(5)
Viewers 2k

(5) 

နဂါးလှေပွဲတော်မတိုင်မီညတွင် ဧကရာဇ်သည် တော်ဝင်ဆွေတော်မျိုးတော်များ၊ ဂုဏ်ထူးဆောင်မိသားစုဝင်များ၊ နန်းတွင်းမှူးမတ်များနှင့် စစ်သူကြီးများအားလုံးကို ပေဟိုင်နန်းတော်၌ ညစာစားသောက်ပွဲကျင်းပပေးခဲ့သည်။

ပေဟိုင်နန်းတော်မှာ တာ့ယန်မင်းဆက် အဆက်ဆက်တွင် နွေရာသီအပန်းဖြေနန်းဆောင်ဖြစ်၏။ လွန်ခဲ့သည့်ဆယ်နှစ်အတွင်း တိုင်းပြည်ဘဏ္ဍာများ ယုတ်လျော့လာမှုကြောင့် တဖြည်းဖြည်းလျစ်လျူရှုခံခဲ့ရသည်။ ပြီးခဲ့သည့်နှစ်အကုန်တွင်မူ ဧကရာဇ်မှာ ဆန္ဒတစ်ခု ဖြစ်လာခဲ့သည်။ 

သူက နည်းလမ်းတစ်ခုထုတ်၍ မြို့တော်ရှိအထက်တန်းလွှာမိသားစုများကို ငွေကြေးအမြောက်အမြားလှူဒါန်းလာစေရန် အတင်းဖိအားပေးခဲ့ပြီး နန်းဆောင်ကိုပြင်ဆင်ခဲ့ကာ လွန်ခဲ့သည့်လဝက်ကမှ ပြီးစီးခဲ့သည်။

ဒီနေ့တွင် ဧကရာဇ်က ခမ်းနားလှသည့်စားသောက်ပွဲကြီးတစ်ခုကို ကျင်းပပေးခဲ့သည်။ ရည်ရွယ်ချက်မှာ ကြွားဝါဖို့အပြင် ဘာမှမရှိ။

ကျုယန့်ထင်က မင်းသားဟွိုင်ကျုဟယ့်မင်နှင့် အတူပွဲရောက်လာခဲ့ပြီး သူတို့နှစ်ဦးသည် မင်းမျိုးနွယ်မင်းသားများအကြားတွင် ထိုင်နေ၏။ ကျုဟယ့်မင်က နောက်ပေါက်လူငယ်တစ်ဦးသာဖြစ်သောကြောင့် သူ့ထိုင်ခုံနေရာမှာ သိပ်မသိသာသည့် ထောင့်စွန်းတစ်နေရာတွင် ဖြစ်သည်။ 

တာ့ယန်မင်းဆက်၏ ဘွဲ့အမည်များသည် မျိုးရိုးအလိုက်ဆက်ခံရပြီး အစားထိုး၍မရပေ။ ဘုရင့်သားတော်များအားလုံးသည် ပထမအဆင့်မင်းသားဘွဲ့(ချင်းဝမ်)များရကြသည်။ ချင်းဝမ်၏ သားအကြီးဆုံးမှာ အသက်ခြောက်နှစ်အရွယ်တွင် ဆက်ခံသူဖြစ်လာပြီး ကျန်ရှိသောသားများမှာ အသက်(၂၀)သို့ရောက်သည့်အခါ ဒုတိယအဆင့်မင်းသား(ကျွင့်ဝမ်၊ ခရိုင်မင်းသား)အဖြစ် သတ်မှတ်ခံရလိမ့်မည်။ ကျွင့်ဝမ်၏သားအကြီးဆုံးမှာ ဆက်ခံသူဖြစ်မည်ဖြစ်ပြီး ကျန်သားများမှာ မြို့များ၏စစ်သူကြီးများအဖြစ် အပ်နှင်းခံရမည်။ ဤသို့နှယ် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်၊ စသည်ဖြင့်ပင်.....

ကျုဟယ့်မင်မှာ ချင်းဝမ်တစ်ပါးဖြစ်ပြီး ကျုယန့်ထင်မှာ အသက်(၂၀)ပြည့်လျှင် ကျွင့်ဝမ်ဖြစ်လာနိုင်သည်။ ထို့ကြောင့်ပင် တာ့ယန်မင်းဆက်တစ်ခုလုံးတွင် မင်းသားတစ်ပါးဖြစ်ရသည်မှာ အထူးအဆန်းမဟုတ်လှ။

