(3)
Viewers 2k

(3) 

ခြံဝင်းက ထူထပ်ပြီး ပန်းပွင့်တွေက ဘရိုကိတ်အထည်တွေလို ပွင့်လန်းဝေဆာနေ၏။

စိုးရိမ်နေပုံရသောမျက်နှာထားနှင့် လူငယ်လေးမှာ ၎င်းတို့ကိုကြည့်ရှုခံစားရန် စိတ်မပါဝင်စားချေ။ သူက တံခါးနှင့် စင်္ကြန်ပေါင်းများစွာမှတဆင့် လမ်းပြခေါ်ဆောင်လာခံရပြီး မိုးမခပင်တွေနှင့် မြူခိုးများပတ်လည်ဝိုင်းနေသည့် ခြံဝင်းတစ်ခုသို့ ဝင်ရောက်လာသည်။

လမ်းပြသူက ဦးညွှတ်ပြီးပြောလာသည် သခင်လေး .. ကျွန်တော်တို့သခင်က အထဲမှာစောင့်နေပါတယ်”

သူ့လေသံက ယဉ်ကျေးသော်လည်း မျက်နှာပေါ်တွင် လေးစားမှု များများစားစားမရှိလှ။

လူငယ်လေးက မျက်မှောင်အနည်းငယ်ကျုံ့သွားပြီး အရှေ့က အိမ်မကြီးကို မျှော်ကြည့်လိုက်သည်။ မည်းနက်သောသစ်သားတံခါးမှာ တင်းတင်းကျပ်ကျပ် စေ့ပိတ်ထား၏။ တံဆက်မြိတ်များပေါ်တွင် ဘေးတိုက်တလွင့်လွင့်ပျံနေသော ကျီးကန်းအမွေးများ ရှိသည်။

“… မင်းတို့သခင်က.. ဘယ်သူလဲ

တစ်ဖက်လူက မရှင်းပြဘဲ သခင်လေး ကြွပါ ဟုသာ နောက်တစ်ခါထပ်ပြောလာသည်။

တံခါးက ပွင့်သွားပြီးနောက် လူငယ်လေးက ချီတုံချတုံဖြင့် ရှေ့သို့တိုးကာ တံခါးခွင်ကို ကျော်ဝင်လိုက်သည်။ သူဝင်ပြီးသည့်အခါ နောက်ဖက်တွင် တံခါးက ရုတ်တရက် ပိတ်လို့သွား၏။

သူက မရေမရာ နောက်ပြန်လှည့်ကြည့်လိုက်ပြီး လက်ဖြင့်တွန်းလိုက်သော်လည်း အချည်းနှီးဖြစ်သဖြင့် လက်လျှော့လိုက်သည်။

ပတ်ပတ်လည်ကို ကြည့်လိုက်တော့ အိမ်ထဲရှိပရိဘောဂတွေက သာမန်အတိုင်းပင်။ မျက်စိနှင့်မြင်ရသလောက် စားပွဲတစ်လုံး၊ စာအုပ်စင်တစ်စင်၊ ခုံတန်းရှည်တစ်ခု၊ ရှုခင်းပန်းချီတစ်ချပ်နှင့် အခန်းထောင့်မှာချထားသော နံ့သာအိုးတစ်အိုးသာရှိသည်။ 

အစိမ်းရောင်အငွေ့တွေက အိုးထဲကနံ့သာတိုင်ကနေ ကွေ့ကောက်လိမ်ပတ်စွာ ထွက်နေသည်။

လျှိုသခင်လေး... ကျွန်တော့်ဥယျာဉ်ကို ဘယ်လိုမြင်လဲမသိဘူး

ရုတ်တရက် ကန့်လန့်ကာနောက်ကွယ်မှ လူတစ်ယောက်အသံ ထွက်လာသည်။

ကြားရသည်က လူငယ်တစ်ယောက်၏အသံ ဖြစ်နိုင်သည်။ အသံထဲ အပြုံးတစ်ခုပါပြီး အားတောင့်အားနာဖြစ်နေသည့် လေသံကိုပါ ရောစွက်ထားသည်။

လူငယ်လေးက စူးစိုက်ကြည့်လိုက်ပေမယ့် ကန့်လန့်ကာနောက်က ဝိုးတဝါးပုံရိပ်တစ်ခုကိုသာ မြင်လိုက်ရသည်။ 

