသေးတယ်။ ဒါပေမယ့် ဘာမှမပြောနိုင်သေးခင်မှာပဲ ဒီလိုလုပ်ချပစ်လိုက်ရလား။ မင်း ငါ့ကို ညီအစ်ကိုတစ်ယောက်လိုရော သဘောထားသေးရဲ့လား! "
ဟန်အိုက်ကောက တိတ်တဆိတ်သာ နားထောင်နေပြီး နောက်မှ ပြန်ပြောခဲ့သည်။ " ဒါဆိုရင် အစ်ကိုဖုန်းရဲ့ မိန်းမက ကျွန်တော့်မိန်းမကို ချောက်ချလိုက်တုန်းကရော၊ အစ်ကိုရော ကျွန်တော့်ကို ညီအစ်ကိုလို သတ်မှတ်ထားရဲ့လား။ အစ်ကိုမိန်းမက အဲ့လိုလုပ်နေတုန်းကရော ကျွန်တော်တို့ရဲ့ ခင်မင်မှုကို ထည့်စဥ်းစားပေးခဲ့လို့လား။ ကျူးကျစ်ကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်တော့်မိန်းမကို အတင်းအကြပ် ၀န်ခံခိုင်းနိုင်လိုက်ကြမှာ။ ၀န်ခံပြီးရင် ဖြစ်လာမယ့်နောက်ဆက်တွဲတွေကို အစ်ကို သိတာပဲမဟုတ်ဘူးလား "
ဖုန်းကျွင်းဝေက တစ်ခဏမျှ ရှက်ရွံ့သွားကာ ဘာမှပြန်မပြောနိုင်ဖြစ်သွားသော်လည်း ခဏအကြာတွင် ပြန်အော်ခဲ့သည်။ " ဒီတစ်ခေါက်က ငါ့မိန်းမအလွန်ဆိုတာကို ငါလည်းသိတယ်။ ဒါပေမယ့် သူ့ဦးလေးကို ရာထူးကထုတ်လိုက်ပြီမဟုတ်ဘူးလား။ ငါတောင် တပ်ထဲက ထုတ်ပယ်ခံရဆဲဆဲဖြစ်ပြီး ဘ၀ပျက်တော့မှာလေ။ ဒါတောင် မလုံလောက်သေးဘူးလား ။ ဘာလို့ ငါ့မိန်းမကို ဒီလောက်အထိ လုပ်ရက်ရတာလဲ။ မင်းက ငါ့မျက်နှာကိုတောင် မထောက်တော့ဘူးလား "
ဟန်အိုက်ကောက မျက်နှာတစ်ချက်မှ ပျက်မသွားပေ။ " ကျွန်တော့်အမြင်မှာတော့ အစ်ကို့မိန်းမက အပြစ်ပေးခံသင့်လို့ ခံရတာ။ ပြီးတော့ ကျွန်တော်က မဟုတ်မမှန် စွပ်စွဲနေတာလည်း မဟုတ်ဘူး။ သက်သေတွေလည်း အကုန်ရှ်ိနေတာလေ "
ဖန်းရှောင်းလီရဲ့ လုပ်ရက်ကို ဖုန်းကျွင်းဝေ မသိတာမဟုတ်ဘဲ မသိချင်ယောင်ဆောင်ပေးထားခဲ့တာဖြစ်သည်။ ယခုတွင်မူ ငြင်းချင်လျှင်တောင် ငြင်း၍မရနိုင်တော့ပေ။ " ကောင်းပြီ ကောင်းပြီ! ဟန်အိုက်ကော မင်းက မညှာတာမှတော့ ဒီအချိန်ကစပြီး ငါတို့က ညီအစ်ကိုတွေ မဟုတ်တော့ဘူး! "
ပြောပြီးသည်နှင့် ဖုန်းကျွင်းဝေက ဒေါသတကြီးထွက်သွားတော့သည်။
ဟန်အိုက်ကောလည်း ထွက်သွားသူကိုကြည့်နေပြီးနောက် အမူအရာပြောင်းလဲခြင်းမရှိဘဲ ပြန်လှည့်လာလိုက်သည်။ အိမ်ပြန်ရောက်သည့်အခါတွင်လည်း စုယွဲ့အား ထိုအကြောင်း မပြောပြခဲ့ပေ။
ဟန်အိုက်ကောရဲ့ လုပ်ရက်ကို နောက်နှစ်ရက်ကြာပြီးမှ စုယွဲ့ ရွှီးချန်ဆီမှ သိခဲ့ရသည်။
ရွှီးချန်က ဆေးရုံမှဆင်းလာပြီဖြစ်တာကြောင့် စုယွဲ့က ရှောင်ပေါင်နဲ့ တာ့ပေါင်ကိုခေါ်ပြီး သတင်းသွားမေးတာ ဖြစ်သည်။
