(6)
(T/N ဒီအခန်းရဲ့ခေါင်းစဥ်က... ‘ကြွေကျလာသောပန်းများမှာ အချစ်ကိုတမ်းတနေသော်လည်း အသဲနှလုံးမရှိသည့် စမ်းချောင်းသည် လှိုင်းထနေ၏’ လို့အဓိပ္ပါယ်ရတယ်)
နောက်တစ်နေ့ နဂါးလှေပွဲတော်ပထမရက်တွင် ဧကရာဇ်သည် ပရိတ်သတ်ဗိုလ်ပါအပေါင်းနှင့်အတူ ပေဟိုင်ရှိ ထိုက်ယဲ့ရေကန်သို့ သွားရောက်ကာ လှေပြိုင်ပွဲကိုကြည့်ရှုခဲ့သည်။
နေဝင်ချိန်တွင် ရေကန်မှာ လူများနှင့်ပြည့်နေ၏။
ညနေခင်းဆည်းဆာနှင့် မျှော်စင်အရိပ်များက ကန်ရေပြင်တွင် ရောင်ပြန်ဟပ်နေသည်။ အဝေးကတောင်တန်းများကြောင့် ရေပြင်က ညှို့မှိုင်းဝေဆိုင်းနေ၏။
ဤအခြေအနေနှင့် ဤမြင်ကွင်းမှာ ရှားပါးလွန်းသဖြင့် အမြဲပျင်းရိနေတတ်သော ဧကရာဇ်မင်းမှာ ရှားတောင့်ရှားခဲ တက်ကြွနေသည်။ သူ၏အုပ်ချုပ်မှုအောက်တွင် ခေတ်မှာ သာယာဝပြောနေကဲ့သို့ပင်။ နေရာတိုင်း ဆူညံပွက်လောရိုက်နေပြီး သူ့ကိုပျော်ရွှင်အောင်လုပ်နေ၏။ သူက အချိန်တိုင်း လက်ခုပ်တီးကာ ရယ်မောနေပြီး အဆက်မပြတ် ဆုချနေသည်။
ကျုယန့်ထင်က မုန့်ကို နှစ်ကိုက်ကိုက်၊ လက်ဖက်ရည်တစ်ဝက်သောက်လိုက်ပြီး ထိုင်ရာမှထသည်။
ကျုဟယ့်မင်က သူ့ကိုကြည့်လိုက်ကာ “မင်း ဘယ်သွားမလို့လဲ”
“ဒီနေရာမှာ ဘာစိတ်ဝင်စားစရာမှ မရှိဘူး၊ ကျွန်တော် လမ်းလျှောက်ထွက်မလို့”
“လူတွေခေါ်သွား.. အဝေးကြီးမသွားနဲ့”
ကျုယန့်ထင်က ခေါင်းညိတ်ပြပြီး လူအုပ်ထဲမှထွက်သွားကာ ရှုခင်းကြည့်စင်ပေါ်မှ ဆင်းသွားသည်။
ရေကန်စပ်မှာ လမ်းလျှောက်နေတဲ့အခါ ဆူညံသံတွေက တဖြည်းဖြည်းအဝေးမှာကျန်ခဲ့သည်။ နွေရာသီက တိတ်ဆိတ်နေပြီး လေတိုက်သံတွေသာ ရံဖန်ရံခါ နားထဲမှာကြားနေရသည်။ ကျုယန့်ထင်က ခြေလှမ်းတွေကိုရပ်ပြီး အရှေ့ကိုမျှော်ကြည့်လိုက်သည်။ သူ့အကြည့်က တစ်နေရာကိုရောက်သွားတဲ့အခါ ရပ်သွားသည်။
အားချင်းက သူ့အကြည့်နောက်ကို လိုက်ကြည့်ပြီး ဝေခွဲမရဖြစ်သွားရ၏။ ပြီးမှ ရှေ့နားက အဆောင်မြင့်မြင့်လေးထဲ ရှောင်းမိသားစုဒုတိယသခင်လေး တစ်ယောက်တည်း အခါးရည်သောက်နေတာကို လှမ်းတွေ့လိုက်သည်။ ပုံစံကို လှမ်းမြင်ရသလောက်တော့ အနည်းငယ်အထီးကျန်နေပုံရသည်။
ကျုယန့်ထင်က အကြာကြီးကြည့်နေခဲ့ပြီးမှ ရှေ့ကိုဆက်လျှောက်သွားသည်။
ခြေသံတွေကြားသည့်အခါ ရှောင်းလန့်က ဘေးကိုအသာငဲ့ကြည့်လာသည်။ ရောက်လာသည့်လူကိုမြင်လိုက်တော့ သူကလန့်သွားသည်။
