အပိုင်း ၈၈
Viewers 7k

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ


အပိုင်း ၈၈ - ကောလိပ်၀င်ခွင့်စာမေးပွဲများ ပြန်စတင်ခြင်း




ရက်အနည်းငယ် ကြာပြီးနောက် ဟန်အိုက်မင် ကျောင်းမှပြန်လာသဖြင့် ညီအစ်ကိုနှစ်ယောက်က ပျော်သွားကြပြီး ဦးလေးဖြစ်သူ ခြေသလုံးကိုဖက်ကာ ကပ်တွယ်နေကြသည်။ 



ဟန်အိုက်မင်က တူနှစ်ယောက်ကို ဘယ်တစ်ယောက် ညာတစ်ယောက်ချီလိုက်တာကြောင့် ကလေးတွေက တခစ်ခစ်ရယ်နေကြသည်။ 



ကလေးနှစ်ယောက်နဲ့ အပြင်မှာ ဆော့ပေးပြီးနောက် ဟန်အိုက်မင်က ပြန်ခေါ်လာလိုက်သည်။ ထို့နောက် ကျောင်းလွယ်အိတ်ကိုဖွင့်ပြီး အထက်တန်းဖတ်စာအုပ်အချို့ကို ထုတ်ကာ စုယွဲ့ကို မေးခဲ့သည်။ " မရီး ကျွန်တော် နားမလည်တဲ့ မေးခွန်းတွေ နည်းနည်းရှိတယ်။ အတန်းဖော်တွေကလည်း မသိကြဘူးဆိုလို့ မရီးကိုမေးဖို့ ပြန်ယူလာတာ၊ ကျွန်တော့်ကို ရှင်းပြပေးပါဦး "



စုယွဲ့ ယူကြည့်လိုက်သည့်အခါ ရူပဗေဒနှင့် ဓာတုဗေဒစာအုပ်တွေဖြစ်တာကြောင့် မေးလိုက်သည်။ " အခြားဘာသာတွေရော လိုက်နိုင်ရဲ့လား " 



ဟန်အိုက်မင် - " တရုတ်စာပေနဲ့ သင်္ချာကိုတော့ ကျွန်တော်ရတယ်၊ ဒီနှစ်ဘာသာပဲ သိပ်မရတာ။ နားမလည်တာတွေက အများကြီးပဲ။ အခြားသူတွေက စာလိုက်မလုပ်ကြတော့ မေးလည်း ဘာမှမထူးကြဘူး "



စုယွဲ့ ပုခုံးပုတ်ပြီး အားပေးလိုက်သည်။ " ထားပါ၊ ဒီလိုပဲ ဖြစ်တက်ပါတယ်။ အရင်တုန်းလည်း ဒီနှစ်ဘာသာနဲ့မှ သိပ်မရင်းနှီးတာ။ နည်းနည်းတော့ ခက်ပေမယ့် မကြိုးစားလို့တော့ မဖြစ်ဘူးနော်။ ဆရာတွေကို မေးလို့မရရင် မရီးဆီကို ပြန်ယူလာခဲ့လေ၊ မရီးက ပြန်ရှင်းပြပေးမယ်။ မကြိုးစားကြည့်ရသေးဘဲနဲ့တော့ လက်လျှော့ပစ်လိုက်လို့ မဖြစ်ဘူး ဟုတ်ပြီလား "



ဟန်အိုက်မင်က ခေါင်းညိတ်ပြခဲ့သည်။ " စိတ်ချပါ၊ မရီးရဲ့။ အတန်းဖော်တွေရော ဆရာတွေကရောက သေချာမသင်ကြပေမယ့် ကျွန်တော်က သူတို့လို မဟုတ်ပါဘူး။ " ဟန်အိုက်မင်က သိတက်သူတစ်ယောက်ဖြစ်သည်။ အခြားသူတွေကို ၀န်ထုပ်၀န်ပိုး ဖြစ်ရအောင် လုပ်မည်မဟုတ်ချေ။ အစ်ကိုကြီးနဲ့ မရီးက သူ စာကောင်းကောင်းသင်နိုင်ဖို့ ကြိုးစားပေးထားသဖြင့် သူကလည်း ပြန်ကြိုးစားပေးရမည်။ စာကြိုးစားတာက ဘာကောင်းကျိုးဖြစ်လာမလဲ မသိဘဲ အတန်းဖော်တွေဆီက အစခံနေရပေမယ့် ဟန်အိုက်မင်က စာဆက်ကြိုးစားမှာဖြစ်ကာ လက်လျှော့မည် မဟုတ်ချေ။ 



စုယွဲ့လည်း ဟန်အိုက်မင်က စာကြိုးစားနေတာကို သိသဖြင့် စိတ်အေးသွားသည်။ သူမ တကယ်ကို ပွစိပွစိ မလုပ်ချင်ပေမယ့် ကောလိပ်၀င်ခွင့်စာမေးပွဲများက ပြန်စတော့မှာမလို့ ၀င်မပါ၍ မဖြစ်ချေ။ ပထမဆုံး ပြန်စချိန်မှာ ဖြေဆိုသူ ခုနစ်သိန်းကျော်ရှိခဲ့ပေမယ့် အောင်မြင်သူက သုံးသောင်းကျော်သာရှိခဲ့ပြီး ငါးရာခိုင်နှုန်းပင် မပြည့်ခဲ့ပေ။ ထို့ကြောင့် စာမေးပွဲအောင်မြင်ဖို့ ခက်ခဲမှာသိသဖြင့် စုယွဲ့က ဟန်အိုက်မင်ကို သေချာစာကြိုးစားခိုင်းနေတာ ဖြစ်သည်။ 