ခင်ဗျား ဘယ်သူလဲ

ကျုယန့်ထင်က ထိုင်ခုံပေါ်တွင် လေးတွဲစွာထိုင်နေ၏။ လက်တစ်ဖက်ထဲတွင် လက်ဖက်ရည်ပန်းကန်လုံးကို ကိုင်ကာ ကန့်လန့်ကာအပြင်ဘက်က လူငယ်လေးကို ကြည့်လိုက်သည်။ 

ထိုသူက သူ့ကို မမြင်နိုင်သော်လည်း သူက ရှင်းရှင်းလင်းလင်းမြင်ရသည်။ ရုပ်ရည်က ကြည့်ကောင်းသော်လည်း မျက်ခုံးတန်းများအကြားတွင် ပူပန်မှုအပြည့်နှင့် ဖြစ်နေသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က စာသင်ကျောင်းမှာတွေ့ခဲ့သည့် တက်ကြွနေသောအသွင်အပြင်နှင့် အကွာကြီးကွာလေသည်။

အတော်ကြာသွားပြီးနောက်တွင်မူ ကျုယန့်ထင်က နှုတ်ခမ်းတွေကွေးညွှတ်ပြီး ပြုံးလိုက်သည် ကျွန်တော်ဘယ်သူလဲ သိဖို့မလိုပါဘူး၊ သခင်လေးကိုကူညီဖို့ရောက်လာတယ်ဆိုတာ သိရင်ရပါပြီ

လျှိုရူရွှီ၏မျက်ဝန်းများ အနည်းငယ်တင်းမာသွားပြီး သတိကပ်နေသည့်အသွင်အပြင်က ပို၍လေးနက်လာသည် ခင်ဗျားက ကျွန်တော့်ကို ကူညီမယ်

တကယ်ပဲ ကူညီမှာပါ ကျုယန့်ထင်က ရယ်လိုက်ပြီး လက်မမှာစွပ်ထားသည့် လက်စွပ်ကို ရောက်တတ်ရာရာ လှည့်လိုက်သည် ဒီရက်ပိုင်းထဲ လျှိုအုပ်ချုပ်ရေးမှူး မြို့တော်ရောက်လာတော့မယ်၊ သခင်လေး အခုတလော ဟိုဟိုဒီဒီ ပြေးလွှားနေခဲ့တာ ကယ်တင်ဖို့နည်းလမ်းရပြီလားမသိဘူး

လျှိုရူရွှီမျက်နှာ ချက်ချင်းပင် ဖျော့တော့သွားသည်။

ကျုယန့်ထင်၏အပြုံးက ပိုနက်ရှိုင်းလာ၏။

လျှိုရူရွှီမှာ ရှောင်းလန့်၏ ငယ်ကျွမ်းဆွေခင်ပွန်းလောင်းဖြစ်သည်။ သူ့အဘိုးက ဒုတိယအဆင့်အမတ်တစ်ဦးဖြစ်ခဲ့ဖူးပြီး ချန်နယ်စားကြီး၏ အရင်းနှီးဆုံးမိတ်ဆွေတစ်ဦးဖြစ်သည်။ လျှိုရူရွှီနှင့် ရှောင်းလန့်မှာ အမိဝမ်းမှာကတည်းက စေ့စပ်ထားခဲ့ကြသည်။ နောက်ပိုင်း ယောကျ်ားလေးနှစ်ယောက်မွေးဖွားလာသော်လည်း လက်ထပ်ပွဲက ဆက်ရှိနေဆဲဖြစ်သည်။ နှစ်ဦးသား ငယ်စဉ်ကတည်းက ရင်းနှီးခဲ့ကြပြီး ယခုနှစ်တွင် လက်ထပ်ပွဲကျင်းပရန် စီစဉ်ထားကြသည်။ သို့သော် အတိအလင်းမထုတ်ပြန်မီတွင် လျှိုမိသားစုထံ၌ တစုံတခု ဖြစ်ပွားခဲ့သည်။

ဖခင်ဖြစ်သူ လျှိုချုံနော့မှာ ချင်ကျိုး၏မြို့တော် ရွှီတူးစီရင်စု၏ အုပ်ချုပ်ရေးမှူးဖြစ်သည်။ လွန်ခဲ့သောဆယ်ရက်ကျော်က သူသည် အခွန်များနှင့် အစားအသောက်များကို အလွဲသုံးစားလုပ်ပြီး ကိုယ်ပိုင်အိပ်ကပ်ထဲထည့်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ 

