Chapter 17
Viewers 2k

🥘Chapter 17




ယနေ့တွင် အချိန်လဟိုတယ်၏ သွေးမျိုးဆက်ဆိုင်ခွဲကို  တစ်ဆိုင်လုံးတင်းတင်းကြပ်ကြပ်ပိတ်ဆို့ထားခဲ့ပြီး မည်သည့်ဧည့်သည်ကိုမှ လက်မခံခဲ့ပေ။ 


နေ့လည်ခင်းအချိန်သို့ နီးကပ်လာသည်နှင့် တစ်ဆိုင်လုံးရှိဝန်ထမ်းများမှာ လေးနက်စွာစောင့်နေကြသည်။ နေ့လည်ခင်းအချိန်အတိကျမှာပင် သွေးနီရောင်ဆံပင်အခွေအလိပ်များနှင့် လူတစ်ဦးပေါ်လာခဲ့ပြီး ဟိုတယ်အဝင်ဝ၏ ဘေးနှစ်ဖက်တွင် စောင့်ဆိုင်းနေသူများမှာ တညီတညွတ်တည်း ကျယ်လောင်စွာပြောလာကြသည် 


“ ကြိုဆိုပါတယ် အရှင်လန့်စ်..”


ဟိုတယ်မန်နေဂျာမှာ အနားသို့အမြန်ကပ်လာကာ ယဉ်ယဉ်ကျေးကျေးပြောလိုက်သည် “ အရှင်လာမယ်ကြားတာနဲ့ ကျွန်တော်တို့ ဟိုတယ်တစ်ခုလုံးကို ချက်ချင်းပဲရှင်းလင်းလိုက်တာပါ…အချိန်လဟိုတယ်မှာ အေးအေးချမ်းချမ်းသုံးဆောင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်…”


လန့်စ်မှာ တိတ်ဆိတ်နေမြဲသာရှိပြီး အလွန်ရှည်လျားသော စားပွဲရှည်ကြီးစီသို့ လျှောက်လာကာ ထိုင်ချလိုက်သည်။ မန်နေဂျာမှာ မီနူးစာရွက်ကို တရိုတသေပေးလိုက်ပြီး မိတ်ဆက်လိုက်သည်


 “ အရှင်လန့်စ် သည်ဟာက ကျွန်တော်တို့ဟိုတယ်မှာ အသစ်မိတ်ဆက်ထားတဲ့ ဟင်းလျာတွေပါ…အရင်က တစ်ခါမှမသုံးဖူးတဲ့ ချက်ပြုတ်နည်းစနစ်ကို အသုံးပြုထားပြီးတော့ အမျိုးမျိုးသောအသိုင်းဝိုင်းတွေမှာ ထောက်ခံမှုကြီးကြီးမားမားရထား…”


“ မလိုတော့ဘူး…” လန့်စ်မှ မီနူးကို ပေါ့ပေါ့ပါးပါးပင် ပိတ်ကာပြောလိုက်သည်။


 “ သွေးစုပ်ဖုတ်ကောင်တွေက သည်လိုထူးထူးဆန်းဆန်းတွေ မလိုဘူး.. ဒီအတိုင်း နှင်းသွေးခဲတစ်ခွက်ပဲပေးပါ…”


“ ကောင်းပါပြီ…” မန်နေဂျာမှာ ပြန်ဖြေလိုက်ရသည်။


နေ့လည်တစ်နာရီအချိန်၌ အချိန်လဟိုတယ်၏ သွေးမျိုးဆက်ဆိုင်ခွဲတွင် သွေးစုပ်ဖုတ်ကောင်မင်းသားလန့်စ်ကို ရိုသေစွာပို့ဆောင်ပေးခဲ့သည်။ ထိုအချိန်မှသာ ဟိုတယ်တစ်ခုလုံး သက်ပြင်းရှည်ကြီးတစ်ချက် ချနိုင်သွားကာ မန်နေဂျာမှ ဆက်သွယ်ရေးစက်ကိုထုတ်၍ သူဌေးဖြစ်သူထံ ဆက်လိုက်သည်


 “ ဟုတ်ကဲ့ အရာအားလုံးက ပုံမှန်အတိုင်းပါပဲ…မင်းသားလန့်စ်က နှင်းသွေးခဲကိုပဲ မှာခဲ့တာပါ… ဟင်းပွဲအသစ်တွေကတော့ သွေးစုပ်ဖုတ်ကောင်တွေကြားမှာ လက်သင့်ခံမှု မရသေးပါဘူး… သူတို့က ခဲထားတဲ့သွေးကိုပဲ မှာနေကြသေးတယ်…ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော် နှင်းသွေးခဲထုတ်လုပ်ရေးကို ပိုပြီးတိုးမြင့်လိုက်ပါ့မယ်…”