ဟိုဘက်ဒီဘက်လှည့်ကြည့်လိုက်ရုံဖြင့်ပင် တက်ရောက်လာကြသော အနှီမင်းသားအိုကြီးအချို့မှာ ၎င်းတို့၏ဘွဲ့ထူးကို ကျင်ရွေ့မင်းဆက်မတိုင်မီကတည်းက အမွေဆက်ခံခဲ့ကြသူများဖြစ်၏။ 

ဤအချက်မှာ အနှေးနဲ့အမြန်ပင် သတိထားမိလာကြနိုင်သည်။ သို့တည်းမဟုတ် တစ်စုံတစ်ယောက်က ဟိုးအရင်ကတည်းက သတိထားမိနေပြီးဖြစ်ပြီး နှုတ်ဆိတ်နေသည်မှာလည်း ဖြစ်နိုင်ပါသည်။

ဧကရာဇ်က ဘယ်အချိန်မှ ရောက်လာမလဲမသိ။ စားပွဲပေါ်တွင် အဆာပြေအစားအသောက်များသာ ရှိသည်။ 

ကျုယန့်ထင်က တူကိုအောက်ချလိုက်သည်။ သူ၏အကြည့်များက တစ်ချက်မျှ ဝေ့ဝဲသွားပြီး တစ်နေရာသို့ရောက်သောအခါ အဝေးရှိလူမှာ တစ်ခုခုခံစားလိုက်မိပုံဖြင့် မျက်လုံးများကို အတန်ငယ်မော့ကြည့်လာသည်။

ကျုယန့်ထင်က ပြုံးပြလိုက်ပြီး ခွက်ကိုမြှောက်ပြလိုက်သည်။

ရှောင်းလန့်က နက်ရှိုင်းသောမျက်လုံးများဖြင့် သူ့ကိုကြည့်လိုက်ပြီး ခဏကြာမှ သေရည်ခွက်ကိုမြှောက်လိုက်သည်။ ခေါင်းကိုမော့လိုက်ပြီးလျှင် တစ်ကျိုက်တည်း မော့သောက်လိုက်လေ၏။

ရှောင်းလန့်မှာ ရုံးတော်ခြောက်ခု၏ မင်းမှုထမ်းတစ်ယောက်ဖြစ်သော်လည်း ယခုမူ သူသည် ချန်နယ်စားအိမ်တော်ကို ကိုယ်စားပြုကာ ဆွေကြီးမျိုးကြီးအထက်တန်းလွှာများကြားတွင် ရှောင်းရုန်နှင့်အတူ ထိုင်နေ၏။ ရှောင်းရုန်က သူနှင့်သက်တူရွယ်တူ လူငယ်လေးများနှင့် စားသောက်ရင်း အလုပ်များနေသော်လည်း ရှောင်းလန့်ကမူ လူများနှင့်စကားမပြောဘဲ တိတ်တဆိတ်သာသောက်နေပြီး ပတ်ဝန်းကျင်နှင့် သီးခြားဖြစ်နေပုံရသည်။ 

ရှောင်းလန့်ပုံစံက စိတ်အခြေအနေမကောင်းမှန်း သိသာသည်။ မီးပုံးပွဲတော်မှာထက် အနည်းငယ်ပိုပိန်သွားပုံရသည်။ ဒါက လအနည်းငယ်လောက် အလုပ်ခရီးထွက်လိုက်ရ၍လား၊ ဒါမှမဟုတ် တခြားတစ်ခုကြောင့်လား မသိပေ။

ကျုယန့်ထင်က ကိုယ်ကိုစောင်းကာ လက်တစ်ဖက်ဖြင့် မေးကိုထောက်ထားပြီး တခြားလက်တစ်ဖက်ဖြင့် သေရည်အိုးကို အသာယမ်းလိုက်သည်။ ပြီးနောက် သူက ရှောင်းလန့်ဆီကြည့်ကာ အပြုံးလေးများဖြင့် သေရည်ခွက်ကို အချိန်တိုင်းမြှောက်ပြနေခဲ့၏။ 

ရှောင်းလန့်ကလည်း သူ့ကိုကြည့်ရင်းဖြင့် တစ်ခွက်ပြီးတစ်ခွက်သောက်သည်။ နှစ်ယောက်သားက ခန်းမတစ်ဝက်ခန့် ဝေးကွာနေသော်လည်း တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်စွာအဖော်ပြုရင်း တစ်ခွက်ပြီးတစ်ခွက် သောက်နေကြသည်။

ဧကရာဇ်မင်းက နောက်ကျပြီးမှ ရောက်လာသည်။ ကိုယ်ပေါ်က တောက်ဝတ်ရုံကိုပင် မလဲထားဘဲ တကိုယ်လုံးက ယိုင်တိယိုင်တိုင်ဖြစ်နေသည်။ မကြည်မလင်ဖြစ်နေသည့် သူ့မျက်လုံးတွေက တောက်ပနေပြီး မျက်နှာမှာ သာမန်မဟုတ်ဘဲနီရဲနေသည်။ 