ယခုအခါတွင် အကျင့်ပျက်အရာရှိများမှာ တာ့ယန်တွင် နေရာအနှံ့မှာရှိနေပြီး ဤသည်မှာ ပြောပလောက်စရာကိစ္စ မဟုတ်ချေ။ 

သို့သော် မနှစ်ကဆောင်းရာသီတွင် နန်းတွင်းက မြောက်ပိုင်းနယ်ခြားစောင့်တပ်အား မြောက်ပိုင်းလူရိုင်းများ သိမ်းပိုက်ထားသည့် လျန်ကျိုးနယ်ကို နွေဦးပြီးနောက်တွင် ချီတက်တိုက်ခိုက်ရန် အမိန့်ပေးခဲ့ပြီး စစ်ဘက်ရိက္ခာဖြည့်တင်းရန်အတွက် ချင်နှင့်ကျင်းစီရင်စုများမှ အခွန်နှင့်စားစရာများကို စတင်စုဆောင်းခဲ့ကြသည်။ 

လျှိုချုံနော့ တိုင်ကြားခံရပြီးနှစ်ရက်မြောက်နေ့တွင် မြောက်ပိုင်းနယ်ခြားစောင့်တပ်မှ စစ်ရှုံးသည်သာမက နောက်ထပ်မြို့လေးမြို့ကိုပါ လက်လွှတ်ဆုံးရှုံးခဲ့ကြောင်း စစ်မက်ရုံးတော်မှ စစ်အစီအရင်ခံစာတစ်စောင် ပို့လာခဲ့သည်။

ဤသည်တွင် နန်းတွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

တာ့ယန်မင်းဆက်သည် ယခုအချိန်တွင် အတွင်းအပြင်ပြဿနာများ၊ သဘာဝဘေးအန္တရာယ်များနှင့် လူလုပ်ကပ်ဘေးများကိုပါ ရင်ဆိုင်နေရသည်။ တောင်ဘက်ပိုင်းက နှစ်ပေါင်းများစွာ မငြိမ်မသက်ဖြစ်နေခဲ့သည်။ အနောက်မြောက်ဘက်တွင်ကား တာ့ယန်ပြည်နှင့်အပြိုင် ကန္တာရကိုပေါင်းစည်းပြီး မင်းဆက်သစ်ကိုထူထောင်ခဲ့သော လွန်ခဲ့သည့်အနှစ်(၂၀)ကျော်ကမှ ပေါ်ပေါက်လာခဲ့သော တာလီခန်းဘုရင်ကြီးရှိသည်။ အဆိုးဆုံးကား လျန်၊ ယုံနှင့်ချင် စီရင်စုသုံးစုရှိ မြို့ပေါင်းများစွာကို တစ်ချက်တည်းနှင့် သိမ်းပိုက်ခံခဲ့ရခြင်းဖြစ်သည်။

အကယ်၍ ချန်နယ်စားမင်း ရှောင်းရန့်လီက မြောက်ပိုင်းနယ်ခြားစောင့်တပ်ကိုဦးဆောင်ကာ အခြေအနေကိုပြောင်းပြန်လှန်ပြီး ချင်ကျိုးနှင့်ယုံကျိုးနယ်များရှိ မြို့အများစုကို ပြန်လည်မသိမ်းပိုက်နိုင်ခဲ့ဘူးဆိုပါက မြောက်ပိုင်းလူရိုင်းများ ၎င်းတို့၏မြင်းတပ်ကြီးကို တည့်တည့်မောင်းချလာသည့်အခါ တာ့ယန်ပြည်တစ်ခုလုံး ဖွတ်ဖွတ်ကြေသွားလိမ့်မည်ပင်။

ဒီတစ်ကြိမ်တွင် နန်းတွင်းတရားရုံးသည် ဆယ်စုနှစ်နှစ်ခုနီးပါး ဆုံးရှုံးခဲ့သော လျန်ကျိုးနယ်ရှိ အဓိကအချက်အချာနေရာများကို ပြန်လည်ရရှိရန် ရည်ရွယ်ထားသော်လည်း ကြီးမားသောရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ရသည်။ ထိုသတင်းက နန်းတွင်းနှင့်လူများကို တုန်လှုပ်သွားစေခဲ့သည်။ တိုင်ရေးပြည်ရေးကို အတန်ကြာလျစ်လျုရှုထားသော ဧကရာဇ်ပင်လျှင် ညီလာခံတွင် ပြန်လည်လူလုံးပြလာခဲ့ပြီး လျှိုချုံနော့မှာ သေမယ့်နေ့မှစစ်ထဲဝင်မိသည့် လူတစ်ယောက်ကဲ့သို့ ဖြစ်သွားခဲ့ချေသည်။