အချိန်လဟိုတယ်မှ ထွက်လာပြီးနောက် လန့်စ် အာကာသအက်ကွဲကြောင်းစီသွားမည့် သင်္ဘောပေါ်တက်လိုက်သည်။ သူသည် သွေးစုပ်ဖုတ်ကောင်မင်းသားတစ်ပါးဖြစ်ပြီး မျိုးနွယ်တူများအကြားတွင်အလွန်မြင့်မားသော ရာထူးရှိနေသော်ငြား ယနေ့ခေတ်လောကမှာ သွေးစုပ်ဖုတ်ကောင်များသည်သာ ကြီးစိုးထားခြင်းမဟုတ်ပေ။ နဂါးကလန်နှင့် နတ်ဘုရားဘုံကဲ့သို့သော ပိုမိုသန်မာသည့်မျိုးနွယ်စုများလည်း ရှိနေပါသေးသည်။


သွေးစုတ်‌ဖုတ်ကောင်များမှာ လောကသုံးထောင်တွင် အတော်အတန်အားကောင်းသော မျိုးနွယ်စုများထဲတွင် အသာလွန်ဆုံးဖြစ်သည်။ ထိုကဲ့သို့သောအနေအထားကြောင့် မင်းသားတစ်ပါးအနေဖြင့် မျိုးနွယ်စု၏အကျိုးစီးပွားအတွက် အခြားသောလောကများသို့ သွားရောက်တိုက်ခိုက်ပေးရမည်မှာ မလွဲဧကန်ပင်။


ဤတစ်ကြိမ်တွင်တော့ သူ သားရဲကမ္ဘာသို့သွားမည်ဖြစ်ပြီး သွေးစုပ်ဖုတ်ကောင်များနှင့် သားရဲကမ္ဘာအကြားရှိ သွေးထောက်ပံ့ရေးစာချုပ်မှာ သက်တမ်းကုန်ဆုံးခါနီးပြီဖြစ်ရာ သွားရောက်၍ အသစ်ချုပ်ဆိုပေးရမည်ဖြစ်သည်။


စာချုပ်အတွက် ညှိနှိုင်းဆွေးနွေးပြီးချိန်တွင် သားရဲကမ္ဘာ၌ မှောင်နေပြီဖြစ်သောကြောင့် လန့်စ်၏လက်ထောက်မှပြောလာသည် ။


“ အရှင် အချိန်လဟိုတယ်မှာ ‌နှင်းသွေးခဲတစ်ခွက်လောက် သုံးဆောင်ဦးမလားမသိဘူး…”


လန့်စ် လက်ကိုယမ်းကာ ပြောလိုက်သည် “ အရင်ပြန်ကြတာပေါ့..”


လက်ထောက်မှ သိရှိပါကြောင်း ပြလိုက်ပြီးနောက် အနီးတွင်စောင့်ဆိုင်းနေသည့် လေသင်္ဘောကို ထွက်ခွာရန်ပြင်ဆင်လိုက်သည်။


လန့်စ်မှ နဖူးပေါ်လက်တင်၍ အတွေးလွန်နေစဉ်အတွင်း သင်္ဘောငယ်လေးမှာမူ အာကာသအက်ကွဲကြောင်းအတွင်း ကူးခတ်နေခဲ့သည်။ နေ့လည်တစ်ခင်းစာလုံး ညှိနှိုင်းဆွေးနွေးခဲ့ရပြီးနောက် သဘာဝကျစွာပင် သူဆာလောင်နေလေပြီ။ သို့သော်လည်း အချိန်လဟိုတယ်တွင်မူ သွေးစုတ်ဖုတ်ကောင်များအနေဖြင့် သွေးကိုသာစားသုံးနိုင်မည်ဖြစ်ကာ အချိန်လဟိုတယ် မပေါ်လာစဉ်အခါကဆိုလျှင် သူတို့အနေဖြင့် အမြဲတမ်းသွေးသက်သက်ကိုသာ တိုက်ရိုက်သောက်သုံးခဲ့ကြသည်။


နောက်ပိုင်းတွင် အချိန်လဟိုတယ်မှ နှင်းသွေးခဲကို စတင်မိတ်ဆက်ပေးခဲ့ပြီးနောက် ပျစ်ခဲနေသောသွေးမှာ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်စုအကြားတွင် ခဏအတွင်းရေပန်းစားလာခဲ့သည်။ အကြောင်းရင်းမှာမူ ရိုးရှင်းလှသည်။ သွေးစုပ်‌ဖုတ်ကောင်များ၏ အစားအစာမှာ အလွန်ငြီးငွေ့ဖွယ်ကောင်းသည့် သွေးတစ်ခုတည်းသာဖြစ်နေစဉ် ပုံပြင်ဆန်သည့်အသစ်အဆန်းပေါ်လာခဲ့ပြီး  ထိုအရာမှာလည်း ဆိုးရွားသည့်အရာမရှိနေခဲ့ပေ။ မျှော်လင့်ထားသည့်အတိုင်း ၎င်းမှာ ရေပန်းစားကျော်ကြားလာခဲ့ကာ မင်းသားကိုယ်တိုင်သည်ပင် အကြိမ်ပေါင်းများစွာ သုံးဆောင်ခဲ့သည်။