နောက်တွင် စုယွဲ့က ဟန်အိုက်မင်အား စာပြပေးဖြစ်လေသည်။ သူမ စာမေးပွဲဖြေခဲ့သည်မှာ ကြာပြီဖြစ်သော်ငြား သူမလည်း တစ်ချိန်က ကျောင်းသူတစ်ယောက်ဖြစ်ခဲ့သဖြင့် အနည်းငယ်တော့ မှတ်မိနေဆဲဖြစ်သည်။ မေ့သွားတာတွေရှိပေမယ့် ပြန်ဖတ်လိုက်ရုံနဲ့ ရသွားသဖြင့် ဟန်အိုက်မင်ကို သင်ပေးနိုင်သည်။ 



ထိုအချိန်တွင် ရှောင်ပေါင်က အပြင်မှ ပြေး၀င်လာပြီး စုယွဲ့ကို လာပြောခဲ့သည်။ " မားမား မောက်မောက်ကို သူ့အမေရိုက်လို့ ငိုနေတယ်၊ သွားကြည့်လိုက်ဦး "



" ဟမ်?"  စုယွဲ့ အံ့သြသွားပြီး သေချာဂရုတစိုက် နားထောင်ကြည့်လိုက်သည့်အခါ ကလေးငိုသံသဲ့သဲ့ကို ကြားလိုက်ရသည်။ မောက်မောက်လ်ို အသားမရှိသည့်ကလေးတစ်ယောက်က အရိုက်ခံနေရတာကို စိုးရိမ်မိသဖြင့် စုယွဲ့လည်း ထရပ်ပြီး ဘေးအိမ်ဆီ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ 



သို့သော်လည်း ဘေးအိမ်က တံခါးပိတ်ထားပြီး မြောင်ရွှယ် အသံကိုသာ ကြားနေရသည်။ မြောင်ရွှယ်က သားဖြစ်သူကို ဆုံးမနေခြင်း ဖြစ်လောက်သည်။



စုယွဲ့ တွေဝေနေပြီးနောက် တံခါးခေါက်လိုက်သည်။ 



မြောင်ရွှယ်က တံခါးလာဖွင့်ပေးပြီး စုယွဲ့ကို တွေ့သည့်အခါ အံ့သြသွားပေမယ့် ပြန်မေးခဲ့သေးသည်။ " အစ်မပါလား ဘာကိစ္စရှိလို့လဲ " 



စုယွဲ့ အိမ်ထဲ လှမ်းကြည့်လိုက်သည့်အခါ မောက်မောက်က ချောင်မှာကပ်ပြီး ငိုနေတာကို မြင်လိုက်ရသဖြင့် မေးလိုက်မိသည်။ " မောက်မောက်ကို ဘာလို့ရိုက်နေတာလဲ၊ အစ်မလည်း စိတ်ပူလို့ လာကြည့်တာ "



မြောင်ရွှယ်က စုယွဲ့ကို အိမ်ပြင်မှာ ရပ်မနေစေဘဲ အထဲ၀င်ခိုင်းလိုက်ပြီးမှ ပြန်ဖြေခဲ့သည်။ " အဲ့ကလေးက နမော်နမဲ့နဲ့ ကျွန်မဖတ်နေတဲ့ စာအုပ်ကို အကုန်စိုကုန်အောင် လုပ်လိုက်လို့။ ဒါကြောင့် ကျွန်မလည်း ဒေါသထွက်ပြီး ရိုက်လိုက်မိတာ "



စုယွဲ့ စားပွဲပေါ်က စာအုပ်ကို ကြည့်လိုက်မိသည်။ ကဗျာစာအုပ်ဖြစ်ပုံရပြီး ရေနည်းနည်းစိုနေခဲ့သည်။ ဘေးတွင်မူ ခွက်တစ်ခွက်ရှိသဖြင့် မောက်မောက်က မတော်တဆ တိုက်မိသွားပြီး ဖိတ်ကျသွားတာ ဖြစ်ရမည်။ စုယွဲ့ မောက်မောက်ဆီ သွားကြည့်လိုက်တဲ့အခါ ထိုကလေး ပါးထက်၌ လက်၀ါးရာကြီး ရှိနေခဲ့သည်။



စုယွဲ့ မျက်မှောင်ကြုံ့လိုက်မိသည်။ မြောင်ရွှယ့် လုပ်ရက်ကို သူမ သဘောမကျချေ။ ကလေးတွေက အမှားလုပ်တက်ကြတာချည်းပင်။ စာအုပ်ကလည်း အခြောက်ခံလိုက်ရင် ရသွားမှာပဲကို ကလေးကို ဒီလောက်ထိ ရိုက်ဖို့လိုလို့လား။ ပြီးတော့ မောက်မောက်က အခြားကလေးတွေထက်တောင် ငြိမ်သေးတဲ့ဟာကို မြောင်ရွှယ်က ဘယ်လိုတောင် ရိုက်ရက်ရတာလဲ။



စုယွဲ့ မောက်မောက်ကို ကောက်ချီလိုက်သည်။ မောက်မောက်က တစ်ချက် တုန်သွားပေမယ့် မရုန်းခဲ့ပေ။ ထိုအစား အားကိုးရာရသွားသလို စုယွဲ့ အင်္ကျီကို ခပ်တင်းတင်း ဆုပ်ကိုင်ထားကာ သူမ ရင်ခွင်ထဲ ကြောင်လေးတစ်ကောင်လို တိုးဝှေ့လာခဲ့သည်။ ကလေးက ဘယ်လောက်ကြောက်နေလဲ ပြောစရာကို မလိုတော့ချေ။