ဧကရာဇ်မင်း၏အနောက်ဘက်တွင်မူ နှင်းလိုဖြူဖွေးသောဝတ်စုံဖြင့် တိုင်းပြည်၏ပရောဟိတ်ရှိသည်။ ထိုသူ၏ဆံပင်နှင့် မုတ်ဆိတ်မွေးများက ဆွတ်ဆွတ်ဖြူနေပြီး လက်မောင်းကြားတွင် အမွှေးဖွားတုတ်တံတစ်ချောင်း တင်ထားသည်။ ခြေလှမ်းများက ညင်သာပေါ့ပါးပြီး မသေမျိုးတစ်ယောက်လိုပင်။ သူက ခန်းမထဲဝင်လာကတည်းက ဧကရာဇ်၏နောက် ခြေလှမ်းတစ်ဝက်ခန့်မှအကွာတွင် လိုက်နေခဲ့ပြီး မျက်လုံးများကိုမှေးကျဉ်းထားကာ မည်သူ့ကိုမှ မျက်လုံးထဲမထည့်ချေ။

ကျုယန့်ထင်က ဟက်ခနဲရယ်ပြီး ကျုဟယ့်မင်ဆီ တိုးတိုးကပ်ပြောသည် တကယ့်ကို လောကကြီးပျက်ဆီးတာပဲ၊ ဘယ်ကထွက်လာမှန်းမသိတဲ့ တောက်ဝါဒီတစ်ယောက်က ပရောဟိတ်ဖြစ်နိုင်တယ်၊ တည်ထောင်သူဧကရာဇ်သာမြင်ရင် သေရွာကနေထလာလောက်တယ်

တာ့ယန်မင်းဆက်ကိုတည်ထောင်ခဲ့သည့်မင်းသည် ဗုဒ္ဓကိုးကွယ်သည်ကို မည်သူမသိပါသနည်း။ မင်းဆက်၏ဧကရာဇ်များအားလုံးမှာ ၎င်းတို့ဘိုးဘေးများ၏ထုံးတမ်းကိုလိုက်နာပြီး ဗုဒ္ဓဘာသာကိုကြည်ညိုကြကာ ဘုရားကျောင်းများတည်ဆောက်ပြီး သာသနာပြန့်ပွားစေရန် လုပ်ဆောင်ခဲ့ကြသည်။ 

လက်ရှိဧကရာဇ်သာလျှင် သူ၏ချစ်လှစွာသောသားသမီးများ ဆုံးပါးသွားပြီးနောက် အကြီးအကျယ်စိတ်ပြောင်းသွားခဲ့ပြီး မသေမျိုးကျင့်ကြံခြင်းကို စွဲလမ်းလာခဲ့သည်။ သူက ဘယ်ကရောက်လာမှန်းမသိသည့်ဒီတောက်ဆရာကို အခွင့်ထူးများပေးအပ်ကာ မြှောက်စားထားသည်။ တိုင်းပြည်၏ပရောဟိတ်ဟုပင် အပ်နှင်းထားခဲ့ပြီး ရံဖန်ရံခါ တိုင်းရေးပြည်ရေးများကို ဤပရောဟိတ်အား အာရုံခံဟောခိုင်းလေ့ရှိပေသည်။ ပေါပေါပဲပဲပင်။

ကျုဟယ့်မင်က အသံတိုးတိုးဖြင့် သတိပေးသည် စကားတွေကို သတိထား..

ကျုယန့်ထင်က မျက်လုံးများကိုမှေးလိုက်ပြီး ရှေ့ဘက်တွင်ထိုင်နေသာ ဧကရာဇ်ညီတော်ကျုကျိုယွမ်ကို လှမ်းကြည့်လိုက်သည်။ ထိုသူ၏အမူအရာက ပုံမှန်ဖြစ်သည်ကို မြင်လိုက်ရတော့ သူ မပြုံးဘဲမနေလိုက်နိုင်ချေ။

ကောလဟလများထွက်ပေါ်နေသည်မှာ ဤပရောဟိတ်သည် ဧကရာဇ်ညီတော်က ထောက်ခံပေးထားသည့်လူ ဖြစ်သည်ဟုပင်။ ယင်းကို အစပိုင်းတွင် ကျုယန့်ထင် မယုံခဲ့။ ဧကရာဇ်မင်းက သူ့ညီတော်ကို သတိကြီးကြီးထား၍ ဆက်ဆံတတ်သည်ကို မျက်လုံးပါသည့်လူတိုင်း မြင်နိုင်ကြသောကြောင့် ဖြစ်၏။ ညီတော်ထောက်ခံပေးထားသောလူကို ဤမျှလောက်ပစားပေးထားနိုင်ပါ့မလား။

