၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ
အပိုင်း ၈၆ - ခရိုင်မြို့သို့ အလည်တစ်ခေါက်
ဟန်အိုက်ကောက အံ့သြသွားပေမယ့် စုယွဲ့ ခါးကိုဖက်ကာ မေးလိုက်သည်။ " ပြောလေ ဘာလိုချင်လို့လဲ "
စုယွဲ့က သူမအကြံကို ဟန်အိုက်ကော ကြိုသိနေတာကြောင့် ရယ်လိုက်သည်။ " မြို့ပေါ်မှာ အိမ်တစ်လုံးလောက် ၀ယ်ကြရအောင်။ အဲ့လိုဆို အိုက်မင် ကျောင်းတက်ရင်းလည်း နေလို့ရသလို နောက်ကြ ကျွန်မတို့နေချင်ရင် နေလို့ရတာပေါ့ " ခရိုင်မြို့က အနာဂတ်မှာ အချက်အချာကျတဲ့ မြို့ဖြစ်လာပြီး စီးပွားရေးတွေလည်း တိုးတက်လာကာ အိမ်စျေးတွေလည်း မိုးထိုးမတက် တက်သွားလိမ့်မည်။ ဒါကြောင့် အခု၀ယ်ထားတော့ မကောင်းဘူးလား။
ဟန်အိုက်ကောက စုယွဲ့စကားဆို အကုန်သဘောတူပေးခဲ့ကာ အမြဲတမ်းလည်း သဘောတူပေးနေမည့်သူဖြစ်သည်။ ထို့ကြောင့် ချက်ချင်း ခေါင်းညိတ်ပြခဲ့သည်။ " ဒါဆို ကိုယ် ရှာကြည့်လိုက်မယ်။ ရောင်းမယ့်သူရှိလာရင် ကိုယ် မင်းကို ခေါ်သွားပေးမယ် "
စုယွဲ့ ဟန်အိုက်ကောကို ဖက်လိုက်ကာ နမ်းလိုက်ပြီးရွှန်းလဲ့သော အကြည့်များဖြင့် ကြည့်လိုက်သည်။ ဒီလောက် ကောင်းတဲ့ယောက်ျားမျိုး သူမမှာ ရှိနေတာပဲ။
ဟန်အိုက်ကောက သူ့ ဇနီးလေးဆီကနေ အဲ့လို အကြည့်မျိုးကို မခုခံနိုင်တာကြောင့် ချက်ချင်း စုယွဲ့ကို ကောက်ပွေ့လိုက်ပြီး စကားဆက်မပြောချင်တော့ပေ။ စုယွဲ့ကို အောက်ဖိထားလိုက်ကာ အဟန့်အတားတွေကို ဆွဲဖယ်ပြီး အလုပ်ကြိုးစားတော့သည်။
_ _ _ _
ဟန်အိုက်ကောက လ၀က်အကြာ၌ အိမ်ကောင်းတစ်လုံးက်ို ရှာတွေ့သွားသည်။ ထိုအိမ်က မြို့လယ်မှာ တည်ရှိနေတာဖြစ်ပြီး ကျောင်းကလည်း မျက်နှာချင်းဆိုင်တွင် ရှိတာဖြစ်သည်။ တည်နေရာက အလွန်ကောင်းမွန်ကာ ကျောင်းနဲ့လည်း နီးတာကြောင့် စုယွဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီသည်။
ပိုင်ရှင်က အခြားမြို့ကို ပြောင်းရမှာဖြစ်တာကြောင့် အိမ်ကို အမြန်ရောင်းထုတ်ချင်နေတာပင်။
အိမ်ရဲ့တည်နေရာကို ကြားတဲ့အခါ စုယွဲ့က ချက်ချင်းသဘောကျသွားမိသည်။ မြို့လယ်မှာ ရှိနေတာဖြစ်ပြီး ကလေးတွေကျောင်းသွားဖို့လည်း လွယ်ကူကာ သူမလည်း စားသောက်ဆိုင်ဖွင့်နိုင်မည့် နေရာကောင်းဖြစ်သည်။
အိမ်၀ယ်ရာ၌ စုယွဲ့သည် ကလေးများ၏ ပညာရေးအတွက်သာမကဘဲ သူမ၏ အလုပ်အကိုင်အတွက်ကိုပါ ထည့်စဥ်းစားထားခဲ့တာဖြစ်သည်။ အရင်ဘ၀တုန်းက စုယွဲ့က ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ခဲ့တာဖြစ်ပြီး ယခုဘ၀တွင်လည်း ထိုသို့ပင် လုပ်ချင်မိသည်။ လောလောဆယ် မဖြစ်နိုင်သေးပေမယ့် နောက်နှစ်အနည်းငယ်ကြာပြီးရင်တော့ သူမ ဆိုင်ဖွင့်နိုင်မယ်လို့ စုယွဲ့ယုံသည်။
