(4)
ရွှမ်းသယ်ခန်းမ..
ရာဇပလ္လင်ပေါ်ရှိဧကရာဇ်မင်းသည် သူ့မျက်လုံးများကိုမှေးထားရင်း တစ်ဖက်သို့စောင်းငဲ့နေ၏။ စဉ်းစားတွေးတောနေသည့်အတိုင်း မလှုပ်မယှက်ရှိနေခဲ့ကာ မှူးမတ်များ၏အသံများက သူ့နားထဲသို့ မရောက်လာပေ။
တာ့လီရုံးတော်၏အကြီးအကဲက အနောက်ဘက်မြို့တော်စီရင်စုမှ အုပ်ချုပ်ရေးမှူးလျှိုချုံနော့၏ စစ်တပ်ရိက္ခာအလွဲသုံးစားလုပ်သည့်ပြစ်မှု စစ်ဆေးချက်ရလဒ်များ တင်ပြနေသည်။ အဆိုပါအရေးမှာ ပါဝင်သူများပြားလွန်းလှသဖြင့် တာ့လီရုံးတော်က အလွယ်တကူအမှုမပိတ်ရဲဘဲ နန်းတွင်းညီလာခံတွင် တင်ပြနေရခြင်းဖြစ်၏။
ဆယ့်ငါးမိနစ်ခန့်အကြာတွင် တာ့လီရုံးတော်အကြီးအကဲက လျှောက်တင်လို့ပြီး၍ သူ့မျက်လုံးများကိုမော့ကြည့်လိုက်သည်။
သို့သော် ပလ္လင်ပေါ်ရှိဧကရာဇ်က အိပ်မောကျနေသလိုမျိုး လုံးဝတုန့်ပြန်မှုမရှိတာကို တွေ့လိုက်ရသည်။ ခန်းမဆောင်ထဲ အပ်ကျသံကြားနိုင်အောင် တိတ်ဆိတ်နေခဲ့ပြီး မည်သူကမျှ အသံမထွက်။
ခဏအကြာ လျှိုအတွင်းဝန် လျှိုချုံးယန်က ချောင်းဟန့်လိုက်ပြီး
“လျှိုချုံနော့က အပြစ်ရှိကြောင်း ဝန်ခံပြီးပြီ၊ သူက မြောက်ဘက်နယ်ခြားစောင့်တပ်ရဲ့ ရိက္ခာနဲ့အခွန်ငွေတွေကို သိမ်းထားမိတယ်လို့ ဝန်ခံတယ်၊ ရလဒ်ကတော့ စစ်ချီတက်မှုကိုနှောင့်နှေးစေတယ်၊ အခု သက်သေသာသရတွေ စုံလင်နေမှတော့ ဥပဒေအတိုင်းပဲ လုပ်ကြတာပေါ့”
တာ့လီအကြီးအကဲက နာခံလိုက်သည်။
ထိုအချိန် ပလ္လင်၏ဘယ်ဘက်အောက်နားတွင် မတ်တပ်ရပ်နေသော ဧကရာဇ်ညီတော်ကျုကျိုယွမ်က ခေါင်းမော့ပြီး လျှိုချုံးယန်ကို မျက်မှောင်ကျုံ့ကြည့်လိုက်သည်။
“ပြီးခဲ့တဲ့ရက်ကပဲ အသင်အမတ်ကြီးပဲ လျှိုချုံနော့က ရန်သူနဲ့ပူးပေါင်းပြီး ပုန်ကန်ဖို့ သံသယရှိတဲ့အတွက် တင်းတင်းကျပ်ကျပ်စစ်ဆေးသင့်ပါတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား၊ ဘာလို့ဒီနေ့မှ စိတ်ပြောင်းပြီး တာ့လီရုံးတော်ကို အမှုပိတ်စေချင်နေရတာလဲ”
ဧကရာဇ်၏ညီတော် အရံအိမ်ရှေ့မင်းသားသည် သူ၏အသက်သုံးဆယ်အစောပိုင်းတွင် ဖြစ်သည်။ မုတ်ဆိတ်မွေးများနှင့် ဖြူဖွေးသောမျက်နှာ၊ တောက်ပသောမျက်လုံးများနှင့် ကောင်းချီးဖြာသည့် အသွင်အပြင်နှင့်ပင်။