လက်ရှိတွင် အချိန်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီးပြီဖြစ်ရာ ထိုအရာ၏ဆန်းသစ်မှုမှာ ပျောက်ဆုံးသွားခဲ့ပြီး လန့်စ်အနေဖြင့် အလွန်ငြီးငွေ့နေရပြီဖြစ်သည်။ အဆုံး၌ နှင်းသွေးခဲမှာ ခဲထားသောသွေးသာဖြစ်ကာ အရသာတွင် သွေးချည်းသီးသန့်ထက် အနည်းငယ်နိမ့်ကျသောကြောင့် သူ ထိုအရာကို ဆက်လက်စားချင်စိတ်ပင် ရှိမနေတော့ချေ။


လန့်စ် သက်ပြင်းသာချလိုက်မိသည်။ သွေးစုပ်ဖုတ်ကောင်များ၏ အစားအစာမှာ အမှန်တကယ် ငြီးငွေ့ဖွယ်ကောင်းလှ၏။ ထုံထုံကွန်ယက်တွင် အခြားလောကများမှ ပေါင်းထား ကြော်လှော်ထားသောဟင်းပွဲများကြောင့် သူ၏မျိုးနွယ်ဝင်များ မနာလိုဖြစ်ရကြောင်း ဖော်ပြထားသည်ကို မရေတွက်နိုင်သည်အထိ မြင်တွေ့ခဲ့ရပြီး သူခေါင်းပင်ကိုက်လာခဲ့သည်။ မင်းသားတစ်ဦးအနေဖြင့် မျိုးနွယ်၏လိုအပ်မှုကို လျစ်လျူမရှုနိုင်သော်လည်း ဤအရေးမှာမူ သူမတတ်နိုင်သောအရာသာ ဖြစ်နေခဲ့ရသည်။


ပိန်းမှောင်နေသည့် အာကာသအက်ကွဲကြောင်းအတွင်း အလင်းရောင်တစ်ချက် ဖြတ်ခနဲပေါ်လာခြင်းကြောင့် လန့်စ်မေးလိုက်မိသည် “ သည်ဟာက ဘယ်နေရာလဲ…”


လက်ထောက်မှ ရိုသေစွာ ဖြေလာသည် “ အရှင် သည်ဟာက သုံးထောင်စားတော်ဆက်ပါ…အာကာသအက်ကွဲကြောင်းထဲမှာရှိတဲ့ အချိန်အာကာသစွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ နေရာတစ်ခုပါ…”


လန့်စ် မျက်ခုံးတစ်ချက် ပင့်တက်သွားခဲ့သည် “ အချိန်အာကာသစွမ်းအင်ဆိုတာက ဆင်းရဲသားတွေအတွက်ပဲ…သည်လိုဆိုရင် ဆိုင်ရှင်က ငါတို့မျိုးနွယ်စုအတွက်ကော ရောင်းချပေးတာရှိသေးလား…”


လက်ထောက်မှ အသေးစိတ်ကျကျ ပြန်ဖြေလာသည်


 “ ဟုတ်ကဲ့ သုံးထောင်စားတော်ဆက်မှာ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်အတွက် ခရမ်းချဉ်သီးဖျော်ရည်ကို ရောင်းချပေးပါတယ်…”


“ ခရမ်းချဉ်သီးဖျော်ရည်လား…” လန့်စ် မျက်မှောင်ကြုတ်သွားရသည် “ သွေးစုပ်ဖုတ်ကောင်တွေဆိုတာ သွေးပဲသောက်တာလေ…ဘယ်လိုလုပ်ပြီး ခရမ်းချဉ်သီးဖျော်ရည်လေးနဲ့ အာသာပြေနိုင်မှာလဲ…”


“ ဒါက..” လက်ထောက်မှ ခဏကြာတုံ့ဆိုင်းသွားပြီးနောက် ပါးနပ်စွာဖြေလိုက်သည် “ သုံးထောင်စားတော်ဆက်က အချိန်အာကာသစွမ်းအင်ကိုပဲ အဓိကဦးစားပေးတာမလို့ပါ…”


သွယ်ဝိုက်သောနည်းအရဆိုလျှင် သုံးထောင်စားတော်ဆက်မှာ မည်သူ့ကိုမှ အာသာမပြေနိုင်စေခဲ့ပေ။