ကျုယန့်ထင်က အပြုံးဖြင့် “ရှောင်းလူကြီးမင်း … ကျွန်တော်ဒီမှာထိုင်လို့ရမလား”
ရှောင်းလန့်၏အာရုံတွေ ပြန်ရောက်လာပြီး အသာခေါင်းညိတ်ပြလိုက်သည်။ ကျုယန့်ထင်က သူ့ဘေးမှာဝင်ထိုင်သည်။ ရှောင်းလန့်က သူ့အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်၏။
ကျုယန့်ထင်က ရှောင်းလန့်၏ ရှင်းလင်းသော မျက်နှာဘေးတိုက်ကောက်ကြောင်းကို တစ်ချက်ကြည့်ပြီး နှုတ်ခမ်းတွေ အသာမြင့်တက်သွားရင်း
“ရှောင်းလူကြီးမင်းက ရှုခင်းကြည့်စင်သွားပြီး ဧကရာဇ်ကို အဖော်မလုပ်ဘဲ ဘာလို့ တစ်ယောက်တည်း ဒီမှာလာပုန်းနေတာလဲ”
ရှောင်းလန့်က ရှေ့ကိုစိုက်ကြည့်ရင်းမှ အသံတိုးတိုးဖြင့် ပြန်ဖြေသည် “အရှေ့က မြင်ကွင်းကိုကြည့်ပါဦး.. ရှုခင်းကြည့်စင်ကမြင်ကွင်းထက် အများကြီးပိုကောင်းတယ် မဟုတ်ဘူးလား”
ကျုယန့်ထင်က အရှေ့ကိုမော့ကြည့်လိုက်သည်။ နောက်ဆုံးတော့ ဆူညံသံတွေ မရှိတော့ပေ။ ရေကန်နှင့် တောင်တန်းများ၏ ရှုခင်းမှာ မြူခိုးများကြားတွင် ပုန်းကွယ်နေပြီး ဤနေရာက လောကကမ္ဘာမှ အတော်လေးကွာဝေးကာ သီးခြားဖြစ်နေခဲ့သလိုပင်။
ကျုယန့်ထင်က ရယ်ကာမောကာပြောလိုက်သည် “တကယ်ကောင်းတယ်.. ရှောင်းလူကြီးမင်းက နေရာကောင်းကို ရွေးထားတာပဲ.. သခင်လေးရှောင်းရုန်ကတော့ ရှောင်းလူကြီးမင်းကို လက်မှုပညာသင်ယူရတာပဲ ကြိုက်တာဆိုပြီးပြောတယ်.. လက်စသတ်တော့ လူကြီးမင်း ခင်ဗျားက ဒီလိုမျိုးအားလပ်ချိန်ကို ခံစားတတ်တာလား”
ရှောင်းလန့်က ပြန်မဖြေပေ။ သူက အဝေးကိုစိုက်ကြည့်နေသည်။ သူ့မျက်လုံးထဲ အထီးကျန်မှုအရိပ်အယောင်တွေ ရှိနေ၏။
ကျုယန့်ထင်က မျက်လွှာကိုအောက်ချကာ အမည်တပ်ရခက်သည့်အပြုံးမျိုးဖြင့် လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။
နှစ်ဦးသားက အချိန်အတော်ကြာ ငြိမ်သက်စွာ ထိုင်နေခဲ့ကြ၏။
မိုးကြိုးတစ်ချက် ပစ်ချပြီးနောက်တွင် မိုးကရွာလာသည်။
အဆောင်တံဆက်မြိတ်မှ မိုးရေစက်တွေကျလာပြီး မိုးရေတန်းတွေဖြစ်လာကာ နားနေဆောင်အတွင်းနှင့်အပြင်ကို နေရာနှစ်ခုအဖြစ် ခွဲခြားလိုက်လေသည်။
ကျုယန့်ထင်က ညည်းညူလိုက်သည် “ရာသီဥတုက အစကအကောင်းပါ၊ ဘာဖြစ်လို့ ပြောရင်းဆိုရင်း မိုးကရွာချရတာလဲ”