ဤသည်ကား ချောင်ကျနေသည့်မျက်နှာ၊ မျက်တွင်းဟောက်ပက် မျက်နှာမည်းမည်း ပလ္လင်ပေါ်မှတစ်ယောက်နှင့် လွန်စွာမှကွာခြား၏။ နှစ်အနည်းငယ်အတွင်း ထိပ်ဆုံးနေရာက ပိုင်ရှင်ပြောင်းသွားလိမ့်မည်ဟု ကြည့်တတ်သူတိုင်း မြင်နိုင်ပေသည်။
သို့ရာတွင် အုပ်ချုပ်ရေးအဖွဲ့၏အကြီးအကဲ အတွင်းဝန်လျှိုချုံးယန်ကသာ ထိုမင်းသားနှင့် အမြဲတစေ သဘောထားထားကွဲလွဲလျက်ရှိပြီး မင်းသားအား ဘယ်တော့မှမျက်စိထဲမထည့်ချေ။
လျှိုချုံးယန်က ပြုံးလိုက်ပြီး “တာ့လီရုံးတော်က စုံစမ်းစစ်ဆေးပြီးသွားပါပြီ၊ ရန်သူပူးပေါင်းပြီး နိုင်ငံပုန်ကန်မှု လုံးဝမဟုတ်ပါဘူး၊ ဒီလျှိုချုံနော့က လုပ်ရဲလောက်အောင် သတ္တိမရှိပါဘူး၊ ဒီလိုဆိုမှတော့ ဘာဖြစ်လို့ အချိန်ဆက်ဆွဲနေမှာပါလဲ”
ကျုကျိုယွမ်က လက်မခံ “အရင်က လက်မလွှတ်နိုင်ဖြစ်နေတဲ့သူက အသင် အတွင်းဝန်ကြီးပဲ မဟုတ်ဘူးလား၊ အသင်က ဒီအမှုကို ထူးဆန်းတယ် နောက်ကွယ်မှာတစ်ခုခုရှိမှာပဲလို့ မပြောခဲ့ဘူးဆိုရင် ဒီကိစ္စက ပြီးသွားတာကြာလှပြီ၊ အခုတော့ ခပ်လွယ်လွယ်ပဲ ဘာမှထပ်မမေးတော့ဘဲနဲ့ ပြီးသွားပြီလား”
“အရှင့်သား.. ဒီကိစ္စမှာက လူတွေအများကြီး ပါဝင်ပက်သက်နေတာပါ၊ ကျွန်တော်မျိုးက ပိုသတိထားချင်ရုံပါ၊ ဘာများအမှားပါသွားပါသလဲ”
ကျုကျိုယွမ်က မထီမဲ့မြင်ဖြင့်ပင် “အတွင်းဝန်ကြီးရဲ့သဘောထားက အရင်နဲ့အခု ကွာခြားမှုအရမ်းများတော့ တမျိုးတမည်ထင်ချင်စရာပဲ မဟုတ်ဘူးလား”
လျှိုချုံးယန်၏ မျက်ပေါက်မှေးမှေးမျက်လုံးများက တောက်ပနေကြ၏ “ကျွန်တော်မျိုး အရှင့်သားရဲ့အဓိပ္ပါယ်ကို လျှောက်မခန့်မှန်းရဲပါဘူး၊ အရှင့်သား ကျွန်တော်မျိုးကို ကျေးဇူးပြုပြီး အထင်မမှားပါနဲ့”
ကျုကျိုယွမ်က သူ့ကို လျစ်လျူရှုထား၏။ တစ်ဖက်က တာ့လီရုံးတော်အကြီးအကဲကို အေးစက်စွာ ကြည့်လိုက်ပြီး “အကုန်လုံးကို သေချာစစ်ဆေးပြီးသွားပြီလား”
တာ့လီအကြီးအကဲက ခေါင်းကိုငုံ့ထားသည်။ သူ့နဖူးပေါ်တွင် ချွေးစေးများ ပြန်လာသည်