သဘာဝကျစွာပင် လန့်စ် နားလည်သွားရသည်။ သူ၏အမူအရာမှာမူ မပြောင်းလဲသွားဘဲ တည်ငြိမ်စွာပြောလိုက်သည်


 “ သည်လိုဆိုရင် သုံးထောင်စားတော်ဆက်က ခရမ်းချဉ်သီးဖျော်ရည်ကို သွားမြည်းကြည့်ကြတာပေါ့…”


ပိုင်ရှန်းကျစ်မှာမူ အာကာသအက်ကွဲကြောင်းအတွင်း ဖြစ်ပျက်နေသည်များကို သိရှိခြင်းမရှိပေ။ အချိန်မှာ ညရှစ်နာရီခန့်ရှိပြီဖြစ်ပြီး သုံးထောင်စားတော်ဆက်အတွင်း စားသုံးသူအချို့ရှိနေကာ နည်းလည်းမနည်းသလို များလည်းမများနေသည့်တိုင် ပိုင်ရှန်းကျစ် အလုပ်များနေဆဲဖြစ်သည်။


“ တင် ဒလင် ဒလင်…”


“ ကြိုဆိုပါတယ် ကျေးဇူးပြုပြီး ဝင်လာပါ…”


အဝင်ဝရှိ လာဘ်ခေါ်ကြောင်ရုပ်မှာ သူ၏လက်ကို စက်ရုပ်ဆန်စွာ တင်ချည်ချချည်လုပ်နေခဲ့သည်။


လန့်စ် မသေမသပ်လုပ်ထားသည့် ကြောင်ရုပ်ကိုကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့သည်။ ဆိုင်အတွင်းရှိ ကျဉ်းမြောင်းပြီး လူထူထပ်သောပတ်ဝန်းကျင်ကြောင့် သူ ပြန်လှည့်ပြေးလုမတတ်ပင် ဖြစ်နေရသည်။ ထိုအချိန်၌ နောက်ဆုံးဟင်းပွဲကို ပြင်ဆင်ပြီးထွက်လာသည့် ပိုင်ရှန်းကျစ်မှ စားသုံးသူအသစ်ကို မြင်သွားသောကြောင့် အနားသွားကာ မေးလိုက်သည် 


“ လူကြီးမင်း ဘာများသုံးဆောင်ချင်ပါသလဲ…နေရာတွေလွတ်နေပါသေးတယ် ကျေးဇူးပြုပြီး ထိုင်လို့ရပါတယ်…”


လက်ထောက်မှ ပိုးသတ်ဆေးကိုထုတ်ကာ လက်ကိုင်ပဝါဖြင့် စားပွဲနှင့်ထိုင်ခုံများကို သုံးကြိမ်တိုင်တိုင် ‌သန့်ရှင်းပေးလိုက်သည်။ ထိုအချိန်မှသာ လန့်စ် တုံ့တုံ့ဆိုင်းဆိုင်းဖြင့် ထိုင်ချလိုက်သော်လည်း သူ၏မျက်ခုံးများမှာမူ တွန့်ချိုးနေဆဲပင်။ ပိုင်ရှန်းကျစ် မျက်နှာပေါ်တွင် ပရော်ဖက်ရှင်နယ်ဆန်သော အပြုံးကိုချိတ်ဆွဲကာ မေးလိုက်သည်။


 “ သည်ဟာကတော့ ကျွန်တော်တို့ရဲ့မီနူးပါ… ဘာများမှာယူချင်ပါသလဲ…”


လန့်စ် မီနူးကို အမြန်ဖတ်လိုက်သော်လည်း စာရင်းထဲတွင် ခရမ်းချဉ်သီးဖျော်ရည် မပါဝင်နေသောကြောင့် မေးလိုက်ရသည် “ မင်းတို့ဆိုင်မှာ ခရမ်းချဉ်သီးဖျော်ရည်မရောင်းဘူးလား…”


ပိုင်ရှန်းကျစ် ခဏမျှကြောင်သွားရပြီးနောက် ပြောလိုက်မိသည် “ အားနာပါတယ် ဒီနေ့အတွက် ခရမ်းချဉ်သီးဖျော်ရည်မရှိလို့ပါ တခြားဟင်းပွဲတွေကို ကြည့်ကြည့်ပေးပါနော်…”


လန့်စ် မျက်မှောင်ကြုတ်နေခဲ့သည်။


 “ တကယ်လို့ ခရမ်းချဉ်သီးဖျော်ရည်သာ မရှိဘူးဆိုရင် သွေးစုပ်ဖုတ်ကောင်တွေအတွက် မင်းဘာများရောင်းပေးနိုင်မလဲ…”


သွေး‌စုပ်ဖုတ်ကောင်တွေလား… သွေးပဲသောက်တဲ့သူတွေ….