စုယွဲ့လည်း ကလေး မကြောက်တော့အောင် ကျောလေးက်ို ပွတ်ပေးလိုက်သည်။ ထို့နောက် မြောင်ရွှယ်ကို ပြောခဲ့သည်။  " ကလေးတွေက ဒီလိုပါပဲ၊ မောက်မောက်ကမှ တော်ပါသေးတယ်။ အစ်မ သားနှစ်ယောက်ဆို အိမ်က ပစ္စည်းတွေကို မရေမတွက်နိုင်အောင် ခွဲပြီးနေကြပြီ။ ဒါပေမယ့် နားလည်အောင် ပြောပေးရင် ရပါတယ်။ သူတို့လည်း နားလည်ကြတယ် "



မြောင်ရွှယ်က ရှိုးတိုးရှန့်တန့်ဖြစ်နေသော်လည်း ခေါင်းညိတ်ပြသည်။ "'ကျွန်မလည်း နည်းနည်း ဒေါသထွက်သွားလို့ပါ "



စုယွဲ့လည်း ထပ်မပြောချင်တော့သဖြင့် " ဒီနေ့ အိမ်မှာက မတ်လေးပြန်လာလို့ ဟင်းတွေအများကြီးချက်ထားတာ။ ဒါကြောင့် မောက်မောက်ကို ခေါ်သွားလိုက်ဦးမယ်နော်။ တာ့ပေါင် ရှောင်ပေါင်တို့နဲ့လည်း ကစားရအောင်။ ရမလား "ဟူ၍သာ မေးလိုက်တော့သည်။



မြောင်ရွှယ်က ဆံပင်ကို နားနောက်သပ်ပြီး ပြောခဲ့သည်။ " မောက်မောက်က အမြဲတမ်း အစ်မတို့အိမ်လိုက်စားနေတော့ အားနာစရာကြီး "



" ရပါတယ်၊ ကလေးတစ်ယောက်က ဘယ်လောက်စားနိုင်မှာမို့လို့လဲ။ ဒါဆို ခေါ်သွားလိုက်မယ်နော်၊ ညစာစားပြီးမှပဲ ပြန်လာပို့ပေးတော့မယ် "



မြောင်ရွှယ်လည်း ရွေးချယ်စရာမရှိသဖြင့် သဘောတူလိုက်သည်။ 



စုယွဲ့ မောက်မောက်ကိုချီပြီး အိမ်ခေါ်သွားလိုက်သည်။ 



အမေဟန်က မောက်မောက်မျက်နှာထက်မှ လက်၀ါးရာကိုကြည့်၍ စိတ်မကောင်းဖြစ်နေခဲ့သည်။ " ကလေးကို ဒီလောက်တောင် ရိုက်ရသလား။ ကလေးက ဘယ်အရွယ်ရှိသေးလို့လဲ၊ ဒီလောက်ထိ ရိုက်ရတယ်လို့၊ ရိုက်ချင်ရင်တောင် တင်ပါးကို နှစ်ချက်လောက်ရိုက်ပေါ့။ မျက်နှာကိုမှ ရိုက်ရသလား "



တာ့ပေါင်နဲ့ ရှောင်ပေါင်ကလည်း ၀မ်းနည်းနေကြသည်။ ရှောင်ပေါင်က မောက်မောက်ပါးပေါ်က လက်၀ါးရာကို လေမှုတ်ပေးပြီး ချော့ခဲ့သည်။  " မနာတော့ဘူးနော်၊ လေနဲ့ မှုတ်လိုက်ရင် မနာတော့ဘူး "



တာ့ပေါင်က စုယွဲ့ထက် မြန်သည်။ အခန်းထဲ ပြေးသွားကာ ဆေးသေတ္တာ ယူလာပြီး ပြောခဲ့သည်။ " မားမား ဆေးထည့်ပေးလိုက်ဦး " 



စုယွဲ့လည်း ဆေးသေတ္တာယူပြီး လိမ်းဆေးကိုထုတ်ကာ ဆေးလိမ်းပေးလိုက်သည်။ မောက်မောက်က နှုတ်ခမ်းကိုကိုက်ထားပြီး နာသော်လည်း မအော်တာကြောင့် ကြည့်ရသူတွေတောင် စိတ်မကောင်းဖြစ်မိသည်။



အမေဟန်က စုယွဲ့ကို မေးခဲ့သည်။ " သူ့အမေက ဘာလ်ို့ ရိုက်တာတဲ့လဲ၊ ကလေးက ဘာလုပ်လို့လဲ "



စုယွဲ့ အကြောင်းစုံ ရှင်းပြလိုက်သည်။



ထိုအခါ အမေဟန်က စိတ်ဆိုးသွားတော့သည်။ " ကလေးက မတော်တဆ စာအုပ်ကို ရေစိုအောင် လုပ်မိတာလေးကို ဒီလို ရိုက်ပစ်တယ်ပေါ့လေ မသိရင် အမေအရင်းမဟုတ်ဘဲ မိထွေးလို့တောင် ထင်မိတော့မှာ။ ဘာလို့ အဲ့လောက် ရက်စက်ရတာလဲ။ "



စုယွဲ့လည်း မြောင်ရွှယ်က လွန်တယ်ထင်သည်။ ကလေးက အရိုးပေါ်အရေတင်ပဲရှိတာကို ဒီလောက်အရိုက်ခံလိုက်ရသဖြင့် စုယွဲ့ စိတ်မကောင်းဖြစ်မိသည်။ ကလေးက အမှားလုပ်တာမှန်ပေမယ့် ဆုံးမရုံသာလုပ်သင့်သည်။ လက်ပါစရာမှ မလိုတဲ့ဟာ။



အမေဟန်ကလည်း မျက်မှောင်ကြုံ့နေကာ စုယွဲ့ကို ပြောခဲ့သည်။ " အမေက ဘေးအိမ်က တစ်ယောက်က အဲ့လိုလူမျိုးလို့ အစတည်းက ထင်နေတာ "