“..... ကျွန်တော်မျိုး အကုန်လုံးကို စစ်ဆေးပြီးပါပြီ.. လျှိုချုံနော့က မြောက်ပိုင်းပေရိတွေနဲ့ပေါင်းတဲ့အရိပ်အယောင် လုံးဝမရှိပါဘူး၊ ရိက္ခာတွေအလွဲသုံးစားလုပ်တာက သူ့လောဘကြောင့်ပါ၊ တခြားအတွင်းအကြောင်းအရင်းမရှိပါဘူး”
ကျုကျိုယွမ်က တာ့လီအကြီးအကဲနှင့် လျှိုချုံးယန်တို့ကို အပြန်အလှန်ကြည့်လိုက်ပြီး ဟွန့်ခနဲလုပ်လိုက်လေ၏။
လူအိုကြီးလျှိုချုံးယန်မှာ ဤနေရာတွင်ရှိနေခဲ့ပြီး တော်ဝင်အိမ်ရှေ့စံမင်းသား၏ ရန်စကားကို ဂရုမစိုက်ခဲ့ပေ။
“တော်တော့ ငြင်းမနေကြနဲ့တော့.. ကိုယ်တော်ခေါင်းကိုက်နေတယ်” ဧကရာဇ်က နောက်ဆုံးတော့ စကားစလာပြီး ထိုသူနှစ်ဦးကြားက အငြင်းပွားမှုကို နှောင့်ယှက်လိုက်သည်။ သူ၏ရီဝေနေသောမျက်လုံးများမှာ လူအုပ်ပေါ်ကို ဖြည်းဖြည်းချင်းဖြတ်သွားပြီး လိုရင်းကိုဆုံးဖြတ်ပေးလိုက်၏
“လျှိုအမတ်ကြီးပြောတဲ့အတိုင်းပဲ လုပ်ကြစို့… ခြစားမှုမှာပါဝင်ခဲ့တဲ့ အနောက်ဘက်စီရင်စုက ဒေသအရာအရှိတွေအားလုံးကို ဥပဒေနဲ့အညီ ဆောင်ရွက်မယ်၊ အမှုမှာပါဝင်သက်နေတဲ့ စစ်မက်ရုံးတော်နဲ့ ဘဏ္ဍာရေးရုံးတော်က အမတ်တွေက ပေါ့ဆမှုနဲ့ အရေးယူခံရမယ်၊ ပြီးတော့ ဒီတစ်ကြိမ် မြောက်ပိုင်းနယ်ခြားစောင့်တပ်က ရှုံးနိမ့်ရတဲ့အကြောင်းက ရိက္ခာနဲ့စစ်လက်နက်ပစ္စည်း နှောင့်နှေးမှုကြောင့်ဆိုပေမယ့် ချန်နယ်စားကလည်း ထိထိရောက်ရောက်အမိန့်မပေးနိုင်တဲ့အတွက် သူ့မှာတာဝန်ရှိတယ်၊ ဒါကြောင့် သူ့ကို သုံးနှစ်ဒဏ်ရိုက်ပြီး ကောင်းကောင်းသုံးသပ်ပါစေ့လေ၊ နောက်ပိုင်း ဒီ့ထက်ပိုပြီး အကျိုးဆောင်ခိုင်းရမယ်”
ဧကရာဇ်၏နှုတ်ထွက်စကားအနည်းငယ်မျှဖြင့် မြောက်ပိုင်းစစ်တပ်၏ ရှုံးနိမ့်ရခြင်းအကြောင်းရင်းကို ဆုံးဖြတ်ပေးခဲ့သည်။
စစ်တပ်ကိုဦးဆောင်ခဲ့သည့်စစ်သူကြီးက သုံးနှစ်သာ ဒဏ်ရိုက်ခံရသော်လည်း ခေါင်းပြတ်သည်မှာ တစ်ခြားတစ်ယောက်ဖြစ်ခဲ့သည်။ ကိစ္စကကြားရသည်မှာ အဓိပ္ပါယ်မဲ့သော်ငြား အခုရှိနေကြသည့်လူအားလုံး ဤသည်ကိုကောင်းကောင်းသိကြပါ၏။ တာ့ယန်တွင် စစ်ချီနိုင်သောလူမှာ လက်တစ်ဖက်ပင် မပြည့်ချေ။