သို့သော်လည်း ထိုစိတ်ကူးကို စုယွဲ့ ထုတ်မပြောရသေးချေ။
ဟန်အိုက်ကော နားရက်ရသည့်နေ့တွင် စုယွဲ့ ကလေးနှစ်ယောက်ပါခေါ်ပြီး ခရိုင်မြို့ဆီသွားဖို့ ပြင်ဆင်လိုက်သည်။ အမေဟန်ကိုလည်း အလည်အပတ်ရောက်ဖူးအောင် ခေါ်သွားမှာဖြစ်သည်။ ယခုခေတ်၌ ခရိုင်မြို့ဆီသွားခြင်းက ကိစ္စကြီးတစ်ခုဖြစ်ကာ ကြွား၀ါနိုင်သည့်အရာမျိုး ဖြစ်သည်။
ထို့ကြောင့် အမေဟန်က ခရိုင်မြို့ကို သွားရမယ့်နေ့၌ အလွန်ပျော်နေပြီး အစောကြီးထကာ အကောင်းဆုံး အင်္ကျီကို၀တ်ထားပြီး ဆံပင်ကိုလည်း သပ်ရပ်နေအောင် ဖြီးသင်ထားကာ တက်ကြွနေခဲ့သည်။
တာ့ပေါင်နဲ့ ရှောင်ပေါင်လည်း မိဘတွေက အပြင်ခေါ်သွားမှာကို သိတဲ့အခါ ပျော်နေကြသည်။ ခရိုင်မြို့ဆိုတာကို မသိကြသေးပေမယ့် အလွန်အမင်း တက်ကြွနေကြသည်။ ညီအစ်ကိုနှစ်ယောက်က အ၀တ်အစားတွေလဲပြီးတာနဲ့ စုယွဲ့ ဘောင်းဘီစကိုဆွဲကာ အော်နေကြသည်။" မားမား မြန်မြန်လုပ် သွားမယ်လေ "
စုယွဲ့ သားနှစ်ယောက်ရဲ့ ပါးဖောင်းဖောင်းလေးတွေကို ညှစ်ပြီး ပြောလိုက်သည်။ " မနက်စာစားပြီးမှ သွားလို့ရမှာလေ " သွားချင်လွန်းလို့ မနက်စာမစားရသေးတာကိုတောင် မေ့နေကြတာပင်။
ထိုအခါမှ ကလေးနှစ်ယောက်က ထမင်း၀ိုင်းကိုသွားပြီး ထိုင်ခုံပေါ် ကုတ်တွယ်၍တက်ကာ ငြိမ်ငြိမ်လေး ထိုင်ပြီး ဇွန်းလေးတွေကို ကိုင်လျက် လူကြီးတွေ မနက်စာကျွေးမှာကို ထိုင်စောင့်နေကြသည်။
စုယွဲ့ ရယ်ရအခက် ငိုရအခက် ဖြစ်ရပြန်သည်။ ကလေးနှစ်ယောက်က မွေးကတည်းက အဆောင်၌ပဲနေနေကြရကာ ကွန်မြူနတီကိုတောင် မသွားဖူးကြတာကြောင့် အပြင်ထွက်ရမှာ စိတ်လှုပ်ရှားနေကြတာကို နားလည်လို့ရသည် ။
မနက်စာစားပြီးနောက် ဟန်မိသားစုက ကားဂိတ်ကိုသွားပြီး လွန်းပြန်ယာဥ်စီးကာ ကွန်မြူနတီဆီ သွားလိုက်ကြသည်။ ထိုမှတစ်ဆင့် ခရိုင်မြို့ဆီ ဆက်သွားကြမှာဖြစ်သည်။
ညီအစ်ကိုနှစ်ယောက်က ကားတစ်ခါမှ မစီးဖူးကြတာကြောင့် ကားစိီးရတာကို အလွန်နှစ်ခြိုက်နေကြသည်။ တာ့ပေါင်က စုယွဲ့ ပေါင်ပေါ် ထိုင်နေပြီး လှုပ်လှုပ်ရွရွလည်း လုပ်မနေချေ။ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက် ရှုခင်းတွေကို ကြည့်နေပြီး စိတ်၀င်စားစရာတစ်ခုခုကို တွေ့မှသာ စုယွဲ့ကို လက်ညှိုးထိုးပြတက်သည်။ စုယွဲ့လည်း သူမသားကြီးကိုကြည့်ကာ အသည်းယားလာသဖြင့် တစ်ရှုံ့ရှုံ့နမ်းနေမိသည်။
ရှောင်ပေါင်ကမူ တစ်ချက်လေးအငြိမ်မနေဘဲ ဟန်အိုက်ကော ပေါင်ပေါ်၌ ရပ်နေကာ ပြတင်းပေါက်မှ အပြင်ဘက် ကြည့်နေပြီး တအံ့တဩ အော်နေခဲ့သည်။ " ၀ါး ၀ါး! "