လေထုထဲတွင် စိုစွတ်စွတ်ဖြင့် သစ်ပင်ပန်းမာန်များ၏ ရနံ့ဖျော့ဖျော့များပါ ရောယှက်နေသည်။ ရှောင်းလန့်၏အမူအရာက အနည်ငယ်လှုပ်သွားပြီး နောက်ဆုံးတော့ သူက ကျုယန့်ထင်ရှိရာကို ခေါင်းလှည့်လာသည် “မင်း မပြန်သေးဘူးလား”
ကျုယန့်ထင်က မျက်တောင်တွေကိုခတ်ပြီး သူ့ကို အပြုံးလေးနဲ့ကြည့်သည် “ကျွန်တော့်မှာ ထီးမပါလာဘူး”
ရှောင်းလန့်က သူ့ခြေထောက်အောက်မှာချထားသည့်ထီးကို ယူပေးလိုက်ရင်း “ဒါယူသွားလိုက်ပါ”
ကျုယန့်ထင်က ယူဖို့ငြင်းသည် “ရှောင်းလူကြီးမင်းက အဖော်လည်းမခေါ်လာဘူး၊ ထီးကို ကျွန်တော့်ဆီပေးလိုက်တော့ မိုးရေထဲမှာ လမ်းလျှောက်ပြန်မလို့လား”
“မိုးတိတ်မှ ပြန်လိုက်မယ်”
ကျုယန့်ထင်က ပြုံးကာ “ဒါဆို ကျွန်တော်လည်း မိုးတိတ်တာကိုပဲ စောင့်လိုက်တော့မယ်”
ခဏတာရပ်သွားပြီးမှ ရှောင်းလန့်က ထီးကိုပြန်ယူလိုက်ရင်း ခပ်အေးအေးပြော၏ “မိုးက မကြာခင် တိတ်သွားမှာပါ”
သူ့စကား အမှန်ပင်။ နွေရာသီမိုးက ခပ်မြန်မြန်ရောက်လာပြီး ခပ်မြန်မြန်ပြန်ထွက်သွားသည်။ တစ်ခဏအတွင်း တိမ်တွေလွင့်စင်သွားပြီး မိုးတွေစဲသွားသည်။ ကောင်းကင်က နောက်တစ်ခါ ကြည်လင်သာယာလာသည်။
ကျုယန့်ထင်က လက်ဖက်ရည်ခွက်ကိုချပြီး နှုတ်ခမ်းများကို ကိုက်လိုက်ကာ “တစ်ချိန်လုံး လက်ဖက်ရည်ချည်းသောက်နေရတာ ပျော်ဖို့မကောင်းဘူး၊ သေရည်တစ်အိုးလောက် ယူလာခိုင်းလိုက်ရင် ဘယ်လိုလဲ၊ ရှောင်းလူကြီးမင်းနဲ့ ကျွန်တော်နဲ့ နှစ်ခွက်လောက် သောက်ကြတာပေါ့“
ရှောင်းလန့်က သူ့ကို ကြည့်ပြီး “သခင်လေး.. မနေ့က နန်းတွင်းစားသောက်ပွဲမှာ… သောက်တာ မလုံလောက်သေးဘူးလား”
အချင်းချင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ကျုယန့်ထင်က စောဒကတက်၏ “ကျွန်တော်က မနေ့က သစ်သီးသေရည်ပဲသောက်တာပါ၊ ဘယ်လောက်သောက်သောက် ဘာမှမဖြစ်ပါဘူး.. ပြီးတော့ အရှင်မင်းကြီးချီးမြှင့်တဲ့ မာလကာသေရည်ကို တစ်ခွက်ပဲသောက်ခဲ့တယ်၊.. ဒါပေမယ့် ခင်ဗျားကတော့ ဝမ်းနည်းစရာတွေ သေရည်နဲ့မျှောချနေတာ နောက်ပိုင်းအတော်မူးသွားပြီး သခင်လေးရှောင်ရုန်တောင်မှ ကူညီပေးရတယ်လေ.. မမှတ်မိတော့ဘူးလား”
မနေ့ညက အဖြစ်အပျက်တွေကို ပြန်ခေါ်မိတော့ ရှောင်းလန့်၏မျက်လုံးတွေ အနည်းငယ်လှုပ်ရှားသွား၏ “ကျေးဇူးတင်ပါတယ်”
“နံ့သာအိတ်ကိုပြောတာလား၊ မနေ့ညက ကျွန်တော့်ကို ပြောပြီးပါပြီ၊ ခင်ဗျား အိမ်ပြန်သွားတော့ ခေါင်းကိုက်သေးလား၊ ညဘက်ရော ကောင်းကောင်းအိပ်ရရဲ့လား”