အကြံပြုချက်တစ်ခုကို အမြန်တွေးနေစဉ် ပိုင်ရှန်းကျစ်၏မျက်နှာမှာမူ မပြောင်းလဲသွားဘဲ တည်ငြိမ်နေသည် ။


“ တကယ်တော့ ကျွန်တော့်ဆီမှာ မနက်ဖြန်မှ ချပြဖို့ပြင်ဆင်ထားတဲ့ ဝက်သွေးနဲ့အဓိကလုပ်တဲ့ ဟင်းလျာတစ်မျိုးတော့ရှိပါတယ်… လူကြီးမင်း စိတ်ဝင်စားရဲ့လားမသိဘူး…”


“ ဝက်သွေးလား…” လန့်စ် မျက်မှောင်ကြုတ်သွားရပြန်သည်။ ထိုကဲ့သို့သော နိမ့်ကျသည့်သတ္တဝါမျိုး၏သွေးမှာ မည်သည့်အခါကမှ သူ၏အစားအစာစာရင်းထဲတွင် မပါဝင်ခဲ့ဖူးပေ။ တွေးကြည့်မိရုံနှင့်တင် လန့်စ် တစ်ကိုယ်လုံးမသက်သာဖြစ်လာရသည်။ သို့သော်လည်း သူ့အနေနှင့် ဤနေရာသို့ ဆာလောင်မှုကိုဖြေဖျောက်ရန်မဟုတ်ဘဲ မျိုးရိုးနိမ့်သွေးစုပ်ဖုတ်ကောင်များ၏ အတွေ့အကြုံယူရန်သာ လာခဲ့ခြင်းကြောင့် မနှစ်သက်မှုကို ဘေးဖယ်ကာ ခေါင်းသာညိတ်ပြလိုက်သည်။


ပိုင်ရှန်းကျစ် လန့်စ်အတွက် ရေတစ်ခွက်ထည့်ပေးလိုက်ပြီးနောက် မီးဖိုချောင်းတွင်းသို့ ပြန်ဝင်လာလိုက်သည်။ အခန်းငယ်လေးအတွင်းမှ ယမန်နေ့ကတည်းက ပြင်ဆင်ထားသည့် ဝက်သွေးကိုထုတ်ယူလိုက်ပြီး တချိန်တည်းမှာတင် ဆက်သွယ်ရေးစက်ကိုအသုံးပြုကာ အချက်အလက်များရှာဖွေလိုက်သည်။ သွေးစုပ်ဖုတ်ကောင်ဟူသော စကားလုံးကို နှိပ်ကြည့်လိုက်ပြီးနောက် ၎င်းမှာ အမှန်တကယ်ပင် နိုင်ငံအေ၏ဒဏ္ဍာရီထဲမှ သွေးကိုသာသောက်သည့် သွေးစုပ်ဖုတ်ကောင်များနှင့် ဆင်တူကြောင်း သူသိလိုက်ရသည်။


ယမန်နေ့တွင် ဟင်းလျာအသစ်ပြင်ဆင်ရန် ဆုံးဖြတ်လိုက်ပြီးနောက် ဝူထုံဟင်းရွက်ဈေးသို့သွားစဉ် ဝက်သားဆိုင်ရှင် ဦးလေးဝမ်မှ ယခုမနက်လေးမှ ဝက်သတ်ထားပြီး မတို့မထိရသေးသော ဝက်သွေးတစ်ပန်းကန်ကြီးရှိနေသည်ကို မြင်လိုက်ရသည်။ သည့်အတွက်ကြောင့် ပိုင်ရှန်းကျစ် ဝက်သွေးများအပြင် ပဲပင်ပေါက်များကိုပါ ဝယ်ယူလာပြီး အစပ်ဟော့ပေါ့လုပ်ရန် ပြင်ဆင်လိုက်သည်။


အစပ်ဟော့ပေါ့သည် အခန်းငယ်လေးထဲတွင် ရှိနေသည်မှာ တစ်ရက်ကြာပြီဖြစ်သောကြောင့် ယခုအချိန်အတွက် ကွက်တိကျနေခဲ့လေသည်။ စားသောက်ခန်းအတွင်းရှိ စားသုံးသူမှာလည်း သွေးစုပ်ဖုတ်ကောင်တစ်ယောက်ဖြစ်နေသောကြောင့် သုံးထောင်စားတော်ဆက်အတွင်းရှိ ဟင်းပွဲများတွင် အစပ်ဟော့ပေါ့တစ်ခုတည်းသည်သာ သူနှင့်သင့်တော်ပေလိမ့်မည်။