တာ့ပေါင်နဲ့ ရှောင်ပေါင်တို့က သူတို့ထက်ငယ်တဲ့ ကလေးကို မမြင်ဖူးကြတာကြောင့် စိတ်၀င်စားနေကြသည်။ ရွှိီးချန်က ညီလေးကို မွေးပြီးပြီလို့ စုယွဲ့ ပြောပြသောအခါ ထိုညီအစ်ကိုနှစ်ယောက်က ကြည့်ချင်နေတာကြောင့် ခေါ်သွားပေးဖို့ ပူဆာနေခဲ့သည်။ သွားနေစဥ်တွင်လည်း အလွန်တက်ကြွနေကြပြီး နှင်းထဲလဲကျနေသည်ကိုပင် အော်ငိုခြင်းမရှိကြဘဲ ပြန်ထရပ်ကာ ဆက်ပြေးသွားနေကြသည်။
ရွှီးချန်တို့ အိမ်ရောက်တဲ့အခါ ညီအစ်ကိုနှစ်ယောက်က ခုတင်ထက်မှ ကလေးလေးကို စိတ်၀င်တစား သွားကြည့်ကြသည်။ ကလေးလေးကို မြင်တဲ့အခါ ညီအစ်ကိုနှစ်ယောက်က ပါးစပ်လေးတွေ ဟတဲ့အထိ အံ့သြသွားကြပြီး မျက်နှာအမူအရာတွေကလည်း ထူးဆန်းသွားကြသည်။
ရှောင်ပေါင်က တည့်တိုးဆန်သည့်ကလေးဖြစ်သဖြင့် အံ့သြသွားပြီးနောက်တွင် စိတ်ပျက်သွားတဲ့ပုံနဲ့ နှုတ်ခမ်းဆူကာ စုယွဲ့ကို ပြောခဲ့သည်။ " မားမား ညီလေးက ရုပ်ဆိုးတယ် "
တာ့ပေါင်က ဘာမှမပြောသော်လည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြခဲ့သည်။ ကလေးလေးကို ကြည့်ပြီးတဲ့အခါ စိတ်ပျက်သွားပြီး သက်ပြင်းချကာ စုယွဲ့ဘေး ပြန်လာပြီး ထိုင်နေခဲ့သည်။
စုယွဲ့ သူမ သားနှစ်ယောက်က ထိုသို့ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ စုယွဲ့ ကလေးနှစ်ယောက်ရဲ့ တင်ပါးလေးတွေကို ချလိုက်ကာ ဆူလိုက်သည်။ " ဘာတွေ ပြောနေကြတာလဲ။ ညီလေးက ဘယ်မှာ ရုပ်ဆိုးလို့လဲ၊ မင်းတို့လည်း မွေးတုန်းက ညီလေးလိုပဲဟာကို "
ရှောင်ပေါင်က မျက်လုံးလေးတွေက ပြူးသွားကာ ပြန်ငြင်းခဲ့သည်။ " မားမား သားက ရုပ်ချောတယ် " သားက ရုပ်ချောတယ်၊ ရုပ်မဆိုးဘူး။
ခုတင်ပေါ်မှ ရွှီးချန်က ရယ်ခဲ့သည်။ " ဘာလို့ ကလေးတွေက်ို ရိုက်နေတာလဲ။ သူတို့ပြောတာ ဟုတ်နေတာပဲဟာ။ အစ်မဘာသာတောင် အဲ့လိုပဲ ထင်နေတာ။ မျောက်လေးကြနေရောပဲ။ မွေးပြီးပြီးချင်းကဆို ငိုလည်း မငိုတော့ အစ်မမှာ အစ်မမွေးခဲ့တဲ့ကလေးရော ဟုတ်ရဲ့လားလို့ တွေးမိတာပါဆို "
စုယွဲ့ - " အစ်မ ဘာတွေ ပြောနေတာလဲ။ ကလေးတွေက ဒီလိုပဲ မွေးလာကြတာ မဟုတ်ဘူးလား၊ တာ့ပေါင်တို့ ရှောင်ပေါင်တို့ ငယ်ငယ်တုန်းကဆိုလည်း မျောက်လေးလိုပဲ ရှုံ့တွနေကြတာ။ ပြီးတော့လည်း ၀၀တုတ်တုတ် ပြည့်ပြည့်ဖြိုးဖြိုးလေးတွေ ဖြစ်လာကြတာပဲလေ။ အစ်မသားလည်း နောက်ကြရင် အဲ့လိုပဲ ဖြစ်လာမှာပါ "
