၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ
အပိုင်း ၈၇ - အိမ်နီးချင်းအသစ်
နှစ်ရက်ကြာပြီးနောက် စုယွဲ့က စက်ဘီးလက်မှတ်ကို ယူကာ ၀မ်ရှန့်ဆီသွားပြီး စက်ဘိီးတစ်စီး ၀ယ်လာခဲ့လိုက်သည်။ မိသားစု သွားရေးလာရေး အဆင်ပြေစေဖို့အတွက် ဖြစ်သည်။
ငယ်စဥ်ကတည်းက တာ့ပေါင်နဲ့ရှောင်ပေါင်က ကားရုပ်လေးတွေကို ဘဘောကျကြသည်။ အပြင်မှာ စက်ဘီးစီးရမယ်လို့ သိသွားကြတဲ့အခါ သူတို့လည်း စီးချင်သွားကြပြီး ပူဆာခဲ့ကြသည်။ " မားမား စီးချင်တယ် "
စုယွဲ့ ငြင်းလိုက်သည်။ " သားတို့နှစ်ယောက်က ငယ်လွန်းသေးတယ်။ စက်ဘီးစီးရလောက်တဲ့အထိ အရွယ်မရောက်သေးဘူး "
ရှောင်ပေါင်က စုယွဲ့ ခြေထောက်ကို ဖက်ထားကာ ပြောခဲ့သည်။ " ဒါဆို မားမား စီး "
စုယွဲ့က ငြင်းဆဲပင်။ " မားမားလည်း စီးလို့မရဘူး "
ထိုအခါ ရှောင်ပေါင်က တာ့ပေါင်ကို စစ်ကူတောင်းသည့်အနေဖြင့် လှမ်းကြည့်သည်။
တာ့ပေါင်ကမူ ဟန်အိုက်မင်ဆီသွားကာ ခြေဖျားလေးထောက်ပြီး ပူဆာခဲ့သည်။ " ဦးဦး သားကိုလည်း စက်ဘီးစီးဖို့ ခေါ်သွားပါလား "
တာ့ပေါင်က ကလေးသံလေးဖြင့် ပြောနေကာ မျက်လုံး၀ိုင်း၀ိုင်းလေးတွေနဲ့ကြည့်ပြီး ပူဆာနေတာကြောင့် ဟန်အိုက်မင်က စုယွဲ့လို ခံနိုင်ရည်မရှိတော့ချေ။ ထို့ကြောင့် ခေါင်းညိတ်ပြကာ ပြန်ဖြေခဲ့သည်။ " ကောင်းပြီ။ ဦးဦးက စက်ဘီးစီးဖို့ ခေါ်သွားပေးမယ် "
စုယွဲ့က နဖူးလက်ပြန်ရိုက်လိုက်မိကာ အမေဟန်က ရယ်ခဲ့သည်။ ထို့နောက် စုယွဲ့ကို ပြောခဲ့သည်။ " တာ့ပေါင်က တကယ်ဉာဏ်ကောင်းတယ်။ ဘယ်သူ့ကိုကပ်ရမလဲ တကယ်သိတာပဲ "
စုယွဲ့ ခေါင်းခါလိုက်မိသည်။ ရှောင်ပေါင်က အဆော့သန်ကာ ဆိုးတက်၍ ထက်မြက်တယ် ထင်ရပေမယ့် တကယ်တမ်းတွင် တာ့ပေါင်လို ဉာဏ်သိပ်မကောင်းချေ။ တာ့ပေါင်က စကားနည်းပေမယ့် အတော်လေး ပါးနပ်သည်။ အသက်ငယ်သေးပေမယ့် လုပ်ချင်တာရှိရင် ဖြစ်အောင်လုပ်တက်ပြီး ရှောင်ပေါင်နဲ့ ကွဲပြားသည်။ ရှောင်ပေါင်က သူမကို လာပူဆာသော်လည်း တာ့ပေါင်က လုံး၀မငြင်းမည့် ဟန်အိုက်မင်ကိုပဲ ပြောတာ ကြည့်ပါလား။
ကလေးနှစ်ယောက်က ငယ်သေးကြသဖြင့် နောက်ခုံမှာ မထိုင်တက်ကြဘဲ ပြုတ်ကျမည်စိုးတာကြောင့် ဟန်အိုက်မင်က အကြံထုတ်နေခဲ့သည်။