အစပ်ဟော့ပေါ့ဆိုသည်မှာ အရသာပြင်းပြီး အစပ်ပါသော ဟင်းလျာတစ်မျိုးဖြစ်သည်။ ဟွားနိုင်ငံ၏ အနောက်တောင်ဘက်တွင် အလွန်ကျော်ကြားပြီး အဓိကအားဖြင့် ဘဲသွေးကိုသာ သုံးတတ်ကြကာ ဝက်သွေးကိုမူ ရံဖန်ရံခါ အစားထိုးသုံးလေ့ရှိကြသည်။ ၎င်းတွင် ဝမ်းတွင်းသား၊ အသည်းအမြစ်နှင့် ငါးရှဉ့်များလည်း ပါဝင်နေသောကြောင့် မယုံနိုင်လောက်သည်အထိ စားချင်လာစေသော အစပ်အရသာရှိမှုကို ပေးစွမ်း‌နိုင်ခဲ့သည်။


မည်သို့ပင်ဆိုစေကာမူ လက်ရှိနေရာမှာ ဟွားနိုင်ငံ၏ အနောက်တောင်ဘက် မဟုတ်သလို စားသုံးသူမှာလည်း မည်သည့်အခါကမှ ငရုတ်သီးစားဖူးမည်မဟုတ်ဟု သူခန့်မှန်းမိလိုက်သည်။ သည့်အတွက်ကြောင့် အစပ်ဟော့ပေါ့၏အစပ်မှာ များစွာစပ်၍မရပေ။ ထို့ထက်ပိုသည်မှာ စားသုံးသူသည် သွေးစုပ်ဖုတ်ကောင်တစ်ဦးဖြစ်နေခဲ့ပြီး အွန်လိုင်းမှအဆိုအရ ၎င်းတို့မှာ သွေးမှလွဲ၍ မည်သည့်အရာကိုမှ မစားခဲ့ဖူးပေ။ ဤသို့ဖြင့် အစပ်ဟော့ပေါ့တွင် ဝက်သွေးကိုသာ အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုရပေလိမ့်မည်။


ဝက်သွေးခဲကို အတုံးလေးများတုံးထားလိုက်ပြီး ဂျင်းနှင့်ကြက်သွန်ဖြူတို့ကို နုတ်နုတ်စင်းထားလိုက်ကာ ငရုတ်သီးတောင့်လေးများ၊ ငရုတ်ကောင်းနှင့် ငရုတ်သီးခြောက်များကိုမူ အပိုင်းလေးများဖြစ်သည်အထိ လှီးထားလိုက်သည်။ ပိုင်ရှန်းကျစ် သူ၏အိမ်လုပ်ငရုတ်သီးဟော့ပေါ့အနှစ်ခဲကို ထုတ်ကာ လှီး၍ပန်းကန်လုံးတစ်ခုထဲတွင် ထည့်ထားလိုက်ပါသည်။


မီးဖိုဖွင့်ကာ အိုးကိုအပူပေးလိုက်ပြီး ရေနှင့်ဆားအနည်းငယ်ထည့်လိုက်သည်။ ဝက်သွေးခဲများကိုမူ ရေထဲတွင် စက္ကန့်သုံးဆယ်ခန့် စိမ်ကာ ပြန်ထုတ်ထားလိုက်သည်။ အိုးထဲသို့ဆီထည့်ကာ ထပ်မံ၍အပူပေးလိုက်ပြန်သည်။ ထို့နောက်တွင်မှ စီချွမ်ငရုတ်ကောင်းနှင့် အခြားသောပါဝင်ပစ္စည်းများကိုထည့်ကာ ကြော်လိုက်သည်။ လုပ်ငန်းစဉ်အလယ်တွင် ပဲပိစပ်အနှစ်ကိုထည့်ကာ ရနံ့သင်းပျံ့လာသည်အထိ ကြော်ပေးနေလိုက်သည်။ အဆုံး၌ ရေထည့်ပြီး ဆူပွက်လာသည်အထိ တည်ပေးလိုက်ပါတော့သည်။ ဤသို့ဖြင့် အသက်ရှုကြပ်နိုင်သည့် စပ်ရှသောရနံ့မှာ ဆိုင်တွင်းသင်းပျံ့လာခဲ့သည်။ စားသောက်ခန်းတွင်ရှိ စားနေကြသူအများစုမှာ ပုံမှန်လာနေကြဖောက်သည်များဖြစ်ပြီး အထူးသဖြင့် ယနေ့တွင် ကြက်သားတုံးကြော်အစပ်ကို မှာယူထားသောကြောင့် လူတိုင်းမှာ တည်ငြိမ်နေကြသည်။ အသားမကျသေးသည့် ဖောက်သည်တစ်ဦး နှစ်ဦးမှာလည်း လေစစ်ထုတ်ပေးသောအကာကို ဝတ်ဆင်ကာ ကြက်သားတုံးကြော်အစပ်များကို တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်စားနေကြသည်။