ကျုယန့်ထင်က ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်ပင် မေး၏။ သူ့စိုးရိမ်နေပုံက သိသာသည်။
ရှောင်းလန့်က ခေါင်းညိတ်ပြလိုက်ပြီး “နေကောင်းပါတယ်.. သခင်လေးစိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“နောက်ထပ် ကျေးဇူးစကားမလိုပါဘူးဆို” ကျုယန့်ထင်က သက်ပြင်းအသာချလိုက်ပြီး “ရှောင်းလူကြီးမင်း ခင်ဗျား ကျွန်တော်နဲ့ နှစ်ခွက်လောက် အဖော်ပြုပေးချင်လား”
ရှောင်းလန့်က နောက်ထပ်မငြင်းတော့ပေ။
ကျုယန့်ထင်က အားချင်းကို သေရည်သွားယူခိုင်းလိုက်သည်။ လက်ဖက်ရည်ခွက်တွေနေရာမှာ သေရည်ခွက်တွေ ဖြစ်သွားသည်။ အိုးထဲကထွက်လာသည့်သေရည်က ကြည်လင်သောအရောင်အဆင်းနှင့် မွှေးပျံ့နေသည်။
ကျုယန့်ထင်က ခွက်ကိုမြှောက်လိုက်သည်။ သူ့မျက်ဝန်းတွေက ပြုံးနေသည်။ ရှောင်းလန့်က သူ့ကိုကြည့်ပြီး ရပ်သွားပြီးမှ ခွက်ကိုမြှောက်ကာ အတူသောက်လိုက်ကြ၏။
အိုးတစ်ဝက်ခန့်ကျသွားချိန်၌မူ ရှောင်းလန့်၏ တင်းမာသောမျက်ခုံးတွေက တဖြည်းဖြည်းပြေလျော့ကျလာသည်။ သို့ပါသော်လည်း သူ့မျက်ဝန်းထဲကဝမ်းနည်းမှုတွေက ဆထက်တံပိုး ပိုတိုးလာသည်။
သူ နောက်တစ်ခွက် ထပ်ငှဲ့တော့မှာကိုမြင်တော့ ကျုယန့်ထင်က အိုးကိုကိုင်လိုက်ကာ အသံတိုးတိုးဖြင့် နှစ်သိမ့်လိုက်သည် “ကျွန်တော်တို့ နှစ်ခွက်လို့ပြောထားတယ်လေ.. နောက်ထပ်ထပ်မသောက်နဲ့တော့”
ရှောင်းလန့်က မော့ကြည့်လာပါ၏။ သူ၏အနက်ရောင်မျက်ဝန်းတွေက ကျုယန့်ထင်ကိုကြည့်နေသည်။
ကျုယန့်ထင်က သူ့ကို ပြုံးပြလိုက်သည် “ထပ်သောက်ရင် ထပ်မူးတော့မှာ၊ ကျွန်တော့်ကို ပြန်ပို့ခိုင်းမှာတော့ မဟုတ်ဘူးမလား”
“မပို့ခိုင်းပါဘူး” ရှောင်းလန့်၏အသံများက အက်ကွဲနေ၏။ စိတ်ဓါတ်ကျနေသကဲ့သို့ပင်။ သူက ကျုယန့်ထင်၏စနောက်မှုကို အတည်မယူပေ။
တစ်ယောက်ကိုတစ်ယောက် ခဏလောက် ငြိမ်သက်စွာကြည့်နေပြီးမှာတော့ ကျုယန့်ထင်က သေရည်အိုးကို လွှတ်ပေးလိုက်သည်။
ရှောင်းလန့် သေရည်အိုးကို ပါးစပ်နားတေ့လိုက်သည်ကိုမြင်ရသည့်အခါ ကျုယန့်ထင်က သူ့ကို မရဲတရဲမေးလိုက်သည် “ခင်ဗျားစိတ်ထဲ… တစ်ခုခုရှိနေလို့လား… အဲ့ဒါ.. လျှိုမိသားစုကတစ်ယောက် ကြောင့်လား”
ရှောင်းလန့်က အံ့အားသင့်သွားသည်။ သူ့မျက်ဝန်းတွေက မှိန်ကျသွားသည်။
ကျုယန့်ထင်က သက်ပြင်းချလိုက်ရင်း “တကယ်ပဲကိုး..”