အုပ်ချုပ်ရေးမှူးလျှိုရဲ့ စစ်တပ်ရိက္ခာ အလွဲသုံးစားလုပ်တဲ့ အပြစ်က ပေါ့ပေါ့လေးဆိုရင် စစ်ရိက္ခာနှောင့်နှေးမှုလို့ပဲ ပြောလို့ရပေမယ့် အပြင်းထန်ဆုံးဆိုရင်တော့ ရန်သူနဲ့ပူးပေါင်းပြီး နိုင်ငံပုန်ကန်မှုလို့ ပြောလို့ရတယ်......

ကျုယန့်ထင်၏စကားမဆုံးခင် ဝင်နှောင့်ယှက်ခံလိုက်ရ၏။ လျှိုရူရွှီက အံကြိတ်ကာ ငြင်းသည် 

နန်းတွင်းက တောင်းဆိုထားတဲ့ အခွန်ငွေတွေ ရိက္ခာတွေ အကုန်လုံးကို ဖခင်က လွှဲပြောင်းပေးလိုက်ပြီးပါပြီ၊ ဖခင်က အမှားလုပ်ခဲ့တယ်ဆိုပေမယ့် အောက်ခြေက ခေါင်းခဲစရာတွေကြောင့်ပါ၊ ရန်သူနဲ့ပေါင်းပြီး ပုန်ကန်မှုလုပ်ဖို့အသာထား စစ်တပ်ရိက္ခာကို လောဘတက်ဝံ့တဲ့သူ မဟုတ်ပါဘူး၊ တက်လည်းမတက်ခဲ့ပါဘူး

ကျုယန့်ထင်က တစ်ချက်ရယ်လိုက်ပြီး 

ကျွန်တော့်ကို ဒါတွေလာပြောလည်း အသုံးမဝင်ပါဘူး၊ နန်းတွင်းကို စာတင်ရမယ်၊ အရှင်မင်းကြီးဆီ စာတင်ရမယ်၊ သခင်လေးကို မေးပါရစေဦး.. အခုတလော နေရာအနှံ့လျှောက်သွားနေတာ သခင်လေးရဲ့ဖခင်အတွက် အရှင်မင်းကြီးရှေ့မှာ ကူညီလျှောက်တင်ပေးမယ့်သူ တွေ့ပြီလားမသိဘူး

လျှိုရူရွှီက သူ့လက်သီးတွေကို တင်းတင်းဆုပ်လိုက်သည်။ သူ့အသားအရေက ပိုလို့တောင် နောက်ကျိလာသည်။

သခင်လေး သိထားရမှာက ဒီကိစ္စမှာ လူတွေအများကြီး ပါဝင်ပက်သက်နေတယ်ဆိုတာပဲ.. စစ်မက်ရုံးတော်.. ဘဏ္ဍာရေးရုံးတော်.. အနောက်ဘက်မြို့တော်စီရင်စုက ဒေသခံအရာရှိတွေ.. မြောက်ပိုင်းနယ်ခြားစောင့်တပ်နဲ့....... ပြီးတော့.... ချန်နယ်စားအိမ်တော်ရော

လျှိုရူရွှီမှာ ကြက်သေသေသွားသည်။ နောက်ဆုံးစကားသုံးလေးလုံးက သူ၏တည်တံ့သောဣန္ဒြေကို ရုတ်ခြည်း ချိုးဖျက်လိုက်၏။ တဖက်လူသတိမပေးလည်း သူ့အဘိုးက ဆုံးပါးသွားပြီးဖြစ်ပြီး သူ့အဖေကသာ မိသားစု၏ တစ်ဦးတည်းသောမင်းမှုထမ်းဖြစ်ကြောင်းကို သူသိပါသေးသည်။ အကယ်၍ တခြားကိစ္စသာဖြစ်ပါက သူတို့နှင့်ချန်နယ်စားအိမ်တော်ဆက်ဆံရေးကို ထောက်ချင့်ပြီး ကူညီမယ့်သူတွေ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ဤကိစ္စတွင်မူ မြောက်ပိုင်းနယ်ခြားစောင့်တပ်နှင့် ချန်နယ်စားအိမ်တော်ပါ ပါဝင်ပတ်သက်နေသဖြင့် မည်သူကမျှ ဓါးခုတ်ရာလက်ဝင်လျှိုလိုမည်မဟုတ်ချေ။