ထို့နောက် အိမ်မှာရှိတဲ့ ခြင်းတစ်ခုကိုယူကာ အ၀တ်ထည့် ခင်းပြီး နောက်ခုံ၌ တွဲချည်လိုက်သည်။ ပြုတ်မကျဘဲ ခိုင်ပြီဆိုတာ သေချာတဲ့အခါမှ ကလေးနှစ်ယောက်ကို အောက်ထပ် ခေါ်သွားလိုက်ကာ ခြင်းထဲ ထည့်လိုက်သည်။
" ထိုင်လို့ ရကြလား " ဟန်အိုက်မင်က မေးသည့်အခါ တာ့ပေါင်က ခေါင်းညိတ်ပြပြီး ခြင်းကိုလည်းကိုင်ထားခဲ့သည်။
ရှောင်ပေါင်က ခေါင်းလေးညိတ်ပြကာ ပြန်အော်ခဲ့သည်။ " ထိုင်လို့ ရတယ် "
" ဟုတ်ပြီ ထွက်ကြမယ်ဟေ့ " လို့ အော်လိုက်ကာ ဟန်အိုက်မင်က စက်ဘီးကို စနင်းလိုက်သဖြင့် မျက်နှာကို လေတိုးလာတော့သည်။
အဲ့ဒိနောက် ရှောင်ပေါင်က တခစ်ခစ်ရယ်ခဲ့သည်။ ထို့ကြောင့် အဆောင်၀န်းထဲ၌ ရယ်သံမောသံများဖြင့် ပြည့်နေခဲ့သည်။
စုယွဲ့နဲ့ အမေဟန်က ထိုမြင်ကွင်းကို ၀ရန်တာမှ ထွက်ကြည့်နေကြသည်။
စုယွဲ့ - " သူတို့ဦးလေးက စက်ဘီးစိးဖို့ ခေါ်သွားပေးနေတော့ အဲ့ကလေးနှစ်ယောက်က အိမ်မှာကို နေချင်မှာ မဟုတ်တော့ဘူး "
အမှန်ပင် ကလေးနှစ်ယောက်က စက်ဘီးစီးရတာကို သဘောကျသွားကြပြီး ဗိုက်၀သည်နှင့် ဟန်အိုက်မင်၏ ခြေသလုံးကိုဖက်ကာ စက်ဘီးပတ်စီးပေးဖို့ ပူဆာနေကြတော့သည်။ ဟန်အိုက်မင်က အဆောင်ထဲ၌ ပတ်စီးပေးခြင်းအပြင် ကွန်မြူနတီမှ ပစ္စည်းများသွား၀ယ်သည့်အခါတွင်လည်း ကလေးနှစ်ယောက်ကို နောက်ခြင်းထဲတွင်ထည့်ကာ ခေါ်သွားပေးတက်သဖြင့် ကလေးနှစ်ယောက်က အလွန်သဘောကျနေကြသည်။
ထို့ကြောင့် ညီအစ်ကိုနှစ်ယောက်က ဟန်အိုက်မင်ကို ပိုခင်တွယ်လာကြကာ သူတို့တွေက မိုးလင်းတာနဲ့ ရှာတဲ့သူမှာ စုယွဲ့မဟုတ်တော့ဘဲ ဦးလေးဖြစ်သူသာ ဖြစ်သွားခဲ့သည်။
သို့သော်လည်း အချိန်ကောင်းများက ကြည်ရှည်မခံဘဲ ကျောင်းတက်ရမည့်အချိန် ပြန်ရောက်လာသည်။ ဟန်အိုက်မင်က ခရိုင်မြို့ကို ကျောင်းသွားတက်ရမှာဖြစ်တာကြောင့် နေ့တိုင်းပြန်မလာနိုင်တော့ပေ။
ဟန်အိုက်မင် သွားရမယ့်နေ့မှာ ကလေးနှစ်ယောက်က မျက်ရည်လေးတွေ၀ဲနေပြီး သူတို့ ဦးလေးကို လွှတ်မပေးကြပေ။ ရှောင်ပေါင်က ဟန်အိုက်မင်ရဲ့ ခြေသလုံးကိုဖက်ထားကာ ခေါင်းခါပြနေပြီး သွားခွင့်မပေးခဲ့ချေ။
တာ့ပေါင်ကလည်း ဟန်အိုက်မင်ရဲ့ ဘောင်းဘီစကို ဆွဲထားခဲ့သည်။