ရှောင်းလန့်က သေရည်ခွက်ကိုချပြီး အတော်ကြာတိတ်ဆိတ်နေခဲ့ပြီးမှ လေသံမျှသာရှိသည့်အသံဖြင့်ပြောလာသည်
“သူနဲ့ကိုယ်နဲ့.. ကိုယ်တို့နှစ်ယောက်က မမွေးခင်ကတည်းက စေ့စပ်ထားခဲ့တာ၊ ဒီနှစ်မကုန်ခင်လက်ထပ်ကြတော့မှာ၊ အခု သူ့မိသားစုမှာ ကိစ္စတွေဖြစ်သွားတယ်.. ရှောင်းမိသားစုကြောင့် အစဖြစ်ရတာဆိုပေမယ့် ဘာမှမလုပ်ပေးလိုက်နိုင်ဘူး၊ သူ့အဖေက ခေါင်းဖြတ်ခံရပြီး တစ်မိသားစုလုံး နယ်နှင်ခံရတယ်၊ ဒါပေမယ့် ကိုယ်က အလုပ်ကြောင့် အပြင်မှာ ဘာမှမသိဘူး၊ ပြီးခဲ့တဲ့ရက် မြို့တော် ပြန်ရောက်လာတော့မှ သတင်းကြားရတယ်”
ကျုယန့်ထင်က သူ့ကို အသာနှစ်သိမ့်ပေးသည် “ကံကောင်းလို့ သူ့အသက်ကို ကာကွယ်လိုက်နိုင်လို့.. လူက အသက်ရှင်နေပါသေးတယ်.. နောက်ပိုင်း ပြန်တွေ့မယ့်အချိန်တွေ ရောက်လာဦးမှာပါ”
“...... ချန်နယ်စားအိမ်တော်က လျှိုမိသားစုအပေါ်မှာ အကြွေးတင်သွားပြီ”
“အဲ့လိုပြောလို့ ဘယ်ရမလဲ” ကျုယန့်ထင်က ရှောင်းလန့်၏စကားကိုသဘောမတူပေ
“အုပ်ချုပ်ရေးမှူးလျှိုက လောဘကြီးတာ အမှန်ပဲ၊ သူက မတရားခံရတာမှမဟုတ်တာ၊ အနောက်မြောက်ဘက် စစ်ပွဲရှုံးတာနဲ့ တိုက်ဆိုင်သွားလို့ အရှင်မင်းကြီးနှင့်နန်းတွင်းက သူ့ကို ဓါးစာခံလုပ်လိုက်ကြတာ၊ ရှောင်းမိသားစုနဲ့ဘာမှမဆိုင်ဘူး..”