ရွှီးချန်က ရယ်မိပြန်သည်။ " အဲ့လိုဆို အစ်မလည်း စောင့်ကြည့်ဦးမှပဲ။ ဒါတောင် ရုပ်ဆိုးနေတုန်းပဲဆိုရင် အစ်မတော့ ငိုမိမှာ"
နှစ်ဦးသား ရယ်နေကြပြီးမှ ရွှီးချန်က ထိုနေ့ကအကြောင်းကို သတိရသွားကာ သက်ပြင်းချခဲ့သည်။ " အစ်မလည်း လောင်ယွီပြောမှ သိတာ။ ဘယ်လိုဖြစ်ပြီး တိုက်ဆိုင်သွားတာလဲ မသိဘူး။ အစ်မသာ အဲ့နေ့က ရှိမယ်ဆိုရင် စုယွဲ့လည်း ဒုက္ခခံလိုက်ရမှာမဟုတ်ဘူး။ ကံဆိုးသွားတာပဲ "
စုယွဲ့ ပြုံးလိုက်မိသည်။ " တိုက်ဆိုင်တာ မဟုတ်တာလည်း ဖြစ်နိုင်တာပဲလေ။ ညီမထင်တာတော့ ဖန်းရှောင်းလီ တမင်ကြံစည်ထားတာပဲနေမှာ။ ဟန်အိုက်ကောကလည်း အိမ်မှာမရှိသလို အစ်မကလည်း မီးဖွားနေတော့ ညီမကို ဖမ်းလိုက်ရင် ဘယ်သူမှ လာမကယ်နိုင်တော့ဘူးလေ "
ထိုအခါမှ ရွှီးချန်လည်း ထိုနေ့ကကိစ္စကို ပြန်မှတ်မိသွားသည်။ " အစ်မက အဲ့နေ့မနက်က ဗိုက်နာလာလို့ လောင်ယွီက ဆေးရုံကိုလိုက်ပို့ပေးတာကို အဆောင်ထဲက လူတော်တော်များများ မြင်သွားကြတယ်။ ဖန်းရှောင်းလီကလည်း ဂိတ်မှာ လွန်းပြန်ယာဥ်ကိုစောင့်နေတာဆိုတော့ ကျိန်းသေပေါက် မြင်မှာပဲ။ အဲ့ဒါကြောင့် တမင် အဲ့အချိန်ကို ရွေးလိုက်တာ နေမှာ "
ရွှီးချန် မျက်မှောင်ကြုံ့လိုက်မိသည်။ " ဖန်းရှောင်းလီက တကယ် အကျင့်မကောင်းတာပဲ။ မိန်းမတွေက မကျေနပ်တက်တာကို အစ်မလည်း သိပါတယ်။ ဒါပေမယ့်လည်း နောက်ကျောကို ဓားနဲ့ထိုးတာကတော့ လွန်လွန်းတယ်။ အခုတော့ သူမလည်း ပြန်ဝဋ်လည်နေပြီလေ။ သူမ အလုပ်လည်း ပြုတ်သွားသလို ယောက်ျားကလည်း သတိပေးခံလိုက်ရတော့ နောက်ဆို အခုလို ဘ၀င်လေဟပ်နေနိုင်မှာ မဟုတ်တော့ဘူး "
" ဘယ်လို? " စုယွဲ့ အံ့အားသင့်သွားမိသည်။ " ဖန်းရှောင်းလီရဲ့ ဦးလေးကပဲ အပြစ်တွေ အကုန်ခံသွားတာဆို။ သူမက ဘာလို့ အလုပ်ပြုတ်ရတာလဲ "
ရွှီးချန်ကလည်း စုယွဲ့ကို အံ့သြတကြီး ပြန်ကြည့်ခဲ့သည်။ " မသိသေးဘူးလား "
စုယွဲ့ ခေါင်းခါပြလိုက်သည်။ " ဘာတွေ ဖြစ်သွားတာလဲ"
" ဖန်းရှောင်းလီက ရာထူးကို အသုံးချပြီး ရုံးကပစ္စည်းတွေကို အပြင်မှာ စျေးကြီးကြီးနဲ့ ပြန်ရောင်းတာလေ။ အဲ့ဒါကို တပ်ကို တိုင်လိုက်တော့ တပ်က စစ်ဆေးးတဲ့အချိန် သက်သေတွေကလည်း လုံလောက်နေတော့ အလွဲသုံးစားလုပ်မှုနဲ့ အပြစ်ပေးခံလိုက်ရတာ"
စုယွဲ့ မျက်လုံးပြူးသွားမိသည်။