ထိုသို့ဆိုစေ အသေအချာ ပြန်လည်စဉ်းစားကြည့်ပါက ဒီတောက်ဆရာတွင် ဧကရာဇ်ကို စကားနာခံလာစေရန် ချော့မြူနိုင်သည့်အစွမ်းရှိပေလိမ့်မည်။ ရှေးယခင်ကတည်းက ဧကရာဇ်ဖြစ်ဖူးသူတိုင်းမှာ အသက်ရှည်အနာမဲ့သည့်ဘဝကို လိုချင်ကြသူချည်းသာပင်။ ဧကရာဇ်ကို မျှော်လင့်ချက်အတုတွေမြင်နေစေသရွေ့ ထိုသူက သူလိုချင်တာ ရနေမည်ဖြစ်၏။

ကျုယန့်ထင်က အကြည့်တွေကိုလွှဲဖယ်လိုက်ပြီး ဘေးဘက်ကိုလှမ်းကြည့်လိုက်သည်။ ထိုအခါ ရှောင်းလန့်၏နက်မှောင်သောမျက်ဝန်းများဖြင့် နောက်တစ်ကြိမ်ပြန်ဆုံတွေ့သွားသည်။ သူက ပြုံးပြပြီး ခွက်ကို နောက်တစ်ခါမြှောက်ပြလိုက်ပြန်၏။

........

ဧကရာဇ်မှာ စားပွဲတွင်ထိုင်နေပြီး ပရောဟိတ်ကြီး၏ထိုင်ခုံသည် သူ၏ဘေးနား ညီတော်မင်းသား၏ရှေ့အနည်းငယ်တွင် ရှိ၏။ ဧကရာဇ်က မှူးမတ်တွေကို အားရပါးရလှမ်းကြည့်ပြီး လက်ကိုဝှေ့ယမ်းပြလိုက်သည် စားကြတော့

မိန်းမစိုးက ကျယ်လောင်စွာ အော်လိုက်၏ စားသောက်ပွဲစမယ်.....”

နန်းတော်အစေခံတွေက အငွေ့တထောင်းထောင်းဖြင့် စားစရာများကို တစ်ပန်းကန်ပြီးတစ်ပန်းကန် လာချသည်။ ဟင်းလျာများက စားချင့်စဖွယ် အရသာရှိပုံပေါ်ပေမယ့် စားဖူးသူများကတော့ ဒါကဒီလောက်ပဲဆိုတာ သိကြသည်။ ဧကရာဇ်စားသည့် စားစရာများမှလွဲ၍ နန်းတော်စားသောက်ပွဲရှိစားစရာများမှာ အခြားသူများအတွက် သာမန်မျှသာပင်။

ကျုယန့်ထင်မှာ စားချင်စိတ်မရှိ။ သူက ပဲပိစပ်ဖက်ထုပ်ကို သုံးလုတ်မျှသာစားပြီး ဧကရာဇ်ချီးမြှင့်သည့် မာလကာသေရည်ကို တစ်ခွက်မျှသာ သောက်သည်။

သုံးကြိမ်မျှ ချီးမြှင့်ပြီးသည့်အခါတွင်တော့ ဧကရာဇ်မင်းသည် သေရည်အလွန်အကျွံမူးလာပြီး  ထိုင်ခုံတွင်ပစ်ကျသွားသည်။ သူ၏တောက်ဝတ်ရုံက အပူကြောင့် ဟပြဲဖြစ်သွားကာ ဘုရင်တစ်ပါး၏ဂုဏ်သိက္ခာတွေ လုံးဝမရှိတော့ပေ။ နောက်ဆုံးတော့ လာဖြောင်းဖြသည့် အတွင်းဝန်လျှိုချုံးယန်၏အင်္ကျီကိုဆွဲကာ ရင်ဘတ်စည်တီးငိုတော့သည် 

တကယ်မလွယ်ဘူး.. တကယ်မလွယ်ပါဘူး.. မင်းတို့က ကိုယ်တော့်ကို တိုင်းပြည်အုပ်ချုပ်သူဆိုပြီး သာယာနေမယ်ထင်ကြတာ.. ကိုယ်တော့်ဒုက္ခတွေကို မင်းတို့မသိကြဘူး..