ရှောင်းလန့်က ခေါင်းယမ်းလိုက်ပြီး “တကယ်လို့… ကိုယ်သာ အဲ့ဒိနေ့က မြို့တော်မှာရှိခဲ့ရင်…”
သူသည် မူလက ပြည်သူ့ရေးရာရုံးတော် ပြုပြင်ရေးဌာန၏အကြီးအကဲဖြစ်ပြီး ပေဟိုင်နန်းတော်ပြုပြင်ခြင်းတွင် တာဝန်ယူကြီးကြပ်နေခဲ့ရသည်။ သို့သော် လွန်ခဲ့သည့်လအနည်းငယ်က အထက်အမိန့်ဖြင့် မြို့တော်ရေဌာနသို့ ပြောင်းရွေ့လိုက်ရပြီး မြစ်ကြောင်းတစ်လျှောက် စစ်တမ်းကောက်ယူရန် မြို့တော်ကနေ စေလွှတ်ခံခဲ့ရသည်။ ဒီအတောအတွင်း ဖြစ်ပျက်သမျှကို လွန်ခဲ့သည့်နှစ်ရက် သူပြန်မရောက်ခင်အထိ မသိရှိခဲ့ပေ။
သူ့မိသားစုက အပြင်မှာ တစ်ခုခုဖြစ်မှာစိုးရိမ်ပြီး သူ့ကို အကျိုးအကြောင်းမပြောခဲ့ကြ။ ဒါပေမယ့် ရှောင်းလန့် ပြန်မတွေးဘဲနေဖို့ခက်ပါသည်။ တကယ်လို့ သူသာ မြို့တော်မှာရှိနေခဲ့ရင် ပြောင်းလဲချင် ပြောင်းလဲသွားနိုင်သည်။
တကယ်တမ်း အခုမှလာပြောပြီး ဘာမှလုပ်မရတော့။ အားလုံးက အချည်းနှီးပါပင်။
ရှောင်းလန့်က ဘာမှဆက်မပြောတော့ဘဲ အမူအရာက ပိုပိုပြီး အထီးကျန်ဆန်လာသည်။
ကျုယန့်ထင်က သေရည်ခွက်ကိုကိုင်ကာ ရှောင်းလန့်ကိုကြည့်လိုက်သည်။ သူ့မျက်လုံးထဲက ခံစားချက်တွေက ရှင်းရှင်းလင်းလင်းမြင်ရဖို့ခက်သည် “ရှောင်းလူကြီးမင်းနဲ့ လျှိုသခင်လေးက တစ်ယောက်ကိုတစ်ယောက် နက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးကြတာပဲ”
ရှောင်းလန့်၏အသံက ခါးသီးမှုတွေအပြည့်ဖြင့် ပိုလို့တောင်တိမ်ဝင်သွား၏ “သူက ကိုယ့်ကိုမယုံဘူး၊ ဘာလို့ အကူအညီလေးတောင် မတောင်းခဲ့ရတာလဲ.. ဘာလို့ .. လက်ထပ်ပွဲကို အရင်ဖျက်သိမ်းသွားတာလဲ”
ကျုယန့်ထင်က မျက်လွှာများကိုချလိုက်၏။ သူ့မျက်ဝန်းထဲက အမှောင်ရိပ်ကို ရှောင်းလန့်အား ပေးမြင်ခွင့်မပြုပေ။
နားနေဆောင်အပြင်ဘက်မှာ မိုးက ဘယ်အချိန်ကမှန်းမသိ ထပ်ရွာလာပြီး အမိုးပြားတွေနဲ့ တံဆက်မြိတ်ထောင့်စွန်းတွေကို ဆေးကြောပေးလိုက်ပြန်သည်။ ကျုယန့်ထင်က အစွန်းနားကိုလျှောက်သွားကာ မိုးရေစက်တွေအောက်မှာ သူ့လက်ကိုဆန့်ထုတ်လိုက်သည်။ သလဲသီးပွင့်ချပ်တွေက မိုးရေတွေနဲ့အတူ သူ့လက်ဖဝါးပေါ်ကို ကျလာ၏။
မိုးရေတွေနှင့်ဆေးကြောထားသည့် ပွင့်ဖတ်တွေက နူးညံ့ပြီးလှပသည်။ သို့ပေမယ့် အသာညှစ်လိုက်ရုံနဲ့ ပျက်စီးသွားရလောက်အောင် ကျိုးပဲ့လွယ်၏။