ဟန်အိုက်မင်က တူနှစ်ယောက်ကြောင့် အကြံအိုက်နေကာ ချီပြီး ချော့ပြောခဲ့သည်။ " ဦးဦးက ခဏပဲသွားမှာလေ။ ပြီးရင် ပြန်လာမှာပဲဟာ။ ပြန်လာရင် တူတူဆော့ပေးမယ် မငိုကြနဲ့နော် ဟုတ်ပြီလား "
ရှောင်ပေါင်က အော်ငိုနေပြီး ဦးလေးဖြစ်သူရဲ့ လည်ပင်းကိုဖက်ကာ ပူဆာခဲ့သည်။ " ဦးဦး သားကိုလည်း ခေါ်သွား "
ဟန်အိုက်မင် ဘယ်လိုလုပ်ရမလဲ မသိတော့ပေ။
ထို့ကြောင့် စုယွဲ့ ရှေ့ထွက်လိုက်ရတော့သည်။ " ဒါဆိုလည်း လိုက်သွားကြလေ။ မားမားကို နောက်ရက်တွေကြမှ လာတွေ့ကြပေါ့။ အဲ့လိုဆို မားမားလုပ်တဲ့ ကိတ်မုန့်တွေ၊ နှမ်းကပ်ကြော်တွေ၊ ထမင်းလိပ်နဲ့ မုန့်ကြိုးလိမ်တွေ ပြီးတော့ ချိစ်တွေရောပဲ မစားရတော့ရုံပဲ။ ဒါဆိုလည်း မားမားက ပါးပါးကိုပဲ ကျွေးပစ်ရတော့မှာ "
ရှောင်ပေါင်က ချက်ချင်းအငိုတိတ်သွားခဲ့သည်။ မျက်ရည်တွေက ပါးလေးတွေထက် ရှိနေသေးပေမယ့် ဟန်အိုက်မင် လည်ပင်းကို လွှတ်ပေးလိုက်ပြီး ပါးကိုနမ်းကာ ပြောခဲ့သည်။ " ဦးဦး မြန်မြန်ပြန်လာနော် "
တာ့ပေါင်ကလည်း ဟန်အိုက်မင် ပါးကိုနမ်းကာ နှုတ်ဆက်ခဲ့သည်။
ဟန်အိုက်မင် - ..... မင်းတို့က ဘယ်လိုဖြစ်ပြီး အစားနဲ့ ငါ့မှာ ငါ့ကိုမရွေးပဲ နေရက်ကြရတာလဲ။
အစားအသောက်နဲ့ မျှားခေါ်မှုအောက်မှာ ဟန်အိုက်မင်က ချောချောမွေ့မွေ့ပဲ ထွက်သွားလို့ရသွားခဲ့သည်။ ထို့နောက် ကလေးနှစ်ယောက်က လက်တွဲပြီး ဂိတ်၀ကိုသွားကာ ဦးလေးဖြစ်သူ ပြန်အလာကို စောင့်နေတက်ကြသည်။
ဤသို့ဖြင့် ဟန်အိုက်ကော၌ တာ၀န်တစ်ခု ပိုလာတော့သည်။ ဟန်အိုက်ကောက ညနေတိုင်း အိမ်ပြန်လာတာနဲ့ ကလေးနှစ်ယောက် စားသောက်ပြီးတဲ့အခါ ပုခုံးပေါ်တင်ပြီး ဆော့ပေးသောကြောင့်ပင်။ ညီအစ်ကိုနှစ်ယောက်က အဲ့လိုစီးရသည်ကို သဘောကျကြပြီး တစ်ခစ်ခစ်ရယ်နေတက်ကြသည်။ ထို့ကြောင့် စုယွဲ့မှာ ထိုကလေးနှစ်ယောက်က အဖေကိုပဲ စောင့်နေတာလား၊ ဦးလေးကိုပဲ စောင့်နေတာလား မခွဲတက်တော့ပေ။
လအနည်းငယ်ကြာပြီးနောက် လွတ်နေတဲ့ ဘေးအိမ်ဆီ မိသားစုအသစ် ပြောင်းလာကြသည်။
ပြောင်းလာသူက ဟန်အိုက်ကော လက်အောက်မှ တပ်ခွဲမှုးဖြစ်ကာ ဇနီးဖြစ်သူသည်ကား စုယွဲ့လို တောရွာသွားသည့် ပညာတက်လူငယ်တစ်ယောက်ဖြစ်သည်။ နာမည်က မြောင်ရွှယ်ဖြစ်ပြီး အတော်လေးလည်း လှသူပင်။ စုယွဲ့ ထိုသည်ကို သိနေရခြင်းမှာ ပြောင်းလာသည့် ပထမဆုံးနေ့မှာ မြောင်ရွှယ်ဆိုသူက ကလေးတွေကိုခေါ်ပြီး စုယွဲ့တို့ဆီ လာလည်သွားခြင်းကြောင့်ပင်။