ရွှီးချန် - " အရင်ကတော့ အဲ့လိုလုပ်နေတာကို အလုပ်သမားဌာနကလည်း ဘာမှမပြောဘူးလေ။ သူမအဖေက ဗိုလ်ချုပ်ကြီးကို၊ အခုလည်း အလုပ်ဖြုတ်ခံရုံလောက်နဲ့ပဲ ပြီးသွားတာ။ ဒါပေမယ့် သူမ ယောက်ျားကတော့ တပ်ထဲမှာ သတိပေးခံလိုက်ရပြီး နောက်ပိုင်းရာထူးတိုးဖို့လည်း ခက်သွားပြိိ "
စုယွဲ့ ဖုန်းကျွင်းဝေ တောင်းပန်ဖို့ ရောက်လာတဲ့ညကို ပြန်သတိရသွားမိသည်။ သူက မျက်နှာပျက်နေပြီး ဟန်အိုက်ကောကိုလည်း စကားခေါ်ပြောခဲ့သေးသည်။ စုယွဲ့ ဟန်အိုက်ကောကို မေးခဲ့ပေမယ့် ဟန်အိုက်ကောက ဘာက်ိစ္စမှမဟုတ်ဘူးလို့သာ ပြန်ဖြေခဲ့တာဖြစ်သညိ။
စုယွဲ့ တကယ်ဘာမှမသိသေးတာကို ရွှီးချန်လည်း သိသွားသဖြင့် အသေးစိတ်ပြောပြလိုက်တော့သည်။ " ဖန်းရှောင်းလီကို တိုင်လိုက်တဲ့သူက ညီမရဲ့ယောက်ျား ဟန်အိုက်ကောဖြစ်လိမ့်မယ်။ အစ်မလည်း သေချာတော့ မသိပေမယ့် သက်သေနဲ့ တိုင်တာမို့လို့ လုံး၀မလွတ်နိုင်တော့တာ"
" ညီမကို မပြောပြထားဘူး " စုယွဲ့ ရေရွတ်လိုက်မိသည်။
" ရလဒ်က အခုမှထွက်လာတာလေ။ သူက ရလဒ်ထွက်မှ ပြောပြချင်လို့နေမှာပေါ့။ ပြောရရင် ဖန်းရှောင်းလီရဲ့မိသားစုက အာဏာရှိတော့ လွတ်သွားနိုင်တာပဲဆိုပြီး မပြောပြသေးတာနေမှာ "
စုယွဲ့လည်း ထိုသို့ဖြစ်မည်ကိုသိသည်။ ဟန်အိုက်ကောက တကယ်ကို ထိုသို့သော လူစားမျိုးဖြစ်သည်။ ရလဒ်ထွက်မလာမချင်း သူလုပ်ထားသည်ကို ထုတ်ပြောမည့်သူ မဟုတ်ပေ။
သူမ မသိလိုက်ဘဲ ထိုသို့ဖြစ်သွားသည်ကိုသာ စုယွဲ့ အံ့သြနေမိတာဖြစ်သည်။ ထိုကိစ္စက ပြီးသွားပြီလို့ထင်ထားသော်လည်း သူမ မသိအောင် နောက်ကွယ်မှ လက်စားချေပေးမယ်ဟု ထင်မထားခဲ့မိချေ။
ဒီလူကတော့ .....
ညနေခင်း ဟန်အိုက်ကော တပ်ထဲမှပြန်လာသည့်အခါတွင် စုယွဲ့လည်း ရေချိုးခန်းထဲ ညစာကျွေးနေရင်း ထိုကိစ္စကို မေးလိုက်သည်။
ဟန်အိုက်ကောက " အင်း " ဟု ပြန်ဖြေကာ ၀န်ခံခဲ့သည်။
" ဒါဆို အရင်တစ်ခေါက်က ခေါင်းဆောင်ဖုန်းလာတုန်းက ဒီကိစ္စကို ပြောခဲ့ကြတာလား "
ဟန်အိုက်ကောက ခေါင်းညိတ်ပြခဲ့သည်။
စုယွဲ့ ဟန်အိုက်ကော မျက်နှာကို အုပ်ကိုင်လိုက်သည်။ " ဒါဆိုရင် ကျွန်မကို အမှန်တိုင်းဖြေပေး။ ရှင်နဲ့ ခေါင်းဆောင်ဖုန်းနဲ့ ဒီကိစ္စကြောင့် မခေါ်ကြတော့ဘူးမလား "
ဟန်အိုက်ကောက " အင်း " ဟူ၍သာ ပြန်ဖြေခဲ့သည်။