တင့်နယ်စားက တောင်ဘက်တွင် ဓါးပြအုပ်စုများကို ဖိနှိပ်ရင်ကြိုးပမ်းနေပြီး မစုစည်းနိုင်သေး။ ရှောင်းရန့်လီနှင့်သူ့သားမှလွဲ၍ မြောက်ပိုင်းစစ်တပ်ကို အမိန့်ပေးနိုင်သည့်လူမရှိ။ ရှောင်းရန့်လီကိုသာ တရားခံစစ် စစ်ဆေးမေးမြန်းနေမည်ဆိုပါက ပေရိလူမျိုးများ တစ်နှစ်မပြည့်မီအချိန်အတွင်း ရှန့်ကျင်းသို့ ဝင်ရောက်တိုက်ခိုက်လာမည်ပင်။
မည်သူမျှအရူးမဟုတ်။ ဧကရာဇ်မင်းမှာ တစ်နေ့လုံး မသေမျိုးကျင့်ကြံနေရ၍ မအားမလပ်ဖြစ်နေခဲ့ရင်တောင်မှ မိမိ၏နဂါးပလ္လင်တွင် သက်တောင့်သက်သာ ထိုင်နေနိုင်ရန် မည်သူ့ကိုအားကိုးရမည်မှန်း မသိနိုင်လောက်အောင် မမိုက်မဲပေ။
ကိစ္စပြီးသောအခါ ဧကရာဇ်သည် ဝန်ကြီးများ သူ့အား နှောင့်ယှက်ရန် အခွင့်အရေးမပေးတော့ဘဲ လက်ဝှေ့ယမ်းကာသမ်းဝေရင်း ညီလာခံဆင်းပြီဟု မိန့်သွားခဲ့သည်။
ထိုနေ့တွင်ပင် တာ့လီရုံးတော်က အမှုကို အလျင်စလိုပိတ်လိုက်သည်။ လျှိုချုံနော့မှာ ခေါင်းဖြတ်ပြီး သေဒဏ်ချမှတ်ခံလိုက်ရလေသည်။
.........
မင်းသားဟွိုင်အိမ်တော်.. ဝါးပင်စိမ်းခြံဝင်း…
ဆန်စက္ကူကို စားပွဲပေါ်တွင် ဖြန့်ချထား၏။ ကျုယန့်ထင်သည် စုတ်တံကိုကိုင်ပြီး စိတ်ထဲကပုံရိပ်ကို ဂရုတစိုက် ကောက်ကြောင်းချနေသည်။
မိုးရွာသည့်နေ့၌ ထိုသူသည် ဝါးထီးကိုကိုင်၍ တော်ဝင်စာသင်ကျောင်း၏ လမ်းကြားလေးထဲတွင် တစ်စုံတစ်ယောက်အား စောင့်မျှော်နေ၏။ လေတစ်သုတ်တိုက်လာပြီး လမ်းလွဲသွားသောမိုးရေများက ထိုသူ၏ဆံပင်ကို စိုရွှဲသွားစေခဲ့သည်။ တင်းမာသောသူ့မျက်နှာပေါ်တွင် ဖုန်မှုန့်များ ပိုများလာသည်။ စောင့်နေသောလူ ထွက်ပေါ်လာမှသာလျှင် ထိုသူ၏ တင်းမာနေသည့် မျက်ခုံးနဲ့မျက်လုံးများက နူးညံ့ပျော့ပျောင်းသွားတော့၏။
နောက်ဆုံးစုတ်ချက်အပြီး၌ ကျုယန့်ထင်က သူ၏စုတ်တံအောက်မှ ပန်းချီကားကို စိုက်ကြည့်နေခဲ့ပြီး မျက်လုံးများကို အသာအယာမှိတ်လိုက်သည်။
အားချင်းက တံခါးခေါက်လာသည်။
ကျုယန့်ထင်က အသိပြန်ဝင်သွားပြီး လက်စသတ်ပြီးသားပန်းချီကားကို လိပ်လိုက်ကာ ဘေးဘက်ကစာအုပ်စင်ပေါ်တင်လိုက်ရင်း “ဝင်ခဲ့”
အားချင်းက အခန်းထဲဝင်လာပြီး သူ့လက်ထဲသို့ စာတစ်စောင်ကမ်းပေးလာသည် “သခင်လေး ..အခုမှပို့လာတာပါ”