ခန်းမက ခဏလောက်တိတ်ဆိတ်သွား၏။ လျှိုချုံးယန်က ဧကရာဇ်ကို အသံတိုးတိုးဖြင့်ချော့သည်

 အရှင်မင်းကြီး ပင်ပန်းနေပါပြီ၊ ကျွန်တော်မျိုးကြီး တစ်ယောက်ယောက်ကို အိပ်ဆောင်ပြန်လိုက်ပို့ ခိုင်းလိုက်ပါ့မယ်

မပြန်ဘူး.. ကိုယ်တော်မပြန်ချင်ဘူး.. ကိုယ်တော်ပြောမှရမယ်.. တောင်ဘက်မှာ စစ်ဖြစ်နေတယ်၊ မြောက်ဘက်မှာလည်း စစ်ဖြစ်နေတယ်.. နေရာတိုင်းမှာ တိုက်ပွဲတွေနဲ့ ကပ်ဘေးတွေလည်း နေရာအနှံ့ပဲ.. မင်းတို့တွေအားလုံး ကိုယ့်တော်ကို ဆဲဆိုနေကြတာ သိတယ်.. ငတုံးဘုရင် အရည်အချင်းမရှိဘူး၊ ဘိုးဘေးတွေရဲ့တိုင်းပြည်ကို ဖျက်ဆီးနေတယ်ဆိုပြီး ပြောဆိုနေကြတာ .. ကိုယ်တော်အားလုံးသိတယ် ဒါပေမယ့် ကိုယ်တော် ဘာလုပ်နိုင်မှာလဲ.. တိုင်းပြည်ဘဏ္ဍာတိုက်ကဟောင်းလောင်း.. တစ်နှစ်ထက်တစ်နှစ် ပိုပြီးဆိုးလာတယ်.. အရှေ့နံရံကိုဖြိုပြီး အနောက်နံရံမှာဖြည့်နေရတာ.. ကိုယ်တော်မတတ်နိုင်တော့ဘူး.... မတတ်နိုင်တော့ဘူး... မင်းတို့တွေတစ်ယောက်ချင်းစီက ငါကိုယ်တော်ဘုရင်ထက်တောင်မှ ကောင်းကောင်းစားကောင်းကောင်းနေနေရတယ်.. ကိုယ်တော် မင်းတို့ကို ဘာလုပ်နိုင်မှာလဲ.. မင်းတို့ထဲကတစ်ယောက်ကို နားချနိုင်ရင်တောင် မင်းတို့အားလုံးကို နားချနိုင်မှာလား

ဧကရာဇ်က ဤကဲ့သို့ပြောလာ၏။ မည်သူက စားသောက်နိုင်ဦးမည်နည်း။ သူတို့က တူတွေကိုချပြီး ခေါင်းတွေငုံ့ထားလိုက်ကြသည်။ 

ဧကရာဇ်မှာ လက်အောက်ငယ်သားများ၏ နေရခက်နေပုံကို သတိပြုမိပုံမရပေ။ မျက်နှာကိုပွတ်ကာ ဆက်ငိုသည် 

မင်းတို့က ကိုယ်တော့်ကို ဒီအရံနန်းတော်ကို အတင်းပြုပြင်ချင်နေတယ်ဆိုပြီး မြင်နေကြတာ၊ စည်းစိမ်ရစ်ပြီး ရေးကြီးခွင်ကျယ်လုပ်တယ်လို့ ပြောဆိုနေကြတယ်.. ဒါပေမယ့် ကိုယ်တော် ဘာလုပ်နိုင်မှာလဲ.. ထိုက်ဇူဧကရာဇ်က အမိန့်ပြန်တမ်းမှာ မိန့်မှာခဲ့တယ်.. နောက်လာနောက်သားတွေ ဒီနန်းတော်ကို ကောင်းကောင်းစောင့်ရှောက်ရမယ်တဲ့.. ကိုယ်တော်က ထိုက်ဇူဧကရာဇ်ရဲ့ဆန္ဒကို မလိုက်နာဘဲနေရမလား.. ကိုယ်တော့်သွားက ငွေကိုခွာပြီးတောင် ဒီနေရာကိုပြုပြင်ရဦးမှာပဲ.. မဟုတ်ရင် ကိုယ်တော်သေသွားပြီးတဲ့အခါကျ ဘိုးဘေးတွေနဲ့ ထိုက်ဇူဧကရာဇ်ကို ဘယ်လိုမျက်နှာပြရတော့မလဲ … ကိုယ်တော်က မင်းတို့ကို နည်းနည်းလောက်မျှဝေပေးဖို့ပဲ တောင်းဆိုတာပါ၊ ဒါပေမယ့် မင်းတို့အားလုံးက ကိုယ့်တော်နောက်ကျောကိုပဲ လက်ညှိုးထိုးပြီး ဆူဆဲကြတယ်.. မင်းတို့ဝဋ်လည်မယ်.. မင်းတို့ဝဋ်လည်မယ်