စုယွဲ့ သက်ပြင်းချလိုက်မိသည်။ " ဒါဆို ဘယ်လိုလုပ်ကြမလဲ။ ရှင်နဲ့ ခေါင်းဆောင်ဖုန်းက ဒီလောက် နှစ်တွေအကြာကြီး ခင်မင်လာကြတဲ့ဟာကို။ ရှင် ကျွန်မအတွက် ဒေါသထွက်နေလို့ ဖန်းရှောင်းလီကို သင်ခန်းစာပေးချင်တာကို ကျွန်မ နားလည်ပါတယ်။ အဲ့လိုဆိုလည်း ဖန်းရှောင်းလီနဲ့ပဲ တိုက်ရိုက်ဖြေရှင်းလိုက်သင့်တာပေါ့။ ဘာလို့ တိုင်လိုက်ရတာလဲ။ ခေါင်းဆောင်ဖုန်းက စိတ်ဆိုးသွားပြီး ဘယ်တော့မှ ပြန်မပြေလည်တော့ဘဲ နေတော့မယ် "
ဟန်အိုက်ကော - " ညီအစ်ကိုကောင်းတစ်ယောက် ဆုံးရှုံးလိုက်ရလို့ ၀မ်းနည်းဖို့ကောင်းပေမယ့် ကိုယ့်အတွက်တော့ မင်းကသာ အရေးအကြီးဆုံးလူပဲ။ ဖုန်းကျွင်းဝေမျက်နှာကိုထောက်ပြီး သက်သေတွေကိုပြပြီး တောင်းပန်ခိုင်းခဲ့ရင်တောင် ဖန်းရှောင်းလီက စိတ်ရင်းနဲ့ တောင်းပန်မှာမှ မဟုတ်တဲ့ဟာ။ အဲ့လိုသာဆို ကိုယ် မင်းအတွက် ကျေနပ်နိုင်မှာ မဟုတ်ဘူး "
စုယွဲ့ အံ့သြသွားမိကာ ဟန်အိုက်ကောအား တင်းတင်းကြပ်ကြပ် ဖက်လိုက်မိသည်။ " ဘာလို့ အဲ့လောက်ထိ စိတ်ထားကောင်းနေရတာလဲ ရဲဘော်ဟန်ရဲ့ ဟမ်? "
ဟန်အိုက်ကောက ပြုံးကာ စုယွဲ့ အင်္ကျီကြယ်သီးတွေဆီ လက်လှမ်းလာပြီး သူမကို ရေချိုးဇလုံထဲ ဆွဲခေါ်လိုက်လေသည်။ " ကိုယ်က အရမ်းကောင်းတယ်ဆိုလည်း ကိုယ့်ကိုကျေးဇူးတင်ကြောင်းပြလေ၊ ပါးစပ်လေးနဲ့ပဲ ပြောမနေနဲ့ "
စုယွဲ့ - " ........ "
ထိုညက စုယွဲ့တို့နှစ်ယောက်က ရေချိုးခန်းထဲ၌ ယခင်ထက်ပိုကြာအောင် နေမိသွားကြသည်။ ကလေးနှစ်ယောက်က အမေဖြစ်သူ ထွက်မလာသေးသဖြင့် ရေချိုးခန်းဆီ အပြေးသွားချင်နေကြတာကို အမေဟန်က ပြုံးလျက် တားနေရသည်။
_ _ _ _
နောက်တစ်နေ့နံနက်၌ စုယွဲ့ မီးဖိုခန်းထဲ၌ အလုပ်များနေစဥ်တွင် ရှောင်ပေါင်နဲ့ တာ့ပေါင်က အပြင်မှ လက်တွဲကာ ပြေး၀င်လာကြသည်။ " မားမား အပြင်မှာ လူတွေ အများကြီးပဲ "
" ဘယ်က လူတွေ အများကြီးလဲ " စုယွဲ့ ထမင်းလိပ်လုပ်နေရင်းဖြင့် ပြန်မေးလိုက်သည်။ ကလေးနှစ်ယောက်က အခုဆို အကုန်စားတက်နေကြပြီမလို့ စုယွဲ့က အားလုံးကို လုပ်ကျွေးနေပြိီဖြစ်သည်။ ကလေးတွေ ၀လင်လင်စားရစေဖို့ သရေစာတွေကို မကြာခဏလုပ်ကျွေးတက်သည်။ ယခုတွင်လည်း အကျက်လွန်သွားသည့် ထမင်းများရှိနေသဖြင့် ထမင်းလိပ်လုပ်ပေးနေတာ ဖြစ်သည်။
ရှောင်ပေါင်က စုယွဲ့ ထမင်းလိပ်လုပ်နေတာ မြင်တဲ့အခါ အစားကို စိတ်ရောက်သွားပြီး ဆက်ပြောမည့်စကားကို မေ့သွားတော့သည်။ ဂလုခနဲ တံတွေးမျိုချလိုက်ပြီး မေးခဲ့သည်။ " မားမား ဘာလုပ်နေတာလဲ "