ကျုယန့်ထင် စာကိုယူလိုက်ကာ ချိတ်ပိတ်ထားသောဖယောင်းကို ခွာလိုက်သည်။ ဤစာက လျှိုရူရွှီတစ်ယောက် မြို့တော်မှမထွက်ခွာခင် အဝေးရောက်နေဆဲရှောင်းလန့်ဆီ လူကြုံပါးလိုက်သည့် စာဖြစ်သည်။
ထိုနေ့တွင် လျှိုရူရွှီက သူ့ဆီကနေ သီးသန့်ဥယျာဉ်ဆီအဖိတ်ခံရပြီး ခြိမ်းခြောက်ခံလိုက်ရသည်။ သူပြန်သွားပြီးဒုတိယမြောက်ရက်တွင် အမှန်တကယ်ပဲ လက်ထပ်ပွဲကတိကဝတ်ကို ချန်နယ်စားအိမ်တော်ဆီပြန်ပေးခဲ့သည်။ နောက်နှစ်ရက်အကြာတွင် တာ့လီရုံးတော်က လျှိုအိမ်ကိုချိတ်ပိတ်ခဲ့သည်။ စီရင်ချက်ထွက်လာသောအခါ လျှိုမိသားစုက ယုံးကျိုးသို့ ပြည်နှင်ဒဏ်ပေးခံရပြီး ယမန်နေ့က မြို့တော်ကနေ ထွက်သွားခဲ့ကြသည်။
ဤစာက လျှိုအိမ်မတော်တဆဖြစ်ပြီးနောက် လျှိုရူရွှီမှ ရှောင်းလန့်ထံပေးပို့သော ဒုတိယမြောက်စာပင်။ ပထမတစ်စောင်မှာ စီရင်ချက်မချခင် အကူအညီလှမ်းတောင်းသောစာဖြစ်ပြီး ကျုယန့်ထင်မီးရှို့ပစ်လိုက်ပြီဖြစ်၏။
ယခုတစ်စောင်မှာတော့ ဖြစ်စဉ်အစအဆုံးအကုန်လုံးကို ရှင်းပြထားပြီး လွမ်းဆွတ်မှုတွေအပြည့်ဖြင့် နှုတ်ဆက်စကားဆိုထားသည်။
ကျုယန့်ထင်က အေးစက်စွာကြည့်နေခဲ့ပြီး ခေတ္တခဏတိတ်ဆိတ်သွားပြီးနောက် စာရွက်ကို ဖယောင်းတိုင်မီးပေါ် တင်လိုက်သည်။
မီးတောက်များက တလိပ်လိပ်ဖြင့် ကျုယန့်ထင်၏မျက်ဝန်းထဲ ရောင်ပြန်ဟပ်နေခဲ့ကာ အတွင်းက ဖုံးကွယ်ထားသည့် အမည်မသိခံစားချက်များကို လောင်ကျွမ်းပစ်လိုက်၏။
......
တော်ဝင်စာသင်ကျောင်း…
နေ့လည်ခင်းတွင် ကျောင်းသားများမှာ အနောက်ဖက်ဥယျာဉ်ရှိ ရေကန်ဘေးတွင် တရေးတမောအိပ်ရင်း နွေဦး၏ ရှားရှားပါးပါးမွန်းလွဲချိန်ခါကို ဖြတ်သန်းကုန်ဆုံးနေကြပါ၏။
တော်ဝင်စာသင်ကျောင်းကို ရှေ့မင်းဆက်လက်ထက်ကတည်းက စတင်တည်ဆောက်ခဲ့သည်။ လွန်ခဲ့သည့်နှစ်ပေါင်းရာချီအတွင်း အကြိမ်ပေါင်းများစွာပြန်လည်ပြုပြင်ခဲ့ပြီး အကျယ်အဝန်းကို ထပ်ခါထပ်ခါ ချဲ့ထွင်ခဲ့ကြသည်။ မရေမတွက်နိုင်သောမှူးမတ်များ ဤနေရာတွင် မွေးဖွားခဲ့ပြီးဖြစ်၏။
ရှောင်းရုန်၏မျက်နှာကို စာအုပ်တစ်အုပ်နဲ့ ဖုံးထားသည်။ သူက ရေကန်ဘေးက မြက်ခင်းပြင်မှာ ခြေထောက်တွေချိတ်လျက် လှဲအိပ်နေရင်း ဘေးနားက ပိုးမွှားကောင်းတွေနှင့် ကျေးငှက်တွေ၏ ကျီကျီကျာကျာ အသံများကို နားဆင်နေသည်။