ကျုယန့်ထင်က လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး အေးဆေးဆေးဆေးပင် ပြောလာသည်

မြောက်ပိုင်းနယ်ခြားစောင့်တပ်က ရှောင်းမိသားစုစစ်တပ်လို့ပြောလို့ရတယ်၊ ချန်နယ်စားအိမ်တော် မပါရင် လုံးဝကသောင်းကနင်းဖြစ်သွားမှာပဲ၊ အရှင်မင်းကြီးက မြောက်ဘက်နယ်စပ်ကိုစောင့်ကြပ်ဖို့ မြောက်ပိုင်းစစ်တပ်ကို အားကိုးနေရတုန်းပဲ၊ ဒီတစ်ကြိမ် မြောက်ပိုင်းစစ်တပ်က ရှုံးနိမ့်ခဲ့တယ်ဆိုရင်တောင် အရှင်မင်းကြီးက ချန်နယ်စားကို အပြစ်ပေးမှာမဟုတ်ဘူး၊ ဒါပေမယ့် သူ့ကိုအပြစ်မပေးဘူးဆိုရင်လည်း နန်းတွင်းက ပြည်သူလူထုကို ရှင်းပြနိုင်မှာမဟုတ်ဘူး၊ ဒါကြောင့် သူဘာလုပ်ခဲ့တယ် ဘာမလုပ်ခဲ့ဘူးဆိုတာ အရေးမကြီးဘူး နန်းတွင်းက အပြစ်အတွက် ဓါးစာခံတစ်ယောက် လိုကိုလိုတယ်

လျှိုရူရွှီ၏ ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာကိုမြင်တော့ ကျုယန့်ထင်က သက်ပြင်းတစ်ချက်ချလိုက်သည်

ရှောင်းမိသားစုဒုတိယသားက ဒီလိုလူမဟုတ်ဘူးလို့ တွေးနေတာလား  သူ့အဖေနဲ့သူ့အစ်ကိုကို ကာကွယ်ဖို့ အပြစ်တွေအကုန်လုံးကို သခင်လေးဖခင်အပေါ် ပုံမချလောက်ပါဘူးပေါ့ သူက သခင်လေးဖခင်ကို ကူညီလောက်တယ်ပေါ့လေ

လျှိုရူရွှီက ခေါင်းကို ဆတ်ခနဲမြှောက်လိုက်ပြီး ကန့်လန်ကာနောက်ကွယ်က ကျုယန့်ထင်ကို ရဲရဲတောက်မျက်လုံးတွေဖြင့် စိုက်ကြည့်လိုက်၏။ 

ကျုယန့်ထင်က ဘာမှမမှုဘဲ ဆက်ပြောသည် 

ဖြစ်နိုင်ပါတယ်.. ပြောလို့မရဘူး သူက သခင်လေးကို မြတ်နိုးလွန်းလို့ သားသမီးဝတ္တရားကိုထောက်ပြီး သခင်လေးဖခင်ကို ကူညီမယ့်သူရှာပေးလိမ့်မှာပဲ၊ ဒါပေမယ့် အရှင်မင်းကြီး နားဝင်တာ နားမဝင်တာကို မပြောနဲ့ဦး၊ အခု သူက အလုပ်ကိစ္စနဲ့ မြို့တော်ကနေထွက်သွားတာ နွေရာသီအစပိုင်းထိ ပြန်ရောက်ဦးမှာမဟုတ်ဘူး၊ သူပြန်ရောက်လာတဲ့အချိန်ကျရင် သခင်လေးအဖေက ကွပ်မျက်ခံရပြီးလောက်ပြီ၊ … ကျွန်တော်ကြားမိတာကတော့ ဒီနှစ်ရက်အတွင်း တာ့လီရုံးတော်ကလူတွေ သခင်လေးအိမ်ကို ဝင်ရှာကြလိမ့်မယ်၊ အဲ့ဒိအခါကျရင် သခင်လေးလည်း ထောင်ချခံရပြီး ကိုယ့်ကိုကိုယ်တောင် ကာကွယ်နိုင်ပါ့မလားပဲ