စုယွဲ့လည်း သူမ သားငယ်ဖြစ်သူကြောင့် အမြဲဆိုသလို ငိုရအခက် ရယ်ရအခက်ပင်။ အစားအသောက်ကို မြင်လိုက်သည်နှင့် အိန္ဒြေမရတော့ပေ။ သူမ ကိုယ်၀န်ဆောင်စဥ်က အစားအများကြီး စားခဲ့သည်မှာ မထူးဆန်းတော့ပေ။
စုယွဲ့ ခေါင်းတစ်ခါခါဖြင့် ထမင်းလိပ်လေးနှစ်ခုကိုယူလိုက်ပြီး တစ်ယောက်တစ်ခုစီ ခွံ့ကျွေးလိုက်သည်။
ရှောင်ပေါင်က ပျော်သွားကာ တစ်မြုံ့မြုံ့ဖြင့် ၀ါးနေပြီး " မားမားက တော်လိုက်တာ အရမ်းစားကောင်းတာပဲ " လို့မျက်နှာလုပ်သေးသည်။
တာ့ပေါင်ကလည်း သဘောကျပြီး ညီဖြစ်သူ စကားကို ခေါင်းညိတ်ကာ ထောက်ခံနေခဲ့သည်။
စုယွဲ့ ပြုံးလိုက်မိကာ တာ့ပေါင်ကို မေးလိုက်သည်။ " ခုနက ညီလေးက မားမားကို ဘာပြောမလို့ လုပ်နေတာလဲ "
တာ့ပေါင်က ရှောင်ပေါင်ထက် စကားလုံးတွေကို ပိုသိသည်။ ထို့ကြောင့် စုယွဲ့ကို ပြန်ဖြေခဲ့သည်။ " ပစ္စည်းတွေ ရွှေ့နေကြတာ "
ပစ္စည်းတွေ ရွှေ့နေတာလား? စုယွဲ့လည်း လုပ်လက်စကိုချကာ အပြင်ထွက်ပြီး တစ်ချက်လှမ်းကြည့်လိုက်သည်။ အပြင်၌ လူများက ၀င်လိုက်ထွက်လိုက် တက်လိုက်ဆင်းလိုက်ဖြင့် ပရိဘောဂများကို ရွှေ့နေကြသည်။
ဒါ ဘာလုပ်နေကြတာလဲ။
နားမလည်သော်လည်း စုယွဲ့ သွားမမေးမိပေ။ အခုဆို မိသားစုနှစ်စုသည် လုံး၀ မခေါ်ကြတော့တာဖြစ်ပြီး လမ်းမှာဆုံလျှင်တောင် နှုတ်ဆက်ခြင်းမရှိကြတော့တာကြောင့် သွားမေးနေလည်း အပိုပင်။
သို့သော် နေ့လယ်ခင်း၌ အဖွားစွန်းက ရောက်လာကာ လာပြောပြခဲ့သည်။ ဘေးအိမ်က အနည်းငယ် လှမ်းတဲ့အဆောင်ဆီ တမင်အိမ်ပြောင်းနေကြတာတဲ့လေ။
စုယွဲ့လည်း အဲ့ဒါ ကောင်းတာပဲလို့ ထင်သည်။ ဖန်းရှောင်းလီက သူမတို့နဲ့ အနီးမှာ မနေချင်တော့လို့ ပြောင်းတာပဲ နေမှာပေါ့။ ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ မနာလိုဖြစ်ပြီး ရန်ဖြစ်နေစရာမလိုတော့ဘူး။
နောက်ထပ်ပြောင်းလာမယ့် မိသားစုက ပုံမှန်မိသားစုပဲဖြစ်ကာ သူမတို့နဲ့ အဆင်ပြေဖို့ စုယွဲ့ မျှော်လင့်မိသည်။ အိမ်နီးချင်းတွေနဲ့ အဆင်မပြေဖြစ်ရတာကို သူမ တကယ် မကြိုက်ချေ။
_ _ _ _
ဖုန်းမိသားစု အိမ်ပြောင်းသွားပြီးနောက် ဘေးအိမ်က လွတ်နေကာ အချိန်အတော်ကြာသည်အထိ လူသစ်များ ရောက်မလာကြပေ။
ဤသို့ဖြင့် မေလသို့ရောက်လာကာ ဟန်အိုက်မင်ထံမှစာလည်း ရောက်လာခဲ့သည်။ စာထဲ၌ ဟန်အိုက်မင်က ကျောင်းပိတ်တော့မှာဖြစ်သည့်အတွက် တူလေးတွေကိုတွေ့ဖို့ လာခဲ့မယ်လို့ ပြောထားသည်။