မြောင်ရွှယ်က ပန်းသီးတွေကိုလည်း ယူလာသဖြင့် စုယွဲ့ငြင်းလိုက်သေးသည်။ " အိမ်နီးချင်းတွေပဲဟာ ယူလာဖို့ မလိုပါဘူး ပြန်ယူသွားလိုက်ပါ "
မြောင်ရွှယ်က ပြုံးကာ ပြန်ပြောလာခဲ့သည်။ " အဖိုးမများတဲ့ဟာလေးတွေပဲဟာ။ လက်ဗလာနဲ့လာလို့ ဘယ်ဖြစ်ပါ့မလဲ။ အားမနာပါနဲ့ ယူထားလိုက်ပါ။ မဟုတ်ရင် ကျွန်မလည်း အားနာနေရမှာ"
ထို့ကြောင့် စုယွဲ့ မငြင်းနိုင်တော့ဘဲ လက်ခံထားလိုက်ရကာ မြောင်ရွှယ်ရဲ့ ကလေး စားဖို့အတွက် ကိတ်မုန့်ကိုသာ ချပေးပြီး ဧည့်ခံလိုက်ရသည်။
မြောင်ရွှယ်မှာ သားတစ်ယောက်ရှိကာ မောက်မောက်လို့ခေါ်ပြီး တာ့ပေါင်တို့ထက် တစ်နှစ်ကြီးပေမယ့် ထွားမနေဘဲ ရွယ်တူလေးတွေလို ဖြစ်နေခဲ့သည်။ ထိုကလေးက ပိန်လိန်နေပြီး မျက်နှာ၌ အသားပင်မရှိချေ။ ၀၀တုတ်တုတ်လေးတွေဖြစ်ကြသည့် တာ့ပေါင်၊ ရှောင်ပေါင်တို့နဲ့ ယှဥ်ပါက တကယ်ကိုပင် ပိန်ပိန်သေးသေးလေး ဖြစ်နေခဲ့သည်။
ဘယ်လိုပဲ ဆင်းရဲနေပါစေ ကလေးက ဘာလို့ ဒီလောက်ပိန်နေရတာလဲ။ ကလေးက စားသလောက် အသားမဖြစ်လို့များလား။
ပထမဆုံးတွေ့ဖူးတာဖြစ်လို့ စုယွဲ့ ထိုမေးခွန်းကိုတော့ ထုတ်မမေးဖြစ်ဘဲ ကိတ်မုန့်ကိုသာ ကလေးလေးဆီ ကမ်းပေးလိုက်သည်။ " သားသားရေ ဒီကိုလာ ကိတ်မုန့် လာစားလေ "
မောက်မောက်က စုယွဲ့လက်ထဲမှ ကိတ်မုန့်အား စားချင်နေပေမယ့် ချက်ချင်းလှမ်းမယူဘဲ စုယွဲ့ကိုသာ ကြည့်နေခဲ့သည်။ စုယွဲ့ ထိုကလေးရဲ့ မျက်၀န်းတွေထဲ မ၀ံ့မရဲဖြစ်နေမှုများနှင့် ကြောက်ရွံ့နေမှုများကို မြင်နေရသည်။
မြောင်ရွှယ်က မောက်မောက်ကို မကျေမချမ်းကြည့်လိုက်ပြီးနောက် စုယွဲ့ဘက်လှည့်ပြီး ပြုံးပြခဲ့သည်။ " ဒီကလေးက မွေးတည်းက ကြောက်တက်တဲ့ကလေးမို့လို့ပါ စိတ်မရှိပါနဲ့နော် "
စုယွဲ့လည်း ဘာမှမဖြစ်ကြောင်းပြောကာ မြောင်ရွှယ်ဆီ ကိတ်မုန့်ကို ပေးလိုက်သည်။
မြှောင်ရွှယ်က ယူလိုက်ပြီး မောက်မောက်ဆီပေးပြီး ပြောခဲ့သည်။" ဒေါ်လေးက ပေးနေတယ်လေ မြန်မြန်စားလိုက် "
မောက်မောက်က နှုတ်ခမ်းကိုက်ကာ မြောင်ရွှယ်ကိုကြည့်နေပြီးမှ မ၀ံ့မရဲဖြင့် ကိတ်မုန့်ကို လှမ်းယူခဲ့သည်။