ကလေးနှစ်ယောက်က ၀၀တုတ်တုတ် ဖြူဖြူဖွေးဖွေးလေးတွေဖြစ်ပြီး စုယွဲ့ရဲ့ အလှတရားတွေကို ဆက်ခံထားတာဖြစ်တာကြောင့် အတော်လေးချစ်ဖို့ကောင်းကြပြီး ခွဲမရအောင် တူကြသဖြင့် ကားပေါ်မှလူတွေက စိတ်၀င်စားနေကြသည်။ ကလေးနှစ်ယောက်ကို ကြည့်ကာ ချီးမွမ်းနေကြသဖြင့် အမေဟန်က သဘောကျနေပြီး မြေးနှစ်ယောက်အကြောင်းကို ရယ်မောရင်း ဖောက်သည်ချနေခဲ့သည်။
နှစ်နာရီကြာပြိိီးနောက်တွင် ခရိုင်မြို့ ရောက်သွားကာ လိပ်စာအတိုင်း ရောင်းမည်ဟူသည့်အိမ်ကို သွားရှာလိုက်ကြသည်။
တောင်ကြားအ၀တွင်ရှိသည့် မကြီးမသေးခြံ၀င်းတစ်၀င်းပါ အိမ်တစ်အိမ်ဖြစ်သည်။ အနည်းငယ် ဟောင်းနွမ်းနေသော်လည်း အတော်လေး ကောင်းသေးသည်။ စုယွဲ့ အလွန် သဘောကျသွားမိသည်။ ခြံ၀င်းလည်းပါတာကြောင့် ကလေးတွေ ပြေးလွှားဆော့နိုင်ပြီး အ၀တ်အစားနှင့် စောင်များကိုပါ လှမ်းနိုင်လောက်သည်။
အိမ်ကို အရှေ့နှင့် အနောက် ခွဲထားကာ တစ်ဘက်လျှင် အခန်းသုံးခန်းပါရှိပြီး ဘေးဘက်တွင် ရေချိုးခန်း၊ အိမ်သာနှင့် မီးဖိုချောင်တို့ ရှိသည်။
အခန်းတွေက သိပ်မများပေမယ့် နောင်တစ်ချိန်၌ နှစ်ထပ်အိမ်အဖြစ် ဆောက်လို့ရသေးသည်။ အကျယ်အ၀န်းက သင့်တော်ကာ အရှေ့ဘက်ကို စုယွဲ့ စားသောက်ဆိုင်ဖွင့်ဖို့ သုံးနိုင်ပြီး အနောက်ဘက်ကိုမူ မိသားစုများ နေလို့ရလောက်သည်။
စုယွဲ့ အိမ်တွင်းအိမ်ပြင်ကို သေချာကြည့်ပြီးသည့်အခါ ကျေနပ်သွားသော်လည်း မျက်နှာထက်တွင် မပေါ်သွားစေလိုက်ပေ။ တစ်ခဏမျှ တွေဝေနေဟန်ဆောင်ကာ အိမ်ပိုင်ရှင်တွေကို မေးခဲ့သည်။ " ဘယ်လောက်လောက် မှန်းထားကြလဲရှင့် "
ပိုင်ရှင်က သတ်လတ်ပိုင်းရွယ် လင်မယားနှစ်ယောက်ဖြစ်သည်။ " ဒီအိမ်က ကျွန်တော်တို့လင်မယား ဆယ်နှစ်ကျော်နေလာတဲ့အိမ်ပါ။ အုတ်တွေ တိုင်တွေကအစ ကိုယ်တိုင်လုပ်ထားတာ။ ကျွန်တော်တို့ရဲ့သားက အခြားမြို့မှာ တာ၀န်ကျပြီး ကျွန်တော်တို့ လင်မယားကိုပါ ခေါ်သွားချင်တယ်ဆိုလို့သာ ရောင်းရမှာ။ တကယ်က ကျွန်တော်တို့က မရောင်းချင်ပါဘူး။ အခုလည်း ကျွန်တော်တို့က ပြောင်းဖို့ အလျင်လိုနေတာမို့လို့ ယွမ် ၅၅၀၀ နဲ့ပဲ ယူလိုက်ပါ။ အဲ့စျေးရရင် ကျွန်တော်တို့လည်း ရောင်းပါ့မယ် "
" ယွမ် ၅၅၀၀တောင်? " အမေဟန်က အံ့သြသွားကာ စျေးဆစ်ခဲ့သည်။ " စျေးကြီးလွန်းလိုက်တာ၊ နည်းနည်းလောက်လျှော့ပါဦး။ ဒီအိမ်က ဟောင်းနေတော့ ကျွန်မတို့နေမယ်ဆ်ိုရင် ပြန်လည်းပြင်ရဦးမှာ။ အဲ့လိုဆို ကုန်ကျစရိတ်လည်း များမှာလေ။ ကျွန်မတို့အတွက် မတန်တော့ဘဲ နေမှာပေါ့ရှင် "