စုယွဲ့လည်း ထိုအခါမှ ဟန်အိုက်မင် အထက်တန်းပြီးတော့မှာကို မှတ်မိတော့သည်။ ဒီနှစ်ပြီးရင် နောက်နှစ်၌ အထက်တန်း တတိယနှစ်ကို တက်ရတော့မှာဖြစ်သည်။
ကောလိပ်၀င်ခွင့်စာမေးပွဲတွေ ပြန်စတော့မှာကိုပါ သတိရပြီး စုယွဲ့ သူမ နဖူးလက်ပြန်ရိုက်လိုက်မိသည်။ ဒီိလို အရေးကြီးတာကိုမှ မေ့နေရတယ်လို့။
ဟန်အိုက်ကော ညနေခင်းပြန်ရောက်လာသည့်အခါ ဟန်အိုက်ကောကို ဟန်အိုက်မင်ကို မြို့ပေါ်မှာပြောင်းပြီး ကျောင်းထားပေးချင်ကြောင်း ပြောပြလိုက်သည်။
ဟန်အိုက်ကောက အံ့သြသွားခဲ့သည်။ " ဘာလို့ ရွာမှာပဲ မတက်ခိုင်းတာလဲ "
" ကျွန်မတို့နဲ့ အမေက ဒီမှာပဲနေကြမှာလေ။ အိုက်မင်က အငယ်ဆုံးဖြစ်ပေမယ့် ရွာမှာဆို သူ့ကို ဂရုစိုက်ပေးမယ့်သူမရှိဘူး။ ဒုတိယသားနဲ့ တတိယသားတို့ မိသားစုလည်းရှိပေမယ့် သူတို့ကလည်း သူတို့ကလေးတွေနဲ့ဆိုတော့ အိုက်မင်ကို ဘယ်လိုလုပ် ဂရုစိုက်ပေးနိုင်ကြမှာလဲ။ မြို့က ကျွန်မတို့နဲ့ နည်းနည်းဝေးပေမယ့် အစားအသောက်တွေ သွားပို့ပေးတာလေး ဘာလေး လုပ်ပေးလို့ရသေးတယ်။ ပြီးတော့ အမေကလည်း ဘာမှမပြောပေမယ့် သူလည်း စိုးရိမ်နေမှာ။ ဒီမှာလာနေမယ်ဆို အမေလည်း ပျော်သွားမှာပေါ့ "
ဟန်အိုက်ကော တွေးကြည့်လိုက်မိသည်။
အိုက်မင်က သားလေးယောက်ထဲမှာ အငယ်ဆုံးဖြစ်ကာ မိခင် အုပ်ထိန်းမှုအောက်မှာပဲ ရှိနေသေးဖို့ လိုသေးသဖြင့် ဟန်အိုက်ကောလည်း စိုးရိမ်နေခဲ့တာဖြစ်သည်။ ထိုကလေး အခုကျောင်းပြီးသွားလျှင် ကျောင်းဆက်တက်ချင်လား တပ်ထဲ၀င်ချင်လားလို့ မေးဖို့စဥ်းစားထားခဲ့တာ ဖြစ်သည်။
စုယွဲ့က ထိုကလေးကို အထက်တန်းကျောင်းဆက်တက်စေချင်သေးတယ်လို့ ပြောလာတာကြောင့် ဟန်အိုက်ကော အကြပ်ရိုက်သွားမိသည်။ ဟန်အိုက်မင်ကရော ပညာဆက်သင်ချင်သေးလားဆိုသည်ကို သူမသိပေ။ တကယ်ဆို လက်ရှိကျောင်းတွေက ဘာကိုမှ ရေရေရာရာ သင်ပေးနိုင်ခြင်းမရှိဘဲ တက္ကသိုလ်တက်ခွင့်ရခဲ့ရင်တောင် ရွာပြန်ပြီး အလုပ်လုပ်ရတာပဲမလို့ စာသင်တာက အလကားပင်ဖြစ်သည်။ ထို့ကြောင့် ကျေးရွာမှကလေးတွေကို ကျောင်းထားခဲကြသည်။
ဟန်အိုက်ကော - " အိုက်မင်က ကျောင်းတက်ချင်သေးတယ်တဲ့လား "
စုယွဲ့လည်း ယခုခေတ်မှာ ကျောင်းတက်သူနည်းပါးတာကို သိသည်။ အထူးသဖြင့် ကျေးရွာမှ ကလေးတွေက တက်ခဲသည်။ အထက်တန်းကို တက်ဖူးရုံလောက်သာ ကျောင်းထားကြတာဖြစ်လို့ ဟန်အိုက်ကောရဲ့ မေးခွန်းက ဖြစ်သင့်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဟန်အိုက်ကောက ကောလိပ်၀င်ခွင့်စာမေးပွဲတွေ ပြန်ကျင်းပတော့မယ်ဆိုတာမှ မသိသေးတဲ့ဟာ။