ထိုအခါ တာ့ပေါင်နဲ့ ရှောင်ပေါင်က ကျန်နေသည့်ကိတ်မုန့်ကိုလုယူလိုက်ကာ တစ်ဇွန်းဆီစားလိုက်ကြသည်။ ပြီးနောက်တွင် ရှောင်းပေါင်က မောက်မောက် ပုခုံးကိုပုတ်ပြီး ပြောခဲ့သည်။ " မြန်မြန်စားကြည့် ငါ့မားမားလုပ်တဲ့ ကိတ်မုန့်က အရမ်းအရသာရှိတာ "
ပြီးနောက်တွင်လည်း " အာာာားးးး အရမ်းအရသာရှိတာပဲ " ဟုအော်ကာ ခေါင်းတစ်ခါခါဖြင့် လုပ်ပြနေသည်။
စုယွဲ့ ဒီလိုမြင်ကွင်းကို ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ချေ။
သို့သော်လည်း မောက်မောက်က ရှောင်ပေါင်ရဲ့ သရုပ်ပြနေမှုတွင် နစ်မြောသွားပြီး ကိတ်မုန့်တစ်ဇွန်း ယူစားလိုက်သည်။ ထို့နောက် မျက်လုံးလေးတွေက ပြူးသွားပြီး အံ့သြသွားပြီး ပါးစပ်လေးကိုဟထားခဲ့သည်။
ရှောင်ပေါင်က ထိုအခါ ဂုဏ်ယူနေသည့်ဟန်ဖြင့် မေးခဲ့သည်။" ငါ့ မားမားရဲ့ ကိတ်က စားကောင်းတယ်မလား"
မောက်မောက်က ခေါင်းညိတ်ပြခဲ့သည်။
ရှောင်ပေါင်က ပိုသဘောကျသွားကာ မောက်မောက် ပုခုံးကိုဖက်ပြီး ဆရာလုပ်ခဲ့သည်။ " ဒါဆို ငါ့စကားကို နားထောင်နော် အဲ့လိုဆို ငါက မင်းကိုအများကြီးထပ်ပေးဦးမှာ "
မောက်မောက်က ရှောင်ပေါင်ကို အံ့သြတကြီး ပြန်ကြည့်နေခဲ့သည်။
စုယွဲ့ ရှောင်ပေါင်ရဲ့ တင်ပါးလေးကို ရိုက်ကာ ဆူပေးလိုက်သည်။ " ငဆိုးကောင်လေး မောက်မောက်က မင်းထက်ကြီးတယ်။ အဲ့ဒါကို ရွယ်တူလိုပြောနေရလား "
ထိုအခါ ရှောင်ပေါင်က နှုတ်ခမ်းဆူသွားပြီး စကားထပ်မပြောတော့ပေ။
မြောင်ရွှယ် -" ကျွန်မကလေးက နည်းနည်းတုံးတယ်။ အစ်မရဲ့ကလေးတွေလောက်တောင် မသွက်ဘူးလေ။ အဲ့တော့ အစ်မကလေးပြောတာကို နားထောင်သင့်တာပဲဟာ "
စုယွဲ့ - " မောက်မောက်က လိမ္မာတာပါ အစ်မကလေးတွေက မျောက်လောင်းလေးတွေကြနေတာပဲ။ သူပြောတာသာ နားထောင်ခိုင်းရင် သူတို့လိုဖြစ်လာလိမ့်မယ် "
ရှောင်ပေါင်က နှုတ်ခမ်းဆူရင်း ပြန်ချေပခဲ့သည်။ " မားမား သားက လိမ္မာတယ်။ မျောက်လောင်းလေး မဟုတ်ဘူး "
စုယွဲ့ မျက်လုံးလှန်လိုက်မိသည်။ ဒီကလေးက သူ့ကိုယ်သူတောင် သေချာမသိရှာဘူး။
နောက်ထပ် နာရီ၀က်ခန့် စကားပြောနေပြီးနောက် မြောင်ရွှယ်က မောက်မောက်ကိုခေါ်ပြီး အိမ်ပြန်သွားခဲ့သည်။ စုယွဲ့လည်း မောက်မောက်ဖို့ မုန့်အနည်းငယ်ထည့်ပေးလိုက်သည်။