“........ ခင်ဗျား ဘာပြောချင်တာလဲ

ကျုယန့်ထင်က နှိမ့်ချစွာ ပြုံးလိုက်ပြီး သခင်လေးကို ကူညီမယ်လို့ပြောတာပါ

ဘယ်လို ကူညီမှာလဲ

ကျုယန့်ထင်က လက်ဖက်ရည်ခွက်ကို လက်ချောင်းများနှင့်ထိခတ်ရင်း ဖြည်ညှင်းစွာ ပြော၏ 

သခင်လေးအဖေကို ကယ်တင်တာတော့ တကယ်မလုပ်နိုင်ပါဘူး၊ ဒါပေမယ့် ဒီပြစ်မှုကို ဘယ်လိုဆုံးဖြတ်မှာလဲ ဆိုတာကိုတော့ နည်းနည်းပါးပါးကူညီပေးလို့ရပါတယ်၊ အဖေဖြစ်သူမရှိတော့ပေမယ့် သခင်လေးမှာ အဖွားရော အမေရော ညီတွေညီမတွေရှိသေးတယ်လေ၊.. ဘယ်လိုလုပ်မှာလဲ စဉ်စားကြည့်နော်.. အဖေဖြစ်သူနောက်ကိုလိုက်ပြီး တစ်မိသားစုလုံးကို အသေခံခိုင်းမှာလား.. ဒါမှမဟုတ် မိသားစုကိုကယ်တင်ပြီး ရှင်သန်မှာလား.. လျှိုမိသားစုက အနာဂတ်မှာ တစ်ကျော့ပြန်လာဖို့ အခွင့်အရေးရဦးမှာပါ

အပေးအယူက ဘာလဲ၊ ကူညီချင်တယ်ဆိုမှတော့ အကြောင်းပြချက်တော့ရှိမှာပဲ၊ ခင်ဗျား ဘယ်သူလဲ

လျှိုရူရွှီက ငတုံးငအ မဟုတ်ပေ။ ဤနေရာရှိ ကိုယ်ပိုင်ခြံဝင်းများသည် ဧကရာဇ်မင်းများ၏ ပိုင်ဆိုင်မှုဖြစ်၏။ ကန့်လန့်ကာနောက်ကွယ်ကလူငယ်လေး မည်သူမည်ဝါဖြစ်ကြောင်း သူ မမှန်းဆနိုင်သော်လည်း အနည်းဆုံး သာမန်လူတစ်ယောက်တော့ မဟုတ်ချေ။ မဟုတ်ပါက ယခုကဲ့သို့ဟိတ်ကြီးဟန်ကြီးလုပ်နေမည်မဟုတ်။

ကျွန်တော်ဘယ်သူလဲ အရေးမကြီးပါဘူး၊ ကူညီနိုင်တယ်လို့ပြောရင် ဖြစ်အောင်လုပ်ပေးမှာပါ... တစ်ခုပဲ... သခင်လေးက.... ချန်နယ်စားအိမ်တော်နဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းပေးရင်ပေါ့

လျှိုရူရွှီ၏သူငယ်အိမ်များ ရုတ်တရတ် ကျုံ့ဝင်သွားသည်။ မျက်လုံးတွေထဲ မယုံကြည်မှုတွေအပြည့်ဖြစ်နေသည် စေ့စပ်ပွဲကို ဖျက်ရမယ်

ကျုယန့်ထင်က ရယ်လိုက်သည် ဟုတ်ပါတယ်.. စေ့စပ်ပွဲကနေ နုတ်ထွက်ပေးရမှာပါ

 ကျွန်တော်က အပြစ်သားဖြစ်နေပြီးပြီပဲ၊ စေ့စပ်ပွဲမဖျက်ဘူးဆိုရင်တောင် အကျုံးမဝင်တော့ပါဘူး၊ အပိုတွေလုပ်ဖို့ လိုသေးလို့လား

မဟုတ်ဘူး.. ကျွန်တော်လိုချင်တာက သခင်လေးဘက်ကစဖျက်ပြီး လက်ထပ်စာချုပ်ကို ချန်နယ်စားအိမ်တော်ဆီပြန်ပေးလိုက်ဖို့ပဲ၊ သူတို့နဲ့ အများကြီးမပြောနဲ့ ကျုယန့်ထင်၏နှုတ်ခမ်းများ အနည်းငယ်မျှ မဲ့သွားခဲ့၏။ လျှိုရူရွှီသေဆုံးရန် အလွန်လွယ်ကူသည်။ သို့ရာတွင် ဤကဲ့သို့သေဆုံးသွားပါက သူ၏ခင်ပွန်းလောင်းမှာ တစ်သက်လုံး သတိတရရဖြစ်ကျန်နေခဲ့မည် မဟုတ်ပါလော။