ကျုယန့်ထင်က အကြာကြီးကြည့်နေခဲ့ပြီးမှ ပြုံးလိုက်ပြီး သူ့ဘေးနားရောက်လာသည့်ရှောင်းလန့်ကို မေးလိုက်သည် “အချစ်က ဒီလိုပဲလား.. ဒီသလဲသီးပွင့်ချပ်တွေလိုမျိုး… နူးညံ့လှပပေမယ့်.. အစွမ်းကုန်ပွင့်အာပြီးရင် ချက်ချင်းညှိုးနွမ်းသွားမှာလား”
ရှောင်းလန့်၏မျက်လုံးများက သူ့လက်ဖဝါးပေါ်ရှိ ပန်းပွင့်များထံတွင် ကျရောက်နေခဲ့၏။ မျက်ဝန်းတွေ အနည်းငယ်ကျုံ့သွားရင်း သူက ပြန်မဖြေခဲ့ဘဲ “သွားရအောင်.. ရှုခင်းကြည့်စင်ကို ပြန်လိုက်ပို့ပေးမယ်” ဟုသာ ပြောခဲ့သည်။
ကျုယန့်ထင်က လက်ကိုခါလိုက်၏။ ပန်းပွင့်များမှာ ပြုတ်ကျကုန်ပြီး မြေကြီးပေါ်မှဖုန်မှုန့်များနှင့် ရောသွားသည်။
ရှောင်းလန့်က တစ်ချက်ကြည့်ပြီး ပြန်ကြည့်မလာတော့ချေ။
ကျုယန့်ထင်က အားချင်းကိုပြောလိုက်သည် “မင်းအရင်ပြန်သွားနှင့်.. အစ်ကိုတော်ကို တစ်ချက်ပြောလိုက်”
အားချင်းက နာခံလိုက်ပြီး မိုးရေထဲထွက်သွားသည်။ ရှောင်းလန့်က ထီးကိုဖွင့်ကာ တဖွဲဖွဲကျနေသောမိုးရေထဲ နှစ်ယောက်အတူ ဘေးချင်းကပ်လျှောက်သွားခဲ့ကြသည်။
တောင်တန်းနှင့်မြစ်တွေက မိုးကုပ်စက်ဝိုင်းမှာ၊
ဆည်းဆာမိုးက အိမ်ခြေထောင်ချီပေါ်မှာ။
တိတ်ဆိတ်သည့် ရေကန်ဘေးက လျှောက်လမ်းကလေးတွင် မိုးသံများကိုသာ ကျနေရသည်။
နှစ်ဦးသားက တစ်လမ်းလုံး နှုတ်ဆိတ်နေခဲ့ကြ၏။ ကျုယန့်ထင်က တစ်ချိန်လုံး ဘေးဘက်လှည့်ကြည့်နေခဲ့သည်။ သူမြင်ရတာအားလုံးက ရှောင်းလန့်၏ အေးစက်ငြိမ်သက်သည့် မျက်ခုံးတန်းများ တစ်ဖက်ခြမ်းကိုသာဖြစ်သည်။
စကားလုံးပေါင်းမြောက်မြားစွာက သူ့နှုတ်ခမ်းဝဆီကို ရောက်လာခဲ့ကြသော်ငြား အဆုံးမှာ တိတ်တခိုးသက်ပြင်းတစ်ခုအဖြစ်သာ ပြောင်းလဲသွားခဲ့သည်။
လမ်းတစ်ဝက်အရောက်တွင်မူ အားချင်းက လက်ထဲ ထီးအပိုတစ်ချောင်းကိုင်လာပြီး သူတို့ကို ရပ်စောင့်နေသည်။
ကျုယန့်ထင်က ခပ်တိုးတိုးဆိုလိုက်၏ “ရှောင်းလူကြီးမင်းကို ကျေးဇူးအများကြီးတင်ပါတယ်၊ ထီးရပြီဆိုတော့ မနှောင့်ယှက်တော့ပါဘူး”
ရှောင်းလန့်၏နှုတ်ခမ်းများ လှုပ်ခတ်သွားသည်။ သူပြန်ပြောတာကို မစောင့်ဘဲ ကျုယန့်ထင်က အားချင်းလက်ထဲကထီးကိုယူကာ အသာဦးညွှတ်ပြီး လှည့်ထွက်သွားသည်။
ရှောင်းလန့်က သူ့နောက်ကျောကို ငေးမောသောအမူအရာဖြင့် စိုက်ကြည့်ရင်း ကျန်ခဲ့၏။
မိုးက ပိုသည်းလာသည်။ မိုးတိတ်မဲ့ပုံ မမြင်တော့သောကြောင့် ဧကရာဇ်က ကံမကောင်းဟုခံစားသွားရပြီး စိတ်ဝင်စားမှုလျှော့သွားသည်။ သူက သမ်းဝေးလိုက်ရင်း ‘ကျင့်ကြံဖို့’ အတွက် ထွက်သွားခဲ့သည်။ နဂါးလှေပွဲတော်က စောစီးစွာပြီးဆုံးသွားပြီး ပရိသတ်များလည်း လူစုကွဲကုန်ကြသည်။