သူအိပ်မပျော်ခင်မှာပဲ ဘေးနားကအဖော်က သူ့ပုခုံးကိုတွန်းပြီး သတိပေးလာသည် “မင်းသားဟွိုင်အိမ်တော်ကသခင်လေး လာတယ်”
ရှောင်းရုန်က အံ့အားသင့်သွားပြီး စာအုပ်ကိုဖယ်လျက် ထထိုင်လိုက်သည်။ ကျုယန့်ထင်က သူတို့အနီးကို ရောက်လာနေပြီဖြစ်ပြီး သူ့အတန်းဖော်နှင့် အပြန်အလှန်ရိုသေသမှုပြုနေသည်။
ရှောင်းရုန်က ကရိကထ အာလာပသလာပမင်္ဂလာစကားများကို လုပ်ဖို့ပျင်းလွန်းသဖြင့် မြက်ခင်းပေါ်တွင် ပျင်းပျင်းရှိထိုင်နေဆဲ ခေါင်းကိုမော့ပြီး ကျုယန့်ထင်ကို ကြည့်လိုက်သည် “သခင်လေး လမ်းလျှောက်ထွက်တာ မြင်ရခဲတယ်၊ ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင်ပါလား”
သူ ကျုယန့်ထင်ကို ကောင်းကောင်းမသိကျွမ်းပေ။ လွန်ခဲ့သည့်လအနည်းငယ်က မီးပုံးပွဲတော်တွင်သာ တစ်ခါတွေ့ခဲ့ဖူးသည်။ ရင်းရင်းနှီးနှီးမနေသင့်ဟု သူ့အစ်ကိုရှောင်းလန့်က သတိပေးခဲ့သည်။
ထို့နောက်တွင် ကျောင်းမှာ ရံဖန်ရံခါ မျက်မှန်တန်းမိကြသေး၏။ သို့ပေမယ့် တစ်ယောက်နှင့်တစ်ယောက် စကားပြောမိကြတာကတော့ ယခု ကျုယန့်ထင် သူ့ဆီစကားလာပြောသည့်အကြိမ်က ပထမဦးဆုံးဖြစ်သည်။
“ဒီနေ့လို ရာသီဥတုသာယာတာ ရှားတယ်၊ စာသင်ရတာပျင်းလာလို့ လမ်းလျှောက်ထွက်လာတာပါ”
ကျုယန့်ထင်က ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်ပြီး သူတို့နှင့်တစ်တန်းတည်းမှာ ခပ်အေးအေးပင် ဝင်ထိုင်သည်။
ဘေးနားကအစေခံက ဖျာခင်းပေးလာပြီး စားစရာအစ်ထဲမှ အဆာပြေမုန့်တစ်ချို့ကိုထုတ်လာပေးရင်း အခါးရည်ကိုပါ လောင်းထည့်ငှဲ့ပြုပေးသည်။ ကျုယန့်ထင်က ပြုံးပြီး ရှောင်းရုန်နှင့်သူ့အဖော်ကို လက်ဟန်ပြလိုက်သည် “မြည်းကြည့်မလား”
ရှောင်းရုန်က မငြင်း။ ကောက်ညှင်းတစ်တုံးကိုကောက်ယူပြီး ပါးစပ်ထဲပစ်ထည့်လိုက်ကာ နှစ်ချက်လောက်ဝါးကြည့်ပြီး ချီးကျူးလိုက်သည်
“တကယ့်ကိုပဲ မင်းသားအိမ်တော်မှာလုပ်တဲ့မုန့်တွေက တခြားနေရာကဟာတွေထက် ပိုစားလို့ကောင်းတယ်”
ကျုယန့်ထင်က ရယ်လိုက်ပြီး “မဟုတ်ပါဘူးဗျာ...”