စုယွဲ့ - " လက်ရှိကျောင်းတွေက သေချာမသင်ပေးကြပေမယ့် ကိုယ့်ဘာသာလည်း လေ့လာလို့ရတယ်။ အိမ်မှာနေတာထက်တော့ ကောင်းမှာပါ။ ကလေးတွေလည်း ကြိုးစားလို့ရတာပေါ့။ ပြီးတော့ နိုင်ငံတော်ကလည်း နောက်ဆို အဲ့လိုမျိုးတွေကို အားပေးအားမြှောက်လုပ်လာတော့မှာ။ ကျွန်မကိုယုံ၊ မကြာခင် ကောလိပ်၀င်ခွင့်စာမေးပွဲတွေ ပြန်ရှိလာတော့မှာ။ အဲ့အခါကြရင် တက္ကသိုလ်တက်ချင်ရင် ထောက်ခံပေးမယ့်သူရှိမှတို့ ဘာတို့မလိုတော့ဘူး။ အရည်အချင်းသာ ရှိတာမှန်ရင် တက္ကသိုလ်တက်ခွင့်ရမှာ အသေအချာပဲ "
ဟန်အိုက်ကော စုယွဲ့ စကားကြောင့် အံ့သြသွားမိသည်။
စုယွဲ့ ဟန်အိုက်ကော နှာခေါင်းကို ဆွဲညှစ်လိုက်သည်။ "ရဲဘော်ဟန်အိုက်ကော ရှင် ကျွန်မကို ယုံလား။ နိုင်ငံတော်က သေချာပေါက် ကောလိပ်၀င်ခွင့်စာမေးပွဲတွေကို ပြန်လုပ်ပေးလိမ့်မယ်။ အဲ့တော့ ပြန်မစခင် ကျွန်မတို့လုပ်ရမှာက ကောင်းကောင်းပြင်ဆင်ထားဖို့ပဲ။ အိုက်မင်ရဲ့ ရလဒ်တွေက ကောင်းတယ်လေ။ ပြီးတော့ သူ့ဘာသာလည်း လေ့လာထားတာမို့လို့ ကျိန်းသေပေါက် တက္ကသိုလ်ကို ၀င်ခွင့်ရလိမ့်မယ်။ အဲ့လိုသာဆို သူ့အတွက်လည်း ကောင်းသွားမှာ။ ဒါကြောင့် ဒီမတိုင်ခင်မှာ မြို့ကိုသွားပြီး ကိုယ့်ဘာသာသင်ယူနိုင်ဖို့ ကျောင်းထားပေးချင်တာ "
ဟန်အိုက်ကော စုယွဲ့ကို ဘယ်လိုသိလဲလို့ ပြန်မေးလိုက်ချင်မိသည်။ ဘာလို့ဆို အခုထိ ဘာအကြောင်းအရင်းမှ ထွက်မလာသေးသလို ဘာသတင်းမှလည်း ထွက်မလာသေးပေ။ ဟန်အိုက်ကော မေးချင်စိတ်ကို မျိုသိပ်လိုက်မိသည်။ ဘာလို့လဲဆိုတာတော့ မသိပေမယ့် စုယွဲ့ ပြောစကားတွေကို ဟန်အိုက်ကော ယုံကြည်မိကာ ကျိန်းသေဖြစ်လာမည့်အရာများဟုလည်း စိတ်ထဲမှ ထင်နေမိသည်။
စုယွဲ့က ကောလိပ်၀င်ခွင့်စာမေးပွဲတွေ ပြန်ရှိလာမယ်လို့ ပြောနေကာ ဟန်အိုက်ကောအမေနဲ့ မယုံကြည်ချင်စရာကောင်းမှန်းသ်ိပေမယ့် ယုံကြည်နေမိပြန်သည်။
အကြောင်းပြချက်ကို စုယွဲ့ မပြောပြချင်ရင် သူလည်း ထုတ်မေးမှာ မဟုတ်ချေ။
" ကောင်းပြိိလေ ဒါဆိုလည်း ကိုယ်စီစဥ်လိုက်မယ်။ အိုက်မင်ကို ကျောင်းဆက်တက်ခိုင်းကြတာပေါ့ "
စုယွဲ့ ပြုံးလိုက်မိသည်။ ဟန်အိုက်ကောရဲ့ လည်ပင်းကို ဖက်လိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။ " ဒါဆို ရဲဘော်ဟန်အိုက်ကော ကျွန်မ တစ်ခုပြောချင်သေးတယ် ~ "