ယခုတော့ မှူးမတ်တွေမှာ ဒူးထောက်ပြီး ခွင့်လွှတ်ဖို့တောင်းခံရုံမှတပါး အခြားမရှိတော့ပေ ကျွန်တော်မျိုးတို့ အပြစ်ရှိပါတယ်

မင်း.. မင်း ပြီးတော့ မင်း ဧကရာဇ်က လူသုံးလေးယောက်ကို ကျပန်းအော်ခေါ်လိုက်ပြီး မျက်ရည်များကျလာပြန်၏ 

မင်းတို့အယောက်တိုင်း နေရတာ ကိုယ်တော့်ထက်သာတယ်.. နေ့တိုင်းအိမ်မှာ ဆည်းလည်းတွေသာယာပြီး စည်းစိမ်ခံစားနေကြတာ ကိုယ်တော် မသိဘူးများထင်လား.. ကိုယ်တော် မင်းတို့ကို မပြောရင်.. မင်းတို့က ကိုယ်တော့်ကို နားလည်.. နားလည်ပေးကြမှာလား

လက်ညှိုးအထိုးခံလိုက်ရသည့် လူအချို့က ကံမကောင်းအကြောင်းမလှစွာ သက်ပြင်းကို တိတ်တိတ်လေးချလိုက်ကြ၏။ သူတို့ခေါင်းတွေကိုငုံ့ပြီး ထပ်ခါတလဲလဲ အပြစ်ဝန်ခံနေကြသည်။

ကျုယန့်ထင်က ကြမ်းပြင်ပေါ်တွင်ဒူးထောက်နေရပြီး စိတ်ထဲမချမ်းသာပေ။ ယနေ့စားသောက်ပွဲတွင် မှူးမတ်စစ်သူကြီးများသာမက သူတို့ဆွေတော်မျိုးတော်များပါ ပါဝင်၏။ ဧကရာဇ်က တမင်တကာပင် သူတို့ကို လက်ညှိုးတည့်တည့်ထိုးကာ သစ္စာမရှိ မသိတတ် တည်ထောင်သူဧကရာဇ်၏ဆန္ဒကို လျစ်လျူရှုသည်ဟု ပြစ်တင်ကြမ်းမောင်းခဲ့သည်။

ထိုက်ဇူဧကရာဇ်သည် ကွယ်လွန်ချိန်အထိ ဤနန်းတော်ကို စိတ်မပြတ်နိုင်ခဲ့ပေ။ အကြောင်းရင်းမှာ မိဖုရားခေါင်ကြီးသည် သူ၏နောက်ဆုံး အသည်းအသန်ဖြစ်ခဲ့သောအချိန်များအား ဤနေရာ၌ ကုန်ဆုံးခဲ့ပြီး ဤနေရာတွင်ပင် ကံကုန်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် ဤနေရာတွင်  ထိုက်ဇူဧကရာဇ်ကိုယ်တိုင် မိဖုရားခေါင်ကြီးအတွက် စိုက်ပျိုးထားသည့် သလဲသီးဥယျာဉ်လည်း ရှိသည်။ ဧကရာဇ်သည် ဧကရီအပေါ်တွင် များစွာချစ်ခင်မြတ်နိုးခဲ့သည်။

နှစ်ပေါင်းရာချီကြာသွားပြီးမှာတော့ ဒီရည်ရွယ်ချက်တွေကိုမှတ်မိသူမှာ ကနဦး အနည်းငယ်မျှရှိသေး၏။ နောက်ပိုင်းမှာတော့ ဧကရာဇ်တွေက အရံနန်းဆောင်တွေကို အပျော်သဘောဖြင့်သာ ပြင်ဆင်ခဲ့ကြသည်။ 

ဧကရာဇ်မင်းက စကားကိုလေကြီးလေကျယ်ပြောခဲ့ပေမယ့် သူက ထိုက်ဇူဧကရာဇ်ကိုယ်တိုင် မိန့်ကြားခဲ့သည့် တိုင်းပြည်က တရားဓမ္မကိုလေးစားသင့်တယ် ” ဆိုတာကို လုံးဝဥဿုံမေ့လျော့သွားခဲ့သည်။

နောက်ဆုံးအရင်းစစ်လိုက်သည့်အခါတွင်တော့ ဧကရာဇ်က သူ၏လက်အောက်ငယ်သားများကို ငွေညှစ်ရန် အကြောင်းရှာခြင်းသာဖြစ်သည်။ ဒီလိုရင်နာစရာစကားတွေ ထွက်လာသည်နှင့် တပြိုင်နက် သူတို့တွေ ပြန်သွားသည့်အခါတွင် နောက်တစ်ခါ ငွေလှူသွားရမည်ဖြစ်သည်။