ကျုဟယ့်မင်က ပွဲကြည့်စင်ထိပ်တွင်ရပ်ကာ ရေကန်ကို ရောက်တတ်ရာရာ လှမ်းမျှော်ကြည့်နေသည်။ ကျုယန့်ထင်က ခေါင်းလှည့်လိုက်ရင်း ဖြစ်ပျက်သမျှကို မမြင်နိုင်၊ စိတ်ဝင်စားမှု များများစားစားမရှိလှဘဲ အဝေးကိုလှမ်းကြည့်လိုက်သည်။
ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဟိုးအဝေးမှာ ရှောင်းလန့်က ဝါးရွက်ထီးကိုကိုင်ထားဆဲ ရေကန်ဘေးမှာ ရပ်နေသည်။ သူ့ပုံစံက မိုးရေထဲကရေကန်ရှုခင်းကို ကြည့်ရှုခံစားနေသကဲ့သို့ပင်။ ကျုယန့်ထင်က သူ့ကို တိတ်တဆိတ်ကြည့်နေခဲ့သည်။ စိုစွတ်စွတ်မိုးရေတွေကြောင့် ဖြစ်လာသည့် မကြည်မလင်ဖြစ်နေသည့်စိတ်က တဖြည်းဖြည်းငြိမ်သက်သွားသည်။
ကျုဟယ့်မင်က ကျုယန့်ထင်ကိုကြည့်ရန် ခေါင်းလှည့်လာသည်။ အကြည့်တွေနောက်ကိုလိုက်ပြီး ရေကန်ဘေးကရှောင်းလန့်ကိုမြင်သွားကာ မျက်မှောင်ကျုံ့လိုက်သည်။ သူက ခဏလောက်တွေးလိုက်ပြီး “ယန့်ထင် .. မင်းနဲ့ရှောင်းဒုတိယသား…”
ကျုယန့်ထင် အသိပြန်ကပ်လာ၏။ သူက အကြည့်တွေပြန်သိမ်းရင်း တည်ငြိမ်စွာနဲ့ပင် “အစ်ကိုတော် အတွေးများနေတာပါ”
အတော်လေးစကားရပ်သွားပြီးမှ ကျုဟယ့်မင်က သက်ပြင်းချလိုက်သည် “ငါသိပြီ”
ကျုယန့်ထင်က လက်သီးကိုတင်းတင်းဆုပ်ထားပြီး မျက်လုံးတွေကိုမော့ကာ ကျုဟယ့်မင်ကို ကြည့်လိုက်သည် “ကျွန်တော်ဘာလုပ်နေလဲ ကျွန်တော်သိပါတယ်၊ ကျွန်တော်က မင်းသားဟွိုင်အိမ်တော်မှာ မွေးလာတာပါ၊ မင်းသားဟွိုင်အိမ်တော်ဘက်ကပဲ အမြဲရပ်တည်မယ်၊ အစ်ကိုတော် အရမ်းကြီးစိတ်ပူနေစရာ မလိုပါဘူး”
ကျုဟယ့်မင်က သူ့ကိုစေ့စေ့ကြည့်လိုက်သည်။ မျက်ဝန်းထဲ ခပ်မှိုင်းမှိုင်းတစ်ချက်ဖြစ်သွားပြီးမှ ပြုံးပြလိုက်ရင်း “ယန့်ထင် အလေးအနက်ပြောနေတာပဲ၊ အစ်ကိုတော်က မင်းကိုယုံပါတယ်၊ မင်းခံစားရမှာကို ကြောက်တာပါ”
“ဟင့်အင်း မဖြစ်ဘူး”
ကျုဟယ့်မင်က ဘာမှထပ်မပြောတော့ပေ။ ကျုယန့်ထင်ပုခုံးကို ပုတ်ပေးလိုက်ပြီး ရှုခင်းကြည့်စင်ပေါ်မှ အရင်ဆင်းသွားခဲ့သည်။
ကျုယန့်ထင်က နောက်ဆုံးတော့ ထိုနေရာမှာရပ်နေဆဲဖြစ်သည့် ရှောင်းလန့်ဆီ ကြည့်လိုက်ပြန်သည်။ သူ့မျက်လုံးတွေထဲ အရောင်အမျိုးမျိုး ပြောင်းသွား၏။ ခဏအကြာမှာတော့ သူက မျက်လုံးကိုအသာမှိတ်လိုက်ပြီး လှည့်ထွက်သွားခဲ့သည်။
.........