လျှိုရူရွှီ၏မျက်ဝန်းများ တစ်စထက်တစ်စ သွေးရောင်လွှမ်းလာသည်။ အတွင်းထဲတွင် ရုန်းကန်နေသည်မှာ သိသာသည်။ 

ကျုယန့်ထင်က သူ့ကို အတင်းမတိုက်တွန်းပေ။ လက်ဖက်ရည်ကို ဖြည်ညှင်းစွာသောက်နေခဲ့ပြီး ရွေးချယ်မှုပြုလာသည်အထိ စောင့်နေခဲ့သည်။

အချိန်အတော်ကြာပြီးမှာတော့ လျှိုရူရွှီက ပုခုံးများကိုလျှော့ချလိုက်ပြီး အက်ကွဲသောအသံဖြင့် မေးလာခဲ့၏ ခင်ဗျားပြောတဲ့အတိုင်း အာမခံနိုင်လား

ယုံတာ မယုံတာ သဘောပါ၊ ဘာပဲဖြစ်ဖြစ် သခင်လေးလည်း တခြားရွေးချယ်စရာမှမရှိတာ၊ အိမ်ပြန်ပြီး အိမ်သားတွေနဲ့ သေဖို့စောင့်နေမယ်၊ ဒါမှမဟုတ် စေ့စပ်ပွဲကိုဖျက်ပြီး အခွင့်အရေးရဖို့ တိုက်ခိုက်မယ်

လျှိုရူရွှီထွက်သွားပြီးနောက်တွင် ကျုယန့်ထင်က ကန့်လန့်ကာနောက်ကွယ်မှထွက်လာပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားခဲ့သည်။

ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သည်နှင့် အပြင်ဘက်တွင် အပြာရောင်လှိုင်းကြပ်ခွပ်များ တရိပ်ရိပ်ပြေးနေသည့် ကန်ရေပြင်ကျယ်ကြီးနှင့် နွေဦးရာသီတွင် စိမ်းလန်းနေသည့် သစ်ပင်ပန်းမာန်များကို မြင်ရပေမည်။

သူက မျက်လုံးများကို အသာမှေးကျဉ်းလိုက်ပြီး အဝေးက မြစိမ်းရောင်တောင်တန်းများကို ငေးမျှော်ကြည့်နေခဲ့သည်။ တောင်ပေါ်ဘုရားကျောင်းမှ ခေါင်းလောင်းသံကို သူ့နားထဲတွင် သဲ့သဲ့ကြားနေရ၏။

အားချင်းက အသစ်လဲလာသည့် လက်ဖက်ရည်ပန်းကန်ကို ကမ်းပေးလိုက်သော်လည်း ကျုယန့်ထင်က လှမ်းမယူပေ။ သူက အသံတိုးတိုး သက်ပြင်းချလိုက်ရင်း 

ဒီဥယျာဉ်ကို မရောက်တာအတော်ကြာပြီ၊ ဒီနေရာက တကယ်ကောင်းတာပဲ၊ ဒါက အဲ့ဒိတုန်းက ငါတို့ဘိုးဘေးတွေကို ကျင်ရွေ့ဧကရာဇ်ပေးသနားခဲ့တဲ့ ကိုယ်ပိုင်မြေနေရာပေါ့၊ ကျင်ရွေ့ဧကရာဇ်နဲ့ မိဖုရားခေါင်တို့ရဲ့ အကြိုက်ဆုံးဥယျာဉ်လို့ ပြောခဲ့ကြတယ်

ကျုယန့်ထင်က ပြောနေရင်း တစ်ချက်ရယ်လိုက်သည် 

ပြောရရင်လည်း ဒီနေရာက မိဖုရားခေါင်ကြီးရဲ့ သီးသန့်ကိုယ်ပိုင်မြေဆိုတော့ ရှောင်းမိသားစုပိုင်ဆိုင်မှုဖြစ်သင့်တာလေ၊ ဒါပေမယ့် အခုတော့ ငါတို့မင်းသားဟွိုင်အိမ်တော်ရဲ့ ဥယျာဉ်ဖြစ်လာတယ်