လူအားလုံးက ကောင်းကောင်းနားလည်ကြသည်။ ဒါပေမယ့် သူတို့က ဧကရာဇ်ကို အလိုက်အထိုက်နေပေးဖို့သာ တတ်နိုင်သည်။ 

ခန်းမထဲ ဧကရာဇ်၏ ငိုကြွေးသံတွေကို ပြတ်တောင်းပြတ်တောင်းကြားနေရပြီး ခဏအကြာမှာတော့ ပရောဟိတ်ဆီက အသံထွက်လာ၏  အရှင်မင်းကြီး မူးနေပါပြီလား

တရွှတ်ရွှတ်ငိုကြွေးနေသာဧကရာဇ်မှာ ရုတ်တရက် သတ္တိတွေပျောက်ဆုံးသွားသလိုပင်။ သူက လျှိုချုံးယန်၏အင်္ကျီလက်ကိုလွှတ်လိုက်ပြီး ထိုင်ခုံပေါ်မှာပြန်မှီလိုက်သည်။ ပရောဟိတ်က အစေခံတွေကို အကြည့်တစ်ချက်ပေးလိုက်ပြီး နောက်ဆုံးတော့ ဧကရာဇ်ကို အိပ်ဆောင်သို့ပြန်သွားရန် ကူညီပေးခဲ့သည်။

အိမ်ရှင်ထွက်သွားသောအခါ မူလတိတ်ဆိတ်နေသောခန်းမကြီးက တဖန်အုံးအုံးထလာသည်။ တချို့က ခပ်တိုးတိုးကြိတ်စောဒကတက်နေကြပြီး တစ်ချို့က မကျေမနပ်ရေရွတ်နေကြသည်။ မည်သူမျှ စားသောက်ပွဲတွင် စိတ်မရှိတော့ဘဲ အချိန်ကျလာသောအခါတွင် လူစုခွဲသွားကြသည်။

ကျုယန့်ထင်က ကျုဟယ့်မင်နောက်က လိုက်လာသည်။ နှစ်ဦးက ခြံဝင်းထဲမှ ခပ်ဖြည်းဖြည်းလမ်းလျှောက်ထွက်လာကြသည်။ ညဉ့်အချိန်တွင် ခြံဝင်းမှာ ကောင်းကင်ပေါ်တွင် ထိန်လင်းနေပြီး မြေပြင်တွင် အမွေးနံ့သာများဖြင့် ဖုံးလွှမ်းနေသည်။ တောက်ပနေသောသစ်ပင်များ၊ ဝေဆာနေသာပန်းပင်များ၊ ရွှေရောင်ပြတင်းပေါက်များနှင့် ကျောက်စိမ်းတံခါးခွင်များ နေရာအနှံ့ပင်။ 

ကျုဟယ့်မင်က ခုံးတံတားပေါ်တွင် ရပ်လိုက်ပြီး အဝေးက နန်းဆောင်ကြီးနှင့် ခမ်းနားထည်ဝါသောဗိမာန်ကြီးကို ကြည့်လိုက်သည်။ သူ့မျက်လုံးမှာတော့ မှိန်ဖျော့ဖျော့မီးတောက်တစ်ခုက ထင်ဟပ်နေ၏။ 

ကျုယန့်ထင်က တစ်ချက်လှောင်လိုက်ပြီး ဘုရင်အိုကြီးကတော့ တကယ့်ကို လုပ်ချင်တာလုပ်နေတာ၊ ဒီနန်းဆောင်ကို ကျင်ရွေ့မင်းဆက်လက်ထက်က ထုံးတမ်းအစဉ်အလာတွေနဲ့အညီ ပြုပြင်တယ်လို့ကြားတယ်.. ကိုယ်တိုင်က မွဲတေနေပြီး ဝမရှိဘဲ ဝိလုပ်ဖို့ အိပ်မက်မက်နေတယ်

ကျုဟယ့်မင်က နှုတ်ခမ်းတွေကိုမဲ့လိုက်ပြီးမှာ ဘာမှတ်ချက်မပေးချေ သွားရအောင်

အရံနန်းဆောင်ကထွက်လာကြတော့ ကျုယန့်ထင်က သူ့ခြေလှမ်းတွေကိုရပ်လိုက်ပြီး သူ့အကြည့်တွေက ခပ်လှမ်းလှမ်းအရှေ့တစ်နေရာဆီ ရောက်သွားသည်။ ထိုနေရာတွင် ချန်နယ်စားအိမ်တော်၏မြင်းလှည်းရှိပြီး ရှောင်းညီအစ်ကိုနှစ်ယောက်က မြင်းလှည်းဘေးတွင်ရပ်နေကာ ဘာတွေပြောနေလဲ မသိပေ။