ပိုင်ရှင်အမျိုးသမီးက ပြောခဲ့သည်။ " ကျွန်မတို့တောင်းတဲ့စျေးက နည်းပါတယ်ရှင်။ မယုံရင် စုံစမ်းကြည့်လိုက်ပါ။ ဒီလို အိမ်ရောခြံရောပါတာမျိုးဆို ယွမ် ၅၅၀၀ နဲ့ဘယ်ရပါ့မလဲရှင် "
အမေဟန် - " ဒါပေမယ့်လည်း အိမ်က ဟောင်းနေပြီလေ၊ အသစ်သာဆိုရင် ကျွန်မတို့လည်း ပြင်ဖို့မလိုတော့ ၅၅၀၀ ကို ပေးနိုင်တာပေါ့ရှင်။ ဒါပေမယ့် အစ်မကြီးတို့အိမ်က ပြင်ဖို့လိုနေတဲ့နေရာတွေ အများကြီးလေ။ ယွမ်တစ်ထောင်လောက်တောင် ကျလောက်မှာ။ အစ်မကြီးတို့လင်မယားလည်း တန်ဖိုးထားတဲ့အိမ်ပဲဟာ နည်းနည်းလောက် လျှော့ပေးပါဦးလားရှင် "
စုယွဲ့နှင့် ဟန်အိုက်ကောလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အမေဟန်ရဲ့ စျေးဆစ်စွမ်းရည်ကို ချီးကျူးလိုက်ကြမိသည်။ ထို့ကြောင့် သူတို့နှစ်ယောက်လုံး တိတ်နေလိုက်ကြပြီး အမေဟန်ကိုသာ စကားပြောခိုင်းထားလိုက်တော့သည်။
အမေဟန်နဲ့ ပိုင်ရှင်လင်မယားတို့ နာရီ၀က်ခန့်စကားပြောပြိီးနောက်တွင် ယွမ် ၅၀၀၀နှင့် သဘောတူညီမှု ရသွားခဲ့သည်။
စုယွဲ့လည်း ခြံ၀င်းပါအိမ်တစ်အိမ်က ယွမ်ငါးထောင်ဖြင့် တန်တယ်ဘို့ ထင်သည်။ စျေးထပ်မစစ်လည်း ရလောက်တယ် ထင်တာကြောင့် ချက်ချင်း ခရိုင်ရုံးသွားပြီး အရောင်းအ၀ယ်ကိစ္စကို ဥပဒေနှင့်အညီ ဆောင်ရွက်လိုက်သည်။ အိမ်ဂရံကို ဟန်အိုက်ကောနာမည် ပြောင်းလိုက်ကာ ယခင်ပိုင်ရှင်လင်မယားကိုလည်း လက်ငင်းငွေချေပေးလိုက်သည်။
ထိုလင်မယားက အိမ် ဤမျှမြန်မြန်ရောင်းထွက်သွား်လို့ မထင်ထားခဲ့ကြပေ။ သူတို့ မှန်းထားသည်ထက် ယွမ်ငါးရာနည်းသော်လည်း ကျေနပ်နေကြပြီး စုယွဲ့တို့ကို အိမ်သော့က်ို လွှဲပေးခဲ့ကာ နှုတ်ဆက်ပြီး ထွက်သွားကြတော့သည်။
စုယွဲ့ သော့ကိုကိုင်ထားရင်း ပျော်နေမိသည်။ သူမလက်ထဲက ပိုက်ဆံအားလုံး ကုန်သွားပြီး ငမွဲတစ်ယောက်ဖြစ်သွားပေမယ့် သူမရှေ့က ခြံနဲ့အိမ်ကိုကြည့်ပြီး အလွန်သဘောကျနေမိသည်။ တာ့ပေါင်နဲ့ ရှောင်ပေါင်ကို လက်ကဆွဲပြီး အိမ်ထဲ ခေါ်သွားလိုက်သည်။ " လာ မားမားတို့ရဲ့ အိမ်ကိုလိုက်ပြမယ် "
တာ့ပေါင်နဲ့ ရှောင်ပေါင်က အမေဖြစ်သူနောက် တစ်ကောက်ကောက် လျှောက်လိုက်ပြီး လှည့်ပတ်ကြည့်နေကြသည်။
အမေဟန်နဲ့ ဟန်အိုက်ကောက နောက်မှလိုက်သွားကြသည်။ အမေဟန်က ဟန်အိုက်ကောကို ပြောခဲ့သည်။ " ဘာလ်ို့ ယွဲ့ယွဲ့က အိမ်၀ယ်ချင်တာတဲ့လဲ။ စျေးမကြီးလွန်းဘူးလား။ တစ်ခါတည်း ယွမ်ငါးထောင်တောင် ကုန်သွားပြီ။ ရှိသမျှပိုက်ဆံသုံးပြီး အိမ်၀ယ်လိုက်မှတော့ ဘယ်လိုလုပ်ကြမလဲ၊ ကလေးနှစ်ယောက်လည်း ရှိသေးတဲ့ဟာကို "