ရှောင်းရုန်၏အဖော်မှာ ကျောက်ယွင်ရှုဟုခေါ်ပြီး သူ့ဖခင်က နန်းတွင်းက အဆင့်(၄)အရာရှိတစ်ဦးဖြစ်သည်။ သည်လူမှာ ရှောင်းရုန်နှင့် စရိုက်ချင်းအလွန်တူသည်။ အခါးရည် သုံးလေးငုံမျှသောက်၊ မုန့်လေးငါးကိုက်မျှ ကိုက်ပြီးလျှင် သူက စကားတွေပိုများလာပြီး ကျုယန့်ထင်ကို စပ်စုလာ၏ “သခင်လေးကလည်း တော်ဝင်စာသင်ကျောင်းမှာ စာလာသင်နေတာ နန်းတွင်းစာမေးပွဲဝင်ဖြေမလို့လား”
နန်းတွင်းစာမေးပွဲဖြေပြီး အရာရှိဝင်လုပ်ကြသည့် ကျုမိသားစုများ မရှိသည်မဟုတ်သော်လည်း ၎င်းတို့က အတော်လေးနည်းပါးပြီး အများစုက အလှမ်းဝေးသည့်အစွန်အဖျားမှ မိသားစုများဖြစ်ကြ၏။ ကျုယန့်ထင်ကဲ့သို့ တော်ဝင်မိသားစုမြေးမြစ်တစ်ယောက် အေးအေးလူလူစာသင်နိုင်သည်မှာ တွေ့ရခဲပြီး မီးပုံးဖြင့် လိုက်ရှာရင်တောင်မှ ဒုတိယတစ်ယောက် ရှာတွေ့နိုင်လောက်မည်မထင်။
ကျုယန့်ထင်က ပြုံးကာဖြင့် “အခွင့်အရေးရှိရင်တော့ စမ်းကြည့်ချင်ပါတယ်”
ရှောင်းရုန်က သက်ပြင်းချလိုက်ရင်း “သခင်လေးက ရည်မှန်းချက်တကယ်ကြီးတာပဲ၊ ကျွန်တော်ဆို စာမေးပွဲတောင် ဝင်မဖြေချင်ဘူး၊ တစ်နေ့လုံး စားလိုက်သောက်လိုက်ပျော်ပါးနေရတာ ဘယ်လောက်ကောင်းလဲ၊ ဒါပေမယ့် အိမ်ကလူတွေက သဘောမတူဘူးလေ၊ အစ်ကိုနှစ်ဆို ကျွန်တော့်ကို နေ့တိုင်းမျက်စိဒေါက်ထောက်ကြည့်နေတာ၊ ဒါပေမယ့် ကျွန်တော်က သူ့လိုမှ မဟုတ်တာ၊ သူ့လို အသက်(၁၆)နှစ်မှာ လူရည်ချွန်ဖြစ်တဲ့လူမျိုး ဘယ်နှယောက်ရှိမှာမို့လို့လဲ”
ဤရှောင်းမိသားစုတတိယသခင်လေးနှင့် ရှောင်းလန့်တို့မှာ ညီအစ်ကိုဝမ်းကွဲများ ဖြစ်ကြသည်။ သူ့အဖေမှာ အနောက်မြောက်ဘက်စစ်ပွဲအတွင်း သေဆုံးသွားခဲ့ပြီး အမေဖြစ်သူက နှစ်ဝက်မပြည့်မီပင် နောက်ကလိုက်သွားခဲ့သည်။ သူက အိမ်တွင်ကျန်ခဲ့သော တစ်ဦးတည်းသောမျိုးဆက်ဖြစ်သည်။ ရှောင်းမိသားစုက သူ့ကိုအလွန်ချစ်ကြ၏။ သို့သော် စည်းကမ်းကိုတော့ ဖြေလျော့ပေးမှာမဟုတ်ချေ။
“ရှောင်းလူကြီးမင်းကလည်း သခင်လေးကောင်းကျိုးအတွက် လုပ်တာဖြစ်မှာပါ”
စကားလမ်းကြောင်းက ရှောင်းလန့်အကြောင်းရောက်လာတော့ ကျုယန့်ထင်က မသိမသာဆက်မေး၏ “ရှောင်းလူကြီးမင်းက အလုပ်ကိစ္စနဲ့ မြို့တော်ကနေထွက်သွားတယ်လို့ ကြားတယ်၊ ပြန်မရောက်လောက်သေးဘူးနဲ့ထင်တယ်”
“ဟုတ်တယ်.. မြစ်ကို စစ်ဆေးဖို့ ထွက်သွားတာလေ၊ ဒါပေမယ့် ပြန်လာတော့မှာပါ.. ဒီလကုန်လောက်ဆို ပြန်ရောက်လောက်ပါပြီ.. အင်း.. အခုတလော အိမ်မှာလည်း ကိစ္စတွေအများကြီးဖြစ်သွား...”