ကျုဟယ့်မင်က သိပ်အကြာကြီးမလုပ်နဲ့ လို့ပြောထားခဲ့ပြီး မြင်းလှည်းထဲကို အရင်ဝင်သွားသည်။

ကျုယန့်ထင်က ရှေ့ဘက်သို့လျှောက်သွား၏။

ရှောင်းလူကြီးမင်းက မူးနေတာလား

အသံကိုကြားတော့ ရှောင်းရုန်က ရှောင်းလန့်ကိုကူတွဲထားရင်း လှည့်ကြည့်လိုက်သည်။

သူက ကျုယန့်ထင်ကိုမြင်တော့ အနည်းငယ်အံ့သြသွားသည် ဟုတ်တယ်.. အစ်ကိုနှစ် ဘယ်လောက်ခွက်တောင် သောက်လိုက်လဲမသိဘူး၊ ဘယ်လိုမူးသွားလဲ ကျွန်တော်တောင် သတိမထားမိလိုက်ဘူး…”

ရှောင်းလန့်က သူ့မျက်လုံးတွေကို မော့ကြည့်လာသည်။ အနှီသူက မူးနေပုံမပေါ်ပေ။ အသားအရည်က ပုံမှန်အတိုင်းဖြစ်ပြီး မျက်လုံးတွေကသာ အနည်းငယ်ညှို့မှိုင်းနေသည်။ သူက ကျုယန့်ထင်ကို ခဏလောက်ကြည့်ပြီး နားမလည်နိုင်သည့်ခံစားချက်တွေနှင့် သူ့မျက်လုံးတွေထဲ ရဲရဲနီလာသည်။

ကျုယန့်ထင်က သူ့ကို တိုးတိုးလေးခေါ်လိုက်သည် ရှောင်းလူကြီးမင်း အဆင်ပြေရဲ့လား

ရှောင်းလန့်က မျက်လုံးတွေကို အသာပိတ်လိုက်သည်။ နောက်တစ်ခါပြန်ဖွင့်လာသောအခါတွင်မူ သူ့မျက်လုံးတွေက ပြန်လည်တည်ငြိမ်သွားပြီဖြစ်ကာ ခပ်အက်အက်အသံဖြင့် ပြောလာသည် သခင်လေး စိတ်ပူနေပါပြီ.. ကိုယ်ဘာမှမဖြစ်ပါဘူး

ကျုယန့်ထင်က သူ့ခါးမှာချိတ်ထားသည့် အိတ်ကိုဖြုတ်ပြီး လှမ်းပေးလိုက်သည် ဒီထဲမှာ သစ်နံကိုင်းရယ်၊ ပန်းခြောက်ရယ်၊ ပိုင်ကျီနဲ့ ဖေ့လန်တွေကို ရောထားတယ်၊ စိတ်ကိုကြည်လင်လန်းဆန်းစေတယ်၊ မသက်မသာဖြစ်နေရင် နည်းနည်းလောက်အနံ့ရှူပေးလိုက်ရင် ကောင်းသွားပါလိမ့်မယ်

ရှောင်းလန့်က ကျုယန့်ထင်လက်ထဲ ကိုင်ထားတဲ့အိတ်ကို ကြည့်လိုက်ကာ ခဏရပ်သွားပြီးမှ လက်ကိုဆန့်ကာ လှမ်းယူလိုက်သည် ကျေးဇူးပါပဲ

ကျုယန့်ထင်က ပြုံးလိုက်သည် ရပါတယ်”

မြင်းလှည်းက ဖြည်းဖြည်းချင်း သွားနေ၏။ 

ရှောင်းရုန်က ပြတင်းပေါက်ကိုမှီရင်း သူတို့ကိုကြည့်နေရင်းရပ်ကျန်ခဲ့သော ကျုယန့်ထင်ဆီ ကြည့်လိုက်ကာ အသံတိုးတိုးနှင့် ပြောလိုက်သည် 

ဒီမင်းသားဟွိုင်အိမ်တော်က သခင်လေးကတော့ အရမ်းသဘောကောင်းတာပဲ၊ ကိုယ့်အမွှေးအိတ်ကိုတောင် အစ်ကို့ကို ပေးလိုက်သေးတယ်

ရှောင်းလန့်က အမွှေးအိတ်ပေါ်မှ ရွှေချည်ထိုးကင်းမြီးကောက်ပုံစံကို ပွတ်သပ်နေရင်း အချိန်အကြာကြီး စကားတစ်ခွန်းမှ မဟခဲ့ပေ။

........