" ဟင် " စုယွဲ့ သိချင်သွားမိသည်။ " အမေက ဘာလို့အဲ့လို ထင်နေတာလဲ "



အမေဟန်က ဘေးအိမ်ကို မေးငေါ့ပြကာ တိုးတိုးလေးပြောပြသည်။ " ဘယ်အိမ်ထောင်ရှင်မက တစ်နေ့လုံး အလုပ်မလုပ်ဘဲ စာအုပ်ကို လက်ကမချလို့လဲ။ သူမက အလုပ်မလုပ်ဘဲ အိမ်မှာ ကလေးထိန်းနေတာလို့ ပြောပေမယ့် စာအုပ်ကိုပဲ တစ်နေ့လုံး ကိုင်နေတာလေ။ မောက်မောက်ကိုကြည့်လိုက်ရင် တစ်ယောက်တည်း ငုတ်တုပ်ထိုင်ပြီး ဆော့နေတာချည်းပဲ။ သူ့အမေက သူ့ကိုခေါ်ပြီး အဆောင်ထဲတောင် လမ်းပတ်လျှောက်ပေးတာမှ မဟုတ်တာ။ ပြီးတော့ ပြောင်းလာတာပဲ ဘယ်နှစ်ရက်ရှိနေပြီလဲ။ အခုထိ ဟင်းရွက်ခင်းထဲသွားတာ မြင်ဖူးလို့လား၊ ဘယ်သူက အဲ့လိုနေလို့လဲ။ "



ထိုအခါမှ စုယွဲ့လည်း မြောင်ရွှယ်က တကယ်ကို စာအုပ် လက်ထဲကမချတာကို သတိထားမိသွားသည်။ ကလေးကိုလည်း သေချာမထိန်းသလို အိမ်မှုကိစ္စတွေကိုလည်း နိုင်နိုင်နင်းနင်း လုပ်ခြင်းမရှိချေ။ 



ယခုခေတ် အိမ်ထောင်ရှင်မတွေထဲ ထိုသို့ပြုမူကြသူ မရှိကြချေ။ မြောင်ရွှယ်က သူမကမ္ဘာထဲ၌ သူမဘာသာပဲရှိနေသည့် လူတစ်ယောက်ကဲ့သို့ပင်။ 



မကြာလိုက်ပါ၊ ကောလိပ်၀င်ခွင့်စာမေးပွဲများ ပြန်စတင်ကြောင်း သတင်းထွက်လာပြီးနောက် စုယွဲ့က မြောင်ရွှယ် ဘာလို့ အဲ့လို ဖြစ်နေခဲ့လဲဆိုတာ သိလိုက်ရသည်။



၁၉၇၇ ခုနစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံ၏ ပညာရေး၀န်ကြိိးဌာနက ပေကျင်းမြို့၌ အစည်းအဝေးကျင်းပပြီးနောက် ဆယ်နှစ်ကြာရပ်ဆိုင်းထားခဲ့သည့် အထက်တန်းကျောင်းများမှ ၀င်ခွင့်စာမေးပွဲများကို ပြန်ကျင်းပပေးကာ တက္ကသိုလ်တွေဆီ ၀င်ခွင့်ပေးမည်ဖြစ်ကြောင်းကို ဆုံးဖြတ်လိုက်သည်။ 



အောက်တိုဘာလ ၂၁ရက်နေ့တွင် မီဒီယာများမှတစ်ဆင့် ကောလိပ်၀င်ခွင့်စာမေးပွဲများ ပြန်စတင်မည်ဖြစ်ကြောင်းနှင့် တစ်လအကြာတွင် စာမေးပွဲဖြေဆိုကြရမည်ဖြစ်ကြောင်းကို တရား၀င်ကြေညာပေးခဲ့သည်။ 



ထိုသတင်းက တစ်နိုင်ငံလုံးပျံ့သွားကာ လူတန်းစားအားလုံး ၀မ်းသာနေကြပြီး သန်းချိီသော ကျောင်းသားကျောင်းသူများကမူ ပျော်သလို၀မ်းနည်းသလို ဖြစ်နေကြသည်။ ကန္တာရထဲ၌ ရုတ်တရက်ရွာချလိုက်သော မိုးလိုဖြစ်နေတာကြောင့် ဘယ်သူက စိတ်မလှုပ်ရှားဘဲ နေပါ့မလဲ။ ဒါက သူတို့ဘ၀အတွက် မျှော်လင့်ချက် ဖြစ်သည်။



ထို့ကြောင့် စာမေးပွဲ၀င်ရောက်ဖြေဆိုမည့် ကျောင်းသားတွေက ပြင်ဆင်ရင်း အလုပ်များနေကြတော့သည်။ စာအုပ်များနှင့် စာရေးကိရိယာတွေကို၀ယ်ကာ ၀င်ခွင့်ဖြေဖို့စာကို ကြိုးစားပမ်းစား လေ့လာနေကြတော့သည်။ အချိန်သိပ်မရတော့ပေမယ့် အခွင့်အရေးကို လက်မလွှတ်ချင်ကြ၍ ဖြစ်သည်။



ဟန်အိုက်မင်ကလည်း ထိုသတင်းကို ကြားပြီးသည့်အခါ အိမ်ကို စိတ်လှုပ်ရှားစွာ ပြန်လာခဲ့သည်။ " မရီးရေ ကောလိပ်၀င်ခွင့်စာမေးပွဲတွေ ပြန်ကျင်းပပေးတော့မှာတဲ့၊ ကျွန်တော်လည်း ၀င်ဖြေမလို့! "