တံခါးပိတ်သွားသည့်အခါမှ အမေဟန်က စုယွဲ့ကို ပြောခဲ့သည်။ " အဲ့အိမ်ကတော့ အရင်ကလောက် မဆိုးလောက်ဘူး၊ ကလေးကလည်း တာ့ပေါင်၊ ရှောင်ပေါင်တို့နဲ့ ရွယ်တူပဲမို့လို့ ကလေးတွေလည်း အဖော်ရတာပေါ့။ အဲ့ကလေးကတော့ အရမ်းကြောက်တက်တယ်နေ သူ့အမေက အဲ့လိုမဟုတ်တာကို ကလေးက ဘာလို့အဲ့လိုဖြစ်နေလဲ မသိဘူး "
စုယွဲ့လည်း ဘာမှန်းမသိပေ။ ကလေးက အမေဖြစ်သူကို အရမ်းကြောက်နေသလို ဖြစ်နေတယ်လို့တော့ ခံစားနေမိသည်။
အမေဟန် - " မြောင်ရွှယ်ရဲ့ယောက်ျားကလည်း တောကပဲဆို။ ဒါပေမယ့် မြောင်ရွှယ်ကကြ ယွဲ့ယွဲ့နဲ့ပိုတူသလိုပဲ။ တောကလာတဲ့သူလို့ မထင်ရဘူး "
စုယွဲ့လည်း ထိုသို့ပင် ခံစားမိသည်။ ရွာမှာ ထက်မြက်တဲ့ မိန်းမပျိုတွေ ရှိနိုင်ပေမယ့် အများကြီးတော့ မရှိနိုင်ပေ။
သို့သော်လည်း ထိုကိစ္စအား အဖြေပေးမည့် အပေါ်ထပ်မှ အဖွားစွန်းရှိနေခဲ့သည်။ အဖွာစွန်းက အတင်းအဖျင်းတွေကို စုယွဲ့တို့အိမ်ဆွ ကိုယ်တိုင်ကိုယ်ကျ ဖောက်သည်လာချပေးခဲ့သည်။
" ဘေးအိမ်က ချွေးမကလေ သူမကလည်း မြို့သူပဲတဲ့ ပညာတက်လူငယ်အနေနဲ့ ရွာကိုသွားရာကနေ အိမ်ထောင်ကျလာတာတဲ့ "
" တကယ်လား " အမေဟန်က ဆက်ပြောခဲ့သည်။ " ကံကြမ္မာပဲပေါ့လေ "
အဖွားစွန်း - " ဘယ်က ကံကြမ္မာရမှာလဲ ပညာတတ်တွေ အကုန်လုံးက ဒီိလိုတွေချည်းပဲလေ။ ဘာမှလည်း မလုပ်နိုင်ဘဲနဲ့ အထူးသဖြင့် မိန်းကလေးတွေပေါ့။ ဒုက္ခခံပြီး မြို့ကိုပြန်ရမယ့်အစား ယောက်ျားကောင်းကောင်းရွေးပြီး ယူပစ်ကြတာပဲ မဟုတ်ဘူးလား "
ပြောပြီးနောက်မှ အဖွားစွန်းက စုယွဲ့လည်း ပညာတက်လူငယ်ဖြစ်ကာ ရွာမှာ ဟန်အိုက်ကောနဲ့ လက်ထပ်ခဲ့တာကို သတိရသွားသဖြင့် ချက်ချင်းပြန်ပြင်ပြောခဲ့သည်။ " ဒါပေါ့ အကုန်လုံးတော့ ဘယ်ဟုတ်ပါ့မလဲ။ ရှောင်စုကကြ အရမ်းတော်တာလေ တပ်ရင်းမှုးဟန်နဲ့ ရှောင်စုတို့ကတော့ ရေစက်ပါလို့ပေါ့ "
အမေဟန်က ပြုံးရုံသာပြုံးပြခဲ့သည်။
စုယွဲ့လည်း ပြုံးပြလိုက်ကာ စိတ်ထဲတွင်တော့ တကယ်အပြောင်းအလဲမြန်တာပဲလို့ တွေးနေမိသည်။
ယောက္ခမရော ချွေးမပါ စိတ်မဆိုးဘူးဆိုတာမြင်မှ အဖွားစွန်းက ဆက်ပြောခဲ့သည်။ " အဲ့ကောင်မလေးကလေ အပြင်ကသာ သဘောကောင်းတဲ့ပုံပေါက်နေတာ။ ကျွန်မကြားတာတော့ ယောက္ခမနဲ့ အဆင်မပြေဘဲ။ အမြဲရန်ဖြစ်နေကြတာတဲ့။ ဒါကြောင့်လည်း တပ်ထဲကို ပြောင်းလာကြတာတဲ့လေ။ အဲ့လိုချွေးမမျိုးက တကယ်မကောင်းတာနော် "