သို့ဖြစ်ရာ သုံးထောင်စားတော်ဆက်တစ်ခုလုံးတွင် လန့်စ်နှင့် သူ၏လက်ထောက်မှလွဲ၍ မည်သူကမှ အစပ်နံ့ရခြင်းမျိုး မရှိခဲ့ပေ။


ပြင်းထန်လာသည့် အစပ်နံ့မှာ လန့်စ်အား တခဏအတွင်း သူ့ကိုယ်သူဝန်းရံထားသည့် အော်ရာအကာအကွယ်တစ်ခုဖန်တီးသွားစေသည်။ အသက်ရှုကြပ်စေမည့်ရနံ့နှင့် နှစ်ဆယ်စင်တီမီတာခန့် ခြားထားသည့်တိုင် လန့်စ်နှာချေနေရဆဲပင်ဖြစ်သည်။


အခြားတစ်ဖက်ရှိ သူ၏လက်ထောက်မှာမူ နှာချေခြင်းကို မရပ်တန့်‌နိုင်တော့ချေ။ အော်ရာအကာအကွယ်ဖန်တီးနိုင်စွမ်းမှာ မင်းသားထံတွင်သာရှိပြီး သူ မလုပ်နိုင်ခဲ့ပေ။ အဆုံး၌ လန့်စ်လည်း သည်အတိုင်းဆက်ကြည့်မနေနိုင်တော့သောကြောင့် လက်ကိုလှုပ်ကာ လက်ထောက်အတွက် အကာအကွယ်တစ်ခုလုပ်ပေးလိုက်ရသည်။ ထိုအချိန်မှသာ နှာချေခြင်းရပ်တန့်သွားပြီး လက်ထောက်လည်း ပြန်လည်သက်သာလာခဲ့သည်။


ထိုကိစ္စအပြီး အစပ်ဟော့ပေါ့ကို မြင်တွေ့လိုက်ရချိန်၌ လန့်စ်၏အမူအရာမှာ ပို၍ပင်ဆိုးရွားလာရသည်။ သွေးစုပ်ဖုတ်ကောင်များဆိုသည်မှာ ပုံပန်းသွင်ပြင်နှင့် အရသာကိုပါ အာရုံစိုက်တတ်ကြပြီး သွေးမှာလတ်ဆတ်နေရန်လိုကာ ညှီနံ့မရှိဘဲ ချိုမြနေဖို့လိုသည်။ သူတို့အများဆုံးနှစ်ခြိုက်ကြသည့်သွေးမှာ စွမ်းအားအပြည့်၊ အရောင်လှပပြီး အရသာရှိသော နဂါးမျိုးနွယ်၏သွေးပင်။ သို့သော်လည်း နဂါးမျိုးနွယ်မှ သူတို့၏သွေးများကို မရောင်းချကြခြင်းကြောင့် နဂါးမျိုးနွယ်ဝင်မိတ်ဖက်ရထားသည့် ကံကောင်းသူများမှလွဲ၍ သွေးစုပ်ဖုတ်ကောင် အနည်းငယ်သည်သာ နဂါးမျိုးနွယ်၏သွေးကို မြည်းစမ်းနိုင်ကြသည်။


မင်းသားတစ်ပါးအနေဖြင့် သူ့ထံတွင် ၎င်းကိုသောက်သုံးနိုင်ခွင့်ရှိသောကြောင့် လန့်စ်၏ သွေးအပေါ်ထားသည့် အဆင့်မှာအလွန်ပင်မြင့်မားလှသည်။ သူ၏မျက်လုံးထဲတွင်မူ ဝက်သွေးဖြင့်လုပ်ထားသည့် အစပ်ဟော့ပေါ့မှာ သွေးဆိုသည်ကို အပြည့်အဝစော်ကားနေသကဲ့သို့ ဖြစ်နေရသည်။


အစပ်ဟော့ပေါ့ဆိုတာ ဘာလဲ… နောက်ကြရင် သူသေချာပေါက် လုံးဝထပ်စားမှာမဟုတ်ဘူး။


အနီရောင်တောက်တောက် အစပ်ဟော့ပေါ့ကို ပန်းကန်လုံးကြီးတစ်လုံးထဲတွင် လောင်းထည့်ထားပြီး ကြက်သွန်ဖြူအနှစ်နှင့် ငရုတ်သီးမှုန့်အနည်းငယ်ကို မျက်နှာပြင်ပေါ်တွင် ဖြူးထားခဲ့သည်။ ၇၀ရာခိုင်နှုန်းခန့် အပူပေးထားသောဆီကို အစပ်ဟော့ပေါ့မျက်နှာပြင်ပေါ်သို့ ပက်ဖြန်းလိုက်ချိန်တွင် ပြင်းထန်သောမွှေးရနံ့မှာ ချက်ချင်းထွက်ပေါ်လာခဲ့သည်။