စုယွဲ့ - " မရီးလည်း သိပြီးပြီ။ ရတဲ့အချိန်အတွင်း စာတွေပြန်နွှေးပြီး တက္ကသိုလ်ကောင်းကောင်းကို တက်နိုင်အောင် လုပ်နော် "



ဟန်အိုက်မင်က ခေါင်းတွင်တွင် ညိတ်ပြသည်။ " မရီး ကျေးဇူးပါ။ အရင်နှစ်တွေအတွင်း မရီးက ကြိုးကြိုးစားစားနဲ့ စာလိုက်လုပ်ခိုင်းခဲ့တော့ ကျွန်တော်အခုဆို ယုံကြည်ချက်ရှိရှိနဲ့ ဖြေရဲနေပြီ။ အရင်တုန်းကတော့ ဘာလို့ စာကြိုးစားခိုင်းနေတာလဲ မသိခဲ့ပေမယ့် အခုမှပဲ ကျွန်တော် နားလည်တော့တယ် "



စုယွဲ့ ဟန်အိုက်မင် ပုခုံးကို ပုတ်ပေးလိုက်သည်။ " ဒါဆိုရင် ပေါ့ပေါ့တန်တန်လုပ်လို့ မဖြစ်ဘူးနော်။ စာမေးပွဲကို ၀င်ဖြေမယ့်သူတွေက အများကြီးရှိမှာဆိုတော့ ပြိုင်ဘက်တွေအများကြီး ရှိမှာပဲ။ အများကြီးကြိုးစားရတော့မှာ "



ဟန်အိုက်မင်က ခေါင်းညိတ်ပြခဲ့သည်။ သို့ဖြစ်၍ တူနှစ်ယောက်နဲ့တောင် အတူကစားမပေးနိုင်တော့ဘဲ အခန်းထဲကအခန်းပြင်မထွက်ဘဲ စာလုပ်နေတော့သည်။



စုယွဲ့လည်း သားနှစ်ယောက်ကို ဦးလေးဖြစ်သူကို မနှောင့်ယှက်ဖို့ မှာထားလိုက်သည်။ ကလေးနှစ်ယောက်ကလည်း အရေးကြီးတာကို နားလည်သည့်အလား တကယ်ကိုပင် ဟန်အိုက်မင် စာလုပ်နေတာကို မနှောင့်ယှက်ကြပေ။



သိူ့သော်ငြား တစ်ညသောအခါ၌ ဘေးအိမ်မှ အော်ကြိိးဟစ်ကျယ် ရန်ဖြစ်သံကို ကြားလိုက်ရ၍ စုယွဲ့ လျစ်လျူမရှုထားလိုက်နိုင်ခဲ့ပေ။ 



မောက်မောက်က မိဘတွေရန်ဖြစ်နေမှုကြောင့် လန့်နေမှာစိုးသဖြင့် စုယွဲ့ ထိုကလေးကို သွားခေါ်ဖို့ ထွက်လာလိုက်သည်။ သူမ အိမ်က ထွက်လိုက်သည့်အခါ ဘေးအိမ် တံခါးက ပွင့်လျက်သားရှိနေခဲ့သည်။ အိမ်ထဲ၌ မွစာကြဲနေသော ပစ္စည်းများရှိနေပြီး မြောင်ရွှယ်နဲ့ သူမ ယောက်ျားဖြစ်သူ ကောကျွင်းတို့နှစ်ဦးက ဧည့်ခန်းထဲ၌ရပ်ပြီး စကားများနေကြသည်။



ကောကျွင်း - " မင်းက ငါနဲ့ လက်ထပ်ထားတာလေ။ ပြီးတော့ မောက်မောက်လည်း ရှိသေးတယ်။ မင်း ငါ့ကို စွန့်ပစ်ချင်ရင်တောင် ရပေမယ့် မောက်မောက်က မင်းရဲ့သွေး မင်းရဲ့သားပဲလေ။ မင်းက တက္ကသိုလ်တက်ဖို့ ထွက်သွားမယ်ဆိုရင် ကလေးကို ဘယ်လိုလုပ်မလဲ "



မြောင်ရွှယ် မျက်နှာက ရေခဲရိုက်ထားသလို အေးစက်နေခဲ့သည်။ " ကျွန်မကို ဖိအားပေးပြိိး လက်ထပ်ခိုင်းခဲ့တာ ရှင်လေ။ ကျွန်မတို့က အစတည်းက ဖြစ်နိုင်တဲ့သူတွေမှ မဟုတ်တာ။ အခု ကောလိပ်၀င်ခွင့်စာမေးပွဲတွေ ပြန်စပြီဆိုတော့ ကျွန်မအတွက် အခွင့်အရေးပဲ။ ကျွန်မ လက်မလျှော့နိုင်ဘူး!"



ကောကျွင်း - " ဟုတ်ပြီ၊ မင်း အခုထိ ငါ့ကို သဘောမကျဘူးဆိုတာကို ငါသိတယ်။ ငါ့ကို အထင်သေးနေတာကိုလည်း ငါသိတယ်။ ဒါပေမယ့် ငါ့သားကရော။ ငါ့သားကလည်း မင်းရဲ့သွေးသားပဲလေ။ မင်းက ဘယ်လိုတောင် ထားခဲ့ရက်နိုင်ရတာလဲ "