ရှောင်းရုန်က ပြောလက်စတန်းလန်း ဆက်မပြောတော့ဘဲ ခေါင်းငိုက်စိုက်ကျသွားသည်။ သူက အစကတည်းက စိတ်အခြေအနေမကောင်းပေ။ ဒီအတောအတွင်း မိသားစုအရေးများကြောင့်ဟု ယူဆရသည်။
မြောက်ပိုင်းနယ်ခြားစောင့်တပ်၏ ရှုံးနိမ့်မှုကို ဧကရာဇ်ကိုယ်တိုင်က လျှော့ပေါ့ပေးခဲ့ရင်တောင်မှ ရှောင်းမိသားစုအတွက်တော့ ရိုက်ခတ်မှုက အချိန်တိုအတွင်း ပျောက်ကွယ်သွားမှာ မဟုတ်ခဲ့။ အထူးသဖြင့် စစ်ပွဲအကြောင်းနကန်းတစ်လုံးမှမသိဘဲ မြို့တော်တွင်နေထိုင်သော သူတို့မိသားစုဝင်များက အကူညီလည်းမပေးနိုင်ဘဲ စိတ်ပူနေရုံပင်တတ်နိုင်၏။
ထို့ထက်ပိုဆိုးသည်က လျှိုမိသားစုမှာ ဤအရေးအခင်းတွင် လုံးဝပျက်စီးသွားခဲ့ပြီး လျှိုရူရွှီက လက်ထပ်စာချုပ်ကို ပြန်ပေးသွားခဲ့သည်။ သို့ရာတွင် ကာယကံရှင်ရှောင်းလန့်ကတော့ အပြင်မှာရောက်နေဆဲ ပြန်မလာသေးပေ။
ကျောက်ယွင်ရှုက ရှောင်းရုန်ကို ပုခုံးပုတ်ပြီး နှစ်သိမ့်ပေးသည် “အစ်ကိုနှစ်ပြန်လာရင် အဆင်ပြေသွားမှာပါ”
“မျှော်လင့်ရတာပဲ…”
ကျုယန့်ထင်က မျက်ဝန်းတွေလှုပ်ရှားသွားရှင်း “ရှောင်းလူကြီးမင်းက နဂါးလှေပွဲတော်မတိုင်ခင် ပြန်လာမှာလား”
“အင်း.. အဒေါ်ကတော့ သူ့ဆီစာတွေအများကြီးရေးပြီး ပွဲတော်မတိုင်ခင်ပြန်လာဖို့ ပြောနေတာပဲ၊ သူပြန်မလာသေးရင် အဒေါ်က လောနေတော့မှာ”
ရှောင်းရုန်က ခဏလောက်ပြောနေခဲ့ပြီးမှ အသံတိုးတိုးနှင့် ရေရွတ်ပြန်သည်
“အိမ်မှာက မင်္ဂလာပွဲအတွက် ပြင်တောင်ပြင်နေကြပြီ၊ ဒီလိုဖြစ်သွားမယ်လို့ ဘယ်သူထင်မှာလဲ.. ဟူး..”
ကျုယန့်ထင်က သစ်သီးလက်ဖက်ရည်ကို ကောက်ယူကာ တစ်ငုံသောက်လိုက်၏။ လက်ဖက်ရည်၏ ချိုမြသောအရသာမှာ ခံတွင်းတစ်ခုလုံး ပျံ့နှံ့သွားပြီး သူ၏နှုတ်ခမ်းထောင့်စွန်းများကို မသိမသာကွေးညွှတ်သွားစေခဲ့သည်
“ရေစက်မပါလို့ ဖြစ်မှာပါ…”
............