“ မင်းရဲ့အစပ်ဟော့ပေါ့ အသင့်ဖြစ်ပါပြီ… ကျေးဇူးပြုပြီး သုံးဆောင်ပါ…”


လန့်စ်တို့နှစ်ဦး၏အရှေ့တွင် အနီရောင်တောက်တောက် အရာဝတ္ထုများနှင့်အတူ အထဲတွင် ကြက်သွေးရောင်အခဲများပါသည့် ပန်းကန်လုံးကြီးတစ်လုံးရှိနေခဲ့သည်။ ဤသည်မှာ ဝက်သွေးများဖြစ်နိုင်ပေမည်လား။


လန့်စ် အနည်းငယ်မအီမသာဖြစ်သွားရသည်။ ပုံဆိုးပန်းဆိုးအရောင်၊ ထူးဆန်းသောပါဝင်ပစ္စည်းများနှင့် အသက်ရှုကြပ်စေသည့်ရနံ့ …ထိုအရာများကို သူ့ပါးစပ်ထဲသို့ မည်သို့ထည့်နိုင်ပါမည်နည်း။


“ အရှင်…”


လန့်စ် မျက်လုံးများကိုသာ ပိတ်ထားလိုက်မိသည် “ မင်းအရင်စားကြည့်လိုက်… စားပြီးရင် ဘယ်လိုနေလဲဆိုတာ ပြောချည်…”


လက်ထောက် : “.....”


သူစားရမှာလား… ဒါပေမယ့် သူမစားချင်နေဘူး‌လေ… သည်အရာကြီးက လုံးဝကို စားချင်စရာမကောင်းနေတာ။


မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ မင်းသား၏အမိန့်ဖြစ်နေခြင်းကြောင့် လက်ထောက်တွင် ရွေးချယ်ရန်မရှိဘဲ အနီးနားမှလူများကို အတုယူ၍ တူကိုယူလိုက်ရသည်။ ဝက်သွေးခဲတစ်ပိုင်းကိုယူကာ ပန်းကန်လုံးထဲသို့ ထည့်လိုက်သည်နှင့် အနီရင့်ရောင်ဝက်သွေးခဲမှ ဖျော့တော့သောအပူရှိန်အနည်းငယ်ကို ထုတ်ဖော်နေပြီး လှုံ့ဆော်ပေးနိုင်သော်လည်း အမည်မဖော်နိုင်သည့် စွမ်းဆောင်မှုရှိသောရနံ့မှာ သူ့နှာခေါင်းအတွင်း ပြေးဝင်လာသည်။ သူ ဝက်သွေးခဲတစ်ဖဲ့ကို အလုတ်သေးသေးလေးတစ်လုတ် ကိုက်ကြည့်လိုက်ရာ ၎င်းမှာ သူ၏ပါးစပ်ထဲတွင် ချက်ချင်းဆိုသလို အရည်ပျော်ကျသွားခဲ့သည်။


ထိုအရာမှာ လုံးလုံးပင် မရင်းနှီးသောအထိအတွေ့ဖြစ်ပြီး နှင်းသွေးခဲကဲ့သို့ အိစက်နေခြင်းမျိုး မဟုတ်ချေ။ သို့သော်လည်း နူးညံ့မှုအနည်းငယ်ရှိနေသေးသည်။ ဤသည်မှာ မျိုးရိုးနိမ့်ဝက်၏သွေးဖြစ်နေသော်လည်း ကိုက်ကြည့်လိုက်ချိန်၌ ပုံမှန်ရနေကြဖြစ်သော ညှီနံ့မရနေခဲ့ပေ။ ထိုအစား နားမလည်နိုင်သည့် လှုံ့ဆော်ပေးမှုနှင့်အတူ မကြုံဖူးသည့်မွှေးရနံ့မှာ သူ၏ပါးစပ်ထဲတွင် ပြည့်နှက်သွားရသည်။


လှုံ့ဆော်ပေးမှုမှ သူ၏အရသာခံဖုများကို အနည်းငယ်ထုံကျင်သွားစေခဲ့သော်လည်း မသက်မသာဖြစ်သွားခြင်းမျိုးမဟုတ်ဘဲ ၎င်းအစား ထူးဆန်းစွာပင် စွဲမက်ဖွယ်ကောင်းကာ နောက်တစ်လုတ်ထပ်ယူရန် တောင့်မခံနိုင်ခဲ့ချေ။


ဤသို့ဖြင့် လက်ထောက်မှ ထပ်မံ၍ ဝက်သွေးခဲတစ်လုတ်ယူကာ ပါးစပ်ထဲသို့ ထပ်ထည့်လိုက်မိလေသည်။



🥘