ဟန်အိုက်ကော အမေဖြစ်သူအား ပုခုံးကိုပုတ်ပေးပြီး စိတ်ချသွားစေဖို့ ပြောပေးလိုက်သည်။ " အမေ ဘာတွေ စိတ်ပူနေတာလဲ။ အမေ့ချွေးမလုပ်တာက ဘယ်တုန်းက မှားဖူးလို့လဲ။ သူမ ၀ယ်တယ်ဆိုတည်းက အရှုံးမရှိတာ သေချာနေလို့ပဲနေမှာပါ။ ပြီးတော့ ကျွန်တော့်လစာလည်း ရနေမှာပဲ။ တစ်မိသားစု စားဖို့တော့ လောက်ပါတယ် "
ထိုအခါမှ အမေဟန်လည်း စိတ်အေးသွားခဲ့သည်။ " ထားလိုက်တော့ ထားလိုက်တော့ ၀ယ်လည်းပြီးနေပြီပဲ။ နည်းနည်းလောက် ခြစ်ကုတ်စားလိုက်ရင် ဖြစ်သွားလိမ့်မယ် "
ဟန်အိုက်ကောက စုယွဲ့တို့ကို အိမ်မှာပဲ စောင့်စေပြီး အထက်တန်းကျောင်းဆီသွားကာ ဟန်အိုက်မင်ကျောင်းပြောင်းဖို့ ကိစ္စ သွားစုံစမ်းလိုက်သည်။
စုယွဲ့က အိမ်မှာ အမေဟန်တို့နဲ့ နေခဲ့ကာ ဘာတွေ ပြုပြင်ဖို့လိုလဲကို မှတ်ထားလိုက်ပြီး ဟန်အိုက်မင်လာနေနိုင်ဖို့ ဘာတွေကိုပြင်ဆင်ပေးရမလဲကို တွေးနေလိုက်သည်။
ဟန်အိုက်ကောက ကျောင်းမှပြန်လာတဲ့အခါ စုယွဲ့ကို ပြောခဲ့သည်။ " နောက်စာသင်နှစ်စရင် အိုက်မင် ချက်ချင်း ကျောင်းတက်လို့ရပြီ "
အမေဟန်က ပျော်ရွှင်နေခဲ့သည်။ " အိုက်မင်လည်း ဒီကိုလာနေတော့မှာဆိုရင်တော့ အမေလည်း သူ့ကို ဂရုစိုက်ပေးလို့ ရပြီပေါ့။ အခုကြ အဲ့ကလေးကိုမြင်လိုက်တိုင်း ထွားလာတယ်ကိုမရှိဘူး။ ရွာက ချွေးမနှစ်ယောက်က ဖြစ်သလိုပဲ ကျွေးနေကြတာနေမှာပေါ့။ အဲ့ကလေးက တစ်နှစ်ထက်တစ်နှစ် ပိန်ပိန်လာတယ် "
အမေဟန်က ဟန်အိုက်မင်အတွက် ပူပန်နေတာကို စုယွဲ့လည်း သိနေသဖြင့် နှစ်သိမ့်ပေးလိုက်သည်။ " အမေ အိုက်မင် ကျောင်းလာတက်ရင် အဆောင်ကို မကြာခဏလာလည်လို့ရမှာပါ။ အဲ့အခါကြမှ အတိုးချပြီး ဂရုစိုက်ပေးကြမယ်လေ ခဏခဏလည်း တွေ့လို့ရလိမ့်မယ်"
အမေဟန်က ခေါင်းညိတ်ပြခဲ့သည်။
အိမ်ကိစ္စက ပြီးပြတ်သွားပြီဖြစ်သဖြင့် စုယွဲ့က အလည်အပတ် ခေါ်သွားပေးဖို့ ဆုံးဖြတ်လိုက်သည်။ " သွားကြရအောင် စျေး၀ယ်ထွက်ကြမယ်။ မြို့ကိုလာဖို့က ခဲယဥ်းတယ်မဟုတ်ဘူးလား"
ယခုလက်ရှိ ခရိုင်မြို့က စုယွဲ့အမြင်၌ နိမ့်ကျသော်ငြား ဘာမှမရှိသည့် ကွန်မြူနတီနှင့် ရွာထက်တော့ သာသည်။ အနည်းဆုံးတော့ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ရှိနေခဲ့သည်။ ကားကြီးကားငယ် အသွယ်သွယ်လည်း ရှိနေသဖြင့် တာ့ပေါင်နဲ့ ရှောင်ပေါင်တို့က လက်တွဲပြီး လမ်းလျှောက်နေလျက် စပ်စုစွာ လိုက်ကြည့်နေကြသည်။
ဖျော်ဖြေရေးကဏ္ဍများက ယခုအချိန်တွင် သိပ်မရှိသေးပေ။ ရုပ်ရှင်ရုံတွေ ရှိပေမယ့် အချစ်ငှက်တွေနဲ့ပဲ ပြည့်နေတာကြောင့် သူမတို့မိသားစု သွားဖို့က မသင့်တော်ပေ။ ၄င်းအပြင် ယခုခေတ် ရုပ်ရှင်များက ကြည့်လို့ရရုံသာရှိတာ ဖြစ်သဖြင့် စုယွဲ့ စိတ်မ၀င်စားပေ။