မြောင်ရွှယ်က ထောင့်လေးမှာကပ်ကာ တုန်ယင်နေသော မောက်မောက်ကို လှည့်ပင်မကြည့်ချေ။ " အစတည်းက ကျွန်မက သူ့ကိုလိုချင်ခဲ့တာမှ မဟုတ်တာ။ ရှင်က ကျွန်မကို ကိုယ်၀န်ရအောင် တွန်းအားပေးခဲ့တာလေ၊ ကျွန်မကို အခုလို ဆွဲချဖို့ ရှင်တမင်လုပ်ခဲ့တာမလား။ အခုလည်း ရှင်အဲ့လိုပဲ လုပ်နေတာမလား။ ကျွန်မပြောမယ်၊ လုံး၀ပဲ! ရှင်တို့နှစ်ယောက်လုံး ကျွန်မကို တားလို့မရဘူး။ မဟုတ်ရင်တော့ အခုတစ်ခါတည်း ကွာရှင်းကြတာပေါ့! "



" မင်း! " ကောကျွင်းက ဒေါသထွက်နေကာ မျက်လုံးများပါ ရဲတက်လာသော်လည်း အဆုံး၌ အလျှော့ပေးလိုက်သည်။ " ဒါဆိုရင် မင်း စာမေးပွဲဖြေမှာကို ငါမတားတော့ဘူး။ ဒါပေမယ့် အိမ်မှာပဲ စာလေ့လာလို့ မရဘူးလား။ ဘာလို့ ထွက်သွားဦးမှာလဲ "



မြောင်ရွှယ်က လက်မခံပေ။ " အိမ်မှာက ကျွန်မကို စာပြပေးနိုင်တဲ့သူ ရှိလို့လား။ အိမ်မှာဆိုရင် ကလေးလည်း ကြည့်ရဦးမယ်။ အိမ်မှုကိစ္စလည်း လုပ်ရဦးမယ်။ ကျွန်မ ဘယ်လိုလုပ် စာကိုသေချာလုပ်နိုင်မှာလဲ၊ ရှင်က ကျွန်မကို ချုပ်ထားပြီး သွားခွင့်မပြုချင်နေတာပဲမလား "



ကောကျွင်းမှာ ဒေါသထွက်လွန်းသဖြင့် ပြောစရာစကားလုံးကိုတောင် ရှာမရတော့ချေ။



စုယွဲ့လည်း ထိုအခါမှ အားလုံးက်ို သဘောပေါက်သွားတော့သည်။ မြောင်ရွှယ်က ကောကျွင်းကို လက်မထပ်ချင်ခဲ့ဘဲ မြို့သာ ပြန်သွားချင်ခဲ့တာဖြစ်ပြီး မောက်မောက်ကိုလည်း မလိုချင်ခဲ့ပေ။ သူမ မောက်မောက်ကို ဂရုမစိုက်တာက မထူးဆန်းတော့ဘူး။



ကောလိပ်၀င်ခွင့်စာမေးပွဲများ ပြန်စတင်သည့်နှစ်၌ ပညာတတ်လူငယ်အများစုက မြို့ကိုပြန်နိုင်ဖို့အတွက် ခင်ပွန်းများ၊ ဇနီးများနှင့် သားသမီးများကို စွန့်ပစ်ခဲ့ကြတယ်လို့ စုယွဲ့ ကြားခဲ့ဖူးသည်။ သူမကိုယ်တိုင် တွေ့လာရမယ်လို့ မထင်ထားခဲ့ပါ။ မြောင်ရွှယ်က ယောက်ျားနဲ့ သားကို အပြီးတိုင်စွန့်ပစ်သွားတာ မဟုတ်ပေမယ့် တက္ကသိုလ်တက်ပြီးတဲ့အခါ ဘယ်လိုဖြစ်လာမလဲကို ဘယ်သူကမှ ကြိုမသိနိုင်ပေ။



ယခုအချိန်၌ စုယွဲ့ ၀င်သွားလိုက်ပါက ကောကျွင်း အရှက်ရသွားစေနိုင်သည့်အတွက် စုယွဲ့ မိမိအိမ်သာ လှည့်ပြန်လာလိုက်သည်။ မောက်မောက်ကိုတော့ နောက်နေ့မှ တွေ့ကြည့်ရမည်။



ထို့ကြောင့် နောက်တစ်နေ့နံနက်တွင် စုယွဲ့ စောစောထကာ မောက်မောက်ကိုတွေ့ဖို့ ထွက်လာလိုက်သည်။ ကောကျွင်းက ယခုအချိန်တွင် အိမ်၌မရှိချေ။ မောက်မောက်က ထုံးစံအတိုင်း တံခါးနားတွင် ကျုံ့ကျုံ့လေးရှိနေပြီး မြောင်ရွှယ်ကမူ အထုပ်အပိုးများ ထုတ်နေခဲ့သည်။ 



စုယွဲ့ မစပ်စုချင်ပေမယ့် မနေနိုင်သဖြင့် မေးလိုက်သည်။ " ညီမ ထွက်သွားမလို့လား " 



ထိုအခါ မြောင်ရွှယ်က လုပ်လက်စကို ရပ်လိုက်သော်လည်း ဆုံးဖြတ်ပြီးနေသည့် အသံဖြင့် ပြန်ဖြေခဲ့သည်။ " ကျွန်မ ၀င်ခွင့်စာမေးပွဲကို ဖြေမှရမှာ။ ဒါက ကျွန်မအတွက် တစ်ခုတည်းသော အခွင့်အရေးပဲ "



စုယွဲ့ ဘာပြန်ပြောရမလဲ မသိတော့ချေ။ လူတိုင်း၌ ကိုယ့်ခံယူချက်နှင့် ကိုယ်ရှိကြတာဖြစ်၍ စုယွဲ့လည်း ၀င်မပြောချင်ပေ။ မောက်မောက်ကိုသာ စုယွဲ့ သနားနေမိသည်။