အမေဟန် -" အဲ့ဒါက ချွေးမကိုပဲ အပြစ်တင်လို့ဘယ်ဖြစ်မလဲ။ လူကြီးတွေမှာလည်း ပြဿနာရှိလို့ပဲနေမှာပေါ့။ ချွေးမအပြစ်ချည်းပဲတော့ ဘယ်ဟုတ်ပါ့မလဲ "
" ဒါပေါ့ ဒါပေါ့ " အဖွာစွန်းက ဂုဏ်ယူနေဟန်ဖြင့် ဆက်ပြောခဲ့သည်။ " ယောက္ခမကလည်း ကောင်းရမှာပေ အစ်မကြီးနဲ့ ကျွန်မလိုလူတွေသာဆို ချွေးမလည်း ကောင်းတယ်လေ "
စုယွဲ့ ခေါင်းခါလိုက်မိကာ ကလေးနှစ်ယောက်ကိုခေါ်ပြီး လှည့်ထွက်လာလိုက်သည်။
သားမိသုံးယောက် အပြင်ထွက်လိုက်သည့်အခါ မောက်မောက်က တံခါး၀မှာ တစ်ယောက်တည်းထိုင်နေခဲ့သည်။ လူကြီးတွေလည်း မရှိတာကြောင့် စုယွဲ့ သွားမေးလိုက်သည်။ " မောက်မောက်ရေ သားဘာလုပ်နေတာလဲ"
မောက်မောက်က လန့်သွားပြီး စုယွဲ့၊ တာ့ပေါင်နဲ့ ရှောင်ပေါင်တို့ကို မော့ကြည့်ပြီးနောက် ပြန်မဖြေဘဲ ခေါင်းငုံ့သွားခဲ့သည်။
ကလေးက တကယ်စကားနည်းတာပဲလို့ စုယွဲ့ တွေးလိုက်မိသည်။ " မောက်မောက် ဒေါ်လေးက တာ့ပေါင်နဲ့ရှောင်ပေါင်ကို အောက်မှာကစားဖို့ ခေါ်သွားမလို့ လိုက်ခဲ့မလား။ ညီလေးတွေနဲ့ တူတူကစားကြရအောင်လေ "
ထိုအခါ မောက်မောက်က မော့ကြည့်လာပြီး အကြာကြီးတွေးနေကာ ပြန်မဖြေပြန်ပေ။
ထိုအချိန်တွင် အိမ်ထဲမှ မြောင်ရွှယ်က ထွက်လာကာ ဧည့်၀တ်ပြုခဲ့သည်။" ကိစ္စရှိလို့လား အထဲ၀င်ခဲ့ပါဦး"
စုယွဲ့ -" မဟုတ်ပါဘူး ကလေးနှစ်ယောက်ကို အောက်မှာဆော့ရအောင် ခေါ်သွားမလို့လေ။ အဲ့ဒါ မောက်မောက်ကို တံခါးအပြင်မှာတွေ့လို့ လိုက်ခဲ့မလားမေးနေတာ "
မြောင်ရွှယ်က အံ့သြသွားကာ ဆံပင်ကို နားနောက်သို့သိမ်းလိုက်ပြီးမှ ပြန်ဖြေခဲ့သည်။ " ရတာပေါ့ ခေါ်သွားလေ ဒ်ီကလေးက ကိုယ့်ဘာသာ မဆော့တက်လို့ အစ်မကို ဒုက္ခပေးသလို ဖြစ်သွားပါဦးမယ် "
" ရပါတယ် " စုယွဲ့က တာ့ပေါင်ကို လက်လွှတ်ပေးလိုက်ပြီး မောက်မောက် လက်လေးကိုသာ ဆွဲကိုင်ပေးလိိုက်သည်။ မောက်မောက်က လန့်သွားပေမယ့် မရုန်းခဲ့ပေ။
စုယွဲ့ - " သားမေမေက ခွင့်ပြုတယ်ဆိုတော့ အောက်မှာ သွားဆော့ကြမယ်။ ကြက်ဖမ်းတိုင်းစွန်ဖမ်းတိုင်း ကစားကြမယ်လေ မကောင်းဘူးလား "