ရုပ်ရှင်ရုံရှေ့၌ နေကြာစေ့များနှင့် ရေခဲမုန့်ရောင်းသည့် ဆိုင်များရှိသည်။ ရာသီဥတုက ပူနေသဖြင့် စုယွဲ့ ရေခဲမုန့်နှစ်ခု၀ယ်လိုက်ပြီး အမေဟန်ကို တစ်ခုပေးလိုက်ကာ ကျန်တစ်ခုကို သူမတို့သားမိတစ်တွေဖို့ ထားလိုက်သည်။
ညီအစ်ကိုနှစ်ယောက်က ရေခဲမုန့်ကို မျက်လုံး၀ိုင်းလေးတွေနဲ့ လိုက်ကြည့်နေကြသည်။ သရေစာတွေကို သဘောကျတဲ့ ရှောင်ပေါင်က လျှာသပ်ပြီး ပြောခဲ့သည်။ " မားမား သားကို တစ်ကိုက်ကျွေး "
တာ့ပေါင်ကလည်း တံတွေးမျိုချပြီး စုယွဲ့လက်ထဲမှ ရေခဲမုန့်ကို ကြည့်နေခဲ့သည်။
ရာသီဥတုက ပူသော်လည်း စုယွဲ့က ကလေးတွေကို အအေးစာ သိပ်မစားစေချင်ပေ။ အပူရှပ်တာတို့ ၀မ်းသွားတာတို့ ဖြစ်သွားမှာစိုးသဖြင့် ချော့လိုက်သည်။ " ရေခဲမုန့်က စျေးကြီးလွန်းတော့ မားမားတို့ တစ်ခုပဲ၀ယ်နိုင်တယ်။ ဒါကြောင့် မျှစားရမှာနော်။ မားမားနဲ့ပါးပါးနဲ့ တစ်ကိုက်စီစားပြီးရင် သားတို့နှစ်ယောက်လည်း တစ်ကိုက်စီစားကြလေ ဟုတ်ပြီလား "
ရှောင်ပေါင်က လောဘကြီးသော်လည်း ဝေမျှစားခြင်းကို မငြင်းပေ။ သူက ခေါင်းညိတ်ပြကာ ပြောခဲ့သည်။ " ဒါဆိုလည်း မားမားနဲ့ ပါးပါး မြန်မြန်စား "
စုယွဲ့က အလုတ်ကြိိီးကြီးတစ်လုတ်ကိုက်ချလိုက်သဖြင့် ရေခဲမုန့်ရဲ့ လေးပုံတစ်ပုံက ကုန်သွားခဲ့သည်။ စုယွဲ့ အေးလွန်းသဖြင့် ဖြည်းဖြည်းချင်း ၀ါးစားလိုက်ရသည်။
တာ့ပေါင်နဲ့ ရှောင်ပေါင်က ထိုသည်ကိုကြည့်ကာ " အာ " ဟူ၍ အာမေဋိတ်ပြုလိုက်ကြသည်။ တာ့ပေါင်က ဘာှမပြောဘဲ စုယွဲ့ကိုငေးကြည့်နေပြီး ရှောင်ပေါင်က စုယွဲ့ ဘောင်းဘီစကိုဆွဲပြီး " မားမား မားမား ! " လို့အော်နေခဲ့သည်။
စုယွဲ့က ထိုဟာကို မသိချင်ယောင်ဆောင်ကာ ဟန်အိုက်ကောဆီ ရေခဲမုန့် ပေးလိုက်သည်။ " မားမား ပြီးသွားရင် ပါးပါးအလှည့်လေ။ ပါးပါးက ပိုက်ဆံတွေအများကြီး ရှာပေးထားတာဆိုတော့ သူ့ကိုလည်း တစ်ကိုက်ကျွေးရမယ် "
ကလေးနှစ်ယောက်က မငြင်းနိုင်ကြသဖြင့် ဟန်အိုက်ကောကိုသာ လိုက်ကြည့်နေကြသည်။ သူတို့အဖေက အမေဖြစ်သူလို အများကြီးစားသွားမည်ကို စိုးရိမ်နေတာကြောင့်ပင်။
ဟန်အိုက်ကောလည်း ပြုံးမိလိုက်ကာ ကလေးနှစ်ယောက်ရဲ့ အကြည့်တွေအောက်မှာပဲ ရေခဲမုန့်ရဲ့ တစ်၀က်ကျော်ကျော်ကို ကိုက်စားပစ်လိုက်သဖြင့် ရေခဲမုန့်မှာ ယခုဆို နှစ်ကိုက်သုံးကိုက်စာ နည်းနည်းလေးပဲ ကျန်တော့သည်။
တာ့ပေါင်က နှုတ်ခမ်းလေး တင်းတင်းစေ့ထားကာ အော်မငိုမိအောင် ထိန်းထားပေမယ့် ရှောင်ပေါင်က ၀ါးခနဲ ထငိုတော့သည်။ " မားမားက လူဆိုး! ပါးပါးလည်း လူဆိုး! "