စုယွဲ့ ဘာမှပြန်မပြောသည့်အခါ မြောင်ရွှယ်က စကားဆက်သည်။ " ကျွန်မကြားတာတော့ အစ်မကလည်း ပညာတတ်လူငယ်ပဲဖြစ်ပြိီး ရွာကိုသွားရင်း အိမ်ထောင်ကျခဲ့တာဆို။ အစ်မရော ၀င်ခွင့်စာမေးပွဲကို ၀င်မဖြေဘူးလား၊ ဒါက မြို့ပြန်ဖို့အတွက် အခွင့်အရေးကောင်းတစ်ခုပဲလေ "



စုယွဲ့ ခေါင်းခါပြလိုက်သည်။ " အစ်မတော့ ၀င်ဖြေဖို့ စိတ်ကူးမရှိဘူး " စုယွဲ့ အမှန်အတိုင်းပြောတာ ဖြစ်သည်။ သူမ ကလေးတေ့်ကို ထားမခဲ့ချင်သလို သူမ ၀င်ဖြေဖို့လည်း မလိုအပ်ဘူးလို့ ထင်သည်။ သူမက အနာဂတ်မှလာခဲ့သူဖြစ်သဖြင့် အခြားသူတွေနဲ့ မတူပေ။ ထို့ကြောင့် ၀င်ခွင့်စာမေးပွဲက အခြားသူများအဖို့ အခွင့်အရေးကောင်းဖြစ်ပေမယ့် သူမအတွက်တော့ ဟုတ်မနေခဲ့ချေ။



မြောင်ရွှယ်က ထိုအဖြေကို မျှော်လင့်မထားသဖြင့် မျက်လုံးပြူးကာ အံ့သြသွားပြီး ခဏအကြာမှသာ ပြန်ပြီး တည်ငြိမ်သွားခဲ့သည်။ " အစ်မ မိသားစုက အရာအားလုံးမဟုတ်ဘူးလေ။ မိသားစုအတွက်ဆိုပြီး အားလုံးကို အနစ်နာခံလိုက်လို့ ဘယ်ဖြစ်မလဲ။ ကျွန်မတို့လို ပညာတတ်မိန်းကလေးတွေက ယောက်ျားနဲ့ ကလေးတွေ၊ ယောက္ခမတွေကိုပဲ စောင့်ရှောက်ပြီး နေဖို့မှမလိုတာ။ အဲ့လိုဆို ဘ၀ကြီးက ဘယ်ကောင်းပါတော့မလဲ "



စုယွဲ့ စိတ်ထဲမှ ရယ်ချင်မိသွားသည်။ မြောင်ရွှယ်က သူမသည် မိသားစုနှင့် မခွဲနိုင်၍ မဖြေတာလို့ ထင်သွားပုံရသော်လည်း စုယွဲ့ ပြန်မရှင်းပြချင်ပေ။



စုယွဲ့ မောက်မောက် ဘာမှမဖြစ်တာသေချာအောင်လုပ်ပြီးမှ မြောင်ရွှယ်ကိုပြောကာ ကလေးက်ို သူမအိမ်ဆီ မနက်စာစားဖို့ ခေါ်သွားလိုက်သည်။ မြောင်ရွှယ်က ချက်ပြုတ်ရန်စိတ်ကူးမရှိသလို မောက်မောက် ဗိုက်ဆာနေမှာကိုလည်း ထည့်တွေးခြင်းမရှိပေ။



မြောင်ရွှယ်က မောက်မောက် ကိစ္စတွေကို လုံး၀ စိတ်ကူးထဲမထည့်ဘဲ စုယွဲ့ခေါ်သွားတာကိုလည်း ငဲ့၍ပင် မကြည့်ချေ။


_ _ _ _ 


မြောင်ရွှယ်က ပစ္စည်းတွေ ထုတ်ပိုးနေခဲ့သဖြင့် စုယွဲ့ စိတ်မချတာကြောင့် နောက်တစ်နေ့တွင်လည်း မောက်မောက်ကို ထပ်သွားရှာလိုက်သည်။ သို့သော်လည်း ယခုတစ်ခါတွင်မူ မြောင်ရွှယ်ကို မတွေ့ရဘဲ ကောကျွင်းနှင့် မောက်မောက်သာ အိမ်မှာရှိနေခဲ့သည်။ 



ကောကျွင်းက တစ်ညလုံး မအိပ်ထားရသေးသည့်နှယ် မျက်လုံးများရဲနေပြီး မောက်မောက်ကမူ ခြေထောက်လေးများကို ဖက်ထားပြီး သနားစဖွယ်ထိုင်နေခဲ့သည်။ 



စုယွဲ့ ဖွင့်ထားသော တံခါးကို ခပ်ဖွဖွ ခေါက်လိုက်သည့်အခါ ကောကျွင်းက မော့ကြည့်လာခဲ့သည်။ သူမကို မြင်တဲ့အခါ အားတင်းကာ ပြုံးပြရင်း ထလာကာ မေးခဲ့သည်။  " ဘာကိစ္စရှိလို့လဲ မရီး " 



စုယွဲ့ မနေ့ကအကြောင်းကို အစမဖော်ဘဲ ပြောလိုက်သည်။  " တာ့ပေါင်နဲ့ ရှောင်ပေါင်က မောက်မောက်နဲ့ ဆော့ချင်တယ်ဆိုလို့ ကျွန်မ အိမ်ကိုခေါ်သွားချင်လို့ မနက်စာလည်း ကျွေးလိုက်ပါ့မယ် " 