မောက်မောက်က ပြန်မဖြေပေမယ့် စုယွဲ့ခေါ်ရာနောက် ငြိမ်ငြိမ်လေး လိုက်လာသဖြင့် သူလည်း ဆော့ချင်နေမှန်း သိသာပေသည်။
အဆောင်အောက်မှာ ဆော့နေကြသော ကလေးအချို့ရှိသည်။ အကြီးဆုံးကလေးကို ကြက်ကြီးလုပ်ခိုင်းလိုက်ကာ မောက်မောက်ကို အလယ်ထားပြီး တာ့ပေါင်နဲ့ ရှောင်ပေါင်တို့ကို အနောက်တွင် နေခိုင်းလိုက်ကာ ကြက်ပေါက်လေးတွေအဖြစ် ဆော့ခိုင်းလိုက်ပြီး စုယွဲ့ကတော့ ကြက်ပေါက်လေးများကို ဖမ်းစားမည့် စွန်ကြီးလုပ်လိုက်သည်။
စစဆော့ချင်း၌ စုယွဲ့ အစွယ်နှင့် လက်သည်းများကို ထုတ်ထားသည့်ဟန်ဖြင့် အော်ဟန်ဆောင်လိုက်သည်။ " ဒီကြက်ပေါက်လေးတွေကို ကြည့်ပါဦး။ အရမ်းလှလွန်းလို့ ငါတော့ ဖမ်းစားပစ်ချင်နေပြိီဟေ့! "
" အားးးးးး _ စွန်ကြီးလာနေပြီ ပြေးကြဟေ့! " ကလေးတွေက ထွက်ပြေးခဲ့ကြသည်။ မောက်မောက်လည်း အခြားကလေးတွေအတိုင် လိုက်ပြေးကာ တဖြည်းဖြည်းဖြင့် ရယ်လာခဲ့သည်။
ကလေးတွေ ချွေးထွက်လာတဲ့အခါမှ စုယွဲ့ရပ်လိုက်ကာ လက်ကိုင်ပု၀ါသုံးပြီး တာ့ပေါင်နဲ့ ရှောင်ပေါင်ကို သုတ်ပေးလိုက်သည်။ မောက်မောက်အား သုတ်ပေးမယ်အလုပ် ထိုကလေးက လန့်သွားကာ စုယွဲ့ဆီမှ အရိုက်ခံရမှာစိုးသည့်အလား ငုတ်တုပ်ထိုင်ချလိုက်ပြီး နားလေးတွေကို အုပ်လိုက်သည်။
စုယွဲ့ အံ့သြသွားခဲ့သည်။ " ဘာဖြစ်လို့လဲ မောက်မောက်၊ ဒေါ်လေးက သားကိုချွေးသုတ်ပေးမလို့လေ "
ထိုအခါမှ မောက်မောက်က ခေါင်းမော့လာပြိိး စုယွဲ့ကို ငေးကြည့်နေကာ သူ့ကို မရိုက်မှာသေချာလားဆိုတာကို စောင့်ကြည့်နေခဲ့သည်။ ထို့နောက်မှ ဖြည်းဖြည်းချင်းထရပ်ကာ လက်လေးများကို လိမ်နေပြီး စိုးရိမ်နေသည့်ဟန် ပြုမူနေခဲ့သည်။
စုယွဲ့ မျက်မှောင်ကြုံ့လိုက်မိသည်။ တစ်ခုခု ထူးဆန်းနေတာကို ခံစားမိပေမယ့် ဘာမှန်းသေချာမသိသဖြင့် မောက်မောက်ကို ချွေးသုတ်ပေးလိုက်ပြီး အပေါ်ထပ်ဆီ ကလေးသုံးယောက်လုံးက်ို ပြန်ခေါ်လာခဲ့လိုက်တော့သည်။
ရှောင်ပေါင်က မောက်မောက် လက်ဆွဲ၍ လျှောက်နေခဲ့သည်။ " မောက်မောက် မနက်ဖြန်ရော သားတို့နဲ့ ဆော့ချင်လား "
မောက်မောက်က အရင်ကလို ပြန်မဖြေခြင်းမပြုဘဲ ခေါင်းညိတ်ပြခဲ့သည်။
စုယွဲ့ ပြုံးလိုက်မိသည်။ ဒီကလေးက သိပ်ကြောက်မနေတော့ဘူးပဲ။ ဒီလိုသာဆို သွက်တဲ့ကလေးတွေနဲ့ဆော့ရင်း သူလည်း သွက်လာလိမ့်မယ်။