သို့သော်လည်း စုယွဲ့က မချော့ပေးဘဲ ရေခဲမုန့်ကို စားတော့မယ့် ဟန်လုပ်ပြလိုက်ကာ ပြောခဲ့သည်။" ဒါဆို မစားတော့ဘူးလား။ မစားတော့ရင် မားမား အကုန်စားလိုက်မှာနော် "
ထိုအခါ ရှောင်ပေါင်က ချက်ချင်းအငိုတိတ်သွားပြီး ရေခဲမုန့်ကိုယူကာ အမေဖြစ်သူ ထပ်စားလိုက်မှာကို တကယ်စိုးရိမ်နေသည့်ဟန်ဖြင့် ကိုက်စားလိုက်သည်။
သို့သော်လည်း အစ်ကိုဖြစ်သူအတွက် ချန်ထားပေးဖို့ကို မမေ့ဘဲ မပေးချင်ပေးချင်ဖြင့် တာ့ပေါင်ဆီ ရေခဲမုန့်ကို ပေးခဲ့သည်။
တာ့ပေါင်က လှမ်းယူလိုက်ပြီး ရှောင်ပေါင်လို ကိုက်မစားဘဲ လျှာဖြင့်လျက်၍ ဖြည်းဖြည်းချင်းစားနေခဲ့သည်။ ထိုသည်ကိုကြည့်ကာ ရှောင်ပေါင်သည် ဂလုဂလုဖြင့် တံတွေးမျိုချနေသဖြင့် စုယွဲ့ ရယ်လိုက်မိသည်။
သိပ်မဝေးတဲ့နေရာမှာ စာအုပ်ဆိုင် တွေ့လိုက်ရတာကြောင့် စုယွဲ့ ကလေးနှစ်ယောက်ကို ခေါ်သွားပေးလိုက်သည်။ ကလေးနှစ်ယောက်က အခုမှ အကြမ်းထည်လေးတွေဖြစ်သဖြင့် ရိုးရှင်းသောစာအုပ်လေးတွေပဲ ၀ယ်လိုက်ကာ စာရေးစာဖတ်သင်ပေးဖို့ ရည်ရွယ်ထားလိုက်သည်။
ညီအစ်ကိုနှစ်ယောက်က စာအုပ်ဆိုင်ကို စိတ်၀င်စားနေကြကာ ဟိုကြည့်သည်ကြည့် လုပ်နေကြသည်။ စုယွဲ့က သူမ တွဲထားတဲ့လက်ကို လွှတ်ပေးလိုက်သည့်အခါ ညီအစ်ကိုနှစ်ယောက်က သူတို့ဘာသာပဲ စာအုပ်စင်ကို တစ်ခုချင်းကို လိုက်ပတ်ကြည့်နေကြသည်။ စုယွဲ့ လှည့်ပတ်ကြည့်လိုက်သည့်အခါ စာအုပ်တွေက စုံစုံလင်လင်မရှိတာကို တွေ့လိုက်ရသည်။ ဒိတ်အောက်နေသော စာစောင်တွေ၊ မဂ္ဂဇင်းတွေနဲ့ အတန်းတစ်တန်းချင်းစီအတွက် ဖက်စာအုပ်တွေ ရှိသော်လည်း စုယွဲ့အတွက် ထိုသည်များက မလိုအပ်ပေ။
ခဏအကြာတွင် တာ့ပေါင်က စုယွဲ့၏ ဘောင်းဘီစကိုလာဆွဲကာ စာအုပ်စင်တစ်စင်ရှိရာကို လက်ညှိုးထိုးပြပြီး ပူဆာခဲ့သည်။ " မားမား ၀ယ်ချင်တယ် "
စုယွဲ့ လိုက်သွားကြည့်လိုက်သည့်အခါ ထိုစာအုပ်စင်ဘေး၌ ကလေးများစွာ စာဖတ်နေကြတာကိုပါ တွေ့လိုက်ရသည်။ စာအုပ်များ၌ ရုပ်ပုံများစွာပါသဖြင့် ကလေးတွေက စာမဖတ်တက်ကြပေမယ့် နားလည်နိုင်ကြသည်။ တာ့ပေါင် ၀ယ်ခိုင်းနေသည်မှာ မထူးဆန်းတော့ချေ
စုယွဲ့က ကလေးတွေအတွက် နှစ်အုပ်ရွေးပေးလိုက်ပြီး ပုံပြင်စာအုပ်တစ်အုပ်ပါ ရွေး၀ယ်ပြီးနောက် စာအုပ်ဆိုင်မှ ပြန်ထွက်လာလိုက်သည်။
အချိန်နောက်ကျနေပြီဖြစ်သဖြင့် စုယွဲ့ ကွန်မြူနတီ၌ နှုတ်ခမ်းအဆီနှင့် မိတ်ကပ်ဘူးလေးကို အမေဟန်အတွက် ၀ယ်ပေးလိုက်ပြီး သူမအတွက် ကရင်မ်တစ်ဘူးကိုပါ ၀ယ်လိုက်သည်။ အခုခေတ်မှာ အသားအရေထိန်းသိမ်းဖို့ အလှကုန်တွေ သိပ်မရှိသေးဘဲ အသားအရေ မွဲခြောက်မနေဖို့ ကာကွယ်နိုင်လောက်သည့် ပစ္စည်းများသာရှ်ိသေးသည်။ အလှကုန်ရဲ့ စျေးက မနည်းသဖြင့် သုံးသူနည်းပါးတာကြောင့် လက်မှတ်လည်း မလိုအပ်သဖြင့် စုယွဲ့ အလွယ်တကူ ၀ယ်နိုင်လိုက်သည်။