ကောကျွင်းက စုယွဲ့ မောက်မောက်ကို စိတ်ပူနေတယ်ဆိုတာ သိသည်။ မနေ့ကဖြစ်ခဲ့တဲ့ကိစ္စကို စုယွဲ့လ်ိုလူမျိုးက ဘယ်လိုလုပ် မသိဘဲနေပါ့မလဲ။ ထို့ကြောင့် ကောကျွင်း မျက်နှာကိုသုတ်ပြီး အားနာနာဖြင့် အကူအညီတောင်းရတော့သည်။ " မရီး မြောင်ရွှယ်က ထွက်သွားပြီဗျ။ ဒါကြောင့် ကျေးဇူးပြုပြီး မောက်မောက်ကို ခေါ်ထားပေးလို့ရမလား။ ကျွန်တော် တပ်ထဲက ပြန်လာရင် လာပြန်ခေါ်ပါ့မယ် "



မြောင်ရွှယ်က ဤမျှမြန်မြန် ထွက်သွားမယ်လို့ စုယွဲ့ မထင်ထားခဲ့၍ အံ့သြသွားမိသော်လည်း ပြန်မမေးဖြစ်ဘဲ ခေါင်းသာညိတ်ပြလိုက်သည်။ " မောက်မောက်က လိမ္မာတဲ့ကလေးပါ။ ဒါကြောင့် စိတ်မပူပါနဲ့။ စိတ်အေးအေးနဲ့ အလုပ်သွားလိုက်ပါ။ ရပါတယ် "



ကောကျွင်းက ခါးညွတ်ကာ ပြောခဲ့သည်။ " ကျေးဇူးတင်ပါတယ် မရီး "



စုယွဲ့လည်း မောက်မောက်ကိုချီပြီး ပါးလေးကို နမ်းလိုက်သည်။ " မောက်မောက် ဒေါ်လေးက အိမ်ကိုခေါ်သွားပေးမယ်နော်။ တာ့ပေါင် ရှောင်ပေါင်တို့နဲ့ ဆော့ကြမယ်လေ ဟုတ်ပြီလား "



မောက်မောက်က ခဏအကြာတွင် ခေါင်းညိတ်ပြလာသည်။



" ဒါဆိုလည်း ဖေ့ဖေ့ကို နှုတ်ဆက်လိုက်ဦးလေ "



မောက်မောက်က စုယွဲ့ ပြောစကားကိုနားထောင်ကာ ကောကျွင်းကို တာ့တာပြခဲ့သည်။



သားဖြစ်သူက သူ့အား တာ့တာပြနေသဖြင့် ကောကျွင်းက ကျေနပ်သွားပြိိီး ပြန်ပြုံးပြခဲ့သည်။



စုယွဲ့ မောက်မောက်ကို အိမ်ခေါ်သွားလိုက်သည်။ မြောင်ရွှယ်ထွက်သွားပြီဆိုတာကို သိသည့်အခါ အမေဟန်က ရက်စက်လှချည်လားလို့တွေးမိပြီး သက်ပြင်းချလိုက်ကာ မောက်မောက်ကို ပိုဂရုစိုက်ပေးခဲ့သည်။ မောက်မောက်က ဟန်မိသားစုနဲ့ ရင်းနှီးလာပြီးနောက်တွင် အရင်ကလို ကြောက်ရွံ့နေခြင်းမရှိတော့ချေ။ သူ့အိမ်၌နေရတာထက် ဟန်မိသားစုအိမ်တွင် နေရတာက မောက်မောက်အတွက် ပို၍ သက်သောင့်သက်သာဖြစ်လာသည်။



တာ့ပေါင်နဲ့ ရှောင်ပေါင်က မောက်မောက်ကို အငယ်တစ်ယောက်လို ဂရုစိုက်ပေးပြီး အတူဆော့ပေးကြသည်။ ထို့ကြောင့် တာ့ပေါင်နဲ့ ရှောင်ပေါင်ရဲ့ လွှမ်းမိုးမှုအောက်တွင် မောက်မောက်က တဖြည်းဖြည်းနှင့် တက်တက်ကြွကြွရှိလာပြီး ရံဖန်ရံခါ စကားတွေလည်း ပြောလာသည်။ စုယွဲ့၊ ဟန်အိုက်ကောနဲ့ အမေဟန်တို့ကို စကားပြန်ပြောလာပြီး ကြောက်နေခြင်းမရှိတော့ပေ။



ကလေးက အမေဖြစ်သူအား မေ့သွားတာပဲလား ယ၊ မမေးရဲတာပဲလားမသိပေ။ အမေဖြစ်သူအကြောင်းကို တစ်ခေါက်လေးပင် မမေးသလို၊ အခြားကလေးတွေလို အမေဖြစ်သူကိုလည်း ရှာမနေပေ။ စုယွဲ့နဲ့ အခြားလူကြီးတွေကလည်း မောက်မောက်ရှေ့မှာ မြောင်ရွှယ် အကြောင်းကို မပြောကြပေ။



အချိန်များက ကုန်သွားတာမြန်ပေသည်။ ခဏလေးနှင့် ဒီဇင်ဘာလသို့ ရောက်လာကာ ကောလိပ်၀င်ခွင့်စာမေးပွဲလည်း တရား၀င် စတင်ပြိိီဖြစ်သည်။ စုယွဲ့နဲ့ အမေဟန်က ကလေးသုံးယောက်ကိုခေါ်ပြီး ဟန်အိုက်မင် စာမေးပွဲဖြေဖို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးလိုက်ကြသည်။



စာမေးပွဲခန်းထဲ မ၀င်ခင်တွင် ကလေးသုံးယောက်က ဟန်အိုက်မင်ကို ဆုတောင်းပေးသည့်အနေဖြင့် တစ်ယောက်တစ်လှည့်စီ နမ်းခဲ့ကြသည်။ ဟန်အိုက်မင်က တစ်မိသားစုလုံးရဲ့ ဆုတောင်းပေးမှု ပြီးမှ စာမေးပွဲခန်းထဲ ၀င်သွားတော့သည်။