အားချင်းက မဝံ့မရဲပြောလာ၏ ကျွန်တော်မျိုး ကြားဖူးတာကတော့ ကျင်ရွေ့ဧကရာဇ်နဲ့ မိဖုရားခေါင်တို့က မင်းသားဟွိုင်ကို အင်မတန်ချစ်ခဲ့ကြတာတဲ့၊ သူတို့အကြိုက်ဆုံးမြေနေရာကို မင်းသားဟွိုင်ဆီပေးခဲ့မှာပဲပေါ့

ကျုယန့်ထင်က ခေါင်းအသာယမ်းလိုက်ကာ ကျင်ရွေ့ဧကရာဇ်နဲ့ မိဖုရားခေါင်ကြီးမှာ သားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးပဲရှိတယ်၊ ဒါကြောင့် ချစ်တာလည်း ချစ်တာပေါ့.. ဒါပေမယ့် ဘက်လိုက်တာလည်း တစ်ချို့တစ်ဝက်မှန်တယ်၊ အကြီးဆုံးသားက ဧကရာဇ်ဖြစ်လာပြီး တစ်တိုင်းပြည်လုံးကိုရတယ်၊ မင်းသမီးက နိုင်ငံ့ဘဏ္ဍာကိုရတယ်၊ ဒါပေမယ့် မင်းသားဟွိုင်အိမ်တော်မှာတော့ ဒီနေရာ အကုန်ပဲ

အားချင်းက ဒီအကြောင်းကို မည်သို့ သတ္တိရှိရှိမှတ်ချက်ပြုရဲမည်နည်း။ သူက ခေါင်းငုံ့ပြီး ဘာမှမပြောတော့ပေ။

ထိုအချိန်တုန်းက ချန်ကော်မင်းသမီးသည် မိဘနှစ်ပါးထံမှ နိုင်ငံဘဏ္ဍာတိုက်တစ်ခုကို ရရှိခဲ့ပြီး တစ်နေ့တွင် ထိုရတနာများက တာ့ယန်ပြည်၏ကံကြမ္မာကို အဆိုးရွားဆုံးအခိုက်အတန့်တွင် ပြောင်းလဲပေးနိုင်မည် ဆိုသည့်အကြောင်း ကောလဟလများ ပျံ့လွင့်နေသည်မှာ နှစ်ပေါင်းရာချီနေပြီဖြစ်သည်။

ကောလဟလဆိုသည်မှာ မှန်ချင်မှန်မည် မှားချင်မှားမည်၊ အမှန်အမှားကို ပြောရခက်ပေ၏။ သို့ရာတွင် အကြောင်းပြချက်မရှိဘဲ ထွက်လာမည်မဟုတ်ချေ။ ထိုဧကရာဇ်မင်းအဆက်ဆက်သည် ချန်နယ်စားအိမ်တော်ကို ကြောက်ရွံ့ခဲ့ကြသော်လည်း သူတို့ကို လှုပ်ခတ်အောင်မလုပ်နိုင်ခဲ့ကြပေ။ ရှောင်းမိသားစုက အနောက်မြောက်ဘက် ပြည်နယ်တော်တော်များများတွင် စစ်သည်နှင့်မြင်းများကို ချုပ်ကိုင်ထားကြပြီး စစ်ရေးအရသာလွန်ကြသည်။ သန်မာသည့်သခင်မဟုတ်ပါက မည်သူက ထိဝံ့မည်နည်း။

ထို့ထက်ပို၍ မပြောဝံ့သည်ကား အကယ်၍ ထိုကောလဟာလတွေသာ အမှန်ဖြစ်ပြီး ရှောင်းမိသားစုထံ၌ ထိုရတနာတွေ အမှန်တကယ်ရှိနေခဲ့သည်ဆိုလျှင် မည်သူသိမည်နည်း။ ရှောင်းမိသားစုက ပြောင်းပြန်လှန်လိုက်နိုင်သည့်နေ့တစ်နေ့ ရှိလာနိုင်လိမ့်မည်ပင်။

ပြတင်းပေါက်အပြင်ဘက်ရှိ ရှုခင်းများအား အချိန်အတော်ကြာငေးကြည့်နေခဲ့ပြီးမှ ကျုယန့်ထင်က သက်ပြင်းတစ်ချက်ကို ချလိုက်သည်။ 

မည်သို့ပင်ဖြစ်စေ သူတို့မင်းသားဟွိုင်အိမ်တော်က ရှောင်းမိသားစု၏အင်အားကို ရရှိရန် အစွမ်းကုန်ကြိုးစားရပေလိမ့်မည်။

........