အမေဟန်ကမူ ထိုပစ္စည်းများကို စိတ်မ၀င်စားဘဲ ပိတ်စနှင့် အထည်များကိုသာ စိတ်၀င်စားကာ နောက်ဆုံးတွင် ပိတ်စအချို့နှင့် သိုးမွှေးချည်အချို့ကို ၀ယ်ယူခဲ့သည်။ အိမ်ပြန်ရောက်လျှင် မြေးနှစ်ယောက်အတွက် အင်္ကျီလေးများ ထိုးပေးမယ်လို့ ပြောနေခဲ့သည်။
၀ယ်ခြမ်းပြီးသည့်အခါ ခရိုင်မြို့ကို လာရခြင်းကိစ္စလည်း ပြီးသွားပြီဖြစ်သဖြင့် အိမ်ပြန်လိုက်ကြတော့သည်။ သူတို့မိသားစုက တစ်နေ့တည်းဖြင့် နေရာအစုံလျှောက်သွားလိုက်ကြတာကြောင့် ဟန်အိုက်ကောကလွဲပြီး ကျန်လေးယောက်မှာ ပင်ပန်းနေကြပြီဖြစ်သည်။ ကလေးနှစ်ယောက်က လွန်းပြန်ယာဥ်စီးကြသည့်အခါတွင် အိပ်ပျော်သွားကြကာ အိမ်ရောက်သည်အထိ နိုးမလာကြပေ။
_ _ _ _
မြို့မှပြန်လာပြီး နှစ်ရက်အကြာတွင် ဟန်အိုက်မင်က တပ်ထဲကို ရောက်လာခဲ့သည်။ ဟန်အိုက်မင်က ရွာကိုကျောင်းတက်ဖို့ ပြန်ဖို့မလိုတော့ဘူးလို့ သိတဲ့အခါ အသေးစိတ်ပြင်ဆင်ပြီး ထွက်လာခဲ့တာဖြစ်သည်။ အင်္ကျီအ၀တ်အစားတွေ၊ နေ့စဥ်သုံးပစ္စည်းတွေ၊ ကျောင်းလွယ်အိတ်နဲ့ စာအုပ်တွေကို သေချာထည့်ယူလာခဲ့သည်။ စုယွဲ့ကို အံ့သြသွားစေသည်က ဟန်အိုက်မင်က ရွာကသူ့စက်ဘီးကို ရောင်းလာခဲ့ကာ ရလာသည့်ပိုက်ဆံကို စုယွဲ့ဆီပေးခြင်း ဖြစ်သည်။
" မရီး စက်ဘီးက မရီးအပိုင်ပဲလေ၊ ကျွန်တော်က အစကတော့ ဒီထိယူလာဦးမလို့ပဲ။ ဒါပေမယ့် ရထားပေါ်မှာ သယ်လာလို့မရတော့ ရောင်းလာလိုက်တာ၊ တတိယမရီးက ကျွန်တော်မသုံးတော့ရင် သူ့ကိုရောင်းပါလားတဲ့။ ဒါပေမယ့် ကျွန်တော်လည်း စျေးနည်းနည်းပဲပေးတာနဲ့ အပြင်လူကိုပဲရောင်းလိုက်တာ။ အဲ့တော့ ကျွန်တော့်ကို မိသားစုစိတ်ဓာတ်မရှိဘူးဘာညာနဲ့ ရန်တွေ့တော့တာပဲ။ ယွမ်သုံးဆယ်ထက်နည်းပေမယ့် စက်ဘီး၀ယ်ဖို့ လက်မှတ်လည်းပါတော့ ရောင်းလိုက်တာ။ မရီး ဒီမှာ အသစ်တစ်စီးပြန်၀ယ်လို့ရတာပေါ့ "
ဟန်အိုက်မင်ရဲ့ လုပ်ရက်ကြောင့် စုယွဲ့ သဘောတကျ ရယ်လိုက်မိသည်။ " ဒါဆို မင်းရဲ့တတိယမရီးက စိတ်မဆိုးသွားဘူးလား "
ဟန်အိုက်မင်က ရယ်ပြီး ပြန်ဖြေခဲ့သည်။ " ဆိုးတာပေါ့။ ကျွန်တော် စက်ဘီးရောင်းလိုက်တယ်ဆိုတာလည်းသိရော ထမင်းမကျွေးတော့ဘူးဆိုပြီး ခြိမ်းခြောက်တယ်လေ။ ဒါပေမယ့် ဘာဖြစ်လဲ ကျွန်တော့်မှာ ပိုက်ဆံရှိနေပြီပဲဟာ ကြောက်စရာမှ မလိုတော့ဘဲနဲ့ "
စုယွဲ့ ထိုကလေးရဲ့ ဉာဏ်ရည်ကို သဘောကျသွားကာ ပြောခဲ့သည်။ " ဒါဆိုလည်း နောက်မှ အသစ်တစ်စီးပြန်၀ယ်ပေးမယ်နော် "